'တန်ပြန် တိုက်စစ် '
မျှော်လင့်ထားတဲ့ အတိုင်း ရှန်လျန်တို့ အစားအစာဝေတဲ့ တတိယနေ့မှာ လူကုံထံ သားသမီးတွေနဲ့ ဇနီးသည်တွေပါ ဆန်ပြုတ်နဲ့ ပေါက်စီဝေဖို့ လာကူညီကြသည်။
ထိုသို့ အားတက်သရော ပါဝင်လှုပ်ရှားမှုကြောင့် သေချာပေါက် နာမည်ကောင်းရသွားကြသည်။ သို့ရာတွင် အချိန်ကောင်းက ရေရှည်မခံချေ။ကြင်နာနွေးထွေးခဲ့သည့် စိတ်က အဆုံးထိရောက်သွားသည်နှင့် မြန်မြန်ပဲ ထွက်ပြေးသွားကြတော့သည်။
ရှန်လျန်တို့ သူငယ်ချင်းသည်သာ ပုံမှန်အတိုင်း ကိုယ်တိုင်ကိုယ်ကျ အစားအစာပေးဝေနေဆဲဖြစ်၏။ တစ်နေ့ထက်တစ်နေ့ တိုးပွားလာသော အလှူရှင်များကြောင့် ရှန်လျန်တို့၏ ဝါးချောင်းသည်လည်း အရေအတွက် များသထက်များများ ပေးဝေနိုင်ခဲ့သည်။ မေတ္တာအစစ်အမှန်ကို လက်ခံရရှိတဲ့ ရေဘေးဒုက္ခသည်တွေမှာတော့ သခင်လေးငါးယောက်အား အသက်ရှင်လျက်ရှိတဲ့ နတ်ဘုရားတွေဟု ထင်မှတ်ထားကြတော့၏။
ရက်အနည်းငယ်ကြာသောအခါ မိဖုရားခေါင်၏ ဝမ်းနည်းခြင်းဈာပနအခမ်းအနားက ပြီးဆုံးသွားကာ ဧကရာဇ်ကိုယ်တော်တိုင် ရုပ်ကလာဘ်တော်အား လိုက်ပါပို့ဆောင်သည်။ တော်ဝင်မိသားစုအမျိုးအနွယ်များ အားလုံးလိုက်ပါပို့ဆောင်ကြပြီး မှူးမတ်ဝန်မင်းများ၊အမှုထမ်းအရာရှိများအားလုံး ပိတ်ဖြူစဝတ်ဆင်ကြသည်။ လူပေါင်းသောင်းချီ သတိရလွမ်းဆွတ်သည့်အနေဖြင့် အသံတိတ်လျက် ကြီးမားသည့်လူတန်းကြီးက မိဖုရားခေါင်၏ ရုပ်ကလာဘ်တော်အား တော်ဝင်သင်္ချိုင်းတွင် မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြသည်။
နောက်တစ်နေ့ကူးပြောင်းသည်နှင့် လူတိုင်း လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရပြီဖြစ်သည်။ လက်ထပ်၊ထိမ်းမြား၍လည်း ရလေပြီ။
ဘုရင်အိုကြီးက ဖေးယွမ်ရွှင်းမှ ချက်ချင်းထကာ ရှန်လျန့်အား လက်ထပ်ခွင့်တောင်းမည်ကို အလွန် စိုးထိတ်နေသည်။ ယခုဆိုလျှင် ပြည်သူတွေက ရှန်လျန့်အား အလွန်ထောက်ခံအားပေးနေကြသည်။ နောက်ကွယ်က အားဖြည့် ထောက်ပံ့ပေးနေသည့်မိသားစုကိုလည်း လစ်လျူရှုထား၍ မရချေ။
ထူးဆန်းသည့်အချက်က ဖေးယွမ်ရွှင်းက လတ်တလော လှုပ်ရှားရန် အစီအစဉ် မရှိသေးပုံရပြီး ၊ရှန်လျန့်ဘက် ထောက်လှမ်းကြည့်တော့လည်း နေ့တိုင်း ဆိုင်မှာ ဆန်ပြုတ်ဝေတာနဲ့အလုပ်ရှုပ်နေ၏၊ နှစ်ယောက်က အစပ်အဆက်မရှိတဲ့ပုံပင်။
ဧကရာဇ်သာ တစ်ယောက်ထဲ ရင်ပူပြီး ကောင်း ကောင်းမအိပ်နိုင်၊ မစားနိုင်ဖြစ်နေရသည်။ ဒီလိုနဲ့ ရက်ရှည်အိပ်ရေးပျက်ပြီး တော်ဝင်သမားတော်ပင့်ဖိတ်ကာ ဆေးကုလိုက်ရတော့၏။
******
တုံးလင်အိမ်တော်၌ ဂယက်ရိုက်သည်က မပြီးစီးသေးပါ၊ ရှန်ရွေ့ထင်က အိမ်ထောင်စုစာရင်းခွဲချင်နေလေ... ရှန်ရွေ့ချင်တို့ညီအစ်ကိုနှစ်ဦးက ဗျာများလေ ဖြစ်နေသည်။
ရှေ့ရက်ကတည်းက သတိရလာပြီဖြစ်သည့် သခင်မကြီးက အကြောင်းစုံကြားကာ ထပ်မံမေ့လဲမတတ် ဒေါသထွက်သွားသည်။ သားအမိ တတွေ ဆွေးနွေးလိုက်ကြပြီးနောက် သခင်မကြီးက ယခင်အတိုင်းဆက်လက် မေ့ချင်ယောင်ဆောင်ရန် ဆုံးဖြတ်ချက်ချသည်။ သို့နှင့်ရက်နည်းနည်းလောက် ငြိမ်းချမ်းရေးရကာ ရှန်ရွေ့ကျန်းတို့က သမီးဖြစ်သူတို့ထိမ်းမြားလျှင် ပေးရမည့် ခန်းဝင်ပစ္စည်းများအတွက် ပျော်ပျော်ရွှင်ရွှင် စီစဉ်နေသည်။ ထိုပျော်ရွှင်မှုက သူတို့ဆီ ထိတ်လန့်တုန်လှုပ်စရာ သတင်း မရောက်လာချိန်အထိပင်။
"ဘာ...ဘာဖြစ်တယ်"
အိပ်ရာပေါ်လဲလျောင်းနေတဲ့ သခင်မကြီးက မယုံနိုင်ခြင်းများစွာနဲ့ စိုက်ကြည့်၏။ ကျောက်လန်နဲ့လုယန်လည်း ထိတ်လန့်တုန်လှုပ်လျက်။ သတင်းလာပေးသူက ...
"သခင်လေး သုံးယောက်လုံးကို အကျင့်ပျက်မှုနဲ့ လာဘ်ထိုးမှုဆိုပြီး တိုင်တဲ့သူရှိလို့ ရဲမက်တွေလာဖမ်းသွားပါတယ်၊ အခုအိမ်တော်မှာ ယောက်ယက်ခတ်နေကြပါပြီ၊ သခင်မကြီး အမြန်လာကူညီပေးဖို့ သခင်က လာပြောခိုင်းလိုက်တာပါ"
"ရဲမက်တွေက အကြောင်းမကြားပဲ ရုတ်တရက် လာဝင်ဖမ်းသွားတာပါ၊ သခင်တို့လည်း ဘာမှ ပြင်ဆင်ချိန်မရှိလိုက်ဘူး၊ အိမ်တော်အပြင်မှာလည်းရဲမက်တွေ ဝိုင်းတာ ခံနေရပါတယ်၊ ရှေ့ကဦးဆောင်မယ့်သူမရှိလို့ အကုန်လုံး ဆူညံပွက်လောရိုက်နေကြပါပြီ သခင်မကြီး"
"ဒါ...."
ဘယ်လိုလုပ်ပြီးတော့ နောက်တစ်ခေါက်?
နားကြားမလွဲတာ သေချာမှန်း အတည်ပြုပြီးသည့်တိုင်အောင် သခင်မကြီးမှာ မယုံကြည်နိုင်သေး၊ မြေးမတွေက ဖျက်စီးခံရသည်။ ထပ်ပြီး သားနဲ့ မြေးတွေက ဖမ်းခံလိုက်ရပြီ၊
ဒီတစ်ပတ်လုံး ဂရုတစိုက်နေခဲ့ပေမယ့် ဘယ်လိုလုပ်ဖမ်းခံရပြန်တာလဲ? ရာဇဝတ်ဌာနက ဝရမ်းမရှိပဲ တိုက်ရိုက်လာဖမ်းတယ်ဆိုတော့ ခိုင်လုံတဲ့ သက်သေရှိနေမှာပဲ စိုးရသည်။ ထိုသို့မဟုတ်ရင်တောင် အရာရှိက စုံစမ်းစစ်ဆေးခံရသည်ထိ အခြေအနေဆိုးလျှင် တော်ရုံလွတ်ရိုးထုံးစံမရှိ။
"အမေ...."
ကျောက်လန်နဲ့ လုယန်က အားကိုးတကြီး ကြည့်နေသည်။ သခင်မကြီးလည်း တဒင်္ဂ ဘာအကြံအစည်မှ တွေးမရနိုင်သေး၊အခြေအနေကအတော်ရှုပ်ထွေးနေသည်။ မိသားစုထောက်တိုင်တွေအားလုံးဖြုတ်ခံနေရသဖြင့် မျက်စိပိတ်နားပိတ်ကာ ငြိမ်နေ၍မဖြစ်တော့၊ သို့သော် လည်ပင်းမှာ ကြိုးကွင်းကစွပ်မိနှင့်နေပြီဖြစ်ပြီး လက်လွတ်စပယ် မပြောဆိုရဲပဲ ချင့်ချိန်နေရသည်။
ခုချိန်မှာ သူပြောမည့် စကားတစ်ခွန်း၊နှစ်ခွန်းက လက်ရှိအခြေအနေပေါ် သက်ရောက်လိမ့်မည်။ ကံဆိုးလျှင် အားလုံး မိဘအိမ်ပြန်ရနိုင်သည်။
ရှန်ရွေ့ထင်ကို ယခုအချိန်မှ သွားရှာပါက မေ့လဲချင်ယောင်ဆောင်တာ ပေါ်သွားမှာ ဖြစ်ပြီး အရေးကြီးသည့်ကိစ္စများဖြေရှင်းပေးပါရန် ရှန်ရွေ့ထင်အား လွယ်လင့်တကူတောင်းဆို၍ မရတော့မှာ စိုးရိမ်မိသည်။
"သခင်မကြီး.. ကျောက်နဲ့ လုသခင်မရဲ့မိသားစုက လူတွေ ရောက်နေပါတယ်"
ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေစဉ် ချွင်းကျီက သတင်းပို့လာသည်။ ကျောက်လန်နဲ့လုယန်တို့ အချင်းချင်း ကြည့်လိုက်မိပြီး စိတ်ထဲ မကောင်းသည့်ခံစားချက်ဖြစ်တည်လာသည်။ အဲ့ဒီသတင်းလာပို့တာ ဖြစ်နေမလား....
"ပေးဝင်လိုက်"
စိတ်လှုပ်ရှားစွာနဲ့ အထဲ ဝင်ခွင့်ပေးရန် အမိန့်ပေးလိုက်သည်။ အိမ်ထိန်းနှစ်ယောက်အခန်းထဲဝင်လာပြီး မတိုင်ခင်က သခင်မကြီး၏အစေခံ ပြောသည့် အတိုင်း တသဝေမသိမ်း သတင်းပို့သည်။
"မဖြစ်နိုင်ဘူး၊ ဒါလုံးဝ မဖြစ်နိုင်ဘူး"
ကျောက်လန်ရော လုယန်ပါ ထိုင်ခုံပေါ် အရုပ်ကျိုးပျက် ထိုင်ချမိသည်။ ယုံကြည်ခြင်းများစွာနဲ့ တတွတ်တွတ်ရေရွတ်လျက်... သူတို့မိသားစုတွေ အဆင်ပြေနေခဲ့ပြီလေ... ဘယ်လိုလုပ် စုံစမ်းစစ်ဆေးခံရမှာလဲ? ဘာကြောင့်လဲ?
"သန္ဓေယုတ်! ဟိုကောင်"
သခင်မကြီးရဲ့ပါးစပ်က ရုတ်တရက် ထွက်ကျလာတာကြောင့် ကျောက်လန်တို့လည်း။အသိဝင်လာကြသည်။ သုန်မှုန်နေတဲ့ မျက်နှာထားနဲ့..
"ဟုတ်တယ် အဲ့ဒါရှန်လျန်ဆိုတဲ့ကောင် လက်ချက်ပဲ နေမှာ၊ အမှုတိုင်တဲ့သူက သူပဲ သေချာတယ်"
ရှန်လျန်မလုပ်နိုင်ရင်တောင် ချင်ဖင်းမြို့စားရှိတယ်၊ သူအကူအညီသွားတောင်းရင် မြို့စားမင်းက ငြင်းမှာ မဟုတ်ဘူး။
"မဖြစ်ဘူး၊ ကျွန်မ လုအိမ်ပြန်လိုက်ဦးမယ်"
လုယန်က ဝုန်းခနဲ ထရပ်ပြီး ပြန်မည်ပြုစဉ် ကျောက်လန်လည်း ထရပ်သည်။သို့ရာတွင် နေမကောင်းသည့် ယောက္ခမအား ထားခဲ့ရမည်ဟုတွေးမိစဉ်...
"သခင်ကြီး ဟယ်ရှန်းဆောင်ကို လာပါတယ်"
"ဟမ်?"
သတင်းပို့သံကြားတာနဲ့ အခန်းထဲ ဝရုန်းသုန်းကားဖြစ်သွားပြီး သခင်မကြီးက အမြန်မေ့လဲချင်ယောင်ဆောင်လိုက်သလို အိမ်ထိန်းသုံးဦးက လိုက်ကာနောက် အမြန်ဝင်ပုန်းသည်။ ကျောက်လန်နဲ့ လုယန်သာ အိပ်ရာဘေးမှာ လူနာကိုပြုစုပေးနေသည့်ဟန် ဆောင်လိုက်သည်။
"သခင်ကြီး"
နှုတ်ဆက်လိုက်သည်နှင့် ရှန်ရွေ့ထင်လည်း အခန်းထဲ ဆက်ဝင်လာသည်။ တစ်စုံတရာမူမမှန်သလို ခံစားမိသော်လည်း အနားရောက်သည်အထိ ထူးခြားမှုမတွေ့ပေ၊ ရှန်ရွေ့ထင် စဉ်းစားမနေတော့ပဲ အိပ်ရာဘေးသို့ တိုးသွားလိုက်သည်။
"အမေ သတိမရလာသေးဘူးလား"
"ခဲအို လည်း တွေ့ရဲ့သားနဲ့ ဘာလို့ မေးနေသေးလဲ"
ကျောက်လန်၊လုယန်က သူ့ဘက်လှည့်မကြည့်၊ ကျောက်လန်က သခင်မကြီးရဲ့ နဖူးမှ ချွေးစေးတွေကို ရေပတ်တိုက်ပေးသည်။ အခန်းထဲ၌ လူသုံးဦးရှိနေသော်လည်း သာသာယာယာအနေအထားမရှိ၊ ရှန်ရွေ့ထင်၏သံသယဝင်မခံရစေရန် ကျောက်လန်တို့ ဟန်ဆောင်နေသော်လည်း မနေနိုင်စွာဖြင့် စကားကိုထော်လော်ကန့်လန့်ပြောလိုက်သေး၏။
ရှင်းရှင်းလင်းလင်းပင် ထိုသူတို့ဘက်ကမှားနေသော်လည်း သူ့အား အဖတ်ပင်မလုပ်ရာ...ရှန်ရွေ့ထင် စိတ်ထဲ ခုသွားသည်။
"ကျုပ်ဒီကို သတင်းပြောပြဖို့လာခဲ့တာ၊ လျို၊ကျောက်နဲ့၊လု မိသားစုက သားတွေ အကျင့်ပျက်၊လာဘ်ထိုးမှုနဲ့ တရားစွဲခံရပြီး ဖမ်းခံလိုက်ရတယ်၊ တိုင်တဲ့သူက ဧကရာဇ်ဆီတိုက်ရိုက် တိုင်တာ၊ အရှင်က ဒေါသထွက်ပြီး ချက်ချင်းရာဇဝတ်ဌာနဆီ အမှုလွှဲအပ်လိုက်တယ်၊ ပြင်းပြင်းထန်ထန်ကိုင်တွယ် အမိန့်ချရမယ်လို့အမိန့်စာမှာတစ်ပါတည်းပါပြီးသား၊ ကျုပ်သိရသလောက် သက်သေအထောက်အထားက ခိုင်လုံပြီး တိကျတယ်တဲ့၊မိသားစုဥပဒေအရဆို မင်းတို့ မိသားစုအရေး ကိုယ်တိုင်ပဲဖြေရှင်းပေတော့"
စကားဆုံးတာနဲ့ အခြွေရံနဲ့အတူ ရှန်ရွေ့ထင် ထွက်သွားသည်။ ကူညီမှု တစ်စုံတစ်ရာမရှိ၊ သူ့သားကိုပင် ဂရုမစိုက်တော့ရာ ကျန်ခဲ့သူတွေမှာ အံကြိတ်နေရုံသာရှိ၏။ ရှန်ရွေ့ထင်၏အမြင်တွင် သူတို့က အဖိုးမတန်တော့သည့်ဟန်။
"မကောင်းဆိုးဝါးလေး..."
သခင်မကြီးက တံခါးဘက်ကိုစူးစူးရဲရဲ စိုက်ကြည့်ကာ အော်ဟစ်သည်။ အကြည့်က ခက်ထန်ပြီး အဆိပ်ပြင်းသည်။
"ကျွန်မ အရင်ပြန်နှင့်မယ်"
လုယန်က အမုန်းတရားများထပ်တူခံစားရေပမယ့် မျှဝေပြောဆိုနေရန် အချိန် များစွာမရှိချေ။ နှုတ်ဆက်စကားဆိုပြီးတာနဲ့ ခပ်သုတ်သုတ်ပြေးထွက်သွားသည်။ ကျောက်လန်လည်း နောက်ကအမြန်လိုက်သွား၏။ ယောက္ခမကြီးကို အနာဂါတ်မှာ အားကိုးလို့ မရတော့၊ ခင်ပွန်းသည်များလည်း သူတို့မျက်နှာကို ယခုချိန်တွင် မမြင်ချင်ဆုံးဖြစ်လိမ့်မည်ထင်၏။
"အမြန် လုအိမ် ပြန်မယ်"
လုယန်က ရထားလုံးပေါ် တက်ပြီး ဦးတည်မယ့်နေရာကို ပြောလိုက်သည်။ တစ်ဖက်မှာ ကျောက်လန်လည်း သူ့မိခင်အိမ်သို့မောင်းရန် အမိန့်ပေးလိုက်ပြီး လှည်းနှစ်စီးသည် တုံးလင်အိမ်တော်မှ အရှိန်မြင့်မြင့် ထွက်ခွာသွားသည်။
ထွက်ခွာလာပြီး တရားရုံးတော်နားအရောက် တွင် သူတို့လှည်းပေါ်ကို အလောင်းနှစ်လောင်း ပစ်တင်ခံလိုက်ရသည်။ ပြည်တည်နာအရိအရွဲတွေနဲ့ ညစ်ထေးလှတဲ့ ကိုယ်ပေါ်မှာ အဝတ်အစားကလည်း လိုက်ဖက်စွာ စုတ်ပြတ်နေသည်။ ကျောက်လန်၊လုယန်နဲ့ အစေခံတွေအကုန် ငယ်သံပါအောင် အော်ဟစ်လိုက်ကြပြီး မေ့လဲမတတ် ထိတ်လန့်သွားသည်။
လူစည်ကားရာ မြို့လယ်ကောင်နားဖြစ်တာကြောင့် သူတို့အော်သံက လူတွေရဲ့အာရုံကို ဆွဲဆောင်မိကာ ရှန်ရွေ့ထင်ဆီ သတင်းရောက်သွားနိုင်သည်။ ထိုအချိန်တွင် သခင်ကြီးမှ စုံစမ်းရန် အလောင်းနှစ်လောင်းကို ယူဆောင်သွားလျှင် ဆိုသော အတွေးဖြင့် ကျောက်လန်တို့ သွေးပျက်သွားသည်။ အရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေသူအဖို့ သူတို့နဲ့ လှည်းပေါ်ပစ်တင်ခံရတဲ့ ဤနူနာအလောင်းနှစ်လောင်းဟာ ဆက်စပ်မှုရှိနေမယ်မှန်း သတိပြုမိမှာ မလွဲ။
အထိတ်ထိတ်အလန့်လန့်နဲ့ပဲ ဆင်ခြင်တွေးတောမိကြသည်။ ဒီကိစ္စပေါ်သွား၍မဖြစ်၊ တစ်ယောက်မှ နှုတ်ဟ၍မဖြစ်၊ တစ်ယောက်ယောက်က စောင့်ကြည့်နေပြီး စုံစမ်းလိုက်လို့ နူနာရောဂါဖြစ်နေတဲ့ လူနှစ်ယောက်က ဘယ်နေရာမှာ နေမှန်းသိသွားရင်၊ ရှန့်ကော ဘုရားကျောင်းနားတွေ့ဖူးတယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ရင် ၊သူတို့ဘုရားကျောင်းသွားတက်တဲ့နေ့နဲ့ တိုက်ဆိုင်နေမှန်း သတိထားမိသွားရင် ၊ရှန်လျန့်ကိုဖျက်စီးဖို့ကြံစည်ခဲ့မှန်း ဆက်စပ်မိသွားရင်၊ အပြစ်ကအရမ်းရှင်းသွားလိမ့်မယ်။
ဒါတွေအားလုံး ရှန်လျန် လက်စားပြန်ချေမှန်း သူတို့ သိနေခဲ့သည်။
အလောင်းတွေကလည်း အသတ်ခံရတာ မဟုတ်ပဲ သဘာဝအရ သေဆုံးသွားတာဖြစ်သည်။ ရှန်လျန်ကလည်း ယခုအချိန် ကျိုးလီပုမှာ ရှိနေတော့ လက်ညိုးထိုးပြစ်တင်၍မရ၊ ဒီကိစ္စက ဒီမှာပဲ ပါးစပ်ပိတ်ကာ နေရတော့မည်ဖြစ်သည်။
"ဘုန်း!"
ရှန်ရွေ့ထင်က စားပွဲပေါ် ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။သတင်းက သူ့ဆီ တန်းတန်းမတ်မတ် တိတိကျကျ ရောက်၏။ ဖြစ်စဉ်ကို သူ မခန့်မှန်းမိပဲ မနေချေ၊ တော်တော်ရက်စက်တဲ့လူတွေ... ဘာကြောင့် ရှန်လျန့်ကို ဝိုင်းအနိုင်ကျင့်ကြတာလဲ? ရောဂါသည်နှစ်ယောက်နဲ့ကို ဖျက်စီးခိုင်းကြတာ!
"သခင်ကြီး"
ရှန်ကျီက သခင်ကြီးကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။ ထိုလူတွေက ရွံစရာကောင်းတဲ့လုပ်ရပ်တွေ ကျူးလွန်ထားကြ၏။
"အဲ့ဒီကလေး ဒုက္ခတွေ ဘယ်လောက် ခံခဲ့ရရှာမလဲ? ငါဘယ်လို ပြန်ပေးဆပ်ရမလဲ မသိတော့ဘူး"
ရှန်ရွေ့ထင် ယူကြုံးမရဖြစ်ကာ မျက်ရည်ဝေ့တက်လာသည်။ ဖခင်၏သေဆုံးမှုကြောင့် သားဖြစ်သူက နက္ခတ်ဆိုးနှင့်မွေးသော သားဟုစွပ်စွဲခံရသည့်အပြင် သူကတစ်ဖန်နှစ်ပေါင်းများစွာ လစ်လျူရှုခဲ့သေးသည်။ ချစ်လှစွာသော ဇနီးနှင့် ရုပ်ရည်တစ်ထေရာတည်း ချွပ်စွပ်တူသည့် သားငယ်လေးကို ကလေးဘဝထဲက သူဘယ်လိုဆက်ဆံမိခဲ့သလဲ?
မိသားစုဝင်တွေက သူ့သားအပေါ် ကြံစည်ခဲ့သမျှ သူ မကာကွယ်ပေးနိုင်ခဲ့သည့်အပေါ် ပြုံအော၍ ရင်ကွဲမတတ် ခံစားနေရသည်။
"သခင်ကြီး"
ရှန်ကျီ သက်ပြင်းအသာချသည်။
" သခင်ကြီး ပဉ္မသခင်လေးရဲ့ နာမည်ဆိုးကို ချေဖျက်ပေးလိုက်ပါ၊အချိန်မနှောင်းသေးပါဘူး"
"ပြင်ဆင်ဖို့ တွေးမိသရွေ့ မနောက်ကျသေးပါဘူး၊ သခင်လေး တစ်ယောက်ထဲ အားကိုးရာမရှိ လျှောက်လမ်းနေရရှာတယ်"
"ငါ...."
ရှန်ရွေ့ထင် လက်သီးတင်းတင်းဆုပ်ကာ ပြောသည်။
"ရထားလုံး အသင့်ပြင်ထား၊ ကျုပ် ဝမ်ယွဲ့မြို့ကို ခုချက်ချင်းသွားမယ်"
ရှေ့ဖြစ်ဟော ဘုန်းတော်ကြီးနဲ့ တွေ့ရန် နည်းနည်းမှ မစောင့်နိုင်တော့ချေ။ သားငယ်က လူကောင်းတစ်ယောက်ဆိုတာ နားနဲ့ ဆတ်ဆတ်ကြားချင်သည်။ သို့သော်လည်း သွားမေးခါမှ သူ့ မျှော်လင့်ချက်ကို အကြီးအကျယ် ရိုက်ချခံရမှာလည်း စိုးမိသည်။ ရှန်ကျီပြောတာ မှန်သည်။ သူ့သား အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ဖို့အရေးကြီးသည်။
"ဟုတ်ကဲ့"
ရှန်ကျီက ပျော်ရွှင်စွာနဲ့ ချက်ချင်း ပြေးထွက်သွားသည်။
ရှန်ရွေ့ထင်က နောက်လှည့်ကာ နံရံပေါ်က ချစ်ဇနီး၏ ပုံတူကားချပ်ကိုငေးကြည့်လိုက်သည်။ ထို့နောက် လက်ဆန့်ကာ မဝံ့မရဲအပြုံးဖြင့် ထိတွေ့လိုက်ပြီး...
"ကျစ်ထျန် ကိုယ်တစ်ကယ် မှားသွားပါတယ်၊မင်းနဲ့ လျန်လျန် ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား "
သူ့စကားကို မည်သူမှ တုံ့ပြန်ခြင်းမရှိ၊ အခန်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်....
2463 words
Grape 🍇
(Tn. အဆုံးထိ စောက်သုံးမကျတဲ့ အဖေပဲ)
Loveyourself
1 year ago
တော်သေးတယ် လျန်လျန်လေးက သန်မာလို့ ကိုယ်တွေသာဆို 10ခါပြန်မွေးဖွားလည်း အဲ့လိုလက်စားချေနိုင်ပါ့မလား