'မင်းသားသွမ့်၏ ဂလဲ့စား'
အမှန်တရားက ဘယ်လိုပဲဖြစ်နေပါစေ လာဘ်ထိုးတာက တစ်ကယ်လုပ်ခဲ့ပြီး သက်သေကလည်း ထင်ရှားနေ၏။ ရှန်ရွေ့ထင် သည် ကလေးနှစ်ယောက်ကို ကယ်တင်ပေးရမယ့်နည်းလမ်းအား ရုတ်တရက်မတွေးနိုင်သေးသဖြင့် အချုပ်ထဲမှာပဲ ယာယီနေခဲ့ခိုင်းပြီး သူတို့ကအိမ်ပြန်ပြီး ခေါင်းအေးအေးနှင့်စဉ်းစားရန် ပြောသည်။
သူ့စကားက ရှန်ရှောင်နဲ့ ရှန်ယန်ကို ကြောက်ရွံ့တုန်လှုပ်သွားေစပြီး ဦးလေးနှစ်ယောက်လည်း စိတ်ဒုက္ခရောက်သွားကြသည်။
"မင်းတို့ပြောကြည့် ငါဘာဆက်လုပ်သင့်လဲ? သူတို့ကိုလည်း လွတ်အောင်မလုပ်ပေးနိုင်ဘူးလေ"
ရှန်ရွေ့ထင်က ဖြစ်ပျက်သမျှကိစ္စက အတော်လေး တိုက်ဆိုင်ပြီး အကျိုးကြောင်းမသင့်ဘူးလို့ ခံစားနေရသည်။ မင်းမှုထမ်းစစ်ဆေးပွဲမှာ လိမ်လည်ဖြေဆိုတဲ့ကိစ္စက နှစ်စဉ်ဖြစ်နေကြဖြစ်ပြီး သူတို့အလှည့်ကျမှ ကွက်တိမိရတယ်လို့! ကံကောင်းလို့ တရားစီရင်ရေးက ဘာမှမစစ်မေးပဲ အချုပ်ထဲပဲ ထည့်ထားခဲ့လို့ ဒီနှစ်ကောင် လွတ်မြောက်နေတာ၊ ဒီအခွင့်ကောင်းကို သူများရသွားဖို့ ခွင့်ပြုလို့ မဖြစ်ဘူး!
"မဟုတ်သေးဘူးလေ အစ်ကိုကြီး၊ အစ်ကိုက တုံးလင်အိမ်တော်သခင်ဖြစ်ရဲ့နဲ့ ကိုယ့်သားနဲ့တူလေးကိုတောင် မကယ်တင်နိုင်ဘူးလား"
ရှန်ရွေ့ချင် မခံစားနိုင်တော့ပဲ သောကရောက်စွာ မေးလိုက်သည်။
ရှန်ရွေ့ထင်သည် ခြိမ်းခြောက်နိုင်စွမ်းအား ကြီးမားသည့် အမူအရာပြောင်းသွားပြီး..
"ဆိုတော့ ငါ့ကို တုံးလင်အမတ်ကြီးမှန်း သိသေးတယ်ပေါ့၊ အေလေ ငါက ဧကရာဇ်မှ မဟုတ်တာ၊ တော်ဝင်မင်းသားတွေတောင် အပြစ်ကျူးလွန်ရင် အပြစ်ပေးခံရတာပဲ၊ ကျုပ်က ဧကရာဇ်ထက်မြင့်တဲ့ ရာထူးရှိတယ်များ ညီနှစ်က ထင်နေတာလား? တရားဥပဒေက အပြစ်ပေးတာကို ခွင့်ပြုလိုက်ဖို့ပဲရှိတယ်"
"ကျုပ်..."
ရှန်ရွေ့ချင်က ပါးစပ်ဖွင့်လာပြီး လေသံတိုးတိုးရေရွတ်သည်။
"ကျုပ် ဧကရာဇ်ဆီ သွားတောင်းပန်မယ်"
"ဧကရာဇ်ကို သွားတောင်းပန်မယ် ဟုတ်လား? သူတို့ကိုမြန်မြန် သေအောင် လမ်းဖောက်ပေးမလို့လား"
ရှန်ရွေ့ထင် တစ်ကယ်ကို ဖြောင်းကနဲတီးပြီး အသိစိတ်ဝင်အောင် လုပ်ပေးလိုက်ချင်သည်။ သားကတစ်မျိုး အဖေကတစ်မျိုးဖောက်သည်။ ဧကရာဇ်သာ ဒီကိစ္စကိုသိသွားရင် သေချာပေါက် အပြစ်က မလွတ်နိုင်တော့ပါ။
"အစ်ကိုနှစ်!"
ရွေ့ချင်က ဆက်ပြောချင်နေသေးတာကို မြင်သော် ရှန်ရွေ့ကျန်းက တားလိုက်သည်။
"အစ်ကိုကြီးပြောတာ အဓိပ္ပာယ်ရှိတယ်၊ အရင်ဆုံး စိတ်အေးအေးထားလိုက်၊ ရှောင်အာနဲ့ ယန်အာက ဒီမှာပဲ ခဏနေနေလိုက်ဦး၊ တစ်ကယ်လို့ ယန်အရာရှိက လာစစ်မေးရင်လည်း အကောင်းဆုံး ပူးပေါင်းပြီး ရှင်းပြလိုက်၊ အမှန်အတိုင်းပဲဝန်ခံလိုက်ကြ၊ ဦးလေးတို့ အမြန်ဆုံး ကယ်ထုတ်နိုင်အောင် ကြိုးစားပေးမယ် ဟုတ်ပြီလား"
"ဘာတွေ အကောင်းဆုံးရှင်းပြပြီး ဝန်ခံကြမလို့လဲ ပြောပါဦး"
" သွမ့်မြို့စား!"
"သွမ့်မင်းသား!"
စကားဆုံးသည်နှင့် နောက်မှအသံတစ်သံ ထွက်လာသည်။ အားလုံးလှည့်ကြည့်လိုက်တော့ ကြင်ယာတော်နှင့် သူ့သားက မည်သည့်အချိန်တည်းက ရပ်ပြီး နားထောင်နေသည်မသိ။
"သွမ့်မြို့စားကို အရိုအသေပြုပါတယ်၊ သွမ့်မင်းသားကို အရိုအသေပြုပါတယ်"
တခဏခန့်မင်သက်နေမိပြီး ရှန်ရွေ့ထင် ကပျာကသီနှင့် လူအုပ်စုအားဦးဆောင်ကာ တော်ဝင်မျိုးနွယ်နှစ်ပါးကို အရိုအသေပြုလိုက်၏။
မြို့စားမင်းက လွယ်လွယ်ထခွင့်မပြုပေ။ ထိုအစား တည်ငြိမ်သောလေသံဖြင့်
"တုံးလင်အမတ်ကြီး၏သား ရှန်ရှောင်နှင့် တူဖြစ်သူ ရှန်ယန်ဟာ မှူးကြီးမတ်ရာ မိသားစုတွင် မွေးဖွားကြီးပြင်းလာကြတော့ တိုင်းပြည်ဥပဒေကို ပိုပြီး အကျွမ်းတဝင်ရှိတယ်၊ ဒီလို သိသိရက်နဲ့ အပြစ်ကျူးလွန်ခြင်းကို တရားဥပဒေက လစ်လျူရှုနေမှာ မဟုတ်ဘူး၊
အရှင်မင်းကြီးမှ အမိန့်ထုတ်ပြန်လိုက်တယ်၊ အမှုထမ်းစစ်ဆေးပွဲ လာဘ်စားတဲ့ အမှုစစ်ဆေးလို့မပိတ်သိမ်းမချင်း ဘယ်သူမှ အပြစ်သားဆီ လာလည်ပတ်ခွင့်မရှိသလို ၊ပါဝင်ပတ်သက်သူ အပြစ်သား တစ်ဦးတစ်ယောက်ကိုမှ တရားစီရင်ရေးက ဘက်လိုက်ခြင်း၊ အပြစ်လျှော့ပေါ့ခြင်းမျိုး ပြုလုပ်လိမ့်မှာ မဟုတ်ဘူး၊ ဧကရာဇ်၏ အမိန့်တော်.…..!"
အမိန့်တော်အား ကြားကြားချင်း လူတိုင်းထိတ်လန့်သွားကြသည်။ သူတို့၏အမှုက သိပ်မပြင်းထန်လောက်ဟု တွေးထားကြသော လူတစ်စုမှာ ယခုလိုမိသားစုအား လာရောက်တွေ့ဆုံခြင်းကိုလည်း ခွင့်မပြုသဖြင့် လွတ်လမ်းမရှိတော့ပြီ!
"အမိန့်တော်ကို နာခံပါတယ်၊ မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
ရှန်ရွေ့ထင်က ဦးစွာ အသိစိတ်ဝင်လာပြီး အမိန့်တော်ကို လက်ခံလိုက်သည်။ သူသိခဲ့သင့်၏။ မင်းသမီးကြီး၏မြေး .. မင်းသားငယ်အား လျိုဝမ်ကျင်းတို့မောင်နှမ ကပြန်ပေးဆွဲခဲ့သည်။ ယခု ရှန်ရှောင်က သူတို့လက်ထဲရောက်နေမှတော့ လွယ်လွယ်နှင့် ဘယ်လွှတ်ပေးပါ့မလဲ? ဧကရာဇ်ကိုယ်တိုင် ဝင်ပါမှတော့ သူ့မှာ အစွမ်းဘယ်လောက်ရှိရှိ သူ့သားကိုကယ်ဖို့ အိပ်မက်တောင် မက်လို့မရတော့။
"ရှန်အမတ်ကြီး ထွက်ခွာနိုင်ပြီ!"
သွမ့်မြို့စားမင်းက ဧည့်သည်တွေကို ထွက်သွားရန် လက်ဟန်ပြသည်။
"အဖေ.…"
"ဦးလေး"
ရှန်ရှောင်နှင့် ရှန်ယန်က စတင်တုန်လှုပ်လာသည်။ ရှန်ရွေ့ချင်လည်း စိတ်သောကရောက်ပေမယ့် ကြင်ယာတော်တို့ရှိနေတာကြောင့် ရှန်ရွေ့ထင်အပေါ်ဒေါသမထွက်ရဲပေ။ အမိန့်နာခံပြီး ရှန်ရွေ့ထင်နောက် လိုက်ကာ အချုပ်ခန်းထဲမှ ခဲဆွဲထားသည့်ခြေလှမ်းများဖြင့် ထွက်သွားရန်ပြင်သည်။
"......."
ရှန်ရွေ့ထင်က မသွားခင် ကလေးနှစ်ယောက်အား နောက်ဆုံးအကြိမ်လှည့်ကြည့်လိုက်သည်။
"အဖေ!"
"ဦးလေး၊ အဖေ၊ ဦးလေးငယ်"
ဒုတ်!
မျက်လုံးနီနီဖြင့် တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ဖခင်တို့ကိုကြည့်ပြီး ရှန်ယန်က တားရန် ရှေ့တိုးလာသည်။ သို့သော် မြို့စား၏ ကိုယ်ရံတော်များက ဖမ်းဆွဲကာ အချုပ်ခန်းမြေပြင်ပေါ် မှောက်သိပ်လိုက်ကြသည်။ မောက်မာချင်တဲ့ စိတ်က ချက်ချင်း လဲသိပ်ခံလိုက်ရသည်။
"ယန်အာ..."
ရှန်ရွေ့ချင်က အပြေးပြန်သွားချင်ခဲ့သည်။ ရွေ့ကျန်းက တားလာပြီး အဓိပ္ပာယ်ရှိသည့် အကြည့်ဖြင့်ကြည့်၏။
ရှန်ရွေ့ကျန်း၏ အကြည့်ကြောင့် မင်းသားသွမ့်တို့က သူတို့ကိုကြည့်နေမှန်း ရှန်ရွေ့ချင် သတိထားမိသွားသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိပဲ အံကြိတ်ကာ သုံးဦးသား အမြန် ထွက်လာလိုက်သည်။
"မသွားပါနဲ့ အဖေ... အဖေ"
ရင်ကွဲပက်လက်ဖြင့် ရှန်ယန်မှာ စူးစူးဝါးဝါးအော်ဟစ်သည်။ရှန်ရွေ့ချင် နောက်တစ်ခေါက် လှည့်မကြည့်ရဲတော့ပဲ သားဖြစ်သူ၏ အသံကို မကြားယောင်ပြုကာ အမြန်ပြေးထွက်သွားလိုက်သည်။
" ရှန်သခင်လေးနှစ်ယောက် နေသင့်တဲ့နေရာဆီ ခေါ်သွားပေးလိုက်"
မြေပြင်ပေါ် လှဲနေရတဲ့ ရှန်ရှောင်တို့ကို အေးစက်စက်ကြည့်ရင်း သူ့သားကို ပြောလိုက်သည်။ ထို့နောက်အရာရှိ ယန်ဝမ်လိ နှင့် ထွက်ခွာရန် ပြင်သည်။
"အမိန့်အတိုင်းပါ အပြန်လမ်း ဂရုစိုက်ပါ ခမည်းတော်"
သွမ့်မင်းသားက ဖခင်ကို လက်ယမ်းပြလိုက်ပြီးနောက် အမူအရာက လေးနက်သွားကာ
"အစောင့်တွေ !သခင်လေးနှစ်ယောက်ကို သူတို့ရဲ့နေရာသစ်ဆီ ခေါ်သွားလိုက်ကြ"
"အမိန့်အတိုင်းပါ!"
"ဘာလုပ်ကြမလို့လဲ !"
ကိုယ်ရံတော်တွေက ချက်ချင်းရှေ့တိုးလာတော့ ရှန်ယန်နှင့် ရှန်ရှောင်၏ မျက်နှာက ကြောက်ရွံ့ခြင်းများ ပြည့်နှက်သွား၏။
မင်းသားသွမ့်က နှာခေါင်းရှုံ့လိုက်ပြီး
"ဘာမှ မလုပ်ဘူး၊ ခင်ဗျားတို့ နှစ်ယောက်အချုပ်ခန်းထဲ ပျင်းနေမှာစိုးလို့ ဒီမင်းသားက နေ ထိုင်လို့ကောင်းမယ့် အကျဉ်းခန်းထဲ ရွှေ့ပေးမလို့"
"ဟင့်အင်း မသွားဘူး"
"ဟုတ်တယ် မသွားချင်ဘူး!"
မင်းသားမှာ ရည်ရွယ်ချက်ကောင်း မရှိမှန်း သိသာနေတာ၊ ရှန်ရှောင်နဲ့ ရှန်ယန်က ချက်ချင်းပဲ နောက်ဆုတ်ပြီ ပူးကပ်နေလိုက်ကြသည်။
"ဆွဲခေါ်သွားကြ!"
"မလုပ်နဲ့၊ လွှတ်ပေး! လွှတ်ပေး"
"သွမ့်မင်းသား၊ ကျွန်တော်မျိုး တောင်းပန်ပါတယ်၊ အရှင့်သားကို ဒုက္ခပေးတာ လျိုရှုဟန်ပါ၊ သူက ရှန်ရှောင်ရဲ့အမေမို့လို့ ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ"
မင်းသားရဲ့ အမိန့်ကြောင့် ကိုယ်ရံတော်တွေက အကျဉ်းခန်းအသစ်ဆီ အပြစ်သားတွေကိုဆွဲခေါ်ရန်ပြင်စဉ် ရှန်ယန်က ကျယ်လောင်စွာပြောလိုက်ရာ ရှန်ရှောင်က မျက်ထောင့်နီဖြင့် ဖျက်ကနဲ ကြည့်၏။
မင်းသားသွမ့်က တုံ့ခနဲ ရပ်လိုက်ပြီး အေးစက်စက်ကြည့်လာသည်။
"မင်းနဲ့ မဆိုင်ဘူး ဟုတ်စ? မင်းရဲ့မျိုးရိုးက ရှန်မဟုတ်ဘူးလား?မင်းက တုံးလင်အိမ်တော်က မဟုတ်ဘူးလား ပြော!"
ငွေနည်းနည်း အတွက်နဲ့ အသက်ငါးနှစ်အရွယ် ကလေးကို ဒုက္ခပေးရဲတယ်၊ ဘာအတွက်ကြောင့် ခွင့်လွှတ်ပေးသင့်လဲ?ရှန်လျန်က သူ့သားကို ကယ်တင်ဖို့ကူညီခဲ့လို့သာ၊ မဟုတ်ရင် တုံးလင်မိသားစုကို သေတာထက်ဆိုးတဲ့ဒုက္ခ ခံစားရအောင် လုပ်ပစ်မိလိမ့်မည်။
"ဒါပေမယ့်..."
သူဘယ်လိုပဲ အော်ဟစ် ရုန်းကန်နေပါစေ အကျဉ်းခန်း၏အတွင်းပိုင်းထဲ ဆွဲခေါ်သွားခံရမြဲ၊ မင်းသားသွမ့်က ဆိုးသွမ်းတဲ့ အပြစ်သားတွေ အများကြီးရှိတဲ့ အကျဉ်းခန်းထဲ သူတို့နှစ်ယောက်ကို ပစ်ထည့်ဖို့ညွှန်ကြားသည်။
"အရှင့်သား ဘာလုပ်မလို့လဲ"
ခက်ခက်ခဲခဲနှင့် ဟန်ချက်ထိန်းလိုက်ပြီးနောက် သခင်လေးနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မင်းသားသွမ့်ကို အမေးရှိ၏။
"နူးညံ့တဲ့ သခင်လေးနှစ်ယောက်ကိုကောင်းကောင်းဂရုစိုက်ပေးဖို့ မင်းတို့ကို အနှောင့်ယှက်ပေးရတော့မှာပဲ"
သူတို့မေးခွန်းကိုမဖြေပဲ အကျဉ်းခန်းထဲက စုတ်ပြတ်ညစ်ထေးနေတဲ့ အကျဉ်းသားတွေကို အာရုံစိုက်လိုက်သည်။ မင်းသားရဲ့ စကားကိုကြားသော် အားလုံးက သခင်လေးနှစ်ယောက်ကို တပ်မက်စွာကြည့်လိုက်ကြသည်။ မင်းသားရဲ့စကားအဓိပ္ပာယ်ကိုမှ နားမလည်ရင် သူတို့ရဲ့အသက်အရွယ်က အချည်းနှီးဖြစ်သွားလိမ့်မှာပေါ့၊ ရှန်ရှောင်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး သံတိုင်ဆီ အမြန်ပြေးကိုင်ကာ..
"အရှင့်သား လုပ်ရဲလား?! ကျုပ်က တုံးလင်အိမ်တော်ရဲ့ဒုတိယမိသားစုက သခင်လေးနော်၊ ကျုပ် အပြစ်ကျူးလွန်ခဲ့ပေမယ့် ခုလိုဆက်ဆံခွင့်မရှိဘူး"
"သွမ့်မင်းသား ကျေးဇူးပြုပြီး ချမ်းသာပေးပါ၊ ကျေးဇူးပြုပြီး...."
အကျဉ်းခန်းထဲကကောင်တွေကို တစ်ကယ်ပဲ အနိုင်ကျင့်ခွင့်ပြုနေတာပဲ!ရှန်ရှောင်၏ ခြေနှစ်ချောင်းက မြေပြင်ပေါ်မှာ ကောင်းကောင်းပင် မရပ်နိုင်တော့၊ ဒီလိုရက်စက်တဲ့အနိုင်ကျင့်ခြင်းမျိုးကို ခံရမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ပါချေ။
"အို... ကျုပ်က အကျဉ်းခန်းအသစ် လဲပေးရုံပဲလေ.. ဘာမှမှ မလုပ်တာ၊ သခင်လေးတို့ ပျော်ပျော် နေရစ်ခဲ့ကြပါ"
သူတို့မည်မျှ ကြောက်လန့် တကြားပြောဆိုနေပါစေ မင်းသားသွမ့်ရဲ့ စိတ်က ပြောင်းလဲမသွားပဲ ပြောဆိုပြီးတာနဲ့ လှည့်ပြန်သွား၏။ ရှန်ရှောင်နှင့် ရှန်ယန်သည် သံတိုင်ကို တဘုန်းဘုန်းထုကာ ...
"သွမ့်မင်းသား ကျုပ်ဒီလိုလုပ်လို့မရဘူး၊ ကျုပ်တို့ကို အပြင်ထုတ်ပေး..."
"ဟင့်အင်း မသွားပါနဲ့"
"အား......"
ငိုယိုနေစဉ်မှာပဲ အကျဉ်းသားတွေက သူတို့အနီး ရောက်လာ၏။ သခင်လေးနှစ်ဦးက ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေလာခဲ့ရာ နူးညံ့ပြီး အသားအရေက ချောမွတ်သည်။ အကျဉ်းထောင်ထဲ နှစ်ချို့အောင် နေနေရတဲ့ အကျဉ်းသားများ၏အမြင်တွင် ရှန်ရှောင်နဲ့ ရှန်ယန်က ကမ္ဘာ့အလှဆုံးသူများနှင့်မခြားပေ။ ပေရေညစ်ထေးနေသည့်လူများက နှစ်ဖွဲ့ခွဲကာ မျှဝေစားလိုက်ကြသည်။
ရှန်လျန်၏ တော်ဝင်မျိုးနွယ် အပေါ်ခန့်မှန်းချက်က တိကျ၏။ သူတို့ကို ထိပါးလျှင် ဒီတိုင်းတော့ပြီးသွားမှ မဟုတ်၊ မင်းသမီးယွဲ့ဟွား၊ သားကြီးနှင့် ဆက်ခံသူသွမ့်မင်းသား၊ မြေးငယ်အထိ ချွင်းချက်မရှိ။
တုံးလင်အိမ်ေတာ်ရှေ့တွင်ဖြစ်၏။
ရှန်ရွေ့ထင် ဦးဆောင်ပြီး အကျဉ်းထောင်မှ ထွက်လာခဲ့သည်။ သားနှင့် တူ နှစ်ယောက်လုံးက ဖမ်းခံထားရဆဲဖြစ်ရာ သဘာဝကျစွာ အလုပ်မသွားတော့ပဲ အိမ်တော်သို့တိုက်ရိုက်ပြန်လာလိုက်သည်။ သို့နှင့် အိမ်ထဲ ဝင်ဝင်ချင်း ပွက်လောရိုက်ငိုယိုသံတွေကိုကြားလိုက်ရသည်။အိမ်ထဲ ချက်ချင်းလှမ်းကြည့်လိုက်တော့ သခင်မကြီးဦးဆောင်ပြီး ညီများ၏ဇနီးများနှင့် လျိုရှုဟန်၊ ရှန်ချန်တို့သာမက ခြံပြင်ထွက်ခဲသည့် ရှန်လျန့်ကိုပါ မြင်လိုက်ရသည်။
"ဘာလို့ ရန်ဖြစ်နေပြန်တာလဲ? မတော်ကြသေးဘူးလား ?
ရှန်ရွေ့ထင် မျက်ခုံးတွေကို ဖိနှိပ်လိုက်ရသည်။
"ဦးလေး!"
"အဖေ!"
"သခင်ကြီး!"
သူ့ကိုမြင်တာနဲ့ စိတ်လှုပ်ရှားစွာ ပြေးလာကြသည်။ သခင်မကြီးက ရှန်ရွေ့ထင်၏လက်ကိုဆွဲကိုင်ပြီး အနောက်ဘက်ကိုကြည့်၏။
ရှန်ရှောင်နဲ့ ရှန်ယန့်ကို မမြင်သောအခါ ချက်ချင်းဒေါသတကြီး အော်သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ? ယန်အာကို မခေါ်လာခဲ့ဘူးလား"
အရေးကြုံလာတော့ မျက်နှာစစ်တွေ ပေါ်လာတော့သည်။ သခင်မကြီး၏စိတ်က ရှန်ယန်ကိုပဲ စိုးရိမ်ပူပင်နေပြီး ရှန်ရှောင်၏သေခြင်း၊ရှင်ခြင်းကို လားလားမျှ စိတ်မပူပါချေ။
"အမေ အရင်ထိုင်ပါဦး၊ ကျွန်တော် ရှင်းပြပါရစေ"
ရှန်ရွေ့ထင် မျက်ခုံးကြုံ့လိုက်မိ၏။ သွေးသားမတော်စပ်ပေမယ့် မိခင်အရင်းလို သူက သဘောထားခဲ့သော်လည်း သခင်မကြီးက အသိအမှတ်ပြုပုံမရ။
ခေါင်းမာစွာ ရပ်နေပြီး သူ့ကို စူးစူးရဲရဲကြည့်၏။
"ယန်အာကို ဘာကြောင့် ပြန်မခေါ်လာတာလဲ အရင်ဖြေ၊ ကလေးကို အရင် ကယ်ဖို့ မလုပ်ခဲ့ဘူးလား၊ တရားရုံးကို မသွားခဲ့ဘူးလား"
သူတို့၏အတွေးထဲတွင် ရှန်ရွေ့ထင် ရှေ့ထွက်လိုက်တာနဲ့ ရှန်ရှောင်နဲ့ ရှန်ယန်က အပြစ်ကလွတ်ပြီး ကယ်တင်ခံရမယ်လို့ ထင်နေခဲ့သည်။ ယခု မည်သူမှ ပြန်ပါမလာတော့ ရှန်ရွေ့ထင်က အကောင်းဆုံး မလုပ်ပေးခဲ့တာပဲ ဖြစ်မည်။
"အမေ ကိစ္စတွေကရှုပ်ထွေးတယ်၊ ညီနှစ်နဲ့ညီသုံး ရှင်းပြတာ အရင်နားထောင်လိုက်ပါလား"
ရှန်ရွေ့ထင်စိတ်ထဲ ချဉ်သွားသည်။ ရှန်ယန်တစ်ယောက်ထဲ ဖမ်းခံရတာမှ မဟုတ်တာ၊ သူ့သားလည်း ဖမ်းခံရတာပဲကို၊ သူ့သားကိုကျတော့ လစ်လျူရှုထားကြတယ်၊ သခင်မကြီးရဲ့ မေးခွန်းက အတော်လေး အရှိုက်ထိစေသည်။ စကားတစ်ခွန်းပြောတိုင်း ရှန်ယန်၊ ရှန်ယန် ရှန်ယန်နဲ့ ရှန်ရှောင့်အကြောင်းမပါဘူး၊ ရှန်ရွေ့ထင် တစ်ကယ်ကို စိတ်မပျော်တော့ပါ။
"ကောင်းပြီ သားတို့ပြောပြ၊ ဘာတွေ ဖြစ်ခဲ့တာလဲ"
သခင်မကြီးက စိတ်ထဲ ထင့်သွားပေမယ့် ခေါင်းငြိမ့်သဘောတူလိုက်သည်။ အားလုံး၏အကြည့်က ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းအပေါ်ကျရောက်သွားသည်။
ရှန်ရွေ့ချင်ကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေကာ အသေးစိတ်ကို ပြန်ပြောပြရန် စိတ်မရှည်ပေ။ ရှန်ရွေ့ကျန်းကသာ ဧကရာဇ်၏ အမိန့်တော်အပါအဝင် အတိုချုပ်ပြန်ပြောပြလိုက်ရသည်။
"ဘယ်လိုလုပ်ပြီးတော့ အဲ့လောက်ထိ....?ရှောင်အာ သူ...."
အဖြစ်အပျက်ကိုကြားပြီးနောက် လျိုရှုဟန် ဖင်ထိုင်လဲကျသွားသည်။ ကျောက်လန်လည်း တောင့်တောင့်ကြီး ရပ်နေသည်။ ရှန်ရှောင်နဲ့ ရှန်ယန် ဝမ်ယွမ့်ဆီ လာဘ်ထိုးခဲ့တဲ့ ငွေက မိခင်ဖြစ်တဲ့ သူတို့ကိုယ်တိုင်ပေးခဲ့တာလေ။
2588words
Grape 🍇