'တော်ဝင်အမိန့်တော် ရောက်ရှိလာခြင်း'
"တော်လောက်ပြီ!"
ရှန်ရွေ့ထင် သည်းမခံနိုင်တော့ပဲ မာန်မဲလိုက်သည်။
"လျိုရှုဟန် မင်းနဲ့ နောက်မှစာရင်း ရှင်းမယ်၊ ကောင်စုတ်လေးလို့ ခေါ်တာ ငါမကြားမိစေနဲ့၊ ထပ်ကြားခဲ့ရင် မင်းကို မယားငယ်ရာထူးချပစ်မယ်"
အမှတ်တမဲ့ ပြောထွက်လိုက်တဲ့ စကားသုံးလုံးက ဒီလောက်ထိ ဖြစ်သွားမယ် မထင်ထားတာကြောင့် လျိုရှုဟန်က ပါးနှစ်ဖက်မှာ မျက်ရည်တွေ အတိုင်းအဆမရှိ စီးကျနေလျက်က ထိုင်ခုံမှာ အသက်မဲ့စွာ ထိုင်ချလိုက်သည်။ မိခင်ဖြစ်သူ အနိုင်ကျင့်ခံနေရတာကိုတွေ့တဲ့အခါ ရှန်ချန်က မျက်ရည်တွေ သုတ်လိုက်သည်။ ရှန်လျန် အိမ်ပြန်ရောက်ကတည်းက အဖေက အရင်လိုမဟုတ်တော့ပါ၊ တဖြည်းဖြည်း ဖခင်ကို ပို မုန်းလာမိတော့သည်။
"ပြီးတော့ မင်းရောပဲ.. မင်းဖေဖေ မရှိတော့တာလဲ ကြာလှပြီ ၊အရမ်း ဆတ်ဆတ်ထိမခံ မဖြစ်နဲ့"
"ဆုံးသွားတဲ့သူက အဖေ ချစ်တဲ့သူ မဟုတ်လို့လား"
"ပါးစပ်ပိတ်ထား!"
ထိုစကားလုံးကို ရှန်ရွေ့ထင် မခံစားနိုင်၊ ရှန်လျန်လည်း အဆုံးထိ မီးပူကိုတုတ်နဲ့ မထိုးဖြစ်ခဲ့။
"ကောင်းပြီ၊ မပြောနဲ့ ဆိုလည်း မပြောဘူးပေါ့၊ တစ်ခုတော့ အသိပေးလိုက်မယ်၊ အဖေ့သမီး လုပ်ခဲ့တဲ့ ညစ်ညစ်ပတ်ပတ်ပြဿနာထဲ ကျွန်တော့်ကိုဆွဲမထည့်နဲ့၊ သူနဲ့ ရှန်ကျင်း မနေ့နေ့လည်က စတုတ္ထမင်းသားရဲ့ အရှေ့နားနေဆောင်ဆီ သွားခဲ့တာ ဘယ်သူ မသိလို့လဲ၊ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်ကြီး စကားပြောခဲ့ကြတာပဲလေ၊ ညီအစ်မနှစ်ယောက် အတူတူပူးပေါင်းပြီးမှ မတရားခံရပါတယ် အော်နေတယ်၊ သူခိုးက လူပြန်ဟစ်နေတာ ရယ်ချင်စရာကြီး"
ရှန်ချန်နဲ့ ရှန်ကျင်းရဲ့ အရှက်မရှိ မြူစွယ်ပုံက်ို မသိကြမှာစိုး၍ တစ်လှေထဲ ဖြစ်သွားအောင် အကုန်ဆွဲပြောရင်း ကူညီပေးလိုက်သည်။
"ရှန်လျန် တိတ်စမ်း! "
ရှန်ချန်၊ရှန်ကျင်းသာ မက ဖခင်ရှန်ညီအစ်ကိုနှစ်ဦးလည်း ဒေါသထွက်လာသည်။ သို့ရာတွင် မှားယွင်းသည့် အကြံဉာဏ်ပေးသူ ရှန်အဖွားအိုက အဓိက ပံ့ပိုးပေးသူဖြစ်ပြီး တစ်မိသားစုထဲကဆိုတာကိုသူတို့မေ့သွားပုံရ၏။
"တိတ်ရမှာက မင်း!"
ရှန်လျန် ပြန်ပြောတာမဟုတ်ပဲ မိသားစုခေါင်းဆောင်ဖြစ်သည့် ရှန်ရွေ့ထင် အော်လိုက်တာပင်။
"အစ်ကိုကြီး ဒါဘာသဘောလဲ၊ ရှန်လျန်က ကျုပ်သမီးနဲ့ တူမလေးကို အကြိမ်ကြိမ် စော်ကားနေတာ၊ ဒီလောက်လေးတောင် ဆူခွင့်မရှိဘူးလား"
ဒီတစ်ကြိမ်မှာ ထိန်းကျောင်းပေးမယ့် မိခင် မရှိတာကြောင့် ရှန်ညီအစ်ကိုနှစ်ယောက်လုံးက အရိုအသေတန်ပြီး ကိုယ့်စိတ်ကိုယ် မချိန်ညှိနိုင်ကြတော့ပေ။ ရှန်ရွေ့ထင် ထက်ပင် စိတ်ကြီးနေကြသည်။
"စော်ကားတယ်ဟုတ်စ၊ တစ်ကယ် စော်ကားသွားတဲ့ တရားခံက ဘယ်သူလဲ၊ မင်းကြောင့် တုံးလင်အိမ်တော်သခင်က ငါဆိုတာ သတိရတော့တယ်"
ရှန်ရွေ့ထင်လည်း ညီနှစ်ယောက်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မကျေနပ်တာ ကြာခဲ့ပြီဖြစ်သည်။ မည်းပြာနေတဲ့ မျက်နှာတွေကို လစ်လျူရှုလိုက်ပြီး ဆက်မေးသည်။
"ငါသိချင်တာက..ရှောင်ဝူပြောတာ အမှန်သာဆိုရင် မနေ့နေ့လည်က ရှန်ချန်နဲ့ ရှန်ကျင်းတို့ တစ်ကယ်ပဲ မင်းသားနဲ့ စကားပြောခဲ့ကြတာလား"
"အပျို ၊လူပျို အဲ့လိုဆိုမှတော့ ညဘက် ဘာမှမဖြစ်ကြဘူးဆိုတာမှ ထူးဆန်းဦးမယ်၊ စုံစမ်းစရာမလိုလောက်တော့ဘူး"
"....."
ရှန်ချန်နဲ့ ရှန်ကျင်းတို့ ပြောစရာ စကားမဲ့နေသည်။ လျိုရှုဟန်နဲ့ ရှန်ညီအစ်ကိုတို့မျက်နှာထားက အကျဉ်းအကြပ်ထဲ ရောက်နေသည်။ ငြင်းဆန်လို့လည်း မရပြန်၊ စကားပြောခဲ့ကြပေမယ့် ရိုးရိုးရှင်းရှင်းသာဖြစ်ကြောင်း ပြောပြန်လည်း ယုံကြမည် မထင်။ နေ့ဘက်စကားပြောရာမှ ညဘက် အိပ်ရာတူတူဝင်သည်ထိ မှားယွင်းသွားခြင်းနှင့်သာ အဆုံးသတ်သည်။
"ကောင်းပြီ၊ ငါ့အိမ်တော်ကနေ စာရိတ္တကောင်းမွန်တဲ့ကြင်ယာတော် မွေးထုတ်ပေးလိုက်ရတာပေါ့"
အဖြေပင်မလိုအပ်တော့ချေ။ မျက်နှာတွေ အကဲခတ်ရုံနှင့် ရှန်ရွေ့ထင် အရာအားလုံးကို မြင်နိုင်သွားသည်။ ဒေါသတကြီးနဲ့ တစ်ယောက်ချင်းစီတိုင်းကို လက်ညှိုးတထိုးထိုးလုပ်ကာ
"ဧကရာဇ်က ကောင်းကောင်းဖြေရှင်းပေးဖို့ ဆုတောင်းကြ၊ မဟုတ်လို့ကတော့ အကုန်လုံးကို သာသနာ့ဘောင် ဝင်ခိုင်းလိုက်မယ်"
"မလုပ်နဲ့..."
သားအမိ၊ သားအဖ တွေ ဒီစကားကြားတော့ ထိုင်ခုံမှာ ကူကယ်ရာမဲ့စွာ ထိုင်ချလိုက်ကြသည်။ စတုတ္ထမင်းသားက မိန်းကလေးနှစ်ယောက် အဝတ်ဝတ်တာတောင် မစောင့်ပဲ မနက်မိုးလင်းတာနဲ့ လုယန်ဆီ သတင်းပို့ပေးလာသည်ကိုကြည့်လျှင်တော်ကောက်ချင်သည့် ဆန္ဒရှိပုံလုံးဝ မပေါ်၊ သူတို့တစ်တွေ ဘုန်းကြီးကျောင်းပဲ သွားရတော့မှာလား....
"တော်ဝင်အမိန့်တော် ရောက်တယ်!"
လေထု အခြေအနေက စိုးရိမ်ကြောင့်ကြနေစဉ် ကုန်းကုန်း၏ အသံကို ရုတ်တရက် ကြားလိုက်ရသော် အလန့်တကြားဖြစ်ကုန်သည်။
မိန်းမစိုးများစွာက တော်ဝင်အမိန့်တော်နဲ့ အတူအိမ်ထဲ လျှောက်ဝင်လာကြသည်။ ရှန်ရွေ့ထင်ကို တစ်ချက် ကြည့်လိုက်ပေမယ့် တားလိုဟန်လည်း မရှိ၊ မိသားစုဝင်တွေကလည်း အာရုံမစိုက်သည်ကို မြင်သော် ကုန်းကုန်းက တိုက်ရိုက်ပဲ တော်ဝင်အမိန့်ပြန်တမ်းလွှာကို ဖွင့်ချလိုက်သည်။
"ကျွန်တော်မျိုး အမိန့်နာခံပါတယ်"
ရှန်ရွေ့ထင်က ပြန်တမ်းလွှာ ဖွင့်သည်ကိုမြင်သော် ကပျာကယာနဲ့ ဒူးထောက်ပြီး အမိန့်နာကြား၏။ ကုန်းကုန်းက အပိုအလိုတွေ မပြောပဲ အမိန့်အတိုင်း တသေဝေမတိမ်းဖတ်ပြသည်။
"ကောင်းကင်ရဲ့ အလိုဆန္ဒအရ တ့ချင်ဧကရာဇ်မှ အမိန့်ထုတ်ပြန်လိုက်သည်။ ရှန်ရွေ့ထင်ရဲ့သမီး ရှန်ချန်နဲ့ ရှန်ရွေ့ကျန်းရဲ့သမီး ရှန်ကျင်းတို့ နှစ်ယောက်အား အမျှော်အမြင် ဉာဏ်ပညာကြီးမားပြီး၊ ခန့်ညားချောမောသော စတုတ္ထတော်ဝင်အရှင့်သားတော်ရဲ့ ကိုယ်လုပ်တော်တွေ အဖြစ်ခစားရန် တရားဝင်ခန့်အပ်လိုက်သည်"
"ကိုယ်လုပ်တော်?"
အမိန့်တော်အရ ရှန်ကျင်းရော ရှန်ချန်ပါ ကိုယ်လုပ်တော် အဆင့် ခန့်အပ်ခံရသည်။ ထိုရာထူးက လူတိုင်း မထင်မှတ်ထားတာကြောင့် ရှန်လျန်ပင် အံ့ဩမိ၏ ။ ထို့အပြင် ဧကရာဇ်၏ ကျွမ်းကျင်သော လှည့်ကွက် ကိုလည်း အထူးချီးကျူးမိသည်။ ရှန်ချန့်အား ကြင်ယာတော်ရာထူးထိတိုးပြီးမှ ရိုက်ချလျှင် ပျော်စရာကောင်းမည်တွေးမိသော်လည်း ဧကရာဇ်က တစ်ကယ်ကြီး ကိုယ်လုပ်တော်အဖြစ် အမိန့်ချလိုက်သည်။ အရင်ဘဝက ရှန်ချန်ဟာ ကိုယ်လုပ်တော်ဖြစ်ခဲ့ပြီး ယခုလည်း ကိုယ်လုပ်တော်ပင် ဖြစ်နိုင်ပုံရ၏။
"အမိန့်ကို နာခံလျက်ပါ၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ "
"သက်တော်ရာကျော် ရှည်ပါစေ"
တော်ဝင်အမိန့်တော် ဆိုမှတော့ ဘာတတ်နိုင်သေးသနည်း၊ လက်ခံ ရုံသာရှိ၏။
"ရှန်အမတ်ကြီးကိုဂုဏ်ပြုပါတယ်၊ အရှင်မင်းကြီးက မိန့်ကြားလိုက်ပါသေးတယ်၊ သခင်မလေးနှစ်ယောက်က စတုတ္ထသားတော်ကို နှစ်သက်တယ်ဆိုမှတော့ ချစ်ခြင်းကိုလိုက်ခွဲတဲ့ သူ မဖြစ်ချင်ပါဘူးတဲ့၊ စတုတ္ထမင်းသားမှာလည်း အခစားဝင်တဲ့ အပျိုတော် မရှိသေးဘူးဆိုမှတော့ ဒီက မိန်းကလေးနှစ်ဦး နောက်တစ်ရက်မှာ အခစားဝင်နိုင်အောင် နန်းတော်ကိုအမြန်ဆုံးဝင်ဖို့ ပြောကြားလိုက်ပါတယ်"
ကုန်းကုန်းက တော်တင်အမိန့်ပြန်တမ်းလွှာကို ရှန်အမတ်ကြီး လက်ထဲ ထည့်ပေးရင်းပြုံးပြသည်။ အမတ်ကြီးရဲ့ မျက်နှာက မည်မျှ ပုပ်သိုးနေပါစေ ကုန်းကုန်းက ဂရုမစိုက်ပဲ ပီတိဖြာနေပုံပင်။
"အမိန့်အတိုင်းပါ"
ကိုယ်လုပ်တော်ဆိုပေမယ့်လည်း စတုတ္ထမင်းသားက မျက်နှာသာပေးလျှင် လုပ်ထုံးလုပ်နည်းအရ သာမာန် ဇနီးမယားထိမ်းမြားခြင်းလို ထုံးတမ်းအစဉ်အလာ လုပ်ခွင့်ရကြသည်။ ခက်တာက သမီးနှစ်ယောက်အား တွဲ၍ ဝင်သွားရမည်ကို တွေးမိသော် ရှန်ရွေ့ထင် တစ်ကယ် မပြုံးနိုင်ပါ။
"ဒါဆိုရင် ပြန်ခွင့်ပြုပါဦး၊ ကုန်းကုန်းတို့ နန်းတွင်းဝင်ပြီး အချိန်မှီသတင်းပို့ရဦးမှာမို့ပါ"
စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု အရမ်းမမြင့်သည်ကိုတွေ့သော် မိန်းမစိုးက ပြန်လည်ထွက်ခွာရန်ပြင်၏။ ရှန်ရွေ့ထင်က အမြန်အချက်ပြလိုက်တော့ အခြွေရံ ရှန်ကျီက စာအိတ်နီတစ်ထပ် ကမ်းပေးကာ ဧည့်သည် ပို့၏။
"မင်းတို့ ဖြစ်ချင်တာ ဒီလိုမျိုးလား"
မိန်းမစိုးများ ထွက်ခွာသွားသော် ရှန်ရွေ့ထင်က သမီးနှစ်ယောက်ဘက် စိတ်ပျက်လက်ပျက် လှည့်မေးသည်။ တုံးလင်အိမ်တော်က ကိုယ်လုပ်တော်အဆင့်ပဲ ခန့်အပ်ခံရတာ လူတွေ ဘယ်လောက် လှောင်ရယ်လိုက်ကြမလဲ?
"ကိုယ်လုပ်တော်အဖြစ် ခစားတာက သီလရှင်သွားဝတ်ခိုင်းတာ ထက် ပိုကောင်းပါတယ်"
သမီးကိုဖက်ပွေ့ထားတဲ့ လုယန်က လေသံတိုးတိုးနဲ့ ရေရွတ်လိုက်ပေမယ့် လူတိုင်းကြားရသည်။ ရှန်ရွေ့ထင် သူ့နဖူးသူ လက်ချောင်းဖြင့် နှိပ်နယ်လိုက်ရသည်။ တစ်ခဏကြာမှ အမိန့်စာကို ရှန်ရွေ့ကျန်းဆီ ပစ်ပေးလိုက်သည် ။
"မင်းတို့ကျေနပ်တယ်ဆိုရင်လည်း ငါ့မှာ ပြောစရာမရှိတော့ဘူး၊ ထုပ်ပိုးစရာရှိတာ အမြန်ထုပ်ပိုးတော့၊ ခုနက ပြောသွားတဲ့ပုံအရ ဘာထုံးတမ်းစဉ်လာ ထိမ်းမြားခြင်းမှ မရှိဘူး၊ အများဆုံး ဝေါယာဉ်ငယ်သေးသေးပဲ ပို့ပြီး လာကြိုလိမ့်မယ်၊ ဒီလိုဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ"
သီလရှင်မှ မဝတ်ချင်ကြတာ၊ ကိုယ်လုပ်တော် ဖြစ်ဖို့ ရွေးချယ်လိုက်ပြီဆိုတော့ အနာဂါတ်မှာ နောင်တမရရင်ကောင်းမယ်၊ တော်ဝင်မျိုးနွယ်မိသားစုဝင်တွေက သူတို့ကို တုံးလင်အိမ်တော်မှာလို စိတ်ကြိုက် လုပ်ချင်တိုင်းလုပ်ခွင့် ပြုမှာ မဟုတ်တော့ဘူး ။
"အမေ..."
ရှန်ချန် ငိုချင်ပေမယ့် အသံကျယ်ကျယ် မထွက်ရဲပဲ အမေ့ကိုအားကိုးတကြီး ဆွဲရုံသာ တတ်နိုင်သည် ။
ကိုယ်လုပ်တော် မလုပ်ချင်ဘူး၊ အမတ်ကြီးရဲ့ သမီးတစ်ယောက်အနေနဲ့ ကိုယ်လုပ်တော် မဖြစ်သင့်ဘူး၊ သူကဘာလို့ သူများလို သိမ်ငယ်နေရမှာလဲ၊ တရားဝင်သမီး တစ်ယောက်အနေနဲ့ သူက ကိုယ်လုပ်တော်ပဲ ဖြစ်တယ်ဆိုရင်တောင် ရှန်ကျင်းဆိုတဲ့ ကောင်မနဲ့ ဘာကိစ္စ အဆင့်တန်းတူဖြစ်ရမှာလဲ...
"နင်လုပ်လို့ နင်ခံရတာပဲ"
လျိုရှုဟန်က နှလုံးသားမဲ့စွာ ပြောလိုက်သည်။ ငယ်ငယ်တည်းက သမီးဖြစ်သူကို တော်ဝင်မိသားစုနဲ့ လက်ဆက်နိုင်အောင် သေချာ လမ်းကြောင်းဖွင့်ပေး ခဲ့သည်။ စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ်ထိုင်နေသရွေ့ ကြင်ယာတော် ရွေးခံရနိုင်သည်။
အခုတော့ ကိုယ့်ကိုကိုယ် ကိုယ်လုပ်တော် အဖြစ် စောစောစီးစီး ရယူလိုက်သည်။ နောက်ပြန်လှည့်ဖို့ အခွင့်အရေးမရှိနိုင်တော့မှာပဲ စိုးမိသည်။
"အမေ...."
မိခင်က အေးစက်စွာပြောလာမယ်လို့ မမျှော်လင့်ထားတာကြောင့် အံကြိတ်ထားရုံသာရှိ၏။ အရာအားလုံးက သူတွေးထားသည်နှင့် ကွာခြားနေခဲ့သည်။
"တော်ချင်ယောင်ဆောင်နေတဲ့ ရှန်ချန်..ဈေးပေါလိုက်တာ"
တစ်ဖက်က လုယန်မှာတော့ စိတ်တိုင်းကျနေလေသည်။ သူ့သမီးက ရှန်ချန်လောက် မတော်ပေမယ့် ကျေနပ်ရပါသည်။ ရှန်ကျင်းက အမေနားကပ်ကာ..
"အမေ.. အသုံးမဝင်တာတွေ ပြောမနေတော့ပါနဲ့ ဖြစ်တာကဖြစ်ပြီးသွားကုန်ပြီ"
သူလည်း ကိုယ်လုပ်တော် ဘယ်ဖြစ်ချင်ပါ့မလဲ၊ ဒါပေမယ့် လက်ရှိ အခြေအနေနဲ့ဆိုရင် ကိုယ်လုပ်တော် နေရာကပဲ အတော်ကောင်းနေပြီ၊ ပြောမရဘူး... သူက စတုတ္ထမင်းသားအတွက် သားကြီး အရင်ဆုံးမွေးချင်မွေးပေးနိုင်မှာပေါ့၊ မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတယ်၊ တစ်ခုပဲ....မနေ့က ကိစ္စ ပေါ်သွားမှာပဲ စိုးရိမ်တယ်။
ရှန်ချန်နဲ့ ရှန်ကျင်းရဲ့ ကိစ္စအဆုံးသတ်သွားတော့ ရှန်ရွေ့ထင် တခြားဘာမှဂရုစိုက်မနေတော့ပေ။ ဘဝသင်ခန်းစာအကြောင်း ကိုယ်ကိုယ်တိုင် ရှာဖွေတာပဲကောင်းသည်။
"အမေ က ဒီအချိန်မှ ဘာလို့ သွေးအန်ပြီး မေ့သွားရတာလဲ၊ ခဲအိုက မျှတအောင် ဆုံးဖြတ်ပေးပါ"
ကျောက်လန်က သူတို့အလှည့်ရောက်တာနဲ့ ငိုယိုအော်ဟစ်သည်။ ရှန်လျန့်ကိုဒေါသတကြီး ညွှန်ကာ...
"ချောင်အာက ရှန်လျန့်အခန်းထဲ ရောက်နေတဲ့ကိစ္စကို ရှန်လျန်က မသိဘူးတဲ့ ဖြစ်နိုင်လား၊ ခဲအိုယုံလား၊ ဘက်မလိုက်ပါနဲ့ရှင်၊ သူက ကျွန်မ သမီးကို ပျက်စီးအောင် လုပ်ခဲ့ပြီး၊ အမေတောင် မေ့လဲတဲ့အထိ ခံစားသွားရတယ်လေ၊ချောင်အာ့အတွက် စိတ်မကောင်းမဖြစ်ရင်တောင် ရှင့်အမေအတွက် မျှတမှုရှာပေးရမယ်လေ"
ကျောက်လန်က စိတ်လှုပ်ရှားနေသလို အတော်လေးလည်း တည်ငြိမ်အောင် ထိန်းထားနိုင်သည်။ရှန်အမေအို အား စကားထဲ ထည့်ထည့်ပြောပြီး ဆုံးဖြတ်ခိုင်းလေသည်။
"ရှန်လျန် မင်းဘာပြောချင်လဲ"
ကံမကောင်းစွာနဲ့ ပုံမှန်ဆို လွယ်လွယ်နဲ့ မာန်မဲပြီး သတ်ပစ်ချင်စိတ်သာ ရှိသော ရှန်ရွေ့ထင်က အရင်နဲ့ မတူတော့တာကို မေ့သွားသည်။တစ်ကယ် တော့ ဒီအိမ်မှာ ရှန်ရွေ့ထင်ရဲ့ သွေးသားရင်းက ရှန်လျန် တစ်ယောက်ထဲသာ ရှိသည်။
"အခန်းက ကျွန်တော်နေရမယ့်အခန်းပဲ ၊ ညဘက် အိပ်မလို့လုပ်တော့ ရေနွေးခွက်မှောက်ကျပြီး အိပ်ရာစိုကုန်လို့ အခန်းပြောင်းလိုက်ရတာ၊ အဖေက ကျွန်တော် ဘာပြောချင်လဲ မေးလာမှပဲ အဒေါ့်ကို တစ်ခုလောက်မေးချင်သွားတယ်၊ သူက ဘာလို့ ကျွန်တော့်အခန်းထဲရောက်နေတာလဲ? သူ့ကိုပြုကျင့်သွားတဲ့သူက ဘယ်သူလဲ"
နှာခေါင်းထိမတတ်ထိုးနေတဲ့ လက်ညိုးကို ဂရုမစိုက်ပဲ ရှန်လျန်ကတော့ တည်ငြိမ်လျက်ပင်။
"ကောင်စ.....ရှန်လျန် တော်တိတ်၊ ငါ့သမီးကို မင်းမစော်ကားနဲ့"
ကောင်စုတ်လေးရဲ့ ပါးစပ်က ထွက်လာမယ့်စကားလုံးကြောင့် တစ်စစီ လုပ်ပစ်ချင်နေသည်။ သမီးရဲ့ တစ်ဘဝလုံးကိုသတ်ပစ်ပြီး တစ်ယောက်ယောက်နဲ့ ဖျက်စီးခိုင်းခဲ့တဲ့ ကောင်...သေချာပေါက် အသက်ချမ်းသာမပေးနိုင်ဘူး။
"ရယ်ရတယ်၊ကျွန်တော် စော်ကားစရာတောင် မလိုပါဘူး"
ရှန်လျန် နှာခေါင်းရှုံ့၏။ သူ့ကိုဒုက္ခပေးလို့ အဲ့ဒီအတိုင်းပြန်လုပ်ပေးလိုက်ရုံတင်၊ ဖြစ်ပျက်ခဲ့တာတွေအားလုံးက ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန် ဆိုသလိုပင်။
"အား...... အားးး "
"မကြောက်နဲ့ အမေရှိတယ် ၊အမေဒီမှာရှိတယ်လေ"
အတိတ်ဆိုးကို သူ့ရှေ့မှာတင် ပြန်ပြောနေတာကြောင့်လား၊ ရှန်လျန့်စကားကပဲ နားဝင်ဆိုးနေလို့လား မပြောတတ် ရှန်ချန်က သူ့ခေါင်းသူ အုပ်ကိုင်ကာ မကြားချင်သည့်နှယ် စူးစူးဝါးဝါး အော်သည်။ ကျောက်လန်က အမြန် ထွေးဖက်ပေးလိုက်ပြီး နှစ်သိမ့်သည်။ လူတိုင်း အကူအညီမဲ့စွာနဲ့ ရှန်ချန့်ကိုကြည့်နေရုံသာရှိ၏။ ယခု ရှန်ချန်၏ ပုံစံက အရူးတစ်ယောက်လို သွက်သွက်ခါ ဖြစ်သွားတော့မည့်ပုံစံ တွေ့ရသည်။
"ကောင်းတယ်၊ မင်းလုပ်ခဲ့တာပေါ့"
ဇနီးနဲ့ သမီးရဲ့ အရှက်ရသည့် မျက်နှာကြောင့် ရှန်ရွေ့ချင်က စိတ်ထဲ ထောင်းခနဲ ဒေါသထွက်လာကာ ရှေ့တိုးပြီး ရှန်လျန့်ကိုရိုက်ရန် လက်ရွယ်သည်။ ရှန်ရွေ့ထင်က အလျင်စလို တားဆီးရန်ပြင်သော်လည်း မမှီနိုင်တော့ပေ။ သို့သော်....
"အားးးး..."
နောက်တစ်စက္ကန့်၌ အော်ဟစ်သံထွက်ပေါ်လာသည်။ ရှန်လျန့်ဆီကမဟုတ်ပဲ ရှန်ရွေ့ချင်ဆီကဖြစ်၏။
ရိုက်ခံရလုဆဲဆဲ၌ ရှန်လျန်က သွေးနီရောင် ဆံထိုးကို ဆွဲထုတ်လိုက်သောကြောင့်ပင်။
ရှန်ရွေ့ချင် နောက်သို့ ခြေတစ်လှမ်းချင်းဆုတ်သွားပြီး နောက်ဆုံးတော့ မြေပြင်ပေါ် ဗိုင်းခနဲ ကျကာ လက်ဒဏ်ရာမှ တစ်ဆင့် သွေးများစွာ စီးကျလာသည်။ ရှန်လျန်က လေ့ကျန်းနဲ့ ယောင်းကွမ်တို့ ကာကွယ်ပေးတာကို မစောင့်တော့ပဲ တိုက်ရိုက် ဆံထိုးဖြုတ်ပြီး သွေးကြောတည့်တည့် အချွန်နဲ့ ထိုးချလိုက်တာပဲဖြစ်သည်။
"ခင်ဗျားရဲ့ သမီးက ပြုကျင့်သူနဲ့ တစ်ညတာ အချိန်ကုန်ခဲ့တာတောင် ကျွန်တော့်ကိုပဲ အပြစ်တင်ချင်နေတုန်း၊ ရှန်ရွေ့ချင် ကျွန်တော်က လေးစားသမှုနဲ့ ခင်ဗျားကို ဦးလေးလို့ခေါ်တာကို ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေတာလား၊ အဖေက ခင်ဗျားကို အမွေမပေးရင် ခင်ဗျားက ဘာမှ မဟုတ်ဘူးနော်"
သွေးစီးကျနေတဲ့ လက်ကိုကိုင်ထားတဲ့ ရှန်ရွေ့ချင်ကို ခံစားချက် မဲ့စွာကြည့်ပြီး ရှန်လျန် မဲ့ပြုံးပြုံးသည်။ အကြည့်က သရော် လှောင်ပြောင်ချင်နေဟန်။ ရှန်မိသားစုမပြောနှင့် လေ့ကျန်းနဲ့ ယောင်းကွမ်ပင် ကြက်သီးထမိသည်။ သခင်လေးက အသက် ဆယ့်ငါးနှစ်ပဲ ရှိသေးတာ မဟုတ်လား၊ စစ်ပွဲမှာ လူသတ်ဖူးတဲ့အတွေ့အကြုံရှိသလ်ုမျိုး သတ်ဖြတ်ချင်သည့် အရှိန်အဝါက သန်မာလှသည်။
2793words
Grape