no

Font
Theme

' မြို့စားမင်း၏ နှုတ်ဆက်စကား'

"အဟင်း... ဒါပေါ့ သူတို့က သတိထားမိသွားရအောင်ကိုယ့်ကိုဘယ်သူထင်လို့လဲ?! လို့ ခင်ဗျားပြောလာမယ်ထင်နေတာ"

ဖေးယွမ်ရွှင်းရဲ့ အပွေ့ဖက်ကနေ ရုန်းပြီး ဘေးမှာ ထိုင်လိုက်၏။ ထို့နောက် စားပွဲပေါ် ၌ လက်တစ်ဖက်ထောက်၊ မေးတင်ရင်း ပြုံးလိုက်သည်။

ဖေးယွမ်ရွှင်းက သူ့နဖူးကို လက်နဲ့လှမ်းတောက်ကာ

"ငယ်လေးက ကိုယ့်ကို စနောက်ရဲနေပြီပေါ့"

"ဘာတွေ ပြောနေတာလဲ.. ကျွန်တော်က ခင်ဗျားကို စတယ် ဟုတ်လား"

ရှန်လျန်သည် စကားနိုင်လုရာ၌ အလွန် ကျွမ်းကျင်သူ ဖြစ်၏။

"ထားပါတော့.. ခု အတည်ပြောမယ်.. ဘာလို့ ဒီရောက်နေတာလဲ? ဝမ်ယွဲ့မြို့ အခြေအနေ ကောင်းသွားမှ ပြန်လာပါဆိုနေ"

ယောင်းကွမ်နဲ့ ထျန်းချွမ်တို့ နှစ်ဦးလုံး က တာဝန်ထမ်းဆောင်နေကြသည်။ ဒီရက်ပိုင်းအတွင်း ဖေးယွမ်ရွှင်းကလည်း ခြေရာခံမရအောင် ပျောက်သွားရာ ရှန်လျန်မှာ တစ်ခုခုလိုနေသလိုလို နေမထိထိုင်မသာ ဖြစ်ကျန်ခဲ့သည်။ အကျင့်က ဖျောက်ဖျက်ရခက်၏။

တွေ့ဖူးတာ အချိန် ဘယ်လောက်ရှိသေးလို့လဲ နော်? ရှန်လျန်သည် ထိုလူ၏တည်ရှိမှုကို နေသားကျနေခဲ့ပြီ ။

"အမိန့်ပေးစရာရှိတာတွေ ပေးထားခဲ့ပြီးပြီ... ကောင်းကောင်း စီစဉ်ဆောင်ရွက်ဖို့ရယ် သတင်းစောင့်ပြီး၊ တုံ့ပြန်ဖို့ပဲကျန်တော့တယ်... မတွေ့ရတာ ကြာနေပြီ... ကိုယ့်ကိုသတိမရဘူးလား? ဒီအချိန်လေးကို ပျင်းစရာကောင်းတဲ့ ကိစ္စတွေ ဆွေးနွေးရင်းအချိန်ကုန်မလို့လား ဟင်"

ရှန်လျန်က သူ့ကိုယုံကြည်သလို ဖေးယွမ်ရွှင်း ကလည်း ကိုယ့်စကားကိုယ် တာဝန်ယူရဲ၏။ ကိစ္စအားလုံးက သူကိုယ်တိုင် ကိုင်တွယ်ပေးရမယ့်အဆင့်ထိ မရောက်သေးတာတစ်ခုပဲ ။

ဒီရက်တွေ မှာ ရှန်လျန့်ဆီ မလာနိုင်တာကလည်း ပင်းရန်မြို့ကို ခရီးထွက်နေရ၍ဖြစ်၏။

"ဘာလို့ သတိရရမှာလဲ? ဒီတစ်လော ကျွန်တော် ဘယ်လောက်အလုပ်ရှုပ်နေလဲ သတင်းကြားတယ်မဟုတ်လား? ကြည့်ကြည့်‌! အိမ်ကျယ်သွားပြီမလား.. ရှစ်ရက်အတွင်း အပြီးဆောက်တာကိုယ့်ဟာကိုယ် ယားလို့တောင်မကုတ်အားဘူး"

သတိရတာ ဝန်မခံခြင်းဖြင့် ဖေးယွမ်ရွှင်း၏ စိတ်ကြီးဝင်မှုကို တားဆီးလိုက်သည်။ မဟုတ်ပါက ကောင်းကင်ပေါ် မြောက်တက်သွားမည့်

သူ့အမြှီးကို လိုက်ဆွဲချနေရဦးမည်။

"အိမ်က ကျယ်ပါတယ် ၊ပုံစံကတော့ ရိုးလွန်းတယ်.. ကိစ္စမရှိပါဘူး.. ဘာပဲဖြစ်ဖြစ် ခဏပဲနေမှာကို.. အနာဂါတ်မှာ ကိုယ် က မင်းကို အကောင်း

တကာ့ အကောင်းဆုံးတွေပဲ ပေးမှာ"

ဖေးယွမ်ရွှင်း က အခန်း တစ်ပတ်ပတ်ကြည့်ပြီး စားပွဲစွန်းမှာ တင်ပလွဲထိုင်ရင်း ‌ခေါင်းငုံ့ကာပြော၏။

"ဟိုလူနှစ်ယောက်ကို ဘာလုပ်ခိုင်းလိုက်တာလဲ.. အဆိပ်ခတ်ခိုင်းတာလား"

"အဲ့လိုလုပ်ရအောင် ကျွန်တော့်ဦးနှောက်မကောင်း တော့ဘူး ထင်လို့လား.. အဆိပ်တော့မဟုတ်ပါဘူး သူတို့အတွက် ပါးပါးလေးပဲ ပုတ်ပေးလိုက်တာ"

"အဲ့လိုလား"

ရှန်လျန့်စကားသံထဲက အေးစက်စက်အရိပ်ငွေ့တွေကြောင့် ဖေးယွမ်ရွှင်း အလိုမကျဖြစ်သွားသည်။

"သူတို့ဘာထပ်လုပ်ပြန်ပြီလဲ"

ဘာမှ မလုပ်ရင် ငယ်လေးက ဒီအချိန်ကြီး လက်တုံ့ပြန်ပါ့မလား?

သူကလည်း ရန်သူတွေ ပိုက်ကွန်ကြီးကြီးထဲ တစ်စုထဲ မိဖို့ စောင့်နေတာကြောင့် အချိန်ကြာနေတာ... အခုတော့ပေး လွတ်လပ်ထားဦးပေါ့!

"ကိစ္စကြီးမဟုတ်ဘူး ဒီတိုင်း အနောက်ဆောင် လှည့်ကွက်တွေပါပဲ"

ရှန်လျန် မျက်နှာ မကောင်းပေမယ့် သန္ဓေမတည်ဆေး အကြောင်းကိုတော့ ထုတ်မပြောချင်ပေ။

"အနောက်ဆောင် လှည့်ကွက်"

ဖေးယွမ်ရွှင်း မျက်ခုံးပင့်၍ သေချာထိုင်ချကာ

ရှန်လျန်နှင့်အကြည့်ချင်းဆုံသည်။

"ဒါဆို သူတို့ကို ဘာဆေးခတ်လိုက်တာလဲ ပြောပြ"

ဖေးယွမ်ရွှင်းက မျက်နှာမှာ ဘာမှ မဖော်ပြပေမယ့် စိတ်ထဲမှာတော့ ယောင်းကွမ်ကိုတစ်ခြားသူနဲ့ နေရာလဲဖို့ တွေးနေပြီးပြီ။ လျန်လျန်က တော်ရုံဆို သူများနဲ့ ရန်မဖြစ်တတ်ပါ။ ဘေးမှာ ဘယ်သူမှ မထားမိတာနဲ့ ရှန်လျန် ဘာလုပ်နေမှန်း သိဖို့ ခက်ခဲသွားရ၏။ ဒီကိစ္စကို လစ်လျူရှုလိုက်ရန် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပေ။

