no

Font
Theme

'သွေးသွင်းခြင်း၊ အတိတ်ဘဝကို အိပ်မက်မက်ခြင်း'

"ကျွန်တော့် သွေးကိုထုတ်ပါ... ကျွန်တော့်မှာ သွေးတွေ အများကြီးပဲ"

"ကျွန်တော့် သွေးကိုထုတ်ပါ"

"ကျွန်တော့်...."

တစ်နာရီကြာသွားမှ လေ့ကျန်းပြန်ရောက်လာသည်။ သူ့နောက်မှာ လူအုပ်လိုက်ကြီးက ပူညံပူညံလုပ်ပြီး ကပ်ပါလာသည်။ ဖေးယွမ်ရွှင်း၏ အခြေအနေက မစိုးရိမ်ရတော့မှန်း စစ်ဆေးပြီးနောက် လူနာလက်ကို ကိုင်ကာ ဘေးမှာပဲ ရှန်လျန်အိပ်မောကျသွား၏။

ဖေးယွမ်ရွှင်း၏ ခန္ဓာကိုယ်ထဲသို့ သွေးသွင်းဖို့လိုအပ်ရာ အိမ်တော်ထိန်းလင်းဖိုးဖိုးက လွဲလို့ လူတိုင်း သွေးပေးရန် ဆန္ဒရှိနေကြပြီး အလုအယက်တောင်းဆိုနေကြသည်။ ထိုပွက်လောရိုက်သံက အိပ်မောကျသွားသည့် ရှန်လျန့်အား နိုးသွားစေသည်။

"အားလုံးစိတ်အေးအေး ထားကြပါ၊ ဘယ်သူ့သွေးမှ အလွယ်တကူ သုံးလို့မရပါဘူး"

"အရမ်းဆူတယ် တိတ်တိတ်နေကြ"

လေ့ကျန်းနှင့် ရှန်လျန်တို့ အသံက တစ်ပြိုက်နက် ထွက်လာရာ စိတ်လှုပ်ရှားကာ ဆူညံနေသည့် ယောင်္ကျားအုပ်ကြီးက တိခနဲ တိတ်ကျသွားသည်။ အားလုံးလှည့်ကြည့်လိုက်ပြီး မျက်နှာ နီဆွေးဆွေးအရောင် သန်းနေသော ရှန်လျန့်ကိုတွေ့သည်နှင့် သူအနားယူနေတာကို နှောင့်ယှက်မိပြီဖြစ်ကြောင်း အားလုံးသဘောပေါက်လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ"

ဖေးယွမ်ရွှင်း၏ သွေးကြောကို စမ်းသပ်ရင်း မျက်မှောင်ကြုံ့ကာ စိတ်အစဉ်က မကြည်လင်ချင်တော့။

တစ်ချိန်လုံး အေးစက်စက်ဆက်ဆံခံနေရသည့် ယောင်းကွမ်တို့မှာလည်း ပခုံးတွန့်လိုက်ကြကာ တိတ်တိတ်လေး ရှေ့တိုးလာကြသည်။ လေ့ကျန်းလည်း ခပ်ပိန်ပိန် မိန်းကလေးတစ်ဦးနှင့်အတူ ရှန်လျန့်နား တိုးကပ်လာပြီး

"ကျွန်တော် ကိရိယာ ယူလာပါပြီ၊ လူကြီးတွေက သခင် ဒီကိရိယာကို ပထမဆုံးစသုံးရင် ပြဿနာလေးတွေရှိမှာစိုးလို့ အတွေ့အကြုံရှိတဲ့သူထည့်ပေးလိုက်ပါတယ်၊ သူ့နာမည်က ယွမ်လင်းတဲ့၊ ရှောင်းအာရဲ့ ညီမပါ"

"သခင့်ကို ဂါရဝပြုပါတယ်ရှင်!"

ယွမ်လင်းက ရှေ့တိုးလာပြီး သိမ်သိမ်မွေ့မွေ့နှုတ်ဆက်လာသည်။

ရှန်လျန် လက်ဟန်ပြလိုက်ပြီး

"ပေါ့ပေါ့ပါးပါးနေလို့ရတယ်၊ ဒီနားလာထိုင်လိုက်ပါ"

စိုးရိမ်စိတ်တွေနဲ့ တရေးအိပ်ပျော်သွားသည့်ရှန်လျန်က ဆူညံသံတွေကြောင့်နိုးလာရရာ ခေါင်းက အနည်းငယ် မူးဝေနေ၏။

"အားရိုး... သခင်က တစ်ကယ်ကို လှတာပဲ"

လေ့ကျန်းနား မြန်မြန်ကပ်ကာ ခပ်တိုးတိုးသွားပြော၏။ သခင့်အကြောင်း အရိပ်တပ်သားတွေနှုတ်ဖျား ပျံ့နှံ့နေခဲ့ပြီး ထျန်းမာန်ကျောင်းထိပင် သွားရောက်စပ်စုမိကြပြီး သူတို့ရှိနေကြောင်းကိုတော့ သခင့်ကို မသိစေကြချေ။

"သခင်ကြားသွားလိမ့်မယ် ဂရုစိုက်"

လေ့ကျန်းက သူမရဲ့နဖူးကိုတောက်လိုက်ပြီး

"သခင် သွေးသွင်းရုံသက်သက်ပဲဆ်ုရင်တော့ ပြဿနာမရှိပါဘူး... ဧည့်သည်ခန်းမှာ သွားအနားယူလိုက်ပါလား.. အိမ်ကိုလည်း မစိုးရိမ်ပါနဲ့ ကျွန်တော် ဦးလေးဖုတို့ကို ရှင်းပြခဲ့ပြီးပြီ၊ အပြင်မှာလဲ မိုးကြီးနေတော့ ကျုံးလင်ခြံဝန်းဆီ ဘယ်သူမှ ပြဿနာလာရှာမယ် မထင်ဘူး"

စိတ်အခြေအနေမကောင်းတဲ့ ရှန်လျန်ကြောင့် လေ့ကျန်းက စိတ်ပူစွာ အကြံပေးလာ၏။ ရှန်လျန့်ကျန်းမာရေးကလည်း ထူးမခြားနားပင်။ ပြန်ကောင်းလာသည်မှ မကြာသေး အိပ်ရေးပျက်မှုကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ထိခိုက်လာစေသည်။

"အဆင်ပြေပါတယ်... ကိရိယာ ဘယ်မှာလဲ"

"ဒီမှာပါရှင့်၊ ဒီမှာပါ"

ယွမ်လင်းက ဖုံးအုပ်ထားသည်ကို အမြန်ဖွင့်ပေး၏။

ရှန်လျန် ပြွန်ချောင်းဆီ လက်လှမ်းလိုက်၏။ စာတွေ့သာ ရှိပြီး ပထမဆုံးအကြိမ် လက်တွေ့ မြင်လိုက်ရသောအခါ ရှန်လျန် သူ့ဘိုးဘေးတွေကို အတော်လေးစားမိ၏။

"ရေးသားဖော်ပြထားသလိုဆို သွေးကိုက်ညီမှုရှိမရှိ အရင်စစ်ဆေးရမယ်ဆိုတော့ စစ်တဲ့ဟာ ယူလာခဲ့လား"

"ဟုတ်ကဲ့ ဒီမှာပါ"

သွေးစစ်စက္ကူပြားလေးကို တန်ဖိုးကြီးရတနာသဖွယ် ယူထုတ်လာသည်။

ရှန်လျန် တစ်ချက်ကြည့်လိုက်ပြီး

"ထျန်းရှု .. အားလုံးကိုခေါ်ပြီး ယွမ်လင်းဆီမှာ သွေးစစ်ခိုင်းလိုက်"

"အိုး.. ဟုတ်ကဲ့"

ရုတ်တရက်ကြီး သူ့ကိုခေါ်လာမယ်မထင်တာကြောင့် တုံ့ပြန်မှုနှေးသွားပြီး နောက် ပြန်ဖြေလိုက်သည်။

ထျန်းရှုက ယွမ်လင်းကို ဦးဆောင်ခေါ်သွားလိုက်သည်။ ရှန်လျန်က စက္ကူပါးနှစ်ချပ်ကို ယူလျက် ဖေးယွမ်ရွှင်းဘက်ပြန်လှည့်လိုက်ရာ ဖြူဖျော့နေတဲ့ မျက်နှာကြောင့် စိတ်မသက်သာစွာ မျက်မှောင်ကြုံ့လိုက်မိ၏။

လေ့ကျန်းက အချိန်ကိုက်ရှေ့တိုးလာကာ

"သခင် ကျွန်တော့်ကို ခွင့်ပြုပါ"

"အင်း..."

သွေးရဖို့ ဖေးယွမ်ရွှင်းရဲ့ ဝမ်းဗိုက်ဒဏ်ရာကို ပြန်ဖွင့်ဖို့လည်း မဖြစ်နိုင်တာကြောင့် ပတ်တီးဖြည်ပြီး ဒဏ်ရာ ပတ်ပတ်လည်က သွေးကို ယူရုံသာ ရှိ၏။ ထိုသို့လုပ်ရန်လည်း အလွန်သတိထားရမည်ဖြစ်သောကြောင့် မနေ့ကလို တည်ငြိမ်စွာ ကိုင်တွယ်နိုင်ပါ့မလား ရှန်လျန် မသေချာပေ။

"ကောင်းပြီ"

လေ့ကျန်းရဲ့ လျင်မြန် သွက်လက်မှုကြောင့် လူနာပြုစုရေးမှာ ပထမဆုံးအကြိမ် ပြုလုပ်ရေး မဟုတ်ကြောင်းမြင်နိုင်သည်။ သိပ်မကြာခင်က ဒဏ်ရာကို ပတ်တီး ပြန်စည်းပြီးသွားလေပြီ။

ခေါက်ကုတင်မှာ အနားယူနေတဲ့ ရှန်လျန်က တစ်ဖန်ထလာကာ သွေးကြောစမ်း၏။ ထို့နောက် ငွေအပ်များစွာကို ဖေးယွမ်ရွှင်း၏ ကိုယ်တွင်းသို့ထိုးစိုက်လိုက်ပြန်သည် ။ ပြန်ကောင်းဖို့ အချိန်တစ်ခုတော့ယူရလိမ့်မည်။ ဖေးယွမ်ရွှင်းက ယခုအချိန်တွင် ကျိုးပဲ့လွယ်သည့် အရုပ်တစ်ရုပ်နှင့်တူ‌နေတော့၏။

လူတစ်ချို့ကို သွေးစစ်ကြည့်ပြီးနောက် ယွမ်လင်းပြန်ရောက်လာ၏။ သွေးနမူနာများကို စစ်ဆေးကြည့်တော့ မည်သူကမှ ဖေးယွမ်ရွှင်း၏ သွေးအမျိုးအစားနှင့်ကိုက်ညီမှုမရှိပေ။

"ပြဿနာပဲ မြို့စားမင်းရဲ့သွေးက ရှားပါးအမျိုးအစားဆိုတော့ သူနဲ့တူတဲ့လူ နည်းနည်းလောက်ပဲရှိမှာ.. လူသန်းချီကို ဘယ်လို သွားရှာရပါ့မလဲ"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

လူအုပ်က တစ်ဖန် ပွက်လောရိုက်ပြန်သည်။

ရှန်လျန် နှာရိုးအားနှိပ်နယ်လိုက်ပြီး

"ဆက်ရှာထား၊ လေ့ကျန်း ကျန်တဲ့သွေးစစ်စက္ကူနဲ့ ကျွန်တော့်ကို စစ်ပေးပါ"

ရှားပါးနေလည်း ဆက်ရှာရုံသာရှိ၏။ ဘာလို့ ဒီလောက် ဒုက္ခများရတာလဲ?

"ဟုတ်ကဲ့"

လေ့ကျန်းနှင့် ယွမ်လင်းက ခေါင်းငြိမ့်၏။

ထိုစဉ် ထျန်းရှုက တစ်စုံတစ်ခုက်ု တွေးမိသွားကာ မြို့တော် မှာရှိ‌ေနတဲ့ သံမဏိတပ်ဖွဲ့အကုန်လုံးကို အချက်ပြဆင့်ခေါ်လိုက်သည်။ ကံမကောင်းစွာနှင့်ပဲ နှစ်ကြိမ်မြောက်စစ်ဆေးသော်လည်း ရှန်လျန့်သွေးက ဖေးယွမ်ရွှင်းနှင့်ကိုက်ညီနေ၏။

"ရပ်ကြည့်မနေနဲ့၊ ငါ့သွေးထုတ်လိုက်"

လေ့ကျန်းရဲ့ သဘောမတူချင်သည့်ရုပ်ကို လစ်လျူရှုကာ ရှန်လျန် စိတ်မရှည်စွာ ပြောပြီး ယွမ်လင်းကို ခေါ်လိုက်သည်။

"သ..သခင့် ခန္ဓာကိုယ်က.."

ယွမ်လင်းလည်း ‌တုံ့ဆိုင်းနေသည်။ သခင့်ခန္ဓာကိုယ်က နှစ်များစွာ အာဟာရပြတ်လတ်မှုကြောင့် ကျန်းမာရေးက ဆုတ်ယုတ်ကာ အပြည့်ဝ ပြန်မကောင်းသေးဟု သတင်းကြားထားသည်လေ။

"ဘာမှ မဖြစ်ပါဘူး၊ ကျွန်တော့တစ်ကိုယ်လုံးက သွေးတွေ အကုန်ထုတ်လိုက်မှာ မှ မဟုတ်တာ၊ မြန်မြန်လုပ်၊ ခေါင်းကိုက်လို့ အိပ်ချင်နေပြီ"

ယွမ်လင်းက လေ့ကျန်းကို လှည့်ကြည့်လိုက်ရာ လေ့ကျန်းက ခေါင်းဆတ်ပြသည်။ ပစ္စည်းများကို နေရာတကျ ထားတာ ရှန်လျန့်သွေးကြောကို စမ်းပြီး အပ်ဖြင့်ဖောက်ကာ သွေးစုပ်လိုက်သည်။ နီရဲနေသည့်အရည်တွေက တဖြည်းဖြည်း သွေးလက်ခံဘူးထဲ ဝင်သွားသည်ကို ကြည့်ရင်း အကုန်လုံးရင်ထဲ ထိသွားသည်။ ဝမ်ဖေးက တစ်ကယ်တမ်း သူတို့သခင်နဲ့ တရားဝင် ဆက်ဆံရေးမဟုတ်တာတောင် သူက....

"ပြီးပါပြီ သခင်၊ အနားယူလို့ရပါပြီ"

ယွမ်လင်းက သွေးမြောက်များစွာမထုတ်ယူရဲပဲ သွေးလက်ခံဘူး၏ သုံးပုံနှစ်ပုံရောက်သည်နှင့် ‌အပ်ကိုဆွဲထုတ်လိုက်သည်။

"သခင်?"

ယွမ်လင်းက သွေးအိတ်ကိုယူပြီး ဖေးယွမ်ရွှင်း၏သွေးကြောထဲ အပ်ပြောင်းမစိုက်မီ တုပ်တုပ် မလှုပ်သေးသည့် သခင့်ကို ကြည့်သည်။

"လုပ်စရာရှိတာ ဆက်လုပ်ပါ၊ နားလိုက်ဦးမယ်"

လူတိုင်း၏ထူးဆန်းသည့်အကြည့်တွေအောက်မှာပဲ ရှန်လျန်က ဖိနပ်ကို ကန်ထုတ်လိုက်ကာ ဖေးယွမ်ရွှင်းကိုကျော်ခွလိုက်ပြီး ကုတင်အတွင်းဘက်မှာ လဲလျောင်းလိုက်သည်။ အံ့အားသင့်နေသည့် အကြည့်တွေကြားမှ ဖေးယွမ်ရွှင်း၏လက်ကို လှမ်းဖက်ကာ မျက်ဝန်းတွေ ပိတ်လိုက်တော့သည်။ ရှန်လျန် အိပ်ပျော်နေသည်ဟု ထင်ရသော်လည်း မျက်မှောင်ကကြုံ့ထားဆဲပင်။ ခေါင်းကိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။

"ကောင်းလိုက်တာ၊ ဝမ်ဖေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ"

လင်းဖိုးဖိုးက လက်ခုတ်တီးကာထောက်ခံသည်။ သခင်ငယ်လေး၊ သခင်မလေး များစွာက သူ့ကိုလာဝန်းရံနေတော့မည်ဟုပင် ခံစားလိုက်ရသည်။

"မေ့လိုက်တော့၊ သူတို့ကို ဒီတိုင်းလွှတ်‌ထားပေးလိုက်ပါ"

လေ့ကျန်းက ယွမ်လင်း၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးရင်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းနေမိ၏။ သူတို့သခင်က အရမ်းစိုးရိမ်တတ်တာပဲ!

