ဒဏ်ရာရသွားတဲ့ မြို့စားမင်းနှင့် သွေးထွက်လွန်ရောဂါ'
မိုးက လဝက်လောက် တောက်လျှောက် ရွာသွန်းပြီး ဆည်ကာတာကို အကြိမ်ပေါင်းများစွာ ပြိုကျမယောင် ခြိမ်းခြောက်လေသည်။ လင်းစစ်သည်တို့သည် အရှိန်အဟုန် လျင်မြန်စွာဖြင့် ဝိုင်းဝန်းပိတ်ကာကြပြီး ရေလျှံကျလာသည်ကို တားဆီးရန် သဲအိတ်များအပြင် သူတို့ခန္ဓာကိုယ်နှင့်တောင် အရေးပေါ် တွန်းပိတ်တားဆီးကြလေ၏။
ဝမ်ယွဲ့မြို့အရေးကို ဧကရာဇ်အပါအဝင် ၊မှူးကြီးမတ်ရာ တစ်ယောက်ချင်းစီတိုင်းက အလေးအနက်ထားနေကြသည်။ တစ်ချက်လေး ဂရုမပြုမိသည်နှင့် ပျက်စီးဆုံးရှုံးသွားနိုင်သည့် ဆိုးကျိုးများစွာ ရှိလေသည်။ နေရာတိုင်းမှာ ရေနှစ်သေဆုံးသည့် အလောင်းများ၊ ပြိုပျက်နေသော အဆောက်အဦးများစွာနှင့် တောင်ပုံရာပုံမျှောနေသော ပစ္စည်းများ၊အမှိုက်များ နှင့်ပြည့်နေနိုင်သည်။ ထို့ကြောင့် ဤကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားရဲပါချေ။
မိုးရွာသွန်းသည့် ရက်နှစ်ဆယ်မြောက်တွင် ညီလာခံသို့ ဝမ်ယွဲ့မြို့မှ သတင်း တစ်ခု ရောက်ရှိလာသည်။ ဝမ်ယွဲ့မြို့ဆည်ကာတာ ကျိုးပေါက်ပြီး မြို့ငယ် အများအပြားကို ရေလွှမ်းမိုးနေကြောင်း၊ ကံကောင်းထောက်မစွာ မြို့စားမင်းနှင့် သူ၏ သံမဏိတပ်သားများက တစ်ဖက်တစ်လမ်းပါဝင်ကူညီ ပေးနေကြောင်း၊ ထို့နောက် ကံဆိုးစွာဖြင့် မြို့စားမင်းက ဒဏ်ရာ ရသွားပြီး အင်ပါယာသို့အစော တလျင်ပြန်ကာ ဆေးကုသမှုခံယူမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့်ပြည်သူတွေအတွက် အင်ပါယာနန်းတော်မှ ကူညီအားဖြည့်ရန် အကူထပ်လွှတ်ပေးစေလိုကြောင်းကို ဗိုလ်ကြီးလင်းမှ တောင်းဆိုစာ ပို့ထား၏။
"ယွင်ရွှမ်း ဒဏ်ရာရသွားတယ်ဆို? အဲ့တာ အမှန်ပဲလား"
ဗိုလ်ကြီးလင်း၏ တောင်းဆိုလွှာ အတွက် စကားအနည်းငယ်ဖြင့် ဖြေရှင်းလိုက်ပြီးနောက် ဧကရာဇ်က ညီလာခံကို ခပ်မြန်မြန် ရုတ်သိမ်းလိုက်သည်။ စာကြည့်ဆောင်သို့ ပြန်ရောက်သည်နှင့် ဘုရင့်ကိုယ်ရံတော်များကို ဆင့်ခေါ်ကာ အသေးစိတ်မေးမြန်းလေ၏။
"မှန်ကြောင်းပါ... ပြည်သူတွေကိုကယ်တင်ရင်း အချွန်အပိုင်းအစတစ်ခုနဲ့ ထိခိုက်မိပြီး ဝမ်းဗိုက်မှာ ဒဏ်ရာရသွားတယ်လို့ သတင်းရထားပါတယ်.. ဒဏ်ရာက မပြင်းထန်ပေမယ့် သံမဏိတပ်သားခေါင်းဆောင် ထျန်းရှုက မြို့စားကို မြို့တော်အရောက် ပြန်ခေါ်လာနေပါပြီ"
ဘုရင့်ကိုယ်ရံတော်က ဒူးထောက်ကာ သတင်းပို့၏။
"သံမဏိတပ်ဖွဲ့အကုန် ထွက်ခွာလာတာလား"
ဧကရာဇ်က ဆက်မေး၏။
"စစတုန်းက ဗိုလ်ကြီးလင်းနဲ့ ဟွိုင်ရန် လူကြီးမင်းတို့ရဲ့ တောင်းဆိုမှုကြောင့် ကူညီပေးဖို့ လူအနည်းငယ် ကျန်ရစ်ခဲ့ကြပါတယ်.. အရှင့်ရဲ့ခွင့်ပြုစာရတော့ မှ သူတို့အားချင်း ပြန်လိုက်လာခဲ့ကြတာပါ"
ဖြန်း!
အမူအရာနက်မှောင်စွာနဲ့ ထိုင်ခုံလက်တန်းကို
ဗြန်းခနဲ ရိုက်လိုက်ပြီး
"သံမဏိတပ်ဖွဲ့ဆိုတာ ငါကိုယ်တော်ရဲ့ ချင်ပြည်ထောင် စစ်သည်တွေပဲ! ဘာအကြောင်းကြောင့် ဖေးယွမ်ရွှင်းရဲ့ ကိုယ်ပိုင်အစောင့်အကြပ် ဖြစ်သွားရတာလဲ... ပြည်သူတွေ ဒုက္ခရောက်နေတာတောင် ကယ်ဆယ်ဖို့မစဉ်းစားပဲ ဖေးယွမ်ရွှင်း ဒဏ်ရာရတာနဲ့ ပြန်လိုက်လာကြတယ်ပေါ့! ဒီလိုဆိုရင် သူတို့အတွက် ကိုယ်တော့်တည်ရှိမှုက ဘာလဲ?"
ဧကရာဇ်၏ ဒေါသမာန်က စာကြည့်ဆောင်တစ်ခုလုံး ဟိန်းသွားစေ၏။ သံမဏိတပ်ဖွဲ့က ဝမ်ယွဲ့မြို့မှာ ဆက်ရှိမနေပေးမှာ စိုးရိမ်နေပေမယ့် တစ်ကယ်တမ်း သံမဏိတပ်ဖွဲ့အတွက် လစာ နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို တော်ဝင်မိသားစုက ဖြတ်တောက်ပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်ကြောင်း ဧကရာဇ် မေ့နေပုံရသည်။ အမှန်စင်စစ် တော်ဝင်မိသားစုနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဆိုင်ကို မဆိုင်တော့ချေ။
"ဝမ်ယွဲ့မြို့ အခြေအနေနဲ့ သံမဏိတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို ဆက်စောင့်ကြည့်ထား! ထွက် သွားတော့! "
မည်မျှ ကြာသွားသည် မသိ တိတ်ဆိတ်နေရာမှ ဧကရာဇ်က လက်ဝေ့ယမ်းကာ ငယ်သားကို ထွက်ခွာစေသည်။ စာကြည့်ဆောင်ထဲ တစ်ဦးတည်း ကျန်ရစ်ခဲ့သည့်အချိန်မှ မဲ့ပြုံးပြုံးလိုက်သည်။
ဖေးယွမ်ရွှင်း ဒဏ်ရာရသွားတယ်ပေါ့.. ကောင်းတယ်!
တုံးလင်အိမ်တော်တွင် ဖြစ်၏။
" အခု ဘာပြောလိုက်တာလဲ? အရမ်းပြင်းထန်လား"
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ရှန်လျန်ဟာ ကိုယ့်ခြံဝန်းထဲ သာ နေနေခဲ့ပြီး အိမ်ပြင်သို့ခြေတစ်လှမ်းထွက်စရာမလိုပဲ ကိစ္စများ လုပ်ဆောင်နိုင်ခဲ့သည်။ ရှန်ရုထင်သည် တောင့်မခံနိုင်တော့ပဲ နောက်ဆုံးမှာတော့ အိမ်တွင်း ကိစ္စအဝဝ ကိုင်တွယ်စီမံရေးကို စွင်းကျင့်ထံ ယာယီလွှဲပြောင်းပေးခဲ့သည်။
လျိုရှုဟန်၊ ဒုတိယဇနီးနှင့် တတိယဇနီးတို့ မည်မျှ ယောက်ယက်ခတ်နေစေကာမူ ရှန်လျန်က အေးအေးလူလူပင် ခြံဝန်းထဲ၌ လေ့ကျန်း သတင်းပေးပို့သည်ကို တုံ့ပြန် ဖြေရှင်းပေးလျက်ရှိသည်မှာ ယနေ့ ဖေးယွမ်ရွှင်း ဒဏ်ရာရသည်ဟု မကြားမိချိန်ထိ ပင်။ ခါတိုင်းနှင့် ကွဲပြားစွာ ရှန်လျန် ထိတ်လိန့်သွားပြီး တည်ငြိမ်သည့်ပုံရိပ်သည်လည်း ကွဲကြေသွားရ၏။
"အရမ်းပြင်းထန်တာတော့မဟုတ်ဘူး... ဒဏ်ရာက သိပ်မနက်ဘူး..သံမဏိအဖွဲ့ကလည်း မြို့စားကို ခေါ်ပြန်လာပါပြီ...ဒီညနေကျရင် မြို့တော်ကို ရောက်လာနိုင်ပါတယ်"
"ဒဏ်ရာ မပြင်းရင်တောင် အနည်းနဲ့အများ ခိုက်မိသွားမှာပဲလေ"
ဒါမှမဟုတ် ဖေးယွမ်ရွှင်းရဲ့ အကြံလည်း ဖြစ်နိုင်တယ်။
ဒဏ်ရာ မပြင်းထန်ဘူးလို့ ကြားမှ ရှန်လျန့်စိတ်တွေ အနည်းငယ် တည်ငြိမ်သွား၏။ ဝမ်ယွဲ့မြို့ ရဲ့ရေဘေး ဒုက္ခအား သံမဏိတပ်ဖွဲ့က ဦးဆောင် ကူညီပေးခဲ့ခြင်း မဟုတ်ပေမယ့် အကောင်းဆုံး ပူးပေါင်း ကူညီပေးခဲ့ပြီးဖြစ်၏။ ရှေ့ဆက်ပြီး ထင်ထင်ပေါ်ပေါ် ကယ်ဆယ်ရေးလုပ်ပြီး ပြည်သူတွေရဲ့ စိတ်နှလုံးကို အပိုင်သိမ်းလိုက်နိုင်ပါက ဧကရာဇ် ပိုပိုပြီး မပျော်မရွှင် ဖြစ်လာလိမ့်မည်။ အရေးကိစ္စမရှိပဲ မြို့တော်ပြန်လာလျှင်လည်း ဧကရာဇ်၏ သံသယဝင်ခြင်းခံရနိုင်သည်။ ထို့ကြောင့် ပြန်လာမည်ဆိုပါက ဝမ်ယွဲ့မြို့ ဆည်တမံခိုင်ခံတာ သေချာအောင် လုပ်ခဲ့ဖို့တော့ လိုလိမ့်မည်။
"လျန်လျန် စိတ်ပူနေရင်. မနက်ဖြန် မြို့စားမင်းရဲ့အိမ်တော်ကို တိတ်တိတ်လေး သွားလည်ပါ့လား"
ရှန်လျန် တိတ်ကျနေတာကို တွေ့တဲ့ ချီယွဲ့က စဉ်းစဉ်းစားစား အကြံပေးလာ၏။
ရှန်လျန် ဟန်ကိုယ့်ဖို့ ပြန်ထိန်းကာ ရယ်လိုက်ပြီး
"ဒဏ်ရာ မပြင်းထန်ဘူးဆိုမှတော့... သွားလည်စရာ မလိုတော့ဘူးလေ... အခု သူ့ကို စောင့်ကြည့်နေတဲ့သူ များတယ်၊ ကျွန်တော် သွားလိုက်ရင် ပြဿနာတက်လိမ့်မယ်"
ခန့်မှန်းကြည့်သလောက် ဒီကိစ္စက ဖေးယွမ်ရွှင်း ကြံစည်ထားတာ ဖြစ်လိမ့်မည်။ ကိုယ်လုပ်တဲ့ ဒဏ်ရာ ဆိုတော့ ရှန်လျန် တကူးတက စိတ်ပူနေစရာ မလိုတော့ပေ။
သို့သော်ထိုည မနက် ၂နာရီခန့်တွင် ထျန်းရှုနှင့် ယောင်းကွမ်က သူ့အခန်းထဲပေါက်ချလာပြီး ရုတ်တရက် ဘာစကားမှ မပြောပဲ ဒူးထောက်လိုက်ကြသည်။
"နှစ်ယောက်သား ဘာလုပ်နေကြတာလဲ"
ရှန်လျန်မှာ အိပ်ရာနိုးသွားပြီး ညဝတ်အိပ် အင်္ကျီပါးပါးနှင့် ထထိုင်လိုက်ရသည်။ ထျန်းရှု မပြောရသေးခင် ယောင်းကွမ်က ရှေ့တိုးလာကာ..
"လျန်လျန်... သခင့်ကိုကယ်ပေးပါဦး.. ကျွန်တော်တို့ ဘယ်လောက် ကြိုးစားကြိုးစား ... သွေးတွေက မရပ်ဘူး... ယွဲ့ဖုန်းသမားတော်ရဲ့ဆေးလည်း အလုပ်မဖြစ်ဘူးဗျ!"
"ဘာကို ဆိုလိုတာလဲ"
ရှန်လျန် ကြားကြားချင်း မျက်နှာ အမူအရာက တင်းမာသွားကာ ထျန်းရှုကို စိုက်ကြည့်သည်။
"ဒီကိစ္စက နည်းနည်းရှုပ်ထွေးပါတယ် ဝမ်ဖေး၊ မြို့စားမင်းက အခု သွေးထွက်လွန်နေပါပြီ... လူကယ်ဖို့က အရေးကြီးတာမလို့ ကျွန်တော်တို့နဲ့အရင် လိုက်ခဲ့ပေးပါဗျာ..."
(Tn. ဝမ်ဖေး..သူတို့ သခင်ရဲ့ ဇနီး)
ရှန်လျန် မှန်းတာ မှန်၏။ ဒဏ်ရာက ဖေးယွမ်ရွှင်း ကိုယ်တိုင်ပြုလုပ်ခဲ့တာ ဖြစ်သည်။ သို့သော် သူ့နည်းလမ်းက နားမလည်နိုင်စရာ အခြေအနေပင်...ပုံမှန် ဆေးကုခြင်းက မထိရောက်သည်လော? ကံကောင်း၍ ကိုယ်ခံပညာ အဆင့်မြင့်နေသဖြင့် ယခုထိ တောင့်ခံနိုင်ခြင်း ဖြစ်နိုင်သည်။
"နှစ်ယောက်လုံး အကြောင်းပြချက် ကောင်းကောင်း ပေးဖို့ပြင်ထားနော်"
နှစ်ယောက်လုံးကို သတိပေးသည့်အကြည့်ကြည့်ကာ ခပ်မြန်မြန်ဖြင့် ရှည်လျား နက်မှောင်သည့် ဆံကေသာကို အမြင့်မြောက်စည်းလိုက်သည်။
"လေ့ကျန်း ကျွန်တော်နဲ့ လိုက်ခဲ့ပေး"
ရှန်လျန် ချက်ချင်း လှမ်းခေါ်ကာ ယောင်းကွမ်နှင့်ထျန်းရှုတို့ဦးဆောင်သည့်နောက် လိုက်ခဲ့ကြ၏။ ဤသို့ဖြင့်လေးယောက်သား တုံးလင်အိမ်တော်မှ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။
ချင်ဖင်းမြို့စားအိမ်တော်တွင်ဖြစ်၏။
ဖေးယွမ်ရွှင်း သည် ဒဏ်ရာနှင့် အိမ်ပြန်ရောက်ရောက်ချင်း ဆေးကုသခဲ့ပါသော်လည်း အခြေအနေက ပိုပို ဆိုးရွားလာပြီး တစ်အိမ်လုံး တိတ်ဆိတ်နေကြကာ လင်းအိမ်ထိန်းဆိုလျှင် မျက်လုံးတွေနီလျက် သခင်လေး၏ ဖြူဖျော့ဖျော့မျက်နှာကို တိတ်တိတ်လေးငေးကြည့်နေရှာ၏။
ဖေးယွမ်ရွှင်းကို နှစ်အကြာကြီး ပင်တိုင် ကုသပေးပါသော သမားတော်ပင် ဆေးကုနည်းအသစ်ကို လှန်လျော ရှာနေရပေပြီ။
"ဘယ်သူလဲ"
ထျန်းရွှမ် အော်လိုက်သည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်မှ တစ်ဆင့် လူတစ်ဦးပြီး တစ်ဦးဝင်ရောက်လာသည်။
အရင်ဝင်လာသည့် ထျန်းရှုက
"ဝမ်ဖေးကို ခေါ်လာတာ... သခင့်အခြေအနေ ဘယ်လိုလဲ"
ဘေးကပ်ပေးလိုက်သည့်အခါ လူတိုင်းက လေ့ကျန်းနဲ့ သူ့ကို မျက်လံုးနီနီနဲ့ လှမ်းကြည့်လာကြသည်။ ရှန်လျန်က သိပ်မဝေးတဲ့ ကုတင်ပေါ်က မလှုပ်မယက် လှဲလျောင်းနေတဲ့ သူကို ကြည့်လိုက်၏။
ထျန်းရွှမ်နဲ့ လူတိုင်းက ရှေ့တိုးလာကြကာ ဒူးထောက်လိုက်ကြသည်။
"သခင့်ကို ကယ်ပေးပါဗျာ... ဝမ်ဖေးကို ကျွန်တော်တို့ တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ကယ်ပေးပါဗျာ"
သံမဏိ တပ်သားတွေ နှစ်အတော်ကြာ ကြိုးစားရှာဖွေနေတဲ့ ဆေးကုနည်းက တစ်ကယ်တော့ ရှန်လျန့်လက်ထဲ ရှ်ိနေတာမလို့ ခုချိန် ဝမ်ဖေးမှ မကယ်ရင် ကယ်ပေးမယ့်သူ မရှိနိုင်တော့ချေ။
"အင်း"
ရှန်လျန့်အကြည့်က ကုတင်ပေါ်မှ တစ်ချက်မရွေ့သေးပေ။ ရှေ့ တစ်လှမ်းချင်း တိုးလိုက်ရာ လေ့ကျန်းက ရုတ်တရက် တားလာပြီး
"သခင် .. ဝတ်ရုံ ခြောက်တာ လေး အရင်လဲလိုက်မလား"
လူကယ်တာက အရေးကြီးပေမယ့် သခင့်ကျန်းမာရေးကလည်း အရေးကြီး၏။ ရှန်လျန် ခေါင်းကိုက်ပျောက်တာမှ သိပ်မကြာသေး။
"ကျွန်တော် ဝမ်ဖေးအတွက် လဲဖို့ အင်္ကျီ သွားယူပေးပါ့မယ်"
ယခုမှ ချင်ဖင်းမြို့စား အိမ်တော်မှ လူများက ရှန်လျန်ရဲ့ စိုရွှဲနေတဲ့ အခြေအနေကို သတိပြုမိသွားကြ၏။ ယောင်းကွမ်က အလျင်အမြန် အဝတ်သစ်လဲပေးရန် ဆွဲခေါ်သွားရာ ရှန်လျန် စိတ်ရှုပ်ရှုပ်နှင့် သူ့ကို အဝတ်လဲပေးတာပြီးအောင် သည်းခံလိုက်ရသည်။
"သွေးမတိတ်ရောဂါ"
ရှန်လျန်သွားလိုက်သည်နှင့် လေ့ကျန်းက ဖေးယွမ်ရွှင်း လက်ကောက်ဝတ်ကို စမ်းလိုက်ပြီး အံ့အားသင့်သွားသည်။
"ခင်ဗျားသိတယ်လား!"
ထျန်းရှုနဲ့ တစ်ခြားလူတို့ သူ့ကို တားရန်ပြင်လိုက်သော်လည်း လှုပ်ရှားမှု နှေးသွားသည်။
သွေးမတိတ်ေရာဂါ၊ ဒီအခြေအနေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ပျောက်ကွယ် သွားပြီဖြစ်တာကြောင့် ယခုခေတ် သမားတော် အတော်များများ မသိကြချေ။ ဖေးယွမ်ရွှင်းနှင့် အနီးကပ်နေသူတစ်ချို့သာ သိပြီးယခု လေ့ကျန်းပါ သိနေ၏။
"အင်း သိတယ်"
အခန်းထဲက လူတွေကို ဝေ့ကြည့်လိုက်ပြီး ပြန်ဖြေပေမယ့် ရှင်းတော့မရှင်းပြခဲ့။ ခေါင်းသာငြိမ့်ပြလိုက်၏။
"ဝမ်ဖေးရောက်လာပြီ ဆိုမှတော့ တစ်ချို့လူတွေ ပြန်နားသင့်ပြီ... ဝမ်ဖေး က မြို့စားမင်းကို နိုးလာအောင် ကုပေးလိမ့်မယ်"
အရိပ်အကဲ သိစွာနှင့် ထျန်းရှုက လူတစ်ချို့ကို ထွက်သွားစေသည်။
လူအနည်းငယ်ပဲ ကျန်တော့မှ
"သွေးမတိတ်ရောဂါ အကြောင်း ခင်ဗျား ဘယ်လိုသိလဲ"
အရိပ်တပ်သားခေါင်းဆောင်ဖြစ်သည့် လေ့ကျန်းက ခေသူမဟုတ်ပါချေ။ သူသာ အဆင့်ဆင့်ပညာအမွေ မဆက်ခံနိုင်ခဲ့ရင် ဝမ်ဖေးကို ကာကွယ်ပေးဖို့ အရည်အချင်း ဘယ်မှီပါ့မလဲလေ...
"ဒီရောဂါဇစ်မြစ်ကုသနည်းကို အရိပ်တပ်ဖွဲ့က အစဉ်အဆက် လက်ဆင့်ကမ်းခဲ့ကြတာ... မသေနိုင်ပေမယ့် အတော်လေး ဒုက္ခပေးတဲ့ ရောဂါပဲ... နည်းနည်းလေးခိုက်မိတာနဲ့ ပျောက်ဖို့ခက်တယ် ၊အလွယ်တကူသွေးမတိတ်ဘူး... တစ်သက်လုံး ဘာမှ မထိမရှမိရင်တော့ ပျော်ပျော်ရွှင်ရွှင်ကြီး နေသွားလို့ရတာပေါ့... စစ်နတ်ဘုရား ဝေထင်လည်း ဒီရောဂါခံစားရပြီး သခင်ဟောင်းက သူကိုယ်တိုင် အနောက်တောင်အရပ်က သွေးတိတ်ပင် ပေါက်တဲ့ တောင်ပေါ်တက်ရှာဖူးပြီး ကုပေးခဲ့တာ.. အဲ့ဒီနောက်ပိုင်း ဒီရောဂါ ဖြစ်တယ်လို့ မကြားမိတော့ဘူး"
သူ့ကို ဘယ်သူမှန်း သိနေတဲ့ သူတွေဖြစ်နေမှတော့ လေ့ကျန်း ဘာမှ မဖုံးကွယ်တော့ပဲ သူသိသမျှ ပြောပြလိုက်သည်။ သူတို့သခင်ဟောင်းကြောင့်သာ မဟုတ်ရင် စစ်ဗိုလ်ချုပ်ဝေထင် က ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့လိမ့်မည်။
"ဒါဆို ကုသနည်း ရှိမှာပေါ့"
ကွယ်လွန်ခဲ့ပြီးသော အထင်ကရပုဂ္ဂိုလ်များက မျိုးဆက်သစ်တွေအတွက် လမ်းစ ပေးထားခဲ့မယ်လို့ မမျှော်လင့်ထားစရာပင်။ သွေးမတိတ်ရောဂါက ရှားပါးဖြစ်စဉ်ဖြစ်နေရာ ထျန်းရှုတို့မှာ လေ့ကျန်းအား တုန်တုန်ရင်ရင် အသံနှင့် ဝိုင်းမေးကြ၏။ အရိပ်တပ်ဖွဲ့က ကျန်းဟိုင်ရဲ့ကိုယ်ပိုင် သက်တော်စောင့် ဖြစ်ရာ သခင်မရှိတော့သဖြင့် ဆေးကျမ်းပါ ပျောက်ကွယ်သွားနိုင်သည်မလား?
ဒီက်စ္စက သူတို့အဖွဲ့ကို အတော်လေး စိတ်ဓာတ်ကျစေသည်။ လေ့ကျန်းက လူတိုင်းရဲ့ အမူအရာကိုကြည့်လိုက်ပြီး ခေါင်းခါ၏။
"သခင်က သူကိုယ်တိုင် အချိန်ကုန် လူပင်ပန်းခံပြီး ဆေးမြစ်ရှာ ကုပေးခဲ့တာမလို့ ဘယ်လိုကုပေးခဲ့လဲဆိုတာ ဘယ်သူမှ မမေးရဲခဲ့ဘူး၊ နောက်ပိုင်း ဘယ်သူမှလည်း ဒီရောဂါမဖြစ်တော့တာကြောင့်မသိချင်ကြတော့သလို ဂရုမစိုက်ကြတော့ဘူး"
အရိပ်တပ်ဖွဲ့ ဆွေစဉ်မျိုးဆက်က မှတ်တမ်းရေးထားခဲ့၍သာ အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်ခဲ့ခြင်းဖြစ်၏။
"မြို့စားမင်းက သခင့်ဆီ ချဉ်းကပ်ခဲ့တာ...ဒီအဆိပ်နဲ့ ဆေးကျမ်း ရှိနေတာကြောင့်လား"
စကားခေါင်းစဉ်က ပြောင်းသွားပြီး လေ့ကျန်း မျက်ဝန်းမှေးကျဉ်းလိုက်ပြီး အရှိန်အဝါတစ်ခု ထုတ်လွှတ်သည်။ သူအပြစ်ပေးခံရမယ်ဆိုရင်တောင် ဒီလိုလူတွေ သခင့်အနား မကပ်စေရဘူး။
"ခင်ဗျာ?"
လူတိုင်း မတုံ့ပြန်နိုင်ဖြစ်သွားပြီး ထျန်းရှုက အရင် သတိဝင်လာကာ ကပျာကယာ ခေါင်းယမ်း၏။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး.. ခင်ဗျား အထင်လွဲနေပြီ၊ သခင်က ဝမ်ဖေးကို အရင်မျက်စိကျတာ..ဆေးကျမ်း၊အဆိပ်ကျမ်းနဲ့ အရိပ်တပ်သားတွေ ရှိတာတောင် သိခဲ့တာ မဟုတ်ဘူး၊
ကျုံးလင်ခြံဝန်းကို ခင်ဗျား လာစောင့်သာ မဟုတ်ရင် သခင်က အရိပ်တပ်ဖွဲ့ရှိမှန်းတောင် သိတာ မဟုတ်ဘူး... ပြီးတော့ သူ့ရောဂါအကြောင်း ဝမ်ဖေးကိုလည်း လုံးဝ မပြောပြခဲ့ဘူး... ဘာလို့ဆို ကုသနည်းလိုချင်လို့ ချဉ်းကပ်တယ် ထင်မှာ စိုးလို့တဲ့... သူတို့ဆက်ဆံရေးကို ရှုပ်ထွေးသွားစေတာမျိုး မဖြစ်ချင်ဘူးလို့ ပြောခဲ့တာ"
"အဲ့လိုဆိုရင် ကောင်းတာပေါ့"
လေ့ကျန်း အေးစက်စက် အမူအရာတွေ ပြန်ရုတ်သိမ်းလိုက်သည်။
ဆက်ပြောရန်ပြင်လိုက်စဉ် ရှန်လျန့်အသံက သူ့နောက်ဘက်မှ ထွက်လာသည်။
"ကျွန်တော် သူ့ကိုယုံတယ်"
လူတိုင်း အသံကြားရာဆီ တစ်ပြိုက်နက် လှည့်ကြည့်လိုက်ကြ၏။ ဘယ်အချိန်တည်းက တံခါးဝမှာ ရပ်နေမှန်းမသိတဲ့ ရှန်လျန်က ရှေ့ကို တစ်လှမ်းချင်း တိုးလာသည်။ သူ့နောက်မှာ အဝတ်သစ်ရှာပေးတဲ့ ယောင်းကွမ်လည်း လိုက်ဝင်လာ၏။
2642 words
Grape 🍇