'အဆုံးသတ်မှာ စိတ်အေးသွားရပြီ'
ပထမဆုံး မြားပစ်ဖူးတာတဲ့လား?
လင်းယွီချိန် မယုံပေမယ့် သူတို့နှစ်ဦးက ရင်းနှီးကြသူတွေလည်း မဟုတ်တော့နှိုက်နှိုက်ချွတ်ချွတ် မမေးမြန်းခဲ့ပါ။
"ဖြစ်နိုင်ရင် ငါ မင်းရဲ့ ရန်သူထက် မိတ်ဆွေပဲဖြစ်ချင်တယ်"
ရှန်လျန်ရဲ့ ရန်သူဖြစ်ရတာ ကြောက်စရာကောင်းတယ်..
သူက ကိစ္စ တစ်ခုကို သဘောပေါက်လွယ်တဲ့သူ ဖြစ်ပြီး ဖြစ်သင့်တာကိုဦးစားပေးမည်ဖြစ်သည်။ ဖြစ်ပျက်သမျှ ကို စဉ်းစားကြည့်ရင် ရှန်လျန့်ရန်သူဖြစ်ရခြင်းထက် မိတ်ဆွေဖြစ်ခြင်းက ပျော်ရွှင်မှုကို ယူဆောင်လာပေးလိမ့်မည်။
"ခင်ဗျားသာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာစစ်ကို မမြင်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့တွေ မိတ်ဆွေ ဖြစ်မလာနိုင်မှာပဲ စိုးရိမ်မိပါရဲ့"
ရှန်လျန် အဓိပ္ပာယ်ပါပါပြုံးလိုက်ပြီး နှုတ်ခမ်းတစ်ဖက်က ပြုံးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ?"
လင်းယွီချိန်မျက်မှောင်ကြုံ့သည်။
သို့သော် ရှန်လျန်က သူ့ကိုအရေးစိုက်မနေတော့ပဲ ဖြတ်လျှောက်သွားကာ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ အချင်းချင်း ဆုပ်ကိုင်၍ဂါရဝပြု၏။
"မင်းသမီးကြီးနဲ့ သွမ့်ကျွမ်း မြို့စား ခင်ဗျ.. ကျွန်တော်က နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခံရပြီး တစ်ဖက်လူတွေကို မကျေမနပ်ဖြစ်စေခဲ့ပါတယ် အဲ့ဒီအတွက် ကျွန်တော့်ဘက်က တောင်းပန်တဲ့အနေနဲ့ ဆန်စပါး ရှီတစ်ထောင် ကိုလှူဒါန်းချင်ပါတယ်... မင်းသမီးကြီးနဲ့ သွမ့်ကျွမ်း မြို့စားတို့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်မိပါတယ်" *တစ်ရှီ- လီတာ တစ်ရာ*
သူ့စကားလည်းဆုံးရော ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ရပြန်သည်။ ဆန်စပါးရှီတစ်ထောင်တဲ့! ချမ်းသာတဲ့မိသားစုက
ဒီပမာဏက သိပ်မပြောပလောက်ပေမယ့် ယခု လှူတဲ့သူက ရှန်လျန်လေ..သူ့အိမ်တွင်းရေးကို မသိသူ ဘယ်သူရှိလို့လဲ... လူချမ်းသာ သားသမီးတွေတောင် တစ်လလုံးမှ အများဆုံး ငွေတစ်ရာ သာ ရသည်။ ဒီလောက်များတဲ့ ဆန်ပမာဏကို မြို့တော်ရဲ့ ဘယ်နေရာမှာ သွားဝယ်မလဲ.. ယခုတလော မိုးများတာကြောင့် နေ့စဉ်နဲ့အမျှ ကုန်ဈေးနှုန်းကတက်နေသေးသည်။ ဆန်စပါးရှီတစ်ထောင်က လွယ်လွယ်ရနိုင်မည်မဟုတ်....ထို့အပြင် ရှန်လျန်က ဒီပွဲမှာ စိန်ခေါ်ခံရသူဖြစ်ပြီးအနိုင်ရခဲ့သူကလည်း သူပင်... တောင်းပန်သည့်အနေနဲ့ လှူဒါန်းစရာမလိုအပ်ပါချေ။
"ဒီကလေးက အတော်လေးရိုးသားပြီး စိတ်နှလုံးကောင်းရှိတာပဲ.. ငယ်ငယ်လေးနဲ့ အရည်အချင်းလည်းရှိတယ် မဆိုးဘူး.. မဆိုးဘူး.. တုံးလင်အိမ်တော်က မျိုးဆက်ကောင်းလေးရထားတာ ကံကောင်းတာပဲ"
ရှဲ့အကြီးအကဲက ရှန်လျန့်ကို ချီးကျူးရာ စားပွဲတစ်ခုတည်း ထိုင်နေကြသော ကျန်းနဲ့ ကျောက် အကြီးအကဲတို့ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းတငြိမ့်ငြိမ့်... ရှန်လျန်က အကြောင်းပြချက် တစ်ခုပေးပြီး ကုန်ပစ္စည်း လှူဒါန်းတယ်ဆိုတာ သူတို့ကောင်းစွာနားလည်ပါ၏။
အကြီးအကဲသုံးဦး၏ စကားကို မည်သူမှ မလှောင်ဝံ့ချေ။ တစ်ဖက် ရှန်မိသားစု.. အထူးသဖြင့်ရှန်သခင်ကြီးကတော့ အကျဉ်းအကြပ်ထဲ ရောက်သွား၏။ ဒီနေ့မှာ သူတို့အိမ်တော်ကို မျက်နှာ ပွင့်လန်းအောင်လုပ်ပေးခဲ့သူက မည်သူမေးမေး သံသယ မရှိ ရှန်လျန်ပဲဖြစ်သည်။ သူ ဘယ်တော့မှ မျက်နှာသာ မပေးခဲ့... မမြင်တွေ့ချင်ခဲ့တဲ့ သားက လူတိုင်းရဲ့ ထောက်ခံမှုကိုရယူနိုင်ခဲ့ပြီး အကြီးအကဲသုံးဦးဆီကပင် ချီးမွှမ်းခံရသေး၏။ ရှန်သခင်ကြီးရဲ့စိတ်တွေ ရှုပ်ထွေးနေပြီး အနာဂါတ်မှာ သူ့ဇနီးကို သေစေခဲ့တဲ့ သားနဲ့ ဘယ်လိုစခန်းသွားရမည်လဲ မသိတော့ပါချေ။
"မဆိုးဘူး... ဝေကျစ်ချန်ကို အရှက်မရစေခဲ့ဘူး.. ဒီမင်းသမီးက မင်းရဲ့ ဆန်ရှီတစ်ထောင်ကို လက်ခံပါတယ်"
အချိန်အကြာကြီး စကားတစ်လုံးမှ ဝင်မပြောခဲ့သည့်မင်းသမီးကြီးက ရုတ်တရက် ထရပ်ကာ
ရှန်လျန့်ဆီ လျှောက်လှမ်းလာသည်။ သူမက ဝေကျစ်ချန်တစ်ဦးတည်းကိုသာ ထုတ်ဖော်ပြောသွားပြီး သူ့နာမည် မပါသည့်အတွက် ရှန်သခင်ကြီးမှာ ဒေါသထွက်သွားသော်လည်း ပြဿနာမရှာဝံ့ချေ။
"ဒါက မုရုန်မိသားစုဆန်ဆိုင်ကနေ ဆန်ရှီတစ်ထောင်ဝယ်ယူထားတဲ့ စာရွက်စာတမ်းပါ.. မင်းသမီးကြီးက လူလွှတ်ပြီး သွားယူရုံပါပဲခင်ဗျာ"
တစ်ဖက်က တော်ဝင်မိသားစုက မင်းသမီးကြီးဖြစ်သော်လည်း ရှန်လျန့်အပြုအမူက လိုအပ်သည်ကိုသာပြောပြီး တည်တည်ငြိမ်ငြိမ်ပင်...
သက်သေကို လက်နှစ်ဖက်ဖြင့် တလေးတစားကမ်းပေးလိုက်၏။
"အင်း... မင်းက တွေးထားပြီးသားကိုး.."
မင်းသမီးကြီးက အစေခံကိုမျက်ရိပ်ပြပြီး ထိုသက်သေကိုယူဆောင်လာစေသည်။
"ဒီမင်းသမီးနဲ့ မင်းရဲ့ဆုံးပါးသွားတဲ့ ဖခင် ဝေကျစ်ချန်က အတော်လေးရင်းနှီးတယ်.. ဒီနေ့မင်းကိုမြင်ပြီး အတိတ်ကိုပြန်လွမ်းဆွတ်မိစေတယ်.. ရှန်လျန်.. ဒီမင်းသမီးတို့စုံတွဲ နဲ့ အတူ ဥယျာဉ်ထဲ လမ်းလျှောက်ထွက်ဖို့ ဆန္ဒရှိရဲ့လား"
"ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျ"
သူ့ကို စကားပြောဖို့အချိန်အကြာကြီး စောင့်နေခဲ့ကြတာကို ရှန်လျန် မအံ့ဩမိသလို ငြင်းလည်းမငြင်းဆို... ဂါရဝပြုလိုက်ပြီး မင်းသမီးကြီးတို့ဇနီးမောင်နှံအတွက် လမ်းဖယ်ပေးလိုက်၏။ မင်းသမီးကြီးက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်အသိမှတ်ပြုပြီး ခန်းမကနေ အတူ ခေါ်ထုတ်ခဲ့သည်။
မင်းသမီးကြီးက ရှန်လျန့်အပေါ် မျက်နှာသာ ပေးတာကို လူတိုင်းက စောင့်ကြည့်ပြီး အမျိုးမျိုး တွေးတောနေကြသည်။
လျိုဝမ်ကျင်း၏မိသားစုနှင့် လျိုရှုဟန်တို့သားအမိသည်သာ ဆောက်တည်ရာ မရဖြစ်နေကြသည်။မင်းသမီးကြီးမှ ရှန်လျန့်ကို ခေါ်ထုတ်သွားမည့်ကိစ္စကို သူတို့အစိုးရိမ်ဆုံးပင်။
သူတို့ကို ရှန်လျန်ကမုန်းနေသည်နှင့် သေချာပေါက် အငြိုးထားကာ အပြစ်ပုံချလျှင် သက်သေပြစရာမရှိလျှင်တောင် မင်းသမီးကြီး၏အမျက်ဒေါသက သူတို့ဆီရောက်လာနိုင်သည်။
အလှူပွဲအခန်းအနားက ဒီမှာတင်ပြီးမြောက်သွားလေပြီ။ မင်းသမီးကြီးနှင့်မင်းသားတို့ ထွက်ခွာ သွားပြီးနောက် သားဖြစ်သူ မြို့စားသွမ့်ကျွမ်းက ထရပ်ကာ မိန်ခွန်းအနည်းငယ် ပြောကြားပြီးနောက် အခန်းအနားပြီးဆုံးစေသည်။
ရှန်ကျိုးတို့ တစ်သိုက်မှာ မူလက ရှန်လျန်အားဆွဲထားချင်သော်လည်း ဖမ်းလို့မရတော့မှန်းသိသောအခါ မိသားစုကိုယ်စီနှင့်အိမ်ပြန်လိုက်သွားရုံသာ ရှိသည်။ မင်းညီမင်းသား အချို့ကလည်း ရှန်လျန်နှင့်သီးသန့် စကားပြောလိုပေမယ့် တော်ဝင်မင်းသမီးမှ ဆွဲထုတ်သွားရာ မည်သို့မျှ မတတ်နိုင်ခဲ့ကြပဲ ထွက်သွားကြတော့သည်။
နောက်ဆုံးတွင် ဖေးယွမ်ရွှင်း တစ်ဦးတည်းသာ မင်းသမီးကြီး၏အိမ်တော်တွင် မျက်နှာ ပြောင်ပြောင်ဖြင့် ကျန်ရစ်ခဲ့တော့၏။သွမ့်ကျွမ်းမြို့စားမှာ ရွေးချယ်စရာမရှိပဲ ချင်ဖင်းမြို့စားကိုဧည့်ခံနေရသည်။ရွေးချယ်ခွင့်ရှိလျှင်တောင် ဤလူကို အပြင်ကန်ထုတ်ရန် မလုပ်နိုင်သဖြင့် ကိုယ့်ကိုကိုယ်သာ မုန်းမိ၏။
"ဒီမင်းသမီးက မင်းကိုဘယ်လို့ခေါ်လာလဲ သိလား"
မင်းသမီးကြီးတို့ ဇနီးမောင်နှံသည် ဆီးသီးပင်ရှိရာ ဥယျာဉ်တော်၏ အလယ်၌ ထိုင်နေပြီး ရှန်
လျန်က မျက်နှာ ချင်းဆိုင်တွင် တိတ်တဆိတ်ရပ်နေသည်။ ပတ်ပတ်လည်တွင် အစေခံတစ်ဦးပင် မတွေ့ရချေ။
"ဓားပြတွေကြောင့် လို့ထင်ပါတယ်"
တုန်လှုပ်ခြင်းမရှိပဲ မျက်ဝန်းချင်းတည့်တည့်ရင်ဆိုင်ကြည့်ကာ ဖြေသည်။
မင်းသမီးကြီက ပြုံးလိုက်သည်။
"မှန်တယ်.. သိပ်ထက်မြက်တာပဲ.. ဒီနေ့ မင်းလည်း တစ်နေကုန် ပင်ပန်းနေလောက်ပြီမလို့ လိုရင်းကိုပဲ တည့်ပြောမယ်.. အပြင်မှာ ကောလဟာလ ထွက်နေတဲ့အတိုင်း ယွီအာ ကိုပြန်ပေးဆွဲတဲ့ဓားပြတွေက လျိုဝမ်ကျင်းတို့မောင်နှမနဲ့ သက်ဆိုင်သလား ဆိုတာ သိချင်တယ်"
"ကျွန်တော်မျိုး မသိပါဘူး"
မင်းသမီးကြီးက သူမခင်ပွန်းကို လှည့်ကြည့်ကာ ကြောင်အ သွားသည်။
"မင်းမသိဘူးလား"
သူပဲ..လျိုမောင်နှမနဲ့ သက်ဆိုင်တယ်လို့ လူထုရှေ့ထုတ်ပြောခဲ့တယ် မဟုတ်ဘူးလား...
"ကျွန်တော်မျိုးကို ဒုက္ခပေးခဲ့တဲ့ ဓားပြနဲ့ သခင်လေး သွမ့်ယွီကိုပြန်ပေးဆွဲတဲ့ဓားပြက တူသလားဆိုတာ ကျွန်တော် သေချာမသိပါဘူး.. ကျွန်တော် သိတာက ကျွန်တော့်ကို ဒုက္ခပေးတဲ့ဓားပြတွေကို အမိန့်ပေးစေခိုင်းသူဟာ လျိုရှုဟန်ပါ.. အဲ့ဒီနေ့ လှည်းပေါ်မှာ အဖွားဝေကိုယ်တိုင် ကျွန်တော့ကိုအိမ်ပြန်မရောက်စေရဘူးလို့ ပြောခဲ့ပြီး မကြာခင် ဓားပြတွေ နောက်ကလိုက်ဖမ်းတဲ့အချိန် ကျွန်တော်မျိုးကိုသတ်ပြီးရင် ကလေးကိုလည်းသတ်ပစ်မယ်လို့ ပြောသံကြားလိုက်ပါတယ်..သူတို့ပြောတဲ့ ကလေးက သခင်လေး သွမ့်ယွီဟုတ်လားမဟုတ်လား ကျွန်တော်လည်း သက်သေမရှိပါဘူး.. ချင်ဖင်းမြို့စားလာကယ်ပေးတဲ့အချိန်ကျမှ ဓားပြတွေ က ကလေးတစ်ယောက်ကိုလဲ ဖမ်းထားကြောင်း ကိစ္စတွေကို သေချာ မသိပေမယ့် ဒီတိုင်း သတင်းပေးလိုက်ရုံပါပဲ .."
အဖွားဝေကလည်း သေသွားပြီဆိုတော့ ရှန်လျန်ပြောစကားကိုသာ ချင့်ချိန်ရတော့မှာပဲဖြစ်သည်။ တရားခံက လျိုရှုဟန်တို့ပါ လို့ တိုက်ရိုက်ထုတ်ပြောတာက ဇာတ်လမ်းဖန်တီးသလိုဖြစ်သွားပြီးယုံချင်စရာမကောင်းပေ။ အမှန်တစ်ဝက်အမှားတစ်ဝက်ပြောခြင်းကသာ ယုံကြည်မှုကိုသိမ်းပိုက်နိုင်လိမ့်မည်။ မင်းသမီးကြီးနှင့် သူမခင်ပွန်းသည်လည်း ပါးနပ်သူများဖြစ်ရာ ဆင်ခြင်တွေးတောပါက အဖြေကရှင်းနေမည်ပင်။
"မင်းသေချာတယ်နော်"
မင်းသမီးယွဲ့ဟွားရဲ့ မျက်နှာက အတော်ဒေါသထွက်နေတော့သည်။ ဒီတိုင်းဆိုရင် ယွီအာကိုပြန်ပေးဆွဲတဲ့ဓားပြက သေချာပေါက် လျိုဝမ်ကျင်းတို့မောင်နှမနဲ့ သက်ဆိုင်တယ်.. ခုမှ အသက်၅နှစ်ပဲရှိသေးတဲ့ ယွီအာလေးကို သတ်ချင်နေကြတယ်တဲ့လား!
ရှန်လျန်သာ ဖေးယွမ်ရွှင်းကိုသတင်းမပေးခဲ့ရင် ကလေးက သေသွားနိုင်ပြီး သူမလည်းဘာမှ သိလိုက်မည်မဟုတ်...
"ကျွန်တော့်ကိစ္စကိုတော့ ကျွန်တော် သေချာ ပါတယ်ခင်ဗျ"
စူးရှတဲ့အကြည့်တွေအောက်မှာ ရှန်ချန် တွန့်ဆုတ်မနေပဲ တည်တည်ငြိမ်ငြိမ်နဲ့ သေချာမှန်ကန်ကြောင်း ဝန်ခံသည်။
"ကောင်းပြီ.. ဒီမင်းသမီးသဘောပေါက်ပြီ ဘာပဲဖြစ်ဖြစ် မင်းက မြေးကြီးရဲ့ အသက်ကိုကယ်ပေးခဲ့တဲ့ ကျေးဇူးကြောင့် အနာဂါတ်မှာ ဘာအကူအညီပဲလိုလို ဒီမင်းသမီးကိုအိမ်တော်မှာ လာရှာဖို့ အားမနာပါနဲ့"
မင်းသမီးကြီးက အံတင်းတင်းကြိတ်ကာ ဒေါသကိုချုပ်တည်းထားသည်။
"ကျေးဇူးကြီးလှပါတယ် ခင်ဗျာ.. တစ်ခြားကိစ္စမရှိတော့ရင် ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦးဗျ"
ဇနီးမောင်နှံမှာ တိုင်ပင်စရာ အချိန်လိုမည်ကို သိသည်ကြောင့် ရှန်လျန် မနှောင့်ယှက်တော့ပဲ ထွက်လာလိုက်သည်။
သူထွက်သွားပြီးတာနဲ့ မင်းသမီးယွဲ့ဟွားက ကျောက်စားပွဲပေါ် လက်ဆပြင်းပြင်းနဲ့ ဒေါသတကြီးရိုက်ချလိုက်သည်။
"ဘယ်လိုတောင် ရဲတင်း စော်ကားလိုက်သလဲ!လျိုမောင်နှမက ဒီမင်းသမီးရဲ့မိသားစုက်ိုထိပါးဝံ့တယ်ပေါ့ ဟုတ်စ"
"အင်း.. သူတို့မောင်နှမက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာ သေချာတယ်..
မင်းသားသွမ့်လည်း မျက်နှာ ပျက်လျက် မရှိစဖူး သူ့ဇနီးကို ထောက်ခံလေသည်။ ရှန်လျန့်စကားက နားလည်ရခက်ပေမယ့် ဖေးယွမ်ရွှင်းရဲ့ စကားအချက်အလက်နဲ့ ဆက်စပ်ကြည့်လိုက်လျှင် ဇာတ်လမ်းတစ်ခုလုံးကရုပ်လုံးပေါ်လာသည်ပင်။ တစ်ကယ်တော့ လျိုဝမ်ကျင်းရဲ့ သတ္တိတွေ ဘယ်က ရလာသလဲ သူတို့လည်း ခန့်မှန်းတွေးဆနိုင်ပါသည်။
"ပဉ္စမ သခင်လေး!"
ရှန်လျန် အိမ်ပေါက်ဝကထွက်လာသည်နှင့် ချီယွဲ့နဲ့ ယောင်းကွမ်က အပြေးအလွှား ရောက်ချလာပြီး သူတို့သခင်လေးတစ်ကိုယ်လုံး အကောင်းတိုင်းရှိနေတာ မြင်မှ နှစ်ဦးသား သက်ပြင်းမော ချလိုက်ကြသည်။
"ကျွန်တော် ပင်ပန်းနေပြီ.. အိမ်ပြန်ရောက်မှ ပြောကြရအောင်"
မေးမြန်းချင်နေတဲ့ နှုတ်ခမ်းတွေကိုကြိုပိတ်ပြီး
ရှန်လျန် နွမ်းလျစွာပြောလိုက်သည်။ တစ်လကျော်ကြာ ပြီးနောက် ကျန်းမာရေး ထူထောင်လာပေမယ့် နှစ်အတော်ကြာ ဒဏ်ပိခဲ့တာတွေ အကုန်ပြန်ကောင်းလာရန် အချိန်လိုအပ်သေး၏။ ဒီနေ့ဖြစ်ပျက်ခဲ့သမျှသည်လည်း အတော်အားစိုက်ထုတ် ကာ မောပန်းထားရသဖြင့် တစ်ကိုယ်လုံးနွမ်းလျလာသည်။
"ဒါပေမယ့်....."
ချီယွဲ့နဲ့ယောင်းကွမ်က သူ့အနောက်ဘက်ကို ကြည့်နေရာ... ရှန်လျန် သံသယဖြင့်လှည့်ကြည့်လိုက်သည်။ ဖေးယွမ်ရွှင်းနှင့် ထျန်းရှုက သူ့ဆီ လျှောက်လှမ်းလာနေ၏။
"ဒီက သခင်ကြီးခင်ဗျ..ကျွန်တော် ပင်ပန်းနေပြီ"
ရှန်လျန်က ကြို တင် တားဆီးလိုက်သဖြင့် ဖေးယွမ်ရွှင်း မပျော်မရွှင် မျက်မှောင်ကြုံ့၏။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့်
"ဒါဆို အိမ်ပြန်လိုက်ပို့ပေးမယ်လေ"
"အင်း...."
ငြင်းပယ်လို့ အသုံးမဝင်မှန်း သိသည်ကြောင့် ရှန်လျန် လက်ခံလိုက်ပြီး သစ်ကနုတ်လက်ရာများဖြင့် အလှဆင်ယင်ထားသော တန်ဖိုးကြီးလှည်းပေါ်သို့ ဦးဆောင်ခေါ်သွားခွင့်ပြုလိုက်ရ၏။ ချီယွဲ့နှင့် ယောင်းကွမ်က အချင်းချင်း မျက်စပစ်လျက် ကိုယ့်လှည်းကိုယ် တက်ရန် နောက်မှ တိတ်တဆိတ်လိုက်လာကြသည်။
"ဒီမြို့စားပေါ် မှီအိပ်ချင်လား.. ပိုပြီးသက်တောင့်သက်သာ ရှိတယ်နော်!"
လှည်းက ခပ်ဖြည်းဖြည်းစရွေ့သည်။ ရှန်လျန်က နွမ်းလျစွာမျက်စိပိတ်ကာ အိပ်ချင်နေသဖြင့် ဖေးယွမ်ရွှင်း စကားလမ်းကြောင်းစရတော့သည်။သူသည် ငယ်စဉ်ကတည်းက ဘယ်သူ့အပေါ်မှ ဤမျှ စာနာမပေးခဲ့ဖူးပါချေ။
"အင်ဟင်?"
ရှန်လျန် မျက်လုံးဖွင့်လျက် ကြည့်လိုက်ရာ မြို့စားခမျာ အနည်းငယ် ပျာယာခတ်သွားသည်။
"ကျွန်တော့်ကို တစ်ကယ် လက်ထပ်ချင်တာလား"
ရှန်လျန်ဘက်က အရင် လက်ထပ်မယ့်ကိစ္စ စပြောလာမယ်လို့ မထင်ထားတာကြောင့် ဖေးယွမ်ရွှင်း ကြောင်သွားသည်။
"မဟုတ်ရင်ရော? ကိုယ်က ဒီလိုကိစ္စကို နောက်ပြောင်နေတယ်ထင်လို့လား"
ဖေးယွမ်ရွှင်း စိတ်အာရုံပြန်စုစည်းကာ လေးလေးနက်နက် ပြန်ဖြေသည်။ အစောကြီးကတည်းက သူ သေချာတွေးထားပြီးဖြစ်၏။ ရှန်လျန့်လို အခြေအနေအလိုက် ယုံကြည်ချက်ရှိရှိ ပြောင်းလဲ ထိန်းချုပ်တတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူမှသာ သူ့ဇနီး ဖြစ်ထိုက်သည်။
"အဟင်း.. ကိစ္စက အဲ့လောက်မလွယ်မှန်း ခင်ဗျားလည်း သိမှာပါ"
"ဆိုတော့.?."
