"ကူညီရေးလုပ်ငန်းကြီးကို အကောင်အထည်ဖော်"
"ကဲကဲ ကူညီရေးအကြောင်း ဆက်ဆွေးနွေးကြမယ်လေ"
ရှဲ့ယန် တိတ်ဆိတ်သွားတာကြောင့် ရှန်ကျိုးတို့လည်း ခေါင်းကုတ်ဖင်ကုတ်နဲ့ ရှက်ရွံ့သွား၏။ ခါးမတ်မတ်ထားလိုက်ပြီး အလေးအနက် ခေါင်းချင်းဆိုင်ဆွေးနွေးကြပြန်သည်။
"ကောင်းပြီ၊ လူဆုံတုန်း ဆွေးနွေးရအောင်၊ အချိန်မစောတော့ဘူး၊ ထူးထူးခြားခြားတွေးထားတဲ့ ကူညီမှုနည်းလမ်းတွေရှိလား"
ဖုယွင်ရှီးနဲ့လက်ထက်စေချင်တဲ့သတင်းကို ရှန်လျန် အရမ်း မစိုးရိမ်မိ။ ဒါက ရှဲ့ယန်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်ပြီး တစ်ကယ်လက်ထပ်ရသေးတာလည်း မဟုတ်တဲ့အပြင် နောင်မှာ အဆက်အသွယ်ရမလားတောင် မသေချာတဲ့အခြေအနေဖြစ်သည်။
ထို့အပြင် အရင်ဘဝကလို ဖုယွင်ရှီးက စတုတ္ထမင်းသားဘက်ရောက်သွားမယ်ဆိုရင် ပိုပြီး မလွယ်ကူနိုင်တော့ချေ။
"အရင်ဆုံး ဒုက္ခသည်တွေ များတဲ့နေရာတစ်ဝိုက်မှာ ယာယီတဲထိုးပြီး ဆန်ပြုတ်ဝေမယ်၊ လူများတာမို့ ထပ်ခါထပ်ခါ လာတောင်းတာ ကြုံရနိုင်တယ်၊အဲ့လ်ုဖြစ်ရင် ငါတို့မှာ ငွေအလုံအလောက်ပါရင်တောင် လောက်မှာ မဟုတ်ဘူး"
ပြောရလွယ်ပေမယ့် တစ်ကယ်တမ်း လက်တွေ့က ထင်သလောက်မလွယ်၊ ဒုက္ခသည်တွေက ထောင်သောင်းချီရှိပြီး သူတို့က ရာဂဏန်းရဲ့ ဝမ်းဗိုက်ကိုပဲဖြည့်ပေးနိုင်မှာ ဖြစ်သည်။
"ဒါကလွယ်ပါတယ်၊မင်းက အရေးအသားကျွမ်းကျင်တာပဲကို.. ဝါးချောင်းပြားတွေမှာ နံပါတ်ရေး ပေးလိုက် ပေါ့၊ လူတိုင်း နံပါတ်ကဒ်ပါမှ ဆန်ပြုတ်ယူခွင့်ရှိမယ်၊ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်တဲ့သဘောပဲ၊ ဘယ်လိုသဘောရလဲ"
မေးပွတ်ရင်း တွေးတောကာ ရှန်လျန် အကြံပေးသည်။
"လျန်လျန့်အကြံကိုငါသဘောတူတယ်၊ ဒါပေမယ့် ဝါးချောင်းတွေအများကြီး ဘယ်ကသွားရှာရမှာလဲ တစ်ရက်တစ်ခါပေးမှာဆိုတော့ နေ့တိုင်းစာ ဝါးချောင်းရှိမှရမှာ"
ရန်ထျန်းယွီက ပထမဆုံးထောက်ခံသူဖြစ်ပြီး ဝေထန်လည်း သဘောတူသည်။
" အဲ့ဒါထက်အရင်စိတ်ပူရမှာက ငါတို့စုငွေပဲ၊ နည်းနည်းလေးနဲ့မရဘူးဆိုတော့.."
"တစ်ရက်တစ်ရက် လူထောင်ချီဆိုရင်တော့ မလုပ်တာ ပိုကောင်းမယ်၊ လောက်ငှအောင် မကျွေးနိုင်ဘူးတို့.. စေတနာ မရှိဘူးတို့ ကောလဟာလအမှားတွေ လွှင့်ခံရရင် မကောင်းဘူး"
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ ငွေကစကားပြောတယ်"
သူတို့ တုံ့ဆိုင်းနေရတဲ့အဓိကအကြောင်းရင်းက ငွေကြောင့်ပဲဖြစ်သည်။ အားလုံးက အင်အားကြီးမိသားစုက ဆင်းသက်လာကြတဲ့သူတွေဆိုပေမယ့်လည်း ဝင်ငွေမရှိသေးသလို စုဆောင်းငွေလည်း များများစားစားမရှိသေး၊ ဆွေမျိုးတွေဆီ အကူအညီတောင်းရင်တောင် ငွေကအကန့်အသတ်နဲ့ပဲရမှာ၊
သူတို့လုပ်မယ့် ကူညီရေးကိစ္စကြီးပြီးမြောက်ဖို့ အဝေးကြီးလိုသေးတာကြောင့် အတော်ကြီးမတဲ့ ငွေပမာဏ လိုအပ်နေတာပဲဖြစ်သည်။
"အာရုံစိုက်တဲ့နေရာမှားနေပြီ"
စိတ်ဖိစီးနေကြတာမြင်တော့ ရှန်လျန် ဆက်ပြီး တိတ်ဆိတ်မနေနိုင်တော့ပါ ။
"ရက်ရှည်သွားမတွေးနဲ့ဦး၊ ဝါးကဒ်လေးတွေကို သုံးရာမဟုတ်ရင် ငါးရာထိပဲ ကန့်သတ်ထားမယ်ဆိုရင် ထောက်ပံ့ငွေက လုံလောက်ပါတယ်၊ လုပ်ငန်းစပြီဆိုတာနဲ့ သေချာပေါက် လူသိများပြီပဲ၊ သူသူငါငါ အလှူငွေထည့်ကြလိမ့်မယ်၊အဲ့ဒီအချိန်ဆို... ငါတို့လည်း ဖိအားလျော့သွားပြီ ၊ အရာအားလုံး ငါတို့ပခုံးပေါ် ထမ်းထားစရာမလိုပါဘူး၊ ပြည်သူတွေအတွက် စိတ်ရင်းစေတနာမှန်နဲ့ ကူညီပေးတာပဲလေ၊ ကျောင်းက သူငယ်ချင်းတွေ၊ မိသားစုရဲ့မိတ်ဆွေတွေ၊ ကုန်သည်တွေကနေ အလှူခံဖို့တော့လိုမယ်၊ အဲ့လိုနဲ့ တဖြေးဖြေး အလှူငွေကများသထက် များလာပြီး ပြည်သူတွေကို ပိုကယ်တင်ပေးနိုင်လိမ့်မယ်"
တစ်ယောက်နှစ်ယောက်ကနေ .. တစ်ရာနှစ်ရာ၊ တစ်ထောင်နှစ်ထောင်က ငွေအင်အား စိုက်ပြီး သူတို့က လူအင်အားစိုက်မယ်ဆိုရင် ပြည်သူတွေကို ဆာလောင်ငတ်မွတ်ခြင်းက ကယ်တင်ပေးနိုင်သလို၊သူတို့ရဲ့ နာမည်ဂုဏ်သတင်းလည်း ကောင်းသထက် ကောင်းလာလိမ့်မယ်၊ ပလ္လင်ပေါ်က တစုံတယောက်က မကျေမနပ်ဖြစ်လာရင်တောင် အိမ်ထောင်ရေးကို အလွယ်တကူဝင်မရှုပ်နိုင်တော့၊ ဘာကြောင့်ဆို သူတို့'ကော'တွေဟာ ပြည်သူတွေရဲ့အချစ်ကို လက်ခံရရှိထားပြီး အာရုံစိုက်ခံနေရတာကြောင့်ပဲဖြစ်သည်။
"အင်း... အကြံကကောင်းပါတယ်၊ ဒါပေမယ့်လေ.. အလှူခံရမှာ ရှက်စရာကြီး"
ရှဲ့ယန် သဘောတူလိုက်ပေမယ့် တွန့်ဆုတ်နေသေးသည်။
ကျောင်းက သူငယ်ချင်းတွေနား အလှူခံရမှာ အဆင်ပြေသည်၊ မိတ်ဆွေတွေနား အလှူခံရမှာလည်း အဆင်ပြေသေး၏။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အလှူခံရမှာကတော့ သူတို့ကိုယ်တိုင်သာမက မိသားစုအတွက်ပါ မျက်နှာပျက်စရာဖြစ်လေမလား ဟူ၍အတွေးဝင်မိသည်။ ချမ်းသာတဲ့ မျိုးဆက်တွေက လယ်သမား၊ ပညာသည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလို အလယ်လတ်တန်းစား ပြည်သူတွေဆီ အလှူခံရမှာဆိုတော့ နည်းနည်း တွေဝေမိသည်။
"ငါအတွက် ဘာမှ မဖြစ်ပေမယ့် မိသားစုအတွက်ကျတော့..."
ရန်ထျန်းယွီရဲ့စကားက မဆုံးသေးပေမယ့် လူတိုင်းအခြေခံအားဖြင့် နားလည်လိုက်ကြသည်။ သူလည်း ရှဲ့ယန်လို စိတ်ပူနေတာပင်။
"ဒီကိစ္စက မိသားစုကိုမျက်နှာပျက်စေမယ်လို့ ထင်တယ်ပေါ့"
ရှန်လျန်က တဲ့တိုးမေးလိုက်တာကြောင့် လူတိုင်းရဲ့မျက်နှာက နီတက်လာသည်။ ပြည်သူတွေအတွက် စေတနာပါစွာ ကူညီချင်သော်လည်း မိသားစုမျက်နှာကိုမထောက်၍မရချေ။ သူတို့ရဲ့ လုပ်ရပ်တစ်ခုစီတိုင်းက မိသားစုဂုဏ်သတင်းနဲ့ တိုက်ရိုက်သက်ဆိုင်သည်။
"ကြည့်ရတာ ဒီကိစ္စပြီးသွားရင် ရလာမယ့် အကျိုးအမြတ်ကို မတွက်ထားဘူးထင်တယ်"
ရှန်လျန်ရဲ့ စကားက မေးခွန်းဆန်သလို ခိုင်မြဲမှုကိုပြသသည်။ သံသယဝင်နေတဲ့ အကြည့်တွေမြင်တော့ ရှန်လျန်ဆက်ပြောသည်။
"ပြည်သူတွေ တစ်ကယ်လိုအပ်လို့ ကူညီပေးတာ ဖြစ်ပြီး ဒါပြီးသွားရင် တခြားဝန်မင်းတွေရဲ့ဂုဏ်သတင်းနဲ့တောင် ငါတို့ယှဉ်လို့ရပြီ၊ မိသားစုက သေချာပေါက် မျက်နှာရလိမ့်မယ်၊ အနာခံမှ အသာစံရမယ်ဆိုတဲ့စကားအတိုင်း အစပိုင်းမှာ အနစ်နာမခံပဲ ဘယ်လိုလုပ် အသီးကောင်းကောင်းခူးဆွတ်လို့ရပါ့မလဲ
သူတို့ရဲ့စိတ်ထဲကို အမှန်တရားတွေ ရိုက်သွင်းပးလိုက်သည်။ပြည်သူတွေကို သနားကြင်နာတတ်သူတွေရလဒ်က ပြည်သူများ၏ ထောက်ခံအားပေးမှုနှင့်ဂုဏ်သတင်းဖြစ်သည်။ ထိုအရာကိုအစပိုင်း အရှက်ရခြင်းနဲ့ လဲလှယ်ထိုက်ပါသည်။
ရှဲ့ယန်တို့လည်းသဘောပေါက် လွယ်သူဖြစ်တာကြောင့် ရှန်လျန်မှ လမ်းကြောင်းပေးလိုက်သည်နှင့် အမြင်ပွင့်သွားကြတော့သည်။ ဆက်မပြောပြရင်တောင် သိမြင်သွားကြပြီဖြစ်သည်။
"ဒီလိုဆိုမှတော့ အကောင်ထည်ဖော်လိုက်ကြစို့.. လုပ်လိုက်ကြရအောင်"
အစကောင်း အနှောင်းသေချာမယ်ဆိုမှတော့ အတက်ကြွဆုံးဖြစ်တဲ့ ရှန်ကျိုးက လက်ကိုရှေ့ဖြန့်ကာ နှိုးဆော်သည်။
လူငယ်တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်ကြ၏။
"ချကွာ"
"အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက် မှုလေးဖြစ်ပါစေ"
ရှန်လျန်က နောက်ဆုံးမှ လက်တင်လိုက်သည်။ အားလုံး တညီတညွတ်တည်း ပြိုင်တူအော်လိုက်ကြသည်က..
"အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုလေးဖြစ်ပါစေ"
လူငယ်ငါးဦးက တောက်တောက်ပပ ပြုံးနေကြပြီး အားအင် ပြည့်ဝလျက် စိတ်တက်ကြွနေသည်။
"ငါတို့ထဲမှာ ဘယ်သူ စာရင်းအင်း ကျွမ်းကျင်လဲ"
ရှန်လျန် စကားခေါင်းစဉ်ပြောင်းလိုက်သည်။ လုပ်ငန်းကြီးလုပ်မည်ဆိုလျှင် ကိုယ်စီ တာဝန်ခွဲယူပြင်ဆင်ထားသင့်သည် ။ သို့မှသာ ကိစ္စသေးက အမှုကြီးအဖြစ် မပြောင်းလဲအောင် တားဆီးနိုင်မှာ ဖြစ်၏။
"စာရင်းပိုင်းဆိုရင် ငါရတယ်"
ဆောက်လုပ်ရေးဝန်မင်း၏ မိသားစုဝင်ဖြစ်ရာ မျိုးစုံသော ဆောက်လုပ်ရေးလုပ်ငန်းအတွက် တွက်ချက်ရသည့် ဂဏန်းသင်္ချာနှင့် ဝေထန်ကအရင်းနှီးလူဖြစ်ပြီး မုချ ကျွမ်းကျင်ပေလိမ့်မည်။
"ဟုတ်ပြီ ဒါဆို ငါတို့ ရသမျှငွေတွေ မင်းဆီ အပ်မယ်၊နေ့တိုင်း ငွေဝင်၊ငွေထွက်မှတ်တမ်းတင်ပေး၊အနာဂါတ်မှာ တစ်ခုခုစုလုပ်ကြမယ်ဆိုရင် လူတွေပြောင်းသွားရင်တောင် မှတ်တမ်းနဲ့လေ့လာလို့ရတယ်၊ ပြီးတော့ မသမာသူတွေက ငွေအလွဲသုံးစားမှုနဲ့ စွပ်စွဲလာရင်လည်း ငါတို့ရဲ့ဖြူစင်မှုကို သက်သေနဲ့ ပြန်ဖြေရှင်းလို့ရတယ်"
"လူ့စိတ်ဆိုတာ အစိုးမရဘူး၊ ကြာလာရင် ငါတို့အောင်မြင်တာက မျက်စိစပါးမွေးစူးစရာဖြစ်လာနိုင်တယ်၊ ခုကတည်းက ကြိုပြင်ဆင်ထားသင့်တယ်"
"ကောင်းတယ်ဟေ့၊ လျန်လျန် စိုးရိမ်တာ သဘာဝကျတယ်၊ ဝေထန်.. မင်းကို အားကိုးမယ်ကွာ"
လူငယ်တွေက မိသားစုကြီးတွေကဆင်းသက်လာတာကြောင့် အနောက်ဆောင်ရဲ့ တိုက်ခိုက်မှုတွေကို ငယ်စဉ်ကတည်းက တွေ့ကြုံဖူးပြီး ဖြစ်ရာ ရှန်လျန်ဆိုလိုချင်သည်ကို တန်း သဘောပေါက်ကြသည်။
"ပြဿနာမရှိဘူး"
အရေးကြီး တာဝန်မှန်း သိနေသော်လည်း ဝေထန်မတုန်လှုပ်ပါ။
ရှန်လျန်မှဆက်၍....
"နောက်ရက်ငါတို့ နေ့တိုင်း လူစုကြမယ်၊ တစ်ယောက်ချင်းစီတိုင်း ကောက်လို့ရလာတဲ့ အလှူငွေတွေကို အပ်ဖို့ စုရပ်တစ်ခုလိုတယ်၊ တစ်နည်းပြောရရင်ထောက်ပံ့ငွေကို သိမ်းထားမယ့်နေရာ လိုတယ်၊ အိမ်ငှားရမ်းဖို့က ငွေကုန်ကြေးကျများတယ်၊
ရှေ့နှစ်ရက်က မြို့စားမင်းဘက်ကပေးတဲ့ ခန်းဝင်ပစ္စည်းထဲမှာ မြို့အရှေ့ဘက်က ကျိုးလီပုဆိုင်တန်းက နေရာ မဆိုးဘူး၊ ငါတို့သုံးလို့ရတယ် ဘယ်လိုထင်လဲ"
အဲ့ဒီဆိုင်က တစ်ကယ်တမ်း ဖေးယွမ်ရွှင်းပေးတာ မဟုတ်ပဲ မုရုန်မိသားစုကပေးထားတာဖြစ်သည်။ လက်ရှိမှာ မုရုန်မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကို မဖော်ထုတ်ချင်တာကြောင့် စကားလှည့်လိုက်တာ ဖြစ်၏။
"ဒါက... မြို့စားမင်းရဲ့ သဘောကရော? ခန်းဝင်ပစ္စည်းဆိုတော့..."
သဘောတူတယ်ဆိုရင်တော့ သူတို့လည်း အတိုင်းထက်အလွန် ကျေးဇူးတင်တာပေါ့၊ ခန်းဝင်အနေနဲ့ပေးတာဆိုတော့ စိုးရိမ်ရပြန်ရော။
"ငါ့အတွက်ပေးလိုက်ပြီပဲ သူဘာပြောမှာမို့လဲ"
ရှန်လျန် ပါးစပ်အုပ်ကာ ရယ်ချင်စိတ်ကို အတင်းဖိနှိပ်နေရသည်။ အဲ့ဒီဆိုင်က အနာဂါတ်မှာ သူပေးတဲ့ ခန်းဝင်ပစ္စည်းဖြစ်မှာဆိုပေမယ့် နှစ်ယောက်သားလက်ထပ်လိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါသူ့ပိုင်ဆိုင်မှု ပြန်ဖြစ်လာမှာပဲမဟုတ်လား....
"ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ကျိုးလီပုက ဈေးတန်းကြီးနော်၊ ငါတို့ စုရပ်လုပ်လို့ သင့်တော်ပါ့မလား"
ကျိုးလီပုလို့အမည်တွင်တယ်ဆိုတာ မိုင်နည်းနည်းဝေးတဲ့အထိ ဈေးဆိုင်တန်းတွေရှိလို့ပဲဖြစ်၏။ သို့ရာတွင် ဆိုင်ကြီးတွေတော့ မပါဝင်ပါ။
"အဟင်း.. နေရာပဲ ကြည့်ပါဆို"
သူ့စကားကြားတော့ မတတ်နိုင်စွာ ရယ်မိသွားကြသည်။ ဟုတ်သားပဲ မြို့အစွန်မှာ ရှိပါတယ်ဆိုမှ ဒုက္ခသည်တွေနဲ့ အနီးဆုံးနေရာပဲ။
"စုရပ်နေရာ ဖြေရှင်းပြီးသားဖြစ်သွားပြီမလား"
"အင်း"
လူတိုင်း ခေါင်းတငြိမ့်ငြိမ့်။
"ဘာဝေ မလဲ ဆွေးနွေးရအောင်"
"ဆန်ပြုတ် မဟုတ်ဘူးလား"
ရှန်ကျိုးက အထူးတဆန်းကြည့်ပြီး ကျန်သူတွေလည်း ထပ်တူပင်။
