'အဓိက အချက်ကို တည့် ပြောခြင်း'
" နင်ပြောတာ အမှန်ပဲလား.. မွေးကင်းစကလေး ခေါ်လာတာ သေချာလား"
လျိုရှုဟန် ထိုင်ချပြီး သေချာ အာရုံစိုက်မေးမြန်းသည်။
အစေခံငယ်က သူမရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲစွာဖြင့် တုန်တုန်ရီရီ ပြန်ဖြေသည်။
"ဟုတ်ကဲ့ အမှန်ပါပဲ .. လူအတော်များများ မြင် လိုက်ပါတယ်"
"ဒီကိစ္စအိမ်ထိန်းကို သေချာ စုံစမ်းဖို့ပြောလိုက်.. ကလေးရဲ့ အသက် ဘယ်လောက်ရှ်ိလဲ ၊ ဘယ်သူ့ကလေးလဲ ၊ရှန်လျန်က ဘာလို့ ကလေးခေါ်ပြီး သခင်ကြီးကို လာတွေ့ရတာလဲဆိုတာ"
"ဟုတ်ကဲ့"
အစေခံငယ်က ကြာကြာ မနေရဲတော့ပဲ အလျင်အမြန် ထွက်ခွာသွားသည်။ လျိုရှုဟန် အတော်လေး စိတ်လှုပ်ရှားနေ၏။ ကလေးက ပြဿနာကောင်ရဲ့ လင်ကောင်မပေါ်သား လို့ သံသယရှိတယ် ..အဲ့လိုသာ တစ်ကယ်ဖြစ်ခဲ့ရင် အဲ့ကောင် ဘဝကို ဖျက်စီးဖို့ အခွင့်အရေးရပြီပေါ့!
ဒါပေမယ့် လျိုရှုဟန် က ဝမ်းသာလုံးဆို့နေတာကို ပြန်ဖိနှိပ်ထားလိုက်ပြီး ဖြစ်နိုင်ချေကို တွေးသည်။နယ်ဝေးမှာ နေထိုင်ခဲ့စဉ်က မကောင်းဆိုးဝါးလေးရဲ့ နိစ္စဒူဝ လုပ်ကိုင်သမျှကို စောင့်ကြည့်ဖို့ ကလေးထိန်းတစ်ယောက် စေလွှတ်ထားခဲ့တာမလို့ ကလေးတစ်ယောက် မွေးလာတာကို သူမ မသိစရာအကြောင်းမရှိ။
ဒါဆို ဘယ်သူ့ကလေးလဲ? ဘာလို့ ရှန်လျန်က ပင်မ အိမ်တော်ကို ခေါ်လာတာလဲ? မြို့တော် ပြန်ရောက်လာကတည်းက ခြေမချတဲ့ ဒီခြံဝန်းထဲကိုလေ... ဖြစ်နိုင်တာက ..
သခင်ကြီး အပြင်က တိတ်တိတ်ပုန်း မယားနဲ့ မွေးထားတာလား?
တွေးလေတွေးလေ ဖြစ်နိုင်လေမလို့ လျိုရှုဟန် ဒေါသမျက်လုံးနဲ့ ခုန်ထလိုက်သည်။ ဒေါသကြောင့်မည်းမှောင်နေတဲ့ မျက်နှာက အကျည်းတန်နေ၏။
တစ်ချိန်တည်းမှာပဲ ဒုတိယနဲ့ တတိယ မိသားစုလည်း ဒီသတင်းကို ကြားလိုက်ရပြီး လူတိုင်း ဒီကလေးရဲ့ ဇစ်မြစ်ကို ခန့်မှန်းနေကြ၏။ ထို့အပြင် စုံစမ်းရန်လည်း အသီးသီးစေလွှတ်လိုက်ကြ၏။ စုံစမ်းခန့်မှန်းခံနေရတဲ့ ရှန်လျန်ကတော့ လူတိုင်းရဲ့ စပ်စုတဲ့ အကြည့်ကို လစ်လျူရှုကာ ခြံရှေ့ကိုဦးတည် လျှောက်သွားလိုက်သည်။
"ပဉ္စမ သခင်လေး.."
ပင်မခြံဝန်းမှ အနောက်ဆောင် အိမ်တော်ထိန်းက အသက်လုရှုရင်း အပြေးရောက်ချလာသည်။
ရင်ခွင်ထဲက ကလေးကို ဖုရင်လက်ထဲ ပြောင်းထည့်ပေးကာ မျက်ခုံးပင့်ရင်း ပုံမှန်ဆန်စွာ မေးလိုက်၏။
"တစ်ခုခု လိုလို့လား"
လူတစ်ချို့ရဲ့ တုံ့ပြန်မှုက မြန်ဆန်၏။ ယိုအာရဲ့အကြောင်းကို သိချင်ကြလွန်းလို့ လည်တစ်ရှည်ရှည်ဖြစ်နေကြပြီထင်၏။
"ပဉ္စမ သခင်လေးက သခင်ကြီးနဲ့တွေ့ဖို့ အရှေ့ဆောင်ကို လာတာလား"
လောကဝတ်စကားဆိုရင်း ကလေးကို လှမ်းကြည့်၏။ သို့သော် ကလေးက အနှီးကိုတင်းကြပ်ထူထဲစွာ ချည်ထုတ်ထားသဖြင့် ဘယ်သူနဲ့ တူလဲ မမြင်ရချေ။ ထို့အပြင် အသက်လည်း မခန့်မှန်းနိုင်... ကလေးတစ်ယောက်ဆိုတာကလွဲရင် ဘာမှ မသိ။
"ဘာလဲ? ကိုယ့်အဖေကိုယ် တွေ့ချင်တာတောင် ခင်ဗျားရဲ့ ခွင့်ပြုချက် တောင်းရဦးမှာလား"
နှုတ်ခမ်းဟလိုက်တာနဲ့ ရှန်လျန် ယဉ်ကျေးမနေ။ ဒီအိမ်ထိန်းက ရှန်လျန် မှတ်မိတာ မမှားရင် လျိုရှုဟန်ရဲ့ အမျိုးမလား?
"အဲ့လို မဟုတ်ပါဘူး .. သခင်လေး အထင်လွဲနေပါပြီ.. ကျုပ်က သခင်လေးရဲ့ အပြုအမူကို မေးခွန်းမထုတ်ရဲပါဘူး"
အိမ်ထိန်းပျာပျာသလဲလဲ ငြင်းဆိုလိုက်၏။ လက်ရှိမှာ လျိုရှုဟန်က အာဏာ သိမ်းခံထားရတာမလို့ ရှန်လျန့်ကို မထီမဲ့မြင် မပြုရဲပါချေ။
သို့သော် သူ့အပြုအမူက သခင်နှင့် အစေခံလို မဟုတ်ပဲ ကိုယ့်ထက် အငယ်ကို စကားပြောနေသလိုပင်။
"မေးခွန်းမထုတ်ရဲပေမယ့် ကျုပ်သွားမယ့် လမ်းကို နှေးဖင့်အောင် ပိတ်ရပ်ရဲတယ်ပေါ့လေ..အိမ်ထိန်းက ဖြစ်လာသမျှ တာဝန်ယူမှာလား"
ရှေ့တိုးလာသည့် ရှန်လျန်က ရုတ်ချည်းအရှိန်အဝါ ပြောင်းလဲကာ ပြင်းပြင်းထန်ထန် ဖိအားပေးသည်။
"ပဉ္စမ သခင်လေး.."
"ခွေးအစေခံ!"
"အား..!"
အိမ်ထိန်းက ရှန်လျန်နှင့် ဆက်ငြင်းခုံရန် စီစဉ်ထားသော်လည်း ရှန်လျန်က အရိပ်ပြလိုက်ရာ လေ့ကျန်းက ဒူးကို အားပြင်းပြင်းနှင့် ကန်ချလိုက်သည်။ အိမ်ထိန်းက နာနာကျင်ကျင် အော်လျက် မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားသည်။
ရှန်လျန်က အထင်သေးစွာ ငုံ့ကြည့်ကာ
"ကျွန်က ကျွန်လိုနေ.. အိမ်ထိန်းက နားမလည်ဘူးဆိုရင်လည်း ကျုပ်က သင်ပေးဖို့ စိတ်မရှိဘူး.. နောက်တစ်ကြိမ်ဆိုရင် ဒီထက် ပိုနာမယ် နော် ကျုပ်သည်းခံနေမှာ မဟုတ်ဘူး ၊ သွားစို့!"
ပြောပြီးသည်နှင့် တုံ့ပြန်သံကိုမစောင့်တော့ပဲ ရှန်လျန် ဆက်လျှောက်၏။ လေ့ကျန်းနှင့် ဖုရင်က တိတ်ဆိတ်လျက် နောက်မှ ကပ်ပါလာသည်။
ရှန်လျန့်ဘေးမှာ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့လူ ရှိနေမယ်လို့ ထင်မထားတာကြောင့် အိမ်ထိန်း အံကြိတ်ကာ အသံမထွက်ပဲနေရုံမှ တစ်ပါးအခြားမရှိ။ ဒါပေမယ့် သူ အတော်လေးထိတ်လန့်သွားရသည်။ ကြည့်ရတာ ရှန်လျန့်အကြောင်း သူတို့ သေချာ မသိသေးပုံပင်။
"ပဉ္စမ သခင်လေး ကျေးဇူးပြုပြီးရပ်လိုက်ပါ"
စာကြည့်ခန်းနားနီးလာတော့ လူတစ်အုပ်က ပိတ်ရပ်ထားကာ အသက်သုံးဆယ် ခန့် လူတစ်ဦးက ဦးစွာ ရှေ့ထွက်လာသည်။ သူ့နာမည်က ရှန်ရှိန်းဖြစ်ပြီး သူ့အဖေရဲ့ ကိုယ်ရံတော် ဖြစ်၏။ သူသည်လည်းအရှေ့ဆောင်၏ အိမ်ထိန်းဖြစ်ပေမယ့် ရှန်သခင်ကြီးကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့သူမလို့ တုံးလင်အိမ်တော်ရှိ အစေခံထဲမှာ သူက ရာထူးမြင့်၏။
"ရှန်ဦးဦး"
နောက် တစ်လှမ်းပြန်ဆုတ်ကာ ရှန်လျန် ဦးညွှတ်နှုတ်ဆက်၏။ ရှန်မိသားစုတစ်ခုလုံးမှာ ရှန်လျန့်ရင်ကို အနည်းငယ် နွေးစေသူဆိုလျှင် ထိုသူက
ရှန်ရှိန်းပဲ ဖြစ်၏။
အရင်ဘဝက သူများရဲ့သွေးထိုးမှုကြောင့် ဖခင်က သူ့ဂုဏ်သတင်းကို ဦးစားပေးကာ ရှန်လျန့်အား ချင်ယွင်ရှန်းနဲ့ လက်ထပ်ဖို့ အမြဲ ဆူပူရိုက်နှက်သည့်အချိန်တိုင်း ဆက်မရိုက်ပါရန် ဝင်တားပေးခဲ့သည့် သူက ရှန်ရှိန်းပင်။ နောက်ပိုင်း မင်းသား၄ ချင်ယွင်ရှန်းနဲ့ လက်ထပ်လိုက်ရပြီးနောက် ပြန်တွေ့ဖို့ အခွင့်အရေး မရတော့ပါချေ။
"ပဉ္စမ သခင်လေးက ဒီအစေခံ ကို မှတ်မိနေဦးမယ်လို့ မထင်ထားဘူး.. မျက်စိတစ်မှိတ်အတွင်း သခင်လေးတောင် ကြီးလာပြီပဲ.. သခင်မအတိုင်းပဲ လှလည်းလှတယ်..ခုနေ သခင်မသာ မြင်နိုင်ရင် အရမ်းဝမ်းသာမှာ သေချာတယ်"
ရှန်ရှိန်း တွေးရင်း မပြုံးပဲ မနေနိုင်ပါ။ ရှန်လျန့်မျက်နှာပေါ်မှာ ဝေကျစ်ချန်ရဲ့ အစိတ်အပိုင်းတွေ မြင်နေရသည်။
"အဲ့လိုလား... နောက်တစ်မျိုးတွေးကြည့်ရအောင်.. တစ်ကယ်လို့ ပါပါးက အခု ကျွန်တော့ကို မြင်နေရရင် စိတ်မချမ်းမသာ ဖြစ်ပြီး သူသေသွားရတာကို အေးအေးချမ်းချမ်းမနားရပဲ ဖြစ်နေမှာ"
မဝေးတော့တဲ့ စာကြည့်ခန်းကို မျော်ကြည့်ပြီး ရင်ဘတ်ထဲက အမုန်းတရား နာကျည်းမှုတွေကို ခက်ခက်ခဲခဲ ဖိနှိပ်လိုက်ရ၏။
"ဟင်း..."
သူ့စကားကြောင့် ရှန်ရှိန်း တန့်သွားပြီး သက်ပြင်းမောချ၏။
"သခင်ကြီးလည်း ဒီနှစ်တွေမှာ သူ့အတွက် မလွယ်ကူခဲ့ပါဘူး သခင်လေး နားလည်ပေးလိုက်ပါ"
"ဟက်!"
ရှန်လျန် မျက်နှာသာ မပေးချင်တာ မဟုတ်ပဲ ထိစကားက အတော်လေး တရားကျဖို့ကောင်းနေလို့ဖြစ်၏။
"သခင်လေးရဲ့ အစ်ကိုလို ခေါင်းမာတာချင်း တူတူပါပဲလား"
ရှန်ရှိန်း ဘာမှ မတတ်နိုင်ပဲ ဖုရင်လက်ထဲက ကလေးကို လက်ညိုးညွှန်ကာ မေးလိုက်၏။
"သူက..."
"သူ့နာမည်က ရှန်ယို.. မနေ့ကမှ ခေါ်လာတာ"
မေးလာသည့်မေးခွန်းကို မရှောင်ပဲ ဖြေချလိုက်သည်။ သူဘာတွေးနေလည်း မည်သူမှ မသိ။
ရှန်ရှိန်း မျက်မှောက်ကြုံ့ပြီး
"သူ့ကို တွေ့ခဲ့တာလား"
ကလေးက ဘယ်ကလာတာလဲ? မျိုးရိုးနာမည်ကလည်း ရှန် ဆိုတော့ ...
"တွေ့တယ်တဲ့လား... ထင်ချင်သလို ထင်နိုင်ပါတယ်"
တွေ့ခဲ့တာ ပါပဲလေ... အရင်ဘဝက သေသွားသည်အထိ ဒီကလေးရဲ့ တည်ရှိမှုကို မသိခဲ့ရပဲ.. အခု ဆုံတွေ့မှုဟာ တစ်ကယ်ကို ပျော်ရွှင်ဝမ်းသာမှုတစ်ခုပါ။
"သခင်လေးက သူနဲ့ ဘာလုပ်မလို့လဲ ..."
ရှန်လျန် ဘာလုပ်ချင်နေမှန်း မခန့်မှန်းနိုင်သည့်
ရှန်ရှိန်းက သေနတ်ပြောင်းထိပ်ဝ ရောက်နေတာတောင် ဆက်မေးနေဆဲ...
ရှန်လျန်က ဒီမေးခွန်းကို ဖြေရမယ့်အစား ပြန်မေးခွန်းထုတ်လိုက်သည်။
"အမတ်ကြီး စာကြည့်ခန်းထဲမှာ ရှိလား..သူလည်း ဒီကိစ္စမှာ ပတ်သက်နေတာ မဖြစ်နိုင်ဘူးလား"
"အာ..ဒီကလေးကတော့ ကိုယ့်အဖေကို ဘယ်လိုတွေ ပြောနေတာတုန်း..."
ရှန်ရှိန်းက ရယ်ရမလားငိုရမလား မသိစွာ ခေါင်းယမ်းရင်း
"ကောင်းပါပြီ ဒါဆိုလည်း သခင်ကြီးနဲ့တွေ့ခွင့်ရအောင် ခွင့်တောင်းပေးမယ်... ဒါပေမယ့် စိတ်အေးအေး ဖြေရှင်းကြပါနော် ခုရက်ပိုင်း သခင်ကြီးက စိတ်အခြေအနေ သိပ်မကောင်းဘူး"
"ဘယ်အချိန်တုန်းက ကောင်းတာကျလို့"
အတိတ်က ဘယ်အချိန်မဆို သူ့ဖခင်ဟာ အမြဲလိုလို ဒေါသကြီးပြီး စိတ်ရှုပ်နေတတ်သည်သာ ။
"ဟင်း..."
ရှန်ရှိန်း သက်ပြင်းထပ်ချကာ စာကြည့်ခန်းဆီ ခေါ်သွားလိုက်၏။
"ဦးလေးဖု ကလေးကို လေ့ကျန်းဆီ လွှဲပေးလိုက်ပါ ပြီးရင် အပြင်မှာပဲ စောင့်နေခဲ့.. ဘာပဲ ကြားရကြားရ မစိုးရိမ်နဲ့နော်"
"အင်း...စကားပြောရင် ဆင်ခြင်ဦးနော်.. အမတ်ကြီးကို အရမ်းဖိအားမပေးနဲ့.. သူပြန်လုပ်ရင် ဦးလေးတို့ဘက်ပဲ ခံရမှာလေ"
ကလေးကို လေ့ကျန်းဆီ ပြောင်းချီခိုင်းလိုက်၏။ သားအဖနှစ်ယောက်ကြား ဆက်ဆံရေးကိုသိနေသဖြင့် ယခု လျန်လျန့်ပုံစံနဲ့ဆို သေချာပေါက်အငြင်းပွားမှု ဖြစ်မှာပင်။
"ဖြစ်သင့်တဲ့ အတိုင်းအတာ ကျွန်တော် သိပါတယ်"
ရှန်လျန်ကတော့ ဆွေးနွေးချင်သည့် စိတ်ရှိမနေ။
ဖုရင် လည်း သက်ပြင်းချရုံပဲ တတ်နိုင်၏။ တစ်ခဏ အကြာတွင် ရှန်ရှန် စာကြည့်ခန်းထဲက ထွက်လာပြီး..
"သခင်ကြီးက ဝင်လာခိုင်းလိုက်ပါတယ်"
ထင်ယောင်ထင်မှား ဖြစ်နေသလားဟု အကြည့်တွေရှုပ်ထွေးနေပြီး လေ့ကျန်းနှင့် ဖုရင်က မျက်မှောင်ကြုံ့လိုက်၏။ ရှန်လျန်က ခပ်တိုးတိုး ရယ်လိုက်ပြီး ရှေ့ဆက်လျှောက်၏။
ရှန်သခင်ကြီးရဲ့ စာကြည့်ခန်းတွင် စာအုပ်များစွာ စုဆောင်းထားပြီး ကြိုး တူရိယာများ၊စစ်တုရင်ခုံ နှင့် အချိန် ဖြုန်းလို့ကောင်းမည့် အခြားအရာများလည်း ရှိသေး၏။
မြင်ကွင်းထဲ ဆွဲဆောင်မှုအရှိဆုံးကတော့ မြင်း
ကျော ပေါ်ထိုင်နေသော ရိုးရှင်းကာ လှပသည့် သူရဲကောင်းဆန်ဆန် ပုံရိပ်တစ်ခုပင်။ ထိုသူကို အနီးကပ်ကြည့်လျှင် ရှန်လျန်နဲ့ ရုပ်ချင်းဆင်တာကိုတွေ့ရလိမ့်မည်။ ထို့အပြင် ပန်းချီ ကားချပ်ထဲက လူက ရှန်လျန့်ထက် ဘဝကိုအသက်ဝင်စွာ ဖြတ်သန်းနေသည်ကို မြင်နိုင်သည်။ ထိုသူသည် ကမ္ဘာကြီးကို ခဏ တစ်ဖြုတ် အလည်ရောက်လာသည့် နတ်သားတစ်ပါး အလား ။
ပန်းချီထဲက လူက ရှန်တာ့နဲ့ ရှန်လျန်တို့၏ အဖေ ဝေကျစ်ချန်ဖြစ်ပါ၏။
"ဘာလာလုပ်တာလဲ. ပြောစရာရှိတာ အမြန်ပြော ငါအလုပ်များနေတယ်"
ဝင်လာပြီးနောက် ပန်းချီကားကိုငေးနေတဲ့
ရှန်လျန်ကြောင့် သခင်ကြီး ဒေါသထွက်လာပြန်သည်။ သူ့ကြောင့်မဟုတ်ရင် ဝေကျစ်ချန်က အသက်ရှင်နေဦးမှာ.. အဲ့တာဆို သူတို့နှစ်ယောက်အတူတူ ပန်းချီလေးဆွဲရင်း နေ့တိုင်းဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသွားလို့ရမှာ..
"ကျွန်တော် ကလေးတစ်ယောက်မွေးစားမလို့.. အိမ်ဝန်းချဲ့ချင်လို့"
လာရင်းခေါင်းစဉ်ကို တည့်တည့်ပြောလိုက်၏။ သူ့ရည်ချက်ရွယ်က ရှင်းသည်။
"ဘာဖြစ်တယ်!"
ရှန်သခင်ကြီး ချက်ချင်း ထရပ်ကာ သူ့ကို ကြည့်၏။
"မင်းက ကောလေ လက်တောင်မထပ်ရသေးဘူး.. ကလေးမွေးစားမယ်ဟုတ်စ.. မင်း တုံးလင် အိမ်တော်ကို အရှက်ခွဲလို့ မဝသေးဘူးလား"
"အရှက်ခွဲတာ ကျွန်တော် မှ မဟုတ်တာ.. သခင်ကြီးသာ တုံးလင် အိမ်တော်ကို မျက်နှာရစေချင်ရင် လျိုရှုဟန်နဲ့ ကွာရှင်းလိုက် ..ပြီးရင် ရှန်ရှောင်၊ ရှန်ချန်၊ ဒုတိယမိသားစုနဲ့ တတိယမိသားစုအပါအဝင် သခင်မကြီးကိုပါ ကန်ထုတ်လိုက်"
သူတို့မရှိရင် တုံးလင်အိမ်တော်က ငြိမ်းချမ်းပြီး တိတ်ဆိတ်နေတော့မှာ... အရှက်ရစရာ အဖြစ်လည်း မရှိတော့ဘူး....
"မင်း.... မွေးရကျိုးမနပ်တဲ့သား!သူတို့က မင်းရဲ့မိသားစုတွေ!"
ရှန်သခင်ကြီးမှာ ဒေါသထွက်လွန်း၍ ရှန်လျန့်ကို လက်ညိုးတထိုးထိုးနှင့် တဆတ်ဆတ်တုန်နေသည်။
"မိသားစုအရင်းမို့လို့လား"
ရှန်လျန်ရယ်လိုက်သည်။
"ကျွန်တော့ မိသားစုမှ မဟုတ်တာ.. အမတ်ကြီးနဲ့ တော်စပ်ကြတာလေ.. ဒီအိမ်မှာ ကျွန်တော့ရဲ့ မိသားစုက ဆုံးပါးသွားတဲ့ ပါပါးနဲ့ စစ်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်နေရဆဲ ဖြစ်တဲ့ အစ်ကိုရယ်ပဲ ရှိတယ်"
ကျန်တဲ့သူတွေက ရန်သူတွေပဲ.. ရှန်အမတ်ကြီးလည်းပါတာပေါ့!
"သူ့ကို ထုတ်ပြောရဲသေးတယ်ပေါ့လေ"
ရှန်လျန့်နှုတ်မှ ဝေကျစ်ချန် ပါလာတာနဲ့ အလွန်စိတ်ဆိုးဒေါသထွက်တော့သည်။ ဝေကျစ်ချန်က သူ့ကြောင့်သေရတာလေ ... ဘာအရည်အချင်းရှိလို့ ပါးစပ်က ခုလို ပြောရဲရတာလဲ...
"ဘာလို့ မပြောရမှာလဲ.. ကျွန်တော့ပါးက သူ့ဘဝတစ်ခုလုံးပေးပြီး ကျွန်တော့ကို မွေးပေးခဲ့တာမလို့ ကျွန်တော်က သူနဲ့ အပြည့်အဝဆိုင်တယ်... ကျွန်တော့ အစ်ကိုလည်း ဆိုင်တယ်.. ရှန်သခင်ကြီးဆိုတဲ့ ခင်ဗျားကတော့ ပါးစပ်က ချစ်တယ်သာ ပြောတာ .. ကျွန်တော်ဖြင့် ဘာအချစ်မှကို မတွေ့ဘူး.သူ့အပေါ်တောင် သစ္စာရှ်ိဖူးလို့လား.. လာလိမ်မနေနဲ့ ခင်ဗျားပဲ သူ့ကို ထုတ်ပြောခွင့် မရှိဆုံးလူ!"
ဝေကျစ်ချန်က အဖေနဲ့ သားကြားက ချစ်ခြင်းတရားဖြစ်နေတာကြောင့် သူ့ကို ထုတ်ပြောတိုင်း မည်သူမှ စိတ်အေးအေးမထားနိုင်ကြ။
ဤအရာကို ပထမဆုံးမြင်တွေ့ဖူးတဲ့ လေ့ကျန်းက မျက်မှောင်ကြုံ့ပြီး ကလေးကို ပိုက်ကာ ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်လိုက်၏။ သခင်နဲ့ နှစ်ကြိမ် သုံးကြိမ် တွေ့ဆုံဖူးခဲ့ပြီးနောက် သခင့်အကြောင်းအတော်သိထားပြီ ထင်ခဲ့သည်။ ယခုတော့ သခင့်အကြောင်း ထဲထဲ ဝင်ဝင်စုံစမ်းထားခြင်းကြောင့်သာ မဟုတ်ရင် ယခုလို အတော်လေး ဒေါသထွက်ကာ ကိုယ့်အဖေကိုဘာလို့
ရိုသေလေးစားခြင်းမရှိသလဲဟု ထင်မိလိမ့်မည်။
ရှန်သခင်ကြီးမှာ ဝင်ဝင်လာချင်း ကိုယ့်သားကို အကြောင်းရင်း လုံးဝ မမေး.. စကားလုံးတိုင်းက ရှန်လျန့်ကို ရစရာမရှိအောင် ပြစ်တင်ရှုံ့ချခဲ့၏။
ခုလို အဖေမျိုးဖြစ်နေမှတော့ ရှန်လျန့်နေရာမှာ သူတို့ဆိုရင်လည်း လေးလေးစားစားဆက်ဆံနိုင်မှာ မဟုတ် ပေ။
"မင်း..မင်း.. မွေးရကျိုးမနပ်တဲ့သား!.. ဒီနေ့ မင်းကိုအသေ ရိုက်သတ်ပစ်မယ်"
အမတ်ကြီး လုံးဝ စိတ်လွှတ်သွားပြီး သူ့လက်သီးဆုပ်က ရှန်လျန့်ဆီ ပစ်ဝင်လာသည်။ လေ့ကျန်းက အမြန် ရှေ့တက်ကာ ကလေးကို လက်တစ်ဖက်နှင့် ပွေ့ပြီး ကျန်တစ်ဖက်က ရှန်သခင်ကြီးရဲ့လက်ကို ဖမ်းဆုပ်လိုက်သည်။
"အမတ်ကြီး အပြုမူဆင်ခြင်ပါ"
"မင်း! မင်းက ဘယ်သူလဲကွ!"
ကြားဝင်တားခံလိုက်ရမယ်လို့ မမျှော်လင့်ထားတာကြောင့် အမတ်ကြီး အော်လိုက်သည်။ သူ့အကြည့်က တစ်ဖက်လူကို ခြိမ်းခြောက်မှုအပြည့်။
"သခင်လေးကိုစောင့်ရှောက်ဖို့ သခင်လေးအစ်ကိုက လွှတ်လိုက်တဲ့လူပါ"
"ဘာ!"
ရှန်တာ့လူက ဘယ်ကထွက်လာရပြန်တာလဲ? ရှန်လျန့်ကိုကာကွယ်ဖို့ ဘယ်နှယောက်တောင် ပို့လာတာလဲ"
မည်သို့ပင်ဆိုစေ ရှန်တာ့နာမည်ကြောင့် ရှန်အမတ်ကြီးရဲ့ဒေါသက တစ်ဝက်ပြေသွားပြီး
အမူအရာက စောနကလောက် ကြောက်မက်ဖွယ်ရာ မကောင်းတော့ပါ။
"အူဝဲ..အူဝဲ"
သူတို့၏ပဋိပက္ခအသံကြောင့်ထင်၏။ ရှန်ယိုလေးက ဆူညံသံကြောင့်နိုးလာကာ မျက်ရည်တသွင်သွင်စီးကျလာတာကြောင့် ရှန်လျန်လည်း သူ့ဖခင်ကို အာရုံမစိုက်နေနိုင်တော့ပေ။ နောက်လှည့်ကာ လေ့ကျန်းရင်ခွင်ထဲက ကလေးကို ပွေ့ယူလိုက်၏။
"ရိုအာ.. လိမ်မာနော်.. မငိုနဲ့.. မငိုနဲ့.. ရှုရှုက မင်းကိုချစ်တယ်လေနော်"
သူ့အဖေရဲ့ စူးစူးရဲရဲ အကြည့်တွေကို လစ်လျူရှုပြီး စာကြည့်ခန်းအတွင်း ပတ်လျှောက်ကာ ကလေးကို ချော့မြူလေသည်။
မတိုင်ခင်က ကြမ်းတမ်းခဲ့တဲ့ အသံဟာ ယခုတော့ နူးညံ့ညင်သာပြီး ကန်ရေပြင်လို အေးချမ်းနေလေ၏။ ငိုနေတဲ့ ရှန်ယိုသေးသေးလေးဟာ ချော့ခံလိုက်ရသဖြင့် ရှိုက်သံလေးသာ ထွက်ပြီး အငိုတိတ်သွားသည်။ ထို့နောက် လက်မလေး စုပ်ကာ တဖြည်းဖြည်း အိပ်မောကျသွားလေတော့သည်။
Words 2854
Grape 🍇