'လှုပ်ရှားမှု ဘာရှိလဲ'
"ဦးလေးဖု ယွင်ရှီးကို ဇနီးရှာပေးတော့မှာလား"
ရှန်လျန် ဖေးယွမ်ရွှင်းနဲ့ စကားဆက်မပြောတော့ပဲ ဖုရင်ကိုမေးလိုက်သည်။ ဖေးယွမ်ရွှင်းက ဝင်မနှောင့်ယှက်ပေ၊ ထိုအစား စိတ်ထဲကနေ တေးထားလိုက်သည်။ သူနဲ့ရှန်လျန် သားဦး အရင်ဆုံးမွေးလာမယ်ဆိုရင် ဟော်ရဲ့လင် ရဲ့သားထက် အရင်ဆုံး သူ့သားကိုချွေးမရှာပေးမယ် ။
"ဟင်?"
ရုတ်တရက် သူ့နာမည်ခေါ်လာမယ်မထင်ထားတာကြောင့် တာ့ပေါင်ကိုခေါ်ထားတဲ့ ဖုရင်က ခေါင်းမော့လာပြီးနောက် ...
"ယွင်ရှီးက မငယ်တော့ပေမယ့် အသက်ဆယ့်ရှစ်ပဲရှိသေးတာဆိုတော့ နောက်နှစ်နှစ်လောက်မှ ရွေးချယ်လည်း နောက်မကျသေးပါဘူး၊ လျန်လျန့်ကိစ္စက ပိုအရေးကြီးတယ်"
ချင်တိုင်းပြည်တွင် ကျား၊မ မရွေး အသက် ဆယ့်ငါးနှစ်ဆို အိမ်ထောင်ပြုနိုင်ပြီဖြစ်၏။ အထူးအခြေအနေတစ်ချို့ရှိပါက အထူးသဖြင့် မိသားစုအခြေအနေချို့တဲ့လျှင် အသက်ဆယ့်နှစ်၊ဆယ့်သုံးနဲ့ အိမ်ထောင်ပြု၍လည်းရ၏။ အမှုထမ်း၊အရာရှိ သားသမီးများကိုတော့ အသက်ဆယ့်ရှစ်နှစ်နဲ့ အိမ်ထောင်ချပေးတာများ၏။
ပို၍ အင်အားကြီးသော မိသားစုမှဖြစ်လျှင် အလျင်မလိုပဲ နောက်နှစ်နှစ်လောက် နောက်ဆုတ်တတ်သေး၏။ သို့နှင့် ကလေး အဖေစဖြစ်လျှင် ခင်ပွန်း၏အသက်က နှစ်ဆယ်ဝန်းကျင်နှင့် အမျိုးသမီး၏အသက်က ဆယ့်ခုနှစ်၊ ဆယ့်ရှစ်နှစ်ဝန်းကျင်ရှိတတ်၏။
"ကောင်းပြီ"
ရှန်လျန် ခေါင်းငြိမ့်၏။ ဖုရင် စိတ်ထဲ ထူးဆန်းနေသဖြင့် မနေနိုင်ပဲ မေးလိုက်သည်။
"လျန်လျန် ဒီအကြောင်းဘာလို့မေးတာလဲ"
"ဒီတိုင်းမေးကြည့်တာပါ"
မသေချာပဲ ရှန်လျန်က ထုတ်မပြောချင်၊ သို့ပေမယ့် ယခုအခ်ျန်ကတည်းက ဖုရင်နဲ့ ရှဲ့ယန်တို့ချင်းတွေ့ဖို့အခွင့်ရေးရှာပေးနိုင်မယ်ဆိုရင် ရှဲ့ယန်က လူကောင်းမှန်းသိပြီး နှစ်ယောက်သားအဆင်ပြေပြီး ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားနိုင်သည်ကိုမြင်ရလေမလား....
"ယွဲ့ကော ဘယ်ရောက်နေလဲ"
ဦးလေးဖု သံသယရှိနေတာမြင်တော့ ရှန်လျန် စကားခေါင်းစဉ်ပြောင်းလိုက်သည်။
"သုံးယောက်သား ကျွင်းကျီဘက်ကဆိုင်ခန်းကိုသွားကြည့်တယ်၊ ဒါပေမယ့် ဆိုင်ထိန်းကို ဘယ်မှာမှ ရှာမတွေ့ဘူးတဲ့ ၊ အဲ့ကဆိုင်တွေရဲ့ အခြေအနေကတော့ ကောင်းပါတယ်၊ နည်းနည်းပါးပါး ပြန်ပြင်လိုက်ရင်အဆင်ပြေတယ်၊ မြို့အခြေအနေပဲမကောင်းတာ၊ အရင်နှစ်ကတည်းက ဝင်ငွေတော်တော်ပါးတယ်၊ ဒီနှစ်လည်း မိုးကြီးတော့ ယာခင်းတွေရေမြှုပ်ပြီး မျိုးစေ့တွေလည်း ဆုံးရှုံးကုန်တယ်၊ ရိတ်သိမ်းဖို့အချိန်မရလိုက်ဘူး၊
အဲ့ဒီသတင်းကြောင့် ချီယွဲ့က သွားပြီး စစ်ဆေးတာ၊ တိုးတက်အောင် တစ်ခုခုလုပ်ပေးနိုင်မလားပေါ့၊ သူ့ပုံစံက အိမ်မှာ တစ်နေကုန် ဦးလေးနဲ့နေပြီး ကလေးကိုစာဖတ်ပြတာထက်စာရင် အဝေးကြီး သွားရတော့ အားအင်တွေ ပြည့်ပြီး တက်ကြွနေရောပဲ"
သံသယတွေ ရင်ထဲ သိမ်းလိုက်ပြီး ဖုရင်က တာ့ပေါင်ကိုဖက်ကာ ဆိုသည်။ မှန်တာပြောရလျှင် သူ့သားကို ဇနီးရှာပေးချင်တာပေါ့၊ ချီယွဲ့နဲ့ချီရွှမ်းလည်း သင့်တော်တယ်လို့ ထင်မိသည်။ ယွင်ရှီးနဲ့သာလက်ထပ်လိုက်ရင် ပိုကောင်းမယ်ဆိုပေမယ့် ကိစ္စတွေက အဲ့လောက်မလွယ်လို့ နှုတ်က အလွယ်တကူထုတ်ပြောရန်မသင့်ချေ။
"သူသဘောကျရင် က်စ္စမရှိဘူး၊ သူလည်းဆေးပညာ အတော်အသင့်နားလည်နေပါပြီ၊ သူ့ကိုယ်သူ ကာကွယ်နိုင်ပါတယ်"
ရှန်လျန် ဘယ်သူ့ကိုမှ အတင်းမတိုက်တွန်းချေ၊ ချီယွဲ့သာ ကျွင်းကျီဘက်က ဆိုင်တွေစီမံရတာကိုသဘောကျရင် အနာဂါတ်မှာ သူ့နာမည်နဲ့ပိုင်ဆိုင်မှု လွှဲပြောင်းပေးလိုက်မည်။ စောစောစီးစီးတော့ မပေးဘူးပေါ့၊ စိတ်လွတ်သွားမှာစိုးလို့၊ နေဦး.. သူဘာလို့ ဆေးပညာသင်တန်းခ မပေးတာလဲ? မွေးကတည်းက တတ်လာတာ ဘယ်သူမှ မှ မရှိတာ။
"တာ့ပေါင်ရဲ့အဖေက မဆိုးဘူး၊ ချီယွဲ့နဲ့ သူနဲ့ တူတူ ဆိုင်တွေပတ်ကြည့်ဖို့သွားတယ်၊ တာ့ပေါင်ကလည်း လိမ်မာပြီး သိတတ်တယ်၊ မငိုဘူး၊ ပြဿနာမရှာဘူး၊ ဦးလေးမအားရင် သခင်လေးကိုတောင် ကြည့်ကူပေးသေးတယ်"
အမူအကျင့်ကောင်းတဲ့ မြေးတစ်ယောက်ထပ်ရတာကြောင့် ဖုရင် ဘယ်လောက်ပျော်နေလဲ သူ့ကိုယ်သူသာသိသည်။
ရှန်လျန်က ဖုရင်အကြည့်နောက်လိုက်ကြည့်၏။ ဖခင်က တစ်ခုခုပြောထား၍လည်း မသိ၊ ကလေးက သူ့ကို ကြောက်ရွံ့နေပြီး ဖုရင်လက်မောင်းထဲမှာ ယုန်ကလေးလို တုန်ရီနေသည်။
ရှန်လျန် ပြုံးလိုက်ပြီး လှမ်းခေါ်၏။
"ဒီနားလာပါဦး ကြည့်ရအောင်"
"ဟင့်အင်း"
တာ့ပေါင်က ကြောက်နေတာမြင်တော့ ဖုရင် ရယ်မောလျက်ပြော၏။
"တာ့ပေါင် မကြောက်နဲ့လေ.. သခင်လေးက လူကောင်းပါ၊ နောက်ကို မင်းကိုကြည့်ရှုစောင့်ရှောက်ပေးမယ့်သူပဲ"
"ဟုတ်"
တွန့်ဆုတ်နေသေးသော်လည်း တာ့ပေါင်က ချစ်စရာကောင်းစွာ ရှန်လျန့်နား ဖြည်းဖြည်းချင်းတိုးကပ်ခဲ့သည်။
"သ..သခင်"
ငယ်သေး၍ထင်၏။ သခင်နဲ့ သခင်လေး၏သဘောတရားကြား မကွဲပြားသေးသူကြောင့် လူကြီးတွေ ရယ်မောမိသည်။
ရှန်လျန်က ကလေးလက်ကို ဆွဲကိုင်လိုက်ကာ...
"သခင်လို့ မခေါ်တော့နဲ့... နောက်ဆို လျန်ရှုရှုလို့ပဲခေါ် ဟုတ်ပြီလား၊ တာ့ပေါင်က လိမ်မာတယ်မဟုတ်လား၊ ပါပါးက ရှုရှုအတွက် အလုပ်သွားကူလုပ်ပေးတာ၊ တာ့ပေါင်က အိမ်မှာနေပြီး ဦးလေးဖုစကား နားထောင်ရမယ်နော်၊ ပျင်းရင် ညီလေးနဲ့ ဆော့လို့ရတယ်"
"ဟုတ်"
ချို့တဲ့သောမိသားစုမှ ကလေးအများစုသည် အသက်နှစ်နှစ်ပဲရှိသေးသော်ငြား ပြောစကားကိုနာခံတတ်နေပြီဖြစ်၏။ ချက်ချင်း ခေါင်းငြိမ့်ပြီး ဖေးယွမ်ရွှင်းလက်ထဲက ရှန်ယို့ကိုလှမ်းကြည့်ရှာသည်။
"သ...သခင်လေး နို့သောက်မယ်လေ"
ညီငယ်လေးက ချစ်စရာကောင်းလွန်း၏။ ညီလေးကို အရမ်းချစ်သော်လည်း အဖေက ညီလေးဟုပေးမခေါ်၊ ထိုအစား သခင်လေးဟုခေါ်စေခဲ့သည်။
"တိတိ လို့ ခေါ်လို့ရတယ်"
တိုးတိုးလေးပြောသော်လည်း ရှန်လျန် ရှင်းရှင်းလင်းလင်း ကြားနေရဆဲ၊ တာ့ပေါင် ခေါင်းကို စိတ်ဖိစီးစွာ ပွတ်ပေးလိုက်မိသည်။ အရင်ဘဝရော ဒီဘဝမှာရော တွေ့ကြုံခဲ့ရတာတွေကြောင့် ရှန်လျန်က မိသားစုဝင်တွေကို စည်းခြားထားတာမျိုး မနှစ်သက်ချေ။ ရင်းရင်းနှီးနှီးသာနေစေလို၏။
"ဟုတ်"
ဒီတစ်ကြိမ် တာ့ပေါင်က သဘောပေါက်သွားဟန် ခေါင်းငြိမ့်၏။ မျက်နှာသေးသေးလေးက ရှက်ဝဲဝဲနဲ့ ရဲနေသည်။ တိတိကိုလည်း သဘောကျတယ်၊ လျန်ရှုရှုကိုလည်း သဘောကျတယ်၊ သူတွေ့ဖူးသမျှ သဘောအကောင်းဆုံးသူတွေပဲ။
"ဟုတ်ပြီ၊ ဦးလေးဖုနားသွားတော့"
မုန့်တစ်ခုယူပေးလိုက်တော့ တာ့ပေါင် လက်ကကိုင်ထားပြီးး ဦးလေးဖုရဲ့ပါးစပ်ထဲ ခွံ့ပေးလိုက်သည်။ ဖန်ကျုံးယွင်က ကလေးကို သေချာပျိုးထောင်ပေးထားတာပဲ၊ ဗိုက်ဆာနေတာတောင် မုန့်ကို တစ်ကိုယ်တည်းမစားဘူး၊ အသက်သုံးနှစ်ဆို ပိုပြီးသိတတ် နားလည်လာမှာ အသေအချာပဲ။
"မနက်အစောကြီး ဘာဖြစ်ကြတာလဲ"
ရှန်ယို့ကိုစနောက်နေတဲ့ ရှန်လျန်ရဲ့ ခြေထောက်ကို ဖေးယွမ်ရွှင်းက လာထိသည်။
ဒီနေ့တစ်နေကုန် အိမ်တော်တစ်ခုလုံးတိတ်ဆိတ်နေတာကြောင့် ညက ကိစ္စကိုဆ်ိုလိုတာဖြစ်မည်။
"အများကြီးဖြစ်သွားတယ်၊ ဒုတိယနဲ့ တတိယအဒေါ်တို့ သခင်ကြီးကို ပြဿနာရှာတာလေ၊ မနေ့က အိမ်မပြန်လာခင် ပြောတာတော့ အဖွားသတိရလာရင် အိမ်ထောင်စုစာရင်းခွဲထုတ်မယ်တဲ့၊ ဘယ်သူမှဆန္ဒမရှိဘူးလေ၊ တားလိုက်ကြတာမှ အိမ်တော်သခင်က ဘယ်သူလည်းဆိုတာ မေ့သွားကြတဲ့အထိပဲ"
စွင်းကျင့်က ကိုယ့်လူဖြစ်တာကြောင့် အပြင်ပန်းမှာ မဆက်သွယ်ကြပေမယယ့် ကိစ္စကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ တုံးလင်အိမ်တော်မှာ ဖြစ်ပျက်သမျှ လူလွှတ်ပြီးသတင်းပို့ပေးသည်။ သို့နှင့် လှုပ်ရှားမှုအားလုံးကို ကောင်းစွာသိနေခြင်းဖြစ်သည်။
"တစ်ကယ်ခွဲထုတ်မှာလား"
ဖေးယွမ်ရွှင်း မျက်ခုံးပင့်ကြည့်လာသည့်အပေါ် ရှန်လျန့်အနေနဲ့ မထူးဆန်း။
"အဲ့လိုပြောတဲ့အချိန်က ဘယ်သူမှ ဆန္ဒမရှိဘူးလေ၊ အဖွားနိုးလာတာနဲ့ ရအောင်တားဖို့ အားခဲထားကြတာထင်တယ်၊ တုံးလင်အိမ်တော်ရဲ့ လောင်းရိပ်အောက်က ထွက်သွားရင် ဒီအိမ်ရဲ့သခင်မလေးတွေ မဟုတ်တော့ဘူး၊ သူတို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိဘူး၊ ရှန်ရွေ့ထင်က လစ်လျူရှုလိုက်မယ်ဆိုရင် ဒီတိုင်းမြို့ထဲမှာ ငတ်သေရုံပဲရှိတယ်
ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းက တတိယနဲ့ စတုတ္ထအဆင့်ကြီးကြပ်ရေးမှူးတွေ၊ သူတို့နေရာက အချိန်မရွေးအစားထိုးလို့ရတယ်၊ ရှန်ရွေ့ထင်ရဲ့ ထောက်ပံ့မှုမရှိတော့ရင် ရာထူးတည်မြဲဖို့ခက်သွားလိမ့်မယ်၊ တုံးလင်အိမ်တော်မှာပဲ ကောင်းကောင်းလေးဆက်နေမလား၊ သူတို့ရာထူးအတွက် စိတ်ပူမလား ရွေးချယ်လို့ရတယ်"
"အဖွားသတိမရလာသရွေ့ ရှန်ရွေ့ထင် က အိမ်ထောင်စုခွဲဦးမှာတော့မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် သူ့အမေမရှိပဲ လက်လွတ်စပယ် လုပ်မှာတော့ မဟုတ်ဘူး၊ အမှားလုပ်ခဲ့ရင်တောင် ရှန်ရွေ့ထင်က အဖွားသေတဲ့ထိ လစ်လျူရှုထားမယ့်သူမဟုတ်ဘူး၊ မပြောကောင်းပြောကောင်း ပစ်ထားတယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်အမှုထမ်းတွေရော မိတ်ဆွေတွေပါ နှာခေါင်းရှုံ့ပစ်တင်ကြမှာပေါ့"
ဖေးယွမ်ရွှင်းက အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်။ ထိုလူတွေကို တုံးလင်အိမ်တော်ကနေ အမြန်ဆုံးမောင်းထုတ်ပစ်ချင်သည်။ သူ့မိသားစုက လျန်လျန်ကို ရက်စက်ကြမ်းကြုတ်တဲ့ လှည့်ကွက်တွေနဲ့ ကြံစည်ခဲ့သူတွေမို့ ရာထူးပြုတ်အောင် ဖြုတ်ပြီး အဆိုးရွားဆုံးဘဝရောက်အောင် ပို့ချင်သည်။
"အခုဆို ရှန်ရွေ့ထင်က ကျွန်တော် ဒုက္ခပေးခံရတယ်ဆိုတာ ယုံကြည်နေပြီ၊ အိမ်ထောင်စုစာရင်းခွဲမယ်ဆိုတော့ အားလုံးက စိတ်ပျက်ကုန်ကြပြီး အဖွားနိုးလာမယ့်အချိန်ကို ရင်တမမနဲ့စောင့်နေကြတယ်၊ အဖွားရဲ့အခြေအနေက သတိရလာမလား၊ သေမလား၊ ဒါမှမဟုတ် သတိလစ်ချင်ယောင်ဆောင်နေလား မပြောတတ်ဘူး၊ အားလုံးက သူ့အပေါ်မူတည်နေတာဆိုတော့ သူ့သား၊ချွေးမနဲ့မြေးတွေက အိမ်ထောင်စုစာရင်းမခွဲထုတ်အောင် ဘယ်နည်းနဲ့ မဆို တားလိမ့်မယ် ထင်တယ်"
ရှန်လျန်က သူ့စိတ်ထဲက အတွေးကိုထုတ်ပြောပြသည်။ ဒီနည်းလမ်းလုပ်ဖို့ကလွဲပြီး တစ်ခြားမရှိတာကြောင့် အဖွားကိုသတိမရလာအောင် လုပ်ဖို့ပဲဖြစ်နိုင်သည်။
"ရှန်ရွေ့ချင်တို့ညီအစ်ကိုသာ ကိုယ့်အမေကိုယ် ထိခိုက်အောင်လုပ်ရင် ပွဲကကြည့်ကောင်းပြီပဲ"
ဖေးယွမ်ရွှင်း နှစ်ထောင်းအားရရှိလှစွာ ပြုံးနေသည်။
"ပြောမရဘူး လုပ်ချင်လုပ်နိုင်တယ်"
လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်က အစွန်းရောက်သွားရင် ကယ်တင်လို့မရတော့ဘူး။ ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းရဲ့ ပုံစံက တစ်ကယ်လုပ်မယ့်ရုပ်တွေ။
"ဆက်စောင့်ကြည့်ထားလိုက်ကြ၊ လျိုရှုဟန်ဘက်ကရော..ဘာတွေ လှုပ်ရှားမှုရှိလဲ"
"ရှန်ရွေ့ထင်က လျိုရှုဟန်ဗိုက်ထဲက ကိုယ်ဝန်က အစစ်လားအတုလား သံသယဝင်နေပါတယ်၊ အဲ့ဒါနဲ့သခင်ကြီးက တော်ဝင်သမားတော်ပင့်ဖိတ်ပြီး စစ်ခိုင်းပါတယ်၊ လျိုရှုဟန်က သွေးကြောအစစ်မခံပဲ ချက်ချင်းဝန်ခံတယ်တဲ့၊ သူကိုယ်ဝန်ရှိနေတာ မဟုတ်ပါဘူးဆိုပြီး.. သခင်မကြီးက ဆေးတစ်မျိုးတိုက်လို့ ကိုယ်ဝန်ရှိသလိုမျိုး စမ်းသပ်ချက်ထွက်လာတာဆိုပြီး အကုန်ဝန်ခံလို့ သခင်ကြီးက ဒေါသထွက်ပြီး နပန်ကျင်းပစ်ခဲ့တယ်လို့ သိရပါတယ်"
ထိုစကားကြောင့် ဖုရင်မနေ နိုင်ပဲရယ်မိသွားသည်။ လျိုရှုဟန် အတော်စိတ်ပျက်သွားမှာပဲ။
"လျိုရှုဟန်က သူ့ဘာသူ ဝန်ခံတယ်ပေါ့"
ရှန်လျန် မျက်မှောင်ကြုံ့မိသည်။ လျိုရှုဟန်ရဲ့ အတွေးက နားလည်ရခက်လှသည်။ တော်ဝင်သမားတော် လာစစ်တောင် ပေါ်မှာ မဟုတ်ဘူး ကိုယ်ဝန်အတုက အဆုံးထိ ဘူးခံငြင်းလို့ရတယ်၊ ပြီးတော့ သမားတော်က စွင်းကျင့် ပင့်ပေးတာဆိုတော့ သူ့ကိုမယုံသင်္ကာဖြစ်တယ်ဆိုပြီး သူများကိုချောက်ချချင်တောင်ရသေးတယ်။
ရှန်ရှောင်ရဲ့ ရှေ့ရေးက ပျက်စီးသွားပြီဖြစ်သလို ရှန်ချန်ကလည်း ထိမ်းမြားရတော့မယ်ဆိုတော့ မိခင်က စိတ်လွတ်နေမှာပဲ၊ အစကတည်းက လျိုရှုဟန်ရဲ့ ဗိုက်က အတုဆိုတာ ထင်ခဲ့ပြီးသား၊ ကိုယ်တိုင် မဖော်ထုတ်ချင်ခဲ့တာပဲရှိသည်။
"လေ့ကျန်း"
"ရှိပါတယ် သခင်"
လေ့ကျန်းက အနားရောက်လာသည်။ ရှန်လျန် လေးလေးနက်နက် မှာကြား၏။
"လျိုရှုဟန်ရဲ့ လျှို့ဝှက်အစောင့်တွေအကြောင်း ရှာတွေ့ပြီလား"
"တစ်ကယ် ရှိနေတယ် သခင်... အနီးနားမှာ သူတို့ရဲ့ခြေရာလက်ရာတွေ့တယ်ဗျ၊ သူတို့က တော်တော် ဂရုတစိုက်ပုန်းကွယ်နေကြပေမယ့် ကျွန်တော်တို့ရှိနေမှန်းတော့ သတိထားမိဦးမှာမဟုတ်ဘူး"
လျိုရှုဟန်တစ်ယောက်ထဲကို စောင့်ကြည့်ရမှာ မဟုတ်ပဲ ရှန်ရှောင်ကိုပဲ စောင့်ကြည့်ဖ့်ုလိုအပ်လာသည်။ ဘဝပျက်ခဲ့ရပြီးကတည်းက ရှန်ရှောင်ဟာ အခန်းထဲက အခန်းပြင် ခြေတစ်လှမ်းမှမထွက်ပဲ ပုန်းအောင်းနေခဲ့သည်။ မထွက်လာချင်လို့ မဟုတ်ပဲ တစ်ခုခု မဟုတ်တာ ကြံစည်နေခြင်းလား တွေးစရာပင်။
ရှန်လျန့်မှတ်ဉာဏ်ထဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မရှိတာကြောင့် အရိပ်တပ်သားတွေကို ပိုပြီး သတိရှိရှိစောင့်ကြပ်ဖို့ပဲ မှာကြားနိုင်သည်။
လေ့ကျန်းက ခေါင်းငြိမ့်ပြီး နောက်ဆုံးရ သတင်းကိုတင်ပြလိုက်သည်။
"နောက်တစ်ခုရှိသေးတယ် သခင်.. ရှန်ဟွေးကို မြို့တော်ပြန်ရောက်ကတည်းက စောင့်ကြည့်ခဲ့တာ.. ဒီနေ့ကျတော့ ရှန်ကျင်းက သူ့ဆီ ဆက်သွယ်လာတယ်၊သူ့ပါးစပ်က တစ်ခုခု ထုတ်ပြောလိုက်မှာ စိုးတယ်နော်"
" ဆက်သွယ်တယ်ဆိုတော့ သေချာပေါက် သံသယဝင်စရာပဲ၊ ရှန်ကျင်းက တစ်ခုခုသိထားတယ်ထင်တယ်၊ ရှန်ချန်ထက် ပိုရက်စက်တတ်မှာငါစိုးရိမ်တယ်၊
တစ်ကယ်လို့ ရှန်ဟွေးက ဘက်ပြောင်းမယ့်ပုံစံ နည်းနည်းပြတာနဲ့ လျိုရှုဟန်နဲ့ လုယန်ဆီ သတင်းပို့ဖို့ နည်းလမ်းရှာလိုက်၊ အဲ့ညက ရှန်ချန်နဲ့ရှန်ကျင်းတို့နှစ်ယောက်လုံးရဲ့ အပျိုရည်ကို ရှန်ဟွေးယူသွားတာဆိုပြီး၊ ငါတို့အစား ရှန်ဟွေးကို ကူရှင်းပေးလိမ့်မယ်၊ သတင်းမပို့ခင် ရှန်ဟွေးဆီက ဝန်ခံစာ ရအောင် အရင်ယူထား၊ တစ်နေ့ကျရင် အဲ့စာက သက်သေဖြစ်လာလိမ့်မယ်"
အစကတည်းက ရှန်ဟွေးကို အသက်ရှင်ရက်ထားဖို့ အစီအစဉ်မရှိတာကြောင့် ဒီလိုလုပ်လို့ သူ့ကိုအပြစ်မတင်လေနဲ့၊ အသက်ရှင်ခွင့်ပေးထားတာပဲ ဟုတ်လှပြီ။
"ဟုတ်ကဲ့"
လေ့ကျန်းထွက်သွားတာနဲ့ ဖေးယွမ်ရွှင်းက မပျော်မရွှင် ဆူအောင့်သည်။
"ဘာလို့ ရှန်ရွေ့ထင်ကို မဖြေရှင်းခိုင်းပဲ သူတို့ဆီတိုက်ရိုက်ပြောပြမှာလဲ"
"မတန်လို့၊ အချင်းချင်းပဲ ဖက်ကိုက်ကြပါစေ"
အရင်ဘဝက ရှန်ချန်ရဲ့ရှေ့မှာ ရှန်လျန် ဘယ်လိုသေခဲ့ရလဲ မမေ့သေး၊ ကြီးမားတဲ့ အမုန်းအာဃာတတရားကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ဖိနှိပ်ထားဆဲဖြစ်သည်။ တဖြည်းဖြည်းချင်း ကျဆုံးစေမည်။ အဆိုးရွားဆုံးသော တမြေ့မြေ့သေဆုံးခြင်းကို ခံရစေလိုသည်။
2630
Words
Grape 🍇