'တစ်ယောက်ထဲ ကို မိသားစု တစ်ရာက ငမ်းငမ်းတက်'
"သခင်ရော ဧကရာဇ်ရဲ့ သဘောထားကို ဘယ်လိုမြင်လဲ "
ယောင်းကွမ်အပါအဝင် ပုန်းကွယ်နေကြတဲ့ သံမဏိတပ်သားတွေ က ပြန်ထွက်ပေါ်လာကြ၏။ လဲလျောင်းချင်ယောင်ဆောင်နေတဲ့ ဖေးယွမ်ရွှင်းလည်း ထထိုင်နေပြီ ဖြစ်သည်။
"သူ သေချာပေါက် သဘောတူဖို့ ထုတ်ပြန်ပေးလိမ့်မယ်"
ဖေးယွမ်ရွှင်းက ကျိန်းသေပေါက်ပြော၏။ မူလက မသေချာပေမယ့် ထျန်းရှုရဲ့ စကားနဲ့ ဖိုးဖိုးလင်းနဲ့ တိုက်တွန်းမှုက သူ့ကို နိုးကြားသွားစေသည်။ ဘာကိုရွေးချယ်သင့်လဲ၊ ဘာက သူ့အတွက် ပိုအကျိုးရှိမလဲ ဆိုတာ ဧကရာဇ်က သဘောပေါက်၏။ ထိုရွေးချယ်မှုကလည်း ဖေးယွမ်ရွှင်း လိုချင်တာပဲ ဖြစ်လိမ့်မည်။
"သခင်က သေချာလှချည်လား?"
ယောင်းကွမ်က သံသယနဲ့ကြည့်၏။ ဘယ်က ယုံကြည်ချက်တွေရလာတာလဲ? သူတို့တစ်ချိန်လုံး ပုန်းနေကြပြီး ဧကရာဇ်ကို ထောက်လှမ်းနေတုန်းက သဘောတူမယ့် အရိပ်အယောင် မတွေ့ခဲ့ကြချေ။ နိဂုံးချုပ်လိုက်ရင် အတော်လေး ဆန့်ကျင်ရုန်းကန်ရဦးမယ့် ပုံပင်။
"ငါ လျန်လျန်နဲ့ လက်ထပ်တော့မယ့်အကြောင်း တစ်တိုင်းပြည်လုံး သိအောင် သတင်းလွှင့်မှာ မလို့လေ၊ ဘုရင်အိုကြီး ဒီတိုင်း ဆက်ထိုင်နေနိုင်ဦးမလား စောင့်ကြည့်ကြသေးတာပေါ့"
ဖေးယွမ်ရွှင်း လှောင်ရယ် လိုက်၏။ ပန်းတိုင်ကြီးကြီးရှိနေမှတော့ အောင်မြင်မှုရသည်အထိ လုံးဝ အမှားမခံနိုင်ပေ။
"နားလည်ပါပြီ"
ထျန်းရွှမ် ကလုပ်ဆောင်ရန် ထွက်သွားသည်။
ယောင်းကွမ်က ဆက်ပြောချင်နေသေးသော်လည်း ဖေးယွမ်ရွှင်း၏ အကြည့်ဖြင့် ဆုံသွားကာ
"ဒီသခင်က လျန်လျန့်ကို ကာကွယ်ဖို့ မင်းကိုလွှတ်ထားတာလေ၊ အခု ဒီမှာ ဘာလာလုပ်နေတာလဲ?"
"အဲ့တာက..."
