'ဆိုင်အား သွားရောက်စစ်ဆေး'
တုံးလင်အိမ်တော်က ရုန်းရင်းဆန်ခတ်အခြေအနေကို ရှန်လျန့်အနေနဲ့ ဘေးထွက်ပြီး ဆက်စောင့်ကြည့်ရန်သာလိုသည်။ နေ့လည် သုံးချက်တီးလောက်အချိန်မှာ ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်တို့အပြင် ထွက်ကြသည်။ တစ်ဦးက လျိုဖုန်းကျွီ ဘက် ဦးတည်သည်။ ကျန်တစ်ဦးက ကျိုးလီပုဘက် ထွက်ခွာသည်။
ကျိုးလီပုသည် မြို့၏အရှေ့ဘက်အရပ်တွေတည်ရှိပြီး မြို့ဂိတ်ပေါက်ဝနှင့်နီး၏ ။ မြို့အစွန်ဘက်မှာ နေထိုင်ကြတဲ့သူအများစုက အလယ်လတ်တန်းစားနဲ့ အခြေခံလူတန်းစားသာများသည်။ ဤနေရာတစ်ဝိုက်က မြို့လယ်လောက် လုံခြုံရေးမတင်းကြပ်ပဲ လျော့ရဲသည်က အမှန်။ သို့ဖြစ်ရာ ဒုက္ခသည်အများစုက မြို့စွန်မှာ စုပုံရောနှော နေထိုင်နိုင်ကြသည်။
ရှန်လျန် ပိုင်ဆိုင်တဲ့ ဆိုင်က အရှေ့ဂိတ်ပေါက်ဝနဲ့နီးပြီး အတော်အတန်ကြီးမားသည့် ဆိုင်ကြီးဖြစ်သည်။ ခြံဝန်းကျယ်၏အနောက်ဘက်တွင် ခြံဝန်းငယ်တစ်ခုရှိပြီး သိုလှောင်ရုံသုံးခန်းနဲ့ နားနေခန်းနှစ်ခန်း ရှိ၏။ ဆိုင်မျက်စောင်းထိုးမှာတော့ မြို့အရှေ့ဂိတ်ပေါက်ဝက ခပ်ကျယ်ကျယ်ဖွင့်ထားပြီး အပြင်ဘက်တွင် ဒုက္ခသည်တွေနဲ့ အုံတိုးပြည့်ကြပ်နေသည်ကိုတွေ့ရလိမ့်မည်။ အစောင့်များနှင့် စစ်သည်အချို့ ကိုလည်းတွေ့ရပြီး လူအုပ်မှ ပြဿနာ တစ်စုံတရာ ရှာလျှင် ကာကွယ်ရန်နှင့် တစ်စုံတယောက် သေဆုံးပါက အလောင်းကိုချက်ချင်း ရှင်းလင်းရန် စောင့်ကြပ်နေကြသည်။ သို့မှသာ ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတွေ ဆင့်ပွား မဖြစ်စေမှာပင်။
မနက်ကတည်းက ရှန်ကျိုးဟာနောက်လိုက်နောက်ပါ နှစ်ဦးနဲ့အတူ ပေါက်စီတွေ ပြုလုပ်ရန် နေရာအား သန့်ရှင်ထားပြီဖြစ်ပြီး၊ ဆိုင်တွင်း၊ဆိုင်ပြင်ကိုပစ္စည်းတွေ အပြောင်ရှင်လင်းထား၏။ မကြာခင်မှာပဲ ရန်ထျန်းယွီနဲ့ ဝေထန် ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေဟာ အချိန်ကိုက် ရောက်ချလာတာကြောင့် ဗလာဖြစ်နေတဲ့ဆိုင်က ပစ္စည်းသစ်တွေနဲ့ ပြည့်သွားပြန်၏။
ရှန်လျန် ရထားလုံးပေါ်က ခုန်ဆင်းလိုက်တာနဲ့ ဆိုင်ထဲကို တန်းကြည့်လိုက်၏။ ပစ္စည်းတင်စရာစင်အကြီးကြီးနဲ့၊ စားပွဲခုံများစွာ၊ အိုးခွက်များစွာ၊ပေါင်းအိုးနဲ့ အရာရာ စုံလင်စွာ ရှိနေတာတွေ့လိုက်ရသည်။ ပန်းကန်လုံးအများကြီးထည့်ထားတဲ့ တောင်းက အခန်းထောင့်တစ်နေရာမှာ အဆင်သင့်။ ပစ္စည်းစုံရှိပြီဆိုမှတော့ စီစီရီရီ ထားရန်သာကျန်၏။
"ငါတို့ လုပ်တာ အဆင်ပြေတယ်မို့လား"
ရှန်ကျိုးက သူ့ရဲ့ တောက်ပြောင်ခမ်းနားလှတဲ့ အပေါ်ဝတ်ရုံကိုချွတ်ထားသည်။ ချည်သားအင်္ကျီကာကိုဝတ်ဆင်ကာ အပြာလည်စည်းနဲ့ ဆံပင်ကိုဆွဲမြောက်ချည်ထားပြီး လက်နှီးစုတ်တစ်ထည်ကို ကိုင်ထားလျက် မေးသည်။ ပုံစံက ပေရေစုတ်ချာပြီး ရယ်စရာကောင်းနေပေမယ့် ချစ်စရာလည်း ကောင်းလှ၏။
"ရှဲ့ယန်ပြောတာ မင်းတို့ကိစ္စ အဆင်ပြေတယ်ဆို?"
အလုပ်ရှုပ်နေတဲ့ ရန်ထျန်းယွီလည်း လှည့်ကာနှုတ်ဆက်၏။ နှစ်ယောက်လုံးဟာ ဈေးကြီးတဲ့ ပိုးထည်တွေ ဝတ်မထားပေမယ့် အလုပ်လုပ်နေသည့် ယောင်္ကျားသားတွေအနေနဲ့ အတော်လေး ကြည့်ကောင်းလှ၏။
"ဟုတ်တယ် မုရုန်မိသားစုက စိတ်ထားပြည့်ဝပြီး ကူညီဖေးမတတ်တဲ့ သူတွေ၊ ငါတို့ လူတွေကိုကူညီမယ်လည်း ကြားရော ပစ္စည်းရောင်းပေးဖို့ ကတိပေးရုံမက ဆန်ညို အိတ်တစ်သောင်း နဲ့ ပြောင်းမှုန့် ဂရမ်ချိန် နှစ်သန်းပါ မတည်ပေးတယ်၊ ခဏနေ သူတို့ ပစ္စည်း လာပို့ပေး လိမ့်မယ်"
ရှန်လျန်က ပြောပြရင်း အခန်းထဲ ဝင်လိုက်ထွက်လိုက်လှည့်ပတ်ကြည့်၏။ ဆိုင်တည်ဆောက်ပုံကို အတော်လေး စိတ်တိုင်းကျမိ၏။ ရန်ထျန်းယွီနဲ့ ရှန်ကျိုးက လုပ်လက်စကိုခဏရပ်ထားပြီး..
"လုပ်စမ်းပါ၊ ရှဲ့ယန်ငါတို့ကိုပြန်ေပြာပြပြီးပြီ၊ မုရုန်သခင်ကြီး လှူပေးတာထက် မင်းက နှုတ်သွက်သွက်နဲ့ နှစ်ဆတောင်းတာဆို"
အဲ့ဒီအကြောင်းပြန်ကြားရစဉ်က စိုးရိမ်မိသွားပေမယ့် ရှန်လျန်ရဲ့ ရဲတင်းမှုက်ုလည်း အတော် လေးစားမိ၏။
ဒီလောက်လွယ်လွယ်ရလာတယ်ဆိုတာ ရှန်လျန်နဲ့ မုရုန်မိသားစုက အချင်းချင်းရင်းနှီးပြီးသားဆိုတဲ့အချက်ကိုတော့ ဘယ်သူမှ မရိပ်မိခဲ့ကြပါ။
"နှစ်ဆ မတောင်းပါဘူး"
ရှန်လျန် ခေါင်းသာယမ်းပြမိသည်။ ကူကယ်ရာမဲ့စွာနဲ့ တွေးမိသည်က သခင်ငယ် သုံးယောက်က လောကကြီး အကြောင်း ဘာမှ မသိသေးသည့်အကြောင်းပင်။ ဆန်စေးရဲ့ ဈေးနှုန်းက ဆန်ညိုထက် များစွာ ဈေးမြင့်ပြီး ဂျုံက ပြောင်းမှုန့်ထက် ပိုဈေးကြီးသည်။ ပြောင်းလဲ တောင်းခံခဲ့သည့် ပမာဏက သခင်ကြီးလှူပေးတာနဲ့ ညီတူမျှတူပင်ဖြစ်၏။
"မဟုတ်ဘူးလား အဲ့တာဆို ဘယ်လိုလဲ"
ရှန်ကျိုးနဲ့ ရန်ထျန်းယွီတို့ အချင်းချင်းကြည့်မိလိုက်ကြသည်။ ရှန်လျန်က ရှင်းပြမယ့်အစား မေးခွန်းပဲ မေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် များများရတော့ မကောင်းဘူးလား"
"ကောင်းတော့ကောင်းတာပေါ့၊ လူချမ်းသာကိုငါတို့ အပြစ်လုပ်မိမှာစိုးလို့"
ရှန်ကျိုးစိတ်ထဲ သူမလိုက်သွားခဲ့တာပဲ ကံကောင်းသည်ဟု တွေးနေမိသည်။ ရှဲ့ယန်နဲ့ယှဉ်ရင် သူတို့ရဲ့ တည်ငြိမ်မှုအားက ထင်သလောက်မကောင်းလှ။
"မလုပ်မိပါဘူး၊ ညှိနှိုင်းတယ်ဆိုတာ ပြောကြည့်မှ ဖြစ်မဖြစ်သိရမှာ မဟုတ်လား၊ ဒါနဲ့ ရှဲ့ယန်နဲ့ ဝေထန်ကို မမြင်ဘူးရော်"
ဒီကိစ္စကို ထပ်ပြီး မပြောချင်တော့တာကြောင့် ရှန်လျန်က စကားခေါင်းစဉ် ပြောင်းလိုက်သည်။
"ဝေထန် ဝယ်လာတဲ့ ဆေးကြိုအိုးက အရမ်းသေးလို့တဲ့ ရှဲ့ယန်ကပြောတယ်၊ လူအများကြီးကိုပေးမှာဆိုတော့ ပိုကြီးတဲ့ ဟာသွားဝယ်တယ်၊ မင်းတစ်ချက်စစ်ကြည့်ဦး၊ ဘာဝယ်စရာကျန်သေးလဲလို့၊ ဒီနေ့တစ်ခါတည်းဝယ်ထားတာ အကောင်းဆုံးပဲ"
သူတို့ဝယ်ထားတာ တစ်ခုခုကျန်ခဲ့မှာစိုးရိမ်ပြီး ရှန်ကျိုးက ရှန်လျန့်ကိုဆွဲခေါ်ကာ ပစ္စည်းစစ်ကူရန် အကူအညီတောင်း၏။
"အင်း..ရှဲ့ယန်ကအတော်တွေးတတ်တယ်၊ ဒါနဲ့ ဆေးဘူးလည်း နည်းနည်းဝယ်ရမယ်၊ ဆေးရည်ကျိုပြီး ထည့်ထားချင်လို့၊ တစ်ခါတည်းတိုက်လိုက်ရုံပဲ၊သောက် ရေသန့်များများ ထားဖို့လည်း လိုမယ်"
"မုရုန်မိသားစုက ပစ္စည်းထောက်ပံ့ပေးထားတယ်ဆိုပေမယ့်လည်း ငါတို့က တစ်ယောက် တစ်ပန်းကန်ပဲ အကန့်အသတ်နဲ့ဝေမှာ၊ အဲ့တော့ ဗိုက်မပြည့်ရင် သူတို့ ရေသောက်လို့ရတာပေါ့"
"ဟုတ်သားပဲ၊ ဝယ်ဖို့နဲ့ ရေထားဖို့ ငါစီစဉ်လိုက်မယ်၊ အလုပ်ကူလုပ်ဖို့ငါ လူဆယ်ယောက်ရှာထားတယ်နော်၊ မလောက်သေးရင် ငါပါ ဝင်လုပ်မယ်"
ရန်ထျန်းယွီက ပြောရင်း ဆိုင်ထဲ အလုပ်ရှုပ်နေသူတွေကိုညွှန်ပြသည်။ အားလုံးလှည့်ကြည့်လာပြီး နှုတ်ဆက်ကြသည်။
"ရှန်သခင်လေး"
"အလုပ်ကြိုးစားပေးကြပါနော်"
ရှန်လျန် ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြ၏။ အလုပ်သမားများက ရှန်လျန်၏ မျက်နှာချောချောလေးကြောင့် မှင်သက်ကုန်ကြပြီး လက်က ဘယ်နားထားရမှန်းမသိ နေရထိုင်ရခက်ကုန်သည်။
"မင်းကတော့...."
ထိုအဖြစ်အပျက်ကိုမြင်ပြီး ရန်ထျန်းယွီ ခေါင်းကုတ်လျက် သူ့မိသားစုက အလုပ်သမားတွေကို အလုပ်လုပ်ရန်အချက်ပြလိုက်ရသည်။
သူတို့အုပ်စုမှာ လူတိုင်းက သူ့အလှနဲ့သူကြည့်ကောင်းပေမယ့် ရှန်လျန်နဲ့ယှဉ်လိုက်ရင် ကောင်းကင်နဲ့မြေကြီးလို ကွာခြားသည်။ တော်သေး၍ ရှန်လျန်က အမျိုးသမီးမဖြစ်တာ၊ မဟုတ်လို့ကတော့ မိန်းမတွေ ဘယ်လောက် မနာလို ဖြစ်ကြမလဲ မပြောတတ်ချေ။
"လျန်လျန် ရောက်လာပြီလား"
ထိုအချိန်တွင် ရှဲ့ယန်နဲ့ ဝေထန်လည်း ပြန်ရောက်လာသည်။ သူတို့နောက်မှာ အလွန်ကြီးတဲ့ ထုလုံးရှည်တွေ သယ်လာတာကိုမြင်တော့ရှန်ကျိုးက ရှေ့တိုးလာပြီး မေးသည်။
"ဒါ ဆေးကြိုဖို့လား၊ရေပေပါ ဝယ်လာတာ မဟုတ်ဘူးလား"
ကွာခြားချက်က ရေမပါတဲ့ ပေပါ ဖြစ်သည်။
"ဘာကို ရေပေပါ လဲ "
ဝေထန်က ဒေါသနဲ့ ရှင်းပြဖို့ကြိုးစားသည်။
"ငါတို့လိုအပ်တဲ့ ဆိုဒ်က ဘယ်ဆိုင်မှ မရှိဘူး၊ နောက်တော့ ဒါဝယ်ဖို့သူတို့ညွှန်းပေးလိုက်တာ၊ ဘယ်လိုလဲ ဆေးရည်ထည့်ကြိုလို့ရတယ်မလား"
ဖောက်မြင်ရတဲ့ ဟာက ပိုဈေးကြီးတာကြောင့် အပိတကို ဝယ်လာလိုက်ကြသည်။ ပုံစံက ကြည့်မလှပေမယ့် အခြေခံလူတန်းစားတွေဆို ဒါမျိုးသုံးကြတာပဲလေ။
"ဆေးရည်ကျိုလို့ရပါတယ်၊ဒါပေမယ့် ကြည့်ရဆိုးချက်၊ လာကြဟေ့ ဒါအရင်လာ မ ကူဦး"
ရှန်ကျိုးက အင်တင်တင်ခေါင်းငြိမ့်လိုက်ပေမယ့် ပစ္စည်း နေရာကူရွှေ့ဖို့ လူခေါ်လိုက်ပါသည်။ သူလုပ်တာမြင်တော့ ရှဲ့ယန်နဲ့ဝေထန်လည်း ပျော်ပျော်ကြီး တာဝန်လွှဲပေးလိုက်ကာ ရှန်လျန်၊ထျန်းယွီနဲ့အတူ ဆိုင်ထဲ ဝင်လာလိုက်ကြသည်။
"ဝါးနံပါတ်ပြားချောင်းတွေ လုပ်ပြီးပြီလား"
"ငါ့အိမ်ကအလုပ်သမားတွေကို လုပ်ခိုင်းထားတယ်၊အစက လူ ငါးရာစာပဲ ပြီးအောင်လုပ်ခိုင်းထားပေမယ့် မုရုန်မိသားစုက ထောက်ပံ့တဲ့သတင်းကြားတော့ ငါ အိမ်ထိန်းကို လူတစ်ထောင်စာ အမြန်ပြန်ပြောင်းလုပ်ခိုင်းလိုက်တယ်၊ များသွားလား"
ရှဲ့ယန်က အပြန်ပြန်အလှန်လှန် တွေးကြည့်လိုက်ပြီး..
"မများလောက်ပါဘူး"
ရန်ထျန်းယွီ စိတ်အေးသွားသည်။ အရာအားလုံးက သူတို့ထင်ထားတာထက် ပိုချောမွေ့ပြီး မတည်ငွေလည်း လောက်သည်ဆိုတော့ နောက်ပိုင်း အလှူငွေပိုရရင် နံပါတ်ကဒ်တွေ ပိုလုပ်ရမည်ဟု တေးထားလိုက်သည်။
"တစ်ဆိတ်လောက် မေးပါရစေ၊ ဒီဆိုင်က ရှန်သခင်လေးရဲ့ ဆိုင်လား မသိဘူး"
ထိုစဉ် တစုံတယောက်၏ ယဉ်ကျေးစွာမေးမြန်းသံကိုကြားလိုက်ရ၏။ သူ့နောက်က အတန်းလိုက် မောင်းနှင်လာသော လှည်းပေါ်တွင် ကုန်ပစ္စည်းများတင်ဆောင်လာသည်ကို မြင်သော် ရှန်လျန်တို့ လူစု အမြန် ပြန်နှုတ်ဆက်လိုက်ကြသည်။
"ကျွန်တော်က ရှန်လျန်ပါ၊ မိတ်ဆွေက.."
ရှေ့ကလူကြည့်ရသည်မှာ အသက်သုံးဆယ် လေးဆယ်ဝန်းကျင်သာရှိလိမ့်မည်။ ရှန်လျန် တစ်ဖက်လူက ဘယ်သူဆိုတာ ခန့်မှန်းမိပေမယ့် သိပ်တော့မသေချာ။
"ရှန်သခင်လေး"
တစ်ဖက်လူက သူ့နာမည်ကိုကြားတာနဲ့ ချက်ချင်းဂါရဝပြု၏။
"ကျုပ်က မုရုန်မိသားစုရဲ့ အကြီးဆုံး သိုလှောင်ရုံ စာရင်းစစ်ပါ၊ မျိုးရိုးနာမည်က ဝမ် လို့ခေါ်ပါတယ်၊ အကြီးဆုံးသခင်လေးက ရှန်သခင်လေး ဆီ ဆန်အိတ်နဲ့ ဆေးပစ္စည်းတွေ ပို့ခိုင်းလိုက်လို့ပါ၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့ က်စ္စလေးရှိနေတာကြောင့် လူကိုယ်တိုင်မလာနိုင်တဲ့အပေါ် အရမ်းအားနာလို့ နောက်ရက်ကျရင် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ပါ့မယ်လို့ စကားပါးခိုင်းလိုက်ပါတယ်"
"မုရုန်သခင်လေးက အရမ်းအားနာနေပါပြီ၊ ဒါနဲ့အထဲ ဝင်ထိုင်ပါဦးလား"
ရှန်လျန်က ပြုံးပြီး ဧည့်သည်ကိုဖိတ်ခေါ်သည်။သို့သော် စာရင်းစစ်က ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။
"မဝင်တော့ပါဘူးဗျာ၊ သိုလှောင်ရုံကိုဒီတိုင်းထားခဲ့လို့မရလို့ နားလည်ပေးပါခင်ဗျာ၊ ပစ္စည်းတွေက သိုလှောင်ရုံထဲ တစ်ခါတည်းထည့်ပေးခဲ့ရမလားဗျ"
"အဆင်ပြေတာပေါ့ဗျာ"
ရန်ထျန်းယွီကို ကြည့်လိုက်တော့ သူက အလုပ်သမားတွေကို လုပ်လက်စရပ်ခိုင်းလိုက်ပြီး ပစ္စည်းကူရွှေ့ရန် အကူအညီတောင်းလိုက်သည်။ဆန်အိတ်တွေ၊ ပြောင်းမှုန့်အိတ်တွေနဲ့ ဆေးအိတ်များစွာကို လူများစွာက လေးဆယ့်ငါးမိနစ်အတွင်း သယ်လို့ပြီးသွားသည်။ စာရင်းစစ်က စကားများများ မပြောတော့ပဲ အလုပ်ပြီးသည်နှင့်နှုတ်ဆက်ကာ သူ့လူတွေခေါ်ပြီး ပြန်သွား၏။
မုရုန်မိသားစုမှ ပစ္စည်းများသည် ရှန်လျန်၏ သိုလှောင်ရုံ သုံးခုကိုပြည့်သွားစေကာ အခန်းနောက်တစ်ခန်းပါသုံးလိုက်ရသည်။ ရှဲ့ယန်တို့လူစု သက်ပြင်းချလိုက်ကြသည်။ အရေးကြီးဆုံး ဆန်တွေကို မုရုန်မိသားစုက ဒီလောက်အများကြီး ထောက်ပံ့ပေးနိုင်တာ တစ်ကယ်ကို သဘောထားပြည့်ဝပြီး ရိုင်းပင်းကူညီတတ်တာပဲ။
"တစ်ကယ်ပါပဲ၊ ငါကိုယ်တိုင် လိုက်သွားပြီး မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ မဟုတ်ရင် မင်းနဲ့ မုရုန်မိသားစုက ရင်းနှီးတယ်လို့ ထင်မိလိမ့်မယ်၊ သခင်ကြီးရဲ့ ဆက်ဆံရေးက အတော်ကောင်းပြီး သူ့လူကပါ လေးလေးစားစားဆက်ဆံတယ်"
"မင်းမြင်တာ အမှန်အတိုင်းပဲကို"
ရှန်လျန့်နှုတ်ခမ်းတွေ အပေါ်ကွေးတက်သွားသည်။ တစ်ခါတလေ ရိုးတဲ့လူတွေဟာ ပိုပြီး ဖြတ်ထိုးဉာဏ်ကောင်းကာ တည့်တိုးခန့်မှန်းတတ်ပုံက လန့်စရာပင်။
"ရော့ ဒါ ငါ့ရန်ပုံငွေ.. အကူနှစ်ယောက်၊ဆေးအကြောင်းနားလည်တဲ့သူ နှစ်ယောက်လောက် ရှာပေးဦး၊ ငါ ဆေးကြိုမယ့် ပေပါကို အရင် ဆေးကြောပြီး အခြောက်ခံထားလိုက်မယ်"
ရှန်လျန်က ငွေလက်မှတ် ထိုးထည့်ပေးကာ အကုန်ဝေးဝေးတွန်းထုတ်လိုက်ပြီးတာနဲ့ အင်္ကျီလက်ခေါက်တင်ကာ အလုပ်စလုပ်ရန်ပြင်သည်။
"ဆန်ပြုတ်နဲ့ပေါက်စီလုပ်မယ့်သူက မနက်ဖြန်လာမှာ၊ ဒီည ဒီမှာစောင့်ဖို့ လူနှစ်ယောက် ငါပို့ပေးလိုက်မယ်နော်"
ရန်ထျန်းယွီ က ရှန်လျန့်ကိုဆွဲတားထားသည်။ သူတို့ဖြင့် ပြောလို့ မကုန်သေး။
"အဆင်ပြေသလို ကြည့်စီစဉ်လိုက်လေ... "
ရှန်လျန် ပြောပြီးတာနဲ့ ဆေးထုတ်တွေအနားသွပြီး အလုပ်ရှုပ်နေတော့သည်။ ရန်ထျန်းယွီ အားမရှိစွာ မျက်လုံးလိမ့်လိုက်၏။
"ငါတို့ချည်းပဲ လုပ်ရမှာလား"
"ငါတို့ ဝယ်တဲ့ ပစ္စည်းတွေကို သူဂရုစိုက်ပေးတာပဲလေ"
ဝေထန်က ရယ်ရခက် ငိုရခက်နှင့် ငွေလက်မှတ်တွေကိုကိုင်ထားသည်။
ရှန်လျန်က စာရင်းဇယားတွေ လုပ်ပြီး သူ့ကိုယ်သူ ထိပ်ဆုံးမှာ မနေပြချင်တာကြောင့် ကျန်တာ ဘာမှ မသိသယောင် နေလိုက်သည်။
"သူလည်း လုပ်ရမှာ ပါပဲ၊ မနက်ဖြန်ကနေစပြီး နေ့တိုင်း ဆေးပေးခန်းထိုင်ရမှာလေ.. တစ်ခြားဟာတွေ ထပ်ခိုင်းချင်သေးလို့လား မင်းက"
ရှဲ့ယန်က နားလည်စွာဖြင့် ရယ်ချင်ပက်ကျိဖြစ်နေသည်။ ရှန်လျန်သာ အကုန်ဦးဆောင်ပြီး လုပ်နေရင် ကျန်တဲ့သူတွေ တဖြည်းဖြည်း စိတ်ကွက်လာကြမှာပေါ့။
"ငါလည်း ဒီနေ့ သုံးသမျှ ကုန်ကျစရိတ်ကို စာရင်းလုပ်လိုက်ဦးမယ်၊ ကျန်တာ မင်းတို့သဘော"
လူငယ်တွေက အချင်းချင်း မင်းလုပ်ငါလုပ်နှင့် ရယ်ရယ်မောမော ပြောဆိုပြီးနောက် နေရာခွဲလိုက်ကြသည်။ နောက်မှာ လုပ်စရာများစွာ ကျန်သေးသည်လေ။
2466 words
Grape 🍇