'မုန်းတီးခြင်း တဖက်ကမ်း'
"မကောင်းတော့ဘူး..မကောင်းတော့ဘူး၊ ရှန်တာ့ပြန်ရောက်ကတည်းက သူ့လူတွေကို အိမ်တော်တစ်ခုလုံး ဝိုင်းခိုင်းထားတယ်ဗျ"
"မင်းဘာပြောတယ်?"
ဟော်ရယ့်လင်နဲ့ ရှန်တာ့က မြို့ထဲ အတင်းဝင်လာတယ်ကြားကတည်းက လျိုဝမ်ကျင်း စိတ်မအေးနိုင်၊ စတုတ္ထမင်းသားလည်း မျက်မှောင်ကြုံ့လို့နေသည်။ လျိုရှုဟန်က သူတို့မျက်ကွယ်မှာ တစ်ခုခု လုပ်ထားလေသလား မသိနိုင်။ ဒါမှမဟုတ် ရှန်တာ့မှ လုပ်ကြံသူတွေကိစ္စ သိသွားပြီလား မပြောတတ်ချေ။ဒီလိုလည်း မဟုတ်နိုင်.. ရှန်တာ့က သိသွားရင်တောင် မိန်းမသားကိုအနိုင်သွားကျင့်မယ့်အစား နောက်တစ်ရက်ကျမှ ညီလာခံတက်ပြီးဧကရာဇ်ထံ တိုက်ရိုက်သတင်းပို့မယ့်သူမျိုး။
"ဘာတွေ ဖြစ်ကြတာလဲ စုံစမ်းလို့ရခဲ့လား"
မင်းသားတွေးနေစဉ် လ်ျုဝမ်ကျင်းက သတင်းလာပို့သူအား မေးလိုက်သည်။
"အကြောင်းစုံတော့ စုံစမ်းလို့မရခဲ့ပါဘူး၊ စစ်သည် တွေနဲ့ မြို့စားမင်းရဲ့တပ်သားတွေအပြင် ပုန်းကွယ်စောင့်ကြပ်နေတဲ့ တပ်စိတ်အချို့လည်း ရှိနေပါတယ်၊ တုံးလင်အိမ်ေတာ်နား ကပ်ဖို့မလွယ်ပါဘူးဗျ"
ငယ်သားက ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့ထားသည်။ တုံးလင်အိမ်ေတာ်ထဲမှာ တပ်သားအင်အား မည်မျှထိ ရှိနေမည် မသိသောကြောင့် အနားကပ်ရန်မလွယ်ခဲ့ပါ၊ ဘာေကြာင့်ရယ်မသိ အိမ်တော်၏အနောက်ဘက်ခြံဝန်းတွင် စောင့်ကြပ်သူပိုများသည်။
"အမြန်ဆုံး သိရအောင်လုပ်"
"ဟုတ်"
လျိုဝမ်ကျင်း မျက်နှာပျက်လျက် ရှန်တာ့အားလုပ်ကြံသည့်ေန့ကို အကြိမ်ကြိမ် ပြန်တွေးတောကြည့်ရင်း ရင်တုန်နေရသည်။ စတုတ္ထမင်းသားက အေးစက်စက် စိုက်ကြည့်ကာ..
"ဝမ်ကျင်း ခင်ဗျားအဲ့ဒီနေ့က လက်စလက်န ရှင်းခဲ့တာ သေချာလား"
ရှန်တာ့ ဘာကြောင့်ခုလိုတေွ လုပ်နေမှန်း မည်သို့မှ မတွေးတတ်တော့ချေ။
"သေချာတယ်၊ဘာသဲလွန်စမှ မကျန်ဘူးဆိုတာ ကျုပ် ကျိန်းသေတယ်"
လျိုဝမ်ကျင်းက ယုံကြည်ချက်ရှိစွာ ဖြေသည်။ မတော်လို့ သိသွားရင်တောင် စတုတ္ထမင်းသားကိုသာ သံသယဝင်ကြလိမ့်မည်။ သို့ဆိုလျှင်တောင် ရှန်တာ့က မဆင်မခြင်နဲ့ ခုလို လုပ်မှာ မဟုတ်။
"ဒါဆိုရင် ခင်ဗျား ညီမ တစ်ခုခု မွှေထားတာရှိလိမ့်မယ်"
ထိုစကားကြောင့် လျိုဝမ်ကျင်း စိတ်ထဲထင့်ကနဲ ဖြစ်သွားသည်။ မင်းသားက ကိုယ်လုပ်တော်နဲ့ ပတ်သက်ပြီး အမြင်မကြည်သေးပါဘူးဆိုမှ...
