no

Font
Theme

'လူတွေက ရိုးသားပါတယ်'

"ကျွန်တော်တို့ သခင်လေးက အရမ်းကြင်နာတတ်တာမို့ ခင်ဗျားတို့လည်း သူ့ကို လေးစားပြီး သေချာတန်းစီပေးကြပါ၊ တန်းမစီတဲ့သူ၊ အလှည့်ကျော်တဲ့သူရှိရင် ပေါက်စီတွေ မဝေပေးတော့ပါဘူး"

လူအုပ်ရဲ့ စိတ်မရှည်မှုကို ယောင်းကွမ် ခံစားမိပြီး ရှေ့တစ်လှမ်းထွက်ကာ ကျယ်လောင် ပြတ်သားတဲ့အသံနဲ့ ထိန်းသိမ်းလိုက်သည်။ သို့မှသာ ဆူညံနေတဲ့ လူတွေ တိတ်ကျသွားတော့၏။

ပေါက်စီပူပူက လက်ထဲရောက်လာတော့မှာမို့ ဒုက္ခသည်တွေဟာ ရွေးချယ်စရာမရှိပဲ လိုက်နာလိုက်ရသည်။

"အား....."

"အီး ဟီး....

ပေါက်စီပူပူလေး အမြန်ရရန် တစ်ဦးချင်းတန်းစီနေရာမှ မစောင့်နိုင်တော့စွာ ရှေ့သို့အတင်းတိုးနေကြသည်။ ထိုစဉ် အသက်နှစ်နှစ်ပင် မပြည့်သေးတဲ့ကလေးငယ်အား ချီထားသည့် အရိုးပေါ်အရေတင် လူငယ်တစ်ဦးက ရုတ်တရက် တွန်းခံရပြီးလဲကျသွားသည်။ ကလေးငယ်က အထိတ်တလန့်ဖြင့်စတင်ငိုယို၏။ သို့ရာတွင် တန်းစီနေသည့် လူတွေက ဂရုမစိုက်ကြချေ။ ထိုအဖြစ်အပျက်ကြောင့် ရှန်လျန်က လေ့ကျန်းအား ထိုသားအဖဆီ သွားကြည့်ခိုင်းသည်။

"ပေါင်ပေါင်း...မငိုရဘူးလေ"

လေ့ကျန်းက လာကူညီတာတောင် လဲကျနေတဲ့ လူငယ်က သူ့ရောဂါသူဂရုမစိုက်ပဲ တုန်ရီနေသောလက်ဖြင့် ကလေးငယ်ရဲ့မျက်ရည်တွေကို သုတ်ပေးနိုင်ရန် ကြိုးစားနေ၏။ တစ်ကယ်တော့ ဒီလိုမြင်ကွင်းက နေ့စဉ်နှင့်အမျှ ဖြစ်နေတာပင် ။ ဆာလောင်မွတ်သိပ်မှု၊ ‌ကူးစက်‌ေရာဂါကြောင့် နေ့တိုင်းသေဆုံးနေကြသည်။ လူတိုင်းက တစ်နေ့ သေရမှာပဲမို့ ဘယ်သူမှ အဖက်လုပ်ပြီး သနားမနေကြတော့ပေ။

"ငိုတာက ဘာမှ လုပ်လို့ မရဘူး၊ ဘယ်နားထိခိုက်သွားလဲ ကြည့်ရအောင်"

မသိလိုက်စွာနဲ့ လူအုပ်က ရှန်လျန်အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။ ရှန်လျန်က ခါးကိုင်းကာ ပေရေ ပိန်ပါးနေတဲ့ ကလေးငယ် လက်ကို တစ်ချက်စမ်းသပ်လိုက်သည်။

"ကလေးက ဖျားနေတာ၊ တစ်ခြားအနာတရ တော့ မရှိဘူး၊ လေ့ကျန်း ဆရာတော်ဆီမှာ အဖျားပျောက်ဆေးရည်ရှိလား သွားလျှောက်ကြည့်၊ တစ်ပန်းကန်စာတောင်းခဲ့နော်၊ ပြီးတော့ ဝတ္ထုငွေ ကပ်ခဲ့ဦး"

"ဒါပေမယ့်...."

လေ့ကျန်းက တွန့်ဆုတ်စွာ ကြည့်သည်။ သူမရှိလျှင် သခင့်ကို ကာကွယ်ဖို့ သူ့လူတွေ ကိုဖော်ထုတ်မိမှာ စိုးသည့်အပြင် လူတွေက ရှန်လျန့်ကို ဝိုင်းအုံသွားခဲ့ရင်...

"ငါ ဘာမှမဖြစ်ဘူး ၊ဆေးသွားတောင်းတော့"

ရှန်လျန်က ခေါင်းမော့ပြီး တိတ်ဆိတ်နေတဲ့ လူတွေကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ပြည်သူတွေက ရိုးသားကြပြီး သူတို့ကိုဖိအားမပေးသရွေ့ သူတစ်ပါးခက်ခဲအောင် လုပ်ကြမည် မဟုတ်ပါ။

"ဟုတ်ကဲ့"

လေ့ကျန်းက မတတ်နိုင်ပဲ အမြန်ထွက်သွားသည်။ လူအုပ်ရဲ့အကူအညီနဲ့ ကျောင်းဝင်ပေါက်မှာ စောင့်နေတဲ့ ဦးဇင်း တစ်ပါးဆီ ဆေးယူကာ တစ်ခဏအတွင်းပြန်ရောက်လာသည်။

"ကျေး... ကျေးဇူးပါ ကျေးဇူးအရမ်းတင်ပါတယ်"

ရှန်လျန်က သူ့ကလေးရဲ့နာမကျန်းဖြစ်မှုကို အမှန်တစ်ကယ် ဂရုစိုက်ပေးမယ်လို့ မထင်ထားခဲ့မိ၊ ကလေးအား ရင်ခွင်ထဲ ပွေ့ကာ ရှန်လျန့်ကို ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်းပြမိသည်။

ရှန်လျန်က ထိုသူကို ရွံရှာခြင်းမရှိပဲ ထို့အစား ကြင်နာစွာပြောသည်။

"ထပါ၊ ဒီဘက်မှာ လာစောင့်လိုက်"

"ဟုတ် ဟုတ်ကဲ့"

လူငယ်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ မျက်ရည် လည်ရွဲဖြစ်နေသည် ။ မိသားစုနဲ့အိမ်ကို ဆုံးရှုံးပြီးတဲ့အချိန်ကစလို့ သူတို့သားအဖကို အထူးတလည် လက်ကမ်းကူညီပေးတာ ရှန်လျန်ပဲရှိ၏။ ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်လည်း ရှန်လျန်ရဲ့ ကြင်နာမှုက သူ့အား မျက်ရည်မဆယ်နိုင်စွာ ဝမ်းသာစေသည်။

သားအဖနှစ်ဦးအား မြင်းရထားလုံး၏ ဘေးဘက်သို့ခေါ်လာသည်။ ထို့နောက် ရေအိတ်နဲ့ ပေါက်စီကြီးကြီး နှစ်လုံးကို ပေးလိုက်သည်။

"အရင်စားလိုက်ပါဦး၊ ဗိုက်ထဲ အစာမရှိရင် ကလေးကို ဘယ်လိုလုပ် စောင့်ရှောက်နိုင်မှာလဲ"

"ကျေးဇူးပါ ကျေးဇူးပါဗျာ"

မြေပြင်ပေါ်ထိုင်ချထားတဲ့ လူငယ်သည် လက်တစ်ဖက်က ရေအိတ်၊ နောက်တစ်ဖက်က ပေါက်စီကိုင်ထားသည်။ ကျေးဇူးစကားကို ရှည်ရှည်ဝေးဝေးမပြောတတ်ပေမယ့် သူ့မျက်ရည်က သူ့စိတ်ရင်းကို အပြည့်ဝဖော်ပြသည်။

"ပါပါး.. ပါပါး ဗိုက် ဆာ စားချင်"

ကလေးငယ်လည်း ပေါက်စီကိုမြင်ပြီး ဆက်မငိုတော့ချေ၊ မျက်တောင်မှာ မျက်ရည်ဥတွေတွဲခ်ိုရင်း နှုတ်ခမ်းသေးသေးလေးက ဗိုက်ဆာကြောင်း ပြောသည်။

လူငယ်က ပေါက်စီကိုတစ်ဖဲ့ဖဲ့ကာ ကလေးကို အမြန် ကျွေးသည်။ စိတ်ရှည်ဂရုစိုက်စွာ ကျွေးပြီးနောက် ရေတိုက်သည်ကို ရှန်လျန်မြင်သော် ကလေးရဲ့ဆံပင်တွေ ရှုပ်ပွနေတဲ့ခေါင်းကို ပုတ်ပေးမိသည်။ အိမ်မှာ တူလေးနဲ့နေပြီးကတည်းက ကလေးလေးတွေအပေါ် ချစ်တတ်လာတာပင်။

"ဖြည်းဖြည်းစားနှင့်"

ထိုသို့ပြောပြီး ရှန်လျန် လူအုပ်နှင့်မျက်နှာ ချင်းဆိုင်လိုက်သည်။

"အားလုံးရဲ့အချိန်တွေက်ု နှောင့်နှေးစေမိလို့ တောင်းပန်ပါတယ်၊ ပေါက်စီတွေ ဝေပေးပါတော့မယ်၊ အတင်းမတွန်းကြပါနဲ့ လူတိုင်းရမှာပါ၊ ရပြီးတဲ့သူတွေက ထပ်တန်းစီလို့မရပါဘူး၊ တစ်ခြားမစားရသေးတဲ့သူကို အားနာပါ၊ လောကကြီးမှာ ကြောက်စရာအကောင်းဆုံးက ဘာလဲသိလားဗျ! ရန်သူမျိုးငါးပါးနဲ့ လူသားချင်းစာနာစိတ် မရှိတာပဲဗျ"

အစမှ အဆုံး ရှန်လျန်ရဲ့ အပြုအမူက တသမတ်တည်းရှိ၏။ သူပြောတဲ့စကားလုံးတိုင်းက လူတွေကို အရှက်ရစေခဲ့၏။ ရေဘေးသင့်တဲ့အချိန်ကစလို့ ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး မိသားစုချင်းတောင် ဂရုမစိုက်ကြတော့ဘူး၊ ရိုးသားသဘောကောင်းတဲ့ စိတ်ရင်းတွေ ဆုံးရှုံးလာကြသည်။

"ကျေးဇူးပါ၊ ရှန်သခင်လေး ကျေးဇူးပါ"

ပေါက်စီတွေရပြီးနောက် တစ်ယောက်ချင်းစီတိုင်းက ကျေးဇူးတင်စကားပြောသလို ရှန်လျန်လည်း ပြန်ပြုံးပြ၏။ နဂိုက ဖရိုဖရဲအနေအထားမှ တည်တည်ငြိမ်ငြိမ် ဆက်လက်ဝေငှပေးနိုင်သည့်အခြေအနေဖြစ်သွားသည်။

"ဗိုလ်ချုပ်ရှန်တာ့ရဲ့ ညီလေးက ချောလည်း ချောတယ်၊ စိတ်ထားလည်း ကောင်းတယ် ၊အပြစ်ပြောစရာကိုမရှိဘူး၊ ချင်ဖင်းမြို့စားက သူ့ကို ဇနီးတော်ရတာ အရမ်းကံကောင်းတာပဲ"

"ဟုတ်တယ်နော်၊ အမတ်ကြီးက တရားဝင် သားနှစ်ယောက်ပဲရှိတာ ၊ တစ်ယောက်က အနောက်မြောက်အရပ်စစ်ပွဲကိုဦးဆောင်တဲ့ ဗိုလ်၊ နောက်တစ်ယောက်က ပြည်သူလူထုအပေါ် ကြင်နာသနားတတ်ပြီး ဒေါသကင်းတယ်၊အမတ်ကြီးရဲ့ မယားငယ် မိသားစုနဲ့ ကွာပါ့"

"ရှူး.. တိုးတိုးပြော သူတို့ဟိုမှာရှိနေတယ်လေ၊ ရှန်သခင်လေးငယ်ငယ်တည်းက မိသားစုဝင်တွေရဲ့ နှစ်သက်ခြင်းမခံခဲ့ရဘူးဆိုတဲ့ ကောလဟာလက မှန်နေတာပဲ၊ ကြည့်ပါလား သခင်လေးခမျာ ကျောမှာ ချွဲတွေရွှဲလို့ လူ‌ေတွကိုအစားအစာ ဝေပေးနေတာ၊ ဘယ်သူက လာကူညီပေးလို့လဲ? သူတို့နေရာမှာ ငါဆိုရင် နာမည်ဂုဏ်သတင်းကောင်းအောင် လာကူညီပေးမှာ၊ ကျစ် ကျစ် စိတ်ဓာတ်မှမကောင်းတာ ဘယ်မိသားစုက သူတို့ကို လက်ထက်ချင်မှာလဲ"

"ဟို အဖွားအိုကိုကြည့်လိုက်၊ ရှန်သခင်လေးကို အရိုးထဲစွဲနေအောင် မုန်းနေပုံရတယ်၊ ဘယ်လိုအဖွားမျိုးလဲ မသိဘူး"

"မသိဘူးလား သူကအဖွားအရင်းမှ မဟုတ်တာ၊ ရှန်အမတ်ကြီးက သူ့သားမဟုတ်ဘူးလေ"

ဘုရားကျောင်းကို ဆုတောင်းဝတ်ပြုဖို့လာသူတွေဟာ အင်အားကြီးပြီး ချမ်းသာကြွယ်ဝတဲ့ တုံးလင်အိမ်တော်ကို တိုက်ရိုက် မစော်ကားဝံ့ပေမယ့် သူတို့မျက်နှာကို ကွက်ကြည့်ကွက်ကြည့် လုပ်ရင်း ရယ်မော အတင်းတုပ်ကြသည်။ အဖွားအိုနဲ့ ကျန်လူတွေက အကြီးအကျယ် မျက်နှာပျက်ကြပြီး စိတ်ထဲတွင် ရှန်လျန့်အား ဆဲဆိုကြိမ်းမောင်းနေကြသည်။

"ဘာရပ်လုပ်နေကြတာလဲ အမြန်သွားကူလ်ုက်ကြ"

သခင်မကြီးမှာတစ်ခါမှ ထိုမျှ အလှောင်မခံရဖူးသဖြင့် ဒေါသငယ်ထိပ်ဆောင့်တက်နေပြီး တဆတ်ဆတ်တုန်နေသည်။ ရှန်ချန်တို့သည် စိတ်မပါသော်လည်း ရွေးချယ်စရာမရှိရာ ကူညီပေးရန် ရောက် လာကြသည်။

"ဝူကော ညီမတို့လာကူပြီ"

ရှန်ချန်၊ ရှန်ရှောင်နဲ့ ရှန်ကျင်းတို့ရောက်လာတာကို မြင်တော့ ရှန်လျန်က ချွေးတွေရွှဲနေသည့်ကြားက ပြုံးမိသည်။

"ဒါဆိုရင် မင်းတို့ကို ဒုက္ခပေးမိပြီ"

ပြောပြီးသည်နှင့် သူရော ယောင်းကွမ်ပါ ဆက်မလုပ်တော့ပဲ နောက်ဆုတ်လိုက်ကြသည်။

ရှန်ချန်တို့လည်း ဟန်ဆောင်ကာ အားတင်းပြုံးလျက် ပေါက်စီတွေ ဆက်ဝေပေးခဲ့ကြသည်။ ရှန်လျန်၏ အလုပ်ကို တာဝန်ပြောင်းယူပြီးလျှင် သူတို့ရဲ့နာမည်ဂုဏ်သတင်း ပြန်လည်အဖတ်ဆယ်နိုင်မည်ဟုမျှော်လင့်ထားကြသည်။ သို့ရာတွင် ဒုက္ခသည်များက မျက်ကန်းမဟုတ်ပေ၊ ပေါက်စီယူကြပြီးတာနဲ့ ရှန်လျန့်ကို ဆက်လက် ကျေးဇူးတင်စကားပြောကြသည်။ ရှန်မိသားစုမှာ ပြုံးပြနေရုံသာ တတ်နိုင်ပြီး စိတ်ထဲတွင် ကျိန်ဆဲလျက်ရှိ၏။ ရှန်လျန်၏ ပါးနပ်မှုအတွက် ကျိန်ဆဲသလို၊ လူတွေ၏ မသိနားမလည်မှုကိုလည်း ကျိန်ဆဲကြသေး၏။

"ယွမ်ရွှင်းက သူ့ကိုရတာ အတော်ကံကောင်းတာပဲ"

ဘုရားကျောင်းအပြင်ဘက် တွင် သူတို့၏ရုန်းရင်းဆန်ခတ်အခြေအနေကို စောင့်ကြည့်နေသော တော်ဝင်မြင်းတစ်စုရှိ၏။ မြင်းကုန်းနှီး‌ေပါ်က လူများမှာ အခြားမဟုတ်၊ ဖေးယွမ်ရွှင်း၊ ဖိတ်ကြားချက်ကိုအကြောင်းပြုလျက် ရှန်ကောဘုရားကျောင်းသို့ ကြင်ယာတော်၏အတင်းတိုက်တွန်းမှုကြောင့် ရောက်လာရသော တတိယ မင်းသားနှင့် ကျန်မင်းသား ရှစ်ပါးပင်ဖြစ်တော့၏။

"ကျုပ်လဲ အဲ့လိုပဲ ထင်တယ်"

အလယ်မှာရပ်နေတဲ့ ဖေးယွမ်ရွှင်းက အဝေးမှ ပေါက်စီဝေပေးနေတဲ့ရှန်လျန်ကို မြဲမြံစွာ ကြည့်နေသည်။ လျန်လျန်က ပြုံးပန်းဝေလျက် တစ်ချက်ကြည့်ရုံနှင့်ထင်းထွက်နေသောဝတ်စုံဝတ်ထားသည်။ ထို့အပြင် ဘုရားကျောင်းသို့လာရာလမ်း၌ ပေါက်စီများကြိုပြင်ဆင်လာကာ လူထု၏ နှလုံးသားကိုပါ အနိုင်ယူလိုက်သေး၏။

"ယွမ်ရွှင်း တစ်ကယ် ကံကောင်းတယ်"

ပဉ္စမမင်းသား ချင်ယွင်ထျန်းက နက်ရှိုင်းတဲ့အကြည့်တစ်ချက်ပေးသည်။ သူဘယ်လောက်ဒေါသထွက်နေလဲ ဖော်ပြနေသလိုပင်၊ မျက်နှာထောက်ထားနေရလို့သာ ထုတ်ဖော်မပြောနိုင်ခြင်းဖြစ်၏။ယွမ်ရွှင်းက ဘယ်လိုလုပ် ဒီလို ကောင်းတဲ့အခွင့်အရေးကိုရနိုင်တာလဲ?

"ဖခမည်းတော်က ရှန်လျန့်အကြောင်း အရမ်းသိချင်နေတာ၊ မယ်တော်လည်း မကြာခင် ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်း နိုင်တော့မှာဆိုတော့အဲ့ဒီအချိန်ကျရင် သူ့ကိုခေါ်ပြီး ခမည်းတော်နဲ့ သွားတွေ့လိုက်ပါဦး ၊ ဇနီးမောင်နှံစုံတွဲ ကိုမြင်ရင် သူပျော်သွားလိမ့်မယ်"

ချင်ယွမ်ရှန်း ဘာကြံနေမှန်း တခြားသူတွေက မသိတာ‌ေကြာင့် ဖေးယွမ်ရွှင်းကိုသာ တညီတညွတ်‌ထဲ လှည့်ကြည့်ကြသည်။

"ဘယ်အချိန်မဆို သွားတွေ့လို့ရပါတယ်၊ မိဖုရားကြီးရဲ့ဈပနအခမ်းအနားပြီးမှ မဟုတ်ပါဘူး၊ပြီးတော့ ဦးရီးတော်ကို ပျော်စေချင်တာများ၊ အခု ပြည်သူတွေကို ကူညီဖြေရှင်းနေတာတွေကို နန်းတွင်းမှူးမတ်တွေကတစ်ဆင့် တင်ပြခိုင်းလိုက်ရင် ပိုကောင်းတယ်"

"ဟဟ ယွမ်ရွှင်းပြောတာ မှန်တယ်၊ ကျုပ် မေ့သွားတယ်"

ဖေးယွမ်ရွှင်းအား ပေါ့ပေါ့ပါးပါးပြန်ဖြေရင်း အဝေးက ရှန်လျန်ကို လိုချင်တပ်မက်စွာ ကြည့်လိုက်သည်။ ရှန်လျန်လို 'ကော'မျိုးက သူနဲ့ပဲထိုက်တန်တယ်။

"ဘယ်အချိန်ထိ ငါတို့ စောင့်ကြည့်နေဦးမှာလဲ၊ သူတို့ဆီဆက်သွားကြရအောင်လေ"

တတိယမင်းသားချင်ယွင်ရိက စကားထိုးစစ်ပွဲထဲ ငြီးငွေ့လာပြီး စိတ်မရှည်တော့ချေ။

အတူပါလာတဲ့ တတိယကြင်ယာတော်က ‌ဖြတ်ပြောသည်။

"ရှင်သူတို့ရဲ့ ပေါက်စီပူပူကို ငတ်ကြီးကျနေတာလား"

"ဟားဟားဟား"

အားလုံးက တတိယမင်းသားရဲ့အဖြစ်ကို ရယ်မောမိကြသည်။ မင်းသားခမျာ စိတ်ပျက်လက်ပျက်ဖြင့် မကျေမနပ်ဖြစ်နေသည်။

"ရှန့်ကော ဘုရားကျောင်းရဲ့အနောက်ဘက်မှာ စမ်းချောင်းရှိတယ်လို့ကြားဖူးတယ်၊ ငါးတွေက အကောင်အကြီးကြီးတွေတဲ့၊ ငါးကင်စားရင် ကောင်းလောက်တယ်"

ဖေးယွမ်ရွှင်းရဲ့စကားကြောင့် ချင်ယွင်ရိရဲ့မျက်လုံးက ချက်ချင်း တောက်ပလာသည်။ ကျန်မင်းသားများ၏မျက်နှာက မည်းမှောင်သွား၏။ တစ်ကယ် စားမယ့်ပုံစံနှင့် စိတ်အားထက်သန်နေသည့်လူနှစ်ယောက်ကို ကြည့်ပြီး ဧကရာဇ်ဆီသာ သတင်းရောက်သွားပါက အရှက်ရပေတော့မည်ဟု တွေးနေကြသည်။ ထိုစဉ် တတိယ ကြင်ယာတော်က ခင်ပွန်းသည်၏ အစားသောင်းကျန်းမှုကို မနိုင်စွာဖြင့်...

"ရှင် ကတိပေးခဲ့တာ မေ့သွားပြီလား"

"အိုးဟုတ်သားပဲ ငါဝတ်ချမယ်လို့ ကတိပေးထားတယ်"

သူ့နဖူးသူ ရိုက်ကာ သတိဝင်သွားပြီးနောက် ဖေးယွမ်ရွှင်းဘက်လှည့်ကာ ရန်တွေ့သည်။

"မင်း ငါ့ဗိုက်ထဲက ပိုးကောင်တွေကို လှည့်စားလိုက်တာ အောင်မြင်ပြီး ငါ့ကတိပျက်တော့မလို့ ၊တော်သေးတယ် ဟူး... ဘာနဲ့ ပြန်လျော်ပေးမှာလဲပြော"

ချင်အင်ပါယာတစ်ခုလုံး ရှာကြည့်ရင်တောင် တတိယမင်းသားလောက် ကျိုးကြောင်း မဆီလျော်ပဲ အရှက်မဲ့သူ ရှိမည် မဟုတ်။

"တိုင်စန်စားသောက်ဆိုင်က စားဖိုမှူးအသစ်ငှားလိုက်တယ်၊ ရှတိုင်းပြည်ကခေါ်လာတာတဲ့၊ လက်ရာအတော်ကောင်းတယ်ကြားတယ်၊ သွားစားကြမလား၊ ကျုပ်ဒကာခံမယ်"

"တစ်ကယ်လား!"

"တတိယ မင်းသား!"

မင်းသားက အစားကျော့ကွင်းထဲ တစ်ဖန်ကျသွားရာ လင်းယွီလင်၏ ဒေါသသံကထွက်လာတော့သည်။ တတိယမင်းသားက ဇနီးသည်ရဲ့ လွှမ်းမိုးမှုအောက်မှာ ခက်ခက်ခဲခဲ တံတွေးမျိုချပြီး လည်ချောင်းရှင်းသည်။

"အဟမ်း.. ဝိတ်ချနေပါတယ်ဆိုမှ၊ ရှတိုင်းပြည်က စားဖိုမှုး ဖြစ်ဖြစ်ဘာဖြစ်ဖြစ်၊ စိတ်မဝင်စားဘူး"

"အဲ့လိုဆိုတော့လည်း တစ်ယောက်ထဲ သွားရတော့မှာပေါ့လေ"

ချင်ယွင်ရိရဲ့ သနားစရာ အရိပ်ပြနေတဲ့ အကြည့်တွေကို ဖေးယွမ်ရွှင်းက နားမလည်ချင်ယောင်ဆောင်ကာ လစ်လျူရှုပစ်လိုက်သည်။ သို့ဖြစ်ရာ တတိယမင်းသားခမျာ ကြင်ယာတော်သက်ထား၏ဩဇာကို မလွန်ဆန်နိုင်စွာဖြင့် ဆန္ဒကိုချိုးနှိမ်သောအားဖြင့် တံတွေးအခါခါသာ မျိုချလိုက်ရသည်။

2408 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment