'အိမ်ပြန်ရောက်ပြီ၊ ရှန်နဲ့ လျို စကားများကြပြီ'
နှစ်တစ်နှစ်၏ ဧပြီလကုန်သို့ရောက်သောအခါ တရားစီရင်ရေးဝန်ကြီးဌာနက အမှုထမ်းစစ်ဆေးပွဲ၌ လာဘ်စားသည့်အမှုကို တရားဝင်ပိတ်သိမ်းလိုက်သည်။ ထိုနေ့တွင် တရားရုံး၌ လာရောက် နာကြားသူများဖြင့် စည်ကားနေခဲ့သည်။ ဖုယွင်ရှီးအား အပြစ်ကင်းစင်ကြောင်း ကြေငြာခဲ့ပြီး လူအုပ်ကြီးက ကောင်းချီးဩဘာပေးခဲ့ကြ၏။ အားလုံးနှင့်ဆန့်ကျင်စွာ ဖုယွင်ရှီးက တည်တည်ငြိမ်ငြိမ်ဖြင့် မျက်နှာ အမူအရာမပြောင်းပဲ အမှန်တရားကို လက်ခံခဲ့သည်။ တစ်နှစ်ပတ်လုံး ဖုံးခံထားရသမျှ နာကျည်းချက်ဆူးဒဏ်တွေကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ပြီဆိုသည်ကပင် သူ့အတွက် လုံလောက်သွားပြီ ဖြစ်၏။
ထို့နောက် တရားစီရင်ရေးဌာနက စစ်ဆေးကြီးကြပ်သူ ဝမ်ယွမ်နှင့် အပေါင်းအပါအရာရှိတို့ကို ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့၏။
ဝမ်ယွမ်၏ ဆွေစဥ်မျိုးဆက် သုံးဆက်တိတိ ယောင်္ကျားသားများအားလုံး ကွပ်မျက်ခံရမည်ဖြစ်ပြီး ၊အမျိုးသမီးများက သာမာန်အရပ်သူမှ ပြည့်တန်ဆာ အဖြစ် ရောင်းချခံရမည် ဖြစ်၏။
အပြစ်ဒဏ်စီရင်ရာ၌ အိမ်သားများပင် မလွတ်စေရအောင် တင်းတင်းကြပ်ကြပ် စီရင်ချက်ချခဲ့သည်။
မရှေးမနှောင်းပင် လာဘ်ထိုးရာ၌ ပါဝင်ခဲ့ကြသည့် အပြစ်သားများကိုလည်း ပြစ်ဒဏ်စီရင်၏။ ရှန်ရှောင်နဲ့ ရှန်ယန်၏ လာဘ်ထိုးပမာဏက မည်မျှ နည်းပါးသည်ဖြစ်စေ ၊ ထိုသူတို့က မှူးကြီးမတ်ရာ၏သားများဖြစ်ရာ မကျူးလွန်သင့်သည့် မူဝါဒများကို ပို၍ပင် သိရှိရင်းနှီးနေရမည်ဖြစ်၏။ သိသိလျက်နှင့် ကျူးလွန်သည့် အတွက်ကြောင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် 10နှစ်ချမှတ်ခဲ့ပြီး ဒဏ်ငွေ လေးသောင်း ထပ်မံ ပေးဆောင်စေသည်။
ရှန်ေရွ့ထင်က ဧကရာဇ်အား နိုင်ငံ့ဘဏ္ဍာတိုက် လျော့ နည်းနေသည်ကို စဉ်းစားပေးပါရန် အထပ်ထပ်အခါခါ အသနားခံခဲ့သည်။နောက်ဆုံးတော့ ဧကရာဇ်က ရှန်ရှောင်နှင့် ရှန်ယန်တို့ကို ထောင်ဒဏ်မှ လွတ်ကင်းခွင့်ပေးလိုက်ပြီး ငွေဒဏ် ငါးသိန်းငါးသောင်း ဆောင်ရန် အမိန့်ပြောင်းပေးလိုက်၏။
ရှန်ရွေ့ထင်သည် သူ့မိသားစုဝင်များ၏ တင်ိုငို တရယ်ရယ် အသံများကို မကြားချင်တော့သည့်အဆုံး၌ အိမ်ဝိုင်းအချို့နှင့် ဆိုင်ခန်းများကို ရောင်းချကာ တုံးလင်အိမ်၏ ပိုင်ဆိုင်မှု တစ်ဝက်ပမာဏဖြစ်သည့် ငွေ ငါးသိန်းငါးသောင်းနှင့် ကလေးများ၏ လွတ်မြောက်ခွင့်ကို လဲလှယ်ခဲ့သည်။
ဤတွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခုက စစ်ဆေးကြီးကြပ်သူများနှင့် အပြစ်သားများအားလုံး အပြစ်ပေးခံရပြီးနောက်တစ်နေ့တွင် မဲမှောင်နေသည့် မိုးကောင်းကင်က တိမ်ကင်းစင်ကာ သာယာလျက်ရှိရာ ဧကရီက တရားမျှတမှုနှင့် ပတ်သက်ပြီး အမှန်တစ်ကယ် ငြိမ်းချမ်းစွာ မကူးပြောင်းနိုင်ကြောင်း ပြည်သူများက ပိုမိုယုံကြည်သွားကြ၏ ။
တစ်မှုဖြေရှင်းပြီးနောက် တရားစီရင်ရေးရုံးက သဘာဝကပ်ဘေးကိစ္စအား အာရုံစိုက်နိုင်သွားသည်။ ကံကောင်းစွာဖြင့် ချမ်းသာသည့် အပြစ်သားမိသားစုများ၏ ဖေးမမှုဖြင့်တိုင်းပြည်ဘဏ္ဍာအင်အားက တောင့်တင်းခိုင်မာလျက်ရှိသည်။
ကပ်ဘေးကာလမှာ ငွေစီးဆင်းမှုနှုန်းက အလွန်မြန်ပေမယ့် အချိန်မှီပြန်လည် ဖြည့်တင်းထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုရမည်။
"ငွေ ငါးသိန်း ငါးသောင်း၊ အိမ်တော်ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကုန်သွားတာေနာ်၊ ရှန်ရွေ့ထင်က ရက်ရောချက်ပဲ!"
ရှန်ရှောင်နဲ့ ရှန်ယန် အိမ်ပြန်ရောက်ချိန်တွင် ရှန်လျန်က လွဲလို့ တစ်အိမ်လုံး ကြိုဆိုကြသည်။ မည်သူမှ ရှန်လျန့်အားခေါ်ရန် စိတ်ကူးမရှိသလို သူ့ရဲ့တည်ရှိမှုကိုပင် မေ့နေကြဟန်တူ၏။ အမတ်ကြီးရဲ့ ဘက်လိုက်မှုကို ချီယွဲ့နဲ့ချီရွှမ်းက တစ်ဖန် မကျေမနပ်ဝေဖန်၏။
အကျဉ်းထောင်ထဲမှာ အုပ်စုလိုက် ပြုကျင့်ခံရသည့် သတင်းက ဟိုးလေးတကျော်ကျော်ဖြစ်နေရာ အသက်မသေခင် ကယ်တင်လာနိုင်ခဲ့တယ်လို့ပဲ ဆိုရမည်။ သူတို့ အဖက်မလုပ်တာက အတော်လေး အကျိုးကြောင်းသင့်စဉ်းစားတယ်လို့ ရှန်လျန်ထင်မြင်မိသည်။ မဟုတ်လျှင် သူ့ရှေ့၌ ထိုသူတွေ အတော်လေးအရှက်ရရပေလိမ့်မည်လေ။
"ဟုတ်တယ်၊ သိပ်ရက်ရောလွန်းနေတာ!"
ရှန်လျန့်မျက်ဝန်းတွေ အေးစက်သွားသည်။ အမတ်ကြီးရဲ့ ကြွယ်ဝချမ်းသာမှု စည်းစိမ်တွေကို သူဘာတစ်ခုမှ မမက်မောပေမယ့် ရှန်ရွေ့ထင် သူ့သဘောနဲ့သူ ရောင်းချလိုက်တဲ့ ဆိုင်ခန်းတွေနဲ့ အိမ်ဝိုင်းတွေဟာ သူ့အစ်ကိုကြီးရဲ့ ပိုင်ဆိုင်မှုတွေလေ...ငွေပမာဏအများကြီးကို ရှန်ရှောင်တို့အတွက် သုံးလိုက်တဲ့ကိစ္စမှာ ဧကရာဇ်က တခြားဘာအကြံမှ မရှိဘူးလို့ သူတော့မထင်ပါ။ ချင်ဖင်းမြို့စားအိမ်တော်က ဖော်ပြထားတဲ့ခန်းဝင်ပစ္စည်း က ကျိန်းသေပေါက် များပြားတာ ဖြစ်လို့ အပြန်အလှန်အနေနဲ့ တုံးလင်အိမ်တော်ဘက်က ခန်းဝင်ပစ္စည်းပမာဏက ဖော်ပြထားသည်နှင့်ကွာဟနေခဲ့လျှင်....။ငွေတွေကလည်း မကျန်တော့သလောက် သုံးလိုက်သည့်အတွက် ခန်းဝင်ပစ္စည်း မရှိလျှင် ရှန်လျန်က ချင်ဖင်းမြို့စားအိမ်တော်သို့ဝင်ရန် မဖြစ်န်ုင်တော့ပြီ။
"သခင်.. မုရုန်အိမ်တော်က ကျွန်တော်ကနေ တစ်ဆင့် စကားပါးလာပါတယ်"
စကားဝိုင်းဖွဲ့နေစဉ် လေ့ကျန်းက မြေစာအုပ်၊ အိမ်စာအုပ်များကိုင်လျက် ပြန်ရောက်လာသည်။
"ရှန်ရွေ့ထင်က မြို့တော်မှာ ရှိတဲ့ ဆိုင်ခန်းသုံးခန်းနဲ့ အိမ်ဝိုင်း၅ဝိုင်းကို ရောင်းချလိုက်ပါတယ်၊ အဲ့တာကို မုရုန်မိသားစုက ပေါက်ဈေးထက် ၅၀ရာခိုင်နှုန်းလျှော့ပြီး ဝယ်ခဲ့တယ်၊ အဲ့ဒီပိုင်ဆိုင်မှုတွေအပြင်၊ နောက်ထပ် ဆိုင်ခန်းပေါင်း ၂၀နဲ့ ပစ္စည်း သိုလှောင်ခန်း ဂိုထောင်၁၀ခုကို သခင်တို့ရဲ့စေ့စပ်ပွဲအတွက် လက်ဖွဲ့လိုက်ပါတယ်တဲ့"
ရှန်လျန်က စာချုပ်တွေကို ကြည့်လိုက်သည်။ စာချုပ်တိုင်းက အဖြူရောင်ဖြစ်ပြီး ၊မြေနေရာတိုင်းက တန်ဖိုးမြင့်မားသည့်အတွက် ၎င်းတို့ကို ရောင်းချရန် ဆန္ဒရှိသည့် ရှန်ရွေ့ထင်ကို အံ့ဩ၍မဆုံးပေ။ ယနေ့ခေတ်သည် ရောင်းချရန် သာ လွယ်ကူပြီး ပြန်လည်ဝယ်ယူရန် ခက်လေသည် ။
"မုရုန်မိသားစုက အရမ်းကောင်းလွန်းနေပြီ၊ သူတို့ပေးတဲ့ ပိုင်ဆိုင်မှုတွေက လီနင်သားပိတ်စတွေရောင်းတုန်းကရတဲ့ အမြတ်ထက် ကျော်လွန်နေပြီ"
အစက မုရုန်အိမ်တော်ကလည်း ရှန်လျန့်ကို ငွေသားပေးရန် စီစဉ်ခဲ့ပေမယ့် ရှန်လျန်က ငြင်းဆန်ခဲ့ပြီး အချိတ်အဆက်ရနိုင်ရန်သာ တောင်းဆိုခဲ့သည်။ ဤနည်းဖြင့် သူ့ကို ပြန်ပေးလာမယ်လို့ မမျှော်လင့်ထားမိချေ။
"မုရုန်သခင်ကြီးက ပြောလိုက်ပါသေးတယ်၊ နဂိုထဲက ပေးဖို့ စဉ်းစားထားပြီးသားမို့ သခင်လေး အားနာမနေပါနဲ့တဲ့၊တစ်ခုခုလိုအပ်ရင်လည်း သူတို့ကိုအချိန်မရွေးလာရှာနိုင်တယ်လို့ မှာလိုက်ပါတယ်"
လေ့ကျန်းက မုရုန်မိသားစုပါးလိုက်တဲ့ စကားကို တလုံးမကျန် ရှန်လျန့်ဆီ ပြန်တင်ပြလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုလည်း လက်ခံလိုက်မယ်၊ ငါ့အစား ကျေးဇူးတင်စကား ပြောပေးပါဦး"
ဆက်ငြင်းနေရင်လည်း သူတော်ကောင်း အရမ်းဆန်သွားတော့မှာမို့ စာချုပ်တွေကိုယူပြီး ချီယွဲ့ကို ပေးလိုက်တယ်။
"ယွဲ့ကော.. အနာဂါတ်မှာ ဒီကိစ္စတွေကို ကောလက်ထဲ အပ်လိုက်ပြီ၊ တစ်ခုခု မသိတာရှိရင် ဦးလေးဖုကို အကြံတောင်းပေါ့၊ ရွှမ်းကောလည်း အချိန်ရရင် ကူညီပေးလိုက်ဦး၊ တစ်နေကုန် ကိုယ်ခံပညာပဲ သင်မနေနဲ့၊ အဲ့တာမှ ဦးနှောက် သံချေးမတက်မှာ"
"လျန်လျန်ကလဲ...."
လူတိုင်း ရယ်မောမိကြသည်။ ချီရွှမ်းက မကျေမနပ်ငြီးငြူလိုက်ပေမယ့် သဘောမတူပဲ မနေရဲချေ။ သူ့ဘက်မှာ မည်သူမှ မရှိသည်ကတော့ သနားစရာပင်။
"လျန်လျန် စာချုပ်က အဖြူတွေချည်းပဲ၊ ရုံးတော်မှာ အနီ သွားပြောင်းလိုက်ရမလား"
ချီယွဲ့က အဓိက အချက်ကို ထုတ်မေးလိုက်သည်။စာချုပ်ဖြူ၏ ဆိုလိုရင်းက လက်ဝယ်က်ုင်ေဆာင်ထားသူတိုင်း ပိုင်ဆိုင်နိုင်သည့်အဓိပ္ပာယ်ပင်။ စာချုပ်အနီ ကို တရားရုံးတွင် လုပ်ထုံးလုပ်နည်းအတိုင်း သွားပြောင်းရန်လိုအပ်ပြီး စာချုပ်အနီက ပိုင်ဆိုင်သူ၏အမည်ပေါက် ကို အတည်ပြုနိုင်သည်။
သို့ရာတွင် စာချုပ်အနီသို့ပြောင်းရာ၌ ပိုင်ဆိုင်မှု၏ ၁၀ ရာခိုင်နှုန်းအားပေးဆောင်ရန်လိုအပ်ပြီး အခြားတစ်ယောက်သို့ ပြန်လည်လွှဲပြောင်းပေးရာ၌လည်း ပြဿနာရှည်သေး၏။ ထို့ကြောင့် သူဌေးသူကြွယ်များအဖို့ ပိုင်ဆိုင်မှုများကို စာချုပ်ဖြူဖြင့်သာ ထားကြပြီး မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းအမွေ ယူကြသည်။ တော်ရုံ အနီစာချုပ် မပြောင်းကြပေ။
"မပြောင်းနဲ့၊ ဒီဟာတွေက တုံးလင်အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေ၊ ကျွန်တော်ဒါကို တာ့ကောဆီ ပြန်ပေးမှာ၊ စာချုပ်နီက ဇယားရှုပ်တယ်၊ အစ်ကို ကိုယ်တွယ်ရခက်လိမ့်မယ်၊ ဒီတိုင်းပဲ ပြန်ပေးလိုက်တာပေါ့၊ အိမ်ထိန်းကိုခေါ်ပြီး ဆိုင်ခန်းတွေရဲ့ လည်ပတ်ပုံကို မေးမြန်းကြည့်လိုက်၊ နဂိုငှားရမ်းနေသူတွေက ဆက်ငှားပါစေ၊ လွတ်နေတဲ့ နေရာတွေကျတော့ ငှားမည့်လူရှာ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းကောင်းတွေ ပေါ်လာရင်လည်း ကောင်းကောင်းအသုံးချပြီး လုပ်ဆောင်လိုက်ပါ"
ရှန်လျန်က သူသေဆုံးခဲ့တဲ့ ဘဝမှာ ဒီကိစ္စတွေကို ကိုင်တွယ်ခဲ့ဖူးပြီးသားပင်။ ချင်ယွင်ရှန်းက သူ့အပေါ် ဘယ်လောက်ပဲ လစ်လျူရှုထားပါစေ ရှန်လျန်က မိဖုရားတစ်ပါး၏ တာဝန်ကိုတော့ဖြင့် မလစ်ဟင်းစေရ။ ပြန်လည်မွေးဖွားလာရသည့် ယခုဘဝမှာတော့ ဒါတွေကို မထိချင်တော့ပါ၊ ထို့အပြင် အနာဂါတ်တွင် ချင်ဖင်းအိမ်မှာလည်း အိမ်ကိစ္စကိုင်တွယ်ပေးမည့်သူ ရှိလောက်မှာပင်။ သူကတော့ ကြီးကြပ်စီမံပေးရုံသာ လိုအပ်သည်။
"အိုး...ဒါဆိုရင်လည်း ကောင်းပါပြီ..ဒါက!!"
ချီယွဲ့က ခေါင်းငြိမ့်ပြီး တစ်ခုခုပြောရန်ပြင်စဉ် အကြည့်က စာချုပ်ပေါ်ရောက်သွားပြီးနောက် စကားတစ်ခွန်းမှ မပြောနိုင်တော့ပဲ မျက်လုံးအိမ်လည်း နီရဲလာခဲ့သည်။
ရှန်လျန်က သူ့ရဲ့ မူမမှန်မှုက်ု သတိထားမိပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ချီယွဲ့၊ ဖုရင်နဲ့၊ ယောင်းကွမ် တို့က စာချုပ်နားတိုးကပ်ကြည့်လိုက်ကြပြီးေနာက် တုံချွမ်းမြို့နှင့်မိုင်ငါးဆယ်ကွာဝေးသော မြေစာချုပ်ကို တွေ့လိုက်ကြသည်။ လူတိုင်းတခဏခန့် တိတ်ဆိတ်သွားကြသည်။ ဘာလို့ဆို ထိုနေရာက ရှန်လျန် ပြီးခဲ့သည့် ငါးနှစ်လုံးလုံးနေထိုင်ခဲ့ရသည့် နေရာပင် ဖြစ်၏။
"လျန်လျန်...."
ချီယွဲ့က မျက်လုံးနီနီနှင့်တုံ့ဆိုင်းနေပြီး စာချုပ်ကို ရှန်လျန့်ဆီ ကမ်းပေးလိုက်သည်။
"ခုမှ ရောင်းတာ နည်းနည်း နောက်ကျနေပြီလို့မထင်ဘူးလားမသိဘူး"
သူပြောလိုက်တဲ့စကားတွေ ကြောင့် ရှန်ရွေ့ထင်က ရောင်းလိုက်တာများလား?
"လျန်လျန် ကော တုံချွမ်းကို သွားချင်တယ်"
ချီယွဲ့က ရုတ်တရက် ထရပ်လိုက်သည်။ လက်နှစ်ဖက်က လက်သီးတင်းတင်းဆုပ်ထားသည်။
သူ့သားက ရှန်လျန့်ကိုအနိုင်ကျင့်နေတာသိသိရက်နဲ့ ခွင့်ပြုထားတဲ့ အဘွားကြီးရဲ့ စနက်တွေက သူတို့၏မှတ်ဉာဏ်ထဲ မနေ့ တနေ့က ဖြစ်ပျက်ခဲ့သည့်အတိုင်း ကွက်ကွက်ကွင်းကွင်း ပေါ်လာ၏။ အခုတော့ သူတို့လက်ထဲ ရောက်လာပြီဆိုတော့ သေချာပေါက် လက်တုံ့ပြန်ရမည်။ လျန်လျန်၏လက်က စွန်းထင်းစရာမလိုပဲ သူသွားရုံနှင့်ရသည်။
"အစ်ကိုလည်း သွားချင်တယ်၊ အဲ့ဒီကောင်ကို ရိုက်သတ်ပစ်ချင်တာ ကြာလှပြီ"
ချီရွှမ်းလည်း အမြန်ထရပ်ကာ အံတကြိတ်ကြိတ်နှင့်ပြောသည် ။ အတိတ်ကဒဏ်ရာတွေက နာကျင်စရာတွေချည်းမို့ ထုတ်ပင်မပြောချင်ပါ။
"နှစ်ယောက်လုံး သွားမှာ သေချာတယ်နော်"
ရှန်လျန်က အလေးအနက် မေးလိုက်သည်။ ကလေးထိန်းနဲ့သူ့သားက တစ်ကယ်တော့ အားနည်းပြီး အနိုင်ကျင့်လို့လွယ်တဲ့ လူတွေပဲ၊ သူတို့က ခေတ္တခဏတာ အာဏာကိုလွယ်လွယ် ငှားရမ်းခဲ့ရုံတင်ဖြစ်လို့ ရှန်လျန်က စိတ်ထဲပင် မထည့်။ ဒါပေမယ့် ချီယွဲ့ နဲ့ ချီရွှမ်းက ဂရုစိုက်ရင်တော့ ငါးနှစ်လုံးလုံးခံစားခဲ့ရတဲ့ နာကျည်းချက်တွေ ဖြေဖျောက်နိုင်ဖို့ ထိုခရီးကို သူသွားခွင့်ပြုမှာပဲဖြစ်သည်။
"သေချာတယ်"
ညီအစ်ကိုနှစ်ယောက်က တွေဝေနေခြင်းမရှိပဲ ခေါင်းငြိမ့်လိုက်ကြသည်။
"ကောင်းပြီ၊ ဒါဆို မနက်ဖြန်ထွက်နိုင်ဖို့ လေ့ကျန်းကိုစီစဉ်ခိုင်းလိုက်မယ်၊ မနက်မိုးလင်းတာနဲ့ စထွက်လိုက်ကြ၊ ဟိုကကိစ္စတွေပြီးတာနဲ့ ချက်ချင်းပြန်လာဖို့ သတိရနော်၊ ကျုံးလင်ခြံဝန်းက ကောတို့နှစ်ယောက် မရှိလို့မဖြစ်ဘူး"
ပိုင်ဆိုင်မှုတွေက နဂို ပိုင်ရှင်ရှိရာ ကျုံးလင်ခြံဝန်းဆီ ပြန်ရောက်လာတဲ့အချိန်မှာ အမတ်ကြီးရဲ့အိမ်ဝန်းကတော့ တူညီတဲ့အခြေအနေမှာ ရှိမနေပါ၊ ရှန်ရှောင်နဲ့ ရှန်ယန် အိမ်ပြန်လာတဲ့အချိန်မှာ အကုန်လုံးက ပျော်ပျော်ရွှင်ရွှင်ကြိုဆိုကြတာမဟုတ်ပဲ လူတိုင်းက ငိုယိုလိုက်ကြတာမှ တုံးလင် အိမ်တော်သခင်ကြီး သေသွားတဲ့ အတိုင်း။
ရွှေပေါ်မြတင် သခင်လေးနှစ်ပါးက ရုပ်ပိုင်းဆိုင်ရာ ဖျက်စီးခံလိုက်ရရုံတင်မက၊ စိတ်ပိုင်းဆိုင်ရာမှာလည်း အကြီးအကျယ် ထိုးနှက်ခံလိုက်ရသည်။ နှစ်ယောက်သား အိမ်ပြန်ရောက်တာနဲ့ အခန်းတံခါးပိတ်ကာ သခင်မကြီးဖြစ်စေ ၊လျိုရှုန်ဟန်တံခါးလာခေါက်သည်ဖြစ်စေ တံခါးဖွင့်ပေးရန်ငြင်းဆန်ခဲ့ကြ၏။ ကိုယ့်မိသားစုကိုပင် မျက်နှာချင်းဆိုင်ရမှာ ကြောက်ရွံ့သွားကြပြီး သူစိမ်းဆိုလျှင် ဆိုဖွယ်ရာမရှိ။
"အဲ့ဒီထဲမှာပဲ နေနေလိုက်ကြ၊ သေတဲ့ထိနေ၊ ထွက်မလာကြနဲ့တော့!"
ရှန်ရွေ့ထင်က စိတ်မရှည်လာတော့ပဲ ရှန်ရှောင်ရဲ့ခြံဝန်းထဲက ထွက်သွားရန်ပြင်သည်။
"အမတ်ကြီး.. အမတ်ကြီး"
လျိုရှုဟန်က မျက်ရည်တွေနှင့် အမတ်မင်းကိုတားဆီးလိုက်ကာ..
"အမတ်ကြီး.. ရှောင်အာ့မှာ ဘာအပြစ်ရှိလို့ ခုလို ခံစားနေရတာလဲ၊ ဟင့် ဟင့်.. သူက ယောင်္ကျားလေးလေ၊ အမတ်ကြီး သူက ရှင့်ရဲ့သားပါ၊ ရှင် သူ့ေရှ့ေရးအတွက် မပူပန်ဘူးလား"
ရှန်ရှောင်က အပြစ်သားမှတ်တမ်းရှိသွားပြီမို့ ရှေ့လျှောက်မလွယ်ကူနိုင်တော့သည့်အပြင် အကျဉ်းထောင်ထဲက အဖြစ်အပျက်မှာ လူသိရှင်ကြားသတင်းဖြစ်နေခြင်းက အကြီးမားဆုံး ထိချက်ပင်။ သန့်ရှင်းဖြူစင်သည့်ပုဂ္ဂိုလ်လို နေထိုင်သွားနိုင်ရန် ခက်ခဲလှ၏။ ရှန်ရွေ့ထင်ကပါကျောထောက်နောက်ခံ မပေးတော့လျှင် ရှန်ရှောင် တစ်ကိုယ်တည်း ရပ်တည်ရန် ခဲယဉ်းလိမ့်မည်။
"ကျုပ် စိတ်မပူပဲ နေေနလို့လား? ငွေ ၅သိန်း၅သောင်း အိမ်တော်ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်သုံးပေးပြီးပြီလေ၊ မလုံလောက်သေးဘူးလား, လျိုရှုဟန် ! ရှန်ရှောင်က ဘယ်လိုနည်းနဲ့ ကျုပ်သားဖြစ်လာလဲ မင်းမမေ့လိုက်နဲ့! အဲ့ဒီတုန်းက မင်းသာ ကျုပ်ရဲ့ တစ်ဦးတည်းသော အမြောင်မယား မဟုတ်ခဲ့ရင် ခုချိန်မှာ သခင်မ ဖြစ်လာစရာအေကြာင်းမရှိဘူး၊ တရားဝင်ဇနီးရာထူးပေးမယ်ဆိုတုန်းက မင်း ကျုပ်ကို ဘယ်လို ကတိပေးခဲ့လဲ? နှစ်တွေ ဒီလောက်ကြာနေပြီ၊ မင်း ရှန်တာ့အပေါ် တစ်ခါလေးတောင် ကြင်နာဖူးခဲ့လား? ပြီးတော့ မင်းရဲ့အမိန့်မပါပဲ ကလေးထိန်းက ရှောင်ဝူ(ရှန်လျန်)ကို အနိုင်ကျင့်ရဲပါ့မလား? ဒီမှာ!လျိုရှုဟန် ကျုပ်မင်းကို သတိပေးလိုက်မယ်..ရှောင်ဝူကို ကျုပ်ချစ်ချစ်၊မချစ်ချစ်၊ သူ့မှာ ဘာနက္ခတ်ဆိုးတွေပဲ ရှိရှိ သူက ကျုပ်သားပဲ၊ မင်းနဲ့ အစေခံက ဘာအရည်အချင်းနဲ့ သူ့ကို အနိုင်ကျင့်ရဲရတာလဲ!
ရှိသေးတယ်.. ရှေ့ရက်က ရှောင်ဝူက သူ့လူတွေကို ပိုင်ယွင် ဘုန်းကြီးကျောင်းဆီ ပို့လိုက်တာ၊ သူ့ထက်အရင် တခြားလူက ဆရာတော် ကွေချန်ကို သတ်လိုက်တယ်တဲ့၊ မင်းမှာ လျို့ဝှက်ချက် မရှိရင် ဘာလို့ နှုတ်ပိတ်ရတာလဲ? လျိုရှုဟန် မင်းက ကျုပ်ကို စောက်ရူးလို့ ထင်နေတာလား? မှောက်ချင်တိုင်းမှောက် လှန်ချင်တိုင်းလှန်ရအောင်က?"
ရှန်ရွေ့ထင်ရဲ့ ဒေါသတွေက အဆုံးမရှိ ပေါက်ကွဲထွက်လာတော့သည်။ ကွေချန် သတ်ခံလိုက်ရတဲ့သတင်းကြားတော့ ဆိုစရာ စကားတောင် မရှိတော့ဘူး၊ သူဘယ်လောက်ပဲ ထုံထိုင်းနေပါစေ ၊ ရှန်လျန်ရဲ့ နက္ခတ်ဆိုးတဲ့ဇာတ်လမ်းနောက်ကွယ်မှာ တစ်ခုခုရှိမယ်မှန်း ခန့်မှန်းမိပြီးသားဖြစ်သော်လည်း အတွေးနောက် လိုက်မဖော်ထုတ်ခဲ့ရုံသာရှိသည်။ အမှန်တရားကို အကုန်ဖော်ထုတ်နိုင်တဲ့ထိ ကိုင်တွယ်နိုင်မှာ မဟုတ်မှန်း ကြိုသိခဲ့လို့ပင် ။
"မဟုတ်ဘူး၊ ကျွန်မ မလုပ်ဘူး ၊အမတ်ကြီး ကျွန်မ ဘာမှ မသိ..."
လျိုရှုဟန်က ပျာယာခတ်စွာ အမတ်ကြီးရဲ့ လက်ကို သွားဆွဲသည်။ ရှန်ရွေ့ထင်က မညှာမတာ ခါထုတ်လိုက်ပြီး...
"မင်းမဟုတ်ဘူးပေါ့? ရှောင်ဝူနဲ့ တာ့အာရဲ့တည်ရှိမှုက မင်းတို့သားအမိအတွက် အတားအဆီးပဲလေ၊ မင်းမလုပ်ရင် မွေးစားမေမေ လုပ်တာလား? ကျုပ်တို့တစ်အိမ်လုံးမှာ မင်းနဲ့ အမေကလွဲရင်ဘယ်သူက ဒီလောက် လုပ်နိုင်စွမ်းရှိလဲ? လျိုရှုဟန်.. ကျုပ်ဘာသက်သေမှ ရှာမတွေ့စေနဲ့၊ တွေ့တဲ့နေ့ မင်းတို့ သားအမိသုံးယောက်လုံးကို ကျုပ်ကိုယ်တိုင် အသေသတ်မယ်!"
ရှန်ရွေ့ထင်က အနီးကပ်လူယုံ ရှန်ရှန်နဲ့ အတူ ပြန်သွားသည်။ လျိုရှုဟန်က တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ ခင်ပွန်းဖြစ်သူကို မျက်ရည် စက်လက်နဲ့ မျှော်လင့်ချက်မဲ့စွာ ငေးကြည့်နေသည်။
အစကတည်းက ကြောက်ရွံ့တုန်လှုပ်နေတဲ့ ရှန်ချန်က မျက်ရည်တွေကို တိတ်တိတ်လေးသုတ်ပြီး အမေ့လက်မောင်းကို အသာလှမ်းဆွဲသည်။
"အမေ...."
"ရှန်ရွေ့ထင်.. ကျွန်မကို ဒီလိုဖြစ်အောင် ရှင်ပဲ တွန်းအားပေးတာနော်"
လျိုရှုဟန်က သမီးဘက် လှည့်ရင်း ရုတ်တရက် လက်ဖျောက်တစ်ချက် တီးလိုက်တော့ အရိပ်တစ်ခုက ဝင်ရောက်လာသည်။
" မြန်မြန် စလုပ်လိုက်တော့လို့ ငါ့အစ်ကိုကို သွား ပြောလိုက်"
"ဟုတ်ကဲ့"
ညင်သာတိတ်ဆိတ်စွာပဲ ပုံရိပ်က ပြန်လည် ပျောက်ကွယ်သွားသည်။ လျိုရှုဟန်ရဲ့ အန္တရာယ်များတဲ့ အမူအရာကြောင့် ရှန်ချန်က သိချင်စိတ်ပြင်းပြနေသည်။
3015 words
Grape 🍇