"အိုး... အင်းပါ"

'ကော' တစ်ယောက်က တစ်ခြား ယောင်္ကျားရဲ့ အိပ်ရာပေါ် တက်သွားပြီး လက်ချင်းပင်ချိတ်ထားသေးသည်ကို မြင်လိုက်ရရာ သူမ တစ်ကယ်ကို ထိတ်လန့်သွားပြီး သခင်က ဘယ်လိုလူမျိုးလဲ ဟု အတွေးရောက်သွားသော်ငြား စိတ်ပြန်ထိန်းလိုက်ပြီး ဖေးယွမ်ရွှင်း၏ လက်ကောက်ဝတ်ရှိသွေးကြောထဲ အပ်ထိုးသွင်းလိုက်သည်။ သွေးဘူးထဲမှ သွေးများက တဖြည်းဖြည်းဖေးယွမ်ရွှင်း၏ ကိုယ်ထဲ ဝင်ရောက်သွားသည့် ဖြစ်စဉ်ကြောင့် လူတိုင်း အလွန်စိတ်ဝင်စားလျက် စောင့်ကြည့်နေကြသည်။ နည်းစနစ်ကို ကြားပဲကြားဖူးခဲ့ပြီး လက်တွေ့မြင်ရမယ်လို့ မမျှော်လင့်ထားခဲ့ကြချေ။

ခေါင်းသေလောက်အောင် ကိုက်ခဲခြင်းသည် မိုးရွာတိုင်း ပေါ်လာသည့် ရောဂါပင်။ ယခုဆို မိုးဆက်တိုက်ရွာသွန်းတာ ရက်နှစ်ဆယ်ပင် ရှိပြီဖြစ်၍ ရှန်‌လျန်ခေါင်းကိုက်သည်မှာလည်း ရက်နှစ်ဆယ် ရှိခဲ့ချေပြီ။ ခါတိုင်း ကောင်းကောင်းအနားယူခဲ့ရသဖြင့် ခေါင်းကဆိုးဆိုးရွားရွား မကိုက်ပဲ အဆင်ပြေသည်။ သို့သော် ဖေးယွမ်ရွှင်း၏သတင်းကြားလိုက်ရပြီးနောက် စိုးရိမ်စိတ်ဖြင့် မျက်တောင်ခတ်ချိန်ပင် မရှိခဲ့ရာ ခေါင်းကိုက်ခြင်းက စတင်လာတော့သည်။ယခုတော့ အိပ်ပျော်အောင် အိပ်လိုက်ရန်သာ ကျန်တော့သည်။

"သတ်!"

အိပ်ပျော်နေစဉ် ရှန်လျန် အိပ်မက်ထဲ နှစ်မျော သွား၏။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူတစ်ကယ်ပဲ အိပ်မက်နေတာဖြစ်ကြောင်း သတိထားမိလိုက်သည်။

အင်ပါယာမြို့တော်က ထိုသူ၏လက်အောက်တွင် ရှိနေပေမယ့် မငြိမ်းချမ်းခဲ့ပေ။ ငွေရောင် ချုပ်ဝတ်တန်ဆာကိုဝတ်ဆင်ကာ ဖေးယွမ်ရွှင်းသည် ဂိတ်တံခါးဝကို ဖွင့်ရန် ငယ်သားတွေကို ပြတ်ပြတ်သားသား အမိန့်ပေးနေသည်။

ဖေးယွမ်ရွှင်း၏ဘေးတွင် ရပ်နေသည်က စစ်နတ်ဘုရားဟော်ရဲ့လင် သာမက နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည့် ရှောင်မုချန်ကိုလည်း မြင်လိုက်သည်။ ဖေးယွမ်ရွှင်းက မြင်းပေါ်တွင် ထိုင်နေလျက် ယုံကြည်မှု ရှိစွာ ဂိတ်တံခါးက်ုဖွင့်နိုင်ခဲ့ပြီး မြို့တော်ထဲသို့ ဝင်နိုင်သွားသည်။ ထိုဖြစ်စဉ်က်ု မြင်‌တွ့လိုက်ရသည့် အခိုက်အတန့်အတိတ်မှာ ကျူးလွန်ခဲ့သည့်အမှားများစွာက်ု ထောက်ပြလိုက်သလိုပင်။

"မြို့တော်ကို အပိုင်သိမ်းကြ၊ ဧကရီကို အရှင်ဖမ်း!"

"ဧကရီကို အရှင်ဖမ်း!"

ဖေးယွမ်ရွှင်း၏ အမိန့်သံအောက်မှာ တပ်သားတွေ၏ သွေးတွေပွက်ပွက်ဆူလာပြီး တစ်စုတစည်းတည်း အမိန့်နာခံလိုက်ကြသည်။

"ငါ့ကို ပြောတာလား!"

မြို့တော်တံတိုင်းတွင် ချင်ယွင်ရှန်းက မားမားမတ်မတ်ရပ်နေကာ သူ့ဘေးတွင် ရှန်ချန်လည်း ရှိသည်။ သို့သော် သူမ၏ ဝတ်ရုံက ထူးဆန်းနေပြီး ဧကရီ ဝတ်စုံဖြစ်သည့် နဂါးအမှတ်တံဆိပ်မပါနေခဲ့။ အိပ်မက်ထဲ ဖြစ်စေ ၊ပြင်ပတွင်ဖြစ်စေ ရှန်လျန်က ဧကရီနေရာကို တစ်ကြိမ်မှ မရောက်ခဲ့‌ဖူးပေ။

နှစ်ဖက် စစ်တိုက်ကြသည်တွင် ချင်ယွင်ရှန်းက တစ်ဦးတည်းခေါင်းဆောင် ဖြစ်သော်လည်း ဖေးယွမ်ရွှင်းကမူ အနားတွင် ဟော်ရဲ့လင်နှင့်ဝေမိသားစုပါ ရှိနေရာ သမိုင်းတွင် တစ်ဦးတည်းဘက်တော်သားသာ အရှုံးနှင့် ရင်ဆိုင်ရပေမည်။ အချိန် လေးနာရီ ကုန်ဆုံးသွားပြီးနောက် ချင်ယွင်ရှန်းက သူ၏မာနတရားအောက်မှာ ဓားထုတ်ကာ ကိုယ့်လည်ကို လှီးရန် အသင့်ပြင်ထားလိုက်သည်။ ဘေးဘက်မှ ရှန်ချန်ကတော့ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ရီနေလျက်။

ကလန်!

ဓားကို ကန်ထုတ်လ်ုက်မှုကြောင့် ချင်ယွင်ရှန်း၏ဓားသည် ဦးတည်ချက်လွဲသွားပြီး မျက်နှာပေါ်ခြစ်မိကာ သွေးရဲရဲ ယိုစီးကျလာသည်။

"ဖေးယွမ်ရွှင်း! သစ္စာဖောက် သူခိုးကောင်!"

ချင်ယွင်ရှန်းက သူ့ကို စိုက်ကြည့်နေကာ မူလက မောက်မာထောင်လွှားနေခြင်းမျိုး မရှိတော့ပါ။ ဖေးယွမ်ရွှင်းက အေးစက်စက်နှင့် အထင်သေးစွာ ငုံ့ကြည့်ရင်း

"သစ္စာဖောက် သူခိုးဟုတ်လား! သူခိုးက လူပြန်ဟစ်နေတာလား"

"ရှန်လျန် သေဆုံးခဲ့ရတဲ့ ပုံစံ အတိုင်း မင်းသေရမယ်! နှစ်ယောက်လုံးက်ု ကြိုးတုပ်စမ်း!"

"ဟုတ်ကဲ့!"

"အား.."

"ဖေးယွမ်ရွှင်း မင်းက ကျုပ်ဧကရာဇ်ကို ဒီလိုလုပ်ရဲလား"

အမိန့်သံအောက်မှာ စစ်သည်တွေ ကြိုးတုပ်နေတာက်ု မြင်နေရတဲ့ ရှန်လျန်သည် အလွန်အမင်း။ အံ့အားသင့်မှုကြောင့် မျက်ရည် ကျလာမိသည်။ မျက်ရည်ပူတွေက အတိုင်းအဆမရှိ ပါးရိုးပေါ် တလိမ့်လိမ့်စီးဆင်းသွားသည်။

မြင်ကွင်းက ပြောင်းလဲသွားသည်။ ရှန်လျန် မျက်ဝန်းထဲ စစ်ပွဲ အရိပ်အငွေ့ပျောက်ဆုံးသွားပြီး ချင်ယွင်ရှန်းနှင့် ရှန်ချန်က လူသတ်ကွင်းအလယ်တွင် ချည်နှောင်ခံထားရသည်။ လျိုမိသားစုနှင့် ရှန်မိသားစုလည်း မဝေးသည့်နေရာက သစ်လုံးတိုင်တွင် ချည်နှောင်ခံထားရပြီး ပတ်ပတ်လည်တွင် သံမဏိတပ်သားများက ဝန်းရံစောင့်ကြည့်နေကြသည်။

"အရှင်မင်းမြတ် ကြွချီတော်မူလာပြီ"

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ဝမ့်စွေ့ ဝမ့်စွေ့ ဝမ့်ဝမ့်စွေ့"

ဟော်ရဲ့လင်နှင့်ဝေမိသားစုတို့ကို ခြံရံကာ ဝတ်ဆင်နေကြ ခရမ်းရောင်ဝတ်ရုံနှင့် ဖေးယွမ်ရွှင်း ဝင်ရောက်လာသည်။ ရှန်လျန် သတိပြုလိုက်မိသည်က ဟော်ရဲ့လင်ဘေးတွင် အသက်ဆယ်နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်ပါ ပါလာသည်။

"အဲ့တာ ... ယိုအာလေးလား"

ကောင်လေး၏ ထက်ရှ ပြတ်သားသည့် မေးရိုးနှင့် မျက်နှာပေါက်က ရှန်တာ့နှင့် အတော်ဆင်၏။ ရှန်လျန် လက်ဖဝါးနဲ့ ပါးစပ်အုပ်လိုက်ပြီး ငိုပြန်သည်။ ဒါက သူသေဆုံးပြီးနောက်ပိုင်း ဖြစ်တဲ့ အဖြစ်အပျက်တွေပေါ့? ယိုအာက ဘယ်လိုရောက်လာတာလဲ? ကျန်တဲ့သူတွေရော သေဆုံးကုန်ပြီလား"

"ချင်ယွင်ရှန်း၊ မင်းကောင်းကောင်းလေး သေချင်ရင် ရှန်လျန့်ကို ဘယ်မှာ မြှုပ်ထားလဲ ပြော"

ချင်ယွင်ရှန်းမှာ နှိပ်စက်ခံထားရသည့်ပုံပင်။ ဆံပင်တွေက ရှေ့သို့ဖွာလန်ကြဲနေပြီး မြင်ကွင်းကိုဖုံးကွယ်နေသည်။ အသံကြောင့် ခေါင်းမော့ကြည့်လိုက်ရာ ရဲတွတ်နေတဲ့ မျက်လုံးတွေက ပေါ်လာ၏။

"ဖွီး!"

ချင်ယွင်ရှန်း တံတွေးလှမ်းထွေးလိုက်‌ေသာ်လည်း ဖေးယွမ်ရွှင်းက အမြန်ရှောင်တိမ်းလိုက်ရာ မျက်နှာပေါ် မစင်ပေ။ ချင်ယွင်ရှန်းက အသံကုန်ဟစ်ကာ

"သူက ငါကိုယ်တော်ရဲ့ ဧကရီပဲ၊ သေသွားရင်လည်း ငါ့ဧကရီ ဖြစ်နေဆဲပဲ... တစ်သက်လုံးရှာတွေ့မယ် မထင်နဲ့!"

"မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"

ဖြောင်း!

အသက်သုံးဆယ် ယောင်္ကျားသား၏ လက်သီးခွန်အားက ချင်ယွင်ရှန်း၏ မေးရိုးကို ပြင်းပြင်းထန်ထန်ထိကာ မြေပြင်ပေါ် ဗိုင်းခနဲ ကျသွားစေသည်။

အနီးကပ်နားထောင်ကြည့်လျှင် မေးရိုးကျိုးသံပါ ကြားလိုက်ရမည် ဖြစ်သည်။ အတော်လေး ရက်စက်ပြင်းထန်တဲ့ လက်သီးချက်ပေပဲ!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment