'ရှန်တာ့အား တူတူကယ်တင်'
"လျန်လျန် ..."
ချစ်ရသူကိုကြည့်ရသည်မှာ ဖေးယွမ်ရွှင်း၏ရင်ကို ဓားနဲ့ ခွဲနေသလိုပင်။ ချက်ချင်း ရှေ့တိုးပြီး ပွေ့ကာ ကုတင်ပေါ်တင်ပေးလိုက်သည်။
"ကော... ကော... ရတယ်ရတယ် ကျွန်တော်အဆင်ပြေတယ်၊ ယွမ်... ကော ကိုကြည့်ပါဦး..ကောရေ.."
ယခုအချိန်၌ ရှန်လျန် ဘာကိုမှ ဂရုမစိုက်အားတော့ပါ၊ အိပ်ရာပေါ်မှာ ဘေးကပ်ထိုင်လိုက်တာနဲ့ ရှန်တာ့ကိုဖက်ကာ ဝမ်းပန်းတနည်း အော်ငိုတော့သည်။
အခွန်းတိုင်းက ဖေးယွမ်ရွှင်းကို နာကျင်စေသည်။ ရှန်တာ့ကို ချစ်မှန်း သိပေမယ့် ဒီလောက်ထိ အရေးပါတဲ့သူဖြစ်နေမယ်လို့မထင်ထားမိတာတော့ အမှန်။ ကံကောင်းလို့ ရှန်တာ့ကအသက်ရှင်နေသေးသည်။ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်... ဖေးယွမ်ရွှင်း အမြန်ခေါင်းခါယမ်းလိုက်သည်။ ဖြစ်သွားဖို့မပြောနှင့် စဉ်းတောင်မစဉ်းစားရဲချေ။
"ကော... ထပါဦး"
ရှန်လျန် ပြန်လည် ရှင်သန်လာကတည်းက ရှန်တာ့သေဆုံးရခြင်းအတွက် လက်စားချေရန်သာ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်သူ့ရဲ့အနက်ရှိုင်းဆုံး နာကျင်မှုက ရှန်တာ့နှင့်ဝေမိသားစု သေဆုံးခြင်းပဲဖြစ်၏။ အချိန်တိုင်း ရှန်တာ့ကို မကာကွယ်လိုက်နိုင်မယ့်ကိစ္စကို စိုးထိတ်နေခဲ့ရပြီး ၊အနားမှာ ဖေးယွမ်ရွှင်း၊ရှန်ယိုနဲ့ တခြားသူတွေကြောင့် စိတ်သက်သာရာရခဲ့ပေမယ့် အရင်ဘဝရဲ့ စိတ်ဒဏ်ရာတွေက ယခုထိ ဆက်လက် လိုက်ပါလာဆဲပင်။
ကိုယ့်ကိုကိုယ် ရှန်တာ့နဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိမခံ ဖြစ်မှန်း သတိထားမိပေမယ့် အစ်ကိုက အဆိပ်မိပြီး အိပ်ရာပေါ်မှာ သေလူလို သတိလစ်မေ့မျောနေတဲ့အခါ ရှန်လျန့်ရင်ထဲက အကြောက်တရားက အမြင့်ဆုံးထိုးတက်သွားခဲ့သည်။ သူ့စိတ်က လုံးဝ ပြိုလဲကျသွားခဲ့သည်။
"စိတ်အေးအေးထား၊ လျန်လျန် စိတ်လျော့ပါဦး"
ဟော်ရဲ့လင်လည်း စိတ်ထဲမကောင်းသဖြင့် လာရောက်ကာ နှစ်သိမ့်ပေးသည်။ တစ်ချိန်တည်းမှာပဲ ဖေးယွမ်ရွှင်းကို စူးစူးရဲရဲ ကြည့်ကာ တိုက်တွန်းလိုက်သည်။ ဖေးယွမ်ရွှင်းက ခေါင်းယမ်းပြီး..
"သူ့စိတ်ထဲရှိတာ ဖွင့်ထုတ်ပါစေ"
ရှန်တာ့ရဲ့သတင်းကြားကတည်းက ရှန်လျန်ဟာ တစ်ချိန်လုံးစိတ်ဖိစီးနေခဲ့၏။ တစ်ခြားသူတွေ သူ့အတွက် စိုးရိမ်နေရမှာစိုးပြီး ကိုယ့်ကိုကိုယ် မပြုံးချင်ပြုံးချင် ဟန်ဆောင်နေမှန်း သူသိသည်။ ခရီးလမ်းတစ်လျှောက်လည်း ဖေးယွမ်ရွှင်းက အနီးကပ်ရှိနေတာမှန်ပေမယ့် အချိန်အခါမသင့်တာကြောင့် စိတ်ထဲရှိတာ ထုတ်ပြောခွင့်ရရန် အခွင့်မသာချေ။
ရှန်လျန်က တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရပြီး ရင်ထဲ အကုန်သိမ်းကြုံးစုထားသည်ဖြစ်ရာ ပေါက်ကွဲငိုယိုပြီး ဖွင့်ထုတ်မှ စိတ်ရောကိုယ်ပါ အဆင်ပြေသွားမှာ ဖြစ်သည်။
"ဘယ်လိုလုပ် ရောက်လာတာလဲ"
အချိန်ကိုတွက်ဆကြည့်ရင် မြို့တော်ကနေ ဒီထိ တစ်ရက်နှစ်ရက်အတွင်း မရောက်လာနိုင်ပါ၊ ဟော်ရဲ့လင်က ရှန်လျန့်ကို နှစ်သိမ့်ပေးရန်ကိစ္စ အရှုံးပေးလိုက်ပြီး ဆရာတူညီအား မေး၏။ မြို့တော်ကနေ နေ့ရောညရော အနားမယူပဲ ခရီးဆက်လာရင်တောင် မိုင်ထောင်ချီဝေးတဲ့ နယ်စပ်ဆီ နှစ်ရက်ထဲ ဘယ်လိုမှ ရောက်လာစရာအေကြာင်းမရှိ။
"လွန်ခဲ့တဲ့ ငါးရက်တုန်းက ရှန်တာ့ အဆိပ်မိတယ်လို့ သတင်းရတယ်၊ အဲ့ဒီနေ့ ချက်ချင်းပဲ ကျွန်တော်တို့ ခရီးထွက်လာတာ"
တင်းအန်းမြို့ကိုရောက်ရောက်ချင်း စစ်သည်သတင်းသွားပို့တဲ့အချိန်ထိ ရှန်လျန်ခမျာ ထိုင်မစောင့်နိုင်။ မြင်းကျောပေါ်က ဆင်းပြီး ဖေးယွမ်ရွှင်းကိုခေါ်ကာ ဗိုလ်ချုပ်အိမ်တော်ဆီ တိုက်ရိုက်လာလိုက်တာဖြစ်၏။
ထျန်းရှု၊ ထျန်းရွှမ်၊ဟိုင်ရန်၊လေ့ကျန်းနဲ့ ကျန်းဟိုင်တို့အပါအဝင် အခြားသူတွေပဲ မြို့ပြင်တံခါးမှာ စစ်ဆေးမေးမြန်းရန် ကျန်နေခဲ့ကြသဖြင့် ရောက်လာရန် အနည်းငယ် နှောင့်နှေးနေလိမ့်မည်။
"ရှေ့ငါးရက်ကလား?"
ရှန်တာ့ အဆိပ်မိတာ ရှစ်ရက်ရှိပြီဆိုပေမယ့် ဒါက လျို့ဝှက်သတင်းလေ .. ဘယ်လိုလုပ် သုံးရက်အတွင်းပေါက်ကြားသွားတာလဲ?
ဟော်ရဲ့လင် မျက်စိလည်နေသဖြင့် ဖေးယွမ်ရွှင်းက သေချာရှင်းပြသည်။
"လျန်လျန်ရဲ့လူတွေက သတင်းအချိတ်အဆက်မြန်တယ်၊ ကျွန်တော်တို့ထက် နှစ်ဆ"
"အဲ့လောက်တောင်လား"
ရှန်တာ့ပြောတော့ အဲ့လိုမဟုတ်... ဟော်ရဲ့လင် ပိုပိုပြီး ရှုပ်ထွေးလာသည်။ထိုအချိန်တွင် လေ့ကျန်းနဲ့ ကျန်းဟိုင်တို့ ရောက်လာပြီး...
"ဟော်စစ်သူကြီး... ကျွန်တော်တို့တစ်ခုလောက်မေးချင်လို့ပါ၊ဗ်ုလ်ချုပ်ရှန်နဲ့ အတူ ဒဏ်ရာရသွားတဲ့ ရှောင်ယွီ... အသက်ရှင်နေသေးလားဗျ"
ခရီးလမ်းတစ်လျှောက် ဘာသတင်းမှ စုံစမ်း၍ မရသလို၊ ရှောင်ယွီဒဏ်ရာပြင်းမှန်း သိပေမယ့် သေသလား ၊ရှင်သလား မသိချေ။ ရှောင်ယွီနဲ့က မွေးချင်းညီအစ်ကိုတွေ မဟုတ်ပေမယ့် အတူသွားအတူစား သွေးသောက် ညီအစ်ကိုတွေဖြစ်သည်။
"ရှောင်ယွီ ဒီနေ့ပဲ သတိရလာတယ်ပြောတယ်၊ သူ့ချုပ်ထားတဲ့ဒဏ်ရာ ပြန်ပွင့်သွားမှာဆိုးလို့ ငါ့ရဲ့ဆရာတူညီက အနားယူခိုင်းတာကို အရှေ့အရပ်ဆီ ခရီးထွက်သွားတယ်တဲ့၊ အဲ့ဒါနဲ့လူလွှတ်ပြီး ပြန်ခေါ်လာခိုင်းထားတယ်"
တကူးတကမေးနေစရာမလိုပဲ မြင်ရုံနဲ့ ဒီလူတွေရဲ့ကိုယ်ခံပညာက သာမာန်မဟုတ်မှန်း ဟော်ရဲ့လင် သတိထားမိလိုက်သည်။ စိတ်ထဲက မေးခွန်းတွေများနေပေမယ့် စကားပြောနေရန် အချိန်ကောင်းမဟုတ်သေးသဖြင့် နောက်မှ မေးရန် တေးထားလိုက်သည်။
"ကျေးဇူးပါ ဟော်စစ်သူကြီး"
ကျန်းဟိုင်က လေ့ကျန်းကို ခေါင်းဆတ်၍ အချက်ပြသည်။ လေ့ကျန်းက အကြီးအကျယ်ငိုနေတဲ့ ရှန်လျန့်ကိုကြည့်လိုက်၏။ ထို့နောက် ဖေးယွမ်ရွှင်းကိုလည်း အကဲခတ်လိုက်သေး၏။
ပြီးမှ အရှေ့တိုးကာ...
"သခင်... ဗ်ိုလ်ကြီးရှန်က အသက်ရှင်နေပါသေးတယ်၊ သူက အချိန်မှီဆေးကုဖို့လိုတယ်၊ သခင် အရင်ဝမ်းမနည်းပါနဲ့ဦး၊ ဆေးကုပြီး နေကောင်းသွားအောင် လုပ်ပေး ရဦးမယ်လေ"
လေ့ကျန်းက ဒူးတစ်ဖက် ထောက်ပြီး တိုက်တွန်းစကားပြော၏။ ရက်သတ္တပတ်လောက်ကြာ ခန္ဓာကိုယ်ထဲ ရောက်နေတဲ့အဆိပ်ကို အမြန်ဆုံး ကုသဖို့က အရေးကြီးဆုံးပင်။ ရှန်လျန်က ရှန်တာ့ကို ဘယ်လောက်ထိ ဂရုစိုက်လဲ သူတို့မသိပဲ ဘယ်နေလိမ့်မလဲ? ဒါပေမယ့် အခုချိန်မှာ အတင်းမတိုက်တွန်းခဲ့တဲ့အတွက် နောင်တစ်ချိန် နောင်တရနေမှာမျိုးတော့ အဖြစ်မခံနိုင်။
"ဟင်! အင်းဟုတ်သားပဲ၊ အဆိပ်ဖြေရမယ်၊ တာ့ကော ကျွန်တော် အဆိပ်ဖြေတတ်တယ်၊ ကျွန်တော်လုပ်နိုင်တယ်"
တိုက်တွန်းစကားကြောင့် ရှန်လျန်သတိဝင်သွားပြီး ချက်ချင်း မျက်ရည်သုတ်သည်။ တုန်ရင်နေသေးတဲ့လက်နဲ့ ရှန်တာ့လက်ရှိ သွေးကြောကို စမ်းသပ်သည်။ သို့သော် စိတ်လှုပ်ရှားမှုကြောင့် လက်က အတော်လေး တုန်နေသဖြင့် သွေးခုန်နှုန်းကိုစမ်းမမိချေ။ ရှန်လျန် ခံရခက်စွာနဲ့ မျက်ရည်တွေကျလာပြန်သည်။ နှုတ်ခမ်းကလည်း ဆက်တိုက်ရေရွတ်နေသေးသည်။ စမ်းသပ်လို့မရဘူး၊ သွေးကြောရှာမတွေ့ဘူးဟူ၍။
မြင်တဲ့သူတိုင်း ရင်ထဲ မကောင်းကြ၊ အထူးသဖြင့် ရှန်လျန့်အကြောင်း အစအဆုံးသိတဲ့ ထျန်းရှုတို့ဆို ပို၍ စိတ်မကောင်းဖြစ်နေကြသည်။ ရှန်လျန့်လို ကျိုးကြောင်းဆင်ခြင်တတ်ပြီး ထက်မြက်ကာ ပြစ်ချက်ကင်းသူရဲ့ တစ်ဖက်ခြမ်း ကို ယခုလိုမြင်ရလိမ့်မယ်လို့ မတွေးဖူးကြချေ။
"စိတ်အေးအေးထား"
ရင်နာသည်ကို အတင်းချုပ်တည်းလိုက်ပြီးနောက် ဖေးယွမ်ရွှင်း ရှန်လျန့်ကို ဆွဲလှည့်လိုက်သည်။ လက်ကို ဆုပ်ကိုင်ကာ နှုတ်ခမ်းပေါ် နူးညံ့သည့်အနမ်းတစ်ပွင့်ခြွေချသည်။ ရှန်လျန်က တွေတွေငေးငေးလေးနဲ့ မျက်ရည်ကျရင်း ဖေးယွမ်ရွှင်းရဲ့စေလိုရာအတိုင်းနေသည်။ ဖေးယွမ်ရွှင်းက ရယ်ချင်ပက်ကျိမျက်နှာဖြင့် မျက်ရည်တွေ သုတ်ပေးသည်။
"အရူးလေး၊ ဘာစိုးရိမ်စရာရှိလို့လဲ၊ ကိုယ်တို့အားလုံးဒီမှာ ရှိနေတယ်လေ၊ မဟုတ်လို့လား၊ ဒီတစ်လောကလုံးမှာ လျန်လျန်ထက် ဆေးပညာတော်တဲ့သူ ဘယ်သူရှိလို့လဲ၊ ကိုယ့်ရဲ့ သွေးထွက်လွန်အဆိပ်ကိုတောင် ကိုင်တွယ်နိုင်ခဲ့သေးတာပဲ၊ တခြားဘာအဆိပ်ကို ကြောက်နေရမှာတုန်း? မစိုးရိမ်နဲ့နော်၊ ကိုယ်ရှိတယ်၊ လျန်လျန့်အနား ကိုယ်ရှိနေတယ် ဟုတ်ပြီလား"
တစ်ယောက်ယောက်က ဖေးယွမ်ရွှင်းဟာ နှစ်ဝက်အတွင်း 'ကော'တစ်ယောက်ကို ချော့ချော့မော့မော့ ပြောနေရမယ်လို့ တစ်ထစ်ချပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်၊ အချစ်ကဆန်းကြယ်သည်။ ရှန်လျန်နဲ့ စတွေ့ပြီး လအနည်းငယ်အတွင်း ရူးရူးမူးမူး နှစ်ဝင်မိကာ နှလုံးသားတစ်ခုလုံး ပေးအပ်လိုက်ဖို့ မစောင့်နိုင်တော့သည်အထိပင်။
သူတို့နှစ်ယောက်ရဲ့ မြင်ကွင်းကို ထျန်းရှုနဲ့ လေ့ကျန်းတို့အဖွဲ့က မည်သို့မှ မနေတော့သော်လည်း ဟော်ရဲ့လင်၊ သမားတော်ရွှီနဲ့၊ အစောပိုင်းတည်းက စစ်နယ်စပ်ဆီစေလွှတ်ခံထားရတဲ့ ခိုင်ယန်တို့မူ အတော် အံ့ဩနေကြသည်။ အမှားသေးသေးလေးလုပ်မိရင်တောင် ဖေးယွမ်ရွှင်းလို စည်းကမ်းဩဇာကြီးတဲ့သူက ညာတာတတ်သူမဟုတ်၊ထိုသူက မေတ္တာတရားရှိတတ်လိမ့်မယ်လို့ ယုံကြည်ရမယ့်အစား အနောက်အရပ်ကနေ နေထွက်လာတာက ပိုယုံချင်စရာကောင်းလိမ့်ဦးမည်။
"ယွမ်ရှင်း"
နောက်ဆုံးတော့ ရှန်လျန် ရှိုက်သံလေးနဲ့ နာမည်ခေါ်လာသည်။ ပြီးတော့ စဉ်းစဉ်းစားစားလေးနဲ့ခေါင်းငြိမ့်သည်။
"အင်း!"
"ဒီလိုမှပေါ့၊ လျန်လျန် အကောင်းဆုံးကြိုးစားလို့မှ မရရင် ကိုယ်တစ်ခြားနည်းလမ်းရှာပြီး သူ့ကို ရအောင်ကယ်ပေးမှာပေါ့၊ ပစ်မထားပါဘူး၊ စိတ်လျော့ သေချာ အချိန်ယူပြီး စမ်းသပ်ကြည့်ကြည့်လိုက်"
ဖေးယွမ်ရွှင်း အပြုံးလေးနဲ့ ချော့မော့ကာဆိုသည်။လက်သည်းက လျန်လျန့်နှာခေါင်းကိုအသာကုတ်ခြစ်ပြီး မျက်ဝန်းအောက်က မျက်ရည်ကို သုတ်ပေးသည်။ ရှန်လျန် သူ့မျက်ဝန်းတွေကို ပိတ်ချလိုက်ပြီး အသက်ပုံမှန်ရှူသည်။ မျက်လုံးပြန်ဖွင့်လိုက်သော် ပါးပြင်နှင့်မျက်ဝန်းထဲတွင် မျက်ရည်အစအနတွေကျန်နေသေးသော်လည်း တစ်ခြားတစ်ယောက်လို ပြောင်းလဲသွားတော့သည်။
"လျန်လျန်လုပ်နိုင်ပါတယ်၊ ကိုယ်ယုံတယ်"
လျန်လျန် စိတ်ငြိမ်သွားပြီဆိုတာ ဖေးယွမ်ရွှင်းသိလိုက်သည်။ ဖြည်းဖြည်းချင်း လက်ကို လွှတ်ပေးလိုက်ပြီး စမ်းသပ်စေသည်။
လျန်လျန်က တခြားလူနာတွေကိုကြည့်ရှုရာမှာမည်သို့မှ မနေသော်ငြား ဂရုအစိုက်ရဆုံးသူ အနာတရဖြစ်တဲ့အခါ မတိကျနိုင်တော့မှာကို အရမ်းစိုးရိမ်သွားခြင်းဖြစ်၏။ ကိုယ့်စိတ်ကိုယ် သန်မာလာအောင် အားတင်းကာ စမ်းသပ်လိုက်သည်။ သူ့တွင် ဘာအဆိပ်ဖြစ်ဖြစ် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက်ရှိသည်။
"အွန်း"
ရှန်လျန်ခေါင်းငြိမ့်ပြီး ရှန်တာ့ဘက် လှည့်ပြန်သည်။ စိတ်ထဲခံစားနေရသော်လည်း ထိန်စချုပ်မှုလွှတ်မသွားတော့ပေ။ လက်ကောက်ဝတ်ဆီ သေချာ စမ်းသပ်လိုက်သည်။ တစ်ခဏအကြာတွင် ရှန်လျန်ထရပ်ကာ ရှန်တာ့အဝတ်ကို ဆွဲချသည်။ ပတ်တီးခပ်ထူထူက ညာဘက်ပခုံးအောက်ဘက်နားတွင် ပတ်ထားသည်ကိုတွေ့ရ၏။
"ထျန်းရှု. ကက်ကြေး၊ အရက်ပျံ၊ ဝါဂွမ်း၊ ဓားယူခဲ့၊ လေ့ကျန်း..သွေးစစ်ဖို့ပြင်ဆင်၊ တာ့ကော သွေးသွင်းဖို့လိုလိမ့်မယ်"
ငိုထားတာကြောင့်အသံအက်နေပေမယ့် အမိန့်သံက ရှင်းလင်းပြတ်သားသည်။
"ဟုတ်ကဲ့ !"
နာမည်တပ်ခံရတဲ့ နှစ်ယောက်က လိုအပ်တာ ပြင်ဆင်ဖို့အမြန်ထွက်သွားသည်။ ဟော်ရဲ့လင် မျက်ခုံးပင့်လိုက်ပြီး..
"သူ့ကိုကယ်နိုင်လား"
"ဒီအဆိပ်က နည်းနည်း မတူတဲ့ အမျိုးအစားဆိုပေမယ့် ကျွန်တော် ကြုံဖူးတယ်၊ ကုပေးနိင်တယ်ပြဿနာမရှိဘူး"
ရှန်လျန် ခေါင်းမလှည့်တမ်းအဖြေပေးသည်။ ဘာလို့ဆို ခုချိန်မှာ သူ့စိတ်ထဲ ဒေါသထွက်နေပြီမို့ပင်။ ဒီအဆိပ်ကို အရမ်းအရမ်းကိုရင်းနှီးသည်။အရင်ဘဝမှာတုန်းက ဧကရာဇ်ဟောင်း နတ်ရွာစံသွားရတာ ဒီအဆိပ်ကြောင့်ပဲဖြစ်ပြီး စတုတ္ထမင်းသားရဲ့ အိမ်တော်က ထုတ်တဲ့အဆိပ်ဆိုတာသေချာသည်။
"တစ်ကယ်လား!"
ဟော်ရဲ့လင် အတော်စိတ်လှုပ်ရှားသွားသည်။ ရှန်တာ့အဆိပ်ကို တစ်ကယ်ပဲ ကုပေးနိုင်တယ်လား?
ရှန်လျန်က ပခုံးဆုပ်ကိုင်ခံလိုက်ရ၍ နာကျင်သွားသည်ကို လစ်လျူရှုကာ ဟော်ရဲ့လင်နဲ့ ဖြည်းဖြည်းချင်း မျက်နှာချင်းဆိုင်သည်။ ထို့နောက် သိမ်မွေ့စွာပြုံး၏။
"ကျွန်တော့်ကိုယုံပါ!"
ဒီလူက အစ်ကို့ရဲ့ဇနီးဖြစ်မည်။ အရင်ဘဝက သေတဲ့အချိန်ထိ မမြင်ဖူးတဲ့အပြင် နာမည်ပင် မခေါ်ဖူးခဲ့ပါ၊ ရင်ထဲ ခံရခက်သွားပြန်သည်။ သူ့ကြောင့်သာ မဟုတ်ရင် မရီးက မုဆိုးဖို ဖြစ်သွားရမှာ မဟုတ်၊ သူ့ကြောင့်သာ မဟုတ်ရင် ယိုအာကို လင်လင်နှစ်ယောက်တူတူ ပျိုးထောင်ခွင့်ရမှာပင်။
"ကောင်းလိုက်တာ!"
ရှန်လျန်ရဲ့အကြည့်တွေက ခိုင်မာပြီး ယုံကြည်ချက်ရှိတာကြောင့် ဟော်ရဲ့လင် အကြွင်းမဲ့ယုံကြည်လိုက်သည်။ ရှန်တာ့ခန္ဓာကိုယ်ထဲက အဆိပ်ကို ထုတ်နိုင်တော့မည်။
"သခင် တောင်းထားတဲ့ ပစ္စည်းတွေ စုံပါပြီ"
ရှန်လျန်ခေါင်းငြိမ့်ပြီး ဟော်ရဲ့လင်ကို ကြည့်သည်။ လက်လွှတ်ပေးလိုက်သော်... တစ်ဖက်လှည့်ပြီး ဗန်းပေါ်က ကက်ကြေးကိုကိုင်သည်။ ထို့နောက် ရှန်တာ့ဒဏ်ရာပေါ်က ပတ်တီးကိုဖြတ်တောက်ပြီး ဖြည်လိုက်သည်။
တစ်ခဏအကြာတွင် ကန့်လန့်ဖြတ်ဒဏ်ရာက ထွက်ပေါ်လာသည်။ ရှန်လျန် အသက်အောင့်ထားမိသည်။ ဒဏ်ရာက သေချာ ချုပ်ထားပြီးဖြစ်ပေမယ့် ခန္ဓာကိုယ်ထဲက အဆိပ်ကြောင့် အနာက လှိုက်စားပြီး အနက်ရောင်ပင်ပြောင်းနေပြီ၊ သွေးတွေလည်း ထွက်နေဆဲပင်။
ရှန်လျန် သစ်သားသေတ္တာငယ်ကိုထုတ်ပြီး ယွမ်ရှောင်းကိုပေးသည်။ ဆေးလုံးကိုထုတ်ကာ ကြိတ်ခြေပြီး တစ်မှုန့်မကျန်ရှန်တာ့ ပါးစပ်ထဲ ထည့်စေသည်။ ထို့နောက် ဆေးဝင်သွားစေရန် ရေတိုက်လိုက်သည်။ တန်ဖိုးကြီးသည့် ဆေးမှုန့်တွေ အစာအိမ်ထဲ အမြန်ရောက်သွားလေ ကောင်းလေပင်။
"သခင် ကျွန်တော် လူတွေ စုလိုက်ပြီးပါပြီ၊ ဗိုလ်ချုပ်ရှန်ရဲ့ သွေးနမူနာယူဖို့ပဲကျန်ပါတယ်"
"ဟုတ်ပြီ"
ရှန်လျန်က ရှန်တာ့လက်ညိုးထိပ်ကို ဖောက်ကာ သွေးနမူနာယူပြီး လေ့ကျန်းကိုပေးသည်။ ထို့နောက် ငွေပန်းကန်လုံးထဲကို အရက်ပျံလောင်းထည့်ပြီးသန့်စင်လိုက်သည်။ ခွဲစိတ်ဓားကိုကောက်ယူကာ ဟော်ရဲ့လင်ကို တောင်းဆိုသည်။
"အစ်ကို... တာ့ကောကို ချုပ်ထားပေးနိုင်မလား၊ အနာကို အစိမ်းခွဲပြီးမှ ပြည်တည်နေတာတွေ ထုတ်နိုင်မှာ၊ ထုံဆေးသုံးလို့ မရဘူး၊ မလှုပ်အောင် ချုပ်ထားပေးပါ"
ထုံဆေးသုံးရင် အနာက ပြန်ကောင်းလာနိုင်မှာ မဟုတ်သလို ဒဏ်ရာက မကျက်ပဲ ပိုပြီး ဆိုးလာလိမ့်မည်ဖြစ်၏ ။
"ပြဿနာမရှိဘူး"
ရှန်လျန်တောင်းဆိုတာကို ငြင်းဆန်ခြင်းမရှိပဲ ပူးပေါင်းပါဝင်စွာဖြင့် အဝတ်သန့်တစ်ခုရှာကာ ရှန်တာ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။ ရှန်တာ့အပေါ်ခွကာ သေချာဖိချထားလိုက်ပြီး...
"ဒီလို အဆင်ပြေလား"
"ဟုတ်ကဲ့"
ရှန်လျန် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်သည်။ သမားတော်ရွှီက သူတို့လုပ်ငန်းစတော့မှာမြင်ရာ အနားရောက်လာပြီး..
"ကျွန်တော်လည်း သမားတော်ပဲ၊ ဘာကူညီပေးရမလဲ ပြောပါ"
"ဒီလိုဆိုရင် ခွဲစိတ်နေချိန်အတွင်း လိုအပ်တဲ့ ကိရိယာ ယူပေးပါ၊ ကုသပြီးတာနဲ့ ဒဏ်ရာ ချက်ချင်းချုပ်ဖို့လိုပါတယ်"
ရှန်လျန် တခြားသူအပေါ် အာရုံမပြောင်းတော့ပဲ ခွဲစိတ်ဓားကိုသေချာချိန်ဆလိုက်သည်။
သမားတော်က ရှန်လျန့်ကို အကဲခတ်ကြည့်တာနဲ့ ဆေးပညာပိုင်းမှာ သေချာပေါက် သူ့ထက်ပညာမသေးမှန်း သိလိုက်သည်။ သူ့ထက်ပင် တော်နေနိုင်ရာ မနှောင့်ယှက်ပဲ ဘေးမှ ပူးပေါင်းပေးရန် ဆုံးဖြတ်လိုက်သည်။
2679 words
Grape 🍇
myathandarkyaw
5 months ago
176ကနေအပြီးအထိဆိုဘယ်လောက်လဲ