no

Font
Theme

'ဧကရာဇ် နဲ့ ဖေးယွမ်ရွှင်း'

ချင်ဖင်းမြို့စား နေကောင်းသွားပြီဆိုတာကို အတည်ပြုဖို့ ဧကရာဇ်ကိုယ်တိုင် နောက်တစ်ခေါက် အလည် လာလိုက်သည်။သူနှင့်အတူ မိန်းမစိုးခေါင်းဆောင်ရန်အန်း၊ နန်းတွင်း အရေးကိစ္စများ ကိုင်တွယ်သည့် အမတ်မင်းချုပ်၊ တော်ဝင်သမားတော် သုံးဦးနှင့်အတူ သမားတော်ချုပ် ဝူချီ ပါ ပါသည်။ ယခု တစ်ကြိမ်လာရာတွင် ကြီးကျယ် ခမ်းနားသော အဆောင်အယောင်များကို လျှော့ချပြီး နောက်လိုက် စစ်သည်

နှစ်ရာကို မခေါ်လာတော့ပါချေ။

"ဧကရာဇ် ကြွချီတော်မူလာပြီ"

ရန်အန်းကုန်းကုန်းက အသံကျယ်ကျယ်နဲ့ ထုတ်ပြန်လိုက်ပြီး ဘုရင့်လှည်းယာဉ်ဟာ ဖေးယွမ်ရွှင်းရဲ့ အိမ်တော်ထဲ ဝင်ရောက်သွားတယ်။ အခန်းထဲတွင် လွန်ခဲ့တဲ့ ရက်တွေမှာ နောက်ဆုံးထွက်သက်အနေအထားနဲ့‌ေဖးယွမ်ရွှင်းက အခုတော့ ကုတင်ကိုမှီကာ ထိုင်နေလေ၏။ ဖြူဖျော့ပြီး အားအင်မပြည့်သေးပုံပေါ်ပေမယ့် ထထိုင်နေပြီဖြစ်တာကြောင့် ဧကရာဇ်မှာ ကြောင်ငေးနေပြီး မယုံကြည်နိုင်ဖြစ်နေ၏။

သမားတော် ဝူချီက အတုန်လှုပ်ဆုံးလူပင်။ ဖေးယွမ်ရွှင်း၏ သွေးကြောကို စမ်းသပ်ခဲ့တုန်းက အမှားအယွင်း ဖြစ်ခဲ့ရင်တောင် ကြိမ်ဖန်များစွာ စမ်းသပ်ထားတာဖြစ်လို့ သွေးမလုံလောက်သည့် လက္ခဏာက အမှန်ပင်ဖြစ်သည်။

ဖေးယွမ်ရွှင်းက အမှန်တစ်ကယ် သေလူ တစ်ပိုင်းဖြစ်ပြီး သွေးထွက်ခြင်းရပ်တန့်သွားရင်တောင် ယခုလို ချက်ချင်းထထိုင်နိုင်ပါ့မလား?ဘယ်နေရာက လွဲမှားနေတာလဲ?

"အရှင်မင်းကြီး?"

လင်းဖိုးဖိုး၏ခေါ်သံကြောင့် လူတိုင်း သတိဝင်လာကြသည်။

"အဟမ်း"

မရေမတွက်နိုင်တဲ့ အတွေးပေါင်းစုံ ကို ဖိနှိပ်လိုက်ရင်း ရာဇအိန္ဒြေထိန်းကာ ပြုံးလိုက်၏။

"အရှင်မင်းကြီး"

အိပ်ရာခေါင်းရင်းမှာ လှဲမှီနေတဲ့ ဖေးယွမ်ရွင်းက ထကာ အရိုအသေပြုရန်ပြင်သည်ကို မြင်သော် ဧကရာဇ်က အလျင်စလို သူ့ပုခုံးဆီ လှမ်းကိုင်ကာ တားလာသည်။

"မင်းရဲ့ ဒဏ်ရာက မသက်သာသေးဘူးလေ၊ အရမ်းမလှုပ်ရှားနဲ့၊ ဒဏ်ရာ ပွင့်သွားမှာ စိုးရတယ်"

"အရှင်မင်းကြီး ကို ကျေးဇူးအထူးတင်ပါတယ်"

နဂိုတည်းက ထရန်အစီအစဉ်မရှိသည့် ဖေးယွမ်ရွှင်းမှာ ကုတင်မှာ ပြန်မှီလှဲလိုက်သည်။ ဒဏ်ရာက 10ပုံမှာ 3ပုံလောက် ဆိုပေမယ့် 7ပုံလောက်နာချင်ယောင်ဆောင်နေလိုက်၏။ ဖြူဖျော့အားမရှိတဲ့ သူ့ပုံစံက လုံလောက်အောင် စစ်မှန်နေသည်။

"မနေ့က ကိုယ်တော် ဒီကိုလာကြည့်သေးတယ်၊ မင်းရဲ့ ကျန်းမာရေးက...ယွမ်ရွှင်း ..ချင်ပြည်ထောင်က ရေလွှမ်မိုးမှုကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရတယ်၊ မင်းကြောင့်သာ မဟုတ်ရင် ပြည်သူတွေ ဘယ်လောက် များများ သေဆုံးကုန်လိမ့်မလဲ၊ မင်းက ချင်ပြည်ထောင်ရဲ့ သူရဲကောင်းပဲ!

ကံကောင်းလို့ ဒဏ်ရာက သွေးတိတ်ပြီး ‌အသက်ဆက်နိုင်ခဲ့တယ်၊ မဟုတ်ရင် ပြည်သူတွေကို ကိုယ်တော် ဘယ်လို ရှင်းပြရပါ့မလဲ"

ရန်အန်းကုန်းကုန်းက ထိုင်ခုံ ယူလာပေးရာ ဧကရာဇ်က ဖေးယွမ်ရွှင်း၏ ကုတင်ဘေးမှာ ထိုင်လိုက်သည်။ စကားပြောနေစဉ်တစ်လျှောက်လုံး မျက်လုံးက ဖြူဖျော့တဲ့ မျက်နှာကိုသာ တောက်လျှောက် အကဲခတ်နေပြီး အသေးစိတ်အမူအရာမှ အစ မလွတ်တမ်း စိုက်ကြည့်နေခဲ့သော်လည်း အဆုံးမှာ ဧကရာဇ်သာ စိတ်ပျက်ခဲ့ရသည်။ ဖေးယွမ်ရွှင်းက အပြုံးဖျော့ဖျော့ ပြုံးလိုက်သည်။ ဘုရင်အိုကြီး ချီမွှမ်းတယ်ဆိုတာ ခနဲ့တဲ့တဲ့ လှောင်ပြုံးတာနဲ့ တူတူပင်။

"အရှင်မင်းကြီး ကျွန်တော်မျိုးကို ရှက်ရွံ့အောင်လုပ်နေပါပြီ၊ ကျွန်တော်မျိုးက ပျင်းရိလွန်းလို့ လျှောက်ထွက်သွားတာကို ခုလို ချီးမွှမ်းမှုနဲ့ အဆုံးသတ်သွားရတယ်၊

ဒါနဲ့ ကျွန်တော်မျိုးနဲ့ လျန်လျန့်ကို လက်ထပ်ခွင့်ပြုတယ်လို့ ဦးရီးတော် အမိန့်ချမှတ်ပေးခဲ့တယ်ဆို? စေ့စပ်ကြောင်းလမ်း လက်ဆောင်ပဏ္ဏာချင်းတောင် လဲလှယ်ပြီးပြီလို့ကြားတယ်... ကျွန်တော်မျိုးက နေပြန်ကောင်းတာနဲ့ လက်ထပ်ရုံပဲပေါ့၊ ဒီလိုဆိုမှတော့ အတော် ကံကောင်းတာပဲ"

ဖေးယွမ်ရွှင်းက တွေ့တွေ့ချင်း လက်ထပ်ပွဲ အကြောင်း ထုတ်ပြောလာမယ်လို့မထင်ထတာကြောင့် ဧကရာဇ် အံ့ဩမိသွား၏။

"ယွမ်ရွှင်းကြည့်ရတာ အရမ်းပျော်နေပုံပဲ၊ နှစ်ယောက်သား အရင်ကတည်းက သိကြတာလား"

ဧကရာဇ်က မျက်လုံးတွေမှေးကျဉ်းလိုက်ပြီး တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။

ဖေးယွမ်ရွှင်းက မသိ ရိုးသားစွာဖြင့်..

"အဲ့လိုပြောလည်းရပါတယ်၊ မြို့တော် ပြန်လာ ခါစက ရှန်လျန် ဓားပြတွေနဲ့ ဒုက္ခရောက်နေတုန်း ကျွန်တော်မျိုး ကူညီ ကယ်ဆယ်ပေးလိုက်တာလေ၊ သူ့ကိုစတွေ့တွေ့ချင်း တစ်ခြား ‌'ကော'တွေနဲ့ ခြားနားမှန်း သတိထားမိလိုက်တယ်၊ သူကရဲရင့်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့သူမျိုး...၊ နောက်တစ်ကြိမ် ပွဲတော်မှာ ပြန်ဆုံတော့ သူ့ကို ပိုပြီး သဘောကျမိသွားတယ်၊ ဦးရီးတော်လည်း ဒေါ်လေးရဲ့ ပွဲတုန်းက ဖြစ်ပျက်တာတွေကို သတင်းကြားမိမှာပဲ၊ သူအနိုင်ကျင့်ခံရတော့လေ ကျွန်တော်မျိုး ချက်ချင်းကို ကာကွယ်ပေးချင်ခဲ့တာ ...အဲ့ဒီနောက်ပိုင်း သူ ကျွန်တော်မျိုးကို ငြင်းခဲ့ပါတယ်၊ ဒါကြောင့်လည်း ဦးရီးတော်က တစ်ဆင့် လက်ထပ်ခွင့်အမိန့်ရဖို့ နန်းတော် အခစားဝင်ပြီး တောင်းဆိုချင်တဲ့ စိတ်က အရင်ကတည်းက ရှိခဲ့တာပါ"

အကြောင်းစုံပြန်ပြောင်းပြောပြနေစဉ် ဖေးယွမ်ရွှင်းမှာ အနည်းငယ် ရှက်‌နေပုံပေါ်သော်လည်း သူတစ်ကယ် ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောသွားခဲ့သည်။ ယခုလက်ထပ်ပွဲအား အတိုင်းထက်အလွန် စိတ်တိုင်းကျပါကြောင်း ရှင်းပြသွားသည်။

ရှန်လျန် က 'ကော' တစ်ယောက်ဖြစ်လို့ သူ့ဘက်က အရင် တော်ဝင်အမိန့်ကို ချိုးဖျက်စေ ခြင်းငှာ မဖြစ်နိုင်ပေ။ထို့ကြောင့် မူလက ဧကရာဇ်သည် ယခုလက်ထပ်ပွဲအား ကျေနပ်မှု မရှိပါက တော်ဝင်အမိန့်ကို ပြန်ရုတ်သိမ်းပေးနိုင်ပါကြောင်း ဖေးယွမ်ရွှင်းအား ပြောချင်ခဲ့ပြီး ဒီနည်းလမ်းနဲ့ အခက်အခဲကို ဖြေရှင်းချင်ခဲ့သည်။

"မင်းသဘောကျရင် ကောင်းတာပေါ့၊ ကိုယ်တော် ကြားတာ ရှန်လျန်က မင်းကို အသက်ကယ်တင်ပေးလိုက်တာဆို"

ဧကရာဇ်က စကားလမ်းကြောင်း ပြောင်းလိုက်လေတယ်။

"မှန်လှပါ၊ လျန်လျန်က တစ်ကယ်ကိုရဲတင်းတယ်၊ ရှေ့တန်း မှာ စစ်သည်တို့ကို အရေးပေါ် ကုသပေးတဲ့နည်းနဲ့ သူက ကျွန်တော်မျိုးကို ကုသပေးသွားတာပါ၊ဒါပေမယ့် သူက ဘာထံုဆေးမှ မသုံးပေးတော့ ကျွန်တော်မျိုး နာလွန်းလို့ နိုးလာခဲ့တာပါ"

ဖေးယွမ်ရွှင်းက ရှက်ရယ် ရယ်နေသည်။ ဒီအသက်အရွယ်မှာ သတိမေ့နေဆဲအခြေအနေနဲ့ရှိနေတာကို ဒဏ်ရာက နာလွန်းလို့ဆိုပြီး သတိပြန်လည်လာရတာဟာ ရှက်စရာကောင်းတယ်လို့ ထင်၏။

"အဲ့လိုဖြစ်ခဲ့တာလား.. ဒါဆိုဝူသမားတော် ..မနေ့က သူ့ဒဏ်ရာ အခြေအနေကို စစ်ဆေးတုန်းက ဘာလို့မကုနိုင်ခဲ့တာလဲ?

ဧကရာဇ်က ခေါင်းလှည့်ကာ မရှင်းမလင်း မေးလာ၏။

ဘေးမှာ ရပ်‌နေတဲ့ ဝူချီက ချွေးစေးပြန်ကာ အသံ တုန်တုန်ရီရီဖြင့်..

"အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ၊ ခွဲစိတ် ကုသနည်းက ဝေမိသားစု ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ပညာဖြစ်ပြီး၊ စစ်သေနာပတိချုပ်ရဲ့ ဇနီးဖြစ်သူ ကျန်းဟိုင်ကြောင့် ပေါ်ပေါက်လာခဲ့တာပါ၊

ပုံမှန်ဆို စစ်ပွဲမှာ ပြင်းထန်တဲ့ ဒဏ်ရာရမှ ခွဲစိတ်တာပါ၊ တော်ရုံ ဒဏ်ရာ သေးသေးလေးက ခွဲစိတ်ခဲပါတယ်၊ ကျွန်ုပ်လည်း ခွဲစိတ်ပညာကို ကြိမ်ဖန်များစွာ လေ့ကျင့်ထားပြီး လက်တစ်ဖက်တည်းနဲ့ တောင် အသုံးပြုနိုင်ပါတယ်၊ဒါပေမယ့် ချင်ဖင်းမြို့စားက နဂိုထဲက ဒဏ်ရာကြောင့် သွေးထွက်လွန်ထားပြီးပါပြီ... ကျွန်တော်မျိုး ထင်တာတော့ ရှန်သခင်လေးက ထက်မြက်လွန်းတော့ အတော်လေး အားထုတ်ကြိုးပမ်းပြီး ကုသပေးနိုင်ခဲ့တာများလား"

"အဲ့လိုဖြစ်ခဲ့တာလား ယွမ်ရွှင်း"

ရှန်လျန်ကပဲ ဆေးပညာ ထူးချွန်လွန်းတာလား? ဒါမှမဟုတ် ဖေးယွမ်ရွှင်းရဲ့ ဒဏ်ရာကပဲ အစကတည်းက ‌ကောင်းနေတာလား ဆိုတာ ဧကရာဇ်အမှန်တစ်ကယ် သိချင်မိသည်။

"ဝူသမားတော်က ကျွန်တော့် ဝမ်ဖေးရဲ့ ဆေးပညာကို မေးခွန်းထုတ်ချင်တာလား"

အားနည်းနေသေးသည့် ဖေးယွမ်ရွှင်းက ရုတ်ချည်းပင် ဝူသမားတော်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ ဘေးဘက်မှ ဧကရာဇ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပေ။ ‌မြို့တော်မှာ နာမည် တစ်လုံးနဲ့ ကျော်စောတဲ့ ဖေးယွမ်ရွှင်းဆိုတာ အချည်းနှီး မဟုတ်ပေ။ ဧကရာဇ်အား လစ်လျူရှုသည်မှာ ဒါပထမဆုံးအကြိမ် မဟုတ်ရာ ရိုင်းပျသည်ဟု မည်သူမှ မမြင်ကြသည့်အပြင် မတိုင်ခင်က အချစ်ကြောင့် သူ၏ရှက်ရွံ့နေမှုက အလုံးစုံ အပြစ်ဖုံးပေးသွားသည်။

"ကျုပ် မလုပ်ဝံ့ပါဘူး ဒါပေမယ့်..."

ကျိုးကြောင်း မဆီလျော်တဲ့ မြို့စားမင်းပါလား!

သူ့ရဲ့ အရည်အချင်းက ဆယ့်ငါးနှစ် အရွယ် ရှန်လျန်လောက်မှ မကျွမ်းကျင်ရင် အနာဂါတ်မှာ တော်ဝင်မိသားစုရဲ့ သမားတော် အဖြစ် လုပ်ကိုင်ခွင့်တောင် ရနိုင်တော့မည် မဟုတ်ရာ ဝူသမားတော်မှာ နေရကျဥ်းကြပ်စွာနဲ့ စိတ်ထဲ မကျေမနပ် ငြီးငြူမိသော်လည်း အပေါ်ယံမှာတော့ သည်းခံကာ ဆန့်ကျင် မပြောဝံ့ပေ။

"ဒါပေမယ့် ဘာဖြစ်လဲ?ခင်ဗျားကုပေးနိုင်ရင် အစကတည်းက ကုပေးလေ၊ သမားတော်ကျိုးကျွန်တော့်ဝမ်ဖေး ရဲ့ဆေးပညာ ဘယ်လောက် ကျွမ်းကျင်လဲ ဆိုတာ လာရှင်းပြပေးလှည့်ဦး"

သမားတော်ကို ရှေ့ထုတ်ပြီး ရှင်းပြရန် အမိန့်ပေးလိုက်ခြင်းဟာ ရှန်လျန်ရဲ့ ဆေးပညာ အရည်အချင်းကို လူသိရှင်ကြားဖော်ပြပြီး အနာဂါတ်မှာ မည်သူမှ လာမနှောင့်ယှက်နိုင်ရန် ကာကွယ်ချင်၍ ဖြစ်၏။

"ဒါက...."

သမားတော်ဝူချီက ဆေးညွှန်းကိုဖတ်ပြီး ထိတ်လန့်အံ့ဩလွန်း၍ မယုံကြည်နိုင်ဖြစ်သွားရသည်။

ဧကရာဇ်က စိတ်မရှည်စွာနှင့်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

လောကကြီးထဲ ဒီလောက်ထိ တိုက်ဆိုင်တာရှိတယ်တဲ့လား? လက်ထပ်ခွင့် ပေးလိုက်ပြီး နောက်တစ်ရက်ပဲ ဖေးယွမ်ရွှင်းက နေပြန်ကောင်းသွားတယ်တဲ့၊ ဘယ်လိုပဲတွေးတွေး တစ်ခုခု မှားယွင်းေန တယ်လို့ ခံစားမိနေဆဲပဲ။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဆေးညွှန်းက ကျွန်တော်မျိုး မြင်ဖူးသမျှ ထဲ အကောင်းဆုံးဆေးညွှန်းပါ၊ ဆေးအာနိသင်တစ်ခုချင်းစီတိုင်းက ဆက်စပ်ပြီး အစွမ်းထက်လှပါတယ်၊ ဆေးပစ္စည်းက အလွန် တန်ဖိုးကြီးပြီး လူတိုင်း မမှီဝဲနိုင်ပါဘူး"

ဝူချီမှာ ဆန္ဒ မပါသော်လည်း ရှန်လျန်၏ ဆေးညွှန်းက အလွန်ကောင်းမွန်ကောင်း ဝန်ခံလိုက်ရသည်။ ကောင်လေးရဲ့ ‌‌ေဆးပညာက တစ်ကယ်ပဲ ကျွမ်းကျင်ပုံပဲ၊ သူ့ထက် ပိုတော်တယ် ထင်ပါရဲ့။

"ကျိန်းသေတယ်နော်?"

ဧကရာဇ်က ကိုယ့်ကိုကိုယ် အတော်လေး ထိန်းချုပ်ထားရ၏။ တိုက်ဆိုင်တယ် ဆိုရင်လည်း ထိုတိုက်ဆိုင်မှုဖြစ်အောင် သူကိုယ်တိုင်ပဲ မဆင်မခြင် အမှား လုပ်ခဲ့မိတာပင်။ ပါးစပ်ဟနေမိစဉ် ယင်ကောင် ဝင်သွားသည့် ခံစားချက်မျိုးဖြစ်၏။

"ကျိန်းသေပါတယ် မင်းကြီး၊ ရှန်သခင်လေးရဲ့ ဆေးပညာက ထိပ်တန်းပါပဲ၊ ကျွန်တော်မျိုး မယှဉ်နိုင်ပါဘူး"

တော်ဝင်သမားတော်တွေက တော်ဝင်မျိုးနွယ်နဲ့ အနေနီးပြီး သမားတော်ချုပ်ဖြစ်တဲ့ ဝူချီဆိုလျှင် ဧကရာဇ်နှင့် အနေ နီးကပ်ဆုံးပင်။ သို့ကြောင့် ဧကရာဇ်၏ခံစားချက်၊ အတွေးကို အရိပ်အချည် မကြည့်တတ်ပါဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အမှန်တရားက ထုတ်ပြောရမှာပင်။ ဖေးယွမ်ရွှင်းက မလိမ့်တပတ်သွားလုပ်လို့ရသည့် သူမျိုး မဟုတ်ရာ မဟုတ်ကဟုတ်က လျှောက်ပြောလိုက်မည့်အစား သမားတော်ချုပ် ဂုဏ်သိက္ခာပဲ အကျခံလိုက်တော့မည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်! ဟဟားဟား!"

ဧကရာဇ်က ခေါင်းမော့ကာ ဒေါသတကြီးအားရပါးရ ရယ်လိုက်ကာ အံကြိတ်ထား၍ တင်းနေသည့် မျက်နှာထားကို ဖုံးကွယ်လိုက်သည်။

"ကြည့်ရတာ ကိုယ်တော်က ယွမ်ရွှင်းကို ကောင်းသောလက်ထပ်ခြင်း ကျင်းပခွင့် ပေးနိုင်ခဲ့တယ် ထင်တယ်"

ဧကရာဇ်မှာ ဖေးယွမ်ရွှင်းနဲ့ ရှန်လျန် နှစ်ယောက်လုံးကို သတ်ပစ်ချင်လောက်အောင် မုန်းတီးမိသည်။

"ယွမ်ရွှင်း ဦရီးတော်ကို ကျေးဇူးတင်ပါတယ်!"

ဧကရာဇ်၏ မူမမှန်မှုကို သတိမထားမိသည့်အလား သွားပေါ်သည်အထိ ရွှင်ပြုံးနေသည်။ ထိုသို့ ကျေနပ်နေသည့် မျက်နှာက ဧကရာဇ်အတွက်မူ စိတ်အနှောင့်ယှက် ကြီးစွာ ပေး၏။

အခြေအနေပေးပါက လုပ်ကြံသူလွှတ်ပြီး ဖေးယွမ်ရွှင်းရဲ့ အသက်ကို ချက်ချင်း နှုတ်ခိုင်းလိုက်မှာ ဖြစ်၏။ ဒီတစ်ကြိမ်တော့ စိတ်ပျက်စရာကောင်းအောင် ရှုံးနိမ့်ခဲ့ရသည်။

"စေ့စပ်ပွဲက မင်းရဲ့ ကျန်းမာရေးကြောင့် ကာယကံရှင် မပါပဲ ပစ္စည်းပစ္စယတွေပဲ ပို့လိုက်တော့ အလောတကြီး နိုင်တယ်ပြောလို့ရတယ်၊ ရှန်လျန်ဘက်က ကြည့်ရင်လည်း လက်ထပ်ဖို့က စောသေးတယ်၊ ပြီးတော့ ဧကရီရဲ့ ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားက မပြီးသေးဘူးဆိုမှတော့ လက်ထပ်ပွဲ အခမ်းအနား ကြီးကြီးကျယ်ကျယ် ကျင်းပဖို့က မသင့်တော်ဘူး၊ ဒီတော့ အချိန်ယူပြီး ရက်ကောင်းရက်မြတ် ရွေးလိုက်ဦးပေါ့"

ဧကရာဇ်က အချိန်အတော်ကြာ မှ သူ၏ပုံစံအတိုင်း စိတ်ရှည်ဟန် ထိန်းနိုင်ခဲ့သည်။ ဦးရီးတော်မှ တူတော်၏အနာဂါတ်တွင် ပြုမူနေထိုင်သင့်သည့် နည်းလမ်းကို ‌ညွှန်ကြားပေးနေပုံမှာ ပိုပြီး သဘာဝကျလာသည်။

သို့သော် ဧကရာဇ်၏ စကားနောက်ကွယ်မှ ပြောချင်သည့် ဆိုလိုရင်းကို လူတိုင်း သဘောပေါက်လိုက်မိကြ၏။ အဓိပ္ပာယ်မှာ 'မင်း မနိုင်သေးပါဘူးကွာ'ဟူ၍ ။ နှစ်ဦးသား ခုမှ စေ့စပ်ရုံရှိသေးရာ တရားဝင်အတွဲ မဖြစ်သေးချေ။

"ကျွန်တော်မျိုးလည်း လျန်လျန့်ကို မနစ်နာစေချင်ပါဘူး၊ ဦးရီးတော် စိတ်ချပါ ကျွန်တော်မျိုး ရက် သေချာရွေးလိုက်ပါ့မယ်"

ဧကရာဇ် ‌ဆိုလိုချင်သည်ကို နားမလည်ဟန်ဆောင်ကာ တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိ နာခံလိုက်သည်။

"အိမ်း...ကောင်းတယ်၊ မင်းလည်း အိမ်ထောင်ပြုတော့မယ်ဆိုတော့ ရင့်ကျက်တော့! ကိုယ်တော့်ကို ဒုက္ခတွေ ထပ်မပေးနဲ့တော့ "

အဖြေကိုကျေနပ်သွားသည့် ဧကရာဇ်က ခေါင်းငြိမ့်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ရှန်လျန့်ဆေးပညာက ကျွမ်းကျင်တယ်ဆိုပေမယ့်လည်း ကိုယ်တော် စိတ်မအေးနိုင်ဘူး၊ ဝူသမားတော် ယွမ်ရွှင်းကို စမ်းသပ်ပေးပါဦး၊ သူတစ်ကယ် နေကောင်းပြီလားဆိုတာ"

"မှန်လှပါ"

ဝူချီက သမားတော် နှစ်ဦးနဲ့ အတူ ရှေ့တိုးလာပြီး

"မြို့စားမင်း လက်ကောက်ဝတ်လေး ဆန့်တန်းပေးပါဦးခင်ဗျာ"

"ခင်ဗျား လျှောက် မလုပ်ဘူးမလား? မြန်မြန်စမ်းသပ်ပေး"

ဧကရာဇ် ယုံမည် မဟုတ်မှန်း ဖေးယွမ်ရွှင်း ကြိုသိနေခဲ့သော်လည်း ၊ကျန်းမာရေး ဆိုးရွားခဲ့သည်ကလည်း အမှန်ပဲမလို့ ကြောက်ရွံ့တုန်လှုပ်နေခြင်းမျိုးမရှိပဲ အသာတကြည် စမ်းသပ်ခံခဲ့ပြီး ဧကရာဇ်အား အဖြစ်မှန်ကို သိစေသည်။

သမားတော် သုံးဦးက အသံမထွက်ရဲပဲ အလှည့်ကျ တစ်ဦးချင်းစီ စမ်းသပ်လိုက်ကြသည်။ အချိန် ယူပြီး သေချာ စမ်းသပ်သော်လည်း မည်သည့် အမှားအယွင်းမှ ရှာ မတွေ့ရာ သမားတော် နှစ်ဦးက အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သမားတော် ဝူချီနား တီးတိုးကပ်ပြောလိုက်ကြသည်။ စစ်ဆေးခြင်းရလဒ်အား ဝူသမားတော်က ဧကရာဇ်ဆီ သတင်းပို့‌ပေ လိမ့်မည်။

ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် စိတ်မရှည်တော့သည့် ဧကရာဇ်က ဝူချီအား စိုက်ကြည့်လေပြီ။

"ဘယ်လိုလဲ အခြေအနေ"

"အရှင်မင်းကြီးကို ဖြေကြားပါတယ်၊ မြို့စားမင်းရဲ့ သွေးအားက နည်းနေဆဲပါ၊ မကြာခင်တော့ ပြန်ကောင်းမွန်လာပါလိမ့်မယ်၊ ဆေးနဲ့ အာဟာရက်ု သေချာမှီဝဲ သုံးဆောင်မယ်ဆိုရင် သုံးလအတွင်း ပြန်ကောင်း လာနိုင်ပါတယ်"

ဝူသမားတော်က တလေးတစားဉီးညွှတ်ကာ ရလဒ်ကိုကြေငြာသည်။

ဧကရာဇ်၏ မျက်နှာက ချက်ချင်း ပြောင်းလဲ လုနီးပါး ဖြစ်သွားသော်လည်း ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်နိုင်ကာ..

"ကောင်းတယ်.. ဒီလိုဆိုမှတော့ ယွမ်ရွှင်း သေချာ အနားယူလိုက်ဦး၊ ကိုယ်တော် အချိန်ရရင် ထပ်လာကြည့်ဦးမယ်"

ဒီမှာ ဆက်နေပါက ဒေါသ‌တွေ ပေါက်ကွဲထွက်လာမှာ စိုးရသည်။ ဧကရာဇ်က စကားဆုံးသည်နှင့် ထရပ်ကာ အလျင်စလို ပြန်သွားတော့သည်။

"ဧကရာဇ်ပြန်လည် ကြွချီတော်မူပြီ"

"အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်၊ သက်တော်ရာကျော်ရှည်ပါစေ"

ရန်အန်း ကုန်းကုန်း၏ ပြန်ကြားသံကြောင့် ဖေးယွမ်ရွှင်းကလွဲ၍ အခန်းထဲရှိ လူတိုင်း မြေပြင်ပေါ်ဒူးထောက်လိုက်ကြသည်။ ဧကရာဇ်က လာစဉ်အခါကလိုပင် ခပ်သွက်သွက် လာခဲ့ပြီး ပြန်‌ေျာ့လည်း ခပ်သွက်သွက်ပြန်သွား၏။ နောက်တစ်ခေါက် ထပ်မလာချင်တော့အောင် အမျက်ဒေါသထွက်သွားပုံရသည်။

2687words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment