' ကလေးထိန်း"
"ဖွီး..ဟားဟားဟား"
ရှန်လျန် ဗိုက်နှိပ်ကာ ကျယ်ကျယ်လောင်လောင်ရယ်၏။ မြို့စားရဲ့ နစ်နာနေတဲ့ရုပ်က အတော် ရယ်ရသည်လေ...
" ရယ်နေသေးတယ်ပေါ့... မြန်မြန် ဒီကိစ္စကိုဖြေရှင်းကူပါဦး.. သူဆက်ငိုနေရင် တုံးလင် တစ်အိမ်လုံးနိုးလာတော့မယ်"
အနှီးထုပ်ကိုပွေ့ချီထားရင်း ဖေးယွမ်ရွှင်းမျက်နှာ ပုပ်သိုးနေသည်။ ဒုတိယ အစ်ကိုက ဘယ်လိုများစဉ်းစားထားသလဲ... ပြီးခဲ့တဲ့ သုံးရက်လုံးလုံး ဒီဘိုးဘေးကြောင့် သူဘယ်လောက် ဒုက္ခရောက်ခဲ့ရသလဲ မိုးကောင်းကင်သာ သိမည်။ ချင်ဖင်းအိမ်တော် က အထက်နဲ့အောက် ပြောင်းပြန်လှန်မလို ဖြစ်ပြီး သူ့ညီ၄.. အဲ့ဒီမကောင်းတဲ့ကောင်ဆိုရင်ခြေထောက်မှာ ဆီထည့်ထားသလိုပဲ ရွှတ်ခနဲ ထွက်ပြေးသွားခဲ့တော့ ဖေးယွမ်ရွှင်းရဲ့လက်ထဲ ရောက်ပြီး သူ့တာဝန် ဖြစ်နေတော့၏။
"အဟမ်း ကျွန်တော် ဘာလုပ်နိုင်မလဲ စဉ်းစားလိုက်ဦးမယ်"
ရယ်နေတာ ကိုရပ်လိုက်ပြီး အနှီးထုပ်ထဲ ကို ငုံ့ကြည့်လိုက်သည်။ အောင်ငဲက ပြင်းပြင်းထန်ထန် ငိုကြွေးနေပြီး တစ်မျက်နှာလုံးနီတာတွတ်နေလေပြီ..
"ဒီကလေးက ဘယ်ကရောက်လာတာလဲ..
ဘာလဲ... မြို့စားမင်းက အတော် အားနေလို့ ကလေးထိန်းအလုပ် ပြောင်းချင်တာများလား"
"......"
ဖေးယွမ်ရွှင်း စိုက်ကြည့်၏။
ဘယ်သူက ကလေးထိန်း ဖြစ်ချင်ပါ့မလဲ.. သူက မတရားခံရတာပါ ဟုတ်ပြီလား! အစ်ကို၂ က ကလေးကိုကြည့်ထားပေးဖို့ ပို့လိုက်မယ်မှန်းသာသိရင် သူ့ကိုရိုက်သတ်မယ်ဆိုရင်တောင် သဘောတူခဲ့မှာ မဟုတ်ဘူး....
ဒေါက် ဒေါက်!
"လျန်လျန်ရေ.. အခန်းထဲမှာ ကလေးငိုသံ လို ကြားလို့"
တံခါးခေါက်သံနှင့်အတူ ဖုရင် အခန်းထဲ ရောက်လာခဲ့သည်။ နှစ်ယောက်လုံးမျှော်လင့်မထားတာကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ဖုရင်သာမက ချီယွဲ့နဲ့ ချီရွှမ်းပါ နိုးနေကြသည်။ ယောင်းကွမ်ကိုတော့ မတွေ့ပေမယ့် ဖေးယွမ်ရွှင်းရောက်နေမှန်းသိပြီးဖြစ်မှာပင် ..သူက ထျန်းချွမ်တို့လို တစ်နေရာရာမှာ ပုန်းနေလောက်သည်။
"ဒါ... မြို့စားမင်းက ဘယ်လိုလုပ်ရောက်နေ"
"ဒီကလေးက ဘယ်က"
"ကျုပ်...."
အခန်းထဲက အခြေအနေကိုတွေ့ပြီး ဖုရင် ရော ကျန်နှစ်ယောက်ပါ ကြောင် အ နေသည်။ ဖေးယွမ်ရွှင်းနဲ့ ကလေးကို ကြည့်ပြီး ဘာကိုအာရုံစိုက်သင့်မှန်း မသိ ဖြစ်နေတော့သည် ။
"ကလေးက ဗိုက်ဆာ နေတာလား.. ငိုနေတာ စူးစူးနစ်နစ်ပဲ"
ရှန်လျန် မဖြေရှင်းလိုက်ချေ။ တစ်ချို့စကားတွေ ကိုအချိန်ကုန်ခံပြီး ပြောမနေတော့ပဲ လူသုံးယောက်ကို ဒီတိုင်းလွှတ်ထားလိုက်၏။ အရင်ဘဝက ကိုယ်ဝန်တစ်ခါမှ မဆောင်ခဲ့ဖူးလို့ အဖေ ဖြစ်ဖို့ အခွင့်အရေး မရှိခဲ့ချေ။ ကလေးကို ပြုစုစောင့်ရှောက်ဖို့က ပို၍ပင် အတွေ့အကြုံ မရှိပါ။
"မဖြစ်နိုင်ဘူး... အိမ်ကမထွက်လာခင် ကျွေးခဲ့ပြီးပြီ.. သူ.. စိုနေလို့များလား!"
သူနှင့်ယှဉ်လျှင် သုံးရက် စောင့်ရှောက်ဖူးသည့် ဖေးယွမ်ရွှင်းက ပို၍ အတွေ့ကြုံရှိ၏။
ပြောလည်းပြော.. ကလေးကို စားပွဲပေါ်တင်ကာ အနှီးထုပ်ဖြည်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ကလေးကို ပိုပို ငိုလာစေသည်။ အဆုံးမှာ အနှီးထုပ်လည်း မဖြည်လိုက်နိုင်ပါ။
"မြို့စားမင်း... နည်းနည်း ညင်သာပေးပါဦး"
ဖုရင် မှာ ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့သဖြင့် မြန်မြန် ရှေ့တိုးလာကာ အနှီးဖြည်ပေးသည်။ ကလေးက အထဲမှာ တုံးလုံးလေးနဲ့ သေးခံပင် မဝတ်ပေးထားရာ ဖုရင် ခေါင်းမော့ပြီး ဖေးယွမ်ရွှင်းကို ကြည့်ကာ ပြောစရာစကားမဲ့သွား၏။
ဖေးယွမ်ရွှင်း သူ့အမှားသူသိပြီး ရှက်ရှက်နှင့်..
"ကလေးက လပိုင်းပဲရှိသေးတော့ အဝတ် ဝတ်ထားထား မထားထား ကြည့်ရဆိုးတာ တူတူပါပဲ"
ပြဿနာက ကလေးကြည့်ရဆိုးလား မဆိုးလား နဲ့မှ မဆိုင်တာ!
ဘေးက နားထောင်နေတဲ့ ရှန်လျန် က နားထင်နား ပွတ်လိုက်မိသည်။ ဖေးယွမ်ရွှင်းက ကိစ္စတွေကို ဘာလုပ်ရမှန်းမသိအောင် ခက်ခဲနေတာလား...
"အဝတ်တွေက ဘယ်နားမှာလဲ"
ဖုရင် ဘာမှ မပြောတော့ပဲ ရွေးချယ်စရာမရှိ ရှေ့ကိုင်းကာ ကလေးကို ပွေ့ချီလိုက်သောအခါ တစ်ကယ်ပဲ ခင်းနှီးက ကျင်ငယ်ရည်နဲ့ ရွှဲရွှဲ စိုနေသည်။
"ထျန်းရှု.. မဝင်လာသေးဘူးလား"
ဖုရင် လက်ထဲ ရောက်နေတဲ့ ကလေးငယ်က အငိုတိတ်ပြီး ရှိုက်သံထွက်နေသည်။ ဖေးယွမ်ရွှင်း အပြင်ဘက် လှမ်းအော်လိုက်ရာ ထျန်းရှုသည် အတော်တန်ကြီးမားတဲ့အိတ်ကိုဆွဲပြီး ပြတင်းပေါက်ကနေ ခုန်ဝင်လာသည်။ သူနဲ့အတူ ထျန်းချွမ်၊ ထျန်းရွှမ်၊ ယွီဟိုင်နဲ့ယောင်းကွမ် ပါ လိုက်ဝင်လာပြီး သူတို့အားလုံးကိုကြည့်ရသည်မှာစိတ်မောလူမော ဖြစ်နေကြဟန်။
"ခွင့်ပြုပါ"
ချီယွဲ့က ထျန်းရှုလက်ထဲက အိတ်ကို ယူပြီး ညင်သာစွာ ဖွင့်ကြည့်လိုက်သည်။ နူးညံ့တဲ့ အတွင်းဝတ်ခင်းနှီး ကိုထုတ်ယူပြီး ကလေးကို ရေစိုအဝတ်နဲ့ သန့်ရှင်းပေးလိုက်သည်။ ထို့နောက် လူနှစ်ယောက် ပူးပေါင်းပြီး သန့်ရှင်းခြင်း ၊ အနှီးထုတ်ခြင်းများပြုလုပ်ပေးပြီးနောက် အသေးလေးလည်း သက်တောင့်သက်သာ ရှိသွားကာ လက်မ စုပ်နေတော့၏။ လွယ်လွယ်ကူကူပင် တဖြည်းဖြည်း စတင် အိပ်ပျော် နေတော့သည်။
"လျန်လျန့် လူတွေက အတော် အသုံးဝင်ပြီး နားလည်တတ်တာပဲ"
ကလေးစငိုချိန်ကဆို နာရီဝက် နီးပါးပင်ရှိတော့မည်မို့ ပင်ပန်းကာ အိပ်မောကျသွားသည်က ပုံမှန်ပင်။
ပြီးခဲ့တဲ့ သုံးရက်လုံးလုံး အိပ်ပျော်လိုက် ၊ ကလေးငိုလို့ နိုးလာလိုက်နဲ့ ကြက်အိပ်ကြက်နိုးဖြစ်နေခဲ့ရသည်။ ဖေးယွမ်ရွှင်း၏ မျက်နှာက ဤစိတ်ရှုပ်စရာ ကို ပစ်ထုတ်ချင်နေသည့်ပုံ ဖြစ်နေသည်ကတစ်ကြောင်း.. ပန်းရောင် သန်းသန်းနဲ့ ဖောင်းဖောင်းအစ်အစ် ကလေးမျက်နှာလေးကြောင့်..ရှန်လျန် မတတ်နိုင်စွာနဲ့..
"ဦးလေးဖု ကလေးကို အခန်းခေါ်သွားပြီး ကြည့်ထားပေးပါဦး.. ကျွန်တော် မြို့စားမင်းနဲ့ သီးသန့်စကား ပြောချင်တာလေးရှိလို့"
"ကောင်းပါပြီ ကလေးက လေး၊ငါးလ ပဲ ရှိဦးမယ်ထင်တယ်.. မြို့စားမင်းကို နွားနို့ မဟုတ်လည်း ဆိတ်နို့ ယူလာပေးဖို့ အနှောင့်ယှက်ပေးရတော့မှာပဲ..ညကျရင် ကလေးဗိုက်ဆာ လာလောက်တယ်"
ရှန်လျန် ပြောချင်တာ ကို သဘောပေါက်တာ ကြောင့် တောင်းဆိုသင့်တာ တောင်းဆိုပြီး ချီရွှမ်းနဲ့ချီယွဲ့ကိုခေါ်ကာ အခန်းထဲက ထွက်သွားသည်။ သေးရွှဲနစ်နေသော ခင်းနှီး နဲ့ ကလေးအဝတ်ထုတ်ကို ယူသွားရန်လည်း မမေ့ပါချေ။
"ငယ်သားလည်း လိုအပ်တာ သွားပြင်လိုက်ပါဦးမယ်"
ဖေးယွမ်ရွှင်းရဲ့ အချက်ပြမှုကြောင့် ထျန်းရှုတလည်း အလိုက်တသိရှောင်ပေး၏။
"အမ်း... ဝမ်ဖေးတို့သီးသန့် စကားပြောမှာကို ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး"
ထျန်းချွမ်၊ ထျန်းရွှမ်နဲ့ယွီဟိုင်ကတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး ယောင်းကွမ်ကတော့ ရှင်း၏ ။ ပြောပြီးပြီးချင်း သခင့် အဖြေပင် မစောင့်ပဲ သူ့ညီအစ်ကို သုံးယောက်
ကိုခေါ်ကာ ထွက်ခွာသွား၏။
"တစ်ကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ"
နောက်ဆုံး နှစ်ယောက်ထဲ ကျန်မှ နေရာ ရှာ ကာ ရှန်လျန်ထိုင်လိုက်သည်။ ဖေးယွမ်ရွှမ်းက ကလေးထိန်း လုပ်ချင်တာတော့ မဖြစ်နိုင်။
"ဒီက်စ္စက နည်းနည်းရှည်တယ်"
ပင့်သက်ရှိုက်ကာ ရှန်လျန့်ဘေးဝင်ထိုင်လိုက်ပြီး သူကိုယ်တိုင်အတွက် ရေနွေးကြမ်းငှဲ့လိုက်သည်။
"ဒါဆိုလည်း တိုအောင် ပြောလေ"
ကလေးက အိမ်ကိုအလိုလို ရောက်လာစရာအကြောင်းမရှိဘူး.. သူ့ကိုအားလုံးဖုံးကွယ်ထားလို့ ရမယ်လို့ ထင်နေတာလား..
ဖေးယွမ်ရွှင်း ရေနွေးခွက် ချကာ သူ့ဘက်လှည့်သည်။
"တစ်ကယ်လို့ ဒီကလေးက မင်းအစ်ကိုရဲ့ကလေးပါဆိုရင် ယုံလား"
"ဘယ်လို?"
ရှန်လျန် မျက်လုံးပြူးသွားသည်။
"ဘာပြောလိုက်တယ်... ထပ်ပြောပါဦး ဒီကလေးက ဘယ်သူ့ကလေး....?"
မဖြစ်နိုင်ဘူး.. အရင်ဘဝမှာ သူ့အစ်ကို မရှိ..နေဦး မဟုတ်သေးဘူး ကလေးရှိခဲ့ရင်တောင် ဖေးယွမ်ရွှင်း သူ့ဆီ ယူမလာဖူးဘူး ဆိုတော့ တစ်ကယ်ပဲ သူ့အစ်ကိုရဲ့ ကလေးလား...တာ့ကောမှာ ရင်သွေးရှိတယ်ပေါ့...
မျက်ရည်ပူတွေလိမ့်ဆင်းလာခဲ့သည်။ ရှန်တာ့မှာ သွေးသားရင်းရှိတယ်ဆိုတဲ့အချက်က ရှန်လျန့်ကို စိတ်လှုပ်ရှားစေသည်။
"လျန်လျန်...."
တစ်ဖက်လူက ငိုလိမ့်မယ်လို့ ထင်မထားမိတာကြောင့် သူပါ နေရခက်ပြီး သူ့ရင်ကို ဆုပ်ညှစ်နေသလို အသက်ရှူရခက်လာမိသည်။
သူ့လက်က အလိုအလျောက် စီးကျနေတဲ့ မျက်ရည်တွေကို သုတ်ပေးရင်း
"အရူးလေး.. ငိုစရာ ဘာရှိလို့လဲ..ရှန်တာ့မှာ ကလေးရှိပြီဆိုတော့ မင်းက ဦးလေးဖြစ်ပြီပေါ့ မပျော်ဘူးလား"
ရှန်လျန် ဒီကလေးကို သဘောကျမကျ ဖေးယွမ်ရွှင်း မသေချာခဲ့ပေမယ့် အခု ရှန်လျန့်မျက်ရည်က အဖြေ ပေးခဲ့ပြီ။ သူ ဒီခေါင်းမာတဲ့ ကလေးသေးသေးကို တစ်ကယ်ချစ်ရှာတာပဲ...
"အင်း..."
ခေါင်းငြိမ့်လိုက်ပေမယ့် မျက်ရည် စီးကြောင်းက တသွင်သွင် ကျဆင်းနေဆဲ။ ရှန်လျန် ခေါင်းမော့ကာ မျက်ရည်တွေ သုတ်လိုက်၏။
"ကျွန်တော် အရမ်းပျော်တယ်.. ခင်ဗျား မလိမ်ဘူးမလား ၊မလိမ်ရဘူးနော် ..ကလေးက တစ်ကယ်ပဲ အစ်ကို့ကလေး လား"
အမှန်တစ်ကယ် အလေးထားသလို ကြောက်လဲကြောက်နေမိသည်။ ဖေးယွမ်ရွှမ်း က စနောက်တာပါ လို့ ဖြေလာမှာ ကို စိုးရွံ့မိပြီး အသက်ရှုအောင့်ထားမိ၏။
"အရူးလေး..."
သူ့အကြည့်ကို နားလည်တဲ့ ဖေးယွမ်ရွှင်းက သူ့ခေါင်းကိုပုတ်ပေးပြီး ရင်ခွင်ထဲ ဆွဲသွင်း လိုက်သည်။
"ဒီလို အရေးကြီးတဲ့ ကိစ္စကို ကိုယ်က စနောက်စရာလား.. ကလေးက ရှန်တာ့ သားပါ ၊ နာမည်က ရှန်ရို.. အသက်က ငါးလရှိပြီ.. ရှန်တာ့က ဘာလို့ ရှန်ရိုလို့ နာမည်ပေးထားလဲ သိလား.. အခုတိုက်နေတဲ့ စစ်ပွဲကို ချောချော မွေ့မွေ့အောင်နိုင် အောင် ကံကောင်းစေဖို့ ရယ် ၊သူ့ညီလေးလည်း ကံကောင်းစေဖို့ ရည်ရွယ်ပြီး ဒီနာမည်ပေးခဲ့တာလို့ စာထဲမှာ ရေးထားတယ်"
ပြောရရင် ရှန်တာ့အကြောင်း သိပ်မသိသော်လည်း အစ်ကိုနှစ်ကြောင့် နှစ်ခေါက် သုံးခေါက်တော့ တွေ့ဖူးနေသည်။
ထိုလူက သူ့ညီ ကိုအတော်လေး ချစ်တာကိုတော့ သူပြောနိုင်သည်။ ရှေ့တန်းထွက်ကာ စစ်မြေပြင်မှာ မကြောက်မရွံ့ အသက်စွန့်ပြီး တိုက်ခိုက်ကာ နာမည် ဂုဏ်သတင်းကျော်စောရန် ရေကုန်ရေခမ်းကြိုးစားနေသည့် အကြောင်းအရင်းက သူ့ညီငယ်ရဲ့ အနာဂါတ်ကို အထောက်အပံ့ဖြစ်စေရန် ပင်။
ထိုအကြောင်းကြောင့် ရှန်တာ့က အစ်ကိုကောင်းတစ်ယောက်ဖြစ်ကြောင်း ဖေးယွမ်ရွှင်းဝန်ခံပါ၏။
"အင်း..."
တစ်ဖက်သူအပေါ် မှီနေရင်း ရှန်လျန် မျက်ရည်တွေ မထိန်းချုပ်နိုင်... သူ့အစ်ကိုရဲ့မေတ္တာတွေကို အမြဲ သိနေခဲ့ပါသည်။ အရင်ဘဝက သူ့အစ်ကိုဆုံးပါးတဲ့သတင်းကြားကြားချင်း ရပ်နေတဲ့နေရာမှာတင် သွေးပွက်ပွက် အန်ခဲ့ရသည်။ တစ်နှစ်ကြာသွားမှ သာ ပြန်နလန်ထူနိုင်ခဲ့၏။
သူ့အစ်ကိုအကြောင်း ဘယ်အချိန်တွေးတွေး နာကျင်ခံစားရသည်။ သူလေးစားချစ်ခင်ရတဲ့ အစ်ကိုက ရှန်လျန် လက်မထပ်ချင်လို့ ငြင်းပစ်ခဲ့တဲ့ လူနဲ့ ရှန်မိသားစုဝင်ရဲ့ လက်ထဲမှာ ပဲ လုပ်ကြံခံခဲ့ရမယ်လို့ ဘယ်သောအခါမှ မတွေးဖူးခဲ့ပါချေ။
"ဟင်?"
သူ့လက်မောင်းကြားထဲ က လူသတ်ချင်တဲ့အငွေ့အသက်တွေကြောင့် ဖေးယွမ်ရွှင်း ခေါင်းငုံ့ကြည့်လိုက်သော်လည်း ထိုပြင်းထန်လှတဲ့ လူသတ်ချင်စိတ်တွေဟာ အရိပ်မမြင်လိုက်ရပဲ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏။
"ကျေးဇူးပါ. ဖေးယွမ်ရွှင်း"
ကိုယ့်စိတ်ကိုယ် ပြန်ထိန်းချုပ်ပြီး မျက်ရည်သုတ်ကာ ကျေးဇူးစကားဆို၏။ ဒီလူကြောင့်သာ မဟုတ်ရင် သူ့မှာ တူလေးရှိနေပြီး ၊ သူကိုယ်တိုင်က ဦးလေး ဖြစ်နေမှန်း သိပင် သိလိုက်ရမှာ မဟုတ်ပေ။
"ကိုယ့်ကို ဘာတွေ ယဉ်ကျေးနေသေးတာလဲ... မင်းက မကြာခင် ကိုယ့်လူ ဖြစ်လာတော့မှာပဲလေ...အနာဂါတ်မှာ ကျေးဇူး ဆိုတဲ့ ဝတ်ကျေတမ်းကျေစကား ထပ်မကြားရစေနဲ့"
ဖုံးကွယ်တာ အတော် မြန်တာပဲ....
ရှန်လျန့်ကို နှစ်သိမ့်ပေးလ်ုက်ရင်း ထပ်တူ စိတ်ဖိစီးမိ၏။ ဖေးယွမ်ရွှင်း ကူကယ်ရာမဲ့စွာနဲ့
ရှန်လျန့်နှာထိပ်လေးကို တို့ထိ လိုက်သည်။
"ကောင်းပါပြီ"
ရှန်လျန်နာနာခံခံ ခေါင်းငြိမ့်ကာ ပြုံး၏။
"အာ..ဟုတ်သားပဲ ကလေး အမေက ဘယ်သူလဲ"
သူ့မှာ မရီးရှိရင် ခေါ်ပြီး နားနေနိုင်အောင် လုပ်ပေးရမည်။ သေချာတာပေါ့.. သူ့မရီး ကို တုံးလင် အိမ်တော်ဆီ ဘယ်ခေါ်ခဲ့ပါ့မလဲ..
ဒီအိမ်က ဝံပုလွေ ၊ကျား အသိုက်ပဲ၊ သူတစ်ယောက်ထဲ မကောင်းဆိုးဝါးတွေ ကို ကိုင်တွယ်ရင်လုံလောက်ပြီ၊ မရီးအတွက် အိမ်ကြီးကြီး တစ်လုံး ဝယ်ပြီး သူပေးနိုင်တဲ့ အကောင်းဆုံးတွေပဲ ပေးမည်။ သူ့အစ်ကိုအစား ကလေးရော ၊မိခင်ကိုရော သူစောင့်ရှောက်ပေးမည်။
"နောက်ဆုံးတော့ မေးဖို့သတိရပြီပေါ့"
ဖေးယွမ်ရွှင်း ပြုံးစစနဲ့ကြည့်လိုက်ပြီး စားပွဲပေါ် မှီကာ သူ့လက်နှစ်ဘက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ထို့နောက် အမှောင်ကြီးစိုးနေသည့်ပြတင်းအပြင်ဘက် ငေးကာ..
"ဒီကိစ္စက အတော်လေး လျှို့ဝှက်တယ်.. ကိုယ်တို့ ညီအစ်ကိုတွေနဲ့ အရင်းနှီးဆုံး လူတွေလောက်ပဲ သိတာ.. အင်ပါယာ စစ်နတ်ဘုရားက တစ်ကယ်တော့ ကော တစ်ယောက်ပဲ .. သူက မိဘမဲ့မလို့ ငယ်ငယ်လေးကတည်းက ဆရာက ခေါ်မွေးစားခဲ့တာ ပြီးမှ ကိုယ်တို့ကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ခဲ့တာပေါ့...ဒါကြောင့် ကိုယ်တို့က သဘာဝကျကျ သူ့ရဲ့ မိသားစုဝင် ဖြစ်ခဲ့တယ်..,
မင်းအစ်ကို ရှေ့တန်းမှာ ရွပ်ရွပ် ချွံချွံ တိုက်ခိုက်နေတာ မြင်ပြီး တန်းတန်းစွဲသွားတာ... နည်းပေါင်းစုံသုံးပြီး သူ့အနားရောက်အောင် ဆွဲခေါ်တာပဲ.. မင်းအစ်ကိုကို ရလိုက်ပေမယ့် သူတို့နှစ်ယောက် လက်မထပ်ရသေးတာတော့ ကိုယ်သိတယ်"
လက်ထပ်ဖြစ်ရင် အကိုနှစ်က သေချာပေါက်ပြောလာမှာပဲ.. ဒါပေမယ့် ရှန်တာ့ ကလည်း လက်မထပ်ပဲ လှည့်ဖျားနေမယ့်သူမျိုးတော့ မဟုတ်.. ကြည့်ရတာ ကလေးက မတော်တဆ ထင်ပါရဲ့...
ဟော်ရဲ့လင်က ကောတဲ့လား?
ဒီလျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် တစ်လောကလုံးပွက်လောရိုက်ကုန်လိမ့်မည်။ ချင်အင်ပါယာက ကောကို မဆန့်ကျင်ပေမယ့် အမှုထမ်းဖြစ်ဖို့ တရားဝင်ခွင့်ပြုမထားချေ။
ဟော်ရဲ့လင်သည် အသက်ဆယ့်လေးနှစ်ထဲ က ကျော်ကြားလာပြီး အရွယ်ရောက်လာတော့ စစ်အောင်ပွဲများစွာကို အောင်နိုင် ဆွတ်ခူးပေးနိုင်ခဲ့ကာ ရန်သူတွေကို ပွဲပေါင်းများစွာ ရှုံးနိမ့်စေခဲ့သည် ။ ထိုစဉ်ကတည်းက စစ်နတ်ဘုရား လို့ ဂုဏ်သတင်းကျော်စော ခဲ့ပြီး ခုလို မရေတွက်နိုင်တဲ့ရန်သူတွေကို လွှမ်းမိုးခဲ့သူဟာ တစ်ကယ်တော့ ကောတစ်ယောက် ဆိုတာသိသွားရင် ချင်အင်ပါယာကြီး ပြောင်းပြန်လှန်ခံရနိုင်တယ်မလား...
ဒီအချက်ထက် ပိုအံ့ဩမိတာက စစ်နတ်ဘုရားဟော်ရဲ့လင်က သူ့မရီးဖြစ်နေတာကိုပဲ!
Words 2553
Grape 🍇