ယောင်းကွမ်က မျက်နှာငယ်လေးနှင့် ထျန်းချွမ်နောက် ပုန်းကွယ်ရင်း
"သခင် ကျွန်တော့်ကို အထင်လွှဲနေပါပြီ.. ကျွန်တော့်ကို ဝမ်ဖေး ကိုယ်တိုင်လွှတ်လိုက်တာပါ၊ ဒီကအခြေအနေကို သူ့ဆီ သတင်းပို့ပေးရမယ်တဲ့.. သူ့ရဲ့ အရိပ်တပ်သားတွေကို သူနဲ့ပဲ နေခိုင်းတာပါ ၊တစ်ယောက်မှ မထွက်သွားခိုင်းဘူး"
မုသားမပါ လင်္ကာမချော ဆိုသလို ခွင့်လွှတ်ပေးရန်အတွက် ညာလိုက်ရ၏။ ဒီတစ်ကြိမ်တော့ သူကသာ လာချင်တဲ့သူဖြစ်ကြောင်း အမှန်တရားကို ထုတ်မပြောရဲပါ။ ပြောလိုက်တာနဲ့ သခင်က အရေခွံဆုတ်မှာဖြစ်၏။
"ဒါဆို ဘာက်စ္စ မပြန်ရသေးတာလဲ"
ဒေါသ အနည်းငယ် ပြေသွားပြီး လေသံလည်း ပျော့သွားတော့၏။
"ခုပဲ ပြန်တော့မှာပါ"
ယောင်းကွမ်က မြင်ကွင်းထဲက လစ်ခနဲ ပျောက်ကွယ်သွား၏။ ထျန်းရှုနှင့် ဖိုးဖိုးလင်းလည်း ပြန်ရောက်လာပြီ ဖြစ်ကာ ဖေးယွမ်ရွှင်းက ညွှန်ကြားချက် အချို့ပေး၏။ တစ်နာရီကြာပြီးနောက် ဧကရာဇ်မင်းမြတ်က ဖေးယွမ်ရွှင်းကို ကယ်တင်ရန် သမားတော်များစွာကို ဖိတ်ကြားပေးကာ ချင်ဖင်းအိမ်တော်ကို ပင့်ဆောင်ပေးသည်ဟူသော သတင်းက လူကုံထံအသိုင်းဝိုင်းကြား တစ်ယောက်စကား တစ်ယောက်နားဖြင့် ပျံ့နှံ့သွား၏။
ပဉ္စမတော်ဝင်မင်းသား၏စံအိမ်တွင်
"မင်းဘာပြောတယ်? ဖေးယွမ်ရွှင်းက သေတော့မှာမို့ ရှန်လျန်နဲ့ လက်ထပ်ဖို့ေတာင်းဆိုတယ်ဟုတ်လား"
ငယ်ကျွန်ရဲ့သတင်းကြောင့် ဧကရာဇ်၏ သဘောတူညီမှုရပြီး ရှန်လျန်နှင့်လက်ဆက်နိုင်ရန်နည်းလမ်းကို မိခင်ဖြစ်သူနဲ့ တိုင်ပင်နေသော ချင်ယွင်ထျန်းအား ချက်ချင်းဒေါသထွက်သွားစေသည်။
ရှန်လျန့်နောက်ခံက အတော်ကြီးမားသလို လူကိုယ်တိုင်ကလည်း ခေသူမဟုတ်ပါ၊ တစ်ကယ်လို့ ဖေးယွမ်ရွှင်းက အသက်ရှင်နေပြီး ရှန်လျန့်အတွက် တိုက်ခိုက်လာလျှင် မင်းသား၅အနေဖြင့် ဆိုစရာမရှိပါချေ။
ထိုက်တန်သူက ရတနာကို ပိုင်ဆိုင်ရလိမ့်မည် မဟုတ်ပါလော? သို့သော် ဖေးယွမ်ရွှင်းက နောက်ဆုံးထွက်သက်ရောက်နေပြီး တာတောင် ရှန်လျန့်အတွက် တိုက်ခိုက်နေတုန်းလား? သေသွားရင်တောင် လက်လွှတ်ဖို့ ငြင်းဆန်တယ်ပေါ့လေ?
"အမှန်ပါပဲ ဒီသတင်းကို အရှင့်အဖိုးအိမ်တော်ဆီက ကြားခဲ့တာပါ.. လက်ထပ်ခွင့်ကိုတော့ မြို့စားကိုယ်တိုင်တောင်းဆိုခဲ့တာ မဟုတ်ပါဘူး.. မြို့စားမင်းက သတိလစ်မေ့မျောနေလို့ အိမ်တော်ထိန်းလင်းနဲ့ သံမဏိစောင့်တပ်ခေါင်းဆောင် ထျန်းရှုတို့က ဦးဆောင်ခဲ့တာပါ"
ချင်ဖင်းမြို့စားမင်းရဲ့ နောက်ဆုံးဆန္ဒသာ အောင်မြင်သွားခဲ့ရင် မင်းသား၅ရဲ့ အကြံအစည်တွေ အားလုံး သဲထဲရေသွန်ဖြစ်ကုန်တော့မည်။
"သေလိုက်စမ်း! အကြောင်းကြားလိုက်... ဒီမင်းသား နန်းတော်ဆီ ခုချက်ချင်း သွားလည်ပတ်မယ်"
ချင်ယွင်ထျန်းကျိန်ဆဲလိုက်ပြီး အတွင်းခန်းထဲ ဝင်၍ ဝတ်ရုံလဲ လှယ်လိုက်သည်။ ထိုအချိန်တွင် ကျန်သည့် မင်းညီ မင်းသားများလည်း ထပ်တူညီသည့် သတင်းကိုကြားလိုက်ရသည်။ မင်းသားကြီး၊ မင်းသား၂နဲ့ မင်းသား၃ကတော့ ကြင်ယာတော်ရှိပြီးဖြစ်ရာ ရှန်လျန့်အား ပဏာမဇနီးနေရာ မပေးနိုင်တော့ပဲ ရှန်လျန့်အား စိတ်ဝင်စားသည်ဆိုဦး အခြားမင်းသားများနှင့်ယှဥ်လျှင် အလျော့ပေးလိုက်ရုံသာရှိ၏။ သို့သော် မင်းသား၅ကဲ့သို့ လူလွတ်မင်းသားများမှာ မြို့စားမင်း၏ လက်ထအ်ခွင့်တောင်းးဆိုမှုကြောင့် ၎င်းတို့၏ ကြိုးစားမှုများ ကျရှုံးသွားမည်ကို တွေးပူနေကြ၏။
"မင်းသား၄ .. သတင်းရောက်လာပါတယ်"
နောက်ဆုံးမှ သတင်းရတဲ့သူက နန်းတော်ထဲ မှာဧကရီရဲ့ ရုပ်အလောင်းကို အဖော်ပြုပေးနေတဲ့ ချင်ယွင်ရှန်းဖြစ်၏။ သူ့ဆီရောက်လာတဲ့စာကို ဖတ်ပြီးနောက် မျက်စိသူငယ်အိမ်က ပြူးကျယ်သွားပြီး ဒေါသထွက်လာ၏။ ချင်ဖင်းမြို့စားက သံသယ ဝင်စရာကောင်းလောက်အောင် ရှန်လျန့်ကိုပဲ ငမ်းငမ်းတက်လိုချင်နေသည်ဟု ခံစားလိုက်ရ၏။ ရှန်လျန့် နာမည်ကိုပဲ ထပ်ခါ တလဲလဲ ထုတ်ပြောပြီး သူ့အပိုင်ဖြစ်ကြောင်း တလောကလုံးကို ကြေငြာ၏။
"ကိစ္စကြီး ဖြစ်လို့လား"
ရဲ့ထျန်းက သူ့အမူအရာကိုကြည့်ပြီး ခပ်တိုးတိုး မေး၏။ သူချင်ယွင်ရှန်းနဲ့ သိတာ အချိန်ကြာပြီ ဆိုပေမယ့် ချင်ယွင်ရှန်း ဒေါသထွက်တာကို ခုမှ ပထမဆုံးအကြိမ်မြင်ဖူးတာပင်။
"ဖေးယွမ်ရွှင်း သေတော့မယ်..ချင်ဖင်းမြို့စား ဆက်ခံသူအတွက် ရှန်လျန့်နဲ့ လက်ထပ်ခွင့်ရဖို့ ဖခမည်းတော်ဆီ တောင်းဆိုကြတာ၊ ရှန်ရုထင်က လက်မခံရင်တောင် ဖခမည်းတော်က သဘောတူမယ်ထင်တယ်"
ခန်းမထဲ ဒူးထောက်နေတဲ့ ချင်ယွင်ရှန်းက ခေါင်းငိုက်စိုက်ချကာ ဒေါသကို ထိန်းချုပ်နေလေ၏။
ရဲ့ထျန်းက သူ့စကားကြားပြီး ဝေဖန်၏။
"ချင်ဖင်းမြို့စားက သေပဲသေတော့မှာကို ဘာကိစ္စရှန်သခင်လေးနဲ့ လက်ထပ်ချင်နေသေးတာလဲ? လက်ထပ်ခွင့်ရမှ သေမယ်လို့တော့ မပြောနဲ့နော်၊ သူများရဲ့တစ်ဘဝလုံးကို ဖျက်စီး ပစ်မလို့လား?"
ရှန်လျန်က ကြင်ယာတော် ဖြစ်ဖို့ အရည်အချင်း အပြည့်ရှိသူပင်။ ဧကရာဇ်ကသာ မြို့စားနဲ့ တစ်ကယ် လက်ဆက်ခွင့်ပေးလိုက်ရင်လည်း မင်္ဂလာဦးညကတည်းက ရှန်လျန် ဖြူစင်နေနိုင်သေး၏။ သို့သော် မင်းသား၄နဲ့ ရှန်လျန့် ကံကြမ္မာကတော့ ပြီးသွားပြီ ပင်။
"ဒီကိစ္စကို တားမှ ရမယ်၊ အကြီးအကဲ ဆီ သွားလည်ပတ်ပြီး ဖခမည်းတော်ကို တားဖို့ ပြောလိုက်ပါ"
"ကောင်းပါပြီ"
ကိစ္စက အရေးကြီးပြီး ချက်ချင်းစီစဉ်ရမှာဖြစ်တာကြောင့် ရဲ့ထျန်းလေးဖင့်မနေရဲပဲ ချက်ချင်းထွက်ခွာသွား၏။ အချိန်အတော်ကြာသွားတာတောင် ချင်ယွင်ရှန်း သူ့ကိုယ်သူ အတော် ပူလောင်နေသေးမှန်း သတိထားမိလိုက်၏။ ရှို့မီးဖိုပင် ဘယ်အချိန်တည်းက မီးသေသွားမှန်း မသိလိုက်ပေ။
တုံးလင်အိမ်တော်၏ ကျုံးလင်ခြံဝန်းတွင်
"ဒါဆိုရင် ဧကရာဇ်က သေချာပေါက် သဘောတူစာထုတ်ပြန်မယ်ပေါ့"
ချီယွဲ့က စိတ်အေးအေးမထားနိုင်ပဲ မြို့စားအိမ်က ပြန်ရောက်လာတဲ့ ယောင်းကွမ်ကို ဖြစ်ကြောင်းကုန်စင်တန်းမေးလိုက်၏။ လျန်လျန့် လက်ထပ်ပွဲက အတည်တကျဖြစ်သွားမှ ဟို အဖွားအိုကြီးနဲ့ တစ်ခြားသူတွေ လျန်လျန့်ကိုလက်ထပ်ပေးဖို့လူရှာလာပေးမှာ စိတ်ပူစရာမလိုတော့မှာဖြစ်၏။
"ဟုတ်လောက်တယ်.. သခင်ကတော့ သေချာနေတာပဲ"
ယောင်းကွမ်လည်း အတိကျ မသိချေ။ လှည့်ကွက်များစွာနဲ့ အခြေအနေက ပြောင်းလဲ နိုင်ရာ ဘာမှ ပြောမရသေးချေ။
"လျန်လျန် ဘယ်လိုထင်လဲ"
ဖုရင်က တုံ့ပြန်မှုအမြန်ဆုံးဖြစ်ကာ အိပ်ရာပေါ်က ကလေးနဲ့ ဆော့ပေးနေသော ရှန်လျန့်ကို အာရုံစိုက်လိုက်သည်။
တူဝရီးက ခုမှ နေ့ခင်း တရေးနိုးလာကြတာ ဖြစ်ပြီး နှစ်ယောက်လုံးက မထချင်ကြသေး။
"ဟင်?"
သူ့ကိုခေါ်သံကြားတော့ ရှန်လျန် ခေါင်းမော့ကြည့်လာ၏။ ထို့နောက် ရှန်ယို့ လက်ထဲ ဝက်ဝံဂွမ်းရုပ်လေးကို ထည့်ပေးကာ ပြုံးလျက်
"တွေးစရာတွေက အများကြီး၊ မြို့စားရဲ့ အစီအစဉ်က အသေးစိတ်ကျပါတယ်.. တစ်ဆင့်ချင်း သေချာ စီစဉ်ထားတာ.. ဧကရာဇ်ကို တိုက်တွန်းပေးမယ့်သူအထိပါစီစဥ်ထားတော့ ညီလာခံမှာ ဘာမတော်တဆမှုမှ မဖြစ်ရင် မကြာခင် လက်ထပ်ခွင့်ပြုကြောင်း စာထုတ်လာလိမ့်မယ်"
ဧကရာဇ်က တစ်ခြားသူတွေကို သံသယလွန်ကဲပြီး သူ့သားများပါ ချွင်းချက် မဟုတ်ခဲ့။ သံမဏိတပ်သားတွေရဲ့ ကြိုးစားမှုနဲ့ မလုံလောက်ရင် အနီးကပ်လူနဲ့ တိုက်တွန်းခိုင်းမည်။ အရေးကြီးဆုံးက မြို့စားမင်းရဲ့ အခြေအနေက သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေပြီဖြစ်ရာ ဧကရာဇ်တွင် အကြာကြီး တွေးနေရန် အချိန်မရှ်ိပေ။ ထို့ကြောင့် နောက်တစ်ဆင့်ဘာလုပ်မလဲ ဆိုတာ ခန့်မှန်း၍ရခြင်းပင်။
"တစ်ကယ်သာဆို ဝမ်းသာစရာပဲ ၊ဒါပေမယ့် လျန်လျန် သွေး ထွက်လွန်အဆိပ်ကို ဘယ်လိုလုပ်ကြမလဲ? အဆိပ်က တစ်ကယ်ပဲ ကုဖို့ မလွယ်ဘူးလား? အဲ့တာဆို မြို့စားမင်းက တစ်ကယ်ပဲ အွန်း..အင်း..."
ချီရွှမ်းကုန်အောင်မပြောနိုင်ခင် ချီယွဲ့က အမြန် ပါးစပ်လှမ်းပိတ်လိုက်၏။
ရှန်လျန့်ကိုတစ်လှည့် သူ့လက်ထဲ ရုန်းကန်နေတဲ့ ညီဖြစ်သူကို တစ်လှည့် ကြည့်ပြီး သူ့ညီရဲ့ ပါးစပ်ကို ချုပ်မပစ်လိုက်နိုင်တာ အတော်မုန်းမိ၏။
"လျန်လျန် သူ့ကို အာရုံစိုက်မနေနဲ့၊ ပုစ္ဆာရှိရင်အဖြေရှိတယ် ၊ မြို့စားမင်းအတွက်.. သူ့အဆိပ်ကိုပြောပြလိုက်တာ ဒုက္ခမရောက်သွား စေဘူးလား"
လျန်လျန် လက်ထပ်ရတော့မယ်ဆိုတော့ သူတို့ အရမ်းဝမ်းသာပေမယ့် သွေးထွက်လွန်အဆိပ်ကလည်း တစ်ကယ့်ပြဿနာကြီးပင်။ မြို့တော်ကလူအများစုဟာ မျက်နှာပေါ် အပြုံးမျက်နှာဖုံးတပ်ဆင်ထားပေမယ့် နောက်ကျော ဓားနဲ့ ထိုးမယ့်သူချည်းပင်။
ရှန်လျန်က ရယ်မောလိုက်ပြီး ချီရွှမ်းကို လွှတ်ပေးရန် ချီယွဲ့အား လက်ဝေ့ယမ်းပြလိုက်၏။
"အဆိပ်က တစ်ကယ် ကုရခက်တယ်၊ ဖြေဆေးရဖို့ကတော့ ကြိုးစားရမှာပေါ့၊ အနာဂါတ်အကြောင်း ဘယ်သူကကြိုသိမှာလဲ? လက်ရှိ ပြဿနာပဲ အာရုံစိုက်ရအောင်! မြို့စားမင်းက ခဲတလုံးနဲ့ ငှက်နှစ်ကောင် သတ်လိုက်တာပဲ၊ တစ်ခုက လက်ထပ်ခွင့်ရဖို့ ၊နောက်တစ်ခုက အနာဂါတ်မှာ ဧကရာဇ်က သူ့ကို စစ်ပွဲထဲ လွှတ်ဖို့ မဖြစ်နိုင်တော့ဘူးလေ"
ဖေးယွမ်ရွှင်းက သူခံစားနေရတဲ့ရောဂါကို လူသိရှင်ကြား ထုတ်ပြောလိုက်မှတော့ အနာဂါတ်မှာ သံမဏိတပ်သားကို ဦးဆောင်ေစပြီး သူ့အား စစ်ပွဲထဲ သွားသေဖို့ စေလွှတ်လိုက်လျှင် လူတိုင်းရဲ့ အာရုံစိုက်စရာဖြစ်သွားလိမ့်မည် ။ အချိန်ကျလာပါက တော်ဝင်မိသားစုက နောက်ကွယ်မှာသာ ချောင်းမြောင်း လုပ်ကြံခွင့်ရလိမ့်မည် ဖြစ်ရာ ဒီတစ်ခါ ဖေးယွမ်ရွှင်းရဲ့ လှုပ်ရှားမှုက အတော်လေး ထက်မြက်ပါပေ၏။
လက်ရှိ ဧကရာဇ်ရဲ့ အတွေးထဲ ဖေးယွမ်ရွှင်း သေခါနီးနေပြီဆိုတာပဲရှိနေမှာ ဖြစ်ပြီး ဝေးဝေး တွေးနိုင်ဦးမှာ မဟုတ်။
"ကောင်းလိုက်တာ ..လျန်လျန့် ဆေးပညာကလည်း တစ်ဖက်ကမ်းခတ်ဆ်ုမှတော့ မကြာခင်ဖြေဆေးဖော်နိုင်မှာပါ"
ချီယွဲ့နဲ့ချီရွှမ်းတို့ နှစ်ဦးလံုး ပင့်သက်ရှိုက်လိုက်ကြ၏။
ဖုရင်က စိတ်ရှုပ်ထွေးနေဆဲ
"အမတ်ကြီးက သဘောတူပါ့မလား လျန်လျန်"
"မတူလို့ရမလား? ဧကရာဇ်ရဲ့အမိန့်ကို သူ ဖီဆန်ရဲလား"
ချီယွဲ့ရော ချီရွှမ်းပါ မျက်ဆံ တစ်ပတ်လည်လိုက်၏။ ဖုရင်လည်း တုံးအမှုကြောင့် ကိုယ့်ကိုကိုယ် ဆူပူလိုက်၏။
"လျန်လျန် အမတ်ကြီးက အမိန့်ကို မဖီဆန်လောက်ဘူးမလား"
အမတ်ကြီးက လျန်လျန့်အပေါ် ကောင်းတာဘာမှ လုပ်ပေးခဲ့ဖူး အလျဉ်းမရှိဖူးပါချေ။
"သူ လုပ်နိုင်မယ် ထင်လား"
ဒီကိစ္စကို ရှင်းပြဖို့ ရှန်လျန် အလွန်ပျင်းရိနေမိ၏။ အစပိုင်း ရှန်ရုထင် ဘာလို့ ငြင်းပယ်လဲ ဆိုတာ ခန့်မှန်းမိပြီး ဖြစ်သည်။
"အားလုံး သရုပ်ဆောင်တာက ပြီး ပြည့်စုံပါတယ် ၊ဘာပဲဖြစ်ဖြစ် မနက်ဖြန် အမိန့်စာ ထွက်လာမှာပဲ.. ကျွန်တော်လည်း ဆက်သရုပ်ဆောင်ရုံပေါ့"
"လျန်လျန် ကိုယ်ပိုင် တွေးထားတာလေးရှိမှတော့ လက်ထပ်ပွဲလေး အောင်အောင်မြင်မြင် ပြီး သွားဖို့ မျှော်လင့်ပါတယ်"
ချီယွဲ့တို့ညီနောင်နှစ်ဦး ဖုရင်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ရှန်လျန့်ဆန္ဒတွေ ပြည့်ဝဖို့ တစ်ကယ် မျှော်လင့်မိ၏ ။ ပထမတစ်ကြိမ် ချောမွေ့စွာ ပြီးမြောက်ခင်းမရှိပါက အနာဂါတ်မှာ ထပ်ခွင့်ပြုဖို့ အတော်ခက်သွားမည် မဟုတ်ပါလား။
ညနေစောင်းပိုင်း တော်ဝင်စာကြည့်ဆောင်တွင်
ဧကရာဇ်က နန်းဆောင် ပြန်ရောက်ရောက်ချင်း ရှန်လျန့်အကြောင်းစုံစမ်းဖို့ လူတစ်ချို့ စေလွှတ်လိုက်၏။ အရင်ကဖြစ်စေ၊ ယခုဖြစ်စေ ထိုကောင်လေးအကြောင်းကို သူအတော်သိချင်မိ၏။ ရှန်လျန်က သူထိန်းချုပ်လို့ရမယ့်သူဖြစ်ကြောင်း သေချာချင်၏။ ဘုရင့်ကိုယ်ရံတော်တွေဟာ ဧကရာဇ်ရဲ့ အမိန့်အောက်မှာ ပဲ စတင်စုံစမ်းကြပြီး သန်းခေါင် မတိုင်ခင် ရှန်လျန်နှင့်ပတ်သက်သော အချက်အလက်အစုံက ဘုရင့်စားပွဲတော်ပေါ် ရောက်ရှိနေလေပြီ။
"သားနဲ့အဖေက တစ်ကယ် အထင်လွှဲနေကြတာပဲ"
ဧကရာဇ်က မှတ်တမ်းဖတ်ရှုရင်း တစ်ဦးတည်း ရေရွတ်၏။ ရှန်လျန့်ပုံရိပ်တွေကလည်း မြို့တော်ကိုပြန်ရောက်လာတာနဲ့ ထူးဆန်းစွာ တစ်ဟုန်ထိုး ကျော်ကြားလာ၏။ နယ်မှာ ကလေးထိန်း၏ အနိုင်ကျင့်ခြင်းခံခဲ့ရတာတောင် မြို့တော်ပြန်ရောက်ပြီး ချက်ချင်း ဩဇာ တိုးကာ လူမှုရေး ဝင်ဆံ့၏။ ဓားပြများ၏ ပြန်ပေးဆွဲခံရမှုမှစ၍ မင်းသမီး ယွဲ့ဟွား၏ အလှူပွဲထိ ရှန်လျန့် အရည်အချင်းက အားနည်းမနေပဲ အလွယ်တကူ ထိန်းချုပ်လို့ ရမည့်သူမဟုတ်မှန်း သိနိုင်သည်။ ဖေးယွမ်ရွှင်းက မီးစကိုသွားကိုင်လိုက်ပြီ ဆိုတော့ ပြဿနာတော့ တက်နိုင်သည်။ ရှန်လျန့်နှုတ်က အလွန်ထက်မြက်ပြီး မပြောရဲတာ ဘာမှ မရှိချေ။
"တစ်ခြားကိစ္စတစ်ခုလည်း ရှိပါသေးတယ်.. တော်ဝင်မင်းသားတွေလည်း ဒီကိစ္စကို အားလုံး သတင်းကြားပြီးကြပါပြီ..ပူဆွေးခြင်းခန်းမမှာ ဧကရီကို အဖော်ပြုပေးနေတဲ့ လက်မထပ်ရသေးတဲ့ မင်းသား၄ကစပြီး အားလုံး လှုပ်ရှားကြတော့မယ်ထင်ပါတယ် အရှင်"
"ဘာပြောလိုက်တယ်"
ဘုရင့်ကိုယ်ရံတော် ခေါင်းဆောင်ရဲ့ တင်ပြချက်ကိုကြပြီး ရုတ်ချည်း ထရပ်လိုက်သည်။ သူတောင်ဘာမှ မလုပ်ရသေးဘူး သူ့သားတွေက ထိုင်မနေနိုင်တော့ဘူးလား? သူတို့ကဘာလုပ်ချင်နေသေးတာလဲ? လုချင်လို့လား?
"ထွက်သွားလို့ရပြီ"
ကိုယ်ရံတော်က မတုံ့ပြန်ခဲ့၊ အချိန် မည်မျှ ကြာသွားသည်မသိ ဧကရာဇ်က နဂါးသလွန်ပေါ် ပြန်ထိုင်ချလိုက်ပြီး လက်ဟန်ပြလိုက်သည်။
"အရှင်မင်းကြီး..အချိန်မစောတော့ပါဘူး ၊ စောစော အနားယူသင့်ပါတယ်"
မည်သူမှ သတိမထားမိချိန်တွင် မိန်းမစိုး ခေါင်းဆောင်က စာကြည့်ဆောင်ထဲသို့ လင်ဗန်းတစ်ချပ်နှင့် ဝင်လာပြီး ထိုပေါ်တွင် စွပ်ပြုတ်ပူပူတစ်ပန်းကန်ပါ ပါ၏။
"ကိုယ်တော် နားချင်ပေမယ့် ပြဿနာတွေက တစ်ခုထဲ မဟုတ်ဘူး၊ ဧကရီရဲ့ဈာပန ကဘယ်လိုလဲ"
ဧကရာဇ်က မျက်ခုံးနှစ်ဖက်အလယ်ကို အားနည်းစွာ ပွတ်သပ်လိုက်သည်။
ရန်အန်းက ဟင်းရည် ပူပူကို နေရာချပေးလိုက်ပြီး
"အရှင် စိတ်ချပါ.. မင်းသား၄က ဧကရီရဲ့ဝိဉာဏ်တော်ကို စောင့်ကြပ်ပေးနေဆဲပါ၊ သူ့ကိုစောင့်ကြည့်ပေးနေသူလည်း ရှိပါတယ်၊ ခုက မြို့စားမင်းရဲ့ ကိစ္စကိုပဲ တွေးပူရမှာပါ"
"ဟူး... "
သလွန်ပေါ် ကျော မှီထိုင်လိုက်ရင်း မိန်းမစိုးအား ကိုက်ခဲလာသည့်ခေါင်းကို နှိပ်နယ်စေ၏။
ရန်အန်းက ကျွမ်းကျင်စွာ နှိပ်နယ်ပေးရင်း
"ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်ခဲတဲ့ အခြေအနေပါပဲ အရှင်.. တုံးလင်အိမ်ရဲ့ တရားဝင်သားကိုမှ ရွေးထားကြတာဆိုတော့! ကျွန်တော်မျိုး ကြားမိတာ ရှန်သခင်လေးက အတော်လေး အထင်ကြီးစရာကောင်းတဲ့သူမျိုးတဲ့၊ မင်းသမီးကြီးရဲ့ အလှူပွဲမှာ စွမ်းဆောင်နိုင်ခဲ့တာမှ တစ်လ ဝန်းကျင်ပဲရှိသေးတာ၊ အနည်းဆုံးမိသားစု ဆယ်စုက သူနဲ့ လက်ထပ်ခွင့်ရဖို့ ရှန်အမတ်ကြီးဆီ ချဉ်းကပ်နေကြတယ်၊ ဒီနေ့ဆို မြို့စားမင်းရဲ့ လက်ထပ်ခွင့်ကမ်းလှမ်းတဲ့ သတင်းကြောင့် မင်းသား၄၊ မင်းသား၅နဲ့ မင်းသား၇တို့ မကျေနပ်ကြဘူးထင်ပါရဲ့၊ .. ရှန်သခင်ကြီးက သားကောင်းကို ပျိုးထောင်ပေးနိုင်ခဲ့တာပဲ!ကော တစ်ယောက်အတွက်နဲ့ မိသားစု တစ်ရာက ကမ်းလှမ်းခံရတယ်လို့"
သင့်တော်သည့် အချိန်လား မပြောတတ်သော်လည်း ရန်အန်း၏ ရှန်လျန့်အပေါ် ချီးမွမ်းသည့်စကားအားလုံးက အမှားမပါသဖြင့် စကားလုံးတိုင်းက ဧကရာဇ်ရဲ့ စိတ်ထဲ ဝင်ရောက်နိုင်ခဲ့၏။
ဧကရာဇ် အကြောက်ဆုံးက အင်အားကြီး မိသားစုပင်ဖြစ်၏။ ရှန်လျန်က အရွယ် ရောက်လာပြီးနောက် မိသားစုများစွာက သူနှင့် လက်ထပ်ချင်နေကြပြီး သူ့သားများပင် ချွင်းချက်မရှိ ပါနေရာ သူမည်ကဲ့သို့ စိတ်အေးအေးထားနိုင်ပါမည်လဲ?
အဖြေက ရှင်း၏။ ရှန်လျန့်ကို ဘယ်သူက အင်အားကြီး ဘိုးဘေး ရှိခိုင်းလို့လဲ? ဘယ်သူက စစ်မက်ရေးရာ ကျွမ်းကျင်တဲ့ အစ်ကို ရှိခိုင်းလို့လဲ? အဖေက ဘာလို့ လူမှုရေးရာ အတွင်းဝန် အမတ်ချုပ်ကြီး ဖြစ်နေရတာလဲ? မြို့တော် တစ်ခုလုံးကို ကြည့်လိုက်! သူ့လောက် မိသားစု အင်အားတောင့်တဲ့သူ များများစားစား မကျန်လေတော့ရာ ဘယ်လိုလုပ် အင်အားကြီး မိသားစုနဲ့ ထပ်မဲ လက်ထပ်ခွင့်ပြုနိုင်ပါ့မလဲ?
"ရန်အန်း မင်နဲ့ စုတ်တံ အသင့်ပြင် ! ကိုယ်တော် ကိုယ်တိုင် အမိန့်ပြန်တမ်းရေးမယ်"
ဆုံးဖြတ်ချက်ချလိုက်ပြီး ရန်အန်းကို လက်ဝေ့ယမ်းပြလိုက်၏။ နောက်ကျောက ဖြောင့်တန်းနေကာ စိတ်ဆုံးဖြတ်ထားမှုကြောင့် အကြည့်တွေက လင်းလက်လျက်.. ရှန်လျန့်ကို တစ်စုံတစ်ဦးနဲ့ လက်ထပ်သွားပြီး သူ့ထီးနန်းကိုလုသွားခွင့်မပေးနိုင်ပါ။
သူ့သားက တက်လုမယ်ဆိုရင်တောင် မပေးနိုင်ဘူး!
3124 words
Grape 🍇