no

Font
Theme

'မင်း ဒီဘက်လာရင်..ငါဟိုဘက်သွားမယ်'

အတိတ်မှာ လျိုရှုဟန်နဲ့ တစ်ခြားသူတွေ မမှန်မကန်လွှင့်ခဲ့တဲ့ အတင်းတွေဟာ မမြင်ရတဲ့ ဓားချက်တွေဖြစ်နေလည်း ကိစ္စမရှိတော့ပါ။ ယခု သူတို့ထံ ပြန်လှည့်ကာ ဝဋ်လည်စေရန် အချိန် တစ်ည တာ လိုသည်။ သခင်မရှန်ရဲ့ ပထမဇနီးအပေါ် မတရားသဖြင့် ကြံစည်ခဲ့သည့် သတင်းသည် တစ်ယောက်စကားတစ်ယောက်နားဖြင့် ချဲ့ကားသွားပြီး တစ်မြို့လုံးပျံ့နှံ့သွားသည်။ သူမတို့မှာမနက် စောစောစီးစီး ကြားလိုက်ရသော သတင်းကြောင့် နှလုံးသွေးများ ရပ်တန့် မတတ်ပင်။

တုံးလင်အိမ်တော်မှ ဖွားဖွားသည် ယခုအချိန်ထိ သက်ရှိထင်ရှားရှိနေသေးသည်။ ထို့အပြင် အိမ်တော်တွင် ဒုတိယဇနီးမိသားစု၊ တတိယမိသားစုလဲ ရှိကာ လျိုရှုဟန်က စိတ်အနှောင့်ယှက်များစွာ ဖြစ်နေရသလောက် ၊ကျန်မိသားစုနှစ်စုမှာ ကြိတ်ဝမ်းသာနေကြကာ ရှန်လျန်မှ ဒီထက်ပိုဆိုးအောင်ထပ်လုပ်စေချင်နေကြသည်။

ကံကောင်းထောက်မစွာပင် လျိုရှုဟန်နှင့် သူမ၏ ယောက္ခမသည် မတည့်ကြပေ။

ရှေးနှစ်များစွာက တရားဝင်ဇနီးများနှင့် မယားငယ်တို့ ရင်းနှီးစွာနေထိုင်ကြရန်မှာ အလွန်ခက်ခဲ၏။ တုံးလင်အိမ်တော်၏ အခြေအနေမှာ ပို၍ပင် ပြင်းထန်သည်။အကြောင်းမှာ ရှန်အိမ် အမွေဆက်ဆံသူက ဖွားဖွား၏ သားအရင်းမဟုတ်သောကြောင့်ပင်။

အဖြစ်အပျက်က ရှုပ်ထွေးသည်။ဖွားဖွားရှန် ဤတုံးလင်အိမ်တော်နှင့်လက်ဆက်ပြီး ဝင်ရောက်လာစတွင် သူမ အလွန်သဝန်တိုစိတ်ရှိကာ အခြားဇနီးငယ်များကို ကိုယ်ဝန်ဆောင်ရန်ခွင့်မပြုခဲ့။ နှစ်အတန်ငယ်ကြာသောအခါ ဖိုးဖိုးရှန် အိမ်တော်ပြင်ပတွင် ကလေးတစ်ယောက်မွေးဖွားပြီး ခေါ်ပြန်လာသည်။ ထိုအချိန်က ဖွားဖွားရှန်မှာ နှစ်ဆယ်စွန်းစွန်း သွေးဆူလွယ်သော အရွယ်သာ ရှိသေးသည်။ သို့ပါသော်လည်း သူမ ထိုကလေးအား မိသားစုထဲ ထည့်ကာ အကြီးဆုံးသားအရာ ပေးအပ်ခဲ့သည်။ ဖိုးဖိုးရှန် အလွန်ပျော်ရွှင်သွားပြီး သားကြီးကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ခဲ့သည်။

ထင်မှတ်မထားစွာပင် ဖွားဖွားရှန်က သိပ်မကြာခင်အချိန်အတွင်း ကိုယ်ဝန်ဆောင်နိုင်ကာ အမွှာလေး မွေးဖွားနိုင်ခဲ့သည်။ သို့ရာတွင် အမွေဆက်ခံသူမှာ အမြှောင်မယားမှ မွေးဖွားလာသော ရှန်မျိုး ဖြစ်နှင့်နေပြီးပြီ၊ ထို့အပြင် ထိုသားက အလွန်အရည်အချင်းရှိစွာ ကြီးပြင်းခဲ့သောကြောင့် ဖွားဖွားရှန်ဟာ သူမ၏ သွေးသားကို အမွေဆက်ခံသူဖြစ်စေရန်မစွမ်းသာခဲ့ချေ။ သို့ကြောင့် အခွင့်အရေးရရန် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ရှန်သားကြီးက သူ့အမေရင်းမဟုတ်သော ဖွားဖွားရှန်နှင့် အလွန်ရင်းနှီးကာ နှစ်ပေါင်းများစွာကြာသည်ထိ စကားနားထောင်လေသည်။နောက်ပိုင်းတွင် သူ့သဘောနှင့်သူ ဝေကျစ်ချန်အား လက်ထပ်ယူခဲ့သဖြင့် ဝေမိသားစုနှင့် ရှန်မိသားစု သည် မည်ကဲ့သို့ ဆက်ဆံရေး ကောင်းပါလိမ့်မည်နည်း။

"ဖွားဖွား ၊စားပါ"

မနက် 8နာရီ ဝန်းကျင်တွင် မိသားစု ၃စုသည် ဟယ်ရှန် ခြံဝန်း၏ 'နွမ် ' နားနေဆောင်တွင် ထိုင်နေကြသည် ။ အသက်ရှစ်နှစ်သာ ရှိသေးသော တတိယဇနီး၏ ဒုတိယမြောက် သားဖြစ်သူ ရှန်ဝမ်က မုန့် အချိုတစ်မျိုးကို ကောက်ယူကာ အဖွားဖြစ်သူ၏ နှုတ်ခမ်းနား တေ့ပေးလာသည်။

"အိုးး လိမ်မာလိုက်တဲ့မြေးငယ်လေးကို ဖွားဖွားက အချစ်ဆုံးပဲ၊ တစ်နေကုန် အကျိုးမရှိတာတွေပဲလုပ် ချင်တဲ့ တစ်ချို့‌လူတွေနဲ့တော့ကွာပါ့"

ရယ်မောရင်း လျိုရှုဟန်ဘက် ကြည့်ကာ မနက်က သတင်းနှင့် ပတ်သက်၍ စောင်း ပြောသည်။

မျက်နှာပေါ် အပြုံးဆင်ထားသော လျိုရှုဟန်နှင့် ရှန်ချန်သည် ခေတ္တ တောင့်ခဲ သွားပြီးမှ ပုံမှန်ဖြစ်ရန် ပြန်ထိန်းလိုက်ကြသည်။

"အမေက ရှောင်ဝူကို စိတ်ဆိုးနေတာလား?"

မှန်ပါသည်။ လျိုရှုဟန်က ချွေးမ တစ်ဖြစ်လဲ ဝမ်းကွဲ တူမ ဖြစ်သည်။သို့ကြောင့်ပင် ရှန်သားကြီးက ဝေကျစ်ရှန်ကိုသာ ချစ်မြတ်နိုးသော်လည်း ဖွားဖွားရှန်ကြောင့် တုံးလင်အိမ်တော်သို့ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

"အစ်မကြီးကလဲ...ရှောင်ဝူက ခုမှ ကလေးပဲ ရှိသေးတာ၊ သူ့ကိုအိမ်က ထွက်ပြေးသွားစေချင်လို့လား?"

ဖွားဖွားရှန် မတုန့်ပြန်သေးခင် ဒုတိယ မိသားစုက ကျောက်လန်က သွေးထိုးသည်။ လျိုရှုဟန်က အရာအားလုံးကို ရှန်လျန်အပေါ် ပုံချချင်နေတာ သူမကို ဘယ်လိုလုပ် ချောချောမွေ့မွေ့ဖြစ်ခွင့်ပေးရမတဲ့လဲ?

တတိယ မိသားစု လုယန်လည်း ခပ်မြန်မြန် ထောက်ခံလာသည်။

"ဟုတ်သားပဲ၊ သူက အိမ်တော်ရဲ့ သခင်လေးတစ်ဦးပဲလေ၊ပြောရရင် ရှောင်အာနဲ့ ချန်အာထက်တောင် သူကပိုမြင့်သေးတယ်၊ အစ်မ ဒီလိုတွေလုပ်တာ ရှန်တာ့ ရှေ့တန်းက အပြေးပြန်လာပြီး လာသတ်မှာ မကြောက်ဘူးလား ၊ဧကရာဇ်ကလည်းသူ့ကို ချီးမြှောက်ထားတာဆိုတော့ ရှင့်အသက်ကို ယူသွားရင်တောင် လွယ်ကူလောက်တယ်၊ အဆုံးမှာ ရှန်တာ့နဲ့ ရှန်လျန်ပဲ အေးဆေးနေနိုင်ပြီး ရှောင်အာနဲ့ ချန်အာကို ဖျက်ဆီးသွားလိမ့်မယ်နော်"

ရှန်ချန်က ငယ်ရွယ်နေဆဲမို့ စိတ်မသက်မသာ ခံစားလိုက်ရ၏။

လျိုရှုဟန်က သူမသမီး၏ လက်ကိုဆုပ်ကိုင်ပေးပြီး ရင်ကော့ကာ ဂရုမစိုက်ဟန်ပြောသည်။

"တတိယညီမလေး၊ အစားကိုကုန်အောင်စားနိုင်တယ် ၊စကားကို‌ကုန်အောင်မပြောရဘူး၊ ဒီနေရာက တရားခုံရုံးမဟုတ်လို့ မဟုတ်တမ်းတရားတွေ လျှောက်‌ေပြာမနေနဲ့လေ၊ သိပ်ပြောချင်နေရင်လည်း တရားရုံးတော်မှာ သွားပြော၊ သက်သေမရှိပဲနဲ့ စွပ်စွဲနေသေးတယ်၊ ရှောင်ဝူလေးကို တစ်ကယ်သတ်ဖို့လုပ်နေတဲ့သူက ဘယ်သူလဲ ဆိုတာကျွန်မလည်း သိချင်တာပေါ့"

အဖွားဝေနဲ့ တစ်ခြားသူတွေတင်မကပဲ ၊ ဓားပြတွေပါ သေကုန်တယ်ဆိုတော့ တစ်ခုခုဖြစ်ပျက်သွားတာ သေချာသည်။

"အစ်မကြီး စကားကိုကြည့်ပြောပါ၊ တတိယ ညီမက အမှန်အတိုင်းပဲ ပြုမူတာ၊ ကျွန်မ ထင်တာတော့ သူ အပြင်က ကောလဟာလ တွေ ကြားလာခဲ့လို့ပဲဖြစ်မယ်၊ ရှောင်ဝူ လည်း စိတ်ပူပင်နေရှာမှာကို ဘာလို့ အစ်မက အစေခံကိုပဲ ဂရုစိုက်နေရတာလဲ?"

ဒုတိယမိသားစုမှ ကျောက်လန်က ‌လျိုရှုဟန်ရဲ့ အကြံအစည်တွေကို တစ်ဖက်လှည့်ဖြင့် သွယ်ဝိုက်ညွှန်းဆိုသွားသည်။

"ကောလဟာလ ဆိုတာ အမှန်တရားကနေ ထွက်ပေါ်လာမှန်းတစ်ချို့‌လူတွေ နားလည်ပါ့မလား?"

လုယန်က ခပ်တိုးတိုးရေရွတ်လိုက်ပေမယ့် မည်သည်မှ ထပ်မပြောချေတော့၊ သက်သေ မရှိသဖြင့် စကားဖြင့်ပြောရုံသာ တတ်နိုင်သည်လေ။

"တတိယညီမလေး ၊ အတင်းအဖျင်းပြောတတ်တဲ့ အကျင့်တွေ ပြင်သင့်နေပြီနော်၊ ငါတို့က မိသားစုတွေပဲလေ .. ကောလဟာလဆိုတာ မိသားစုတွေကြားသွေးခွဲတဲ့စကားတွေပဲ၊ လူတိုင်းက အစ်မကို အဆင်ပြေသွားမှာပါ လို့ နှစ်သိမ့်ကြပေမယ့်၊ ညီမကျတော့ရော?"

ကျောက်လန်နှင့်လုယန်အား တစ်လှည့်စီကြည့်ကာ ပြောလိုက်သည်။ ထိုတင်မကသေး..လုယန်ဘေးတွင် ထိုင်နေသော တတိယမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သူ ရှန်ကျင်း ကိုလည်း ကြည့်သည်။

"အစ်မကြီး....."

"သခင်မကြီးရှင့်၊ ပဉ္စမ သခင်လေး ရောက်လာပါပြီ"

အစေခံ၏ အသိပေးချက် အပြီး ရှန်လျန်က ချီယွဲ့နှင့်အတူ လျှောက်ဝင်လာသည်။ အခန်းတွင်းမှ လူတိုင်း လှည့်ကြည့်လာသော်လည်း တစ်ချက်မှ မတွန့်သွားပဲ ကျောပြင်မှာ မတ်မတ်ထားလျက် လျှောက်လာသည်။ ဝတ်ရုံဖြူဖြင့် တစ်လှမ်းချင်း လှမ်းလာပုံမှာ အလွန်တင့်တယ်ပြီး မင်းသားတစ်ပါးကဲ့သို့ပင်။ လူတိုင်းမှာ ကြောင်အ နေကြလျက်..... နယ်မြို့လေးမှာ ငါးနှစ်ကြာနေထိုင်ခဲ့ရသူက ဤကဲ့သို့သော အရှိန်အဝါ ကို မည်သို့ ထုတ်လွှတ်နိုင်သနည်း....။

"မြေးငယ် ...ဖွားဖွားဆီလာလည်ပါတယ်"

အားလုံး၏ အကြည့်ကို လစ်လျူရှုလျက် သခင်မကြီးဆီ တူရှူ လျှောက်သွားခဲ့ကာ နှုတ်ဆက်စကားပြောသည် ။ မနီးမဝေး သို့ရောက်သောအခါ ရပ်တန့်ပြီး ခါးကွေး၍အရိုအသေပြုသည်။ သူမ မတုံ့ပြန်သေးခင်ပင် ရှန်လျန် ပြုံးလျက် ပြောသည်။

" မတွေ့ရတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ၊ ဖွားဖွား ကျန်းမာ ရဲ့ မဟုတ်လား?"

ဤကဲ့သို့ ပြုမူပုံအရ မြေးအဖွားဆက်ဆံရေးမှာ ကောင်းသည့်ဟန်။ ယခု ထိုင်နေသော လူတိုင်းမှာ လွန်ခဲ့သော ငါးနှစ်က ရှန်လျန်သည် လူတောမတိုး ဝံ့ကာ၊ရှန်တာ့ နောက်ကျောတွင်အမြဲ ပုန်းကွယ်နေတတ်သူမှန်းသိကြသဖြင့် ပြောင်းလဲသွားသော အမူအကျင့်အား ကျင့်သားမရစွာ ကြောင်စီစီဖြစ်နေသည်။ သခင်မကြီးကတော့ မြေးတစ်ယောက်နှင့်အတူ ခုံပေါ်တွင် ထိုင်လျက် ပွဲကြည့်နေဆဲ.....။

"အမှန်ဆို မြေးငယ်က ဖွားဖွားကို မနေ့ထဲကလာနှုတ်ဆက်သင့်တာပါ၊ ဖြစ်ချင်တော့ ကျွန်တော့် တစ်ကိုယ်လုံးဖုန်တွေ၊ သွေးတွေနဲ့ ပေပွနေတာမို့ ဖွားဖွားကိုအနှောင့်အယှက်ပေးမိမှာ စိုးတာကြောင့် ဒီနေ့မှ လာတွေ့ဖြစ်တာကို ‌ခွင့်လွှတ်ပေးပါဗျာ"

သူ့အား မည်သူမှ နွေးထွေးမှုမရှိတောင် ရှန်လျန်ကတော့ ပြုံးရင်း ဆက်လက် သရုပ်ဆောင်နေဆဲပင်....။ တစ်ညတာ ကောင်းကောင်း အနားယူပြီးနောက် နေရထိုင်ရ ပိုကောင်းမွန်လာသည်။ ကြည့်ကောင်းသော ရုပ်ရည်မှာ သဘာဝ အပူရှိန်ကြောင့် ကြည်လင်လျက် နီဆွေးဆွေး အရိပ်များ ဖြတ်ပြေးနေသည်....။ လူတိုင်း၏ အာရုံက သူ့ဆီမှ မလွဲဖယ်နိုင်ကြပေ။ 'ကော'တစ်ယောက်၏ အလှတရားအား မနာလိုမှု ဖြစ်နေ စေသည်။

"အစ်ကိုတော်၇ ကျန်းမာပါရဲ့လား? ဒီကိုလာတာ အတော်တောင် နောက်‌ကျနေပြီနော်"

ညီမကောင်း ပုံစံယောင်ဆောင်လျက် ရှန်ချန်ကပြောသည်။ယခင်က ဖြူဖြူစင်စင်နှင့် မသိနားမလည်သေးဟန် ပြုမူနေကြဖြစ်သော်လည်း ၊ယခုမူ ရင့်ကျက်ရန် ကြိုးစားနေပြန်သည်။အကြောင်းမှာ မနေ့က ရှန်လျန်သည် ပေတလူး နေပြီး ကိုယ်ရှန်ကိုယ်ဝါလဲ မရှိပေ။ ယနေ့မူ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး သန့်ပြန့်ချောမော နေကာ၊ ခပ်ရိုးရိုးသာ ဝတ်ဆင်ထားသော်လည်း ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေမှုက ရူးချင်စဖွယ် ကောင်းအောင် မနာလိုစေသည်။

"ညီမ၇က အစ်ကို နောက်ကျတာကို အပြစ်တင်တယ်ပေါ့"

ခပ်ပြုံးပြုံးဖြင့် လူတိုင်းကို အကြည့်တစ်ချက် ဝေ့ကြည့်ပြီးနောက် .... သခင်မကြီးထံ ကြည့်လိုက်သည်။

"ညီမ မလုပ်ရဲ ပါဘူး၊ ဒီအတိုင်း အစ်ကို့ကို စိုးရိမ်..."

"တော်လောက်ပြီ! "

ရှန်ချန်က သူမပြော..မပြီးသေးခင် စကားဖြတ်လိုက်တဲ့ သခင်မကြီးကို ဒေါသထွက်သွားကာ မျက်နှာပေါ်မှအပြုံး တန့်သွားသည်။၊ သူမ ဘာအပြစ်လုပ်မိလဲ နားမလည်ချေ။ အမေဖြစ်သူ လျိုရှုဟန်က အကူအညီမဲ့စွာ သက်ပြင်းချလျက် သူမ သမီးလက်ပေါ် သူ့လက် ...ထပ်တင်ကာ ဆုပ်ကိုင်ပေးသည်။

ပြီးနောက် သူမ ရှန်လျန့်ကို တွေးဆဆဖြင့်ကြည့်လိုက်သည်။ ရည်ရွယ်ချက်ရှိရှိ ချောက်တွန်းခြင်းလား? သို့တည်းမဟုတ် တိုက်ဆိုင်သွားခြင်းပေလော?

ရှန်လျန့် မျက်ဝန်းတွင် လှောင်ပြောင်ရိပ်များ ဖြတ်ပြေးသွားသည် ကိုတော့မည်သူမျှ သတိမထားမိလိုက်ကြ ။ သခင်မကြီး၊ ရှန်သခင်မ နှင့် သူ့သမီး အပါအဝင် အားလုံးကို လှောင်ပြောင်ခြင်း ဖြစ်သည်။

သခင်မကြီးက သူမ၏ ဝမ်းကွဲ တူမ အား ရှန်အမွေဆက်ခံသူနှင့် လက်ထပ်စေသည်။ သူမ၏သွေးမတော်သော သားအား ထိန်းချုပ်ထားနိုင်ရန် တူမလေးကို အသုံးချမည်။ သို့မှသာ အနာဂါတ်တွင် ဆက်ဖြစ်မည့် မျိုးဆက်ပြန့်ပွားမှု ကို ဖျက်ဆီး နိုင်ပြီး သွေးသားစစ်စစ်ဖြစ်သည့် သူ့သားကြီးကိုသာ အိမ်တော်အမွေ ဆက်ခံနိုင် စေလိမ့်မည်ပေါ့။

လျိုရှုဟန်က ထိန်းသိမ်းရခက်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးထားခဲ့ပေ။ လျိုအိမ်တော်မှ လျိုဝမ်ကျင်း၏ ထောက်ပံ့ပေးမှုကြောင့် ရှုဟန်က မောက်မာနေသည်။အပြင်ပန်းတွင် သူမ၏ တူမ တဖြစ်လဲ ချွေးမဖြစ်သူ နှင့် သဘောထားကွဲလွဲပြီး အချင်းချင်း မညီညွှတ်ကြချေ။

ရှန်လျန်က ဘာမှပင် လုပ်ရန်မလိုနေ၊ ဤအိမ်တော်၏ တစ်ကယ့် သခင်က သခင်မကြီး မှန်း အသိပေးသည့် အနေဖြင့် အရိုအသေ ပြုလိုက်ရုံသာ။ နားနေဆောင်သို့ နောက်ကျမှ လာသော်လည်း အားလုံးကိုစဉ်းစားထားပြီးသားဖြစ်သည်။ သခင်မကြီးပင် ခွန်းတုန့်မပြန်ရသေးမီ ရှန်ချန်က ဝင်ပြောလိုက်သဖြင့် ၊အဓိပ္ပာယ်မှာ ရှန်ချန်သည် အငယ်‌နေရာ မသိ၊ စည်းစောင့်ခြင်းမရှိပဲ သခင်မကြီးအား မလေးစားခြင်းကို ပြသသည်မလား?

ထိုအချက်က သက်သေပြသွားသည်။ သခင်မကြီးနဲ့ သူမတို့ သားအမိကြား တိုက်ပွဲက ပိုပြီးနက်ရှိုင်းသွားဦးမည်...............ဟု ။

Words 2138

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment