no

Font
Theme

'အဆိပ်မိထားတာ'

သွေးသွင်းကိရိယာအတွက် လိုအပ်သော ပစ္စည်းများ နှင့်အသုံးပြုပုံကို ဆေးကျမ်းတွင် အသေးစိတ်ပြုစုထားသည်ဟု ရှန်လျန် ပြောသည်မှာ အမှန်ပင်ဖြစ်၏။ ထို့အပြင် ကျန်းဟိုင်နှင့်အနီးကပ်ရှိခဲ့သော အရိပ်တပ်သားတစ်စုံတစ်ဦးကလည်း သခင့်ပစ္စည်းအမွေကို ထိန်းသိမ်းပေးထားခဲ့ပြီး ထိုပစ္စည်းကလည်း အသုံးမပြုသည့် အချိန်ကြာညောင်းနေပေမယ့် သုံး၍ရနေဆဲပင်။

အရိပ်တပ်သားတွေက ပညာအမွေကိုကောင်းစွာဆက်ခံထားနိုင်သည်ကြောင့် ကိရိယာကို မှန်ကန်စွာ အသုံးပြုနိုင်သည်။ ရှန်လျန်နှင့် စကားပြောဆိုပြီးနောက် သွေးသွင်းကိရိယာ ပြန်ယူရန် လေ့ကျန်းထွက်ခွာသွားသည်။

"ထျန်းရှု အဲ့တာ ငါတို့ရဲ့ အနာဂါတ်ဝမ်ဖေးလား"

ယနေ့ ရှန်လျန်၏လွှမ်းမိုးဖိနှိပ်သည့်အရှိန်အ‌ဝါကြောင့် ချမှတ်ပေးသောတာဝန်များကို ပြီးဆုံးအောင်လုပ်ပြီးမှသာ သံမဏိတပ်သားများက အနီးသို့ ချဉ်းကပ်လာရဲသည်။

အိမ်တော်ထိန်းလင်းက တလက်လက်တောက်ပနေသော မျက်လုံးဖြင့် ကြည့်လာရင်း စိတ်လှုပ်ရှားစွာလက်နှစ်ဖက် ပွတ်နေသေး၏။

ကြည့်ကောင်းလိုက်တဲ့ 'ကော' ပါလား၊ မြို့စားမင်းက နောက်ဆုံးတော့ လက်တွဲဖော် ရှာတွေ့ခဲ့ပြီပေါ့!

"ဘာတွေကြံစည်နေတာလဲ လင်းဖိုးဖိုး? သခင့်ရဲ့ အဖိုးတန် ဝမ်ဖေးကို သွားမထိဖို့ အကြံပေးလိုက်မယ်နော်..ဝမ်ဖေးကို သွားနှောင့်ယှက်ရင် သခင် သတိရလာတာနဲ့ ခင်ဗျားရဲ့ ဆံပင်မွှေးတွေ တစ်မွှေးချင်းနှုတ်ခံရလိမ့်မယ်...အဲဒီအခါမှကျွန်တော် သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်"

ထျန်းရှုပြန်မဖြေခင် ယောင်းကွမ်က ဝင်ချိန်းခြောက်၏။ အဖိုးကြီး ပေါက်ကရတော့ မလုပ်လောက်ဘူးမလား?

ထျန်းရှုအပါအဝင် အကုန်လုံးက လင်းဖိုးဖိုး မည်မျှ မျက်နှာပြောင်ကြောင်း သိနေပြီးဖြစ်၏။

"ဘာတွေပြောနေတာလဲ.. မင်းက 'ကော'ဖြစ်ပြီး အိန္ဒြေလေးနဲ့‌ မနေနိုင်ဘူးလား? ဒီအဖိုးက ကျေနပ်နေတဲ့ဟာကို.. မြို့စားက ကံကောင်းပြီး ကော လှလှလေးကိုရှာနိုင်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ? ပန်းလှလှလေးက ဗွက်အိုင်ထဲ နှစ်ခံလိုက်ရတာပဲ"

လင်းအိမ်ထိန်းက စုတ်တသပ်သပ်နှင့် ခေါင်းခါလျက်ရှိ၏။

ထျန်းရှုတို့လူစုမှာ သူပြောလိုက်သည့်စကားကြောင့် နဖူးတွန့်ကုန်၏။

သူတို့သခင်ကို ဗွက်အိုင်လို့ ပြောလိုက်တာလားအခု!!