ရှန်လျန်က မရှင်းပြပဲ မေးခွန်းပြန်မေးသည်။
"ဒုက္ခသည်တွေ အခုချိန်မှာအလိုအပ်ဆုံးက ဘာလို့ထင်လဲ"
"အစားအစာ"
"မှန်တယ်၊ ပြီးတော့ရော"
"အဝတ်အစား"
မြင်ဖူးသမျှ ဒုက္ခသည်တွေက အဝတ်စားကောင်းကောင်းမရှိတာကြောင့် ထိုသို့ဖြေလိုက်ကြသည်။
"ထားလိုက်တော့ ဒါကအဓိက မကျဘူး၊ ရာသီဥတုက တစ်နေ့ပြီးတစ်နေ့ပိုပိုပူလာတာ၊ အဝတ်အများကြီး မလိုဘူး၊ အခု ဒုက္ခရောက်နေတာက ကပ်ရောဂါပဲ၊ ရောဂါဖြစ်ရင် ကုသဖို့ခက်ခဲကြမှာ ၊မြို့ထဲ ဝင်လို့လည်း မရနဲ့၊ ငါတို့ ဒီတိုင်းထားလိုက်လို့မဖြစ်ဘူး၊ အစာလည်း ဝေမယ်၊ အစာရေစာ မသန့်ရှင်းရာကနေ ဖြစ်တတ်တဲ့အူရောင်ငန်းဖျားရောဂါအတွက် ဆေးလည်း ဝယ်မယ်၊ အစပိုင်း ငါကုသပေးဖို့ တာဝန်ယူတယ်၊ နောက်ပိုင်း ငွေရေးကြေးရေး အဆင်ပြေရင် သမားတော်ငှားရမ်းမယ်၊ ပြင်းထန်တဲ့ ရောဂါဆိုရင်တော့ ငါတို့လည်း မတတ်နိုင်ဘူးပေါ့၊
အနည်းဆုံးတော့ သာမာန် အဖျားရောဂါအတွက် လူကယ်ပေးနိုင်သေးတာပဲ"
အရင်ဘဝမှ တိုင်းပြည်မိခင် ဖြစ်ခဲ့သည့်အကျိုးကျေးဇူးက ပြည်သူတွေကို အမြဲ စိတ်ထဲ ထည့်ထားပြီး ပြဿနာအလုံးစုံကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံနားလည် တတ်သွားသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒုက္ခသည်အများစုက ငတ်ပြီး သေတာမဟုတ်ဘူး၊ အအေးမိပြီး အဖျားပိုးဝင်သေကြတာ၊ ငါတို့ရဲ့ရည်ရွယ်ချက်က လူကယ်ဖို့ဆိုတော့ လိုအပ်တာ ဝယ်ထားရမယ်"
ရှန်လျန်ရဲ့ အဆိုပြုချက်က လူတိုင်းကို သတိပြုမိသွားစေသည်။ ကျန်းမာရေးဆေးဝါးက အစားအစာထက် လူကိုပိုကယ်တင်ပေးနိုင်သည်ဟူ၍။ စိတ်ထဲ နှလုံးသားအောက်ခြေထိ မှတ်သားထားလိုက်ကြသည်။
"ကောင်းလိုက်တာ၊ အစာနဲ့ ဆေးဝါးတစ်ပြိုင်တည်း ပေးမယ်ဆိုတဲ့ အကြံ၊ ဒါပေမယ့်နော် ဆေးကောင်းဖြစ်ဖို့ ယုံကြည်ရတဲ့သူ ရှာမှဖြစ်မယ်"
ဆန်ပြတ်က အာဟာရကိုဖြည့်တင်းပေးနိုင်မယ်ဆိုရင် ဆေးစွမ်းကောင်းတစ်လက်နဲ့ တွဲဖက်လိုက်တဲ့အခါ သူတို့ရဲ့ ဆန်ပြုတ်လေးက အသက်ကယ် ဆန်ပြုတ်လေး အဖြစ် ပြောင်းလဲသွားတော့မှာပေါ့.....
2229words
🍇 Grape