'ဖြစ်ချင်တာနဲ့ လုပ်နေတာနဲ့ တလွဲစီ'
"ဝေငှတဲ့ အပိုင်းက မင်းတို့ဆက်ပြီးတာဝန်ယူလိုက်တော့၊ ငါမတတ်နိုင်တော့ဘူး"
လူတိုင်းကလည်း အလုပ်တူတူစုပေါင်းလုပ်ရခြင်းကို သဘောပေါက်သည်ဖြစ်ရာ ရှန်လျန်က လက်နှစ်ဖက်ဖြန့်လိုက်ပြီး အလွန်သဘာဝကျစွာနဲ့ အခြားသူတွေ တာဝန်ဆက်ယူရန်လွှဲပြောင်းပေးလိုက်သည်။ ယခုအချိန်မှာ အရိပ်တပ်သားများပေါ်ထွက်လာရန်အချိန်မဟုတ်သေး၊ အပြင်ပန်းမှာ အခြွေရံအနည်းငယ်သာရှိပုံဖမ်းထားရသည်။ အလွန်သန်မာနေ၍ မဖြစ်ပေ။
"ငါ့တာဝန်ထားလိုက်"
ရာဇဝတ်ဌာနအား ပိုင်နိုင်သောမိသားစုမှ ရန်ထျန်းယွီက ဤအခက်အခဲကို တာဝန်ယူသည်။ မည်သူမှ ကန့်ကွက်စရာမရှိ။
"အစားအစာက ဆန်ပြုတ်ပဲမလား"
ရှန်ကျိုးက မေးသည်။
"ဆန်ပြုတ်တစ်မျိုးထဲနဲ့ မဝလောက်ဘူး၊ အသားပေါက်စီလည်း တွဲဝေသင့်တယ်၊ ဒုက္ခသည်တွေက ငွေရှိပြီး ဝယ်စားဖို့မြို့ထဲ မဝင်နိုင်ကြတာ၊ ခေါက်ဆွဲက တော့ ကျွေးဖို့ ငွေမတတ်နိုင်ဘူး"
ရှဲ့ယန် စိတ်မကောင်းစွာ သက်ပြင်းချသည်။ လုပ်နိုင်စွမ်းက အကန့်အသတ်နဲ့ ဆိုတော့လဲ...
" အသားပေါက်စီလား? ချဲ့ကားလွန်းသွားပြီမဟုတ်လား"
ရှန်လျန် ရယ်မိသွား၏။
"သာမာန်ပြည်သူတွေက အသားပေါက်စီစားရမှ မဟုတ်ပါဘူး၊ သူတို့စားတာတွေကလေ ငါတို့မင်းတို့ တော်ရုံမစားတဲ့ ဟင်းသီးဟင်းရွက်အစာသွပ်ပေါက်စီတို့၊ ပြောင်းဆန်နဲ့ အရွက်ရောကြိုတဲ့ယာဂုတို့ စားရတာများတယ်၊ အသားပေါက်စီ၊ ခေါက်ဆွဲဆိုတာ တစ်နှစ်နေမှ အခေါက်ရေနည်းနည်းပဲ စားရတာ"
ငါးနှစ်လောက် တိုင်းပြည်အစွန်အဖျားမှာ နေခဲ့ရတော့ အခြားသူတွေနဲ့ ယှဉ်လျှင် အခြေခံလူတန်းစားတွေအကြောင်း ရှန်လျန်က ပိုနားလည်လေသည်။
"သူတို့ဘဝက အဲ့လောက်တောင် ခက်ခဲတာလား"
လူငယ်လေးတွေ အလိုလို မျက်မှောင်ကြုံ့မိကုန်သည်။ ရွှေဇွန်းကိုက်ကာ မွေးဖွားလာရသူတွေအဖို့ အောက်ခြေ လူတန်းစားတွေရဲ့ အခက်အခဲအား မတွေ့ကြုံဖူးပါ။
"အသီးအရွက်အများကြီးဆိုရင် ခြံလိုက် သွားဝယ်မှရမှာ၊ အခု စိုက်ခင်းတွေ ရေမြှုပ်ကုန်ပြီဆိုတော့ ဟင်းသီးဟင်းရွက် အစာသွပ်ပေါက်စီလုပ်ဖို့ အဆင်မပြေဘူး၊ ဒီတိုင်း ဆန်ညိုနဲ့ ပြောင်းမှုန့်ဝယ်ပြီး ယာဂုကြိုလိုက်မယ်၊ အဲ့ထဲ ကန်စွန်းဥထည့်မယ်ဆိုရင်တော့ ငါတို့ငွေနဲ့ဖူလုံမယ်၊ ရက်နည်းနည်းလောက်ပေါ့"
လေးနက်လာတဲ့အခြေအနေမှာ ရှန်လျန်က ဝင်ထိန်းသည်။ ဆန်ပြုတ်နဲ့ ဗိုက်ဝအောင် ကျွေးဖို့မဖြစ်နိုင်တဲ့အပြင် ငွေကြေး ကအကန့်အသတ်နဲ့ဖြစ်တာကြောင့် ဈေးသက်သာ၊ဗိုက်ဝတဲ့ ယာဂုကိုရွေးချယ်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
"ကောင်းသားပဲ အဲ့လိုပဲ လုပ်ရအောင်"
ယခုလောက် ခြိုးခြိုးခြံခြံ မသုံးစွဲခဲ့ဖူးသဖြင့် အတော်လေး အတွေ့ကြုံရကြလေသည်။
"အစကတော့ ကောင်းနေပြီ..ငါတို့ ဘယ်အချိန်စလုပ်မလဲ? "
ရှန်ကျိုးက သူ့အနာဂါတ် လက်ထပ်ပွဲ အဆင်ပြေစေဖို့ အစိုးရိမ်ဆုံးလူဖြစ်ရာ စိတ်အလောဆုံးလည်းဖြစ်နေ ၏။
"အနှေးနဲ့အမြန် ဖြစ်လာမှာပဲဆိုတော့ မနက်ဖြန်ပဲ စလိုက်မယ်ဆိုရင်ရော? "
တစ်ဦးချင်းစီလိုက်ကြည့်ရင်း ရှန်လျန် မေးဆတ်ကာမေး၏။
"အဲ့လောက်မြန်လား"
တစ်ချိန်တည်း တအံ့တဩဖြစ်သွားကြစဉ် ရှန်ကျိုးက တုံ့ပြန်မှုအမြန်ဆုံးဖြစ်ပြီး ငွေလက်မှတ်တစ်ထပ်ကိုချက်ချင်း စားပွဲပေါ်ပစ်တင်လိုက်သည်။
"အဲ့လောက်မြန်မယ်မှန်း ကြိုသိလို့ ငါငွေယူလာတယ်"
ရှဲ့ယန်တို့မှာ ပြောစရာစကားမဲ့လျက်၊ ရှန်လျန်က ငွေလက်မှတ်တန်ဖိုးကို ရေတွက်ကြည့်လိုက်သည်။
"ဒါ ငွေတုံးတစ်သောင်းစာရှိတယ်၊ မင်းထည့်တာ လောက်တယ်"
ပုံမှန်အတိုင်းဆိုလျှင် အရာရှိမိသားစုမှ ဇနီးသည်ရရှိသော လစဉ် အသုံးစရိတ်ငွေသည် ငွေတုံးတစ်ရာ့ရှစ်ဆယ်ခန့်ရှိ၏။ ထို့အပြင် အပတ်တိုင်း အပိုဆုချီးမြှင့်ခံရတာကို ထည့်ပေါင်းလိုက်ပါက ငွေတုံးနှစ်ရာသုံးရာခန့် လက်ဝယ်ပိုင်ဆိုင်ထားသည်။
"အင်းပေါ့.. အဖေနဲ့ အစ်ကို့ကို ကပ်ချွဲလိုက်တာ၊ သူတို့က ငါ့ကိုသနားလာပြီး တစ်ယောက်နည်းနည်းစီ ပေးလိုက်တာ၊ ငါအကုန်ယူလာလိုက်တယ်"
ရှန်ကျိုးက မိသားစု၏ဂုဏ်ကိုဖော်ရန်လည်းမမေ့ပါ။
"ဟုတ်ပါပြီ၊ငါ က ဒီတိုင်းပြောလိုက်ရုံပါ"
ရှန်လျန် ခေါင်းမော့ပြီး မရယ်ပဲမရယ်နိုင်ချေ၊ပြီးနောက် ရှဲ့ယန်တို့ကိုတစ်ခါတည်း ညှိနှိုင်းလိုက်သည်။
"ဒါဆိုရင် အစပိုင်းမှာ ငါတို့ တစ်ယောက်ကို ငွေတုံးတစ်သောင်းစုကြမလား၊ နောက်ပိုင်းအခြေအနေက မီးစင်ကြည့်ကတာပေါ့"
"ကိစ္စမရှိဘူး"
ရန်ထျန်းယွီနဲ့ ဝေထန်တို့က တစ်ပြိုင်တည်း သဘောတူသည်။ ရှန်ကျိုးရဲ့နည်းလမ်းက အလုပ်ဖြစ်လောက်သည်ဟုလည်း တွေးမိသွားသည်။ ငွေတုံးတစ်သောင်းမလား.. လူကြီးတွေနားကပ်ပြီးနည်းနည်း ပါးပါးချွဲလိုက်တာနဲ့ ရလာလောက်ပါတယ်...
"ငါလည်း အဆင်ပြေတယ်၊ ခုဆို သူဌေးပေါက်စဖြစ်နေပြီဆိုတော့ မင်းတို့ထက်တောင် ချမ်းသာသေး"
ရှန်လျန် လက်ခံရရှိတဲ့ ခန်းဝင်ပစ္စည်းစာရင်းက မည်မျှများပြားကြောင်းတလောကလုံး သိနေရာ ရှန်လျန် မကွယ်မဝှက်တန်း ပြောလိုက်သည်။
"ငကြွား"
ရှန်ကျိုးက ပေစောင်းစောင်းကြည့်လျက် သူ့အင်္ကျီထဲ မွေနှောက်ရှာဖွေလိုက်ရာ ငွေတုံးနှစ်ရာ တန်ဖိုးရှိ ငွေလက်မှတ်များ ထပ် ထွက်လာသည်။ ငွေတုံးတစ်သောင်းနှစ်ရာ တန်ဖိုးရှိ ငွေလက်မှတ်များအားလုံးကို ဝေထန်စီ ထိုးပေးလိုက်သည်။
"နောက်ဆို မင်းက ဘဏ္ဍာရေးမှူးဖြစ်တော့မှာဆိုတော့ ခုကတည်းက တစ်ခါတည်းပေးထားလိုက်မယ်"
"ထွက်သွားစမ်း!"
"ဟားဟားဟား"
ဝေထန်က ပစ်ပစ်နှစ်နှစ်မောင်းထုတ်လိုက်ပေမယ့် ငွေလက်မှတ်ကို သိမ်းဆည်းလိုက်သည်။ ရယ်ခံနေရတဲ့ ရှန်ကျိုးက ဘာမှ ဂရုမစိုက်၊ လူတိုင်းကို ပျော်အောင် လုပ်ပေးနိုင်တာပဲ စိတ်ကျေနပ်မိသည်။
"ငါတို့ နောက်ရက်မှပေးမယ်နော်၊ အခု တခြားဟာလုပ်ကြမလား၊ စုရပ်နေရာကို သန့်ရှင်းရေးလုပ်တာဖြစ်ဖြစ်"
ရှဲ့ယန်က ရယ်မောပြီးနောက် သူတို့အစီအစဉ်က မနက်ဖြန်စမည်ဆိုသောအခါ ပစ္စည်းတွေကိုယခုကတည်းက စုဆောင်းရန်လိုကြောင်း တွေးမိသည်။
"ရှာရအခက်ဆုံးက ဆေးဝါး၊ ပြောင်းမှုန့်နဲ့ ကန်စွန်းဥ၊ ပြီးတော့ ဆန်ညိုဖြစ်လောက်မယ် "
ရန်ထျန်းယွီလည်း အချိန်ကိုက်ပင် ကုန်ကြမ်းပြဿနာကို သတိထားမိသွားသည်။ အဓိကပစ္စည်းတွေ မရှိပဲ ဘာမှ လုပ်လို့မရဘူး၊ ငွေရှိရင်တောင် ဝယ်ရခက်တဲ့ ကုန်ကြမ်းတွေရနိုင်ဖို့ ငွေအများကြီး သံုးရလိမ့်မည်။
"ဟုတ်တယ်၊ ဒီပြဿနာကမသေးဘူး"
ဝေထန် ငြီးငြူမိသည်။ ရှန်လျန်က တစ်ခဏတွေးနေမိပြီးမှ ရုတ်တရက်ပြောလာသည်။
"ငါတို့ မုရုန်မိသားစုကိုအကူအညီသွားတောင်းရင်ရော"
မုရုန်မိသားစုနဲ့ ရှန်လျန်က အဆက်အသွယ်ရှိမှန်း မသိအောင် ဒီလိုနည်းနဲ့ စတင်ရင်းနှီးသည့်ပုံဖမ်းနိုင်သည်။
"မုရုန်မိသားစုလား"
ရှဲ့ယန်က ယုံကြည်ချက် သိပ်မရှိ။
"ဖြစ်ပါ့မလား.. သူတို့က စီးပွားရေးလုပ်ငန်းရှင်တွေနော်"
စီးပွားရေးလုပ်ငန်းရှင်တွေက အကွက်ကြိုမြင်သည်။ ဆန်ဈေးကလည်း အတော်တက်နေရာ တော်ရုံနဲ့ ဈေးသက်သက်သာသာရောင်းချပေးမည်ဟုမထင်။ ပစ္စည်းတွေကပေါများခြင်း မရှိတာကြောင့် သိုလှောင်ရုံရှင်း ဈေးနဲ့လည်း ရနိုင်မှာ မဟုတ်၊ရေရှည် ဝယ်ယူပေးရင်တော့ တစ်မျိုးပေါ့၊ သူတို့က ယာယီပဲဆိုတော့ ။
"မကြိုးစားကြည့်ပဲ မသိနိုင်ဘူးလေ၊ အရင်က ဆင်းရဲတဲ့လူတွေကို သူတို့ ကူညီပေးဖူးတယ်မလား၊ မုရုန်သခင်ကြီးက မောက်မာပြီး သွေးအေးတဲ့သူဖြစ်မယ်တော့မထင်ဘူး၊ အဆင်ပြေသွားတော့လည်း ကုန်ကြမ်းပြတ်လပ်မှာ စိတ်မပူရတော့ဘူးပေါ့"
မုရုန်မိသားစုမှာ ရောင်းချစရာ ဆန်စပါးမရှိတော့ဘူးဆိုရင် မြို့တော်က လူတွေ ငတ်သေကုန်မှာပေါ့၊ လူချမ်းသာတွေက ဒီလိုတော့ အဖြစ်ခံမှာ မဟုတ်ဘူး။
"ဒါဆို ကြိုးစားကြည့်ရအောင်"
ရှဲ့ယန်၊ရန်ထျန်းယွီ၊ ဝေထန်နဲ့ ရှန်ကျိုးတို့ အချင်းချင်း ဝေ့ကြည့်ကာ စိတ်ဆုံးဖြတ်လိုက်ကြသည်။ ရတော့လည်း အမြတ်၊ မရတော့လည်း အရင်းပေါ့ မဟုတ်ဘူးလား။
"အားလုံးတူတူလုပ်ရင် အချိန်ကုန်တယ် ၊နှစ်ယောက်လောက်သွားရင်ရပြီ"
အချိန်က အရေးကြီးသည်။ အတူစုလုပ်နေ၍မရသည့်အပြင် ငါးယောက်ပေါင်းပြီး မုရုန်မိသားစုစီသွားတာလည်း ထင်ပေါ်လွန်းသည်။
"ငါ လျန်လျန်နဲ့ သွားမယ်၊ မင်းတို့က နံပါတ်ဝါးချောင်းလေးတွေလုပ်ပြီး ၊ဆိုင်ကိုသန့်ရှင်းထားနှင့်လိုက်၊ လိုအပ်တာတွေကြိုဝယ်ထားနှင့်လိုက်နော်"
ရှဲ့ယန်က ဦးဆောင်ကာ စီမံခန့်ခွဲနိုင်ခြင်းကြောင့် ရှန်လျန် စိတ်ထဲအံ့အားသင့်မိသော်လည်း အမူအရာ မထုတ်ဖော်ပြပါ။ မဟုတ်လည်း သူကမုရုန်မိသားစုဆီသွားမှာဖြစ်တာကြောင့် ရှဲ့ယန်ပြောသလိုသာ တာဝန်ကိုယ်စီခွဲရန် မှာထားခဲ့မှာပင်။
"ငါတို့သွားရအောင်"
ပြော ပြီးတာနဲ့ တုံ့ဆိုင်းခြင်းမရှိ ထွက်လာလိုက်ကြသည်။ ထုတ်ပြောနေစရာမလ်ုအောင် အချင်းချင်း နားလည်ကြသည်။
"သခင် အားလုံးထွက်သွားကြပါပြီ၊ ဝမ်ဖေးက ရှဲ့ယန်နဲ့ လှည်းတစ်စီးတည်း စီးသွားတာကြောင့် အိမ်ပြန်တာမဖြစ်နိုင်တော့ပါဘူး"
တာဝန်ကိုယ်စီလုပ်ဆောင်ရန် ထွက်ခွာချိန် ထျန်းရှုက ဖေးယွမ်ရွှင်းဆီ ချက်ချင်းသတင်းပို့သည်။
"အင်း..."
ဖေးယွမ်ရွှင်းက မေးဆတ်သည်။ ထရပ်ချင်ဟန်တော့ မတူ၊ ထျန်းရှုက ထူးဆန်းစွာနဲ့ မေးလိုက်သည်။
"သခင် သူတို့နောက် မလိုက်တော့ဘူးလား"
"သူတို့က အလုပ်လုပ်နေကြတာလေ ၊နောက်ကလိုက်ပြီး ဘာလုပ်ရမှာလဲ"
"သူတို့ ဘယ်သွားလဲ သခင် သိတယ်ပေါ့"
သခင်က အနီးကပ်မသွားခိုင်းတာကြောင့် ဝမ်ဖေးတို့ဘာပြောနေမှန်း ရှင်းလင်းစွာ မကြားခဲ့ရချေ။
"ကောင်းတာလုပ်ဖို့သွားတာဆိုတော့ လွှတ်ထားပေးလိုက်ပါ၊ အစာကုန်ကြမ်းကအရေးကြီးဆုံးဆိုမှတော့ တစ်မြို့လုံးမှာ ပြေးရှာရင်တောင် မုရုန်မိသားစုပဲ ရှိတယ်၊ သူတို့ပဲ ကုန်ပစ္စည်းတွေ ကို ပမာဏများများ သိုလှောင်ထားနိုင်မှာ မဟုတ်လား"
ဖေးယွမ်ရွှင်း က လက်ရှိအနေအထားကို အစ တစ်မှသည် တစ်ဆယ်ထိကြိုမြင်ပြီးကြောင်း နှုတ်ဟကာပြောလိုက်သည်။
"လျိုဖုန်းကျွီကို ပြန်မယ်"
ယောင်းကွမ် ဘက်လှည့်လိုက်ပြီး..
"ခဏနေမှ မုရုန်အိမ်တော်မှာ သွားကြိုလိုက်"
"ဟုတ်ကဲ့"
မှာကြားပြီးနောက် ဖေးယွမ်ရွှင်းထရပ်သည်။ထျန်းရှုက အနောက်မှ တလေးတစားလိုက်ပါသွားသည်။
"ဘယ်သူမှ မရှိတော့ဘူးဆိုတော့ စကားပြောကြရအောင်"
မုရုန်အိမ်ကိုသွားတဲ့လမ်းမှာ ရှဲ့ယန်ကစပြီးစကားပြောလိုက်သည်။ လှည်းပေါ်ရောက်ကတည်းက တစ်ဖက်သူက်ိုတကြည့်ကြည့်နဲ့ စိတ်မတင်မကျဖြစ်ပြီး မအောင့်နိုင်စွာနဲ့ မေးလိုက်သည်။
"မင်း...ဖုယွင်ရှီးကိုသိတာလား"
သံသယရှိရုံမဟုတ်ပဲ အတည်ပြုမေးတာဖြစ်သည်။ ရှန်လျန်ရဲ့ တုံ့ပြန်မှုက ထူးဆန်းနေတာကြောင့် ဖုယွင်ရှီးနဲ့ပတ်သက်ပြီး သိနေသည်ဟု စိတ်ထဲ ထင်နေသည်။
"မှတ်မိရုံတင်၊ သူ့ကိုမသိတဲ့သူရှိလို့လား"
ဟုတ်လို့လား?
ရှန်လျန်ကတော့ မျက်စိမှိတ်ပြီး နောက်ကျော မှီထားသည်။ ရှဲ့ယန်က အတော်လေးထက်မြက်သည့်သူဖြစ်မှန်း သိခဲ့ရသည်။ ဖုယွင်ရှီးနဲ့ သိရင်တောင် ဒီကိစ္စကို ဖော်ထုတ်လိမ့်မည် မဟုတ်၊ ကိစ္စတွေက ရှင်းပြရန်ခက်ခဲ၏။
"ရှိတော့ မရှိဘူးပေါ့၊သေချာအောင် မေးကြည့်တဲ့သဘောပါ"
ရှဲ့ယန် မျက်လွှာချလိုက်ပြီး...
"ရှေ့နှစ်ရက်က အဖိုးငါ့ကိုပြောတယ်၊ ဖုယွင်ရှီးက အရာရှိစာမေးပွဲ ဝင်မဖြေတော့ဘူးတဲ့၊ ငါသူနဲ့ကိုယ်တိုင်တွေ့ပြီး မေးကြည့်ချင်ခဲ့တာ၊ ဘာလို့ လွယ်လွယ် လက်လျှော့လိုက်တာလဲလို့လေ...အရင်နှစ်စာမေးပွဲက အတော်လေး သူ့ကိုအထိနာစေခဲ့မှန်းသိပါတယ်၊ ရုံးတော်က ဒီကိစ္စမှာ အပြစ်ပေးသင့်သူကိုပေးခဲ့ပြီးပြီမဟုတ်လား၊ သူ့ ရှေ့ရေးအတွက် သေချာပြန်စဉ်းစားနိုင်ဖို့မျှော်လင့်ပါတယ်၊ သူ့လိုအရည်အချင်းမျိုးနဲ့ဆိုရင် ဝန်မင်းချုပ်ဖြစ်လာမှာ မလွဲမသေပဲ၊ ဒီတိုင်းအလဟဿဖြစ်သွားရင် တစ်ကယ် နှမျှောဖို့ကောင်းတယ်"
နန်းတွင်းထဲ အမြန်ဆုံးဝင်နိုင်ဖို့လုပ်ပြီး အရာအားလုံးကိုပြောင်းပြန်လှန်နိုင်အောင် သူ့အရည်အချင်းကိုအသုံးချသင့်သည်။
ရာထူးမြင့်သထက်မြင့်မှ လုံလောက်တဲ့ အာဏာရှိမှာဖြစ်၏။ သူကိုယ်တိုင်က ပညာရှိတွေကို တန်ဖိုးထားသူဖြစ်ရာ ဖုယွင်ရှီး ဘာကြောင့်ကြိုးစားချင်စိတ်မရှိတော့ကြောင်း တစ်ကယ်ကို သိချင်စိတ်ဖြစ်မိသည်။ဘယ်လိုပဲတွေးတွေး ကဗျာခြောက်ပုဒ် တစ်ခါတည်းစပ်ဆိုနိုင်တဲ့ ဉာဏ်ကြီးရှင်က နန်တွင်းထဲဝင်ပြီး ရာထူး အမြင့်ဆုံးရယူနိုင်ခဲ့ရင် သူတို့ချင်း ပိုပြီးအဆင်ပြေ နီးစပ်နိုင်သွားပြီမဟုတ်လား။
"မင်းသူ့ကို သဘောကျလား"
ရှန်လျန် သံယောင်မလိုက်ပဲ တစ်ခြားအကြောင်းအရာဘက် ပြောင်းမေးလိုက်၏။ သူ့အမေးစကားကြားသော် ရှဲ့ယန် ပါးနှစ်ဖက်ပူလာသည်ဟုခံစားရကာ မနေတတ်ဖြစ်သွားသည်။ တစ်ခဏကြာမှ ခေါင်းပြန်မော့လိုက်ပြီး မရှက်နိုင်တော့စွာပြောသည်။
"ငါက လူတစ်ယောက်ရဲ့ အနာဂါတ်ကိုကြည့်ပြီးမှ ဆုံးဖြတ်တာ၊ အရည်အချင်းမရှိဘူးဆိုရင် ရွေးချယ်မှာ မဟုတ်ဘူး၊ ငါသူနဲ့ ပတ်သက်ချင်တယ်ဆိုတာက သူသာ နန်းတွင်းအမှုထမ်းဖြစ်လာမယ်ဆိုရင် ငါနဲ့ အရမ်းသင့်တော်တဲ့သူဖြစ်လာနိုင်လို့ပဲ"
ရှဲ့ယန်က အစဉ်အမြဲ တည်ငြိမ်ခဲ့ပြီး ရွယ်တူသူငယ်ချင်းများထက် ပို ရင့်ကျက်လေသည်။အထူးသဖြင့် တော်ဝင်မိသားစုရဲ့ ဖိနှိပ်မှုအောက်မှာ သူ သဘောမကျတဲ့သူနဲ့ လက်ထပ်လိုက်ရမှာမျိုးမဖြစ်ချင်တာအပြင် ဖုယွင်ရှီးရဲ့အရည်အချင်းက သူ့ကိုမျှော်လင့်ချက်ဖြစ်စေခဲ့သည်။ ပါရမီ အရည်အချင်းကောင်းနဲ့ပြည့်စုံပြီး ရှေ့ရေးကအဆုံးမရှိတာကြောင့် လက်ထပ်ရန်အသင့်တော်ဆုံးပဲဖြစ်၏။
"လက်ထပ်တယ်ဆိုတာ သင့်တော်တဲ့သူကိုရွေးချယ်ရုံပဲ မဟုတ်ဘူးရှဲ့ယန်၊ မင်းဘက်က စပြီး သူ့ဆီသွားဖို့ တွေးခဲ့ဖူးလား"
ကျရှုံးနေတဲ့ နေဝင်ချိန်မှာ အတူမရှိနေပေးပဲနဲ့ အောင်မြင်လာမယ့် နေထွက်ချိန်ကို လက်ခံဖို့အဆင်သင့်ထိုင်စောင့်နေတာလား ၊ရှဲ့ယန် တစ်ကယ်သဘောကျတာကို ရှန်လျန်က ဘေးလူအနေနဲ့ မြင်နိုင်သည်။ သို့သော် ဖုယွင်ရှီးက သူ့အရည်အချင်းသူ ကောင်းကောင်းအသုံးပြုနိုင်ပြီး နန်းတွင်းထဲ ဝင်လာမယ့်အချိန်ဆိုရင် ရှဲ့အကြီးအကဲရဲ့ကြင်နာမှုကြောင့် ရှဲ့ယန်ကိုလက်ထပ်ခဲ့ရတယ်ဆိုဦးတော့ ခံစားချက်က စစ်မှန်နိုင်ပါဦးမလား...
"သူ့ဆီအရင်သွားရမယ် ဟုတ်လား?"
ရှဲ့ယန် ခေါင်းရှုပ်သွား၏။ 'ကော'တစ်ယောက်က ဘယ်လိုလုပ် ယောင်္ကျားတစ်ယောက်ဆီ သွားတွေ့နိုင်မှာလဲ?
ရှန်လျန် မှိတ်ထားတဲ့ မျက်ဝန်းတွေ ပြန်ဖွင့်လိုက်ပြီး ရှဲ့ယန်နဲ့မျက်လုံးချင်းဆိုင်သည်။
"ရှဲ့ယန် နောက်ဆုံးမှာ ပျော်ရွှင်ရတယ်ဆိုရင်တောင် မင်းဘက်က တစ်ဖက်သတ်ဖြစ်နေမှာ၊ ဘာမှ မလုပ်ပဲ ဒီတိုင်းထိုင်စောင့်နေတာက မင်းလိုချင်တဲ့ ရလဒ်ရလာမှာ မဟုတ်ဘူး၊ မင်းပြောတော့ ဖုယွင်ရှီးက မင်းနဲ့ အရမ်းသင့်တော်ပါတယ်ဆို? ဘာကိုကြည့်ပြီး ဆုံးဖြတ်တာလဲ? အရည်အချင်းလား? ပါရမီလား? ရုပ်ရည်လား?
မင်းကြားထားတဲ့ သတင်းလောက်နဲ့ ဖုယွင်ရှီးအကြောင်း အကုန်ဘယ်သိနိုင်မှာလဲ ၊မင်းနဲ့ အရမ်းသင့်တော်တယ်ဆိုတာ ကျိန်းသေလား"
"ဒါပေမယ့်..."
ရှဲ့ယန် နှုတ်ဟလိုက်ပေမယ့် ငြင်းဆိုစရာစကားမရှိနေ၊ ရှန်လျန်က တစ်ဖက်လူရဲ့ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။
"သေချာတွေးကြည့်၊ မင်း ယွင်ရှီးနဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုထူ ထောင်ချင်တယ်ဆိုရင် မင်းအဖိုးစီစဉ်ပေးတဲ့အထိ ထိုင်စောင့်မနေပဲ ကိုယ်တိုင်လက်ဦးမှု ရယူသင့်တယ်၊
'ကော'ဆိုတော့ ဘာဖြစ်လဲ ၊မိန်းကလေးမှ မဟုတ်တာ၊ စည်းမျဉ်း တွေကြားထဲ ကိုယ့်ကိုကိုယ် ပိတ်လှောင်မခံနဲ့"
အကောင်းဆုံးပြောပြီးတာနဲ့ ရှန်လျန်နောက်မှီထိုင်ပြီး မျက်လုံးပြန်မှိတ်ထားလိုက်၏။ ရှဲ့ယန်က ငြိမ်ကာ အတွေးထဲ နစ်ဝင်သွား၏။ စိတ်ထဲ ရှန်လျန်ပြောတဲ့အကြောင်းအရာတစ်ခုလုံးကို ထပ်ခါထပ်ခါ တွေးကြည့်နေလျက်..
2784 words
Grape 🍇