"မဖြစ်တော့ဘူး... ဝမ်ဖေးကို ကိုယ်တိုင်သွားနှုတ်ဆက်..."

"မသွားနဲ့ မသွားနဲ့ မသွားနဲ့"

"လင်းအိမ်တော်ထိန်း လျှောက် မလုပ်နေနဲ့"

"ခင်ဗျားစောစောသေချင်ရင်လည်း ကျွန်တော်တို့ကို ဆွဲမထည့်နဲ့ဗျာ"

"သေခါနီးအဘိုးကြီး!"

လင်းအိမ်တော်ထိန်းရဲ့ စိတ်သွက်ခြေသွက် အပြုအမူက ထျန်းရှုတို့ကို ကြောက်လန့်သွားစေသဖြင့် ဒီကိစ္စမှာ သူတို့မပါကြောင်း ကာကွယ်လိုက်ကြရသည်။ လုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်ပါက သခင်နိုးလာလျှင် တန်းလက်ထပ်သည့်အဆင့်ရောက်သွားလိမ့်မည်။ သို့ဆိုပါက သူတို့အားလုံးလည်း ဟွမ်းရှီမျှော်စင်သို့ပို့ခံရမည်မှာ သေချာပေါက်ပင်။ အဖိုးကြီးကသူတို့ကို ဒုက္ခတွင်းထဲ ဆွဲသွင်းချင်နေတာများလား?

(Tn. ဟိုး အစပိုင်းမှာ ပါသည်။

ဟွမ်းရှီ မျှော်စင် ဆိုတာ ပျော်ရွှင်ခြင်း မျှော်စင်...

တစ်ကယ်က အပြစ်ပေးနှိပ်စက်တဲ့အခါ ပို့တဲ့နေရာ)

"အွင်း...အွန်း!"

"မင်းဘာလုပ်တာလဲ"

စနောက်နေတာလား?

သို့သော် ခြေချိတ်ထိုင်နေတဲ့ ရှန်လျန်က သူတို့ လင်းအိမ်ထိန်းကို ဆွဲခေါ်သွားသည်အား လှမ်းကြည့်နေရာ လူတိုင်း ရှက်စိတ်ကြောင့် ကသိကအောက် ဖြစ်သွားကြ၏။

"ငါ့ကိုလွှတ်စမ်း!"

ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ကိုယ်လွတ်ရုန်းကာ

"ဒါ အုပ်လိုက်အနိုင်ကျင့်တာပဲ၊ အတော်သတ္တိကောင်းနေကြတယ်ဟုတ်လား? ဒီအဖိုးအို ဘယ်လို ပညာပြန်ပြမလဲ စောင့်နေလိုက်"

အားလုံးကို ခပ်ကြမ်းကြမ်း ‌ကြည့်ပစ်လိုက်ပြီး ရှန်လျန့်ဘက် လှည့်ကာ စိတ်မချမ်းမသာနှင့်ပြုံးပြ၏။

"ဖိုးဖိုးလင်း မပြောနဲ့!"

ထျန်းရှု အမြန် ဆွဲတား၏။

မြို့စားမင်းက မနိုးလာသေးရာ ဒီအဖိုးကြီးကို ထိန်းချုပ်နိုင်မည့်သူ မရှိဖြစ်နေသည်။

"ဝမ်ဖေး... ကျုပ်တို့ ခုမှ တွေ့ဖူးကြတာနော်.. ကျုပ်က အိမ်တော်ထိန်းလုပ်ပါတယ်၊ မျိုးရိုးနာမည်က လင်းပါ.. လင်းဖိုးဖိုးလို့ ခေါ်လို့ရပါတယ်"

ထင်မထားမိ၊ လင်းဖိုးဖိုး၏ မိတ်ဆက်စကားက ထိုမျှ ရိုးရှင်းနေမည်ဟု! လေးလေးစားစား နှင့် ဦးပါညွှတ်နေသေး၏။

ထျန်းရှုတို့မှာ ပါးစပ်ဟောင်းလောင်းနှင့် မရှင်းမလင်း သံသယ ဖြစ်နေကြ၏။ ဧကရာဇ်ဟောင်းကိုယ်တိုင် ကြွချီလာရင်တောင် လူအိုကြီးက ဂရုမစိုက်တာ ၊ဘာလို့ ဒီနေ့မှ အဲ့လောက် ရိုးသားပြနေတာလဲ?

"လင်းအိမ်တော်ထိန်း.. ကျွန်တော်က ခင်ဗျားရဲ့ဝမ်ဖေး မဟုတ်သေးပါဘူး... ကျွန်တော့်ကိုရှန်လျန်လို့ပဲခေါ်ပါ"

အသိအမှတ်ပြုခေါင်းငြိမ့်ပြီး စိုးရိမ်ပူပန်စိတ်ကို အတင်းဖိနှိပ်ကာ အပြုံးရေးရေး ပေးလိုက်သည်။

"ဒီကိစ္စက များမကြာမှီ ဆိုသလို အနှေးနဲ့ အမြန် ဖြစ်လာရင် ကောင်းမှာပဲ"

လင်းဖိုးဖိုးက တစ်ဦးတည်း ရေရွတ်သယောင်ပြုသော်လည်း ရှန်လျန် အပါအဝင် အခန်းထဲက လူတိုင်း ကြားနေရ၏။

ရှန်လျန် မည်သည့် တုံ့ပြန်မှုမှ မပေး‌လိုက်ပါ။ လက်ရှိ ‌မှာ သူ ဒေါသထွက်နေရပြီး ဒီအချိန်မှာ

လူတစ်ယောက်ကို ချည်နှောင်ထားချင်စိတ်မရှိချေ။

"ဝမ်ဖေး..."

"ဝမ်ဖေး.. မနက်လင်းခါနီးနေပါပြီ... အနားသွားယူတော့မလား... ကျန်တဲ့ကိစ္စတွေ ကျွန်တော်တို့နဲ့ပဲ ထားခဲ့လိုက်ပါ"

အခွင့်အခါ ချောင်းနေတဲ့ ထျန်းရှုက အမြန် ရှေ့ထွက်ကာ လင်းဖိုးဖိုးရှေ့ ပိတ်ရပ်လိုက်ရုံမက စကားဝိုင်းဆက်မဖြစ်ရန်ပင် တားဆီးလိုက်သည်။

ရှန်လျန်က ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကိုငေးကြည့်ရင်း

"ကောင်းသားပဲ အိမ်ပြန် ကြတာပေါ့"

ပြောပြီးသည်နှင့် ဖြည်းဖြည်းချင်း ထရပ်လိုက်ရာ ယောင်းကွမ်က ပြေးလာပြီး ပြော၏။

"လျန်လျန်.. မပြန်ပါနဲ့ဦး ၊ ဒီမှာပဲ အနားယူလိုက်ပါလား.. သခင် သတိရလာလို့ လျန်လျန့်ကိုမတွေ့ရင် သေချာပေါက် ထိတ်ပျာ နေတော့မှာ... လျန်လျန် ‌နေတတ်ရဲ့လား"

"ဘာလို့မနေတတ်ရမှာလဲ..မင်းပြောသလိုဆို ... သူသတိလစ်ပြီးမှ မင်းတို့ ငါ့ကိုလာခေါ်တာဆို... ငါဒီရောက်နေမှန်း သူ မသိပဲနဲ့ ဘာကိစ္စ ထိတ်ပျာ သွားမှာလဲ? အိုးဟုတ်သား.. သူ့လျှို့ဝှက်ချက်ကို မင်းတို့ ဖော်ထုတ်လိုက်မှတော့ မြန်မြန်အပြစ်ပေးခံရမှာ ကြောက်လို့ မဟုတ်လား"

"ဝမ်ဖေး..."

လူစုမှာ အငြိုးနဲ့ လက်စားချေခံရပြီဟု စိတ်မချမ်းမသာ တွေးလိုက်မိကြသည်။ တစ်ကယ်တမ်း ဖုန်းကွယ်ထားတဲ့သူက သခင်ကိုယ်တိုင်လေ... သူတို့က ပဲကြီးလှော်ဆားညှပ်ဖြစ်နေရပြီ။

"ကောင်းပြီ ၊ စကားကောင်းပြောမယ်... သွေးမတိတ်ရောဂါက ဘယ်လိုဖြစ်တာလဲ"

ရှန်လျန့်အမူအရာက ရုတ်ချည်း လေးနက်သွားသည်။ ဖေးယွမ်ရွှင်းအတွက် ဖြေရှင်းရမယ့်ပြဿနာကရှိသေး၏။ ဒီရောဂါကို သူ မကုသပေးချင်တာ မဟုတ်ပဲ .. မကုတတ်တာ ဖြစ်၏။ ဖေးယွမ်ရွှင်း၏သွေးကြောက အလွန်ထူးဆန်းပြီး သွေးမတိတ်ရောဂါပါ ထပ်ပေါင်းလိုက်တော့ ဖေးယွမ်ရွှင်းကို သာမာန် ဆေးတွေ တိုက်ဖို့ ရှန်လျန်မဝံ့ရဲတော့ပေ။

"ငယ်သား ဝမ်ဖေးကို မဖုံးထားရဲပါဘူး၊ သခင်ငယ်ငယ်တုန်းကတည်းက အဆိပ်မိခဲ့တာပါ၊ သခင်ကြီးရဲ့ဆေးပညာကကောင်းမွန်ပေမယ့် ရောဂါကို နှစ်အ‌ကြာကြီး ထိန်းထားနိုင်ရုံပဲတတ်နိုင်လို့ ဝေမိသားစုက ကျန်းဟိုင်ကတော့ ဒီအဆိပ်ကို ကုသနိုင်တယ်တဲ့၊ တစ်ကယ်လို့ မိသားစုပိုင်ဆေးကျမ်းကို ရှာနိုင်ရင်တော့ ကုလို့ရပြီလို့ ပြောတယ်၊ ဒီနှစ်တွေမှာ ကျွန်တော်တို့က ဆေးကျမ်းရှာ၊ ပညာရှိရွှယ်ဖုန်းက အဆိပ်ဖြေဆေးကိုစမ်းသပ်ပေါ့၊ ဒါပေမယ့် အဲ့လိုလုပ်ခဲ့တာက ခုလို အရိပ်တပ်သားနဲ့ ဆေးကျမ်း၊အဆိပ်ကျမ်းက ဝမ်ဖေးပိုင်တာ မသိခင်ထိပဲ၊ ဝမ်ဖေး ကျေးဇူးပြုပြီး သခင့်ကိုကယ်တင်ပေးဖို့ တောင်းဆိုပါတယ် ၊ သခင်က တစ်ချိန်လုံး အဆိပ်ဒဏ်ကြောင့် အရမ်းစိတ်ဖိစီးနေရှာတာပါ"

ထျန်းရှုက ဒူးထောက်ချကာ ရှေ့သို့ လက်သီးစု၍ အနူးအညွှတ်တောင်းဆိုလာ၏။

တခြားလူတွေလည်း သူ့နည်းတူလိုက်တုကြသည်။ အဆိပ်ကြောင့်သာ မဟုတ်ရင် သခင့်အရည်အချင်းနဲ့ ဧကရာဇ်ကို အသာလေး အံတုနိုင်ပေလိမ့်မည်။ စစ်ရေးရာကျွမ်းကျင်လိမ်မာပြီး တပ်တစ်စုလုံးကို အုပ်ချုပ်နိုင်သည့်သူက စစ်ပွဲတွင်း ခြေတစ်လှမ်းမှ မဝင်ခဲ့ရရှာပေ။ သခင့်နှုတ်က ထုတ်မပြောသော်လည်း ခံပြင်းမွန်းကြပ်မှုတွေကို ငယ်သားတွေ ခံစားမိကြသည်။

"ဒူးမထောက်ကြတော့နဲ့၊ သွေးမတိတ်ရောဂါနဲ့ပတ်သက်ပြီး အဆိပ်ကျမ်းမှာရော ဆေးကျမ်းမှာရော မှတ်တမ်းတင်ထားတာ မရှိဘူး၊ သူ့က်ုကုဖို့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရမှာ"

ရှန်လျန် ဒီနေ့တော့ အိပ်၍ရတော့မည် မဟုတ်ချေ။ မျက်ခုံးနှစ်ဖက်ကြားကို နှိပ်နယ်လိုက်ရင်း သွေးမတိတ်ရောဂါက အတော်လေး ဖိအားများစေတာပဲ ဟုတွေးလိုက်သည်။

"ဝမ်ဖေး...."

ဆေးနှင့် အဆိပ်ကျမ်းက သူတို့ကို အတော်လေး စိတ်ဓာတ်ကျသွားစေပေမယ့် ရှန်လျန်ရဲ့ ခွဲခြားမရတဲ့အမူအရာကိုကြည့်ပြီး တစ်ခွန်းမှ မဆိုပဲ တိတ်တိတ်လေးသာ နေနေကြ၏။ ဝမ်ဖေးလည်း သခင့်ကို သူတို့လိုပဲ အလေးထားမှာ ဖြစ်ပြီး စိတ်ပျက်အားလျော့မှုက သူတို့ထက် လျော့လိမ့်မည် မဟုတ်။

"အဆိပ်က ဧကရာဇ်လုပ်ကြံခဲ့တာလား"

ရှန်လျန်က သူတို့လူစုကို ဂရုမစိုက်အားသင့်အပြင် လှည့်ပင်မကြည့်ပဲ သေချာသည့် အမူအရာနှင့်ပြောလာ၏။

"မဟုတ်ဘူး ဧကရာဇ်ဟောင်း လုပ်တာ"

"ဧကရာဇ်ဟောင်း ဟုတ်လား"

ထျန်းရှုတို့ မငြင်းပဲ ပြန်ဖြေ၏။ မျက်ခုံးနှစ်ဖက် နေရာလပ်ကြား နှ်ိပ်နယ်နေတဲ့ ရှန်လျန့်လက်က ရပ်တန့်သွားကာ သံသယဖြင့် နက်နက်ရှိုင်းရှိုင်း ကြည့်လာ၏။

ထျန်းရှုက ခေါင်းငြိမ့်ကာ

" ဧကရာဇ်ဟောင်း လုပ်ခဲ့တာ အမှန်ပါပဲ ဝမ်ဖေး၊ အကြောင်းအရာ အသေးစိတ်ကိုတော့ သခင်နိုးလာမှ ကိုယ်တိုင် နားထောင်လိုက်တာ ပို‌ကောင်း မယ်လို့ ငယ်သားတွေးမိပါတယ်... အရင်ဧကရာဇ်က အဆိပ်ခတ်ခဲ့တာကို လက်ရှိဘုရင်က သိပေမယ့် အဲ့ဒီတုန်းက သခင်ကလည်း ကလေးအရွယ်ပဲ ရှိသေးတော့ လူတွေရဲ့အပြစ်တင်ကဲ့ရဲ့ခံရမှာ ကြောက်ပြီး အဆိပ်အကြောင်း တစ်ခွန်းမှ မဟခဲ့ဘူး"

ပြန်ပြောပြနေချိန် ထျန်းရှုတို့ မှာ လက်သီးတင်းတင်းဆုပ်လျက် ခြိမ်းခြောက်နိုင်သည့်အရှိန်အဝါများ ထုတ်လွှတ်လျက်ရှိသည်။

"အင်း လုံလောက်ပြီ၊ အဲ့ဒီခွေးဘုရင်က တရားခံကိုး"

ရှန်လျန် ထီမထီဟန် ရယ်လိုက်သည်။

လူတိုင်းက ချင်ဖင်းမြို့စားအိမ်သား‌တွေ ဟာ ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းတွေ ဖြစ်တာကြောင့် ကောင်းစွာ ချီးမြှင့်မြောက်စားခံရတာကိုပဲ မြင်ကြတယ်။ တစ်ကယ်တမ်း လွန်လေပြီးသော မြို့စားကြီး၏ သေဆုံးခြင်းအမှုမှန် မပေါ်ပေါက်သေးရုံမက အမွေဆက်ခံမည့် သားဖြစ်သူပါ အဆိပ်မိနေခဲ့၏။ ဘုရင်ဟောင်းနှင့် လက်ရှိ ဧကရာဇ်က ထူးမခြားနားဆိုသည်ကို အနာဂါတ်တွင် နန်းတက်မည့် ချင်ယွင်ရှန်းက အကောင်းဆုံးသက်သေပြလိမ့်မည်။ မျိုးဆက်တိုင်းက ဘုရင်တစ်ပါးချင်းစီတိုင်းသည် အလွန်အရှက်မဲ့ကြသည်။

အကုန် ခွေးဘုရင်တွေချည်း!

ဘယ်သူမှ ထုတ်မပြောကြပေမယ့် လူတိုင်းရဲ့ရင်ထဲ ထိုသို့မှတ်ယူထားကြသည် ။

လောကကြီး ဘာတွေ ဖြစ်နေတာလဲ? ခွေးဘုရင်ထက် ပိုကောင်းတဲ့ သူမျိုး မရှာနိုင်ဘူးလား?

"လေ့ကျန်းပြောသလို သွေးတိတ်ဆေးပင် ပေါက်တဲ့ ဒေသက ‌ပျောက်ပျက်သွားပြီဆိုတော့ အဆိပ်က မပေါ်လာသင့်တော့ဘူးမဟုတ်လား.. အဲ့တာဆို ဧကရာဇ်ဟောင်းက ဘယ်က သွားယူလာတာလဲ "

တစ်ကယ်လို့ လျန်လျန်က သွေးမတိတ်အဆိပ်ရနိုင်ခဲ့ရင် ဖြေဆေး ဖော်ထုတ်လို့ ရနိုင်သေး၏။ သူစိတ်ဆိုးနေတာက နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းလို့ရ၏။ ယခုတော့ အဆိပ်ဖြေဖို့ကိုပဲ ဦးစားပေးလိုက်ကြမည်။

"အဆိပ်က ဧကရာဇ်ဟောင်း ချန်ထားတဲ့ နောက်ဆုံး ဆေးတစ်လုံးလည်း ဖြစ်နိုင်တယ်"

ဒါကြောင့် သံမဏိအထူးတပ်သားတို့ နှစ်အကြာကြီးရှာဖွေခဲ့ပေမယ့် ဖြေဆေးရော အဆိပ်ရော ရှာ မတွေ့ခဲ့ပါ။ ကြည့်ရတာ ဗိုလ်ချုပ်ဇနီးက သဲလွန်စပင်မကျန်အောင် အပြီး ဖျောက်ဖျက်ခဲ့ဟန်တူ၏။

"......."

ရှန်လျန် တိတ်ကျသွားသည်။ ထို့နောက် မေးစေ့ကိုပွတ်သပ်ကာ

"အနောက်တောင်ဘက် ကုန်းတွင်းပိုင်းကိုရော သွားစုံစမ်းကြည့်သေးလား"

ဖြေဆေးပင်က အနောက်တောင်ဒေသမှာပဲပေါက်တော့ ခြေရာလက်ရာလေး ကျန်ကောင်းကျန်နေနိုင်၏ ။

ထျန်းတို့တို့မှာ ကူကယ်ရာမဲ့လျက်

"ဝမ်ဖေးက ဝေမိသားစုဘိုးဘေးအကြောင်း သေချာ မသိလို့ဖြစ်မယ်၊ သူက စစ်နတ်ဘုရားထက် ပိုရက်စက်တတ်တယ်လို့ ပြောကြတယ်၊

သူတို့ဇနီးမောင်နှံက ထီးနန်းကိုစိတ်မဝင်စားလို့သာပေါ့၊ မဟုတ်ရင် ချင်မိသားစုက ရာဇပလ္လင်ပေါ် တက်ထိုင်ဖို့အခွင့်အရေးရှိမှာတောင် မဟုတ်ဘူး၊ ဗိုလ်ချုပ်ဇနီးက အစောပိုင်းထဲက လူလွှတ်ပြီး သွေးတိတ်ပင်ပေါက်တဲ့ အနောက်တောင်ဒေသတစ်ခုလုံး ကို မြေလှန်ပစ်လိုက်ပြီး ဆေးပင် စိုက်ပျိုးတတ်တဲ့သူ အကုန်လုံးကို သတ်ပစ်လိုက်တယ်၊ တစ်ယောက်မှ မရှင်ဘူး... ဆိုတော့ သူ့အမိန့်သံအောက်မှာ ဖြစ်နိုင်ချေတွေ ကျန်ပါဦးမလား ဝမ်ဖေး"

သွေးထွက်လွန်အဆိပ်ကြောင့် ဗိုလ်ချုပ်ဇနီးက ဖိနှိပ်နိုင်စွမ်းရှိတာ မဟုတ်ပဲ 'ကော' တစ်ယောက်နဲ့ မလိုက်ဖက်အောက်ကို သွေးအေးကာ ရက်စက်ခက်ထန်လေ၏။ ကံကောင်း၍ စစ်နတ်ဘုရားနှင့်ဖူးစာဆုံကာ လက်ထပ်လိုက်လို့သာ မဟုတ်လျှင် လောကကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်လောက်သည်။

"........."

အဲ့လောက်တောင် ဆိုးသွမ်းတာလား?

ရှန်လျန် သူ့ဘ်ိုးဘေးရဲ့ စွမ်းရည်ကြောင့် မျက်ဝန်းအိမ်က တလက်လက်တောက်ပလာသည်။ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံက တစ်ဦးက်ုတစ်ဦး လေးလေးနက်နက် ချစ်ခဲ့ကြဟန်တူ၏။

"ငါတို့ဖြေဆေး ရှာမတွေ့ရင်လည်း ဘာမှ မဖြစ်ဘူး၊ အချိန် နည်းနည်း ပိုကြာသွားမှာပဲရှိမှာ"

ရှန်လျန် သက်ပြင်းအသာ ချလိုက်မိ၏။ ဖြေဆေးဖော်စပ်ဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်မှန်း ဉာဏ်မကောင်းသူပင် သိနိုင်သည်။ ဗိုလ်ချုပ်က သွေးထွက်လွန်အဆိပ်မိသွားတာကြောင့် ကျန်းဟိုင်က ကြိုးစားပမ်းစား ကုသပေးခဲ့တာမဟုတ်လျှင် ချင်အင်ပါယာကို ယနေ့အခြေအနေလို ဖြစ်‌အောင် လုပ်ပေးမယ့်သူရှိမှာ မဟုတ်ပါ။

အကျဉ်းချုပ်ပြောရလျှင် ဧကရာဇ်ဟောင်းက ဖေးယွမ်ရွှင်းကို အသက်ရှင်ခွင့်ပြုရန် မရည်ရွယ်ခဲ့သလ်ို ချင်ဖင်းမြို့စားတဖြစ်လဲ သံမဏိ တပ်သားထောင်ချီကို ချုပ်ကိုင်ထားနိုင်သည့်သူက ဧကရာဇ်၏ အမိန့်တာဝန်ကြီးကြီးမားမားကို မထမ်းဆောင်နိုင်ပဲ ဘဝတစ်လျှောက်လုံး

သာမာန်နိုင်ငံ့အရာရှိအဖြစ်သာနေထိုင်သွားရမည့် စိတ်ဒဏ်ရာမျိုးကို ရသွား‌စေလိုတာသေချာ၏။

"ဝမ်ဖေး ကုလို့ရနိုင်လား"

မူလက စိတ်ညှိုးနွမ်းအားငယ်နေတဲ့လူအုပ်စုက ရုတ်ချည်း မျက်လုံး ကျယ်လာကြ၏။

ရှန်လျန် ခေါင်းငြိမ့်လိုက်ပြီး...

"ကြိုးစားကြည့်ရမှာပေါ့...မလုပ်ကြည့်သေးပဲ ကုလို့မရဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ"

အတိတ်က ဘိုးဘေးတောင် ကုခဲ့သေးတာပဲ... သွေးထွက်လွန်အဆိပ်က ကုရာနတ္ထိ ဆေးမရှိတာ မဖြစ်နိုင်ဘူး၊ အဲ့ဘိုဆိုမှတော့ အကြောင်းပြချက် မခိုင်လုံပဲ ရှန်လျန် အရှုံးပေးလိမ့်မည် မဟုတ်။

"ဝမ်ဖေးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"

လူအုပ်စုက စိတ်လှုပ်ရှားသွားကြပြီး လက်နှစ်ဖက်က်ု ရှေ့သို့စုကာ လေးလေးစားစား ကျေးဇူးတင်ကြလေသည်။

"ခုမှ ကျေးဇူးလာတင်နေတယ်.... မင်းတို့သခင် သေခါနီးမဖြစ်ခင်ထဲက ဘာလို့ တားဆီးဖို့ မလုပ်ကြလဲ"

ရှန်လျန် ဒေါသထွက်လာပြန်သည်။ ကိုယ့်ခန္ဓာကိုယ်အကြောင်း သိရဲ့နဲ့ သေခြင်းတရားနဲ့ ကစားချင်နေသေးတယ်?

"အဲ့တာက...."

သခင့်ကို သူတို့မှ အမိန့်ပြန်ပေးလို့မရတာက်ိုးလို့!

သံမဏိတပ်သားတွေ ရဲ့မျက်နှာက ဇီးရွက်လောက်သာကျန်၏။ အထူးသဖြင့်ထျန်းရှုပင်။ သခင့်ကို အကြိမ်ပေါင်းများစွာ နားချဖို့ကြိုးစားခဲ့ပေမယ့် သခင်က ခေါင်းမာမာနှင့် နှုတ်ပိတ်နေမှတော့ ငယ်သားဖြစ်တဲ့သူက ဘာတတ်နိုင်မှာတဲ့လဲ? သေချာပေါက် ဖေးယွမ်ရွှင်းကို လက်ပါလို့ရတာမှမဟုတ်! ရတယ်ထားဦး... သူက သခင့်ပြိုင်ဘက်မဟုတ်ဘူး ။

2815words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment