ချင်ဖင်းမြို့စား ဖေးယွမ်ရွှင်း
" မြန်မြန် လိုက်ကြစမ်း၊ သူတို့ကို တားကြ"
မြို့တော်အပြင်ဘက် ပိုင်လိတောင်ကြားလမ်းတွင် ရထားလုံး၏ အရှိန်နှင့်ဆန့်ကျင်စွာ လူတစ်စုနှင့်မြင်းတပ်သည် အပြင်းနှင်လာသည်။ရှေ့မှ လမ်းခွဲနှင့် ရထားလုံးသည် မီတာ အနည်းငယ်မျှသာ ဝေးကွာတော့သည်။
"လျန် လျန်!" ရထားလုံးမောင်းနှင်နေသော ချီရွှမ်းကကြောက်ရွံ့ခြင်းမရှိသော်လည်း ချီယွဲ့မှာတော့ ရှန်လျန်၏ ဝတ်စုံအနားစအား တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားလျက်။
"သူတို့ကို အာရုံ မစိုက်နဲ့ ၊သွက်သွက်လေးမောင်း"
နှင်တံသည် ပြေးလွှားနေသော မြင်းကျောပေါ်သို့ ဆက်လက် ရိုက်နှက်လေသည်။ ကျောထက်မှ နာကျင်မှု အသိကြောင့် မြင်းများ ကဆုန်ပေါက် ဒုန်းစိုင်းကာ ဗွက် အိုင်များမှာ လမ်းမကြီးဘေးဘီသို့ စင်ထွက်ကုန်သည်။
"သခင်ရော၊ အစေခံတွေရော အကုန်သတ်"
လမ်းခွဲနှင့် ပိုနီးကပ်သွားလေသဖြင့် ဓားပြများ၏ ဒေါသများအထွတ်ထိပ်ရောက်လာသည်။
ရထားလုံးဘေးသို့ ကပ်လာနိုင်သော ဓားပြသည် သူ၏ ဓားရှည်အား ချီရွှမ်းထံသို့ ခုတ်ပိုင်းလာတော့သည်။
"ရွှမ်းကော ! ...အားးး"
"လျန် လျန်! "
ရှန်လျန် မျက်မှောင် ကြုံ့လိုက်မိသည်။သူမည်သည်ကိုမျှ တွေးတော နိုင်ခြင်းမရှိတော့ပဲ ချီရွှမ်းအား ဆွဲ ဖယ် လိုက်သောကြောင့် သူ့လက်မောင်းကို ခုတ်မိသွားသည်။
ချီယွဲ့နှင့် ချီရွှမ်းတို့ နှစ်ဦး ထိတ်လန့် နေကြသော်လည်း ရှန်လျန်မှာ မျက်မှောင် အနည်းငယ်ကြုံ့ထားရုံသာ။ သွေးထွက်နေသော ဒဏ်ရာအား ငုံ့ပင်မကြည့်ခဲ့ပေ။
"အာရုံ မလွင့်စေနဲ့၊ မြင်းဇက်ကြိုးကို သေချာကိုင်ထား"
သူမသေခင်က လက်နှစ်ဖက်လုံးဖြတ်တောက်ခံရပြီး မျက်လုံးနှစ်လုံးပါ ဖောက်ထုတ်ခံရသည်နှင့်ယှဉ်လျှင် ဤဒဏ်ရာက အသေးအဖွဲမျှသာ။
"ဟုတ်ကဲ့"
ချီရွှမ်း မျက်ရည်အဝဲသားနှင့် ခေါင်းငြိမ့်၏။တစ်ဖန် မြင်းဇက်ကြိုးအားပို၍ ခိုင်မြဲစွာ ကိုင်ထားလိုက်သည်။ ချီယွဲ့ သည် သူ၏ ဝတ်ရုံ အား ဆွဲဖြဲ ကာ တုန်ရီနေသော လက်ဖြင့် ရှန်လျန့်၏ ဒဏ်ရာကို စည်းနှောင်ပေးရန် ကြိုးစားနေသည် ။
"အကုန်လုံးသတ်ပစ်၊မြန်မြန်လုပ်ကြစမ်း!"
"သွား....မြန်မြန်"
ဓားပြများသည် တွန့်ဆုတ်ရပ်တန့်သွားခြင်းအလျဉ်းမရှိပဲ သူတို့အားလုံးကို သတ်ရန် အသင့်ဖြစ်နေကြပေပြီ။ ထိုစဉ် လမ်းခွဲ မှ ဒုန်းစိုင်းနှင်လာသည့် မြင်းများစွာ၏ ခွာသံကို ကျယ်လောင်စွာ ကြားလိုက်ကြရသည်။ မြင်းနက်များစီးနင်းလျက် အနက်ရောင် သံချပ်ကာများဝတ်ဆင်ထားသော လူတပ်ဖွဲ့သည် တစ်ချက်ကြည့်ရုံနှင့် စစ်သည်များ ဖြစ်မှန်းသိနိုင်သည် ။
"ကိုယ်ရံတော်တပ်သားတွေ မလား?"
"သွားပြီ! ပြေးကြဟေ့!"
ရှန်လျန်နှင့် ဓားပြများ၏ အသံက တစ်ချိန်ထဲ ပြောထွက်လာသည်။ ခြားနားသည့်အချက်မှာ ဓားပြများ၏အသံမှာ ပိုကျယ်လောင်ပြီး တုန်လှုပ်ခြောက်ခြားမှု အပြည့်နှင့် ဖြစ်သည်။
ရှန်လျန်မှာ နီးကပ်လာသော ကိုယ်ရံတော်တပ်သားများကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။သူ၏ အသံမှာ တိုးလွန်းသဖြင့် အနီးမှ ချီယွဲ့နှင့် ချီရွှမ်းသာ ကြားရသည်။
"သတ်!"
အထူးလေ့ကျင့်ထားသော တပ်သားများမှာ ထိုလူအုပ်စုကို အကဲခတ် ကြည့်ရုံနှင့် ဓားပြများဖြစ်ကြောင်းခွဲခြားသိသည်။
ထို့ကြောင့် တိုက်ရိုက်ပင် စစ်ဆေးခြင်းမရှိတော့ပဲ တိုက်ခိုက်လိုက်ကြသည်။
ကိုယ်ရံတော်တပ်သားများသည် ချင်မင်းဆက်တွင် ခွန်အားအမြင့်ဆုံး နှင့် လျှို့ဝှက် ဆန်းကြယ်ဆုံးသော တပ်ဖွဲ့ဖြစ်သည်။
၎င်းတို့မှာ တော်ရုံ ပြင်ပသို့ လူလုံးထွက်မပြပေ။ ပြင်ပသို့ တစ်ကြိမ်စေလွှတ်ခံရသည် ဆိုရင်လည်း တစ်ကြိမ် အလျောက် သွေးချောင်းစီးရပြီး၊ အရိုးများသည် မြေဩဇာ ဖြစ်ကြရသည်။
မည်သည့်အချိန် တိုက်ခိုက်စေကာမူ ရန်သူအား ကျရှုံးခြင်းမရှိပေ။ ထိုသူတို့အား တောင်ပေါ်တွင် သာ အခြေ ချသော လူရိုင်းဓားပြလေးများက ပြိုင်ဘက်ဖြစ်နိုင်ပါ၏လော?
"လျန်လျန်"
ရထားလုံးမှာ ရပ်တန့်သွားပြီဖြစ်သည်။တပ်သားများ၏ အညှာတာမရှိသတ်ဖြတ်နေခြင်း ဖြစ်ရပ်အား တစ်ကြိမ် တစ်ခါမျှ မြင်ဖူးသေးခြင်း မရှိသည့် ချီယွဲ့နှင့်ချီရွှမ်းတို့မှာ စိတ်ရှုပ်ထွေးစွာဖြင့် ရှန်လျန့် ဝတ်ရုံ အနားစကို အားကိုးတကြီး ဆွဲကိုင်ထားကြသည်။
"ဘားမှ မဖြစ်တော့ပါဘူး"
သူတို့နှစ်ယောက်နှင့်ယှဉ်လျှင် ရှန်လျန်သည် ပိုတည်ငြိမ်၏။ အရင်ကသာ သွေးအများကြီး ကို မြင်ဖူးခဲ့၍သာ မဟုတ်ပါက သူသည်လည်း မိမိရှေ့၌ လူသတ်နေခြင်းကို သွေးအေးအေးနှင့်ရပ်ကြည့်နေနိုင်မည် မဟုတ်။
"မင်းတို့က ဘယ်သူတွေလဲ"
စစ်သည်နှစ်ဦးက ရထားလုံးအနီး ချဉ်းကပ်လာကြကာ ကိုယ်ရံတော်တပ်သားဖြစ်သူ ဝေကောင်းက သူတို့အား အမူရာကင်းမဲ့စွာ ကြည့်လျက် မေးမြန်းသည်။ထိုသူ၏ ရက်စက်တတ်မည့် ဟန်ကြောင့် ချီယွဲ့တို့မှာ တုန်ရီသွားကြလျက် ခပ်ရွံ့ရွံ့ဖြင့် ထိုလူအားကြည့်လိုက်ကြသည်။
ရှန်လျန်သည် ဦးခေါင်း ပင့်မော့လျက် တစ်ချက်ကြည့်လိုက်ပြီး နောက်ဘက်မှ ကြီးမားသော ရထားလုံးဆီသို့ အကြည့်ပြောင်းလိုက်သည်။
"တုံးလင်အိမ်တော်က ဖြစ်ပါတယ်၊ ကျွန်တော့်အမည်က ရှန်လျန်ပါ။ အိမ်အပြန်လမ်းမှာ ဓားပြတွေနဲ့ တွေ့ခဲ့ရတာ ပါ ..အခုလို ကယ်တင်ပေးလို့ ချင်ဖင်းမြို့စား ကို ကျေးဇူး အထူးတင်ပါတယ်"
ကိုယ်ရံတော်တပ်သားသည် ချင်ဖင်းမြို့စားနှင့်သာ သက်ဆိုင်ကြောင်း တစ်လောကလုံးသိသည်။ ရထားလုံးထဲမှ လူပုဂ္ဂိုဟ်က ချင်ဖင်းမြို့စား ဖေးယွမ်ရွှင်းဖြစ်မည်မှာ သေချာသည်။
တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။တပ်သားများ၏ မျက်နှာအမူအရာများ မကောင်းသလို ချီရွမ်းတို့လဲ အသက်ပင်ရဲရဲ မရှူဝံ့ကြတော့ပေ။ ရှန်လျန်သာလျှင် အေးဆေးတည်ငြိမ်နေ၏။ အချိန်အနည်းငယ် အကြာတွင် သစ်မွှေးတံခါးအား အသာအယာ တွန်းဖွင့်သံ ကြားလိုက်ရသည် ။ အထဲတွင် အမျိုးသားတစ်ဦးသည် လက်တစ်ဖက်တည်းဖြင့် မေးရိုးအားထောက်ကာ လှဲလောင်းနေသည်။ နက်မှောင်တောက်ပသော ဆံသားများက ခါးတစ်ဝိုက်ထိရှည်လျားသည်။ဆံသားများကို ခရမ်းရောင်ခေါင်းစည်းကွင်းဖြင့်ချည်နှောင်ထားကာ ပခုံးပေါ်သို့ ချထားသည်။
မျက်နှာမှာ တည်ကြည်ခံ့ညားပြီး ပြီးပြည့်စုံသည် ။ သန်မာသော မေးရိုးနှင့် စူးရှထက်မြက်သော မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားသည် ။ ထိုသူ၏ အကြည့်နှင့်ပင် တစ်ဖက်သားအား ခြိမ်းခြောက်နိုင်သည်။ သို့သော် အသက်အရွယ်မှာမူ နှစ်ဆယ်ပင် မကျော်သေးပေ။
ခရမ်းရောင်ဝတ်ရုံ၏ ခါးကြိုးမှာ လျော့ရဲနေလျက်ရှိကာ ဟနေသော ကြိုကြားမှ မြို့စား၏ ဖြူဖွေးသော အသားအရည်ကိုလှစ်ဟပြနေ၏။
တပ်သားများမှာ မြို့စားကြီး ၏ ညှို့ဓာတ်ပြင်းအားကို ကျင့်သားရနေကြပေပြီ။ သို့သော် ပြင်ပ လူများကမူ မတူညီပေ။ ချီရွှမ်းတို့နှစ်ဦးမှာ သိသိသာသာပင် မှင်သက် ငေးမောနေကြပြီး သွားရည်ပင် ကျလာလုမတတ်။
ရှန်လျန်ကမူ မည်သည်ကိုမျှ မတွေး၊မည်သည်ကိုမျှ ခံစားရခြင်းမရှိ၊ ချင်ဖင်း မြို့စား ဖေးယွမ်
ရွင်း၏ စိတ်နှလုံးသိမ်းကြုံး ဆွဲဆောင်နိုင်ပြီးရုန်းထွက်ရခက်သော အလှတရားပင် သူ့အပေါ် သက်ရောက်မှုမရှိ။ ယခုချိန် သူ့မျက်နှာတွင် ပေါ်နေသော အမူအယာမှာ တစ်ခုသာရှိသည်။
'ရှက်ဖို့ကောင်းလိုက်တာ'
ငါးနှစ်တာ စွန့်ပစ်ခံရခြင်း အကျိုးရလာဘ်ကသူ့ကိုယ်ခန္ဓာကို အလွန်အမင်း ပိန်ကျသွားစေသည်။
ဆံသားများကိုလည်း ဖြီးလိမ်းခြင်းမရှိ ၊ဤတိုင်းသာ ဖိုသီဖတ်သီနှင့် ဖြစ်နေသည်။ သို့ပေမယ့် သူ့မျက်နှာလေးက နူးညံ့နေကာ မျက်ခုံးတန်းက ဓားရှည်သဖွယ် ထူထဲ တန်းမတ်နေသည်။ မျက်ဝန်းမှာမူ ကြည်လင်တောက်ပနေပြီး အသူတစ်ရာချောက်နက်ကဲ့သို့ နက်ရှိုင်းသဖြင့် တစ်ပါးသူများ အကဲခတ်လျှင်တောင် မည်သည်ကိုမျှ ဖော်ထုတ်နိုင်မည်မဟုတ်ပေ။
လက်ရှိအချိန်မှာ သူ့ရုပ်ရည်သူ မထိန်းသိမ်းရသေး၍သာ။ယခင်ဘဝက ဆိုလျှင် ချင်မင်းဆက်တွင် အလှဆုံးသူဟုသတ်မှတ်ခြင်းခံရသူဖြစ်ခဲ့သော်လည်း အရှက်ကွဲခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ သို့ဖြစ်ရာချင်ဖင်းမြို့စား ချောမောခြင်း ရှိမရှိ ကို သူဂရုမစိုက်အားသေးချေ။
ဖေးယွမ်ရွင်းသည် တစ်ချက် အကဲခတ်လိုက်ပြီး ရှန်လျန့်မျက်ဝန်းအတွင်းဆုံးမှ အေးစက်မှုများ ဖုံးကွယ်ထားကြောင်းနှင့် တည်ငြိမ်နေနိုင်မှု ကို သူရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
သူစိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
ရှန်တာ့ ပြီးရင် ရှန်နယ်မြေမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာလေး ရှိသေးတာပဲ...
"ရှန်လျန်လား? ရှန်တာ့ရဲ့ တစ်ဦးတည်းသော ညီ ဟုတ်တယ်မလား"
ကပ်တွက်ပြီးပြောရရင် ရှန်လျန် တစ်ယောက်ပဲ
ရှန်တာ့ညီ မဟုတ်ပါ.. လျှိုရှုဟန်ရဲ့သားဖြစ်သူလည်း ရှန်တာ့ ညီငယ်ပင်.. သို့သော် သိသာစွာပင် ဖေးယွမ်ရွင်းက ထည့်မတွက်ပေ။
လျှိုရှုဟန်က လက်ရှိ ဇနီးသည် ဆိုသော်ငြား နောက်မယား ဖြစ်နေဆဲပင်။သူမ မွေးဖွားသော သားသည် သေချာပေါက် ပထမဇနီးသည်၏ သားနှင့် အဆင့်ချင်း မတူညီနိုင်ပေ။
"မှန်ပါတယ်"
ဖီးနစ်မျက်ဝန်းတစ်စုံက လူတွေကို ခွဲခြားသိမြင်နိုင်စွမ်းရှိပုံရသည်။ ရှန်လျန် တည်ငြိမ်စွာ ပင် အဖြေပေးကာ ချင်ဖင်းမြို့စားအကြောင်းအား မှတ်မိရန် တွေးတောလိုက်သည်။
အရင်ဘဝက မြို့စားနှင့်မရင်းနှီးခဲ့သည်မှာ သဘာဝပင်..သူသိသည်မှာ ကိုယ်ရံတော်တပ်အား ငါးနှစ်တိုင် လေ့ကျင့်ပျိုးထောင်ထားသဖြင့် ဇကရာဇ်က မြို့စားအပေါ် သံသယ ဖြစ်လာရာမြို့စားမှာ ဖွင့်ထုတ်ပြောမရသော ဒေါသများကို ရန်သူဆီသို့ ပုံချခဲ့သည်။ အဆုံးသတ်မှာတော့ မြို့စားသည် စစ်ပွဲ အတွင်းတွင်ကျဆုံးသွားခဲ့ပြီး သူ၏ရုပ်အလောင်းကိုတိုင်ထိပ်မှာ စွန်လို ချိတ်ဆွဲခံခဲ့ရသဖြင့် တစ်တိုင်းပြည်လုံး ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
ဧကရာဇ်က ပြည်သူလူထုအမြင်တွင် သူ၏ဂုဏ်သိက္ခာမြင့်မားနေရန်နှင့် တော်ဝင် မျိုးနွယ်မှာ အာဏာဆက်လက်တည်တံ့စေရေး ကို ရှေးရှုလျက် ရန်သူတွေကို ပြန်ကလဲ့စားချေရန်လူများစေလွှတ်ပေး လိုက်သည်။ ချင်ဖင်း မြို့စားအတွက် ပူဆွေးနေသည်များ လျော့ကျစေရန် ဖြစ်သော်လည်း တစ်ကယ်တမ်းမှာ လူထု၏ စိတ်ထဲမှ မြို့စားကို မေ့ပျောက်သွားစေရန် ကြိုးစားခြင်းသာဖြစ်သည်။
ရှန်လျန့် မျက်ဝန်းထဲ ထိုအဖြစ်အပျက်များ မြင်ယောင်မိသော်လည်း တစ်ခဏ မျှ အရိပ် ဖြတ်သန်းသွားရုံသာ။
သနားနေတာလား? ဒါမှမဟုတ် သူက ငါ့ကိုအထင်မြင်သေးနေတာလား?
နီးကပ်လာသော ဖေးယွမ်ရွင်းသည် သူ့ မျက်ဝန်းထဲမှ အရိပ်အယောင်များကို ဖမ်းဆုပ်မိလိုက်သည်။ မျက်နှာ အမူယာ ပြောင်းလဲ ခြင်းမရှိသော်လည်း စိတ်ထဲ အံ့အားသင့်ဖွယ် သဲလွန်စရလိုက်သည်။
အင်အားကြီးအိမ်တော်က အပယ်ခံ သားတစ်ယောက်က သူ့လို မြို့စားကို သနားဂရုဏာ သက်နေတယ်ဆိုတာ အများသူငှာ ကြားရင် ကျယ်ကျယ်လောင်လောင် ပျက်ရယ် ပြုခံရလိမ့်မည်ဖြစ်သည်။
Words 1763
🍇 Grape