'အကျင့်ယုတ် မိသားစုထဲက နတ်ဆိုးလေး'
"အသုံးမကျတဲ့ ကောင်မတွေ!
မျက်နှာမှာ အကုန်ပေါ်နေတာကြောင့် ရှင်းပြစရာပင်မလို။ သခင်မကြီးက ဒေါသကြောင့် မျက်နှာ မည်းပုပ်လာသည်။ လျိုရှုဟန်နဲ့ ကျောက်လန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တစ်ကိုယ်လုံးတုန်ရီကာ မေ့လဲကျသွားသည်။ ကံကောင်းထောက်မစွာ ရှန်ရွေ့ကျန်းနဲ့ ဇနီးဖြစ်သူမှ အမြန်ထောက်ပွေ့ထားလိုက်သည်။
"ဒီလိုဖြစ်လာမယ်လို့ မသိခဲ့ဘူး၊ အဲ့ဒီအချိန်က ရှောင်အာ ပြောတာ သူ့မှာ သုံးဖို့သိပ်မကျန်တော့ဘူးတဲ့၊ စာမေးပွဲကလည်းနီးနေပြီဆိုတော့ စာအုပ်တွေဝယ်ပြီး သူငယ်ချင်းတွေနဲ့ လေ့လာဖို့ထင်လို့ နှစ်ခါခွဲပြီး တစ်ကြိမ်ကို ငွေဒင်္ဂါး ၅၀၀၀ပေးခဲ့တာ၊ဒါပေမယ့် အဲ့ငွေတွေကို စာမေးပွဲကြီးကြပ်သူဆီ လာဘ်သွားထိုးမယ်လို့ သူတစ်ခါမှ မပြောခဲ့ဘူး"
လျိုရှုဟန်က ခေါင်းတယမ်းယမ်းနဲ့ တုန်လှုပ်ခြောက်ခြားပြီး မျက်ရည်တွေ စီးကျနေသည်။
သူ့သားသာ လာဘ်သွားထိုးမယ်မှန်းသိခဲ့ရင် ဘယ်လောက်တောင်းတောင်း အဲ့ငွေကို သူ ပေးမှာ မဟုတ်ဘူး၊ မိသားစုနောက်ခံတစ်ခုလုံးရှိနေတာ၊ နံပါတ်တစ် မရရင်တောင် အဆင့်20,30အတွင်းဝင်လည်း အထောက်အကူရပြီဖြစ်၏။
အနာဂါတ်မှာ မိသားစုနောက်ခံနဲ့ နန်းတွင်းမင်းမှုထမ်းနေရာ တစ်နေရာရနိုင်ရက်နဲ့ ကြီးကြပ်သူဆီ လာဘ်ထိုးစရာ ဘာလိုသေးလို့လဲ? အဆင့်သတ်မှတ်ချက်က ကြည့်ကောင်းရုံသက်သက်ပဲလေ!
"လေးလအတွင်း ငွေ တစ်သောင်းကို စာအုပ်ဝယ်ဖို့ပေးတယ် ပေါ့? လျိုရှုဟန် မင်း မစဉ်းစားတတ်ဘူးလား၊ ဘယ်ဆိုင်က စာအုပ်က အဲ့လောက် ဈေးကြီးလို့လဲ? မင်းရဲ့သားက စာသွားကျက်ပါတယ်တဲ့! သူငယ်ချင်း သုံးလေးယောက်နဲ့ အရက်သောက်ရင်း စာကျက်တာကွ! သားသမီး မကောင်းတာ မိဘ မသွန်သင်လို့ပဲ၊ ရှောင်အာ ခုလိုဖြစ်တာ မင်းအလိုလိုက်လို့!"
ဆိတ်ဆိတ်နေခြင်းက ပိုကောင်းသော်လည်း သူပြောလိုက်သည့်စကားကြောင့် လူအကုန်သိသွားကြပြီး ရှန်ရွေ့ထင်၏ဒေါသက သူ့အပေါ် အကုန်ပုံချလာ၏။
"ကျွန်မ..."
လျိုရှုဟန် ငိုယိုနေပြီး ခင်ပွန်း၏စကားကို ပြန်လည် မချေပနိုင်။ ရှန်ရွေ့ထင်က ရုတ်တရက် ကျောက်လန်ကိုကြည့်လိုက်သည်။ ကျောက်လန်မှာ အသက်ရှူ မမှန်ဖြစ်လာသည်။ ကျန်တဲ့ငွေ10000က သူ့ဆီကလာတာကိုး။
"ခဲအို.. ကျွန်မ မသိဘူး၊ ကျွန်မ တစ်ကယ် ဘာမှ မသိတာ"
သူ့အလှည့်ရောက်တော့ ကျောက်လန် အကြောက်အကန်ငြင်း၏။
"တော်ပြီ၊ ဘယ်သူ့အပြစ်ဆိုတာ ဖော်ထုတ်နေရမယ့်အချိန်မဟုတ်ဘူး၊ ဘယ်လိုကယ်ရမလဲပဲ စဉ်းစားကြ"
သခင်မကြီးက သတိပြန်လည်လာပြီး အလေးအနက်ပြောလာသည်။ ထိုအခါမှ လူတိုင်း သခင်မနှစ်ယောက်ဆီမှ အကြည့်ခွာလိုက်ကြသည်။
ရှန်ရွေ့ထင်က လျိုရှုဟန်ကို စိုက်ကြည့်ပေးလိုက်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ရှန်ရွေ့ချင်လည်း ငိုယိုနေတဲ့ ဇနီးကို လစ်လျူရှုကာ ဝင်ထိုင်သည်။ ရှန်ရွေ့ကျန်းကတော့ ဇနီးနှင့်အတူ သခင်မကြီး၏တစ်ဖက်တစ်ချက်တွင် ကူကယ်ရာမဲ့စွာ ရှိနေကြဆဲ။ သူတို့ဇနီးမောင်နှံမှာ သားမရှိတော့ ခုလိုကိစ္စမှာ ပါဝင်စရာအကြောင်းမရှိသလို ခုလို ကြားညှပ်နေရန် မသင့်ချေ။
ခြံဝင်းတစ်ခုလုံးမှာ အမူအရာ တစ်ချက်မှ မပြောင်းတဲ့ သူကတော့ ရှန်လျန်ပါပဲ၊ ရှန်ရွေ့ထင်ပြန်လာကတည်းက မိသားစုဝင်တွေနဲ့ ခပ်လှမ်းလှမ်းမှာ နေသည်။ ရှန်ရွေ့ကျန်း ကိစ္စတွေကိုပြန်ရှင်းပြနေချိန်မှာလည်း ဘာမှတ်ချက်မှ ဝင်ပေးခြင်းမရှိ၊ လျိုရှုဟန်တို့ ပြန်လည် ဖြေရှင်းသည့်အချိန်တွင်လည်း အမူအရာမပြောင်းလဲသေး၊ ပွဲ အစမှအဆုံး ရှန်လျန်က ရေနွေးကြမ်းကို အေးအေးဆေးဆေးသောက်ကာ ဒီမိသားစုက သူနှင့် မဆိုင်သည့်နှယ် ထိုင်နေခဲ့သည်။
"အမတ်ကြီး... အမတ်ကြီး ရှောင်အာကို ကယ်ပေးပါ၊ ကလေးက ခဏတာ စိတ်လွတ်သွားတာနေမှာပါ၊ ကျွန်မတောင်းပန်ပါတယ် သားလေးကို ကယ်ပေးပါ"
သတိဝင်လာတဲ့အခိုက် လျိုရှုဟန်က သူ့သိက္ခာကိုမငဲ့ပဲ ရှန်ရွေ့ထင်ရှေ့ ဒူးထောက်လိုက်သည်။ အခုချိန်မှာ သူ့အစ်ကိုက မကူညီတော့ဘူးဆိုမှတော့ ရှန်ရွေ့ထင်သာလျှင် ရှန်ရှောင်ကိုကယ်တင်နိုင်လိမ့်မည်။
"ကယ်ရမယ်? ဘယ်လိုကယ်ရမလဲ မင်းပြောကြည့်? ဧကရာဇ်ရဲ့ အမိန့်ကို မင်းမကြားဘူးလား? ငါ သူ့ဆီ သွားေတွ့လို့ေတာင်မရဘူး၊ ကယ်ဖို့မပြောနဲ့"
ရှန်ရွေ့ထင်က ရေနွေးခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်သည်။ တစ်ကယ် ဒေါသထွက်သည်။ ဧကရာဇ်က ရှင်းရှင်းလင်းလင်း သူတို့ကို ပစ်မှတ်ထားတာပဲဖြစ်သည်။
"အမတ်ကြီး သူက ရှင့်ရဲ့ သားလေ"
ကြမ်းပြင်ပေါ် အရုပ်ကျိုးပြတ် ထိုင်ချလိုက်မိ၏။ ရှန်ရွေ့ထင်မှ မကယ်ရင် သူ့သားက ဘယ်လိုအသက်ဆက်ရှင်ရတော့မလဲ?
"ခဲအို ယန်အာကိုလည်း ကယ်ပေးပါ၊ ယန်အာကသူငယ်ငယ်တည်းက ခက်ခဲတာ ဘာမှမလုပ်ဖူးခဲ့ဘူး၊ အကျဉ်းထောင်ထဲ သူ နေနိုင်မှာ မဟုတ်ဘူး၊ အဆုံးစွန်ဆုံး ကျွန်မ အပြစ်ခံယူမယ်၊ သားေလးကိုတော့ လွတ်အောင်လုပ်ပေးပါ၊ ခဲအို ကျေးဇူးပြုပြီး"
ကျောက်လန်လည်း ဒူးထောက်ကာ ရှိခိုးတောင်းပန်၏။
ပုံမှန်ဆို ယခုလို အနေအထားမျိုးက အထင်သေးစရာဖြစ်တာကြောင့် သေလောက်အောင် မုန်းေသာ်လည်း ရှန်ရွေ့ထင်သာ ရှန်ယန်ကို ကယ်နိုင်သည်ဆိုတာ ကောင်းကောင်း သဘောပေါက်ကြသည်။ ရှန်ရွေ့ချင်နဲ့ ရွေ့ကျန်းက တစ်မိသားစုတည်းဆိုပေမယ့် သူတို့ရဲ့ ရာထူးအနေအထားက အချိန်မရွေး လူစားလဲလို့ရသည့် ရာထူးဖြစ်ရာ အားကိုးမိပါက ရှန်ယန် ထိုထောင်ထဲမှာပဲသေဆုံးသွားရမှာ စိုးမိ၏။
"အရင်ထလိုက်ပါ"
သူ့ဇနီးကို စိတ်ကြိုက်ဆူပူလို့ရပေမယ့် ကျောက်လန်က သူများဇနီးဖြစ်နေရာ ရှန်ရွေ့ထင် မပျော်ရွှင်စွာ မျက်မှောင်ကြုံ့လိုက်၏။
"ဟင့်အင်း၊ ခဲအို ယန်အာကိုကယ်ပေးမယ်လို့ ကတိအရင်ပေးပါ၊ မဟုတ်ရင် ကျွန်မ မထဘူး"
ကျောက်လန်က ခေါင်းမာမာနဲ့ ကတိအရင်တောင်းဆိုသည်။
"မင်း!"
ရှန်ရွေ့ထင် ဝုန်းကနဲ ထရပ်ပြီး
"မင်းဘာမင်း ပြန်သုံးသပ်!"
ဒေါသတကြီး ပြောဆိုကာ လက်အင်္ကျီကို ခါထုတ်ပြီး ထွက်သွားသည်။ သို့သော်...
"အဲ့ဒီမှာ ရပ်နေစမ်း!"
သခင်မကြီးက အမိန့်ပေးရာ ရှန်ရွေ့ထင်က ရွေးချယ်စရာမရှိပဲ ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ စိတ်မောစွာပြောသည်။
"အမေ ၊ ဧကရာဇ်ရဲ့သဘောထားက ဘယ်လိုဆိုတာ အားလုံးလည်း သဘောပေါက်တာပဲ၊ ပြီးတော့လည်း ဒီအမှုကို မင်းသားသွမ့်က ကိုင်တွယ်တာ၊ ကျုပ်ဘယ်လို ကယ်ပေးရမှာလဲ၊ ဖမ်းခံရတာလည်း ယန်အာတစ်ယောက်ထဲ မဟုတ်ဘူးလေ၊ ကျုပ်ရဲ့သားလည်း ဖမ်းခံထားရတာ၊ ကျုပ်မစိုးရိမ်ပဲနေပါ့မလား?အရင်ဆုံး ဘာလုပ်သင့်လဲ စဉ်းစားခွင့်ပေးပါဦး၊ နည်းလမ်းသေချာတွေးပြီးမှ ကယ်လဲ နောက်မကျသေးဘူး"
တစ်ကယ်တမ်း သူထုတ်ပြောချင်တာက သူ့အဆင့်က ဝန်မင်း၊ အားလုံးတွေးထားသလိုအစွမ်းတွေ ရှိတာမဟုတ်ဘူး၊ ဧကရာဇ်က အမျက်တော်ရှသွားပြီး သူ့ရာထူးကို ရုတ်သိမ်းလိုက်ရင် သွားပြီ၊ ဧကရာဇ်ရဲ့ နှုတ်တော်က စကားတစ်ခွန်းထဲနဲ့ အားလုံး ပျက်စီးသွားနိုင်တယ်၊သူ့စိတ်နဲ့သာဆိုရင် ကလေးတွေကို တစ်ရက်၊ နှစ်ရက်လောက် အထဲမှာနေခိုင်းလိုက်မှ နောက်ကို သင်ခန်းစာယူနိုင်ပြီး အမှားတွေ ၊ပြစ်မှုတွေထပ်မကျူးလွန်ရဲတော့မှာ။
"စဉ်းစားတယ် ၊စဥ်းစားတယ် စဉ်းစား တယ်၊ မင်းဘယ်လောက်ကြာအောင် စဉ်းစားနေဦးမှာလဲ? မင်းက အိမ်မှာ စားလိုက်၊သောက်လိုက်၊အိပ်လိုက် လုပ်နေချိန် မင်းရဲ့သားနဲ့ တူလေးက ထောင်ထဲမှာ ရှိနေမှာလေ၊ ပြီးတော့ ထောင်ထဲမှာက မကောင်းတဲ့ကောင်တွေပြည့်နေတာ၊ တွေးမထားတာတွေ ဖြစ်မလာနိုင်ဘူးလို့ပြောလို့ရလား?သူတို့တွေ ကြောက်လန့်နေကြမှာကိုတွေးမိတော့ ဒီအမေအိုကြီးရဲ့ရင်တွေနာကျင်ရတယ်၊သားကြီး..ကိစ္စတွေကို ဒီတိုင်း လစ်လျူမရှုလိုက်ပါနဲ့လား"
သခင်မကြီးရဲ့ စကားတွေက စစချင်းမှာ ပြင်းထန်ပြီး အဆုံးမှာ တဖြည်းဖြည်း လေသံကပျော့လာကာ မျက်ရည်ကျ၏။
"ယန်အာနဲ့ ရှောင်အာကို ထောင်ထဲမှာ ဆက်ထားရင် ကြောက်စရာကောင်းတဲ့ တစ်ခုခု သူတို့ကြုံရနိုင်တယ်၊ နှိပ်စက်ခံရရင်ရော? ကလေးနှစ်ယောက်ကို ညီတို့က ကောင်းကောင်းလေး ပျိုးထောင်လာတာ နှိပ်စက်ခံရတဲ့ဒုက္ခမျိုး သူတို့ခံစားနိုင်မှာ မဟုတ်ဘူး"
ရှန်ရွေ့ချင်လည်း ဝိုင်းဝန်းနားချလာ၏။ ယောင်္ကျားတန်မဲ့ မျက်ရည်ကျလာသဖြင့် သုတ်သုတ်ပစ်ရသေး၏။
ရှန်ရွေ့ကျန်းက အခြေအနေကို ဝင်ထိန်းသည့်အနေဖြင့် ..
"အမေနဲ့ အစ်ကိုနှစ်ပြောတာ ဆီလျော်တယ်၊ အစ်ကိုကြီး ကျွန်တော်ခုေပြာမယ့်စကားကို ဗွေမယူပါနဲ့၊ မင်းသားသွမ့်က ကျုပ်တို့ကိုပစ်မှတ်ထားနေတဲ့အကြောင်းရင်းက မရီးနဲ့ သူ့အစ်ကိုကြောင့်မဟုတ်လား? သူတို့သာ အကျိုးမြတ်ရဖို့ သွမ့်သခင်လေးကို ပြန်ပေးမဆွဲခဲ့ရင် ကျုပ်တို့ ခုလို အဆုံးသတ်ရပါ့မလား၊ ဧကရာဇ်က ကျုပ်တို့သွားတဲ့ နှစ်နာရီအတွင်း သတင်းသိပြီး အမိန့်ထုတ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"
ထိုသို့ပြောတော့ လူတိုင်းရဲ့ အကြည့်က လျိုရှုဟန်ဆီရောက်သွားပြန်သည်။အစအဆုံးပွဲကြည့်နေတဲ့ ရှန်လျန်က ရယ်ချင်လာသည်။ဘယ်သူမှ ရှန်ယန့်ကိုအပြစ်မပြောကြပဲ သူ့အပြစ်၊ ကိုယ့်အပြစ်ဖို့နေကြ၏။
ရှန်ယန်ဘာအမှားမှ မလုပ်ထားဘူးလို့ ရှန်လျန်ကတော့ မယုံပါ၊ ကံကောင်းချင်တော့ ရှန်ရှောင်နဲ့ ရှန်ယန်ရဲ့ကံကြမ္မာက တွဲစပ်နေတော့ ရှန်ယန်ရဲ့ အပြစ်က သိပ်မပေါ်လွင်နေ။ ကြည့်ရတာ ပွဲကြီးပွဲကောင်း ကျန်သေးတာပဲ။
"ညီသုံး၊ စကားပြောဆင်ခြင်ပါ၊ သွမ့်သခင်လေး ပြန်ပေးဆွဲခံရတဲ့ အမှုက မပြီးပြတ်သေးဘူး၊ မင်းသမီးကြီးနဲ့ တရားစီရင်ရေးဌာနကို တစ်ယောက်ယောက်က လှည့်စားလိုက်လို့ လျိုဝမ်ကျင်းဖြုတ်ခံရတာ၊ အခု မင်းကပါမိသားစုကို စွပ်စွဲနေတာ ၊သူများကြားသွားရင် ငါတို့ဒီကိစ္စကို တစ်ကယ်လုပ်တယ်လို့ ထင်သွားလိမ့်မယ်၊ အဲ့လိုဆိုရင် ရှောင်အာနဲ့ ယန်အာက တစ်သက်လုံးဖမ်းခံထားရတော့မယ်"
စကားတစ်ခွန်းကြောင့် တစ်မိသားစုလုံး ဒုက္ခရောက်ပြီး ရှန်မျိုးဆက်တွေပါ မြန်မြန် သေသွားနိုင်၏။
"......."
ရှန်ရွေ့ထင်ရဲ့ သတိပေးမှုက ရွေ့ကျန်းကို ပါးစပ်ပိတ်သွားစေသည်။ လုယန်က တစ်ခုခုဝင်ပြောရန်ပြင်စဉ် တစ်ချိန်လုံးတိတ်နေတဲ့ သမီးဖြစ်သူ ရှန်ကျင်းက တိတ်တိတ်လေး ဆွဲတား၏။ အမေ့ကို ပြဿနာကြားဝင်မပါရန် အချက်ပြလိုက်သည်။ မိသားစု၏သေခြင်း၊ရှင်ခြင်းကို သူလည်း စိုးရိမ်ပါ၏။ သို့သော် သူမ အိမ်ထောင်မကျသေးခင်ထိ သူ့ မိသားစု၏နာမည် ဂုဏ်သတင်း ပျက်စီးသွား၍မဖြစ်ချေ။
"အဲ့တာ နင့်ကြောင့်!"
လျိုရှုဟန်က ရုတ်တရက် ထလာကာ ရှန်လျန့်ကို ကျိန်ဆဲသည်။
"နင် မင်းသမီးကြီးကို တစ်ခုခုသွားပြောလိုက်တာ မလား၊ အဲ့တာကြောင့် ငါ့အစ်ကိုက နောက်တစ်ရက်မှာ ချက်ချင်း အလုပ်ဖြုတ်ခံရတာလေ၊ အခု ရှောင်အာနဲ့ ရှန်ယန် ပစ်မှတ်ထားခံရတာလည်း နင့်ကြောင့်ပဲဖြစ်မှာ၊ ရှန်လျန် နင်က တစ်ကယ် နတ်ဆိုးပဲ၊ နင်အိမ်ပြန်လာကတည်းက ငါတို့တုံးလင်အိမ်တော်က တစ်ရက်လေးမှ မအေးချမ်းဘူး၊ အိမ်ကို ရိုးရိုး မပြန်လာဘူး၊ နိုင်ငံ့ကပ်ဆိုးကြီးတောင် နင်ကသယ်လာသေးတယ်၊ တုံးလင်မိသားစုကို ကံဆိုးအောင် နင်လုပ်တာ၊ တရားခံက နင်!"
ကံဆိုးစေတဲ့ နတ်ဆိုး!
လျိုရှုဟန်က ရှင်းရှင်းလင်းလင်း ထုတ်မပြောပေမယ့် အားလုံးရဲ့ စိတ်ထဲ ဒီစကားလုံးက ထွက်ပေါ်လာသည်။ သေချာပြန်တွေးကြည့်လိုက်တော့ ဟုတ်၏။ ရှန်လျန်ပြန်ရောက်လာကတည်းက သူတို့ရဲ့ သားသမီးတွေ နာမည်ပျက်စာရင်းထဲ ဝင်သွားကြပြီး ရှန်လျန်နဲ့ ရှန်တာ့ရဲ့သတင်းက ပိုပိုကျော်စောလာတယ်၊
ပထမဆုံး ရေထဲ တွန်းချဖို့လုပ်တဲ့ ရှန်ချောင်က လူကြားထဲ အရှက်ကွဲတယ်၊ အခု ရှန်ရှောင်နဲ့ ရှန်ယန်က အကျဉ်းချခံထားရတယ် ၊ အပြစ်ဆက်ရှာနေမယ့်အစား ကံဆိုးစေတဲ့နတ်ဆိုးကိုပဲ အပြစ်ဖို့လိုက်ကြတာပေါ့။
လျိုရှုဟန်ရဲ့ မြားဦးက သူ့ဘက်လှည့်လာမှ ရှန်လျန် ခေါင်းမော့လိုက်ကာ သူမကို လှောင်ရယ်ချင်သည့် အကြည့်ဖြင့် ကြည့်၏။ လျိုရှုဟန်က ယောပ်ယက်ခတ်နေပြီး သေချာ အစီစဉ်တကျ မတွေးနိုင်တော့ပဲ ရှန်ယန်ကိုကျော်ပြီး သူ့ကိုပြဿနာထဲဆွဲသွင်း၏။ ဘာလဲ? သူက အားလုံးက်ို ဝင်ဖြေရှင်းပေးရမှာလား? အိပ်မက်မက်တတ်လိုက်တာ!
"နင်..."
ဒီလို ပြောလာမယ်မှန်း ကြိုသိနေသလိုပဲ သူ့ပုံစံက ဆယ်ကျော်သက်နှင့်မတူစွာ တည်ငြိမ်လွန်းနေသည်။ ရှန်လျန့်အကြည့်က ဖောက်ထွင်းမြင်နေသလို မို့ လျိုရှုဟန် နေရခက်သွားသည်။ တစ်ခုခုပြောရန်ပြင်လိုက်စဉ် ရှန်လျန်က အကြည့်ရွေ့သွားရာ ဘာမှ မပြောမိရန် စကားတွေကို တန့်လိုက်ပြီး လျိုရှုဟန် ဗိုက်ထဲမျိုချလိုက်ရသည်။
ရှန်လျန်က လူတစ်ဦးစီတိုင်းကို ဝေ့ကြည့်လိုက်ပြီး ရှန်ရွေ့ထင်ဆီအရောက်တွင် ရင်ထဲမှ ဆို့နင့်ပြီးကြေကွဲရ၏။ သို့ရာတွင် မျက်ဝန်းထဲမှာတော့ ထေ့ငေါ့လှောင်ရယ်ချင်သည့် အရိပ်ကအပြည့်!သူ့ကိုနတ်ဆိုးဇာတ်သွင်းမှတော့ နေရာဝင်ယူလိုက်ရုံပေါ့၊ ကောင်းတယ်၊ ခုလိုလုပ်မှ သူ့စိတ်ဓာတ်ပိုမာလာမှာ ။
"သခင်လေး"
ရှန်လျန်နဲ့ မိသားစုအခြေအနေကြား တင်းမာနေစဉ် လေ့ကျန်း ရုတ်တရက်ရောက်ချလာပြီး လူတိုင်းကိုလစ်လျူရှုကာ အကျဉ်းထောင်ထဲက အကြောင်းကို ရှန်လျန့်နားထဲ တီးတိုးအစီရင်ခံသည်။ လှပ နူးညံ့သည့် မျက်နှာပေါ်ဝယ် အပြုံးပန်းလှလှလေး ပွင့်ဖူးလာ၏။ တစ်ကယ်ပဲ၊ သွမ့်မင်းသားက မျှော်လင့်ထားတဲ့ အတိုင်း စိတ်မပျက်စေဘူး၊ လှလှလေး အဆုံးသတ်သွားတာပဲ! မောက်မာပြီး ကြွစောင်းစောင်းနိုင်တဲ့ ရှန်ရှောင်နဲ့ ရှန်ယန်အတွက် တွင်းသေချာ တူးပေးခဲ့ကာ ယခုတော့ ထိုနှစ်ယောက် ရှေ့ဆက်အသက်ရှင်ရန်ပင် ခက်ခဲတော့မည်ကို စိုးရိမ်မိပါရဲ့လေ..ဘာမှကို လိုက်စရာ မလိုလိုက်ပဲ အဆင်ပြေသွားတယ်။
ထိုသို့တွေးမိပြီး အိမ်ထဲက လူတိုင်းကို ဝေ့ကြည့်လိုက်ပြန်သည်။ ဟိုကောင်တွေ တစ်သက်လုံး မိန်းမကြီးတွေလို ပျော်ပျော်ရွှင်ရွှင် နေနေရတော့မှာကို သိသွားရင် ရှန်လျန့်ကို ဘယ်လောက် ဒေါသထွက်ကြမည် မသိ၊ ဒေါသထွက်ပြီး အချင်းချင်း ထသတ်ကြလို့ တစ်ယောက်လောက်သေသွားလည်း မြေကြီးသက်သာတာပေါ့ မဟုတ်ဘူးလား ။
2531 words
Grape 🍇