"ကျုပ် တုံးလင်အိမ်တော်ဘက် တစ်ချက် သွားကြည့်လိုက်ပါမယ်"
"ကောင်းပြီ ကျွန်ုပ်လည်း လိုက်ခဲ့မယ်"
စတုတ္ထမင်းသားက တစ်ခဏတိတ်ဆိတ်ေနပြီးမှ အမြန်ထရပ်လိုက်သည်။ နှစ်ဦးသား ခပ်သွက်သွက် ထွက်လာလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဝေမိသားစုလည်း သတင်းရခဲ့သည်။ အရိပ်တပ်သားများ၏ အကူအညီကြောင့် သတင်းက ပိုတိကျသည်။ ရှန်တာ့တို့ မြို့တော်ရောက်ရောက်ချင်း လျိုရှုဟန်ကိုဖမ်းဆီးရန်သွားသည့်အကြောင်း သိသိချင်း တုံးလင်အိမ်ေတာ်ဆီ တစ်မိသားစုလုံးချီတက်လာကြသည်။
ပင်မခြံဝန်းအတွင်း ရှန်တာ့တို့အုပ်စုသည် ထင်းသို လှောင်ခန်းထဲမှ ထွက်လာသည်။ လျိုရှုဟန်နဲ့ သားဖြစ်သူတို့ကလည်း လုပ်ထားသမျှ ပေါ်သွားပြီမို့ ငြင်းဆိုရန် အားလျော့သွားသလို ရှန်ရွေ့ထင်လည်း သူတို့ဘာပြောပြော နားမထောင်တော့ချေ။ သို့နှင့် သိပ်မကြာခင်မှာပဲ စွင်းကျင့်နဲ့ ရှန်ရွေ့ကျန်းတို့သည်လည်း သတင်းကြားပြီး ရောက်လာကြသည်။
"အစ်ကို.. ဘာတွေ ဖြစ်ကုန်တာလဲ"
တစ်အိမ်လုံး စစ်သည်တွေနဲ့ ပြည့်နေတာမလို့ ရှန်ရွေ့ကျန်း တုန်လှုပ်နေသည်။ အမြဲတမ်း နှုတ်သွက်လျှာသွက်ရှိတဲ့ လုယန်တောင် ခင်ပွန်းနောက်မှာ ပုန်းလျှိုးကွယ်လျှိုး နေနေသည်။
ငယ်စဉ်ကတည်းက ရွှေပေါ်မြတင်နေလာပြီး စစ်မြေပြင် မပြောနှင့် ၊သွေးအများကြီး မြင်ဖူးတာပင် မရှိရာ သွေးသံရဲရဲကြား အတွေ့ကြုံများသည့် စစ်သည်တို့အား ကြောက်တာ မဆန်း။
"ဘာလာလုပ်ကြတာလဲ၊ အခုပြန် တော့!"
ရှန်ရွေ့ထင်မှ ချက်ချင်း နှင်ထုတ်သဖြင့် အခြေအနေ ကောင်းပုံမရချေ။ ရှန်ရွေ့ထင်၏ စကားကို အမြဲ နာခံလာခဲ့သော ရှန်ရွေ့ကျန်းသည် နောက်ကြောင်းပြန်လှည့်ရန် ပြင်သည်။ သို့သော် ခြေလှမ်း အနည်းငယ် လှမ်းရုံရှိသေး ရှန်တာ့နဲ့ ရှန်လျန်တို့ ညီအစ်ကိုနှစ်ယောက် ဘေးချင်းယှဉ်ရပ် နေတဲ့မြင်ကွင်းက သူ့ကို စိတ်ဝင်စားစေခဲ့သည်။ ဘေးတစ်ဖက်စီမှာလည်း မြို့စားမင်းနဲ့ ဟော်ရယ့်လင်ကရှိနေ၏။ ဒါတင်မက ဟော်ရယ့်လင်က တစ်စုံတယောက်ကို ပွေ့ချီထားသေး၏။
"ဘုတ်!"
