no

Font
Theme

' နန်းတွင်းအရာရှိ ဝင်ခွင့်စာမေးပွဲဖြေဆို၊ ရှန်ချောင် လက်ထပ်ထိမ်းမြား'

မနက်ပိုင်းက စတုတ္ထမင်းသားရဲ့ စံအိမ်တော်မှာ ဘာတွေ ဖြစ်သွားမှန်း အပြင်လူတွေ မသိလိုက်ကြချေ။ ဘာလို့ဆို ဒီနေ့က ရှန်ချောင်နဲ့ မင်းသားကျန်း လက်ဆက်နေ့တဲ့ဖြစ်သည့်အပြင် နန်းတွင်းအရာရှိဝင်ခွင့် စာမေးပွဲစစ်ဆေးသည့်နေ့ လည်း ဖြစ်ရာ လူတိုင်းရဲ့အာရုံစိုက်မှုက သူတို့အပေါ် မရှိနေ ။

မနှစ်က ကြီးကြပ်ရေးမှူးတွေ လာဘ်စားတဲ့အမှုက အတော်လေးကြီးခဲ့တာကြောင့် ယခုနှစ် စာမေးပွဲတွင် ဧကရာဇ်က မည်သည့်အမှားအယွင်းမှ မဖြစ်စေရန် ပြင်ဆင်ခဲ့သည်။

ကျန်းအကြီးအကဲနဲ့ ကျောက်အကြီးအကဲ အပြင် သမာသမတ်ကျသည့် အကြီးအကဲများကို စာမေးပွဲနဲ့ သက်ဆိုင်သည့် ကိစ္စရပ်အားလုံးကိုကြီးကြပ်ရန် တာဝန်ပေးခဲ့သည်။

ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေချိန်အတွင်း ဖြေဆိုသူများသာ စာမေးပွဲခန်းမထဲ ဝင်ခွင့်ရှိသည်။ မိသားစုဝင်များနဲ့ အတူပါလာသည့်အစေခံများက လိုက်လံလိုက်ဆောင်သဖြင့် အပြင်ဘက်တွင်အုန်းအုန်းကြွက်ကြွက်။ ကံကောင်းထောက်မစွာဖြင့် ကျန်းအကြီးအကဲက အမျှော်အမြင်ရှိစွာနဲ့ ဧကရာဇ်အရှင်မင်းမြတ်ကို ကြွရောက်ပေးပါရန် ဖိတ်ခေါ်ထားရာ နောက်လိုက် ဗိုလ်ပါစစ်သည်များ၏ အရှိန်အဝါဖြင့် လူထုက ရုန်းရင်းဆန်ခတ် ဖြစ်ခြင်း မရှိပါ။

"ယွင်ရှီး .. စိတ်အေးအေးထားပြီး စာမေးပွဲသွားဖြေခဲ့၊ ကဗျာ ခြောက်ပုဒ် တစ်ထိုင်တည်းရေးစပ်နိုင်တဲ့ သူ မဖြစ်လည်း ကိစ္စမရှိဘူး"

ဖုရင်က လူအုပ်ကြားထဲမှာ ဖုယွင်ရှီးကို ကြင်ကြင်နာနာ အကြံပေးသည်။ သားဖြစ်သူကို အမြင့်ကြီး မမှန်းပေ။ ထို့အစား ဘေးကင်းလုံခြုံဖို့သာ အဓိကဖြစ်သည်။

"သိပါပြီ အဖေ.. အမြန်ပြန်နှင့်လိုက်တော့၊မစောင့်တော့နဲ့၊ ကျွန်တော် စာမေးပွဲအောင်တာနဲ့ အဖေ့ကိုထိပ်ဆုံး ပြောပြမယ် ဟုတ်ပြီလား"

ကျန်းမာနေတဲ့ ဖခင်ကိုမြင်တော့ ဖုယွင်ရှီး ဝမ်းသာသည်။ ရှန်လျန်က သူတို့အချင်းချင်းကြား သဘောတူညီမှုကို ဖျက်သိမ်းပေးလိုက်တာတောင် အဖေက ရှန်လျန့်ဆီမှာစိတ်လိုလက်ရ အလုပ်လုပ်ပေးနေဆဲဖြစ်ပြီး ပျော်လည်း ပျော်ရွှင်နေ သည်။ ဖခင်ရဲ့ သဘောထားကိုမြင်လို့လည်း အိမ်ပြန်ခွင့်ပြုဖို့ ရှန်လျန့်ဆီ မတောင်းဆိုခဲ့တာပင်။

"အေးအေး"

သားအဖနှစ်ဦး စကားဖောင်ဖွဲ့နေစဉ် ပုပုသေးသေး လူငယ်တစ်ဦး အနားရောက်လာသည်။ ဖုရင်က အထူးတဆန်းကြည့်လိုက်သည်။ ဖုယွင်ရှီးက ချက်ချင်းပဲ ဒီလူက ရှဲ့ယန်ရဲ့ နောက်လိုက်ဖြစ်မှန်း မှတ်မိလိုက်၏။

"မင်းတို့သခင်လေး ရောက်နေတာလား"

ထိုလူငယ်က ယဉ်ယဉ်ကျေးကျေး ဦးညွှတ် နှုတ်ဆက်သည်။

"သခင်လေးက သူကိုယ်တိုင်လာချင်ပေမယ့် ဒီမှာ လူအရမ်းများနေလို့ သူ့အစား ကျွန်တော့်ကို လွှတ်လိုက်တာပါ၊ ဖုသခင်လေးကို ပါးလိုက်တဲ့ စကားက ဒီလိုပါ...ဖုသခင်လေးရဲ့ စာပေစွမ်းရည်က ထိပ်တန်းဖြစ်ပါစေ၊ ရာထူးအမြင့်ဆုံး အပ်နှင်းခံရပါစေ တဲ့ခင်ဗျာ"

"ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောပေးပါဦး"

ဖုယွင်ရှီး ခေါင်း အနည်းငယ် ညွှတ်လိုက်ရာ အခြွေရံလေးက ဦးညွှတ်ပြီး သွားလိုက်သည်။လူအုပ်ကြား ပျောက်ကွယ်သွားသူကို လိုက်ငေးရင်း ဖုရင် သံသယဝင်နေသည်။

"ဘယ်အိမ်က အခြွေရံလဲ"

ကြည့်ရသလောက် မိသားစုကြီးကပဲဖြစ်လိမ့်မယ်၊ နောက်ခံက သေးမှာ မဟုတ်ဘူး။

"ရှဲ့အကြီးအကဲရဲ့ မြေး ၊ ရှဲ့ယန်ရဲ့ လူပါ အဖေ"

ဖုယွင်ရှီးက ဖုံးကွယ်မထားပေ။ ရှဲ့ယန်အပေါ် ဘာစိတ်ခံစားချက်မှ မရှိဘူးလို့ပြောရင် လိမ်ရာကျမည်။ ဒါပေမယ့် ခုချိန်မှာ သူ့အခြေအနေက အိမ်ထောင်ရေးအကြောင်း တွေးရန်မဖြစ်နိုင်သေးပေ။ သူ့မှာ ခိုင်မာတဲ့ အနာဂါတ်အစီအစဉ် မရှိသေး။

"အဲ့လိုလား?"

အဲ့တစ်ယောက်က လျန်လျန့် သူငယ်ချင်း လားလို့?

ရှေ့ရက်က လျန်လျန် စကားမစပ်ဘာမစပ်နဲ့ ဖုယွင်ရှီးအတွက် ဇနီး ရှာပေးချင်လားလို့ မေးခဲ့ဖူးတယ်၊ဒါဆိုရင်.... ဖုရင် မျက်မှောင်ကျုံ့၏။

"ယွင်ရှီး ..မင်း သူနဲ့..."

"သူနဲ့ကျွန်တော် ဘာမှ မပတ်သက်ဘူး အဖေ ၊ခုချိန်မှာ ကျွန်တော် ဒါတွေ မစဉ်းစားနိုင်သေးဘူး၊ သူနဲ့ အဆက်အဆံလုပ်တယ်ဆိုတာကလည်း သူ့အရည်အချင်းကို ကျွန်တော် လေးစားလို့ ၊ပြီးတော့ ရှန်လျန်နဲ့ အနေနီးတော့ အချိတ်အဆက်လုပ်လို့လွယ်တယ်"

သူ့အဖေဘာတွေးနေမှန်း သိတာကြောင့် ဖုယွင်ရှီး ရှင်းပြလိုက်သည်။ ခုကတည်းက ရှဲ့ယန်ကို ချွေးမအဖြစ် သတ်မှတ် မစောစေချင်သေးတာလည်းပါသည်။

"ဒါပေမယ့်လည်း သူက 'ကော'လေ၊ သား သူ့ကို စိတ်မဝင်စားရင်လည်း အရမ်းအနေမနီးနဲ့၊ ဒါတွေထားတော့.. စာမေးပွဲပဲ အာရုံစိုက်ထား၊ မြန်မြန်အထဲဝင်တော့၊ အဖေ လည်းပြန်တော့မယ်"

ဖုရင်က မယုတ်မလွန် သတိပေးးစကားဆိုလိုက်သည်။ ဖုယွင်ရှီး စိတ်ထဲ တစ်မျိုးဖြစ်‌သွားပေမယ့် စာမေးပွဲခန်း ဖွင့်နေပြီကိုမြင်သော် ခုချိန်က အချိန်မကျသေး...နောက် အခွင့်အရေးရမှ မေးမည်ဟု တေးထားလိုက်သည်။

"ဒါဆိုကျွန်တော် ဝင်ပြီနော်၊ အဖေ ဂရုစိုက်ပြန်ဦး"

"အေးပါ၊ ဝင်တော့"

သူ့သားက တစ်ခြားသူတွေနည်းတူ ဖြေဆိုရမည့်နေရာသို့ သွားလိုက်သည်ကို ကြည့်ပြီးမှ ဖုရင် လှည့်ပြန်ခဲ့သည်။ ရင်ထဲမှာတော့ လေးလံလျက်ရှိ၏။

နေ့ခင်းသုံးနာရီအချိန်တွင် လွန်စွာ ကြီးကျယ်ခမ်းတားလှသည်မဟုတ်သော လူစုက တုံးလင်အိမ်တော်သို့ ‌ဂါရဝပြုရန်ရောက်လာကြသည်။

မင်းသားကျန်းက မင်္ဂလာဝတ်စုံကိုဝတ်ဆင်လျက် မြင်းပေါ်တွင် ဝင့်ဝင့်ကြွားကြွား စီးနင်းလိုက်ပါလာသည်။ သတို့သမီးကိုကြိုဆိုရန် ရောက်လာသည်ကိုသိကြသဖြင့် ပြည်သူများက နည်းနည်းနောနော မက စောင့်ကြည့်နေကြသည်၊ မင်းသားကျန်းနဲ့ ရှန်ချောင်၏ ပတ်သက်မှုကိုသိသဖြင့် အဓမ္မကျင့်ခံရသော သတို့သမီးမှ ဆန္ဒအလျောက် လက်ထပ်ချင်စိတ်ရှိသည်လား၊ သို့တည်းမဟုတ် ပြဿနာ ရှာလေမလား သိချင်နေကြသည်။

"မပြီးသေးဘူးလား"

သတို့သားဘက်မှ ကြိုဆိုရေးအဖွဲ့ရောက်လာသည်ကိုသိသော်လည်း ရှန်ချောင်က အခန်းထဲကထွက်မလာသေးသဖြင့် ဒေါသချုပ်တည်းထားသော ရှန်ရွေ့ချင်က အပြင်ဘက်မှာ စောင့်ရင်း စိတ်မရှည်တော့။

"အမေ.."

သတို့သမီးအဆင်အယင် အပြည့်စုံနှင့် ရှန်ချောင်က မိခင်၏လက်မောင်းကို အားကိုးတကြီး ကိုင်ဆွဲလျက် မျက်ရည်ဝေ့နေသည်။

"ချောင်အာ... ပြဿနာမရှာ‌နဲ့၊ ဒီအခြေအနေထိ ရောက်နေပြီးပြီ၊ အမေလည်း ဘာမှ မတတ်နိုင်ဘူး၊ မိန်းကလေးဆိုတာ လင်ကောင်းသားကောင်းနဲ့ လက်ထပ်နိုင်ဖို့ အဓိကဆိုပေမယ့် နင်က အပျိုရည်ပျက်သွားပြီလေ၊ သူ့ ကလေးပါလွယ်ထားရသေးတယ်၊ အဲ့တော့ မင်းသားကျန်းနဲ့ မယူရင် တစ်ခြားသူနဲ့ ယူဖို့လည်း မဖြစ်နိုင်ဘူး၊ ကောင်းတဲ့ဘက်က တွေးကြည့်ရင် ဦးရီးတော်ရဲ့ ကြင်ယာတော် ဖြစ်မှာဆိုတော့ ရှန်လျန့်ထက်တောင် ဝါကြီးသေးတယ်"

ထိုသို့တွေးပြီးဖြေသာရုံသာရှိ၏။ မင်းသားကျန်းက ဧကရာဇ်ရဲ့ ညီတော်ဖြစ်ပြီး ၊ဒီလက်ထပ်ထိမ်းမြားခြင်းက ဧကရာဇ်ကိုယ်တိုင် အမိန့်ထုတ်ပြန်ထားတာ၊ ငြင်းဆန်လို့မရပေ။ ညီအစ်ကိုနှစ်ယောက်လုံးက ဗိုက်ထဲက ကလေးကို အသိအမှတ်ပြုတယ်ဆ်ုမှတော့ ဒါက ကောင်းခြင်းတစ်ပါးပဲ၊ အချိန်တန်ရင် မင်းမျိုးနွယ်ဝင်တစ်ပါးမွေးဖွားပေးပြီး ကျန်တဲ့ ဘဝတစ်လျှောက်လုံး အေးအေးချမ်းချမ်းနဲ့ အရှေ့ဆောင်နန်းဆောင်မှာ နေထိုင်သွားရုံပဲ"

"ဟုတ် သမီး သိပါပြီ"

နောက်ဆုံးတော့ ရှန်ချောင် ခေါင်းငြိမ့်လိုက်သည်။ ကျောက်လန်က သူ့သမီးရဲ့ မျက်လုံးထဲ မူမမှန်မှုအရိပ် ဖြတ်ပြေးသွားတာကို သတိမထားမိခဲ့ပါ၊ သို့နှင့် ခေါင်းဆောင်းပဝါစအနီကိုယူပြီး အုပ်ပေးလိုက်သည်။

"ဒီနေ့ကစပြီး ဦးရီးတော်ရဲ့ ကြင်ယာတော် ဖြစ်သွားပြီ၊ချောင်အာ သေချာမှတ်ထား...အနာဂါတ်မှာ ဘာပြဿနာမှ မရှာမိအောင်နေ၊ သဘောပေါက်လား အမေပြောတာ"

"သဘောပေါက်ပါတယ် အမေ"

ရှန်ချောင်က ဝတ်ကျေတန်းကျေ ပြန်ဖြေသည်။ပြီးတာနဲ့ မိခင်ကို ဂရုမစိုက်တော့ပဲ စားပွဲပေါ်က ပန်းသီးတစ်လုံးကိုယူပြီး အပြင်ထွက်သွားလိုက်သည်။

ကျောက်လန်က တစ်ခုခုမှားနေမှန်းသတိပြုမိလိုက်သော်လည်း အခန်းတံခါးက ပွင့်သွားပြီဖြစ်ပြီး ခင်ပွန်းရဲ့ အပြုံးမျက်နှာကိုတွေ့လိုက်ရသော် ဘာမှ ထုတ်မပြောနိုင်တော့ချေ။

"သတို့သမီး ရောက်လာပါပြီ"

တုံးလင်အိမ်တော်၏ ဝင်ပေါက်တွင် သတို့သားဘက်မှ စောင့်ဆိုင်းနေပြီး ကျယ်လောင်တဲ့အသိပေးသံကိုကြားသော် လူတိုင်းလှည့်ကြည့်လိုက်ကြသည်။

ရှန်ယန်က လမ်းပြပြီး ရှန်ချောင့်လက်ကို တွဲခေါ်ပေးသည်။ သူတို့နောက်မှ ရှန်ရွေ့ချင်တို့လင်မယားနဲ့ သားငယ်လေးက လိုက်လာသည်။ လူတိုင်းက သတို့သမီးကို ကြည့်နေကြပေမယ့် မင်းသားကျန်း တစ်ဦးတည်းသာ တစ်ခုခုကွဲပြားနေတဲ့ ရှန်ယန့်ကိုကြည့်လိုက်သည်။ မျက်လုံးနှစ်စုံက အကြည့်ချင်းထိပ်တိုက်ဆုံသွားသည်။ ရှန်ယန်က ရှက်ကြောက် မနေပဲ ဦးရီးတော်ကို တည့်တည့်ကြည့်သည်။

"ဦးရီးတော်... သတို့သမီးက ငယ်ရွယ်သေးတာကြောင့် မသိနားမလည်တာရှိရင် ဦးရီးတော်ကပဲ ဂရုစိုက်သင်ပြပေးပါ"

ရှန်ယန်က သတို့သမီးကို ဝေါယာဉ်ပေါ် တင်ပေးလိုက်သည်။ ရှန်ရွေ့ချင်တို့ လင်မယားနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ဝေါယာဉ်ဘေးထိ လိုက်လျှောက်ခဲ့၏။ သူတို့က သတို့သမီး၏မိဘတွေဖြစ်ပေမယ့် ငယ်သားလို ဖြစ်နေသည်။

"ယောက်ဖတော်က မပေးချင်သေး ဘူးလား"

မင်းသားကျန်းက အလေးအနက်မရှိ ပြန်ပြောသည်။ အကြည့်က ရှန်ယန့်ကိုယ်ပေါ်မှာပဲ ဝဲနေလျက်။ ထောင်သားတွေရဲ့ စော်ကားခြင်းခံခဲ့ရတဲ့ ရှန်ယန်ကမှ သူ့ညီမထက် သုံးဆလောက် ပိုကြည့်ကောင်းနေ မယ်လို့ မထင်ထားမိချေ။ ချင်ကျန်းရဲ့စိတ်ထဲ နည်းနည်း နှမြော‌သွားမိ၏။ ဒါပေမယ့်လည်း အဝတ်စုတ်ဖြစ်နေပြီပဲ၊ အပျော်ဆော့လို့လည်း မကောင်းတော့ပါဘူးလေ...

ပစ်မှတ်ထားခံနေရတဲ့ ရှန်ယန်လည်း ကြောက်လန့်ပြီး ခန္ဓာကိုယ်က မသိမသာ တုန်လာသည်။ ခေါင်းငုံ့ထားပြီး မော့မလာရဲတော့ပေ။

ဒီရက်ပိုင်း ခန္ဓာကိုယ်က တစ်နေ့ထက် တနေ့ ပိုပို ထူးဆန်းလာသည်။ မိန်းမတွေလို ရင်သားထွက်လာသဖြင့် နည်းနည်း လှုပ်ရှားလိုက်တာနဲ့ ရင်သားက တုန်ခါလာသည်။ ထိုသို့ဖြစ်လာသောအချိန်ဆို သူ့ကိုယ်သူ မလုံမလဲ ဖြစ်တော့၏။

ရှန်ရွေ့ချင်နဲ့ ကျောက်လန်လည်း မျှော်လင့်ချက်‌မဲ့တဲ့ထိ မတုံးသေး။ မင်းသား၏တောက်လောင်နေသောအကြည့်က သူတို့သားပေါ်မှ မခွာသဖြင့် ပြုံးရွှင်နေသည့်မျက်နှာများ ကွက်ခနဲ ပျက်ကုန်သည် ။

ညီမနဲ့ လက်ထပ်တဲ့နေ့မှာမှ အစ်ကိုကို တပ်မက်နေရတယ်လို့! တရားလွန်သွားပြီ!

မည်မျှပင် စိတ်ဆိုးဒေါသထွက်ပါစေ မင်းသားချင်ကျန်းရဲ့ အဆင့်အာဏာကိုကျော်ပြီး ဘာမှ မလုပ်ဝံ့ပါချေ။

တစ်ဖက်က လျိုရှုဟန်တို့သားအမိကိုကြည့်လျှင် အမူအရာက စိတ်ပျော်ရွှင်စရာရှိနေမှန်း သိနိုင်သည်။ ဘေးမှာ ရပ်နေတဲ့ စွင်းကျင့်ကတော့ စိတ်ခံစားချက်ကို ကြိုးစားထိန်းချုပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဒီနေရာမှ ဘယ်သူ့ကိုမှ အပြစ်ပြုမိ၍မရပေ၊ မင်းသားကျန်းက ဥပဒေကို ဂရုမစိုက်တတ်ပဲ ထင်ရာစိုင်းသူဖြစ်သဖြင့် အန္တရာယ်များ၏။

"ဦးရိီးတော်.. ကျုပ်သားရဲ့ အတွေးတွေ မှားယွင်းသွားပါတယ်၊ မင်္ဂလာနေ့မို့လို့ ဦးရီးတော်ကပဲ ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်၊ ကျုပ်တို့သတို့သမီးကို ဒီထိပဲ ပို့ပါ့မယ်"

ရှန်ရွေ့ချင်က မျက်နှာ မကောင်းစွာနဲ့ ဦးညွှတ်လိုက်သည်။ ကျောက်လန်လည်း တူတူဦးညွှတ်ပြီး ခွင့်လွှတ်ရန်တောင်းခံသည်။

"ကောင်းပြီလေ ၊ နန်းဆောင် ပြန်ကြမယ်!"

မင်းသားကျန်းက ပြဿနာကြီးအောင် မလုပ်တော့ပဲ ရှန်ယန့်ကို အဓိပ္ပာယ်ပါသည့်အကြည့်တစ်မျိုးဖြင့်ကြည့်ကာ ပြန်ရန် အမိန့်ပေးလိုက်သည်။

"အားလုံး စ မယ်!"

ဘိသိက်ဆရာ၏ သတိပေးသံအဆုံး တူရိယာသံစဉ်များ တီးမှုတ်လိုက်ကြပြီး ကြင်ယာတော် အား လာရောက်ကြိုဆိုသည့်အဖွဲ့က သက်ဝင်လှုပ်ရှားစွာ ထွက်ခွာသွားသည်။ ကျောက်လန်က ထိုလူစု၏အရိပ်မမြင်ရတဲ့ထိ စိုးရိမ်ပူပန်စွာ ရပ်ကြည့်နေခဲ့ပြီး အိမ်ထဲ မဝင်သေးပေ။ ရှန်ရွေ့ချင်ကတော့ အစောကတည်းက မရှိတော့ပေ။ ဦးရီးတော်၏ ယောက္ခထီးဖြစ်သွားပြီဆိုတော့ ထိုဂုဏ်ကိုမှီပြီး ရှေ့ဆက်လျှောက်တော့မည်ဖြစ်သည်။

"ရှန်ချောင်ရဲ့ မင်္ဂလာပွဲလား"

တီးမှုတ်သံတွေကြားတော့ ရှန်လျန် ပြေးမကြည့်ပဲ သိလိုက်သည်။

"ဟုတ်ပါတယ်၊ သခင်မ စွင်းက ကိစ္စဝိစ္စတွေ စီမံပေးပြီး၊ ရှန်ရွေ့ချင်က စိတ်ချမ်းသာနေပုံရပါတယ်"

အပြင်ကပြန်လာတာ မကြာသေးတဲ့ ဖုရင်က အခြေအနေကို‌ပြောပြသည်။

"မင်းသားရဲ့ ယောက္ခထီးရော မပျော်နေဘူးလား? သူ့ရဲ့ကံကောင်းခြင်းတွေကို ကြာရှည်မစံစားလိုက်ရမှာပဲ စိုးရိမ်မိပါရဲ့"

ရှန်လျန် ရဲ့ နှုတ်ခမ်းထောင့်က ညင်သာစွာ အပေါ်ကွေးတက်သွားသည်။ရှန်ချောင့်မှာ တစ်ခုခုဖြစ်ပျက်သွားရင်ဆိုတဲ့ ဖြစ်နိုင်ချေကို မိဘတွေက မတွေးထားကြဘူး၊ ပြောမရဘူး ရှန်တစ်မိသားစုလုံး အပြစ်ခံရတာမျိုး ဖြစ်သွားနိုင်တယ်၊ ဧကရာဇ်က ဒါကိုအကြောင်းပြပြီး သူနဲ့ဖေးယွမ်ရွှင်းရဲ့ လက်ထပ်ပွဲကိုဖျက်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး၊ လူထုရဲ့ အသိအမှတ်ပြုခံရအောင် ကြိုးစားလုပ်ဆောင်ထားတာက အလကားမှမဟုတ်တာ၊ သတ္တိရှိရင် ဖျက်ကြည့်လိုက်လေ..တော်ဝင်တစ်မိသားစုလုံးကို အမြစ်ဖြုတ်ပစ်မယ်၊ ဖေးယွမ်ရွှင်းရဲ့ သံမဏိတပ်သားတစ်သိန်းက ဒီတိုင်းထိုင်ကြည့်နေမှာမှ မဟုတ်တာ ။

"လျန်လျန် ဘာလုပ်မှာလဲ"

ဖုရင်က သိချင်စိတ်နဲ့ မေးလာသည်။ ရှန်လျန်က လက်ညိုးကို နှုတ်ခမ်းပေါ်တင်ပြီး ...

"ရှူး... ထုတ်ပြောလိုက်ရင် ဖြစ်မလာပဲနေလိမ့်မယ်"

"အိုး!"

ဘောင်ကျော်သွားမှန်း သတိထားမိသွားတာကြောင့် ဖုရင် ဆက်မမေးတော့ချေ။ တစ်ခဏကြာအောင် တွေးနေပြီးနောက်...

"လျန်လျန်... ယွင်ရှီးနဲ့ ရှဲ့ယန်အကြောင်း သိထားလား"

အစတည်းက ရှင်းရှင်းလင်းလင်း မေးထားတာပိုကောင်းလိမ့်မည်။ ရှဲ့ယန်က ကောင်းသည်ဖြစ်စေ ၊မကောင်းသည်ဖြစ်စေ မျိုးရိုးမြင့်မိသားစုမှ ကလေးဖြစ်တာကြောင့် သားဖြစ်သူနဲ့ ညှိစွန်းသွားမှာ မလိုလားချေ။ ဒီတိုင်း သာမာန်မိသားစုနဲ့ လက်ထပ်ပြီး အေးအေးချမ်းချမ်းဖြင့် ဘဝကိုကုန်ဆုံးစေလိုသည့် ဆန္ဒရှိသည် ။

"သိသွားပြီလား"

ရှန်လျန် မျက်ခုံးပင့်မိသွားသည်။ အနှေးနဲ့အမြန် သိမယ့်ကိစ္စဆိုတော့ အများကြီးတော့ မအံ့ဩမိပါ။

"ရှဲ့အကြီးအကဲက ယွင်ရှီးကိုအတော် မျက်စိကျနေတာ ၊ သူ့မြေးကို ယွင်ရှီးနဲ့ အတင်းပေးစားချင်နေတာလေ၊ ရှဲ့ယန်ကလည်း အတော်လေး အရည်အချင်းရှိတဲ့သူပါ၊ စိတ်ထားလည်းကောင်းတယ်၊ ဦးလေးဖု ကလေးတွေရဲ့ ကိစ္စက သူတို့ဘာသာပဲ ဆုံးဖြတ်ပါစေ၊ အရမ်းစိတ်မပူပါနဲ့"

မေးလို့ ဖြေရပေမယ့် ရှန်လျန်ကိုယ်တိုင်လည်း သူများကိစ္စထဲ အရမ်းကာရော ဝင်မစွက်ဖက်ချင်၊ ကူညီလို့ရတဲ့ နည်းလမ်းပေါင်းစုံရှိပေမယ့် အဆုံးသတ်မှာ ဘယ်သူကဘယ်လမ်းရွေးမယ်ဆိုတာ ကြိုမှ မသိရပဲလေ....

"စောင့်ကြည့်ရုံပဲ ရှိတာပေါ့လေ.."

ဖုရင်မတင်မကျ ပြုံးသည်။ မျက်ခုံးတွေက အနည်းငယ် တွန့်ကွေးနေသေးသည်။ လျန်လျန့် အကြံပေးစကားကိုနားထောင်ပြီး နေချင်ပေမယ့် အဖေတစ်ယောက်အနေနဲ့ တစ်ကယ်ပဲ ကိုယ့်သားရဲ့ အနာဂါတ်ကို တွေးပူမိသည်တော့ အမှန်။

2628 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment