သွေးတိတ်အောင်လုပ်ပေးပြီး လျန်လျန် ဒေါသထွက်ပြီ'
မတိုင်ခင်က လူတိုင်းဟာ သွေးမတိတ်ရောဂါအကြောင်း အာရုံစိုက်နေကြရာ ရှန်လျန်နှင့် ယောင်းကွမ် တို့ မည်သည့်အချိန် ပြန်ရောက်နေကြမှန်း သတိမထားမိကြသလို၊ သူတို့ပြောနေတဲ့စကားတွေကို ဘယ်လောက်ထိ ကြားသွားလဲ မသိသော်ငြား ခုမှ တော့ ဖုံးဖိလို့လဲ မရတော့ချေ။ ရှန်လျန်၏ဆေးပညာအတွေ့အကြုံအရ ဖေးယွမ်ရွှင်း၏ လက်ကောက်ဝတ်က်ု တစ်ချက်စမ်းသပ်လိုက်သည်နှင့် ဘာမှားနေမှန်း ချက်ချင်း သိနိုင်သည်လေ။
"သခင်!"
လေ့ကျန်း နောက်သို့ ခြေနှစ်လှမ်းဆုတ်ပေးလိုက်သည်။
ခေါင်းငုံ့ထားတဲ့ သူ့ကိုကြည့်ပြီး ရှန်လျန်ပြောသည်။
"လေ့ကျန်း ကျွန်တော် သူ့ကို ယုံတယ်"
အရင်က ကိုယ့်အနားရှိတဲ့သူတွေကို မမြင်တဲ့ထိ ကန်းနေခဲ့ဖူးသော်လည်း ဖေးယွမ်ရွှင်းက ချင်ယွင်ရှန်းနဲ့ မတူတာကြောင့် ယုံကြည်ဖို့ဆုံးဖြတ်ခဲ့သည်။ ဒီတစ်ခါ ဆုံးဖြတ်ချက်ထပ်မှားလျှင် မိုးနတ်မင်းက အကြိမ်တစ်ရာ အခွင့်အရေး ပေးလည်း ထပ်ချစ်ဖို့ သူမကြိုးစားတော့ပါ။
"ကျေးဇူးပါ"
သူ့ဘက်အပြည့်ဝ နေပေးသူရှိတာကြောင့် ရှန်လျန် အပြုံးရေးရေး ဖြစ်ပေါ်သွားတော့၏။
"ကုနေကျ သမားတော်က ဘယ်တစ်ယောက်လဲဗျ.. မြို့စားမင်းရဲ့ ရောဂါအခြေအနေလေးရှင်းပြပေးပါဦး"
ရှန်လျန့်ဆီက ရှင်းပြချက်ကို ထျန်းရှုတို့မျှော်လင့်နေပေမယ့် မရခဲ့ပဲ ၊ သမားတော်ကိုသာ တောင်းဆိုလေတယ်။ ပိန်ပါးနဲ့ လက်သွယ်သွယ်က စောင်ကိုလှပ်လိုရာ ယောင်းကွမ်က ကူညီပေးလိုက်သည်။ ရှန်လျန်သည် ဖေးယွမ်ရွင်းရဲ့ အိပ်ရာဘေးနားရပ်ရင်း ငုံ့ကြည့်လိုက်ရာ ဝမ်းဗိုက်နားတွင် ပတ်တီးက အထပ်ထပ်ရစ်ပတ်ခံထားရလျက် ၊သွေးထွက်လွန်မှုကြောင့် လူသေလိုဖြူဖျော့နေတဲ့သူ ကိုတွေ့လိုက်ရ၏။
"ဝမ်ဖေး.. ကျုပ်က သမားတော် ကျိုးပါ၊ မြို့စားမင်းရဲ့ ဒဏ်ရာက သုံးလက်မ အလျားလိုက်ရှိပြီး.. ဒဏ်ရာက မနက်လို့ ကိုယ်တွင်းအင်္ဂါ မထိပါဘူးခင်ဗျ၊ သွေးမတိတ်ရောဂါကြောင့်သာ ဒဏ်ရာကျက်ဖို့ ခက်ခဲနေတာပါ... အိမ်ပြန်လမ်းခရီးကြမ်းတာရယ် ၊မိုးအဆက်မပြတ်ရွာနေတာကြောင့်လည်း ဒဏ်ရာက ပိုဆိုးသွားပါတယ်.. အခုဆို မြို့စားမင်းသတိလစ်နေတာ နာရီဝက်ရှိပါပြီ"
သမားတော်ကျိုးက အခြေအနေတင်ပြနေပေမယ့် လူတိုင်းက ဝမ်ဖေးကိုသာ ကုသစေချင်ကြသည်။ ဝမ်ဖေးရဲ့ ငယ်ရွယ်တဲ့ အသက်ကြောင့် ယုံကြည်ရပါ့မလား မသေချာသဖြင့် သမားတော်က သူကိုယ်တိုင်သာကုပေးချင်၏။ ယခုအခြေအနေက အမှားအယွင်းလုပ်၍မရသည့်အခြေအနေပင်။
"သွေးလည်ပတ်မှုဖျက်စီးခံလိုက်ရလို့ သွေးတွေပိုပိုဆုံးရှုံးနေရတာ၊ သမားတော်ကျိုး ပုံမှန်သုံးနေကြဆေးကို တစ်ချက်ပြပေးပါ ၊ပြီးတော့ သွေးအားပြည့် ရည် ဖော်စပ်ခဲ့ပေးပါ"
သမားတော်ကျိုးက အခြေအနေကိုပြောပြပြီးသည်နှင့် ဖေးယွမ်ရွှင်းဘေးမှာ ထိုင်နေပြီးဖြစ်တဲ့ ရှန်လျန်က သွေးကြောစမ်းကာ ညွှန်ကြားချက်ပေးလိုက်သည်။ထို့နောက် လက်ကောက်ဝတ်သွယ်သွယ်က သွေးရွှဲနှစ်နေတဲ့ ဝမ်းဗိုက်နားက ပတ်တီးကို စဖြည်ရန်ပြင်၏။
"ယောင်းကွမ် ကတ်ကြေးပေး"
ပတ်တီးဖြည်လိုက်တော့ သွေးတွေက အတားအဆီးမရှိ ပ်ုထွက်လာသည်။
"ဝမ်ဖေး ဒီမှာပါ"
အခန်းထဲ တွင် လိုအပ်သော ပစ္စည်းများက အသင့်ရှိနေပြီးဖြစ်ရာ ပုံမှန်အသုံးပြုနေကျဖြစ်ဟန်တူ၏။ ယောင်းကွမ် ချက်ချင်းကမ်းပေးသည်နှင့် ရှန်လျန့်အကြည့်တွေစူးရဲသွားသည်။ ယောင်းကွမ်မှာ တုန်လှုပ်သည့်အမူအရာနှင့် ကတ်ကြေး ပေးလိုက်ရုံသာတတ်နိုင်သည်။
သူတုန်လှုပ်နေသည်ကို ရှန်လျန် သတိပြုမိ၏။ မျက်ဝန်းပိတ်ကာ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီးနောက် မျက်လုံးအိမ် ပြန်ဖွင့်လိုက်သည့်အခါ တွေဝေမှုအရိပ်အယောင်တွေ အနည်းငယ်မျှ ပင် မမြင်ရတော့ပေ။ ဒဏ်ရာသည် သွေးများဖြင့် နီရဲကာ ရှင်းရှင်းလင်းလင်းမမြင်ရချေ။
"အရက်ပြန်၊ဂွမ်းစ"
"ဟင်?"
ဘာလို့ရေနဲ့ အဝတ်စ မသုံးတာလဲ?
လူတိုင်းကြောင်တောင်တောင်ဖြစ်နေပြီး လေ့ကျန်းက တုံ့ပြန်မှုအမြန်ဆုံးပင်။ ယောင်းကွမ်နှင့် ရှန်လျန်လိုအပ်သည့် အရာများ လက်ဆင့်ကမ်းပေး၏။
ရှန်လျန် က ငွေအပ်ကို စိုက်လိုက်ပြီး ဖေးယွမ်ရွှင်း၏ ကိုယ်တွင် ခိုင်မြဲ နေစေသည်။ သွေးထွက်တာ တဖြည်းဖြည်း ရပ်တန့်သွားသည် အထိ လူတိုင်း အသက်မရှူဝံ့ပဲ စောင့်ကြည့်နေမိကြ၏။
"ဟင်း...."
ဂွမ်းကို အရက်ပြန်တို့ကာ ဒဏ်ရာနားသုတ်ပေးတော့ သတိလစ်နေတဲ့ ဖေးယွမ်ရွှင်းက ထ
ညည်းသည်။ ရှန်လျန့်လက်က တုံ့ခနဲ ရပ်တန့်သွားပြီး လှမ်းကြည့်သည်။
"သေချာပေါက်နာမှာပဲလေ... ကိုယ့်ဒုက္ခကိုယ်ရှာတာကို..."
ဒဏ်ရာ တစ်ဝိုက် သန့်ရှင်းသွားသည်နှင့် ကတ်ကြေးသုံးကာ ဝမ်းဗိုက်အစွန်းပိုင်းတွေကို အနည်းငယ် ဖြတ်တောက်ပစ်လိုက်သည်။
အစအဆုံးကြည့်ရှုနေကြသော ငယ်သားတစ်သိုက်မှာ ချွေးစေးပျံနေကြပြီး ဤသို့တွေးမိသည်။
ဝမ်ဖေး ဒေါသထွက်နေတာ လား?
ဒဏ်ရာက သမားတော်ကျိုး ပြောသကဲ့သို့ သိပ်မနက်ပေ။ အလျားကလည်း လက်ချောင်း အရှည်သာ ရှိသော်လည်း သွေးက အလွန်အမင်း ယိုစီးခဲ့၏။ ဒဏ်ရာအား အပ်စိုက်ကုသပြီးတာတောင် သွေး အနည်းငယ် ထွက်နေသေးသည်။
"ချုပ်အပ်"
"...ဟုတ်...."
ဒီလောက်ဒဏ်ရာ သေးသေးလေးကို ချုပ်အပ်ပါလိုတာလား? ပုံမှန်ဆို ဘယ်သူမှ ဒီဒဏ်ရာလောက်ကို ချုပ်အပ် မသုံးကြပေ။ ဒဏ်ရာနက်မှ အဆင့်ဆင့်ချုပ်ပြီး နောက်ဆုံး ချုပ်အပ်ထိ သုံးကြခြင်းဖြစ်သည်လေ။
"ဝမ်ဖေး.. ထုံဆေးသုံးမလား"
ယောင်းကွမ်က သခင့်ဒဏ်ရာကို ကြည့်ကာ မေး၏။ နာမယ့်ပုံပဲ!
"မြို့စားမင်းကို မြန်မြန်သေစေချင်ရင် ထုံဆေး ယူလာခဲ့လိုက်"
ချည်ထိုးရင်း အကြည့်စူးစူး ကြည့်ပေးလိုက်၏။ နှစ်ကြိမ်မြောက် ရှန်လျန်၏ အေးစက်စက်အကြည့်ကို ခံလိုက်ရသဖြင့် ယောင်းကွမ် ငိုချင်လာပြီး တိတ်တဆိတ်နေရန်သာ တွေးလိုက်တော့သည်။
သမားတော်ကျိုးက သူ့ဘေး ခပ်သုတ်သုတ်ရောက်လာပြီး တိုးတိုးကပ်ပြောသည်။
"တပ်မှူးယောင်းကွမ် မသိလို့.. မြို့စားမင်းက ထုံဆေးသုံးလို့မရဘူး ၊သွေးပိုထွက်လာတာပဲ ဖြစ်လိမ့်မယ်"
ထိုဖြေရှင်းချက်ကြားမှ ယောင်းကွမ် နေလို့ကောင်းသွားပြီး ထျန်းရှုနဲ့ တခြားသူတွေလည်း သဘောပေါက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဝမ်ဖေး ဒေါသထွက်နေတာ တစ်ကယ်ဖြစ်ကြောင်း သေချာသွားသည်။ ဒေါသထွက်နေတာမှ အလွန်အမင်းပင်။
"လေ့ကျန်း..သူမရုန်းနိုင်အောင် အကြောပိတ်ပေး၊ ပြီးတော့ ပါးစပ်ထဲ အဝတ်စို့ထားလိုက်"
ရှန်လျန် အေးစက်စွာ ညွှန်ကြားလိုက်ရာ လေ့ကျန်းက ချက်ချင်းပဲ ဖေးယွမ်ရွှင်း၏ လှုပ်ရွေ့ကြောကိုထောက်လိုက်ပြီး ရှန်လျန်ပြောသည့်အတိုင်း အဝတ်သန့်တစ်ခုကို ယူပြီး ပါးစပ်ထဲ ပြည့်ကျပ်နေအောင် ထိုးသိပ်ထည့်ပေးလိုက်၏။ ထိုအပြုအမူကိုမြင်ပြီး ထျန်းရှုတို့မှာ မြို့စားမင်းအတွက် စိတ်မကောင်းဖြစ်သွားကြ၏။
ဒီနှစ်ယောက်က သခင့်အပေါ် အတော်လေးကြမ်းတမ်းနေကြတာမလား?!
"အမ်း....."
ချုပ်အပ်က အသားထဲ စိုက်ဝင်သွားသော အခါ ဖေးယွမ်ရွင်းက သတိလစ်နေသော်ငြား နာကျင်မှုကြောင့် ညည်းညူ၏။ ရှန်လျန်ကတော့ ဘာမှ မကြားရသည့်နှယ် လျင်မြန်စွာ ချုပ်ရင်း ပြင်ပဒဏ်ရာက စေ့ပိတ်သွားတော့၏။
"ဆေး!"
"ဝမ်ဖေး ဆေးဒီမှာပါ"
သမားတော်ကျိုးက ဆေးဘူးသေးသေးကို ကိုင်ကာ တုံ့ဆိုင်းမနေရဲပဲ ကမ်းပေး၏။ သူတို့ဝမ်ဖေးက သာမာန်မဟုတ်ဘူး၊ သူဘဝတစ်လျှောက်လုံး တွေ့ကြုံလုပ်ကိုင်ခဲ့ဖူးသည်ထက် ဝမ်ဖေးရဲ့ဆေးပညာ ကိုင်တွယ် ခြင်းနယ်ပယ်က ကျော်လွန်နေ၏။
ရှန်လျန် ဆေးပုလင်းကိုယူပြီး သူ့လက်ထဲ သွန်ထည့်ကာ တစ်ချက် ရှူကြည့်လိုက်ပြီး ပါဝင်သော ဆေးပစ္စည်းများကို ခွဲခြားလိုက်သည်။ ထို့နောက် ဒဏ်ရာပေါ် ဖြူးချလိုက်ပြီး ပတ်ပတ်လည် ကို သန့်ရှင်းအောင် သုတ်ပေးလိုက်၏။ သို့သော် ငွေရောင်အပ်လေးတွေကိုမူ ချက်ချင်းမ ဆွဲနှုတ်သေးပဲ နာရီဝက်ခန့်ကြာမှ ဖေးယွမ်ရွှင်း၏တုံ့ပြန်မှုကိုကြည့်ရင်း တစ်ခုချင်းဆွဲနှုတ်ပြီး နောက်ဆုံးအပ်ဆွဲမနှုတ်ခင် သွေးမထွက်တော့တာ သေချာကြောင်း အတည်ပြုလိုက်သေး၏။
ဤသို့ဖြင့် အချိန်တိုအတွင်း အပ်များအကုန် နှုတ်ယူပြီးသွားသောအခါ ရှန်လျန်သည် ကုတင်စွန်းမှာ ထိုင်ရင်း ဖေးယွမ်ရွှင်းကို ငေးကြည့်နေသည်။
နာရီဝက်လောက်ကြာတော့ သွေးတစ်စက်စာသာ ထွက်တော့ပေမယ့် ရှန်လျန် အနားမယူရဲသေးချေ။ ငွေအပ်လေးများကို ဖေးယွမ်ရွှင်း၏ ကိုယ်ပေါ် တစ်ခါ ထိုးစိုက်လိုက်ပြန်သည်။ ထိုသို့ ကြိမ်ဖန်များစွာ စိုက်လိုက်နှုတ်လိုက် ကုသပြီး နှစ်နာရီအကြာမှ သွေးက လုံးဝ ရပ်တန့်သွားတော့သည်။
"ဝမ်ဖေး!"
"သခင်!"
နှစ်နာရီလုံးလုံး ထိုင်နေတာကြောင့် ရုတ်တရက်ထရပ်လိုက်သည့်အခါတွင် ရှန်လျန့်ခြေထောက်ကထုံကျင်ပြီး ယိုင်သွားခြင်းဖြစ်၏။ ကံကောင်းထောက်မစွာ လေ့ကျန်းနှင့်ယောင်းကွမ်ကတစ်ဖက်တစ်ချက်စီ ဆွဲမပေးထားသည်။
ရှန်လျန် မျက်လုံးတွေ ပွတ်သပ်လိုက်ပြီး ဘာမှမဖြစ်ကြောင်း လက်ဝေ့ယမ်းလိုက်၏။ ဖေးယွမ်ရွှင်း၏ပါးစပ်ထဲက အဝတ်တွေ ဖယ်ပေးလိုက်ရာ လက်ချောင်းသွယ်သွယ်က အမှတ်တမဲ့နှင့် မေးရိုးကို ထိမိသွားသည်။
"ဖေးယွမ်ရွှင်း... ခင်ဗျားနိုးလာတာနဲ့ စာရင်းရှင်းဖို့ပြင်ထား"
ဖေးယွမ်ရွှင်း၏နား နား မကျေမနပ်ကပ်ပြောလိုက်ပြီး ထရပ်သည်။
"သိမ်းလို့ရပြီ... သူ့ကို တတ်နိုင်သမျှ မလှုပ်ရှားစေနဲ့... သွေးမတိတ်ရောဂါက သာမာန် လူတွေလို ကုသဖို့မလွယ်ဘူး.. နောက်တစ်ခါ သူသွေးထပ်ထွက်လာရင် ကျွန်တော် မကုပေးတော့ဘူး"
"ဟုတ်ကဲ့"
ထျန်းရှုအပါအဝင် အားလုံး အရိုအသေပြုလိုက်ကြပြီး ရှန်လျန့် စကားက သူတို့ကို ခြောက်လှန့်ရုံသက်သက် မဟုတ်မှန်း နားလည်မိကြ၏။
"ဝမ်ဖေး ဆေးရည် ရပါပြီ"
"ဖြည်းဖြည်းချင်းတိုက်ပေးလိုက်လေ.. ဘယ်လိုတိုက်ရမလဲပါ သင်ပေးရဦးမှာလား "
ရှန်လျန် စိတ်မရှည်စွာ ပြောလာပေမယ့် ဘယ်သူမှ သူ့လေသံကို မပြုပြင်ပေးရဲကြ။
ဒီလောက် အရေးကြီးကိစ္စကို ဘယ်သူမှ မပြောပြခဲ့ပဲ သေရေးရှင်ရေးကျမှ သူ့ကိုလာရှာတယ်။ တစ်ကယ်လို့ သူသာသွေးတိတ်အောင် မလုပ်ပေးနိုင်ခဲ့ရင် သွေးထွက်လွန်ပြီး သေသွားတာကို ဒီတိုင်းထိုင်ကြည့်လိုက်ရမှာလား?
ဖေးယွမ်ရွှင်းကရော.. ကိုယ့်အကြောင်း ကိုယ်သိရဲ့နဲ့ ဝမ်ယွဲ့မှာ ကိုယ့်ဒုက္ခကိုယ်ရှာခဲ့သေးတယ်... မြန်မြန်သေချင်နေတာ ထင်တယ်!
ဘယ်လောက်ပဲ အသည်းမာသူဖြစ်ပါစေ တစ်ဖက်လူက သေနေ့မစေ့သေးပဲ သက်တမ်းတစ်ဝက်နဲ့ သေသွားမှာကို ထိုင်ကြည့်မနေနိုင်ပေ။
"ဒီဆေးညွှန်းအတိုင်း တိုက်၊ ဆေးမကျိုနဲ့၊ ဆေးလုံးလုပ်ပြီးသောက်ခိုင်း"
သွေးအားဖြည့်ဆေးရည် တိုက်နေစဉ် ရှန်လျန် ဆေးစာချရေးပြီး အနီးဆုံးလူဖြစ်တဲ့ ထျန်းရွှမ်ကို ပေးလိုက်သည်။ တစ်ဖက်သူက တစ်ခွန်းမှ မဟရဲပဲ ဆေးစာယူကာ ချက်ချင်းလုပ်ဆောင်ရန် ထွက်သွား၏။ လေ့ကျန်းမှာ မကြည့်နေနိုင်တော့ပဲ
"သခင် သူတို့ကြောက်ကုန်ကြပြီ"
အမှန်အတိုင်းပြောရရင် သခင်က အလွန်လှပသည်။ ဒေါသထွက်နေလျှင်ပင် လှ၏။ ကြောက်မက်ဖွယ်ကောင်းမနေပဲ လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်ကာ ထျန်းရှုတို့ကလည်း ရှန်လျန်က သူတို့သခင်အတွက် ဘာလဲ ဆိုတာ သေချာ နားလည်ကြတာကြောင့် လေးစားလိုက်နာကြ၏။
"သူတို့နဲ့ တန်တယ်!"
ရှန်လျန် ထိုင်ခုံနောက်မှီမှာ မှီလိုက်ရင်း နှာခေါင်းရှုံ့သည်။
"သူသွေးတွေ အများကြီး ထွက်ထားတာ... လပေါင်းများစွာ သွေးအားဖြည့်စာစားရင်တောင် ကျန်းမာပါ့မလား မသေချာဘူး၊ ဆေးကျမ်းထဲ ရေးထားတဲ့ ကိုယ်ထဲတိုက်ရိုက် သွေးသွင်းတဲ့ ကိရိယာမျိုး လေ့ကျန်း အရင်က သုံးဖူးလား"
ကုသနည်းကောင်းဆိုပေမယ့် သွေးသွင်းတဲ့ ကိရိယာကို ထွင်ဖို့ အတော်လေး ပြဿနာရှိနိုင်၏။ အရိပ်တပ်သားတွေတောင် ရက်အတော်ကြာ ပြင်ဆင်ရမှာဆိုတော့ ဒီတိုင်း သွေးအားဖြည့်စာပဲ မှီဝဲလိုက်ရင် ကောင်းမလား? အရိပ်တပ်သားတွေက ကျန်းဟိုင်ရဲ့ ကိုယ်ရံတော်တွေဆိုတော့ တစ်ယောက်ယောက်က ကျန်းဟိုင်လုပ်ခဲ့တဲ့အတိုင်း သွေးသွင်းကိရိယာ ထွင်နိုင်လောက်သည်။
"သူ့ကို ဒေါသထွက်နေတာ မဟုတ်လား.. ဒီတိုင်းလနည်းနည်းလောက် အိပ်ရာထဲ လှဲနေခိုင်းလိုက်ပါလား"
လေ့ကျန်းက ပြန်မဖြေပဲ ကုတင်ပေါ်ကလူကိုကြည့်ကာ မျက်ခုံးပင့်မိသွား၏။
လေ့ကျန်းက စနောက်နေသည်ကြောင့် ရှန်လျန် မျက်စံတစ်ပတ်လည်လိုက်ပြီး လေ့ကျန်းကိုကြည့်ကာ...
"သေအောင် စိတ်ဆိုးတော့ရော ကိုယ့်လူကိုယ် ဂရုမစိုက်ရင် ဘယ်သူ ဂရုစိုက်မှာလဲ?"
ဖေးယွမ်ရွှင်းရဲ့ ဖြူဖတ် အားနည်းတဲ့ပုံစံကို မြင်လိုက်ရတဲ့အခိုက်အတန့် သူ့စိတ်ထဲ နေလို့မကောင်းတော့ပါ။ ဖေးယွမ်ရွှင်း အမြန်ဆုံး နေပြန်မကောင်းမချင်း သူလည်း ထပ်တူ နာကျင်နေရမည်သာ။
"ဟဟ သခင် ခု အရမ်းချစ်ပြတတ်နေပြီဆိုတာ သိရဲ့လား"
လေ့ကျန်းက တော်ရုံ ပြုံးရယ်ခဲပေမယ့် ရှန်လျန့်စကားကြောင့် ရွှင်မြူးသွားရသည်။
"မသိရင် ဘယ်သူမှ မချစ်တတ်တာကြလို့!"
ရှန်လျန်လည်း ကူကယ်ရာမဲ့စွာ လိုက်ရယ်မိသည်။
လေ့ကျန်းက လက်တခါခါနှင့်
"တစ်ကယ်ချစ်မိရင် ကျရှုံးရတာပဲ"
"ဟားဟား...."
ရှန်လျန့်အကြောင်းကို အချိန်အကြာကြီး သိခဲ့တာကြောင့် မဟုတ်ရင် ဘယ်မိသားစုက လူငယ်လေးက ဒီလောက် ချစ်တတ်ရတာလဲ ဟု ထင်ကောင်းထင်မိသွားနိုင်သည်။
"သခင် နောက်ဆုံးတော့ ရယ်ပြီ"
ဖေးယွမ်ရွှင်းကြောင့် ရှန်လျန့်စိတ်အခြေအနေမှာ ဆိုးဝါးပြီး ယောင်းကွမ်နဲ့ တခြားသူတွေအပေါ် ခပ်ကြမ်းကြမ်းဆက်ဆံမိသည်။ သေချာပေါက် ဖေးယွမ်ရွှင်း၏ ကျန်းမာရေး ပြန်မထူထောင်လာမချင်း သူ့အနီးကပ်လူတွေအပေါ် သခင့် ဒေါသက သက်ရောက်နိုင်မှန်း လေ့ကျန်း မြင်ယောင်မိ၏။
"ကျေးဇူးပါ"
ရှန်လျန့်စိတ်တွေတည်ငြိမ်သွားပြီး လေ့ကျန်းကိုကျေးဇူးတင်လိုက်၏။ သူလည် ပုထုဇဉ်လူသားပေမို့ တခါတရံ စိတ်ခံစားချက်ကို မထိန်းနိုင်သည်လည်း ရှိ၏။ လေ့ကျန်းက သူ့ရင်ထဲက အခဲမကျေမှုကို ပေါ့ပါးသွားအောင် ဖြေလျှော့ပေးခဲ့သည်။
2398words
Grape 🍇