ဘာကိုစိုးရိမ်သင့်လဲ ဖေးယွမ်ရွှင်းသဘောပေါက်သလို သူ့ရဲ့ ပင်ကိုယ် သိစိတ်အရ ရှန်လျန် ဆိုလိုချင်တဲ့စကားရဲ့ နောက်ကွယ်က အချက်အလက်ကို အတည်ပြုချင်ခြင်းဖြစ်၏။
"ဆိုတော့. ခင်ဗျား သာအကုန်ကိုင်တွယ် နိုင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားနဲ့ လက်ထပ်မယ်"
ရှန်လျန် ဖျော့ဖျော့လေးပြုံးပြလိုက်သည်။ ဖေးယွမ်ရွင်း မှန်ကြောင်း သူတွေးမိပါသည်။ သူ့ကိုမျက်စိကျနေတဲ့သူတွေကို အပြီးဖြုတ်ချဖို့ တစ်စုံတစ်ယောက်နှင့် လက်ထပ်လိုက်မှသာ ရမည်။ ထိုသူကလည်း သူတို့ကြောက်ရွံ့သည့်အာဏာရှိရမည်။ ဤမြို့တော်တွင် အင်ပါယာ မိသားစုကို ဆန့်ကျင်ဝံ့သူ လက်ချိုးရေလို့ရပြီး ဖေးယွမ်ရွှင်းက လုပ်ရဲသည်။ မည်သည့် အခြေအနေဖြစ်ဖြစ် အရေးအကြီးဆုံးက ကိုယ့်ပုံရိပ်ထိခိုက်မှာကိုမစိုးရိမ်ပဲ လူကြားထဲလည်း သူ့ကိုကာကွယ်ပေးပြီး နွေးထွေးစေသည်ကြောင့် တစ်ခါလောက်အခွင့်အရေးပေးလိုက်ဖို့ ဆန္ဒရှိပါသည်။
တစ်ဖက်လူက သူ့ကိုချစ်မြတ်နိုးပေးဖို့ မတောင်းဆိုပါ .. ဒီတိုင်း နှစ်ဦးနှစ်ဖက် သစ္စာ ရှိပြီး အချင်းချင်း အတူတကွ ရှေ့ဆက်သွားမည်ဆိုလျှင် လုံလောက်ပေပြီ။
"ဒါဆို ကိုယ်နဲ့ လက်ထပ်ဖို့သာ စောင့်နေလိုက်တော့!"
ဖေးယွမ်ရွှင်း သူ့လက်မောင်းကို ဆန့်ပြီး ရှန်
လျန်၏ပိန်ပါးသော ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲ ယုံကြည်ချက်အပြည့်ဖြင့် ဆွဲသွင်းလိုက်၏။ သူ့မျက်နှာပေါ်က ဝမ်းသာလုံးဆို့သည့်အပြုံးက်ိုထိန်းမထားနိုင်...ရှန်လျန့်ဘက်က အနှေးနဲ့အမြန်သဘောတူလာမည်ကိုသိသော်လည်း... အချိန်တိုအတွင်းဖြစ်လာမည်ဟု မျှော်လင့်မထားမိ။
ဖေးယွမ်ရွှင်းရဲ့ တောင့်တင်းတဲ့ ရင်အုံမှာ လှဲမှီ မိလိုက်သည့် ရှန်လျန်က ခေတ္တ တောင့်တင်းသွားသည်။ သို့သော် သူ့မျက်ဝန်းများကို ပိတ်၍ စိတ်ကို အသာ ဖြေလျှော့ နှစ်သိမ့်ပေးလိုက်သည်။
ဖေးယွမ်ရွှင်းက ချင်ယွင်ရှန်း မဟုတ်ဘူး...
ရှန်လျန်ရဲ့ဘဝမှာ အဲ့ဒီကောင် ဆိုတာ မရှိတော့ဘူး..
လက်စားချေတာက ဘဝသစ်စတာနဲ့ သပ်သပ်စီပဲ..