"သ..သရဲ"
ပွေ့ချီခံထားရသူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သွားတဲ့နောက် ရှန်ရွေ့ထင်က အလွန် ခြောက်ခြားပြီး နောက်သို့ဆုတ်ကာ ဆုတ်ကာဖြင့် ခလုတ်တိုက်လဲကျသွားသည်။ ရှန်ရွေ့ကျန်းတို့လင်မယားလည်း မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကာ သရဲနဲ့ တွေ့သလို လက်ညိုးတထိုးထိုးနှင့်။
"မဟုတ်ဘူး ၊မဟုတ်ဘူး......"
လျိုရှုဟန် မယုံကြည်နိုင်ဖြစ်ပြီး စိတ်တင်းထားသမျှ ကုန်ခမ်းကာ လူပျော့ခွေသွားသည်။ ရှန်ရှောင်လည်း တွဲ၍မနိုင်တော့ပါ၊ ရှန်ရှောင်က ထိုသူကို စူးစူးစိုက်စိုက်ကြည့်ကာ ခန္ဓာကိုယ်က တောင့်တင်း နေခဲ့သည်။ ဝေကျစ်ချန်သေတုန်းက သူ့အသက်ငါးနှစ်အရွယ်သာရှိသေးရာ ကောင်းစွာမမှတ်မိေသာ်လည်း ရှန်ရွေ့ထင်က ထိုလူ၏ ပန်းချီကားချပ်အားညစာကြည့်ဆောင်၌ ချိတ်ဆွဲထားသဖြင့်အလွန်ရင်းနှီးနေသည်။ နှစ်ပေါင်းများစွာထိ ကြိမ်ဖန်များစွာ မြင်ဖူးခဲ့ပြီး ရှန်လျန်နဲ့လည်း ရုပ်ချင်းဆင်တူသည် ဖြစ်ရာ လူတစ်ကိုယ်လုံး ညစ်ပတ်စုတ်ပြတ်ပြီး မျက်တွင်း ဟောက်ပက်ဖြစ်နေရင် တောင် တစ်ချက်ကြည့်ရုံနဲ့ ထိုလူ ဘယ်သူမှန်း ခန့်မှန်းလို့ရ၏။
ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ ?အဲ့လူက သေသွားခဲ့ပြီမဟုတ်လား? ဆယ့်ငါးနှစ်တောင် ရှိပြီလေ?
"သခင်ကြီး"
ရှန်ကျီက သံသယတွေကိုဘေးဖယ်ရင်း မြေပြင် ပေါ် ထိုင်လျက်သားရှိနေတဲ့ သခင်ကြီးအား ထူမ ပေးသည်။ ဒီကိစ္စက အတော်ထိတ်လန့်စရာပဲ၊ သခင်မ တစ်ကယ် အသက်ရှင်နေခဲ့ရင် ဒီနှစ်တွေမှာ သူဘယ်လိုနေထိုင်ခဲ့ရပါလိမ့်?လျိုရှုဟန်ကိုကြည့်လိုက် တွေးလိုက်နဲ့ အိမ်တော်ထိန်းခမျာ အတော် တုန်လှုပ်နေမိသည်။ အကြီးဆုံးသခင်လေးနဲ့ ပဉ္စမ သခင်လေးက လျိုရှုဟန်ကို အရမ်းမုန်းတာ အံ့ဩစရာ မဟုတ်တော့ဘူး။
"ကျစ်.. ကျစ်ချန်"
လူက ရှေ့တည့်တည့်မှာ ရှိနေတာတောင် ရှန်ရွေ့ထင် ရုတ်တရက်ကြီး လက်မခံနိုင် ဖြစ်ပြီး ငေး ကြောင်ေနခဲ့သည်။ ဆယ့်ငါးနှစ်လုံးလုံး သေပြီလို့ မှတ်ထင် ထားခဲ့ပြီး နောက်ဆုံးအကြိမ် အဖြစ် မျက်နှာပင် မတွေ့ခဲ့ရသူက ဘွားကနဲ ပြန်ပေါ်လာသည်။
ရှန်ရွေ့ထင်၏ ခေါင်းတစ်ခုလုံး ကျစ်ချန်က သေရွာကနေပြန်လာတယ်ဆိုတဲ့ စကားလုံးသာ ပဲ့တင်ထပ် နေခဲ့သည်။
စစချင်း စွင်းကျင့်က ထိုလူကိုမသိ၊ ရှန်ရွေ့ထင်မှ ကျစ်ချန်ဟု ခေါ်လိုက်တော့မှ မျက်လုံးပြူးကျယ်သွားရသည်။ သူက ဝေကျစ်ချန်ဆိုရင် လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က သေဆုံးသွားတဲ့ တရားဝင်ဇနီး မဟုတ်လား?
ဝေကျစ်ချန်က အားလုံးဘက် မျက်နှာလှည့်ပြလိုက်သည်။ အလွန်ပိန်ပါးပြီး ညစ်ပတ်ပေရေနေ သော်လည်း ကြည့်ကောင်းနေဆဲပင်။ခြေလက်တွေ တွဲလောင်းကျပြီး ပုံမှန်မဖြစ်နေပေမယ့် သေချာပေါက် သူဟာ ဝေကျစ်ချန်အစစ် ဖြစ်သည်။ သူ...အသက်ရှင်နေခဲ့သည်။
"ကျစ်ချန် ... ကျစ်ချန်"
ရှန်ရွေ့ထင်က မြေပြင်မှ ကုန်းထပြီး အရှေ့သို့ ဝုန်းခနဲ ပြေးသွားခဲ့သည်။ သို့သော် ကျစ်ချန်၏အကြည့်ဖြင့် မျက်နှာချင်းဆိုင်လိုက်ရာတွင် မည်သူမှ တားဆီးစရာ မလိုပဲ အလိုလို တန့်သွားခဲ့သည်။ ဘာကြောင့်ဆို ကျစ်ချန်က သူသိခဲ့သည့်သူနဲ့ မတူတော့လို့ပင်။ အတိတ်က ကျစ်ချန်သည် အလွန် နွေးထွေးပြီး ပြုံးနေတတ်ကာ သူ့အား အလွန်ဂရုစိုက်သည်။ ယခုမြင်နေရသူ၏ အကြည့်မှာ အေးစက်ကာ ဘာခံစားချက်မှ မရှိသည့်အတိုင်း မျက်ဝန်းက ရေပြင်လိုတည်ငြိမ်နေသည်။ ရှန်ရွေ့ထင် ပျော်ရမလား ဝမ်းနည်းရမလား ဝေခွဲမရ ဖြစ်သွားသည်။
"ကျစ်ချန်"
ရှန်ရွေ့ထင် အသည်းနာစွာဖြင့် ငေးကြည့်နေမိသည်။ ဘာကြောင့်လဲ? အဲ့ဒီတုန်းက ခရီးခဏလေး ထွက်သွားမိတာ ဘာလို့ အကုန် ပြောင်းလဲသွားရတာလဲ?ဝေကျစ်ချန်ရဲ့ အကြည့်တွေက မုန်းတီးခြင်းအပြည့်နဲ့ သူစိမ်းလို ဖြစ်သွားသည်။ သူတို့နှစ်ယောက်ကြားဆက်ဆံရေးအား အပြီး ချေဖျက်လိုက်တဲ့ပုံလို...
"သခင်မ ..သခင်မ အသက်ရှင်နေတာ တစ်ကယ် ကောင်းတာပဲ ၊သခင်ကြီးက သခင်မကို နှစ်တွေအကြာကြီး သတိရနေခဲ့တာ"
ရှမ်ကျီ မနေနိုင်စွာ ဝင်ပြောမိသည်။ ရှေ့တိုးလျက် ဝေကျစ်ချန်ကို ပြုံးပြကာ ကြားဝင် စေ့စပ်ပေးချင် သော်လည်း....
"အမြဲတမ်းသတိရနေတယ် ဆိုပဲ၊ ဦးလေးရှန် ဒီစကား ပြောရတာ မရှက်ဘူးလား"
ရှန်လျန်က ဝင်နှောင့်ယှက်လိုက်သည်။ ထိုစကားကို လက်မခံချင်ဟန်ဖြင့် နှာရှုံ့၏။
"သေသွားတာဖြင့် ဘာကြာသေးလို့... မယားငယ်အခန်းထဲ ရောက်နေပြီ၊ လျိုရှုဟန်က ထိန်းသိမ်းထားတတ်လို့ပေါ့ ၊မဟုတ်ရင် ခုချိန် မောင်နှမတွေ ဘောလံုးတသင်းစာ ရှိနေလောက်ပြီ၊ ပြီးတော့ အဲ့ဒီနှစ်က အလုပ်ကိစ္စနဲ့ ခရီးသွားတာက ထားတော့၊ ပြန်ရောက်တာနဲ့ ပါပါးဆုံးသွားတာကိုတောင် အတည်မပြုခဲ့ဘူး၊ အဖွား ငိုယ်ိုပြဿနာရှာပြရုံနဲ့ ဒီတိုင်းထားခဲ့တယ်၊ ဒါလား သူ သိပ်ချစ်တယ်ဆိုတာ?အိမ်ဦးစီးတစ်ယောက်အနေနဲ့ အမတ်မင်းတစ်ဦးအ နေနဲ့ မသင်္ကာစရာ မတွေ့ခဲ့ဘူးတဲ့လား ၊အကုန်လုံး ကျွန်တော့ အပြစ်ချည်းပဲ လွှဲချခဲ့ကြတာ၊
တစ်ရက်နှစ်ရက် မဟုတ်ဘူး၊ ဆယ့်ငါးနှစ်တိတိ ပါပါးက လျိုရှုဟန် နှိပ်စက်သမျှ ခါးစည်းခံနေရတယ်၊ သူဘာမှ မခံစားရဘူးလား ... ကျွန်တော်တို့က သူ့ကို ဘယ်လို နားလည်ပေးရမှာလဲ?၊ ဉီးလေးရှန် ပြောကြည့်လေ၊ သူက ဘာကို ချစ်တာလဲလို့"
ရှန်လျန်က ဦးလေးရှန်ကျီအပေါ် တစ်လျှောက်လုံး ရိုသေမှု ရှိခဲ့သည်။ ဘာကြောင့်ဆို ရှန်ရွေ့ထင် သူ့ကိုအပြစ် ပေးတိုင်း ရှန်ကျီတစ်ဦးသာလျှင် ကာဆီးကာဆီးလုပ်ပေးခဲ့သောကြောင့်ပင်။ သို့သော် ယခုအချိန်မှာတော့ အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။
ရှန်ရွေ့ထင် ဘာမှမလုပ်ခဲ့တာကြောင့် သခင်မကြီးနဲ့ လျိုရှုဟန်တို့ ပူးေပါင်းပြီး ပါပါးကို ဒုက္ခပေးနိုင်ခဲ့တာပဲ ဖြစ်၏။ မဟုတ်လျှင် ယခုလို နှိပ်စက်ဖမ်းဆီးခံထားရမှာ မဟုတ်ချေ။
"ဘုတ်!"
သားဖြစ်သူရဲ့ စကားကြောင့် ရှန်ရွေ့ထင် မြေပြင် ပေါ် လဲကျသွားပြန်သည်။ နောင်တတရားများဖြင့် မျက်ရည်တွေ စီးကျလျက် ကူကယ်ရာမဲ့ နေခဲ့သည်။
သားအဖအဖြစ် ခံယူထားသေးသည့် ရှန်တာ့သည် ဖခင်ဝေကျစ်ချန်ကို မြင်တွေ့ပြီး နောက်မှာတော့ဘယ်သူ့ကြောင့် ဒါတွေ ဖြစ်ရတယ်ဆိုတာ ဆင်ခြင်နိုင်ခဲ့ပြီး ရှန်ရွေ့ထင်ကို အဖေဟု ဆက်ပြီးမသတ်မှတ်နိုင်တော့ချေ။
"ဝူး..."
ဝေကျစ်ချန်မှ အသံထွက်လာသဖြင့် အားလုံးတပြိုင်တည်း သူ့ကို ကြည့်လိုက်ကြသည်။ ဝေကျစ်ချန်က တခြားသူတွေကို လစ်လျူရှုထားပြီး သားနှစ် ယောက် သူ့ကိုကြည့်နေတာ သေချာမှ ရှန်ေရွ့ထင်ဘက် ပြန်လှည့်ကာ ခေါင်းရမ်းပြသည်။
သူပြောပြချင်ခဲ့တာက ရှန်ရွေ့ထင်ကို ဖခင်အဖြစ်က မရပ်စဲလိုက်ဖို့ပင်။ ဒါဟာ ခင်ပွန်းအတွက် စိတ်မကောင်းဖြစ်ပေးတာ မဟုတ်ပါ။ သူအကျဉ်းချခံထားရစဉ်က ရှန်ရွေ့ထင်မှ ရုတ်တရက် ပေါ်လာပြီးလာကယ်လေမလား မျှော်လင့်ခဲ့ဖူးပါ၏။
ဒါပေမယ့် လျှို့ဝှက်ခန်းထဲ အမြဲတစေ ဝင်လာသူက လျိုရှုဟန် မဟုတ်ရင် သခင်မကြီးသာ ဖြစ်ခဲ့သည်။ လျိုရှုဟန် ကိုယ်ဝန်ရတဲ့အကြောင်း၊ ရှန်လျန် စွပ်စွဲခံရကာ အဝေးပို့ခံရတဲ့အကြောင်းကြားတော့ ရှန်ရွေ့ထင်၏ အသုံးမကျမှုကြောင့် သေမလို ခံစားခဲ့ရသည်။ နောက်ပိုင်း လျိုရှုဟန်ရဲ့ အကူအညီနဲ့ ရှန်ရွေ့ထင်က မယားငယ်များစွာနဲ့ အိပ်ခဲ့တဲ့အ ကြောင်းကြားတဲ့အခါမှာတော့ ရင်ထဲက အချစ်တွေ သေဆုံးသွားခဲ့သည် ။လွန်ခဲ့တဲ့ ငါးနှစ် ... လျန်လျန် မောင်းထုတ်ခံရပြီး တ့အာအိမ်မှထွက်သွားခဲ့သည်ကို သိလိုက်ရသည့်အချိန် ဝေကျစ်ချန် ခံစားချက် များ ကုန်ဆုံးသွားခဲ့သည်။
သို့ဖြစ်ရာ ရှန်ရွေ့ထင်ကို သူက အမုန်းကြီးမုန်းပါသော်လည်း သူသာ စွန့့်စ်ခံမည်၊ ကလေးတွေ ထပ်စွန့်ပစ်ခံရမှာမျိုး မလိုလားချေ။
"ပါပါး..."
မျက်ဝန်းအကြည့်ကို သဘောပေါက်စွာ ရှန်လျန် စိတ်မကောင်း ဖြစ်သွားသည်။ တစ်ဖက်သူအပေါ် စိတ်ပျက်သည့်ခံစားချက်ချင်း ထပ်တူကျဖူးသဖြင့် ပါပါးကို သူက ပိုနားလည်သည်။ သူ့မှာ ဘဝသစ်ပြန်စဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ဖခင်တွင် မရှိ၊ သည်းခံခြင်းနဲ့သာ ပြီးဆုံးခဲ့ရသည်။
" စိတ်မပူပါနဲ့ ပါပါး.. ဘယ်သူမှ ဒုက္ခထပ်မပေးစေရပါဘူး"
ရှန်တာ့က ဖခင်လက်ကို အသာ ဆုပ်ကိုင်ကာ နှစ်သိမ့်သည်။ ထို့နောက် လ်ျုရှုဟန်အား ရွံစရာ သတ္တဝါလို ကြည့်လိုက်သည်။ မိခင်ကို တွဲကူပေးသည့် ရှန်ရှောင် ပင် လန့်ဖြန့်ကာ နောက်တွန့်သွားသည်။ ရှန်တာ့အကြည့်က ထွင်းဖောက်စူးရဲပြီး ရှန်လျန်နှင့်မတူ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိသည်။ ဒေါသထွက်လာပါက စစ်မြေပြင်လို အချိန်မရွေး သွေးစွန်းသွားနိုင်သည့်ပုံ။ ကြောက်မက်ဖွယ် ကောင်းလှ၏။
"အွန်း"
ဝေကျစ်ချန် လက်ခံသွားသည်။ သားကြီး ကဲ့သို့ လျိုရှုဟန်အား မုန်းတီးခြင်းအပြည့်နှင့် စိုက်ကြည့်ပစ်သည်။အနီးနားက လူတွေအားလုံးမှာ အမှန်တရားကို နားမေထာင်ရသေးလျှင်တောင် တကူးတကရှင်းပြစရာမလိုအောင် သားအမိတွေရဲ့ ဒေါသကိုကြည့်ရုံနဲ့ ခံစားနိုင်သည်။
"ကျစ်ချန် မင်း... တာ့အာ ကျစ်ချန်က ဘာလို့ စကား မပြောတာလဲ"
ရှမ်ရွေ့ထင်၏ အသံက သိသိသာသာတုန်ယင်လျက်ရှိ၏။တစ်ခုခု သိသွားဟန် တူ၏။
'ကျစ်ချန်က ဆယ့်ငါးနှစ် ဖမ်းခံထားရရုံမက သူ....'
2413words
Grape 🍇