'ဧကရာဇ်ရဲ့ မြေးဦး'
အိပ်မက်ကနိုးထလာပေမယ့် သူ့စိတ်က အလုံးစုံ ရုန်းမထွက်နိုင်ဘူးဖြစ်နေတယ်။ သူသေဆုံးပြီး ဖြစ်ပျက်ခဲ့တာတွေကို မြင်ခဲ့ရပြီး၊ အမှန်တစ်ကယ် ဟုတ်ရဲ့လားဆိုတာ မသေချာပေမယ့် သူအကြွင်းမဲ့ ယုံကြည်လိုက်တယ်။
အနည်းဆုံးတော့ သူ့ဝမ်းကွဲလည်း အသက်ရှင်နေပြီး ဖေးယွမ်ရွှင်းဆိုရင် ချင်ပြည်ထောင်ကိုတောင် အုပ်စိုးလိုက်နိုင်တယ်။ အဲ့ဒါအပြင် အသက်ဆယ်နှစ်အရွယ် ရှန်ယိုလေးရဲ့ ငယ်ရွယ်ဖြတ်လတ်မှုတွေက်ုလည်း မြင်လိုက်နိုင်ပြီး ချင်ယွင်ရှန်း၊ လျိုမိသားစုနဲ့ ရှန်မိသားစုတစ်ဦးချင်းစီတိုင်းကလည်း ဝဋ်ပြန်လည်သွားတယ်။
"ကြည့်လို့ မဝသေးဘူးလား"
အချိန်မည်မျှကြာအောင် မှောင်မိုက်စွာ ထိုင်နေမိသည် မသိ၊ သတိပြန်ဝင်လာတော့ သူ့ကိုစူးစိုက် ကြည့်နေတဲ့ ဖေးယွမ်ရွှင်းကိုမြင်လိုက်ရတယ်။
ကုတင်မှာ မှီထိုင်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်နေတဲ့ ဖေးယွမ်ရွှင်းကိုကြည့်လိုက်ပြီး လက်သွေးကြော စမ်းသပ်လိုက်၏။
"မဝပါဘူး၊ ဘယ်တော့မှ ကြည့်လို့ဝမှာ မဟုတ်ဘူး၊ ဖြစ်နိုင်ရင် တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေချင်တာ၊ ဝမ်ဖေးကလှလွန်းလို့ လေ၊ ဒီတိုင်းမြင်နေရရုံနဲ့ကို ပင်ပန်းတာတွေ ပျောက်လောက်တယ်"
သူသတိပြန်ရလာချင်း ဘေးမှာ အိပ်နေတဲ့ ရှန်လျန့်ကို မြင်လိုက်ရတော့ ဖေးယွမ်ရွှင်းတစ်ခဏလောက် အံ့အားသင့်နေခဲ့၏။ ရှန်လျန်က အိပ်နေရင်း ငိုနေတာတွေ့တော့လည်း သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် နာကျင်စေပြီး နောက်ကို ရှန်လျန် စိတ်မပူရအောင်၊ ထပ်ငိုစရာမလိုတော့အောင် နေဖို့ တာဝန်ရှိကြောင်း ကိုယ့်ကိုကိုယ် သတိပေးလိုက်မိ၏။
"မြို့စားမင်းက ကျွန်တော့်ကို ထပ်မမြင်ချင်လောက်ပါဘူး၊ ပိုပြီးတိတိကျကျပြောရရင် နေထွက်တာကို ထပ်မတွေ့ချင်တော့ဘူးမလား"
ဖေးယွမ်ရွှင်းရဲ့ သွေးအခြေအနေကောင်းမွန်နေတာကို စမ်းသပ်မိလိုက်ပြီးနောက် လက်ကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် ကပိုကယို ကျဆင်းနေတဲ့ ဆံကေသာကို နောက်သို့စုဆွဲကာ ရိုးရိုးရှင်းရှင်း အမြင့်စီးလိုက်သည်။
"ဘယ်သွားမလို့လဲ၊ ကိုယ့်ကို အဖော်လုပ်ပေးဦးလေ"
ဖေးယွမ်ရွှင်းက လူကပ်ရန်ကြိုးစားနေပြီး အားနည်းနည်း သုံးလိုက်တော့ ရှန်လျန်က သူ့ရင်ခွင်ထဲ ပစ်ကျသွားသည်။ ဖေးယွမ်ရွှင်းက သူ့တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားပြီး ရင်ခွင်ကျယ်ကျယ်ထဲ မှီနေစေ၏။
"စိတ်ဆိုးနေတာလား? ကိုယ် တမင်လုပ်တာ မဟုတ်ပါဘူး၊ နောက်ဆုံးတစ်ခေါက် ဒဏ်ရာရတုန်းက သမားတော်ရဲ့ဆေးက အဆင်ပြေခဲ့တယ်လေ၊ အဲ့တာကြောင့် ဒဏ်ရာ မနက်ရင် ပြဿနာမရှိလောက်ဘူးလို့ ထင်ခဲ့တာ၊ ဘယ်သူသိမှာလဲ ဆေးက ရုတ်တရက်ကြီး အာနိသင်ပျောက်သွားမယ်လို့"
အမှန်အတိုင်းဝန်ခံရသော် အစပိုင်း က သူလဲ အတော် တုန်လှုပ်ခဲ့ပေမယ့် သူ့မိသားစုကလျန်လျန်က သွေးထွက်လွန်တာက်ု တားပေးခဲ့တဲ့အပြင် တစ်ခါမှ အသုံးမပြုဖူးတဲ့ သွေးသွင်းခြင်းနည်းပညာနဲ့ပါ သူ့ကိုကုသပေးခဲ့တယ်။ အခုဆို ရှန်လျန့်သွေးတွေက သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေပြီး သူ့သွေးတွေနဲ့ တပေါင်းတစည်းထဲ ဖြစ်သွားပြီ။
"ခင်ဗျားစိတ်ထဲ ဘာတွေ တွေးနေတာလဲ"
ရှန်လျန် ပွေ့ဖက်ခံထားရခြင်းမှ ရုန်းထွက်လိုက်ပြီး မျက်မှောင်ကြုံ့လျက်
"ပေါက်ကရဆင်ခြေတွေနဲ့ အချိန်လာဖြုန်းမနေနဲ့၊ အစထဲက အဆိပ်မိထားပြီးသားပဲကို၊ နှစ်ချို့နေမှတော့ ဆေးက တိုးပါဦးမလား၊ နောက်ဆုံးအခြေအနေဖြစ်သွားနိုင်တာကို ခင်ဗျားက ဒီနည်းလမ်းနဲ့ ဇာတ်လမ်းလုပ်ချင်နေသေးတယ်၊ အသက်ကိုးချောင်း ပါတယ်များအောက်မေ့နေလား? လျှောက်လုပ်ဖို့ပဲသိတယ်"
အိပ်မက်ကြောင့် ရှန်လျန့်ဒေါသတွေ အနည်းငယ် လျော့သွားပေမယ့် ဖေးယွမ်ရွှင်းရဲ့ ဆင်ခြေတွေ ကြားပြီး ဒေါသက ထိန်းမရတော့ပါချေ။
ဖေးယွမ်ရွှင်းက ကိုယ့်ခန္ဓာကိုယ် အကြောင်း ကိုယ့်ကိုကိုယ် မသိဘူးလို့ ရှန်လျန် မထင်ပါ။
" စိတ်မဆိုးပါနဲ့၊ ကိုယ် တစ်ကယ် မှားသွားပါတယ်"
ဖေးယွမ်ရွှင်းမှာ ကူကယ်ရာမဲ့စွာနဲ့ ရှင်းပြနေရ၏။ ဆေးပညာမှာ တစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ ဝမ်ဖေး ရှိနေမှတော့ လျှောက်ရွှီးဖို့ အတော်လေး ခက်ခဲလိမ့်မည်လေ။
"ထားလိုက်တော့၊ အထင်လွဲသွားတယ်လို့ပဲ ယူဆလိုက်မယ်၊ တစ်ခြားကိစ္စ ပြောရအောင်"
ရှန်လျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ဖေးယွမ်ရွှင်းကို စိုက်ကြည့်ပြီး
"ခင်ဗျား ဒီလောက်နှစ်တွေ အကြာကြီး ဆေးကျမ်းစာအုပ်ရှာနေတာ၊ ကျွန်တော့လက်ထဲ မှာ ရှိမှန်း သိသွားတော့ ဘာလို့ အဆိပ်မိနေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်မပြောတာလဲ? ကိုယ် အများကြီး လျှောက်တွေးနေမိလို့ ဆိုတဲ့ ပေါက်ပန်းလေးဆယ် ဆင်ခြေတွေ လာမပေးနဲ့နော်၊ ဘာလဲ ခင်ဗျားက ကိုယ့်ကိုကိုယ် မယုံတာလား ဒါမှ မဟုတ် ကျွန်တော့်ကို မယုံတာလား"
ဖေးယွမ်ရွှင်းသာ သူ့ကို စောစော ထုတ်ပြောခဲ့မယ်ဆိုရင် ကိစ္စတွေက အဆင်ပြေချောမွေ့ပြီး ခုလောက်ဆို ကုသပြီးအခြေအနေတောင် ရောက်ကောင်းရောက်နေနိုင်၏။
"ထျန်းရှုပြောပြတာလား"
ရှန်လျန်က အမှန်ကို ဒေါသထွက်နေတာကြောင့် ဖေးယွမ်ရွှင်းလည်း လေးလေးနက်နက် ပြောပြလေတော့၏။ သူက ရှန်လျန့်လက်ကို အသာ ဆွဲကိုင်ကာ
"လျန်လျန်.. ကိုယ်ကလေ မင်းကို မယုံကြည်တာမဟုတ်ပါဘူး၊ မင်းသမီးရဲ့အလှူပွဲနေ့က ဘာတွေ ဖြစ်သွားလဲ မှတ်မိသေးလား၊ မင်းက တော်ဝင် မင်းသားတွေ အပေါ် ဆက်ဆံတာ အတော်လေး အေးစက်ပြီးရှောင်ဖယ်တယ်၊ ချင်ယွင်ရှန်းအပေါ်ကို ပိုဆိုးတယ်လို့ ကိုယ်မြင်မိတယ်၊ 'ကော'တွေပဲဖြစ်ဖြစ် အမျိုးသမီးတွေဖြစ်ဖြစ် မင်းညီမင်းသားတွေနဲ့ ပထမဆုံးဆုံတွေ့ရင် သူတို့ကိုယ် သူတို့ ဂုဏ်ရည်သွေးကြတာလေ၊ တော်ဝင်မိသားစုထဲ ဝင်ဖို့ မတွေးထားရင်တောင် အနည်းဆုံးတော့ သိချင်စိတ်တွေရှိနေရမှာမှတ်လား? မင်းသားတွေ ဘက်က လာရှာတာတောင် လျန်လျန်က မပတ်သက်ချင်ပဲ အထင်သေးနေတော့ ကိုယ်က ဒီတိုင်း လျန်လျန့်ဆီမှာ ဆေးကျမ်းနဲ့ အဆိပ်ကျမ်းရှိနေနိုင်တယ်လို့ ခန့်မှန်းလိုက်တာ၊ ကိုယ်ကအဲ့ဒီ မင်းသားတွေနဲ့ မတူဘူး.. ကိုယ်တစ်ကယ် ချစ်တာ မင်းတစ်ယောက်ထဲကိုပဲ၊ တစ်ခြားပစ္စည်းတွေကြောင့် လုံးဝ မဟုတ်ဘူး"
စာအုပ် တစ်အုပ်ကြောင့် သူတို့နှစ်ယောက်ကြား နားလည်မှုလွှဲသွားမှာမျိုး သူလုံးဝ မလိုလားပေ။
ရှန်လျန်က မျက်လွှာချရင်း တိတ်ဆိတ်နေ၏။ ဖေးယွမ်ရွှင်း၏စကားတွေက ကျိုးကြောင်းဆီလျော်ပေမယ့် သူ့ကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့တာ မဟုတ်မှန်း သိနေပြီးသားလေ၊ မဟုတ်ရင် ဟိုတော်ဝင်မင်းသားတွေလိုပဲ အေးစက်စက် ဆက်ဆံလိုက်မှာပေါ့၊ ရှန်လျန်ကိုယ်တိုင်ကလည်း ဖေးယွမ်ရွှင်းဆိုတဲ့ သူကိုပဲ စိတ်ဝင်စားခဲ့ပြီး ဖြူဖျော့တဲ့မျက်နှာနဲ့ အိပ်ရာပေါ်လှဲနေတာ မြင်လိုက်ရတဲ့အချိန် တစ်လောကလုံးကို မီးလောင်တိုက်သွင်းပစ်ချင်မိတဲ့အထိ မုန်းတီးမိ၏။
"အရင်ဧကရာဇ်က ဘာလို့ ခင်ဗျားကို အဆိပ်ခတ်ခဲ့တာလဲ? ခင်ဗျား အရွယ်ရောက်လာရင် သံမဏိတပ်သားတွေနဲ့ သူ့ကိုပုန်ကန်မှာ စိုးလို့လား"
စိတ်ထဲ မရှင်းမရှင်း ဖြစ်နေတဲ့ အချက်ကို ထုတ်မေးလိုက်၏။ အတိတ်က စိတ်ဒဏ်ရာတွေကို ဆွမိသလိုဖြစ်ပေမယ့် ကိစ္စတွေ နားလည်ထားမှ နောက်ပိုင်းအာရုံစိုက်နိုင်လိမ့်မည်။
" မဟုတ်ဘူး"
"ဘယ်လို?"
ရှန်လျန် ခေါင်းမော့ကြည့်လိုက်တော့ ဖေးယွမ်ရွှင်းက သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းပြီး ပြောပြ၏။
"ကိုယ်က အရင်မြို့စားရဲ့ အမွေခံ သားအစစ်မဟုတ်ဘူးလို့ သံသယရှိခဲ့လို့ပဲ"
"နားမလည်တော့ဘူး"
အရင်မြို့စားမင်းရဲ့ သား မဟုတ်ဘူးဆို ဘယ်သူဖြစ်ရမှာလဲ?
လေ့ကျန်း ပြောပြဖို့ကြိုးစားခဲ့ဖူးတဲ့ အကြောင်းကို ရုတ်တရက်သတိရမိပြီး ရှန်လျန့်အကြည့်တွေက လေးနက်သွား၏။ မဟုတ်မှ တော်ဝင်မင်းသားတစ်ပါးပဲလား?
"အရင်အိမ်ရှေ့စံအကြောင်း ကြားဖူးလား?"
ဖေးယွမ်ရွှင်းက ခေါင်းငုံ့ပြီး ရှန်လျန့်နဖူးပေါ် အနမ်းခြွေ၏။ ထို့နောက် လျန်လျန့်ကိုပြန်ဖက်ထားလိုက်ကာ
"ကိုယ်က မြို့စားရဲ့ သား မဟုတ်ဘူး၊ အရင်အိမ်ရှေ့စံရဲ့သား၊ အရင်ဧကရာဇ်ရဲ့ မြေးအကြီးဆုံး၊ ဒါပေမယ့် ရုတ်တရက်ကြီး အရင်ဧကရာဇ်က ကိုယ့်ခမည်းတော်ကို နိုင်ငံတော် ပုန်ကန်တဲ့အမှုနဲ့ ခေါင်းဖြတ်လိုက်တယ်၊ ပြီးတော့အရှေ့နန်းဆောင်တစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်တယ်၊ လူရာချီက မီးပင်လယ်ထဲ နာရီပိုင်းအတွင်း ဝါးမျိုခံလိုက်ရတာပေါ့၊ မယ်မယ်က ကိုယ့်ကို လင်းဖိုးဖိုးနဲ့ ထွက်ပြေးခိုင်းခဲ့တာ၊လင်းဖိုးဖိုးက နန်းတွင်းပရောဟိတ်လုပ်ခဲ့ပြီး ခမည်းတော်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်၊ ပြီးတော့ ခမည်းတော်နဲ့ အရင်မြို့စားက ကျောင်းနေဖက်သူငယ်ချင်းတွေလေ၊ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့လို့လဲ ဒုက္ခရောက်တဲ့ အချိန် ကိုယ်နဲ့လင်းဖိုးဖိုးကို ခုလို ကူညီပေးခဲ့တာပေါ့"
ဖေးယွမ်ရွှင်း စကားပြောရပ်လိုက်၏။ ရှန်လျန်က ခေါင်းမော့မလာပေမယ့် သူ့ရဲ့ စိတ်ခံစားချက် အတက်အကျကို ခံစားမိ၍ထင့်၊ လက်ဖဝါးကိုဝမ်းဗိုက်နား အသာလေးတင်ထား၏။
တိတ်တိတ်ဆိတ်ဆိတ် ပေးသော နွေးထွေးမှုကို ခံစားမိကာ ဖေးယွမ်ရွှင်းက ရှန်လျန့်လက်ကို ဆုပ်ကိုင်ပြီး
"လင်းဖိုးဖိုးက ကိုယ့်ကို ခေါ်ပြီး ထွက်ပြေးလာတာ၊ ကံကောင်းချင်တော့ အရှေ့နန်းဆောင် သတင်းကြားကြားချင်း ပြေးလာတဲ့ အရင်မြို့စားနဲ့ လမ်းမှာ ဆုံခဲ့တယ်၊ တစ်ခြားသူတွေကို ကယ်ပေးချင်ပေမယ့်လည်း အကုန်လုံးက မီးလောင်ကျွမ်းသွားခဲ့ပြီမလို့ ကိုယ်နဲ့တူတဲ့ ကလေးတစ်ယောက်ကိုပဲ သံမဏိတပ်သားတွေကို ရှာခိုင်းပြီး အစားထိုးလိုက်ရတယ်၊ဒါပေမယ့် အရင်ဧကရာဇ်က အရမ်းပါးနပ်တော့ အစားထိုး သေသွားတဲ့ကလေးက နဂိုရောဂါအခံနဲ့ သေခဲ့တယ်ဆိုတာ ဖော်ထုတ်နိုင်သွားတော့ အကြီးအကျယ် စုံစမ်းတော့တာပဲ၊ ဘယ် ဝန်မင်းအမတ်ရဲ့ အိမ်မှ မချန်ဘူး စစ်ဆေးခံရတယ်၊ မြို့စားမင်းလည်း ရွေးချယ်စရာ မရှိတော့ပဲ ဝေမိသားစုဆီ အကူအညီ သွားတောင်းရတာပေါ့၊ ဝေမိသားစုက ဆေးပညာမှာ တစ်ဖက်ကမ်းခတ်တော်တော့ ငွေရောင်အပ် နည်းနည်းလောက် စိုက်လိုက်တာနဲ့
ရွှယ်ဖုန်းဒေသကို ချက်ချင်းပညာတော်သင်လွှတ်လိုက်တဲ့ မြို့စားမင်းရဲ့သားနဲ့ ဆင်တူသွားတော့တယ်၊
ဒီနည်းနဲ့ ဧကရာဇ် ၊စစ်သည်တွေ ကို လှည့်စားလိုက်နိုင်ခဲ့တယ်၊ ကိုယ်တို့မသိလိုက်တာက အရင်ဧကရာဇ်က အမြဲ သံသယနဲ့ စောင့်ကြည့်နေပြီး မြို့စားကတော်နဲ့ ကိုယ့်ကို နန်းတော်ထဲ ဆင့်ခေါ်တယ်... ကိုယ်အဆိပ်မိခဲ့တာ အဲ့ဒီအချိန် အတိအကျပဲ၊ ကိုယ်ကဖေးယွမ်ရွှင်း ဟုတ်ဟုတ်မဟုတ်ဟုတ် အရင်ဧကရာဇ်က အပြစ်မဲ့ပြည်သူကို သတ်ပစ်ဖို့ပဲ ရွေးချယ်ခဲ့တာ၊
နောက်တော့အရင် မြို့စားလည်း အမှုမှန် မပေါ်ပဲ သေဆုံးသွားရပြီး မ်ြု့စားကတော်လည်း စိတ်ဒဏ်ရာနဲ့ ဆုံးပါးသွားခဲ့ရတယ်၊ လက်ရှိဧကရာဇ် နန်းတက်တဲ့အချိန်ကျတော့ ကိုယ်က မြို့စားရဲ့သားနဲ့ တွေ့ဆုံပြီး သံမဏိတပ်ဖွဲ့နဲ့ အုပ်ချုပ်ပိုင်ခွင့်တွေ အကုန်လွှဲယူပြီးခဲ့ပြီ"
အဖြစ်အပျက်အကြောင်းအရာကို ရိုးရိုးရှင်းရှင်း ဖြည်ချပြောပြခဲ့ပြီး ရှင်းလင်းစေခဲ့သည်။ မြို့စားဟောင်းက အိမ်ရှေ့စံရဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး အိမ်ရှေ့စံဟာလည်း သူက တစ်ခြားချင်မိသားစုဝင်တွေနဲ့ မတူကြောင်းသက်သေပြနိုင်ခဲ့၏။
သူ့ရဲ့ကြင်နာ မှုကြောင့် ပြည်သူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့စားဟောင်းကို ညီအစ်ကိုရင်းလိုသဘောထားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပဲ မြို့စားဟောင်းက သူ့အတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်းရှိတာတောင်မှ အသက်ရှင်ကျန်ခဲ့တဲ့ လင်းဖိုးဖိုးနဲ့ ဖေးယွမ်ရွှင်းကို ကယ်တင်ပေးခဲ့သည်။ မဟုတ်လျှင် သူတို့က ဖခမည်းတော် တို့လို မီးထဲ လောင်ကျွမ်းသွားလောက်ပေပြီ။
ဝမ်းနည်းပူဆွေးမှုတွေကို ခံစားမိတဲ့ရှန်လျန်က ဖေးယွမ်ရွှင်းရဲ့ မျက်နှာကို ကိုင်ပြီး နှုတ်ခမ်းထောင့်ဆီ အနမ်းပေးလိုက်၏။
"အိမ်ရှေ့စံ၊ကြင်ယာတော်နဲ့ မြို့စားဟောင်းက ခင်ဗျားကောင်းကောင်း ကြီးပြင်းလာတာကို မြင်ပြီး သေချာပေါက် ဝမ်းသာနေမှာပါ၊ ဧကရာဇ်အိုကြီး သေသွားပေမယ့် သူ့မြေးက အသက်ရှင်နေသေးတယ်၊ နက်ရှိုင်းတဲ့ အမုန်းတရားတွေက်ုသိမ်းထားပြီး တစ်ခုချင်းပြန်ယူကြတာပေါ့... ၊ ဆိုရိုးအတိုင်းပေါ့... ဘုန်းကြီးကထွက်ပြေးလို့ရပေမယ့် ဘုရားကျောင်းကတော့ ဒီတိုင်းကျန်နေဦးမှာပဲတဲ့"
"အင်း"
အတန်ကြာ စိုက်ကြည့်နေပြီးမှ ဖေးယွမ်ရွှင်း ခေါင်းငြိမ့်လိုက်သည်။
မှန်၏ ။ သူ့ဖခမည်းတော်နှင့် တစ်ခြားသူတွေ ငြိမ်းချမ်းစွာ အနားယူနိုင်အောင်လို့ သူနဲ့သက်ဆိုင်တဲ့အရာကို အကုန်လုံး ပြန်ယူရမယ်။
"ကျွန်တော်ကြားတာ... အိမ်ရှေ့စံနဲ့ ကြင်ယာတော်က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စုံမက်ကြပြီး သားဦးလေး မွေးဖွားပြီးပြီးချင်း အိမ်ရှေ့စံ တန်းခန့်အပ်ခံရတာဆို... အိမ်ရှေ့စံက ထက်မြက်ပြီး ကြင်နာသနားတတ်တော့ မှူးမတ်ဝန်မင်းနဲ့ သာမာန်ပြည်သူတွေတောင် သဘောကျကြတယ်ဆိုတော့ ထီးနန်းဆိုတာ သူ့အတွက် ဖြစ်လာမှာပဲလေ... ဘယ်လိုလုပ် ပုန်ကန်ပါ့မလဲ? ဒီကြားထဲ လျှို့ဝှက် အကြောင်းအရာတွေ ရှိနေနိုင်မလားနော်"
ဖေးယွမ်ရွှင်းရဲ့ စိတ်က နည်းနည်း တည်ငြိမ်သွားတာနဲ့ ရှန်လျန် ထပ်မေးလိုက်သည်။
"ဟား!"
ဖေးယွမ်ရွှင်း အေးစက်စက် ခနဲ့လိုက်ပြီး
"အခု ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ကောင်ကဘယ်ကလာလဲ သိလား?နန်းတော်မှာ ထိုင်နေတဲ့ လက်ရှိဧကရီက ဘယ်သူလဲသိလား? အဲ့ဒီမိန်းမက ကိုယ့်ဖခမည်းတော်ရဲ့ အစေခံပဲ၊ ဧကရာဇ်ဟောင်းက အဲ့မိန်းမကို ချစ်မိသွားပြီး အချစ်ကြောင့်စုံလုံးကန်းသွားတာလေ၊ အဲ့ဒီမိန်းမကို ဧကရီ တင်မြောက်ချင်တော့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အရှေ့နန်းဆောင်တစ်ခုလုံးကို ရှင်းလင်းသုတ်သင်ပစ်လိုက်တာ.. သူ့မိဘရင်းတောင်မချန်ဘူး ၊ နန်းစဉ်မျိုးဆက်အကုန်လုံးကို ရှင်ကျန်သူမရှိအောင် လက်စဖျောက်ခဲ့တယ်၊ အနာဂါတ်မှာ တိုင်းပြည် အုပ်စိုးမယ့် ပါရမီရှင် သားဖြစ်သူကိုလည်း ရက်ရက်စက်စက်သတ်ပစ်ခဲ့ပြီး ဟိုမိန်းမကို ဧကရီ တင်မြောက်လိုက်တယ်၊သူ နတ်ရွာစံသွားတော့ သူတို့သားက ထီးနန်းဆက်ခံတာပေါ့"
လူနှစ်ယောက် ချစ်ကြိုက်ကြတာ ရာဇဝတ်မှု မမြောက်ပေမယ့် မိန်းမတစ်ယောက်အတွက်နဲ့ အကုန်လုံးကို သုတ်သင်ပစ်လိုက်ပြီး အဆင့်နိမ့်မိန်းမ တစ်ယောက်ရဲ့ သားကို ထီးနန်းခိုးယူစေခဲ့တဲ့ အမှုဟာ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ပြစ်မှုဖြစ်ပြီး ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ခံထိုက်တဲ့ ရာဇဝတ်မှုပေပဲ။
2509 words
Grape 🍇