"မှန်းကြည့်လေ"

ရှန်လျန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ထိုအမူအရာလေးက မြို့စားမင်း၏ ရင်ကို ကလိကလိ ဖြစ်သွားစေသည်။

ဖေးယွမ်ရွှင်းမနေနိုင်တော့ပဲ လျန်လျန့်ပါးကို ညှစ်လိုက်၏။

"မင်းကလေ အရွယ်ရောက်လာတယ်ဆိုပေမယ့် တစ်ယောက်တည်း အရာအားလုံးမဖြေရှင်းလို့ရမလား... ပြီးမှ ကိုယ် မသက်ညှာဘူးလို့ အပြစ်မတင်နဲ့နော်"

"ဟဟ... ကလေးဆန်လိုက်တာ! ကဲပါလေ ပြောပြလိုက်ပါမယ်.. တစ်ကယ် ဘာမှ မဟုတ်ပါဘူးဆိုနေ.. သူတို့ခန္ဓာကိုယ် ကျန်းမာအောင်ပဲ လုပ်ပေးလိုက်တာ ၊ အသားအ‌ရည်ပိုကောင်းလာမယ်... ကလေးရလွယ်မယ်... ဒီတိုင်း ကျန်းမာဖို့ ဆေးအထောက်အကူ ပါပဲ"

ကိုယ့်ဆီ ရောက်လာမယ့်ကံတရားကို သူတို့ဆီ ပြန်ပုတ်ထုတ်ပေး လိုက်သည်။ အမျိုးသမီးတစ်ယောက်က အင်မတန်လှပတယ်ဆိုတာ ကိစ္စကောင်းတစ်ခုတော့ မဟုတ်ဘူး ။ တစ်စုံတစ်ယောက်မှ အနိုင်လာကျင့်ပါဟု ဖိတ်ခေါ်နေသလိုပဲ ဖြစ်သွားလိမ့်မည်။

ယောင်္ကျားလေးတွေ အတွက်လည်း ဆေးအာနိသင်က အလွန်ချောမောလာစေမှာပင်။ ရှန်ရုချင်တို့ညီအစ်ကိုနဲ့ ရှန်ရန် ရဲ့ အသားအရည်က ပိုချောမွတ်လာပြီး မုတ်ဆိတ်တွေ ပါးသွားကာ ရင်သားတွေ ဖွံ့ဖြိုးလာလျှင် ရှန်ချောင်လိုပဲ အိမ်ထဲက အိမ်ပြင် မထွက်ပဲ နေကြလိမ့်မလား...

"ပုံစံကြည့်ရတာ တစ်ကယ် ဆေးစွမ်းကောင်း ဖြစ်မယ်ထင်တယ်... လန့်စရာပဲ... ရလဒ်ကို မြင်ချင်နေပြီ"

ဖေးယွမ်ရွှင်းက သူ့လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ကာ

"ယိုအာကိစ္စကို ကောင်းကောင်းကိုင်တွယ်လိုက်နိုင်တာပဲ... ဖွက်ပြီး ထားတာထက် သူရှိကြောင်းဖော်ထုတ်လိုက်တာက အဆင်ပြေသွားတယ်... တောထဲမှာနေတာထက် မြို့လယ်ကိုခေါ်ထုတ်လိုက်တော့ ယိုအာက လွတ်လွတ်လပ်လပ် နေနိုင်ပြီး ရန်သူတွေလည်း သူ့ကိုအလွယ်တကူ အသုံးချလို့မရတော့ဘူးပေါ့၊ ကလေးကို ဒုက္ခပေးမယ့်သူမရှိအောင်ပဲ ကာကွယ် စောင့်ရှောက်ဖို့ ကျန်တော့တယ်"

ထျန်းချွမ်နဲ့ တစ်ခြားလူတွေက တာဝန်လုပ်ဆောင်ဖို့ သွားလိုက်တာကြောင့် ဖေးယွမ်ရွှင်းက လတ်တလော ရှန်လျန့်ရဲ့သတင်းကို စုံစမ်းပေးမယ့်သူမရှိပေမယ့် ကလေးတစ်ယောက်ကိုမွေးစားလိုက်တယ်ဆိုတာတော့ ပြန်မလာခင်တည်းက သတင်းကြားသည်။

"အင်း ကျွန်တော့အတွေးက ဒီလို.... ရတနာပစ္စည်းကို ဖွက်ထားချင်လေလေ လူတွေက ဖော်ထုတ်ချင်လေပဲ...အဲ့လိုလုပ်ဖို့ သူတို့မှာ နည်းလမ်းပေါင်းစုံရှိတယ်.. ကျွန်တော် တစ်ခုခုဖြစ်ရင် ကိစ္စမရှိပေမယ့် ယိုအာကိုတော့ နည်းနည်းမှ ထိခိုက်မခံနိုင်ဘူး.. ဒါကြောင့် ယိုအာ ရှိနေတာကို အသိပေး ဖို့ လုပ်လိုက်တာ... မိဘအကြောင်း မပေါ်သေးသရွေ့ အဆင်ပြေတယ်"

ဒါပေမယ့် ဒီဆုံးဖြတ်ချက်က ယိုအာကိုတုံးလင်အိမ်တော်ရဲ့ မြေးအကြီးဆုံး နေရာအစား စွန့်ပစ်ခံရလို့ ရှန်လျန်မှ ကောက်မွေးစားထားတယ် ဟုပြောင်းလဲခံခဲ့ရ၏။

"ဘာတွေ အတွေးလွန်နေတာလဲ... လူတွေက လောဘမကြီးသင့်ဘူးလေ.. ငါးနဲ့ ဝက်ဝံနှစ်ကောင်လုံးကို တစ်ပြိုင်တည်း မဖမ်းနိုင်ဘူး... အစ်ကို၂ ပြန်လာရင် ယိုအာက သူ့သားဆိုတာကို တစ်လောကလုံးကို ကြေငြာမောင်းခတ်မှာပဲလေ။ အချိန်ကျလာရင် တပ်မှူးနဲ့ စစ်နတ်ဘုရားရဲ့ ကလေးမှန်း လူတိုင်းသိသွားကြလိမ့်မယ်"

ရှန်လျန် တွေးနေတာကို တစ်ချက် အကဲခတ်ရုံနှင့် ဖေးယွမ်ရွှင်းသိလိုက်ပြီး ပြုံးကာ ခေါင်းခါ၏။

ရှန်လျန်က ရှန်တာ့တို့သားအဖနှင့်ပတ်သက်လျှင် အလွန်အထိမခံနိုင် မှန်း သူသိ၏။

"သူတို့ရဲ့ပတ်သက်မှုကို ဖော်ထုတ်မှာလား"

ရှန်လျန် အံ့ဩသွားသည်။ ပတ်သက်မှုကို ထုတ်ပြောလိုက်ရင် ဟော်ရဲ့လင်က 'ကော' ဆိုတာ ပေါ်သွားမှာ မဟုတ်လား.. ပြည်သူလူထုက ကြီးကြီးမားမား တုံ့ပြန်မှာ မဟုတ်ပေမယ့်၊ ဧကရာဇ်က သံသယဖြစ်သွားမှာ.. သူ့အစ်ကိုက ဝေမိသားစုသွေးပါသူဖြစ်ပြီး၊ ဟော်ရဲ့လင်က စစ်ရေးရာကျွမ်းကျင်ကာ တပ်တစ်ခုလုံးကိုအုပ်ချုပ်နေတဲ့သူဆိုတော့ ထိုလူနှစ်ယောက် ပေါင်းဖက်သည့်ကိစ္စကို ဧကရာဇ်က အလွယ်တကူခွင့်ပြုပါ့မလား... ဒါပေမယ့် သားတစ်ယောက်တောင် မွေးထားကြပြီးပြီဆိုတော့ ခွဲလို့လည်းမရတော့ဘူး... နောက်ဆုံး သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို လုပ်ကြံနိုင်ချေရှိသည်။

ခုဆို သူတို့ ပြန်လာဖို့လည်း လိုသေးတယ်ဆိုတော့ ဟိုမှာ ဘာတွေ ဖြစ်နေမလဲ ဘယ်သူသိမှာလဲ..

"အစ်ကိုနှစ် ဘာတွေ တွေးနေလဲ မသိပေမယ့် သူ့လူတွေကို ထိရင် သည်းခံမှာတော့မဟုတ်ဘူး... သူ့မှာ ကိုယ်ပိုင် အစီအစဉ်တော့ ရှိထားလောက်တယ်"

ဒီကိစ္စမှာ ရှန်လျန့်ကို ဦးမဆောင်စေလိုပါ... အဆုံးမှာ ဒါက အစ်ကိုနှစ်ရဲ့ ကိုယ်ပိုင်ကိစ္စလေ...တွေးပူပေးဖို့လိုမယ် မထင်ဘူး... အကူအညီ လိုလာရင်တော့ လာရှာလို့ရပါတယ် ။

"သူတို့ပြန်လာမှ ဒီအကြောင်းဆွေးနွေးကြတာပေါ့"

ရှန်လျန် ခေါင်းငြိမ့် သဘောတူရုံသာရှိ၏။ ရုတ်တရက် ဖေးယွမ်ရွှင်း၏ ပခုံးပေါ်မေးတင်ပြီး တီးတိုးပြော၏။

"မြို့စားမင်းကရော... ကျွန်တော့်ကို လက်ထပ်ပါ့မယ်ဆို? ခုထိ ဘာသတင်းမှလည်း မကြားသေးပါလား"

"ကိုယ့်ကို စ ပြန်ပြီ!"

ရှန်လျန်ရဲ့နဖူးကို လက်နဲ့တောက်လိုက်ပြီး

"ဒီကိစ္စက သေချာစီစဉ်ထားပြီးပါပြီ. အချိန်ကျလာရင် ကိုယ်စီစဉ်ထားတဲ့ ထောင်ချောက်ထဲ သားကောင်တွေ တိုးဝင်လာတာနဲ့ အားလုံးအဆင်ပြေပြီ"

သခင်မကြီးက ရှန်လျန်နဲ့ သူ့ကို သဘောမတူမှာ သေချာသည်။ ဧကရာဇ်ကလည်း ရူးနေရင်တောင် သဘောတူမှာ မဟုတ်လို့ နှစ်ယောက်လုံးအချိန်ကောင်း စောင့်နေရပေမယ့် ဖေးယွမ်ရွှင်း သည်းခံနိုင်ပါသည်။

"ဟုတ်ပြီလေ...အဲ့ဒါဆိုလည်း သတင်းကောင်းကို စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်"

ရှန်လျန့် အကြည့်က အနည်းငယ်ပြောင်းလဲ သွားကာ...

"မြို့စားအရှင် မနက်ဖြန်...ဧကရီ နတ်ရွာစံလိမ့်မယ်နော်"

"ဟမ်?"

ဖေးယွမ်ရွှင်း သူ့ကိုငုံ့ကြည့်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

"သတင်းတွေ ဘယ်ကရလဲ ကိုယ်တစ်ကယ်သိချင်မိတယ်.. ဧကရီရဲ့ သေဆုံးမယ့်နေ့ကိုတောင် တိတိကျကျပြောနိုင်တယ်ဆိုတော့.. မသိရင် အရင်က ကြုံဖူးခဲ့သလိုမျိုး"

ဖေးယွမ်ရွှင်းရဲ့ ဦးနှောက်က တစ်ကယ်ကောင်းတာကိုတော့ ရှန်လျန် ဝန်ခံပါ၏။

ရှန်လျန် ရယ်ချင်ပက်ကျိဖြစ်ကာ..

"ကြုံချင်လည်း ကြုံဖူးမှာပေါ့"

အရင်ဘဝအတွေ့အကြုံက တစ်ကယ် ရှည်ကြာတဲ့ အိပ်မက်တစ်ခုလိုပဲ။

"အဲ့လို မပြောနဲ့ ! ကိုယ် မကြိုက်ဘူး"

သူ့ပါးကို ဆွဲညှစ်ပြီး ဖေးယွမ်ရွှင်းမျက်နှာ တည်သွားသည်။

"ကိုယ်ဒီနေ့ လျန်လျန့်ကို အသိပေးချင်လို့လာခဲ့တာ....ဝမ်ယွဲ့အရေးကို ကူညီအားဖြည့်ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ်ခရီးထွက်ပြမလို့. ကိုယ်နဲ့အတူ လူတစ်ချို့ကိုလည်းဆွဲခေါ်သွားမှာ.. အဲ့ဒီမှာ ပြဿနာရှာမှာစိုးပြီး တစ်ချို့ကအတူလိုက်လာပေး ကြလိမ့်မယ်.. ကိုယ်သွားရင် ဗိုလ်ချုပ်လင်းကလည်း ဝမ်ယွဲ့ကို လူတွေ ထပ်လွှတ်ပေးလာမှာ အသေအချာပဲ"

လူအင်အားများလေလေ တာတမံ မကျိုးပေါက်ရေး ကာကွယ်နိုင်လေဖြစ်ပြီး ကိစ္စအတော်များများကိုလည်း ဆောင်ရွက်ကိုင်တွယ်စေနိုင်သည်။ လက်ရှိမှာဝမ်ယွဲ့မြို့ကို စောင့်ကြပ်နေသူ လူသုံးထောင် စေလွှတ်ထားပြီး တစ်ကယ်လို့ ရေကာတာ ပြိုကျခဲ့ရင် ပြည်သူလူထုကိုကာဆယ်ဖို့ မြို့ရဲ့ချောင်ကြိုချောင်ကြားမကျန် အစောင့်တွေ နေရာချထားပြီးဖြစ်၏။ ဖြစ်နိုင်ရင်တော့ လူကဒုတိယ၊ ရေကာတာက ပထမဦးစားပေးပေါ့! မိုးကြီးလေကြီး ရွာချပေမယ့် ဆည်တာတမံကို ချက်ချင်းကြီး ကျိုးကျအောင် မဖျက်စီးနိုင်ရာ... ဗိုလ်ချုပ်လင်းရဲ့ တပ်သားတွေ ထိန်းထားပေးနိုင်သရွေ့ သံမဏိတပ်သားကလည်း အမြန်ဝင်ကူမည်ဖြစ်သည်။ နောက်ဆုံး ရေကာတာကို မထိန်းနိုင်တော့ဘူးဆိုရင်တောင် ပြည်သူတွေအတွက် စိုးရိမ်စရာမလိုအောင် စီစဉ်ထား၏။

"အွန်း...ဒီအကြံမဆိုးဘူး... ဗိုလ်ကြီးလင်းရဲ့ တပ်သားတွေ ရှိရင် အဆင်ပြေတာပေါ့... ဧကရာဇ်က နဂိုထဲကမှ ချင်ဖင်းမြို့စားဆိုရင် သိပ်ကြည်တာ မဟုတ်ဘူး... ရေကာတာပျက်စီးမှာ ကို တားလိုက်နိုင်တယ်ဆိုရင် အဆင်ပြေပေမယ့်၊ မတော်လို့ လွှဲချော်သွားရင် ခင်ဗျားပဲ အပြစ်တင်ခံရမှာ.... တစ်ကယ်ဖျက်စီးတဲ့သူက ခင်ဗျားပဲဆိုပြီး တမင်စွပ်စွဲလာနိုင်တယ်...

တွင်းထဲ မဝင်ချင်လည်း ဆွဲထည့်ခံရမှာပဲ"

ရှေ့နှစ်ရက်လုံးလုံး ဝမ်ယွဲ့မြို့ဆီ ဗိုလ်ကြီးလင်းရဲ့တပ်တွေ သွားစောင့်ကြပ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ တွေးနေတုန်းရှိသေး အကြံ‌ကောင်းက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေပြီ။ ဖေးယွမ်ရွှင်း နာမည်ကို အသုံးချလိုက်ရင် ဒီကိစ္စက အတော်လွယ်သွားပြီ။ ချင်ဖင်းမြို့စားက

အမြဲ ဥပဒေက်ိုရှောင်ဖယ်ပြီး ဂရုမစိုက်လုပ်ချင်ရာလုပ်တတ်တဲ့ ကောလဟာလရှိတာကြောင့် သူဟာ အလွယ်တကူ မှန်းဆရခက်တဲ့ လူစားမျိုးပင်။

ဝမ်ယွဲ့မြို့ကို ချင်ဖင်းမြို့စားက အပြေးသွားတယ် ဆိုရင်တောင် ဧကရာဇ်ရော၊ တော်ဝင်မိသားစုကပါ သူ.. အပျော်ရှာဖို့သွားတယ်လို့ တွေးကြလိမ့်မယ်... ဝမ်ယွဲ့မှာ လက်ရှိ စောင့်ကြပ်နေတဲ့ သံမဏိတပ်သားတွေ၏အတွေးကျတော့ မတူညီပါ၊ သူ့ရဲ့တည်ရှိမှုကြောင့် ဘယ်သူမှ ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားကြတော့မှာ မဟုတ် တော့ပေ။

" တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှအောင် ဘယ်လိုလုပ်ရလဲသိလား? တွင်းထဲဝင်တယ် ဆိုတာဘာကိုပြောတာလဲ? ကိုယ့်ကို ပိုရှင်းတဲ့ စကားလုံး သုံးပေးကြည့်လေ"

ရှန်လျန် စခံနေရတာ သေချာ၏။ ဖေးယွမ်ရွှင်း၏စကားဦးတည်ရာလမ်းကြောင်းက အတော်လေးလွဲချော်နေသည်။

ရှန်လျန် မျက်လုံးလိမ့်လိုက်ပြီး စကားပြောင်းပြောလိုက်၏။

"ကောင်းပြီလေ... ပိုရှင်းတဲ့ စကားလုံးသုံးပေးမယ်... ခင်ဗျားက ရိုးရိုးတွင်းထဲ ဝင်ရမှာ မဟုတ်ဘူး... ချီးတွင်းထဲ ကျသွားမှာ... ဘယ်လိုလဲ အဲ့စကားက ပိုအဆင်ပြေလား?"

"....."

တစ်ခြားစကား မရှိတော့ဘူးလား?

မြို့စားမင်း မပျော်ရွှင်တော့ပါ။ လျန်လျန်ရဲ့လျှာက အဆိပ်ပျင်းလွန်းလို့ သူငိုချင်နေလေပြီ။

"ဟုတ်ပါပြီ လျှောက်လုပ်မနေတော့နဲ့...ခင်ဗျားနဲ့ မလိုက်ဘူး"

ရှန်လျန် ထရပ်ကာ သူ့နဖူးအား နှင်းဆီ အနမ်းတစ်ပွင့် ခတ်နှိပ်လိုက်သည်။

"ခရီလမ်းမှာ ဂရုစိုက်ဦး... အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်လာခဲ့နော်"

"အမ်း..."

ဒါလျန်လျန် သူ့ကို ပထမဆုံးနမ်းတာပဲ.. ဖေးယွမ်ရွှင်း အတောင်ပံထွက်လာတော့မည်ဟု ခံစားရကာ ချုပ်တည်းထားသည့် ခံစားချက်တွေ ပွင့်အန်လာကုန်တော့မည်။ သူ့မျက်နှာ တစ်ခုလုံးတောက်တောက်ပပ ပြုံးလျက်ရှိ၏။

"ညနက်နေပြီ... မနက်ဖြန် ခရီးထွက်ရမှာ ဆိုတော့ ပြန်ပြီး နားလိုက်တော့လေ"

စစက ရှန်လျန် မရှက်ပေမယ့် စူးရှတဲ့ ဖီးနစ်မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ မျက်နှာ နည်းနည်းနီလာသည်။ ဖေးယွမ်ရွှင်းက သူ့နှလုံးသားရဲ့ တစ်နေရာမှာ ရှိနေပြီးဖြစ်လို့ ခုလို ရွှန်းရွှန်းစားစား ကြည့်ခံရတဲ့အချိန်မှာ ရုတ်တရက်တွေးမိလိုက်တာက မိန်းမငယ်တွေ ဒီလူကို စွဲလန်းကြတာ မထူးဆန်းဘူး ဟူ၍။

နားရွက် နီနီ လေးတွေကို မြင်လိုက်ရတဲ့အခါ ဖေးယွမ်ရွှင်း စိတ်အခြေအနေ အရမ်းကောင်းသွားပြီး တွေဝေမှုမရှိ ထရပ်ကာ ရှန်လျန့် ခါးကို သူ့လက်နဲ့ ရစ်နှောင်ကာ အနားသို့ ဆွဲကပ်လိုက်သည်။

"ကိုယ်ပြန်လာတာကိုစောင့်နေနော်.. ကိုယ့်ကိုလည်း လွမ်းနေပေး....ကိစ္စတစ်ခုခုရှိရင် အရိပ်တပ်သားကို စေလွှတ်ပြီး ဝမ်ယွဲ့မှာ လာရှာခိုင်းလိုက်... တတ်နိုင်သမျှ မြန်မြန်ပြန်ခဲ့မယ် ဟုတ်ပြီလား"

ရုတ်တရက် ဖေးယွမ်ရွှင်းသည် ရှန်လျန်နဲ့ အမြန်ဆုံး လက်ထပ်နိုင်ဖို့ စိတ်မရှည်တော့သည်ကို မိမိကိုယ်ကို သတိထားမိလိုက်၏။

"နားလည်ပါပြီဗျာ"

ရှန်လျန် ထိုသူရဲ့ စိတ်ကို နားလည်စွာနဲ့ ရင်ဘတ်ကို တွန်းလွှတ်လိုက်ရာ ဖေးယွမ်ရွှင်းက ပြုံးပြီး နဖူးပြင်ပေါ် ဖိကပ် အနမ်းပေးသွားသည်။

"ယိုအာကို ဂရုစိုက်နော်... ကိုယ်သွားတော့မယ်"

ဒီတစ်ခါ တော့ ရှန်လျန့်ကို အတည် နှုတ်ဆက်လိုက်၏။

"အင်းပါ .. သတိထားဦး"

ရှန်လျန် ခေါင်းငြိမ့်လိုက်သော်လည်း တုံ့ပြန်စကားမရပဲ တောက်တောက်ပပအပြုံးတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် ဖေးယွမ်ရွှင်းက ပြတင်းပေါက်ကနေ ပျောက်ကွယ်သွား၏။ ရှန်လျန် အမြန် အနားတိုးသွားရင်း အမှောင်ထုကိုကြည့်ကာ ရေရွတ်၏။

"တံခါးက မဝင်ဘူး အမြဲ ပြတင်းပေါက်ကိုပဲသုံးနေတာ.. ပန်းဆွတ်မယ့် သူခိုးကျနေတာပဲ"

Words 2881

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment