'မြို့စားမင်း သဝန်တိုပြီ'
အဆုံးမှာတော့ ချင်ယွင်ရှန်းက ဘုရင့်သားတော်တစ်ပါးဖြစ်ပြီး ရှန်လျန်က အမြင်မကြည်ရင်တောင် ငြင်းဆန်၍မရပေ။ တစ်ခဏခန့်တူတူရပ်နေပေး လိုက်ရသည်။ ကိုယ်ရံတော် လျိုရိက ကျွမ်းကျင်သော ကိုယ်ခံပညာအစွမ်းပြလျက် တစ်ခဏအတွင်း ပြည့်ဖြိုးသော ငါးများစွာပိုက်လျက် ပြန်ရောက်လာသည်။
ရှန်လျန်က ချင်ယွင်ရှန်းအား စကားမပြောချင်၍ပဲလား ၊ဗိုက်ဆာနေလို့လား မပြောတတ်ချေ။ ယဉ်ကျေးမနေတော့ပဲ ငါးကို ကိုယ်တိုင်ကိုင်ပြီးသန့်ရှင်းဆေးကြောလိုက်သည်။ လေ့ကျန်းကို ချောမွေ့သောတုတ်ကိုင်း လုပ်ခိုင်းပြီး ငါးကိုတံစို့ထိုးသည်။ အားလုံးပြီးစီးသွားသောအခါ ချင်ယွင်ရှန်း၏ကိုယ်ရံတော်အား စားဖိုဆောင်၌ ဟင်းခတ်မှုန့်၊ဆား၊ အစပ်မှုန့်အချို့ကို သွားယူခိုင်းသည်။
"ဘယ်လဲ?"
ငါးဗိုက်ထဲ အဆာပလာထည့်ပြီး ထထွက်သွားတော့မည်ကိုမြင်သော် ချင်ယွင်ရှန်း တိတ်တိတ်လေးဆက်မကြည့်နိုင်တော့ပဲမေးလိုက်သည်။ ဘာလို့ရယ် မသိ တစ်ဖက်သူ အလုပ်ရှုပ်နေတာကိုမြင်တော့ သူ့စိတ်ထဲ တစ်ခါမှ ဒီလောက် မငြိမ်းချမ်းခဲ့စဖူး။
"ငါးကင်ဖို့နေရာရှာမလို့ပါ၊ အရှင့်သားဒီမှာဆက်နေပြီး တခြားသူတွေအတွက် ငါးဖမ်းပေးဦးမလို့လား"
တံစို့ထိုးထားတဲ့ ငါးကင်တံတွေကို ကိုင်ပြီး ရှန်လျန် နောက်လှည့်မကြည့်တမ်းဖြေသည်။ လေ့ကျန်းနဲ့ အတူ စမ်းချောင်းအား သုံးလေးလှမ်းဖြင့် ဖြတ်ကျော်ပြီး ဆန့်ကျင်ဘက် တောအုပ်ဆီ လျှောက်သွားသည်။
"အရှင့်သား"
"သူ့နောက်လိုက်မယ်"
ချင်ယွင်ရှန်းနဲ့ ကိုယ်ရံတော်နှစ်ဦး ရှန်လျန့်ကိုလိုက်မှီသွားသောအခါ လေ့ကျန်းက သစ်ရွက်၊သစ်ကိုင်းခြောက်တွေ စုပုံပေးထားပြီး ရှန်လျန်က မီးမွေးရန်ပြင်နေသည်။ နှစ်ယောက်သား ကျွမ်းကျွမ်းကျင်ကျင် မီးမွေးလိုက်ကြပြီး မီးတောက်လာသောအခါ အချင်းချင်းပြုံး၍ကြည့်လိုက်ကြသည်။ ပြီးနောက် ငါးကင်တံနှစ်ခုကို ဦးစွာကင်သည်။
"အရင်က လုပ်ဖူးတာလား?"
ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေသည်ကပထမဆုံးအကြိမ်လုပ်တာမဖြစ်နိုင်။ မျက်နှာချင်းဆိုင်က သစ်ပင် ပင်စည်ကိုမှီရင်း ချင်ယွင်ရှန်း နွေးထွေးစွာပြုံးလျက် မေးလိုက်သည့်အချိန်တွင် သူ၏မျက်လုံးအိမ်ထဲ နှမြောတသမှုများရှိနေသည်။
"အရှင့်သား ကျွန်တော်တို့တစ်ယောက်အကြောင်းတစ်ယောက် ပြောရအောင်ထိ မရင်းနှီးဘူးထင်တယ်"
နောက်ခံအချက်အလက်ကြောင့် ရှန်လျန်က ငြင်းဆန်လို့မကောင်းဘူးဆိုသော်လည်း အမြဲ နှိမ့်ချယဉ်ကျေးပြနေရန် မလိုအပ်ဟုထင်သည်။ တစ်ဖက်က ဘာလုပ်ဖို့ကြံစည်နေလဲ ရှန်လျန် မသိချင်ပါ၊ သူသိတာတစ်ခုက ဒီလူက သူ့ရန်သူဆိုတာပဲဖြစ်၏။
"ရှန်လျန် ကျုပ်တို့ အရင်က ဆုံဖူးလား?"
သူ့အဖြေစကားကြောင့် စိတ်ကသိကအောက်ဖြစ်သွားသည်။ရှန်လျန်က သူ့ကိုရှင်းရှင်းလင်းလင်း တွန်းဖယ်နေသည်။
ဒါပေမယ့် မှတ်မိသလောက် ချန်မင်းသမီးကြီးရဲ့အလှူပွဲမှာ သူတို့ချင်း ပထမဆုံးစတွေ့ချိန်ကတည်းက ရှန်လျန်သူ့ကိုကြည့်တဲ့အကြည့်တွေမှာ အချိန်အကြာကြီး ရွံမုန်းနေသလိုမျိုး၊ ဘာလို့ သူ့ကိုမုန်းနေတာလဲဆိုတာ ပြန်စဥ်းစားကြည့်ေပမယ့် ဘာမှမလုပ်မိထားဘူးထင်၏။ရှန်လျန့်ကို ပိုင်ဆိုင်ချင်တယ်ဆိုတာ သိရအောင်လည်း သူ့ဘက်က သိသိသာသာမဖော်ပြဖူးပါ။
"တစ်ခါမှ မဆုံဖူးခဲ့ပါဘူး"
ရှန်လျန် ခေါင်းမမော့ပဲ မီးပုံကို ငေးကြည့်နေသည်။ ဒီဘဝမှာ မဆုံဖူးပေမယ့် အရင်ဘဝမှာ ဆုံခဲ့ဖူးတယ်၊ ချင်ယွင်ရှန်းသာ သူ့ကိုတစ်ကယ်နှစ်သက်ရင်၊ ရှန်ချန်နဲ့ကိုယ်လုပ်တော်တွေ သူ့ကိုအနိုင်ကျင့်တာ သိသိရက်နဲ့ စိတ်ထဲဘယ်လိုမှ မနေပဲ ဒီတိုင်းကြည့်နေမှာ မဟုတ်၊ ခံစားချက်က အတင်းလုပ်ယူလို့ မရဘူးဆိုတာ သူသိပါတယ်၊ ဒါပေမယ့် မချစ်ပဲ အကျိုးအမြတ်ရချင်လို့ လက်ထပ်တာတော့ မဖြစ်သင့်၊ အစ်ကိုကြီးကို သတ်ပြီး ညီလေးကို အရှက်မရှိ ယူရဲသည်။ ဧကရာဇ်အား အဆိပ်ခတ်ကာ ထီးနန်းလုသည်။ ဇနီးဖြစ်သူ၏ ဝေမိသားစုကို လုပ်ကြံသည်။ ဒါတွေကို သူမသေခင် ရှန်ချန် ပြောထုတ်ခဲ့လို့သာသိရခြင်းဖြစ်၏။
ဤမျှထိတုံး အပြီး အသုံးချခံလူဖြစ်ခဲ့သည်ကိုမုန်းသည်။ သူ့ကိုယ်သူ အမုန်းဆုံးပင်၊ ဘာမှမရိပ်မိသည်အထိ မျက်စိကန်းပြီး မိုက်မဲလွန်းခဲ့သည်။
ဒီဘဝမှာတော့ ထပ်တူညီသည့်အမှားမျိုးထပ်မလုပ်တော့၊ အမှတ်မထင် ကြုံဆုံခွင့်ရခဲ့တဲ့ ဖေးယွမ်ရွှင်းနဲ့အတူ ချစ်တဲ့သူတွေကို ကာကွယ်ဖို့နဲ့ လက်စားချေဖို့ ဆက် လုပ်သွားမည်။
"ဒါဆိုရင် ဘာလို့ ကျုပ်ကို မုန်းနေတာလဲ"
ထပ်ခါထပ်ခါ စဉ်းစားလိုက်ပြီးသော်လည်း အဖြေမထွက်သဖြင့် ချင်ယွင်ရှန်း ဆက်မေးသည်။ အစကတည်းက သူ့စိတ်ထဲ ထူးဆန်းနေခဲ့သည်။ အဲ့ဒီအမုန်းတရားက ဘယ်ကလာတာလဲ၊ သူတို့ချင်း အဆက်အသွယ်မရှိဖူးပဲနဲ့ ရှန်လျန်က သူ့ကိုမြင်တာနဲ့အသေမုန်းနေတာ၊ ဒါေကြာင့်လည်း ချင်ယွင်ရှန်း တစ်ယောက်တည်း ရှိချိန်တိုင်း ရှန်လျန့်အကြောင်း တွေးမိသည်။
"မုန်းတယ်?"
ရှန်လျန်နှုတ်ခမ်းတွန့်သွားသည်။ နောက်ဆုံးတော့ ခေါင်းမော့လိုက်ပြီး ရှေ့ကလူက်ုကြည့်သည်။
"ကျွန်တော် ဘယ်မှာ မုန်းလို့လဲ"
"မမုန်းရင် ဘာလို့ ခပ်တန်းတန်းဆက်ဆံနေတာလဲ"
ချင်ယွင်ရှန်းကို အရူးလုပ်ရ မလွယ်ပါလား? ရှန်လျန်ပြုံးလိုက်သည်။
"အရှင့်သားက သိပ်နောက်တာပဲ၊ ကျွန်တော်နဲ့ အရှင့်သားက ကောင်းကင်နဲ့ မြေကြီးလို အဆင့်အတန်းကွာခြားတယ်၊ ကိုယ့်ကိုကိုယ် မသိပဲ အတင်းလိုက်ကပ်တွယ်နေမှ ထူးဆန်းမှာမဟုတ်လား၊ နောက်ပြီး ကျွန်တော်က ရွာငယ်လေးမှာ ကြီးပြင်းလာရတော့ လူကြောက်တတ်တယ်၊ ပြီးတော့ ချင်ဖင်းမြို့စားနဲ့ စေ့စပ်ထားတာကရှိသေးတယ်၊ သေချာပေါက် အရှင့်သားမပြောနဲ့ တစ်ခြားအမျိုးသားတွေနဲ့လည်း ပူးပူးကပ်ကပ်မနေသင့်ဘူးလေ၊ မဟုတ်မှ အရှင့်သားက ကျွန်တော့်ကိုအရှက်မရှိတဲ့သူ ဖြစ်စေချင်လို့လား"
ရှန်လျန့်နှုတ်ဖျားက လက်နက်တစ်ခုလိုပဲ အန္တရာယ်များစွာ တိုက်ခိုက်တတ်၏။ တုံးလင်အိမ်တော်လည်း ရင်မဆိုင်နိုင်သလို ချင်ယွင်ရှန်းလည်း ချွင်းချက် မဟုတ်ခဲ့။
"............"
ချင်ယွင်ရှန်းရဲ့မျက်ခုံးက ပိုပိုပြီး တွန့်ရှုံ့လာသည်။ တစ်ခွန်းပြောလျှင် တစ်ခွန်း ဖေးယွမ်ရွှင်းရဲ့ နာမည်က ပါလာသည်။ လက်မထပ်ရသေးတာတောင် စေ့စပ်ထားသည်ကို ထည့်ထည့်ပြောရန်မမေ့နေ၊ အရာအားလုံးက စီစဉ်ထားပြီးဖြစ်လို့ သူ့မှာ အခွင့်အရေးမရှိဘူးလို့ ပြောနေသယောင် ခံစားရသည်။
"ဝါး... မွှေးနေတာပဲ၊ ငါးကင်နံ့လေးက"
နှစ်ဦးသားတိတ်ဆိတ်နေရာမှ သာယာနာပျော်ဖွယ်အသံကိုကြားလိုက်ရသည်။ ဝပေမယ့် ရုပ်မဆိုးတဲ့အပြင် ချစ်စရာကောင်းတဲ့ တတိယမင်းသား ချင်ယွင်ရိ ရောက်လာခြင်းဖြစ်၏။ ရှန်လျန့်ဘေးသို့ အပြေးလေးရောက်လာပြီး ကျက်ခါနီးနေသော ငါးကင်ကိုစိုက်ကြည့်လေသည်။
"စတုတ္ထမင်းသားနဲ့ ရှန်လျန်တို့ ဒီမှာ ရှိနေမယ် မထင်ထားဘူး"
ဘယ်သူမှ မရှိကြပဲ သူနဲ့လိုက်လာပေးတဲ့သူဆိုလို့ ကြင်ယာတော် လင်းယွီလင်နဲ့ ဖေးယွမ်ရွှင်းပဲရှိသည်။ ဖေးယွမ်ရွှင်း၏ဇာမဏီမျက်ဝန်းက သိသိသာသာပင် ရှန်လျန့်အား စူးရဲစွာ စိုက်ကြည့်နေသည်။ လင်းယွီလင်က သတိထားမိပြီး ရှန်လျန့်က်ု အကဲခတ်နေ သည်။
"ရှန်လျန် မသွားပါနဲ့ဦး.. ဟိုဟာလေ ကိုယ်တော့်အတွက် တစ်ကောင်လောက် ပေးလို့ရနိုင်..."
နက်မှောင်သည့် အရိပ်အငွေ့ရစ်သိုင်းနေသော်လည်း ချင်ယွင်ရိက ဂရုမစိုက်ပါ၊ မွှေးကြိုင်ကာ စားလို့ရနေပြီဖြစ်သည့် ငါးကင်၌သာ အာရုံရှိနေသည်။ သို့ရာတွင် ရှန်လျန်က ငါးကင်ကိုယူပြီး ထထွက်သွားရာ ချင်ယွင်ရိ ပျာယာခတ်သွားပြီး ငါးကင်တစ်ကောင်ရရန် တောင်းဆိုမိသည်။ကံကောင်းထောက်မစွာနဲ့ ဘေးဘက်မှ လေ့ကျန်းက အလိုက်သိပြီးသူကင်နေတဲ့ ငါးကို ပေးလာသည်။
"အိုး ကောင်းလိုက်တာ အရသာအရမ်းရှိတာပဲ၊ ငါးက ကြီးပြီးအသားက အိနေတာ"
ဆန္ဒပြည့်ဝသွားတဲ့ မင်းသားသည် ငါအား ဘယ်၊ညာ ကိုက်ကာ အရသာခံပြီးချီးကျူးနေသည်။
"လတ်လတ်ဆတ်ဆတ်ကင်ထားတာ ၊မြို့စားမင်းစားပါဉီးလား"
တစ်ဖက်တွင် ရှန်လျန်က မြို့စားမင်းနဲ့ တတိယကြင်ယာတော်အား ဂါရဝပြုပြီးနောက် ငါးကင်ကို ကမ်းပေးလိုက်သည်။
"ဘာမှ မစားရသေးဘူးလား"
ဖေးယွမ်ရွှင်းက ငါးကင်ဆီ လက်မလှမ်းပေ။ မျက်နှာက မကြည်မလင်ဖြစ်နေသော်လည်း ရှန်လျန် ဗိုက်ဆာနေခြင်းလား ဂရုတစိုက်မေးရန် မမေ့ချေ။
"ဟုတ်ကဲ့၊ နေ့လည်စာ လာမပို့သေးတာနဲ့ ကိုယ့်ကိုက်ိုယ် အပြင်ထွက်လာရှာစားလိုက်တာ"
သူတို့နှစ်ယောက်ကြားက ချိုမြိန်တဲ့စကားတွေကြောင့် ချင်ယွင်ရှန်း မျက်နှာ မသာယာနိုင်တော့၊ သူ့လိုစိတ်ရှည်သည်းခံတတ်သူက ဖေးယွမ်ရွှင်းကိုရှုံးစရာအကြောင်းမှ မရှိ၊ ရှန်လျန်သာ သူ့ကိုမုန်းမနေခဲ့ရင် ယွမ်ရွှင်းကို ရွေးချယ်မှာ မဟုတ်လောက်ပါ။
တစ်ကယ်တော့ သူ့အတွေးတွေက အတိုင်းအတာ တစ်ခုထိ မမှားခဲ့၊ တစ်ချိန်တုန်းက ရှန်လျန် သူ့ကို တစ်သက်လုံး ချစ်ခင်တွယ်တာပါ့မယ်လို့ ကတိပေးခဲ့ဖူးကြောင်း သူသိခွင့်မရတော့ပဲ နာကျည်းစရာ များဖြင့် အဆုံးသတ်သွားရသည်။
"အစားအသောက်အတွက် ကျုပ်ကို လာမရှာပဲ မင်းသားကို ဒုက္ခသွားပေးတာလား"
ဖေးယွမ်ရွှင်းက ငါးကင်ကို စိတ်ဆိုးမာန်ဆိုး ဆွဲ ယူရင်း စတုတ္ထမင်းသားအား စူးစူးစိုက်စိုက်ကြည့်သည်။ တစ်ချို့ကိစ္စတွေက မမေးရသေးပေမယ့် အလိုလို စိတ်ဆိုးစေသည်။ ရှန်လျန်က သူနဲ့ ချင်ယွင်ရှန်းက ရန်သူတွေဖြစ်ပြီး၊ တစ်ယောက်က သေကိုသေရမယ်လို့ အတိအလင်း ပြောပြထားပေမယ့် နှစ်ယောက်ကို အတူတွဲတွေ့လိုက်ရတော့ ရှာလကာရည်နံ့က ထိန်းမရစွာ ချဉ်စူးနေခဲ့သည်။
ရှန်လျန်က ငါးကင်ပူပူကို ညွှန်ပြပြီး..
"ကျွန်တော်တို့ မထင်မှတ်ပဲ ဆုံခဲ့တာပါ၊ အရှင့်သားက ကြင်နာတော့ သူ့ငယ်သားကို ငါးနည်းနည်းဖမ်းကူခိုင်းလိုက်တာ"
ငါးကို စားခါနီးနေသော ယွမ်ရွှင်းက ရုတ်တရက် သူ့ဆီ ငါးပြန်ပေးသည်။
"ရင်ပြည့်နေလို့ ကျုပ်ဗိုက်မဆာဘူး၊ မင်းပဲစား၊ "
ဖေးယွမ်ရွှင်းက ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီး ရှန်လျန့်ကိုဖြတ်ကျော်ကာ စတုတ္ထမင်းသားဆီ နှုတ်ဆက်ဖို့သွားသည်။
ရှန်လျန်က လမ်းဖယ်ပေးရင်း ဘာပြဿနာမှ မရှာရန် သူ့အား မျက်နှာရိပ် မျက်နှာကဲ ပြ၏။ မည်သို့ပင်ဆိုစေ တစ်ဖက်က ဘုရင့်သားတော်ဖြစ်ရာ ဖေးယွမ်ရွှင်းကို ပိုပြီး ဖိနှိပ်ခွင့် ရှိသည်က အမှန်။
"ကျုပ် မင်းအတွက် ငါးကင်ပေးထားတယ်"
ဖေးယွမ်ရွှင်းက ဆက်လျှောက်သွားသည်။ ထိုစဉ်ထျန်းရှုက စားရန်အဆင်သင့်ဖြစ်နေသော ငါးထည့်ထားသည့် ခြင်းတောင်းဖြင့် ရောက်ချလာသည်။
"အရှင့်သားရော စားသွားပါဦးလား"
"ယွမ်ရွှင်း ရောက်လာပြီ ဆိုမှတော့ ကိုယ်တော် ပြန်နှင့်တော့မယ်"
ချင်ယွင်ရှန်းက ဖေးယွမ်ရွှင်းနဲ့ အကြည့်ချင်း စစ်တိုက်နေသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေသည်။
"အရှင့်သားက ကျုပ်တို့ရောက်လာမှ ပြန်သွားရင် သူများတွေ တစ်မျိုး ထင်နေဦးမယ်"
"ယွမ်ရွှင်းက နောက်ပြီ၊ ကိုယ်တော်က ရှန်လျန် တစ်ယောက်ထဲ ရှိနေတာမြင်ပြီး အဖော်လုပ်ပေးနေတာ၊ စားစရာလည်း မရောက်လာသေးတာနဲ့ လျို့ရိကို အဆာပြေ ငါးဖမ်းလိုက်ရတာ"
စကားလုံးတိုင်းက ဖေးယွမ်ရွှင်း၏နှလုံးသားကို တည့်တည့်ထိ၏။ ရှန်လျန် လိုအပ်နေချိန်မှာ ဘေးမှာ သူက အဖော်ပြုပေးနေခဲ့ပြီး အသိအမှတ်ပြုခံရသည် ဆိုသည်ကို ဖေးယွမ်ရွှင်း မယုံကြည်လောက်ဟု ရှန်လျန် ထင်ပါ၏။ စကားချင်း စီးချင်းထိုးနေပေမယ့် ပွဲအစအဆုံးဘာမှ မသိလိုက်သူကတော့ ငါးကင်စားနေတဲ့ ချင်ယွင်ရိပဲဖြစ်သည်။
"အဲ့လိုလား၊ကျုပ် အစောကတည်းက ဇနီးလောင်းကို အဖော်ပြုပေးဖို့ လာခဲ့သင့်တာပါ"
"ကိုယ်တော်က ကိစ္စမရှိပါဘူး"
စိတ်မပါစွာ ပြန်လည် ဖြေပေးပြီး ကိုယ်ရံတော် နှစ်ဦးနှင့်အတူ ပြန်ရန်ပြင်သည်။ ရှန်လျန့်နား ဖြတ်အလျှောက် လှည့်ကြည့်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရခဲ့ပေ။ ကြည့်ရတာ လက်ထဲက ငါးကင်လောက် သူ့ဆွဲဆောင်မှုက အားမကောင်းခဲ့ဘူးထင်၏။
"ယွီလင် ငါးတွေ ကူကင်ပေးဦး၊ မင်းပြောတော့ ငါဗိုက်ပေါက်သွားတဲ့ထိ စားခွင့်ပြုတယ်ဆို"
တင်းမာတဲ့ အခြေအနေကို နားမလည်သူ ချင်ယွင်ရိက ငါးကင်နှစ်ကောင်စားပြီး သော်လည်း အာသီသ ရှိစွာနဲ့ ကြင်ယာတော်အား ကူကင်စေသည်။ ငါး လေးကောင်လောက်စားလည်း မဝလောက်ဟု ထင်ရ၏။
"အင်းပါ ဟုတ်ပါပြီ၊ မစားရဘူးလို့လည်း မတားပါဘူး တစ်ကယ်ပါပဲ လာပြီ ၊လာပြီ"
လင်းယွီလင်က ခေါင်းတယမ်းယမ်းနှင့် သွားလိုက်သည်။ ရှန်လျန်က ဖေးယွမ်ရွှင်း၏ နားနား ကပ်ကာ တီးတိုးပြော၏။
"ရှည်လကာရည်က ချဉ်စူးနေတာပဲ"
"ဘယ်သူ့ကြောင့်လဲ ဖြေလေ"
သူအရင် လက်ဦးထားလို့ပေါ့၊ အခု ချင်ယွင်ရှန်းက ရှန်လျန့်အပေါ် စိတ်ဝင်စားနေပုံထောက်ရင် သူ့ရဲ့ နူးညံ့ညင်သာပြီး ကြင်နာ သဘောကောင်းတဲ့ ရုပ်သွင်မှာ ရှန်လျန် မျှောပါသွားနိုင်တယ်မလား? တော်ပါသေးရဲ့ ပါသွားတော့မလို့ ။
"သူနဲ့ နှစ်ယောက်ထဲ အတူရှိမနေချင်ပါဘူး၊ အိပ်ဆောင်က ထွက်လာတော့ ရှန်ချန်တို့နဲ့ အတူလာဖို့ ငြင်းလိုက်တာ မှားသွားတယ်!"
ရှန်လျန်ရဲ့ အရေးမစိုက်တဲ့ သဘောထားကိုမြင်မှ ဖေးယွမ်ရွှင်း ကျေနပ်သွားကာ..
"ကောင်းပြီ ဒီတစ်ကြိမ်ပဲနော် ၊နောက်တစ်ခေါက် မဖြစ်စေနဲ့"
"ဟုတ်ကဲ့ပါဗျ မြို့စားမင်းရဲ့ စကားကို မြေဝယ်မကျ နာခံပါ့မယ်ဗျ"
တတိယမင်းသားတို့ ဇနီးမောင်နှံက အလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူပြီး ဖေးယွမ်ရွှင်း၏လက်မောင်းကို ကိုင်ကာ ချော့၏။ မြို့စားမင်းရဲ့ စိတ်က ပျော့သွားပြီး...
"အမြဲတမ်း အဲ့လို လိမ်မာရင် ဘယ်လောက် ကောင်းလိုက်မလဲ"
ကံကောင်းစွာနဲ့ သူကလည်း အလိုလိုက်ထားလို့ ဆိုးနေတဲ့ သူကိုမှ အရမ်းသဘောကျသည်။ မကြာခဏ ဒေါသထွက်ရတယ် ဆိုပေမယ့်ပေါ့လေ....။
2497words
Grape 🍇