'အချင်းချင်း ရန်သတ်'
ရှန့်ကောဘုရားကျောင်းဝိုင်းရှိ နားနေဆောင်တစ်ခုတွင် ဖြစ်၏။
"ချောင်အာ ဘာဖြစ်နေတာလဲ? ခုချိန်ထိ အခန်းထဲပဲနေနေတာ"
တောင်ခြေမှာ ရှန်လျန်တို့ကြောင့် ဒေါသထွက်ခဲ့ရတဲ့သခင်မကြီးဟာ နေ့လည်စာစားပြီး နောက်မှာတော့ စိတ်ပြေသွားသည်။ ထို့နောက် ရှန်ချောင့်ကို မတွေ့၍မေးလိုက်သည်။ဒီနေ့ ရှန်ချောင်ရဲ့ သဘောထားက အလွန်ရှင်းလင်းနေသည်ကို မြင်ခဲ့ရသည်လေ။
"ချောင်အာက.."
ကျောက်လျန်က မပြောခင်တုံ့ဆိုင်းနေသည်။ ထို့နောက်မျက်ရည်သုတ်ကာ ဆက်ပြောသည်။
"အဲ့ဒီငတုံးမလေးက အခြေအနေကို နားမလည်ဘူး၊ ဧကရာဇ်ကိုယ်တိုင် လက်ထပ်ခွင့်ပြုထားတယ်လို့ ပြောပြလည်း နားမထောင်ဘူး အမေ"
ဖုံးကွယ်လည်း မထူးတော့မယ့်တူတူ ရှင်းပြလိုက်တာ ပိုကောင်းသည်ဟု ကျောက်လန်တွေးမိ၏။ ချင်ဖင်းမြို့စားက တော်ဝင်မျိုးနွယ်ဖြစ်ပြီးရုပ်ချောတာက လွဲရင် တခြားဘာကောင်းတာရှိလို့လဲ? သူ့သမီးက ဘာကြောင့် ခေါင်းကြောမာရသလဲ နားမလည်ချေ။
"နင်အစကတည်းက သိနေပြီးသားလား"
ရှန်ချောင်က မင်းသမီးရဲ့ အလှူပွဲမှာ ဟိုကောင်ကို ရေထဲတွန်းချတာ မထူးဆန်းတော့ဘူး၊ လက်ထပ်ခွင့်မိန့်ကျတော့လည်း ရှန်လျန်က အလိုက်သင့်လက်ခံလိုက်ချိန်တုန်းက ရှန်ချောင်က ပေါက်ကွဲခဲ့သေးသည်။ ရှန်ချောင်က ထိုတိရစ္ဆာန်ကြောင့်အကြိမ်ကြိမ် အခန်းထဲက မထွက်ချင် ဖြစ်ခဲ့ရသည်။
ရှန်ချောင် လုပ်ခဲ့သမျှက သဝန်တိုခြင်းကြောင့်ဖြစ်မှန်း ခုမှ သိ၏။ ဖေးယွမ်ရွှင်းက ထိန်းချုပ်ချင်တိုင်းထိန်းချုပ်လို့ရမယ့်လူမှ မဟုတ်တာ။
"အမေ့ကို ဖုံးကွယ်ထားဖို့ အစီစဉ်မရှိပါဘူး၊ ကျွန်မလည်း သိသိခြင်း လန့်သွားတာ၊ ချောင်အာက နောက်ထပ် ပြဿနာမရှာတော့ဘူးလို့ ကတိပေးလို့သာ ၊ မြို့စားမင်းနဲ့ ထပ်မတွေ့ရင် တဖြည်းဖြည်းမေ့သွားမယ်လို့ ထင်ခဲ့တာပေါ့၊ ဘယ်သူက သိမှာလဲရှင်"
ကျောက်လန်က မျက်ရည်သုတ်ပြန်သည်။ သနားစရာ သမီးလေး .... မြို့စားမင်း၏ ပြတ်သားစွာ ဘက်လိုက်မှုကြောင့် နှလုံးကြေကွဲပြီး အခန်းထဲ ကပင် မထွက်ရဲခဲ့တဲ့အထိ၊ ဒီသတင်းသာ ပျံ့သွားပါက အနာဂါတ်မှာ မည်သူက သူ့သမီးအားလက်ထပ်ချင်ပါအံ့နည်း။
"နင် ကတော့..."
သခင်မကြီးသည် အချိန်တစ်ချို့ခန့် လက်ညိုးထိုးပြီးသော်လည်း စကားလုံးတွေ ထွက်ကျမလာခဲ့ပါ၊ ဤသည်ကို လုယန်မြင်ပြီး အမြန်ရှေ့တက်လာကာ အဓိပ္ပာယ် ပါပါပြောသည်။
"အစ်မ ဆိုလိုချင်တာကို သဘောပေါက်တယ်၊ ချောင်အာက နားမလည်တော့ မြို့စားမင်းလိုလူကို ရနိုင်တယ် ထင်နေတာ၊ တစ်ကယ်တမ်းမြို့စားမင်းနဲ့ ပတ်သက်ဖူးတာလည်း မဟုတ်ဘူး၊ လူမြင်တာနဲ့ ပြေးသွားချင်နေတာ၊သူများသိကုန်ရင် ကျွန်မတို့ မြို့တော်ကိုပြန်တဲ့အချိန်ကျ မျက်နှာပျက်စရာဖြစ်လိမ့်မယ်၊ ဘယ်မိသားစုက နာမည်ပျက်ရှိတဲ့သူ့ကို ယူရဲဦးမှာလဲ?"
ရှေးကတည်းက ဇနီးသည်များနှင့် သားသမီးတို့အချင်းချင်း မတည့်ကြပေ။ တစ်ဦးကိုတစ်ဦး ရွံ့ရေထဲ နစ်ချနိုင်ရန် အခွင့်အခါ ချောင်းနေကြသည်။
ဘာလို့ဆို ပန်းတိုင်ချင်းက တူညီသောကြောင့်ပင်။ ယခု လုယန်လည်း သမီးဖြစ်သူ ရှန်ကျင်းကသာ စတုတ္ထမင်းသားနဲ့ ထိုက်တန်သည်ဟုထင်၏။ ထို့ကြောင့် သေချာပေါက် တုံးလင်အိမ်တော်၏ ဂုဏ်သရေကို အညှိုးနွမ်းမခံနိုင်ပေ။ သို့မှသာ တစ်နေ့မှာ စတုတ္ထမင်းသားရဲ့ ကြင်ယာတော်ဖြစ်ရန် အရည်အချင်းပြည့်စုံမည်ဖြစ်၏။ သားကို အားမကိုးရလဲ သမီးမျက်နှာကြောင့် သူ့ရှေ့မှာ မော်ကြွားရဲကြမှာ မဟုတ်တော့။
"ရှန်ကျန်းလည်း စတုတ္ထ မင်းသားကို နှစ်သက်နေတာ မဟုတ်မို့လား"
ဘူဘူချင်း ထိခိုက်သဖြင့် မိခင် အချင်းချင်း စကားရန်စောင်ကြတော့သည်။ သမီးနှစ်ယောက်လုံးက တစ်ဖက်သတ်ချစ်နေကြသူချည်းပင်။
"ဟင်း! ရှန်ကျင်းက စတုတ္ထမင်းသားကို စိတ်ရောကိုယ်ပါ ချစ်ခင်နှစ်သက်တာ၊လုံးဝ စိတ်ကစားတာမဟုတ်ဘူး၊ ရှင့် သမီးကသာ ကိုယ့်ကိုကိုယ် အထင်လွှဲမှားနေတာ"
သမီးထိတော့ ဘယ်ငြိမ်ခံနေလိမ့်မလဲ? မရကြတာချင်း တူတူကို....။
"ဟွန်း! စတုတ္ထမင်းသားအနှစ်သက်ဆုံးက အစ်မရဲ့သမီး ဟုတ်လို့လား၊ ကျင်းအာနဲ့ ပိုအဆင်ပြေတာလားလို့၊တူမလေး ချောင်အာကသာ တန်ရာတော်ရာကို မသိနားမလည်ဖြစ်နေတာမဟုတ်လား? အနည်းဆုံးတော့ ကျွန်မသမီးရှောင်ကျင်းက လူပုံလယ်မှာ အရှက်ရစရာဘာမှ မလုပ်ခဲ့ဘူး၊ ရှန်ချောင်ကျတော့ မတူဘူး၊ နောက်ဆံုးတစ်ခေါက် ရှန်လျန့်ကို ရေထဲတွန်းချလိုက်သေးတယ်မလား? အဲ့လိုလုပ်မှတော့ ရှန်လျန်က တူမလေးအပေါ် အမုန်းပွားတာ မထူးဆန်းတော့ဘူး"
"လုယန် စကားပြောတာဆင်ခြင်၊ မဟုတ်တာ မပြောရဘူး၊ ချောင်အာက နင့်မျက်စိအောက်မှာကြီးလာတဲ့ ကလေးပဲ၊ သူ ဒီလိုလုပ်ရပ်မျိုး လုပ်ပါ့မလား စဉ်းစား"
"ဟုတ်ပါတယ်၊ ကျွန်မရှေ့တင် အရွယ်ရောက်လာကြတယ်ဆိုပေမယ့် ခန့်မှန်းလို့ဘယ်ရမလဲ၊ မိန်းကလေးတွေရဲ့ မနာလိုစိတ်က အရမ်းကြောက်စရာကောင်းတယ်လေ"
"နင်...."
အဖွားအို၏ရှေ့မှောက်မှာပဲ လင်ညီအစ်မတွေ အချင်းချင်း သမီးများနဲ့ပတ်သက်၍ အငြင်းပွားကြသည်။နဂိုထဲက စိတ်တိုနေပြီးဖြစ်သည့် သခင်မကြီးမှာ ဒေါသဆောင့်တက်လာပြီး အသက်ပြင်းပြင်းရှူသည်။ အချိန်တစ်ခဏကြာမှ ကိုယ့်ကိုကိုယ်ထိန်းချုပ်လိုက်ပြီး အော်ငေါက်လိုက်သည်။
"ပါးစပ်တွေပိတ်ထားကြစမ်း!"
"အမေကလည်း...."
ချွေးမနှစ်ဦး၏အပြန်အလှန် ငြင်းခုံမှုက ရပ်တန့်သွားသော်လည်း ယောက္ခမဖြစ်သူအား မကျေမချမ်းဖြင့် ကြည့်နေကြသေး၏။ သခင်မကြီးက ဒေါသလျှော့လိုက်ပြီးနောက် ပြော၏။
"တော်တော့၊ ခုက ဒီလိုစကားတွေ ပြောနေရမယ့်အချိန်လား? ချောင်အာက မင်းသားနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားရတာပဲဖြစ်ဖြစ်၊ ကျင်းအာကို စိတ်ဝင်စားသွားတာပဲဖြစ်ဖြစ် ငါတို့အခြေအနေကိုပြန်ဆွဲတင်နိုင်လိမ့်မယ်၊ ခုချိန်မှာ စဉ်းစားရမှာက ရှန်လျန့်အကြောင်း! အဲ့ဒီသန္ဓေယုတ်လေး ခုချိန်ထိ ကိုယ့်အခြေအနေကိုယ် မသိသေးဘူး၊ သေသေချာချာကိုင်တွယ်ထားမှ နင်တို့ သားသမီးတွေ ကောင်းကောင်းမွန်မွန်နေရမှာ"
အချင်းချင်း ရန်သတ်နေရမယ့်အချိန်မဟုတ်သေးရာ သခင်မကြီးက ရှန်လျန့်အား အကြောင်းအရာဆီ ဆွဲခေါ်လိုက်၏။
ချွေးမနှစ်ဉီးဟာ ကိုယ့်အမှားကိုယ် သတိပြုမိပြီး အချင်းချင်း ကြည့်ပြီး ထရပ်လိုက်ကာ မှားမှန်းသိကြောင်း ဝန်ခံကြသည်။ ခဏတာဆင်ခြင်တုံတရားကင်းမဲ့သွားပြီး အရေးအကြီးဆုံးရည်ရွယ်ချက်ကို မေ့လုဆဲဆဲဖြစ်သွား၏။
"အဲ့လိုမှပေါ့၊ ငြိမ်းချမ်းရေးယူထားကြဦး၊ ရှန်ဟွေး ပြန်ရောက်လာပြီလား"
သခင်မကြီးက မျက်လုံးပိတ်ကာ အနားယူလိုက်သည်။ ရှန်ဟွေးဟုကြားသည်နှင့် ကျောက်လန် ရုတ်တရက်ကြီးခံစားချက် မကောင်းသလိုဖြစ်သွားသည်။ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး ပြန်ဖြေ၏။
"ပြန်မရောက်သေးဘူးရှင့် ၊ စကားသွား မပြောချင်ပါဘူး"
" သူက အဓိကဆိုတော့ မမြင်ချင်လည်း မြင်နေရဦးမှာပဲ၊ သူနဲ့ဆုံရင် ပြဿနာမရှာကြနဲ့ဦး"
မိထွေးနဲ့ လင်ပါသားဆိုတာ တည့်ရိုးထုံးစံမရှိရာ သခင်မကြီးက သိပ်ပြီး ခေါင်းထဲမထည့်။စိတ်ထဲမှာတော့ တရားဝင်ချွေးမပဲရှိပြီး တစ်ခြားသူတွေက သူစိမ်းပဲဖြစ်၏။ လိုအပ်ရင် အကျိုးအမြတ်နဲ့ လဲလှယ်ပစ်ရမှာပင်။
"နားလည်ပါပြီ အမေ"
ကျောက်လန်က အခဲမကျေဖြစ်နေသည်။ ရှန်ဟွေးက သူတို့မိသားစုရဲ့သားကြီးဖြစ်ပြီး သားဖြစ်သူ ရန်အာရဲ့ နေရာကို လုယူချင်နေတာ၊ သူမ ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ? ပုံမှန်ဆိုရင် တရားမဝင်ဇနီးသည်တွေက သားဦးကို အရင်ဆုံးမွေးခွင့်မရှိ၊ ဘာကြောင့်ဆို ဝါစဉ်မြင့်သွားမှာရယ်၊ ထင်ပေါ်ကျော်စောသွားမှာကို ဖိနှိပ်ထားနိုင်ဖို့ပဲဖြစ်၏။
"ရင်ဖုန်းတံတားကျိုးကျသွားတာလည်း ကောင်းတယ်၊ အကြောင်းပြချက်မရှိပဲ ဘုန်းကြီးကျောင်းမှာ ညအိပ်ညနေ ပေးမနားမှာစိုးရိမ်နေတာ၊ ခုတော့ ဖြေရှင်းပြီးသားဖြစ်သွားပြီ၊ ဘုရားက ငါတို့ကို တစ်ကယ် ကြည့်ရှုစောင့်ရှောက်ပေးတာပဲ"
"ကျွန်မတို့...."
"သခင်မကြီးရှင့် သခင်လေးရှန်ဟွေး ရောက်လာပါပြီ"
ချွေးမတစ်သိုက်နဲ့ ယောက္ခမဖြစ်သူတို့ စကားဖောင်ဖွဲ့နေစဉ် ချွင်းရှန် သတင်းလာပို့သည်။ ကျောက်လန်က ပက်ခနဲ တုံ့ပြန်၏။
"ဘာ သခင်လေးလဲ!"
သခင်မကြီးက သတိပေးသည့်အနေဖြင့် စူးစူးရဲရဲ ကြည့်ပေးလိုက်ပြီး ဝင်ခိုင်းလိုက်သည်။
"ဝင်လာခိုင်းလိုက်"
အပြင်မှာ ရပ်စောင့်နေတဲ့ ရှန်ဟွေးက လက်သီး တင်းတင်းဆုပ်လိုက်ပြီး ဘာမှ မကြားယောင်ဆောင်ကာ အထဲဝင်သည်။
"ဖွားဖွား၊ အမေ၊ တတိယဒေါ်လေး"
ကျောက်လန်နဲ့ လုယန်က ခွန်းတုံ့ပြန်ရန် စိတ်ဝင်စားပုံမရသဖြင့် အဖွားအိုကပဲ မေးမြန်းလိုက်ရသည်။
"လုပ်ခိုင်းထားတာ ဘယ်လိုလဲ"
"လုပ်ပြီး ပါပြီဖွားဖွား၊ ဝူတိက ပုံမှန် မဟုတ်တာမျိုး သတိမထားမိပါဘူး"
ရှန်ဟွေးခေါင်းငုံ့ပြီး လေးလေးစားစားဖြေသည်။ သူထွက်လာစဉ်က မူမမှန်တာမျိုး မတွေ့ခဲ့။
"သူ့အခန်းထဲမှာပဲလား"
"ဟုတ်ကဲ့"
"ကောင်းတယ်၊ ဒီကိစ္စအောင်မြင်ရင် မင်းကိုပြောထားတဲ့အတိုင်း ဒုတိယအိမ်ထောင်စုထဲ မင်းနာမည် ထည့်ပေးမယ်၊ နောက်ဆို မင်းက ဒုတိယမိသားစုရဲ့ တရားဝင်သားဖြစ်တော့မှာ"
အဖွားအိုက ကျေနပ်စွာခေါင်းတငြိမ့်ငြိမ့်ပြု၏။ ရှန်ဟွေးက စိတ်လှုပ်ရှားစွာနှင့် ကျေးဇူးတင်၏။
"ဖွားဖွားကျေးဇူးတင်ပါတယ်ဗျ!"
"ရှန်လျန့်ကို သေချာသွားစောင့်ကြည့်၊ ဒီည အဲ့ဒီအခန်းထဲမှာ အိပ်တာ သေချာပါစေ"
"စိတ်ချပါ ဖွားဖွား"
တစ်ကြိမ် ကတိထပ်ပေးပြီးနောက် ဝမ်းသာစွာ ပြန်သွားသည်။ အခန်းထဲ သူတို့ပဲကျန်မှ ကျောက်လန်က မကျေမနပ်ပြောသည်။
"အမေ သူ့ကို တစ်ကယ်ပဲ ကျွန်မနာမည်အောက်မှာ ရေးပေးမလို့လား၊အငယ်ဖြစ်တဲ့ ရန်အာနဲ့ ဝမ်အာက ဘယ်လိုလုပ်ရတော့မှာလဲ"
" ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားတတ်ဘူးလား! သူ့အမေက အသက်ရှင်လျက် ငုပ်တုပ်ကြီးရှိနေတာတောင် နင့်ကို အမေခေါ်ချင်နေသေးတယ်၊ ဒီလောက် မသိနားမလည်တဲ့ ကောင်ကို ငါက အမြင့်တက်ဖို့ အခွင့်အရေးပေးမယ် ထင်နေတာလား၊ ဒီတိုင်း အချိုသပ်ဖို့ အကြောင်းပြချက် သက်သက်ပဲ၊ ပြီးမှ ဆုလေးဘာလေးပေးပြီး သားအမိနှစ်ယောက်လုံးကို အဝေးပို့ပစ်ရမှာပေါ့၊ တန်ရာတန်ရာပဲလေ"
"ဟုတ်ကဲ့"
ထိုအခါမှ ကျောက်လန် ကျေနပ်သွားတော့သည်။ သခင်မကြီးက ရုတ်တရက် မေး၏။
"နင့်လူက အဆင်သင့်ဖြစ်ပြီလား၊ အချိန်ကျတော့မယ်"
"အမေမှာထားကတည်းက အရမ်းရုပ်ဆိုး အကျည်းတန်နဲ့ လူနှစ်ယောက်ကို ရှာခိုင်းထားတယ်၊ အခု သူတို့ကို အနောက်ဘက် ထင်းခြောက်ထားတဲ့ နေရာမှာ ပိတ်ထားတယ်"
အဖုအပိန့်အပြည့်နဲ့ လူနှစ်ယောက်ရဲ့ ပြုကျင့်တာခံရမယ့် ရှန်လျန်ကြောင့် လုယန်နဲ့ ကျောက်လန်ဟာ ရှေ့ရက်က သင်ခန်းစာပေးခံထားရတာအားလုံးမေ့ပျောက်သွားခဲ့သည်။
"ကောင်းတယ်၊ ငါတို့လုပ်တာ မပေါ်စေနဲ့၊ ညသန်းခေါင် ရှန်ဟွေး အချက်ပြတာနဲ့ ချက်ချင်း အခန်းထဲ ထည့်ပေးလိုက်"
အဖွားအို၏အသံက တည်ငြိမ်နေပြီး အလွန်ယုတ်မာသည့် လုပ်ရပ်မျိုး စေခိုင်းနေသည်ဟုပင်မထင်ရ။
"ဟုတ်ကဲ့အမေ"
ကျောက်လန်၊လုယန်တို့က ပြုံးပန်းဝေဆာနေသည်။ ကောင်စုတ်လေး ဘယ်လောက်ထိ ရူးသွပ်သွားမလဲ၊ ချင်ဖင်းမြို့စားကရော ကာကွယ်ပေးနိုင်ဦးမလား သိချင်သေး၏။
ဤလူအုပ်စု မသိလိုက်သည့်အချက်က ရှန်ဟွေး ရှန်လျန့်အခန်းက ထွက်သွားကတည်းက နောက်ယောင်ခံလိုက်သွားတဲ့ အရိပ်တပ်သားတွေကြောင့် သူတို့ပြောဆိုဆွေးနွေးနေသမျှ လုပ်ရပ်တွေအားလုံးသည် ရှန်လျန်နဲ့ ဖေးယွမ်ရွှင်း၏ နားသို့ ပေါက်ကြားသွားပြီး ဖြစ်၏။
ထင်ထားသလိုပဲ ရက်စက်ယုတ်မာသည့် လူတစ်စုဟာ ရှန်လျန့်အပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေ၏။ စုတ်ပြတ်အောင် အညွန့်ချိုးမည့်လူနှစ်ဦးပင်ရှာထားသည်ဟု ကြားသော် ထျန်းရှုက ချက်ချင်းပဲ ယောက္ခမ၊ ချွေးမ တစ်သိုက်ကို နေရာတင် သတ်ပစ်ဖို့ ရှူးရှူးရှားရှားလုပ်သည်။ ရှန်လျန်တားထား၍သာ အသက်ရှင်ခွင့်ရသွားခြင်း။
"အစီအစဉ်အတိုင်းလုပ်၊ လေ့ကျန်း ငါရှာခိုင်းတာ တွေ့ပြီလား"
ဖေးယွမ်ရွှင်းကို တစ်ချက် ကြည့်လိုက်ပြီး ရှန်လျန် မျက်နှာ မကောင်း၊ တန်ပြန်တိုက်ရန် အစီအစဉ်စမှရတော့မည်။
"သခင်ထင်ထားသလိုပဲ ရှန်ချောင် ဘုရားကျောင်းလာတယ်ဆိုလို့ မင်းသားကျန်းကကိုယ်ရံတော်နှစ်ယောက်ပဲ ခေါ်ပြီး လိုက်လာပါတယ်၊ ကျွန်တော်တို့အပြင် လူနည်းစုပဲ သူဘုရားကျောင်းမှာ ရှိတာ သိမှာပါ"
မနေ့က ရှန်လျန်ပေးတဲ့အမိန့်ကြောင့် ရှန်ချောင် ဘုရားကျောင်းသွားတဲ့သတင်းကို မင်းသားကျန်းရဲ့စံအိမ်တော်ဆီ သတင်းဖြန့်ပေးခဲ့ခြင်းဖြစ်၏။
"ကောင်းပြီ၊ လေ့ကျန်း သူ့ကို ငါ့အခန်းထဲ လာဖို့ နည်းလမ်းရှာလိုက်၊ ယောင်းကွမ် ရှန်ချောင်ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖမ်းခေါ်ခဲ့ ၊သူတို့က ငါ့အပေါ် ယုတ်မာမှတော့ ငါကလည်း ပြန်ကြည့်ပေးရမှာပေါ့၊ သူတို့သမီးပျိုလေးကို အဆင့်အတန်းမြင့်မြင့် လက်ထပ်စေချင်တာ မဟုတ်လား ၊ သူတို့ဆန္ဒကို ပြည့်အောင်ဖြည့်ပေးလိုက်မယ်၊တော်ဝင် မင်းသားရဲ့ ကြင်ယာတော်လေးနေရာပေါ့"
မင်းသားကျန်းက ရှန်ချောင့်ကို နှစ်သက်နေတာ အချိန်ကြာလှပြီ၊ ရှန်လျန့်မျက်ဝန်းထဲ သွေးအေးမှုနဲ့ ပြည့်နေပြီး အရင်ဘဝက အကြွေးတွေကို ဒီဘဝမှာ ဤလူနှစ်ယောက်အား ပြန်ပေးဆပ်ခိုင်းမည်ဖြစ်၏။
"ကြင်ယာတော်နေရာရထိ တက်နိုင်ပါ့မလား"
ဖေးယွမ်ရွှင်းရဲ့ စူးရှတဲ့ ဖီးနစ်မျက်ဝန်းက တစ်ခုခုက်ုတွေးတောလျက်၊ ထိုမင်းသား၏အကျင့်စရိုက်က ရှန်ချောင့်အား လွယ်လင့်တကူတာဝန်ယူမည်လော မပြောနိုင်ချေ။
"သေချာပေါက်ရတယ်၊ ကျွန်တော် အရင်က ဆေးတိုက်ထားခဲ့တယ်လေ မေ့သွားပြီလား၊ ခုချိန် ရှန်ချောင့်သားအိမ်က ကလေးလွယ်ဖို့ အကောင်းဆုံးအနေအထားမှာရှိတယ်၊ တစ်ညထဲနဲ့ ရသွားမှာပဲ၊ ပြီးမှ အခွင့်အရေးရှာပြီး သတင်းလွှင့်လိုက်ရင် မင်းသားနဲ့ လက်မထပ်လို့ မရတော့ဘူး"
အဲ့ဒီအချိန်က ရှန်ချောင်ရဲ့ ဘဝ သေဆုံးတဲ့နေ့ပဲ!
2416 words
Grape 🍇