no

Font
Theme

'ငါက တောသား ဆိုတော့ရော မင်းနဲ့ဘာဆိုင်လဲ'

"ဟန်ဆောင်ပြနေတာ ရပ်လိုက်တော့ ရှန်ချန်၊ ဒီသခင်လေးက မင်းနဲ့ နည်းနည်းလေးမှ မရင်းနှီးဘူး"

ရှန်ကျိုးက သူ နှစ်သက်တာ၊ မနှစ်သက်တာတွေကို သည်းခံမနေပဲ အမြဲ ရှင်းရှင်းလင်းလင်း ထုတ်ဖော်လေ့ရှိတယ် ၊ သူများတွေ ရှန်ချန့်အမှားကိုမမြင်ပဲ စုံလုံးကန်းနေတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူကတော့ ကောင်းကောင်းမြင်တယ်၊ အဲ့ကောင်မလေး ဟန်ဆောင်ကောင်းလေ သူ့အတွက် ရွံစရာကောင်းလေပဲ...

"ရှန်ကျိုး....."

ရှန်ချန့် မျက်ဝန်းကချက်ချင်းနီရဲလာတယ်၊ သူမ မှားတယ်လို့ဝန်ခံလိုက်ရင်တောင် ရှန်ကျိုးက ခွင့်မလွှတ်ဘူးဆိုပြီးတစ်ခုခု မလုပ်ဘူးလို့ ဘယ်သူသိမှာလဲ....

"ဝေးပါသေးတယ် ရှန်ကျိုးရာ... လင်အန်းအမတ်ကြီးရဲ့ ဒုတိယသားဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့! ရှန်မိန်းကလေးက စကားလေးနည်းနည်း ပြောရုံနဲ့ မင်းပက်ပက်စက်စက် ပြန်ပြောစရာလိုလို့လား?"

"‌ဒါ ယောင်္ကျားတစ်ယောက်က မိန်းကလေးနှစ်ယောက်ကိုအနိုင်ကျင့်နေတာပဲ၊ မင်းမရှက်ဘူးလား"

"ဟမ့်! ရှန်လျန့်လို တောသားနဲ့ ပေါင်းမှတော့မဆန်းတော့ပါဘူး၊ ငှက်မွေးတွေက အကုန်တူတူပဲကို"

ရှန်ချန့်ကိုထိတာနဲ့ ပျားအုံတုတ်နဲ့ထိုးသလို ဘေးနားက လူတွေက ချက်ချင်း ခုခံပြောဆိုပေးလာကြတာကြောင့် ရှဲ့ယန်အပါအဝင် ကျန်တဲ့ ကော တွေ အကုန် မျက်မှောင်ကြုံ့ကုန်သည်။ သာမာန်လူ ဘယ်သူမှ မရှိတာကြောင့် ဘယ်သူက အမှားဘက်ရပ်တည်လဲ၊ အမှန်ဘက်ရပ်တည်လဲ ဆိုတာ ကောင်းကောင်းသဲကွဲကြသည်။ ရှန်ကျိုးကတော့ တစ်ကယ်ကို စိတ်မြန်လက်မြန်ပင်။

ခုချိန်ထိ ရှန်လျန် တစ်ခွန်းမှဝင်မပြောသေးပေ။ ဒီနေရာက ထျန်းမန်ပညာသင်ကျောင်း မဟုတ်ပဲ မင်းသမီးရဲ့ အိမ်ယာတော်၌ ဖြစ်ရာ တစ်ခုခုဖြစ်လျှင် မည်သူမှ အဆုံးသတ်မကောင်းနိုင်။

ဖြောင်း! ဖြောင်း ! ဖြောင်း!

လက်ခုပ်တီးသံက လူအားလုံးကိုရပ်တန့်သွားစေသည်။ ရှန်လျန်က လက်ခုပ်တီးရင်း ဖြေးညှင်းစွာထရပ်လိုက်သည်ကို အားလုံးတွေ့လိုက်ကြသည်။ ကိုယ်ဟန်မတ်မတ်ထားလျက် လမ်းလျှောက်လာပြီး ဝတ်စုံအနားစတွင် ဖုန်တစ်စက်မှပင် မကပ်နေချေ။ရှန်ချန့်နား ဝိုင်းနေသူများ သူ့ကိုကြည့်ကာ ယောက်ယက်ခတ်ကုန်သည်။

"ကျွန်တော်က တောသားဆိုတော့ရော? ခင်ဗျားနဲ့ ဆိုင်လို့လား?"

ပြောတဲ့သူကို လှောင်ပြုံးလေးနဲ့ကြည့်လိုက်တယ်၊ သူ့မိသားစုက သူ့ကိုမချစ်ရင်ရော ဘာအရေးလဲ? အဆုံးမှာ ရှန်လျန်ဆိုတာ တုံးလင်အိမ်တော်ရဲ့အမွေဆက်ခံသူ ဖြစ်ပြီး ဗိုလ်ချုပ်ရှန်ရဲ့ ညီငယ်ပဲ၊ ဒါတောင် ဗိုလ်ချုပ်ဟောင်းဝေနဲ့ ပတ်သက်မှုကို ထည့်မတွက်ရသေးဘူး ၊သူ့အနေအထားက ဘယ်လိုပဲကြည့်ကြည့် ဒီလူတွေထက်မြင့်တယ်။

မြို့တော်က လူတွေထက် သူ့မိသားစုအဆက်အနွယ်က အကြီးဆုံးပဲလေ!

ဘယ်သူ့ကို ရန်လာစနေတာလဲ? မလောက်လေး မလောက်စား ဆယ်ကျော်သက်လေး ရှက်သွားသည်ကိုကြည့်နေလိုက်သည်။ ဒီလို စကားတွေ ထုတ်မပြောချင်ပဲ၊ သူ့ကိုယ်သူ အရှက် ရစရာအဖြစ်ကနေ သည်းခံလိုက်ချင်ပေမယ့် ဒီထက်ပိုပြီးရှန်လျန်သည်းမခံနိုင်တော့ပေ ။ မထူးဇာတ်ခင်းကာ ရှေ့ဆက်တိုးလိုက်တော့မည်။

"ညီမ ၇ က စကားတစ်ကယ်တတ်တာပဲ၊ အစ်ကို့ကြောင့် ဖြစ်တယ် ဆိုတာ ဘာကိုဆိုလိုတာလဲ?ညီမသာ မခေါ်ရင် အစ်ကို ရှိနေမှန်းဘယ်သူက သတိထားမိကြလို့လဲ? တိတိကျကျ ဘယ်သူ့ကြောင့် ဒါတွေ ဖြစ်လာရတာလဲနော်?

သိပ်ရှင်းပြစရာလိုမယ်မထင်ဘူး၊ နောက်ကွယ်က အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့သူကိုလေ... ကျွတ်...ကျွတ်.... ရှန်သခင်မနဲ့ သူ့သမီးက ဘာမှ မကွာခြားပါလား ၊ တစ်ကယ်တမ်း အဖေနဲ့မတွေ့ခင်တုန်းက အဆင့်နိမ့်အစေခံလောက်တောင် ဘာမှ မဟုတ်ဘူး၊ ခုဆို အဖွားနဲ့အဖေရှေ့ မှာ အရမ်းအားနည်းပြီး ချွေးမကောင်းယောင်ဆောင်တတ်နေပြီ၊ ဘယ်လိုအမေက သူနဲ့တစ်ပုံစံထဲတူတဲ့သမီးမျိုးမွေးထားနိုင်ပါလိမ့်"

ရှန်လျန်ပြုံးကာ ပြောလိုက်သည်။

ရှန်ချန်ဘာလုပ်ဖို့ကြိုးစားနေမှန်း သူမသိသလို ၊စိတ်လဲမဝင်စားပေ။ ကိုယ့်မျက်နှာကိုယ် မလိုချင်နေတဲ့သူကို ဘာကြောင့်သနားနေသင့်လဲ? တရားဝင်သမီးဖြစ်ချင်နေတဲ့သူကို သူ့နေရာသူသိအောင် သတိပေးဖို့လိုတယ်၊ ရှန်ချန်ဆိုတာ မယားငယ်က မွေးတဲ့ အဆင့်ပဲ!

လက်ရှိ ဒီမှာ ရှိနေတဲ့သူတွေက ရှုပ်ထွေးလှတဲ့ပတ်ဝန်းကျင်နဲ့ မကြီးလာတာ ဘယ်သူရှိလို့လဲ ၊

ရှန်လျန့်စကားတွေကို ပြန်သုံးသပ်ကြည့်ရင် အစအဆုံးရှန်လျန် ဘာမှ မလုပ်ခဲ့ဘူး၊ ရှန်ချန်သာ

မခေါ်ထုတ်ရင် ဘယ်သူမှ သတိမထားမိလောက်ဘူး၊ သတိထားမိရင်တောင် သူ့ကြောင့်ရန်ဖြစ်တာလို့ ဘယ်သူမှ ပြောမှမဟုတ်ဘူး၊ သူတို့မိသားစုဝင်‌တွေ က ဒီအလှူပွဲမှာရှိနေပြီး မိသားစုကိုယ်စားပြုအနေနဲ့ လူငယ်လေးတွေက စကားတစ်ခွန်းမပြောခင် နှစ်ခါပြန် စဉ်းစားရတယ်။

ချက်ချင်းပဲ ရှန်ချန့်ကိုကြည့်တဲ့အကြည့်တွေ ပြောင်းလဲသွားကုန်တယ်။

"ဝူကော....ညီမ အမေက အမြောင်မယားဆိုရင်တောင် အစ်ကို့အမေပဲလေ၊ ဘယ်လိုစကားတွေပြောထွက်ရက်တာလဲ?"

ရှန်ချန် မယုံနိုင်သလိုကြည့်ကာ အရှက်ရနေသည်။ ဒီတစ်ခါတော့ ဟန်ဆောင်တာ မဟုတ်တော့ပဲ မျက်ရည်ကျလာသည်အထိ စိတ်မသက်မသာဖြစ်သွားသည်။ မြို့တော်ရဲ့ နံပါတ်တစ်အလှ‌လေးဖြစ်တဲ့သူ့ကို ဘယ်သူမှ ကာကွယ်မပေးဘူး၊ ဂရုမစိုက်ကြတော့ဘူးလား?

ရှန်လျန်က သူ့ကိုစိတ်ဓာတ်မကောင်းတဲ့သူလို့ တည့်တည့်ပြောရုံသာမက ၊ မကောင်းတဲ့ရည်ရွယ်ချက်တွေပါ ထုတ်ဖော်ပြောသွားတာကြောင့် အားလုံးက ရယ်စရာတစ်ခုလို ကြည့်နေကြကုန်ပြီ ။

ရှန်လျန်ဆိုတဲ့ကောင်ကို အသေသတ်ပစ်ချင်တယ်!

"အဲ့ဒီအမေက ဒီအစ်ကို အိမ်ပြန်မရောက်လာအောင် လမ်းမှာ ဓားပြငှားပြီး တိတ်တဆိတ်သတ်ဖို့ကြံစည်ခဲ့တာ ပြန်တောင် မမှတ်မိချင်ဘူး"

ဖိအားလာပေးချင်နေ တယ်ပေါ့? အရည်အချင်းရှိလားကိုယ့်ကိုကိုယ် ပြန်မေးလိုက်ဦး!

အခုတော့ လျိုရှုဟန်ရဲ့ကောလဟာလ သတင်းဟာ လူထုကြားထဲ ပျံ့နှံ့သွားပြီး ရှန်လျန်က

အမေအဖြစ် မလေးစားရင်တောင် လက်ညှိုးထိုးမယ့်သူမရှိတော့ပေ။ အဆုံးမှာ လျိုရှုဟန်ကသာ တံတားချိုးဖြတ်ပြီး ဆက်ဆံရေးဝေးကွာအောင် အရင်လုပ်ခဲ့တဲ့သူ ပဲလေ?

"ဝူညီ‌ငယ် သက်သေရှိမှ ပြောပါ၊ ညီလေး နယ်မှာ နေရတဲ့ တစ်လျှောက်လုံး အမေက ငါ့ညီအတွက်ပဲတွေးပေးနေတာ ၊ မြို့တော်ပြန်လာတော့မယ်လည်း‌ကြားရော ချက်ချင်း ခြံဝန်းတွေ သန့်ရှင်းပေးပြီး အဆင်သင့်စောင့်နေပေးတာ၊ အဖွားဝေက ဓားပြတွေနဲ့ အကြံအစည်ရှိမယ်မှန်း အမေက ဘယ်လိုသိနိုင်မှာလဲ ၊ အမေက အစအဆုံး ဘာမှ မသိတဲ့သူပဲ"

ရှန်ချန် ဦးတည်ရာမဲ့နေချိန် သူမဘက်မှ လူတစ်ယောက် ဝင်ပြောပေးလာတယ်၊ အရပ်မြင့်မြင့် အေးစက်ဟန်ရှိတဲ့ လူတစ်ယောက် ရှေ့တိုးလာပြီး မောင်နှမ နှစ်ယောက်ကြား ဝင်လာတယ်၊ သူနဲ့အတူ နောက်ထပ်လူနှစ်ဦးပါလာပြီး သုံးယောက်လုံးက အသက်နှစ်ဆယ်ဝန်းကျင် ပင်။

"ဟုတ်ပါတယ်... ကျွန်တော့်အတွက် အတော်လေးတွေးပေးထားတာပဲ၊ ငါးနှစ်တိတိ နယ်မှာ နေခဲ့ရပြီး အစေခံရဲ့အမျိုးမျိုးညှင်းဆဲတာခံရတယ်၊ အမေတစ်ယောက်က သူ့သားကိုနှစ်တွေအကြာကြီး ဒီလို လုပ်ခွင့်ပြုထားတယ်ပေါ့၊ ပြီးတော့ ကျွန်တော့် ခြံဝန်းကိုသန့်ရှင်းပေးထားမှန်းကျွန်တော် ဘာလို့သတိမထားမိပါလိမ့်? အိမ်ပြန်ရောက်တော့ ခြံတစ်ဝိုင်းလုံး ရှန်ချန့်ရဲ့ လူတွေ လာဖျက်စီးထားတယ်၊ ဒီကိစ္စကို ဒုတိယ ဒေါ်လေး စုံစမ်းဖော်ထုတ်ပေးလို့ တော်သေးတာပေါ့၊ ကျွန်တော် ဘာအမှားလုပ်မိလို့လဲ? ဓားပြကိစ္စဆိုရင် အဖွားဝေက အမေ့ရဲ့အစေခံလေ..ကျွန်တော် သူ့အပေါ် ဘာအာဃာတ မှမရှိဘူး၊ ကျွန်တော့ကို ဒုက္ခပေးရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ? တစ်ယောက်ယောက်က ‌မစေခိုင်းပဲ နဲ့ သခင်မရဲ့ သားကို ဒီလိုလုပ်ရဲလား၊ ဦးနှောက်မရှိတဲ့ သူပဲ ညီမ စကားကိုယုံလိမ့်မယ်၊

အစ်ကိုနှစ်ကအင်ပါယာတက္ကသိုလ်မှာ ပညာသင်နေပြီး လာမယ့်ဆောင်းမှာ ဒုတိယစစ်ဆေးမယ့် အမှုထမ်းစာမေးပွဲ အတွက်ပြင်ဆင်နေတာမလား၊ အစ်ကိုလည်း အရူးလုပ်ခံရမယ်လို့ ကျွန်တော် ထင်တောင်မထင်ထားဘူး"

ကြားဝင်လာတဲ့သူကတစ်ခြားသူမဟုတ်၊ လျိုရှုဟန်ရဲ့သား ရှန်ရှောင်.. အမတ်ကြီးရဲ့ ဒုတိယမြောက်သားဖြစ်ပြီး အကြီးဆုံးသား ရှန်တာ့ထက် လအနည်းငယ်ပဲ ငယ်တာကြောင့်အသက်က 20ပြည့်ပြီး ဖြစ်တယ်။

"ဪ ကျွန်တော် မေ့တော့မလို့ ဓားပြတွေရော၊ အဖွားဝေရော အကုန်သေကုန်ပြီဆိုတော့သက်သေလည်းမရှိတော့ဘူး၊ ဝန်ခံမယ့်သူမရှိမှတော့ ဘာဆက်လုပ်နိုင်မှာလဲနော်?"

"ရှန်လျန်..ကိုယ့်နေရာကိုယ် သိစမ်း!"

ရှန်ရှောင် ‌လူသတ်ချင်စိတ်ကြောင့် မျက်နှာ ညိုမှောင်လာသည်။ ဘေးနားက လူတွေမှာ ကူကယ်ရာမဲ့စွာ ကြောက်လန့်ကုန်သည်။

ရှန်လျန်က သူ့အပေါ် လုံးဝ သက်ရောက်မှုမရှိသည့်နှယ် အပြုံးပါးပါးလေးပင် ပြုံးလိုက်သေးသည်။

"ကျွန်တော်က ကိုယ့်နေရာကိုယ်သိတယ်၊ တစ်ချို့လူတွေက တော့ မသိကြဘူးထင်တယ်"

မောင်နှမ နှစ်ယောက်လုံးက လက်ရှိမှာ တရားဝင်ဖြစ်နေပေမယ့် ရှန်လျန်နဲ့ယှဉ်ရင်တော့ အဆင့်အတန်းမတူပါချေ။ ပထမဇနီးက မယားငယ်ရဲ့ အထက်တွင်သာ ရှိရသည်က ထုံးစံပင်။ ယခု အားလုံး၏ရှေ့မှာပင် ရှန်လျန်က ကိုယ့်အဆင့်ကိုယ်သိရန် ခြိမ်းခြောက်ခံနေရသည်၊ သို့တည်းမဟုတ် ဤကဲ့သို့ အမြဲ လစ်လျူရှုခံနေရသည်လော ။

"မင်း...."

ရှန်ရှောင့် အင်္ကျီစကို ဘေးမှ လူက အမြန် ဆွဲထားလိုက်ပြီး....

"ကဲပါ... အစ်ကိုနှစ်ရာ၊ ညီငယ်၅က လူငယ်ပဲရှိသေးတာ ၊ ဘာလို့ သူနဲ့ပြိုင်ပြောနေမှာလဲ? ရှောင်ဝူလည်း စကားလျှော့ပြောပေါ့၊ အစ်ကိုနှစ်က မင်းဒီမှာရှိတယ်ဆိုလို့ အစ်ကိုတို့ကိုခေါ်ပြီး ချက်ချင်းလာတွေ့တာ၊ ညီငယ် ပြန်ရောက်လာတာ ဝမ်းသာတယ်ကွာ"

"ဒီက...ဘယ်သူ?"

"......."

ရန်ဖြေနေတဲ့သူပဲချက်ချင်းတိတ်ကျသွားတယ်၊ ရှန်လျန်က တစ်ကယ်ရိုးသားပုံပေါ်တယ်၊ သူဘယ်လိုလုပ် မိသားစုဝင်ကိုမမှတ်မိရတာလဲ?

"ဝူကော ဘာလို့ဒီလိုဆက်ဆံတာလဲ၊ ညီမတို့ကို အသည်းထဲနှလုံးထဲထိ မုန်းနေတယ်ဆိုရင်တောင် ဒုတိယ အဒေါ်နဲ့ အစ်ကိုတို့က ကောအပေါ် ကောင်းကောင်းဆက်ဆံပါတယ်၊ ဘာလို့ အစ်ကို၄ ကိုမမှတ်မိချင်ယောင်ဆောင်ရတာလဲ"

ရှန်ချန် ဆက်ဟန်ဆောင်မနေတော့ပဲ ခြေဆောင့်ကာ မတရားခံရသည့်နှယ် စွပ်စွဲသည်။

လူအုပ်က တစ်ဖန် ရှန်လျန့်ဘက်လှည့်ကြည့်ကြပြန်တယ်၊ ရှဲ့ယန်နဲ့ 'ကော' တစ်သိုက်လည်း ကူကယ်ရာမဲ့ပြီး စိတ်ရှုပ်ထွေးစွာကြည့်လာသည်။ သူတို့အနေနဲ့ မိသားစုကိစ္စတော့ ဝင်ပါရန်မသင့်တော်ချေ။

"ဒီတော့ အစ်ကို၄ ဖြစ်နေတာကိုး"

ရှန်ချန်ကို အဖတ်မလုပ်ပဲ ဒုတိယမိသားစုရဲ့ သားကြီးကိုပြုံးပြလိုက်တယ်။

"ကျွန်တော် တောင်းပန်ပါတယ် အစ်ကို၄ ၊ အသက်ဆယ့်နှစ်နှစ်ထဲက အိမ်မှာ မနေခဲ့ရတာရယ် ပြန်လာတော့လည်း အစ်ကိုတို့နဲ့ တစ်ကြိမ်မှ မတွေ့ရသေးတာ ကြောင့် မမှတ်မိတာပါ၊ အစ်ကို၄ပဲ ခွင့်လွှတ်ပေးပါနော်"

သူတို့ဒုတိယအိမ်နဲ့ အရမ်းရင်းနှီးသလိုမြင်ကွင်းမြင်လိုက်လို့ကတော့ ဘာကိစ္စ အားလုံးရှေ့မှာ ရှန်လျန်က ရင်းနှီးသလို လာလုပ်နေလဲ ဆိုပြီး ရှန်ချောင် ခုန်ဆွခုန်ဆွ ဖြစ်နေလိမ့်မည်။

"အဲ..အင်း ရပါတယ်၊ အစ်ကိုမတွေးမိတာပါ၊ ငါ့ညီ ပြန်ရောက်တာတောင် တစ်ခါမှ လာမလည်ဖြစ်ဘူး"

ရှန်ယန် ပြန်ပြုံးပြလိုက်ပေမယ့် နည်းနည်း အောင့်သီးအောင့်သက်ဖြစ်နေသည်။

"အစ်ကို၄ က ဟာသတွေပြောနေပြန်ပြီ၊ အစ်ကိုတို့က အင်ပါယာ တက္ကသိုလ်ကျောင်းသားတွေမလား၊ ဆောင်းတွင်းစာမေးပွဲကလည်းစတော့မယ်၊ မကြာခင် အရာရှိတွေ‌ဖြစ်လာတော့မယ့်သူတွေရဲ့ စာလုပ်ချိန်ကို ကျွန်တော် မနှောင့်ယှက်ရဲပါဘူး"

ညီအစ်ကို မောင်နှမ တစ်သိုက်က ကောင်းကောင်းသရုပ်ဆောင်နေကြပြီး ရှန်လျန်ကလည်း ပူးပေါင်းပေးသည်။ သူနဲ့ ဒုတိယမိသားစုရဲ့ ဆက်ဆံရေးအား လျိုရှုဟန်က သံသယဝင်သွားပြီး အချင်းချင်းကိုက်ကြရန် ရည်ရွယ်သည်။

"ဝူတိ (ညီ၅) ပြောတာ အဓိပ္ပာယ်ရှိတယ်"

သူနဲ့ရှန်ရှောင်ကြား ရှန်လျန်ရဲ့ ဆက်ဆံပုံမတူညီတာကြောင့် ရှန်ယန့်အပြုံးက ပိုပိုပီပြင်လာတယ်။

"အစ်ကို ရှန်ကျိုးက ညီမလေးကို အနိုင်ကျင့်တယ်"

သရုပ်ဆောင်ချိန် ရောက်ရှိလာပြန်သည်။ အစောပိုင်း မြောင်းထဲရောက်သွားတဲ့ ကောင်မလေးက ယောင်္ကျားတစ်ယောက်ရဲ့ လက်မောင်းထဲ ပစ်ဝင်လိုက်ပြီး ရှန်ကျိုး ဆီလက်ညှိုးထိုးလိုက်ပြီး သူမရဲ့ ရက်စက်သည့်အကြည့်တွေက ရှန်လျန့်ကို ကြည့်နေသည်မှာ ဘွင်းဘွင်းရှင်းရှင်းပင်။

"ရှန်ကျိုး၊ ကျောင်းကျောင်းက မိန်းကလေးလေ ၊စိတ်ထဲ ထည့်မနေနဲ့၊ သူ့ကိုအနိုင်ကျင့်ရင် သူများရယ်မှာ မကြောက်ဘူးလား?"

ကောင်မလေးအသံကြားပြီး ထိုလူက ကာကွယ်ပေးရနိရှေ့တိုးလာသော်လည်း...

"ငါတို့ လင်အန်းအိမ်တော်ကို ဘယ်သူတွေရယ်ရဲသလဲ"

ဩဇာညောင်းတဲ့အသံနဲ့ အသက်နှစ်ဆယ်အရွယ် ကြည့်ကောင်းတဲ့ လူတစ်ဦး က ခပ်ဖြည်းဖြည်း ရောက်ရှိလာတယ်၊ ခဲရောင် ပိုးသားဝတ်စုံက ရှည်လျားတဲ့အရပ်‌အမောင်း၊ ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်ညီနေတယ်၊ တစ်ကိုယ်လုံး အရှိန်အဝါနဲ့ပြည့်နေပြီး ကျောက်စိမ်းသရဖူက သူ့ဆံပင်ကို‌ချည်နှောင်ထားတယ်၊ လမ်းလျှောက်ဝင်လာတဲ့အချိန် စင်းကျနေတဲ့ဆံသားတွေက လှုပ်ယမ်းနေပြီး ခန့်ညားကြည့်ကောင်းတဲ့ ကိုယ်ဟန် အနေအထားပါထည့်ပေါင်းလိုက်လျှင် ဆိုဖွယ်ရာ မရှိပြီ။

မိန်းမပျိုများစွာက ထိုသူနဲ့ လက်ထပ်ချင်လွန်းသဖြင့် စိတ်လှုပ်ရှားနေပြီး ရှက်ဝဲဝဲဖြစ်နေကြသည်။

လင်အန်းရဲ့အမွေဆက်ဆံသူ သားကြီး ရှန်ချင်ဖြစ်သည်။ သုံးနှစ်ဆက်တိုက် ထိပ်ဆုံးကျောင်းသားဖြစ်ပြီး အင်ပါယာ တက္ကသိုလ် ကျောင်းသားပင်။ သည်လူက အနာဂါတ်မှာ ရွေးချယ်ခံရမယ့် အရာရှိ တစ်ဦးဖြစ်လာမည်မှာ မလွဲဧကန်။

"သခင်လေး!"

အားလုံးကချက်ချင်းပဲ တလေးတစား ဦးညွှတ်နှုတ်ဆက်ကြတယ်။ ရှန်ကျိုးကို မကြည့်ခင် ရှန်ချင် ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ပြုံးပြလိုက်သည်။

"ဆိုတော့ ဦးလေး ကျန်းရဲ့ သားကြီးနဲ့ သမီး ဟုတ်တယ်ဟုတ်! ညီလေးက ဘာတွေ လုပ်မိလို့ မောင်နှမနှစ်ယောက်လုံး ဝိုင်းအနိုင်ကျင့်နေကြတာလဲ ပြောပါဦး?"

"အဲ့ဒါက...."

အသက်အရွယ်ချင်း တူကြပေမယ့် တစ်ဖက်က ထိပ်ဆုံးကျောင်းသားဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အလားအလာရှိသူစာရင်းထဲ ဝင်နေခဲ့သူ၊ ကျန်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်နေလျှင်တောင် အနေအထားက ကွာခြားလွန်းသည်။

ပြီးလျှင် ဘာကိစ္စတွေ ဖြစ်ခဲ့မှန်း သူက တစ်လုံးတစ်ပါဒမျှ သိမနေချေ။

"သခင်လေး...."

မူလက ထောင်လွှားနေတဲ့ မိန်းကလေးက ချက်ချင်းပဲ မျက်နှာ နီကာ ရှက်သွေးဖြန်းနေတော့သည်။

ထိုမြင်ကွင်းကို ရှန်ကျိုးမြင်သော် အန်ချင်သလို ခံစားလိုက်ရပြီး

"ကော ဘယ်လို ရောက်လာတာလဲ?"

သူ့တာ့ကော မာယာဆိပ်မိသွားမှာ စိုးရိမ်ကာ အင်္ကျီ စွန်းကို လှမ်းဆွဲလိုက်သည်။ ဒီလိုမရီး မျိုးနှင့် တစ်ကယ် လက်ထပ်လိုက်ပါက သူလဲ အမြန်ဆုံး လူရှာပြီး လင်ယူလိုက်တော့မည်။ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါဘိ!

"ငါသာမလာရင် မင်းက ခွေးတွေကြောင်တွေ ဆီကတောင် အနိုင်ကျင့်ခံရတော့မှာလေ"

ရှန်ချင်က ရှန်ကျိုးရဲ့ နှာထိပ်ဖျားကို တို့လိုက်တယ်၊ သူ့ပုံစံက တစ်ဖက်မိန်းကလေးရဲ့ သိမ်မွေ့စွာရှက်ရွံ့နေဟန်ကိုသတိမထားမိသည့်နှယ် .....

Words 2736

Grape 🍇

( TN .

1. ရှန်လျန်ရဲ့ ရှန် .... ရှန်ကျိုး ရဲ့ရှန် က အသံထွက် ရော စာလုံးပေါင်းရော မတူပါဘူး၊

2. ရှန်တာ့ သားကြီး နဲ့

ရှန်လျန်(5ယောက်မြောက်) ဝေကျစ်ချန် မှမွေး

ရှန်ရှောင် (၂ယောက်မြောက်) လျိုရှုဟန်သား

ရှန်ချန်(7ယောက်မြောက်) လျိုရှုဟန်သမီး

ရှန် ယန် (၄ယောက်မြောက်) ကျောက်လန်သား

ရှန်ချောင် ကျောက်လန်သမီး

3.ရှန်ချင်နဲ့ ရှန်ကျိုး(ညီအစ်ကို)

ရှန်ချင်က ရှန်တာ့ သူငယ်ချင်းကောင်း

ရှန်လျန် (၅ယောက်မြောက်)

၅ ကို တရုတ်လို - ဝူ

ရှောင်ဝူ၊ ဝူကော၊ ဝူတိ စသဖြင့် သင့်တော်ရာလှည့်သုံးပါတယ် ၊မိသားစုဝင်တွေပဲ ခေါ်တာပါ

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment