'သက်သေက ထင်ရှားနေတယ်'
"ပြီးတော့ ဘာလဲ?"
စကားမဆုံးသေးတာကြောင့် သူ့ကို ရှုပ်ထွေးစွာ ဝိုင်းကြည့်နေရာ ဖုရင်က ခေါင်းယမ်းလျက်ပြုံး၏။
"ဘာမှမဟုတ်ပါဘူး၊ သူတို့သာ တစ်ကယ် လာဘ်ထိုးခဲ့ရင် အမတ်ကြီးကိုယ်တိုင် ဝင်ပါလည်း အသုံးမဝင်ဘူး၊ ဒီအပြစ်က လွယ်လွယ်နဲ့ပြေငြိမ်းမှာ မဟုတ်ဘူးလို့ တွေးမိလို့"
ဖုရင်က အစမှအဆုံး သူ့သားအကြောင်းကို ထုတ်မပြောခဲ့ပါ၊ သားအဖနှစ်ယောက်သား မတွေ့ဖြစ်တာလည်း အတော်ကြာပြီဆိုတော့ သားဖြစ်သူမှာ ဘာဆက်လုပ်ဖို့အတွေးရှိမှန်း သူလည်း မသေချာ။
"လျန်လျန် ဘယ်လိုထင်လဲ
ရှန်လျန်က ဒီလောက်ထိ အစီအစဉ် ဆွဲလာပြီးမှတော့ အပြစ်သားတွေကို ရက်ပိုင်းလောက် အချုပ်ထဲနေပြီးတာနဲ့ အိမ်ပြန်ခွင့်ရတဲ့ အဖြစ်မျိုး ကို လက်ပိုက် ကြည့်မနေလောက်ပါ။
" အဟင်း!"
နာမည်ခါ်ခံလိုက်ရတဲ့ ရှန်လျန်က ရယ်လိုက်သည်။ သို့သော် သူ့ကိုအနီးကပ်ကြည့်မည်ဆိုပါက မျက်ဝန်းထဲတွင် အေးစက်သော ပုံရိပ်ကိုသာ မြင်ရလိမ့်မည်။
"ယောင်းကွမ်နဲ့ ဦးလေးဖုပြောတာ မှန်တယ်၊ကျွန်တော်တို့ အဖက်ဖက်က တွေးတတ်ရတယ်၊ ပထမဆုံးအချက်...အမှုထမ်း စာမေးပွဲလာဘ်စားတဲ့ အမှုကို တရားရုံးကတိုက်ရိုက် ကိုင်တွယ်တာ မဟုတ်ဘူး၊ လျိုရှုဟန်တို့မောင်နှမ သွမ့်မင်းသားလေးကို ပြန်ပေးဆွဲခဲ့ပြီးနောက်မှာ မင်းသမီးကြီး ဘယ်လို ကိုင်တွယ်ခဲ့လဲ ဆိုတာကြည့်! လျိုဝမ်ကျင်း ခုထိ သူ့နေရာသူ မရောက်နိုင်သေးတာက အကောင်းဆုံးသက်သေပဲလေ ၊ အခု လျိုရှုဟန်ရဲ့ သားက ပြစ်မှုကျူးလွန်ပြီး မင်းသားသွမ့်ရဲ့လက်ခုပ်ထဲ ရောက်နေပြီဆိုမှတော့ အမတ်ကြီးက လွယ်လွယ်နဲ့ ဝင်ကယ်လို့ရပါဦးမလား၊ သူက ဒီတိုင်း အမတ်မင်းပဲ ၊ တော်ဝင်မိသားစုဝင်မှ မဟုတ်တာ၊ ဒုတိယအချက်.... ကျွန်တော် မြို့စားမင်းနဲ့ လက်ထပ်တဲ့ကိစ္စကို ဧကရာဇ်က စိတ်ခုပြီး အမြင်မကြည်ဘူး၊ အခု ရှန်မိသားစု ဒုက္ခရောက်တော့ သူဒီတိုင်းဘယ်ကြည့်နေမလဲ.. တုံးလင်အိမ်နဲ့ မြို့စားအိမ်က တစ်မိသားစုတည်းဖြစ်တော့မှာဆိုတော့ ဧကရာဇ်ကသာ တုံးလင်အိမ်တော်ကို ဖိနှိပ်ထားနိုင်ရင် မြို့စားကိုဖိနှိပ်နိုင်တာနဲ့ တူတူပဲလေ၊
တတိယအချက်က ကျွန်တော့်မှာ ဒီလောက် အားသွန်ခွန်စိုက် ကြိုးပမ်းထားရတာ၊ သူတို့ကို လွှတ်မြောက်ခွင့်တော့ မပေးနိုင်ဘူး"
ရှန်ရုထင်က ရှန်ရှောင်နဲ့ ရှန်ယန်ကို ကယ်ချင်တယ်ပေါ့? အဲ့လောက်လွယ်မနေဘူး! အဲ့တာဆိုသူတို့တွေ အိမ်မပြန်လာသေးသရွေ့ တုံးလင်အိမ်တော်ကလည်း နေ့တိုင်း ပရမ်းပတာဖြစ်နေလိမ့်မယ်!
"သေတာနဲ့ပဲ ထိုက်တန်တဲ့သူတွေ!"
ချီရွှမ်းရဲ့ အပြုံးက ပိုပိုပေါ်လွင်လာကာ လောင်စာမီးမြှိုက်နေသလိုပင်။
ရှန်လျန်က ပြုံးစစနှင့်ကြည့်လာပြီး..
"သူတို့သေမှာတော့ မဟုတ်ဘူး၊ အမတ်ကြီးက ရအောင်တော့ကယ်လိမ့်မယ်၊ စိုးရိမ်ရတာက ...."
သူတို့အစား တခြားသူတွေကို အပြစ်ပုံချလိုက်ရင် သူများရဲ့ဘဝ ပျက်စီးရမှာကို ရှန်လျန်စိုးရိမ်တာ ဖြစ်သည်။ အဲ့လိုထပ်လုပ်ရင်တော့ အပြစ်က သေဒဏ်နှင့်ပင် မထိုက်တန်တော့ပါ။
"ဘာကို စိုးရိမ်တာလဲ? စကားဆုံးအောင် ပြောဦးလေ"
ရှန်လျန်က ဆက်မပြောသောအခါ ချီရွှမ်းက နားရွက်နဲ့ ပါးကို စိတ်ရှုပ်ထွေးစွာ ကုတ်လိုက်သည်။
ရှန်လျန်က သူ့ခေါင်းကို လှမ်းခေါက်ပြီး..
"ကိုယ့်ခေါင်းကိုယ် သုံးပြီးစဉ်းစားဦးလေ ၊ အကုန်လုံးကို ပြောပြနေရမှာလား? ကြာရင် ဦးနှောက် သံချေးကိုက်သွားလိမ့်မယ်နော်"
"အမ်?"
ချီရွှမ်းက စိတ်ပျက်လက်ပျက်နှင့် ခေါင်းကိုကာကွယ်သည်။ ဖုရင်နှင့် ချီယွဲ့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့နေသည်။ လျန်လျန်က ဒီလောက်ထိ ပြောနေမှတော့ နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ ရှင်းနေပြီပဲလေ! ချီရွှမ်းက တစ်ကယ်ကို ခေါင်းသုံးဖို့ လိုနေပြီ။
ချင်ဖင်းမြို့စား၏အိမ်တော်တွင် ဖြစ်၏။
"ကိစ္စက ဒီလိုဖြစ်သွားတာလား၊ ပုံမှန်ဆိုရင်တော့ အမတ်ကြီးမျက်နှာနဲ့ လွယ်လွယ်လေး သွားကယ်ထုတ်နိုင်မှာ ဆိုပေမယ့်၊ အခုက ပြစ်မှုကျူးလွန်တဲ့အခြေအနေရောက်အောင် တွန်းလိုက်နိုင်တဲ့ လျန်လျန်ကြာင့် သူတို့ မရုန်းနိုင်ကြတော့ဘူး"
ထျန်းရှုက သူသိသမျှအားလုံးကို အစီရင်ခံနေသည်။ တစ်ခဏခန့် အချိန်ယူပြီးမှ ဖေးယွမ်ရွှင်းက အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားသည်။
"ဟုတ်တယ်နော်၊ ဧကရာဇ်က တုံးလင်အိမ်တော်နဲ့ ကျွန်တော်တို့ ချင်ဖင်းအိမ်တော်ကို ဘယ်လိုအပြစ်ရှာရမလဲ တွေးပူနေတာ၊ သူ့အတွက် အခန့်သင့်လိုက်လေခြင်း! ကျွန်တော် အရမ်းအံ့ဩမိတယ်ဗျာ"
ရှောင်မုချန်က ခေါက်ယပ်တောင်ကို ဖွင့်ကာ တဖျတ်ဖျတ်ခပ်ကာ ဝေဖန်သည်။ ရှန်လျန်၏ လုပါနိုင်စွမ်းကို သူတစ်ကယ် အံ့အားသင့်ရသည်။
အစီအစဉ်တစ်ခုလုံး အောင်မြင်ဖို့ ဟွေအန်းဘုန်းတော်ကြီးကနေ စခဲ့တာပဲဖြစ်ပြီး ယခုတော့ ရှန်ရှောင်နဲ့ ရှန်ယန်က ဖမ်းခံလိုက်ရပြီဖြစ်သည်။ ကိစ္စတိုင်းက ဆက်စပ်နေကာ နောက်ကွယ်က ကြိုးကိုင်သူ၏ သဲလွန်စကို အနည်းငယ်မျှ မပေါ်လွင်စေပဲ အောင်နိုင်ခဲ့သည်။
"ဒါပေမယ့် လျန်လျန်က ငါနဲ့ လက်မထပ်ခဲ့ရင် ကိစ္စတွေက ခုလောက်ချောမွေ့မှာ မဟုတ်ဘူး"
ကြည့်ရတာ လျန်လျန်က ရှေ့လတွေတည်းက ကြိုတင်အစီစဉ်ချထားပြီးသားဖြစ်ရမည်။ ခုမှသာ ဖေးယွမ်ရွှင်းက ရှန်လျန့်မာယာ သဲကိုးဖြာကို မြင်နိုင်ခဲ့ခြင်း။
"မှန်တယ်၊ ဒါနဲ့ သူတို့နှစ်ယောက်ကရော တစ်ကယ်ပဲ အဆင့်ကောင်းအောင် လာဘ်ထိုးခဲ့တာလား"
အဲ့လိုဆိုရင် သူတို့အဆင့်က နည်းနည်း နိမ့်မနေဘူးလား?
ခွဲခြမ်းဝေဖန်နေကြရင်း ရှောင်မုချန်က မျက်စိလည်နေသည်။
"သူတို့လုပ်လုပ် ၊မလုပ်လုပ်၊ လျန်လျန်က သူတို့လုပ်တယ်လို့ မြင်အောင်ဖော်ထုတ်ပြမှတော့ လာဘ်ထိုးခဲ့တယ်ပဲမှတ်လိုက်"
အမှားများရင် အမှန်ဖြစ်သွားတတ်တာ လောကရဲ့နိယာမ ပဲဖြစ်၏။
"ကောင်းပြီ ၊ဒီလိုဆိုမှတော့ အပြစ်ကျူးလွန်သူတွေ လွတ်မြောက်တဲ့လမ်း မရှိစေနဲ့"
သူရှန်လျန့်ကို အရမ်းစိတ်ပူ၏။ ရှန်လျန်နဲ့သူက တရားဝင် ထိမ်းမြားရသေးတာမှ မဟုတ်ပဲလေ။
ရှောင်မုချန်က ဖေးယွမ်ရွှင်းဆီမှ ဖျက်ဆီးပစ်ချင်သည့် စွမ်းအားလှိုင်းကြီးကို ခံစားမိလိုက်သည်။
တရားစီရင်ရေးဌာနတွင်...
"လူကြီးမင်း.. ရှန်အမတ်ကြီးနဲ့ ရှန်လူကြီးမင်းနှစ်ဦး က တွေ့ခွင့်တောင်းနေပါတယ်"
အမှုထမ်း စစ်ဆေးပွဲလာဘ်စားတဲ့ အမှုစဖွင့်ကတည်းက စီရင်ရေးခေါင်းဆောင် ဖြစ်သူ ယန်ဝမ်လိက တစ်ရက်တစ်ရက် မနက်ခင်းညီလာခံမှလွဲ၍ အလုပ်ခန်းထဲမှာပဲ အချိန်ကုန်နေရလေ၏။
သတင်းပို့သံကြောင့် သက်ပြင်းချလိုက်မိရင်း.
"အထဲ ဖိတ်ခေါ်လိုက်ပါ"
ရှန်ရှောင်နဲ့ ရှန်ယန်က အမှုတွဲထဲ ပါဝင်ပတ်သက်နေမှတော့ သူ့ဆီ လာရှာကြမှာမှန်း ကြိုသိနှင့်ပြီးသားပင်။
"ယန်လူကြီးမင်း!"
သူ့ဘက်က စကားမစရသေးခင် ရှန်ညီအစ်ကို သုံးယောက်က အကူအညီရလိုရငြား မျက်နှာပေါ် အပြုံးများတပ်ဆင်ကာ စတင်နှုတ်ခွန်းဆက်လာ၏။ အပြုံးက အနည်းငယ် စိတ်မပါလက်မပါ တောင့်တင်းနေပေမယ့်လို့ပေါ့။
ယန်ဝမ်လိက စာရေးစားပွဲမှ ထထွက်လာပြီး ဧည့်သည်များကို သက်တောင့်သက်သာ ထိုင်ပါရန် ညွှန်ပြလိုက်သည်။
"ရှန်အမတ်မင်းနဲ့ ရှန်လူကြီးမင်းတို့ ဒီကိုလာရတဲ့ အကြောင်းအရင်းက ကျုပ်ထင်တာမမှားရင် သခင်လေးနှစ်ယောက်နဲ့ ပတ်သက်နေမယ်ထင်တယ်"
သူတို့ချင်း ရင်းနှီးတဲ့ ဆက်ဆံရေး မရှိပေမယ့် နန်းတော် တစ်ခုတည်းတွင် အလုပ်လုပ်ကြသူများဖြစ်သည်။ သို့သော် ယခုကိစ္စတွင် မင်းသားသွမ့်ကိုယ်တိုင် ကိုင်တွယ်ပြီး ဧကရာဇ်ကိုလည်း အသိပေးပြီးသား ဖြစ်နေသည်။ သို့ကြောင့် ယန်ဝမ်လိက သွားမရှုပ်ရဲပဲ ဥပဒေအတိုင်းသာ မှန်မှန်ကန်ကန်လုပ်ရဲသည်။
သူတို့အားလုံးကလည်း ရာထူးမြင့်ပိုင်းတွင် နေနေရသူတွေ မလို့ ဥပဒေစည်းမျဉ်းအကြောင်း ပိုနားလည်နေရမည်။ကိစ္စတွေက ခုလောက် ကြီးကြီးကျယ်ကျယ် မဖြစ်ရင် ယန်ဝမ်လိလည်း သူ့စိတ်ကို ထိန်းထားလိမ့်မည် မဟုတ်။
ရှန်ရွေ့ထင် မျက်မှောင်ကြုံ့လိုက်ရင်း စိတ်ထဲ လေးလံသွားရသော်လည်း အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ရှင်းရှင်းလင်းလင်း သိရရန် မေးမြန်းလိုက်သည်။
"သူတို့ကြောင့်လာခဲ့တာ အမှန်ပါပဲ ၊ ကျုပ်ရဲ့သားနဲ့ တူလေးတွေက ဘာအပြစ်များ ကျူးလွန်ထားမိကြလို့ပါလဲ"
"ရှန်အမတ်မင်း ကိုယ်တိုင်ကြည့်လိုက်ပါ၊ ဒါဆို အားလုံးနားလည်သွားပါလိမ့်မယ်"
ယန်ဝမ်လိက စကားနဲ့ ရှင်းပြမယ့်အစား သူ့စာရေးစားပွဲခုံသို့သွားကာ စာအုပ်ထူထူကို ယူလာပြသည်။ စာအုပ်က လှန်လိုက်သည်နှင့် တစ်နေရာတွင် အထူးဖတ်ရန် အမှတ်အသား လုပ်ထားပြီးသားပင်။
"ဒါကဘာများလဲ ?..."
ရှန်ရွေ့ထင်နှင့် ရှန်ရွေ့ချင်၊ ရှန်ရွေ့ကျန်းတို့ပါ သိချင်စိတ်ဖြင့် ခေါင်းတိုး ဖတ်လိုက်ကြသည်။
ယန်ဝမ်လိက ဆက်ပြောသည်။
"ဒီစာအုပ်ကို ကြီးကြပ်သူ ဝမ်ယွမ်ရဲ့အခန်းထဲက လျှို့ဝှက်ခန်းထဲမှာ ရှာတွေ့ခဲ့တာ၊ ပြီးခဲ့တဲ့နှစ်တွေမှာ သူဘယ်သူ့ဆီက ငွေဘယ်လောက်လက်ခံခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အကုန်အသေးစိတ် ချမှတ်ထားတာ၊ ခင်ဗျားကြည့်လိုက်ပါ၊ အရင်နှစ် မတ်လကနေစပြီး ရှန်ရှောင်နဲ့ ရှန်ယန်က လတိုင်း ငွေဒင်္ဂါးငါးထောင်ကို ဝမ်ယွမ့်ဆီ ပေးခဲ့ကြတဲ့ မှတ်တမ်းရှိတယ်၊ ဒီဂျူလိုင်လထိ ဝမ်ယွမ်က ငွေ20000ကို တိတိကျကျလက်ခံခဲ့တယ် ဆိုမှတော့ လာဘ်စားခဲ့ပါတယ်ဆိုတဲ့ အပြစ်ကို ဝန်ခံလိုက်တာပဲပေါ့! ရှန်အမတ်မင်း ခင်ဗျားလည်း ဒီအမှုက ဘယ်လောက်ထိ တင်းတင်းကြပ်ကြပ်စစ်ဆေးနေလဲ သတင်းကြားမှာပဲ၊ ကျုပ် ခင်ဗျားက်ု ကူညီချင်ရင်တောင် ကျုပ်လုပ်ပေးနိုင်တာ ဘာမှ မရှိဘူး"
ရှန်အမတ်ကြီး ကို မျက်နှာသာလုံးဝ မပေးခဲ့ချေ။ မင်းမှုထမ်းအချင်းချင်းဆိုသော်လည်း သူတို့က ရင်းနှီးသည့်ဆက်ဆံရေးလည်း မရှိသလို မေးထူးခေါ်ပြောအဆင့်မျှသာ သိကျွမ်းခြင်းဖြစ်နေသည်။ ထို့အပြင် မင်းသားသွမ့်ကိုယ်တိုင် စစ်ဆေးသော အမှုကြီးဖြစ်သဖြင့် လူတိုင်း၏စိတ်ဝင်စားမှုက မြင့်တက်နေပြီး ၊မင်းသမီးကြီးကလည်း မတိုင်ခင်ထဲက သူ့ကို ထုတ်မေး ခဲ့သေး၏။ သူသာ ဆိုလ်ိုရင်းကို သဘောမပေါက်ခဲ့လျှင် စီရင်ရေး ခေါင်းဆောင်အဖြစ် ယခုလို နှစ်များစွာနေနိုင်ခဲ့လိမ့်မည် မဟုတ်ပါ။
"အဓိပ္ပာယ် မရှိလိုက်တာ!"
ရှန်ရွေ့ထင်က မှတ်တမ်းစာအုပ်ကို စားပွဲပေါ် ရိုက်ချလိုက်သည်။ ရွေ့ချင်နဲ့ရွေ့ကျန်းလည်း မျက်နှာ အတော် ပျက်နေသည်။ သူတို့မဆိုနှင့်၊ သာမာန်ပြည်သူများပင် လာဘ်စားတဲ့ အမှုမှာ ဝင်မရှုပ်သင့်ကြောင်း သဘောပေါက်ကြပေလိမ့်မည်။ အခြေအနေက တစ်ကယ်ကို ကအကျဉ်းကြပ်ထဲရောက်နေသည်။ ကလေးတွေကို မကယ်နိုင်ပါကလည်း မျက်နှာပျက်ရပေဦးမည် မဟုတ်ပါလား။
"အစ်ကိုကြီး"
ဒီကိစ္စက ခက်ခဲတယ်ဆိုရင်တောင် ဂရုမစိုက်ပဲ ပစ်ထားလို့မှ မဖြစ်ပဲ၊ ရှန်ရွေ့ချင်နဲ့ရှန်ရွေ့ကျန်းက ရှန်ရွေ့ထင်ကို အားကိုးတကြီး ကြည့်လိုက်ကြသည်။ သူတို့အတွက် ရှန်ရှောင်နဲ့ ရှန်ယန်က အမွေဆက်ခံမယ့် မျိုးဆက်တွေဆိုတော့ အရေးကြီးသည်လေ။
ညီနှစ်ယောက်ရဲ့လေးလေးနက်နက် အကြည့်တွေကြောင့် ရှန်ရွေ့ထင်ဟာ သူတို့ကို လှည့်မကြည့်ရဲပါချေ။ ငွေဒင်္ဂါးနှစ်သောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ နောက်ကွယ်မှာ လျိုရှုဟန်သာမရှိရင် ကလေးတွေက ဘယ်က ငွေရမှာလဲ?
"အစ်ကိုကြီး ကျုပ်..."
"ပါးစပ်ပိတ်ထား!"
နှစ်ဦးသား စိတ်တင်းကြပ်လာပြီးနောက် ပါးစပ်ဖွင့်ရန်ပြင်လိုက်စဉ် ရှန်ရွေ့ထင်က ချက်ချင်း ဆူပူလိုက်ရာ သူတို့၏စိတ်ထဲ ပိုပိုပြီး မသေချာ မရေရာ ခံစားမိကြသည်။
သူတို့အစ်ကိုက ကလေးတွေကို တစ်ကယ်ပဲ လစ်လျူရှုပစ်လိုက်မှာကို အရမ်းစိုးရိမ်နေမိသည်။
"ယန်လူကြီးမင်း.. ကျုပ်ရဲ့သားနဲ့ တူလေးတွေက လူကြီးမင်းကို ပြဿနာဖြစ်စေခဲ့မိပြီ"
ရှန်ရွေ့ထင်က ဒေါသကို ခက်ခက်ခဲခဲ ဖိနှိပ်လိုက်ပြီးထရပ်ကာ ဦးညွှတ်၏။
ယန်ဝမ်လိ လည်း ယဉ်ကျေးသမှုဖြင့် ထပ်တူ တုံ့ပြန်၏။
"ရှန်အမတ်မင်း အားနာနေပြန်ပြီ၊ ကျုပ်ကသာ ဘာမှ မကူညီပေးနိုင်လို့ အရှက်ရမိပါတယ်"
"မဟုတ်တာ၊ အပြစ်ကျူးလွန်ထားမှတော့ တရားစီရင်ရေးက သေချာပေါက် ဥပဒေအရ အပြစ်ပေးမှာပဲလေ"
သက်သေက ထင်ရှားနေရင် ပြည်သူတွေကိုအပြစ်ပေးသလို တော်ဝင်မိသားစုဆိုရင်ေရာ အပြစ်ပေးမှာလား?ရှန်ရွေ့ထင်က ထိန်းချုပ်မှုမလွတ်သွားပဲ ဆိုသင့်တာဆိုကာ...
"ဒါပေမယ့်လည်း ယန်လူကြီးမင်း.. ကျုပ်အကူအညီ လေး တစ်ခုလောက်တော့ တောင်းချင်တယ်၊ ယန်လူကြီးမင်း သဘောတူပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ"
" ပြောကြည့်ပါ.."
ယန်ဝမ်လိလည်း ခုလို လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်မှန်း ခန့်မှန်းမိပြီးသားဖြစ်ရာ တောင်းဆိုစေလိုက်သည်။
နှစ်ယောက်လုံး ပြန်ထိုင်လိုက်ကြပြီးနောက် ရှန်ရွေ့ထင်က စိတ်မသက်သာဖြင့်..
"သက်သေကထင်ရှားနေမှတော့ လူကြီးမင်းကို ဥပဒေချိုးဖောက်တဲ့အလုပ်မျိုး ကျုပ်မတောင်းဆိုဝံ့ပါဘူး၊ ခက်တာက သူတို့က ကျုပ်သားနဲ့ တူလေးတွေ ဖြစ်နေတော့ဗျာ...သူတို့နဲ့တွေ့ခွင့်ပေးဖို့ ယန်လူကြီးမင်းကိုပဲ တောင်းဆိုပါရစေခင်ဗျာ"
အခြေအနေက ကိုင်တွယ်ရခက်နေရင်လည်း လူချင်းတွေ့ပြီးမှ ဆုံးဖြတ်ချက်ချလည်း နောက်မကျသေးပေ။ ဖြစ်နိုင်ရင် ဒီအမှုတွဲထဲ လုံးဝဝင်မပါချင်ခဲ့ပေ။
သူ့မှာ ဝေကျစ်ချန်နဲ့ ထိမ်းမြားခွင့်ရရန် ဗိုလ်ချုပ်ဝေကို အောက်ကျို့ ခဲ့ရပြီးနောက်ပိုင်း အခြားမည်သူ့ကိုမှ အောက်မကျို့ခဲ့ရပေ။
"ဒါက....."
ယန်ဝမ်လိ ကြားကြားချင်း တွန့်ဆုတ်သွားသည်။
ရှန်ရွေ့ချင်တို့က စိတ်ရှည်မှု ကုန်ခမ်းလာပြီး
"ဘာလို့လဲ ?သူတို့နဲ့တောင် မတွေ့ရဘူးလား"
ငွေ 2သောင်းလေးပဲလေ.. အများကြီးလည်းမဟုတ်ပဲနဲ့ အရမ်းတင်းကြပ်နေစရာလိုလို့လား?
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ကျုပ်လူတွေကို ပြောထားလိုက်ပါမယ်"
ယန်ဝမ်လိက ညီအစ်ကိုနှစ်ယောက်ကို စိတ်ထဲ မထားပဲ ရှန်ရွေ့ထင်ဘက် ကြည့်လိုက်သည်။
"ကျုပ် နားလည်ပါတယ်၊ ဒါဆို စီစဉ်စရာလေးတွေ စီစဉ်ပေးဖို့ ယန်လူကြီးမင်းကိုပဲ အနှောင့်အယှက် ပြုရတော့မှာပဲ"
စီစဉ်စရာလေးတွေဆိုသည်မှာ အပြစ်ကျူးလွန်သည့် ပြဿနာထဲ သူတို့မပါဝင်ကြောင်း သေချာစွာ ကာကွယ်ရန်ဖြစ်၏။ ရှန်ရွေ့ထင်က ဘုရင့်အမှုထမ်းတာဝန်ကို ဆယ်စုနှစ် နှစ်စုချီအောင် ထမ်းဆောင်လာခဲ့ပြီးဖြစ်ရာ ကိစ္စတော်တော်များများကို နားမလည်ပဲမနေချေ။
"ဟုတ်ပါပြီ ...အတွင်းဝန် ကျေးဇူးပြုပြီး အမတ်ကြီးကို ဧည့်ပို့ပေးပါဦး"
ယန်ဝမ်လိက ငြင်းဆန်ခြင်း မပြုတော့ပဲ ဘေးမှာ ရပ်နေတဲ့ အတွင်းရေးလက်ထောက်ကို လှည့်ကာ ပြောလိုက်သည်။
စာချီက ရှေ့တစ်လှမ်းတိုးလာပြီး လေးစားသမှုဖြင့် ဦးညွှတ်ကာ ဖိတ်ခေါ်လာသည်။
"ရှန်အမတ်မင်းနဲ့ သခင်ကြီးတို့ ကျေးဇူးပြုပြီး ဒီဘက်ကြွပါ"
"ပြဿနာဖြစ်စေမိပြီ"
ရှန်ရွေ့ထင်က ကျေးဇူးတင်လိုက်ပြီး လှည့်ပြန်သွားသည်။ ရှန်ရွေ့ချင်နှင့် ရွေ့ကျန်းလည်း ထပ်ကြပ်မကွာ လိုက်သွားခဲ့ပေမယ့် မကျေမနပ်အမူအရာများနှင့် ဖြစ်၏။
"သူတို့က ကယ်တင်ချင်တယ်ပေါ့! အိပ်မက်မက်နေလိုက်လေ"
သူတို့ပြန်သွားသောအခါ မင်းသားသွမ့်ကတစ်ဖက်အခန်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ယန်ဝမ်လိက အလျင်အမြန် ထကာနှုတ်ဆက်၏။
"အရှင့်သား ဘယ်အချိန်က ရောက်နေတာပါလဲ"
"ခုလေးပဲေရာက်တာ၊ ခင်ဗျားလုပ်တာ ကောင်းတယ်၊ ရှန်ရှောင်နဲ့ ရှန်ယန်ရဲ့ကိစ္စကို မစိုးရိမ်နဲ့၊ ဖခမည်းတော်နဲ့ ကိုယ်တော့်မှာ အကြံရှိတယ်"
လျိုဝမ်ကျင်းနဲ့ လျိုရှုဟန်တို့ မောင်နှမက အတင့်ရဲပြီး သူ့သားကို ပြန်ပေးဆွဲတဲ့အပြင် သတ်ပါသတ်ပစ်တော့မလို့! ကလေးငယ်က နန်းဆောင် ပြန်ရောက်လာကတည်းက စိတ်ဒဏ်ရာတွေနဲ့ အိပ်မက်ဆိုးတွေမက်ပြီး သူစိမ်းတွေကို အရမ်းကြောက်သွားတော့တာပဲ၊ အသားတုံးက ပါးစပ်ဝ ရောက်လာမှတော့ ကောင်းကောင်း အသုံးချရမှာပေါ့!
"ခင်ဗျားကတော့ တစ်ခြားဟာ လုပ်ပေးရမယ်"
ယန်ဝမ်လိနဲ့ မင်းသားသွမ့်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် ဝေ့ဝိုက်ပြောမနေပဲ တည့်တိုးထုတ်ပြောလိုက်ကာ ရှန်ရွေ့ထင်တို့သွားလိုက်သည့်ဘက်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
လျိုရှုဟန်က တုံးလင်အိမ်တော်ထဲ လိပ်လို အခွံထဲ ဝင်ပုန်းနေချင်နေတော့ သားဖြစ်သူနဲ့မျှားခေါ်ထုတ်ရမှာေပါ့၊ သားရဲ့အနာဂါတ်နဲ့ခြိမ်းခြောက်ပြီး အကြောက်တရားက ဘာလဲ သိသွာအောင် ပြပေးလိုက်မယ် ။