no

Font
Theme

'အလှူပွဲ အခမ်းအနား စဖွင့်ဖွင့်ချင်း ရှန်လျန် ပါလိုက်ရပြန်ပြီ'

မင်းသမီးကြီး ၏ ပင်မနေအိမ် တွင်ဖြစ်၏။

"ဘယ်သူက ဒီမင်းသမီးရဲ့ အိမ်တော်မှာ ထပ်ခါထပ်ခါ စော်ကားဝံ့တာလဲ ကြည့်ဦးမယ်"

သက်တော် လေးဆယ် အတွင်းရောက်နေပြီဖြစ်သော်လည်း နှစ်ဆယ်ပတ်ချာလည် ကဲ့သို့အရွယ်တင်သည့် မင်းသမီးယွဲ့ဟွားချန်သည် အမှုထမ်း၏ လျှောက်လဲချက်ကိုနားဆင်ရင်း စိတ်ရှုပ်နေရသည်။ သွမ့်ယွီ ပြန်ပေးဆွဲတဲ့အမှုမှန်က မပေါ်ပေါက်သေးတဲ့အပြင် သူမ အိမ်တော်မှာပါ ဒီလိုကိစ္စတွေ ဖြစ်လာသည်။ သူမဘက်က ဘာမှမတုံ့ပြန်သေးတာနဲ့ ပဲ အနိုင်ကျင့်လို့ရသွားပြီလို့ မကြောက်မလန့် တွေးနေကြတာလား..

"မယ်မယ် အရမ်းစိတ်ဆိုးနေရပြီ... ဒီကိစ္စကိုစုံစမ်းဖို့ လူလွှတ်ထားပြီးပါပြီ ..လျိုဝမ်ကျင်းတို့ မောင်နှမက သံသယဝင်ချင်စရာ အကောင်းဆုံးပဲ ..ခက်တာက သက်သေမရှိဘူးဖြစ်နေတာ"

မင်းသမီးကြီး၏ အောက်ဘက်တွင် ထိုင်နေသော အသက်နှစ်ဆယ်ဝန်းကျင်ရှိ မင်းသားသွမ့်ကျွင်းသည် မင်းသားတစ်ပါး၏ စောင့်ထိန်းအပ်သောကိုယ်ကျင့်တရား အရှိန်အဝါနှင့်ပြည့်စုံစွာ ကြီးပြင်းခဲ့သူ ဖြစ်လင့်ကစား ယခုအချိန်တွင် မျက်မှောင်ကြုံနေမိ၏။ သွမ့်ယွီက သားဦးဖြစ်ပြီး လက်ရှိ ကြင်ယာ‌ေတာ်မှ မွေးဖွားခြင်းဖြစ်သည်။ သို့သော် ‌အရင်က သွက်ကြွကာ ချစ်စရာကောင်းသည့် အသက်ငါးနှစ်အရွယ်

သွမ့်ယွီလေး သည် သူကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် လူစိမ်းဆိုလျှင် ကြောက်လန့်နေသဖြင့် ဖခင်ဖြစ်သည့် သူ့မှာ ရင်ကျိုးရတော့သည်။

"ရယ်စရာကောင်းလိုက်တာ ဒီတိုင်းပြည်‌မှာ သူ့နေရာသေးသေးလေးကို ဖယ်ရှားဖို့ သက်သေလိုနေသေးလား?"

မိုးခမ သစ်ရွက်သဏ္ဌာန် မျက်ခုံးနှစ်ဖက်က လွှမ်းမိုးခြယ်လှယ် ချင်သည့်ဟန်... မင်းသမီးကြီး၏ သဘောထားမှာ နိုင်လိုမင်းထက် ဆန်နေရာ ဘေးနားရှိနေသော ခင်ပွန်းဖြစ်သူ သွမ့်ချန် က ‌ကူကယ်ရာမဲ့စွာ ခေါင်းယမ်းမိသည်။

"မင်းကတော့လေ ဒေါသချည်းပဲ.. ကိုယ့်သား ပြောတာ ယုတ္တိမရှိတာလည်း မဟုတ်.. လျိုဝမ်ကျင်းတို့မောင်နှမ လုပ်ခဲ့တယ်ဆိုတာ တစ်ကယ်တမ်း လက်ပူးလက်ကြပ်လဲ မမိထားတော့ အတိအကျ ပြောဖို့မလွယ်ဘူး ၊ နောက်မှ ရှန်လျန်နဲ့သီးသန့်တွေ့ကြည့်ဖို့ အခွင့်အရေးရှာလိုက်..သူပြောတာ နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချလည်း နောက်မကျသေးပါဘူး"

"ရှင်ပြောတာတော့လွယ်တယ်..ရှန်လျန်က အခုဆို ပေါင်မုန့်မွှေးမွှေးလေးဖြစ်နေပြီ အခွင့်အရေးရှာဖို့တောင်မလွယ်တော့ဘူး..

ပြီးတော့ ရှင် မတွေးမိဘူးလား.. ယွီအာ ရှိတဲ့နေရာကို ယွမ်ရွှမ်းက လာသတင်းပေးလို့သာသိရတာ.. ရှန်လျန့်ကို လမ်းခုလတ်မှာကယ်တင်ခဲ့လို့ အလဲအလှယ်အနေနဲ့ ဒီသတင်းကရလာတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မေးထူးခေါ်ပြောအဆင့်လောက်တင် မကလောက်ဘူး.. ပြဿနာ ရှာတဲ့သူက အဲ့ဒီလျိုဝမ်ကျင်းပဲနေမှာ"

ပိုတွေးလေ ပိုဖြစ်နိုင်လေ မလို့ မင်းသမီးယွဲ့ဟွားက ကိုယ့်ကိုကိုယ် ဆုံးဖြတ်လိုက်လေသည်။

"ကိုယ်‌တော် လဲ အဲ့လိုထင်ပါတယ် ဒါပေမယ့်လည်း...."

"ဒါပေမယ့်လည်း ရှန်လျန်နဲ့တွေ့တဲ့အထိတော့စောင့်ဦး လို့ပြောချင်တာမလား"

မင်းသားကြီးမှာ စကားပြီး‌ဆုံးအောင် မပြောရသေးသော်ငြား ဇနီးဖြစ်သူ၏အမူအရာကိုကြည့်၍ ပြုံးသာပြုံးနေလိုက်ရသည်။ သူတို့နှစ်ဦး၏အိမ်ထောင်သက်တမ်းကနှစ် နှစ်ဆယ်ကျော်လာပြီဖြစ်ရာ စကားဖြင့်ထုတ်ပြောစရာမလိုပဲ အချို့အရာတွေကို အချင်းချင်းခန့်မှန်းရုံနှင့် ‌သိနိုင်ကာ တစ်ယောက်ပေါ်တစ်ယောက် အလေးအနက်ထားကြသည်။

"အချိန်နီးနေပြီပဲ... သွားကြစို့"

ဆွေးနွေးခန်းသည် ပိုကောင်းသည့်ရလဒ်မထွက်လာသေးသော်လည်း ချပ်ရပ်သည့်ဂါဝန်ဝတ်ဆင်ထားသည့်မင်းသမီးကြီးက သွားဟန်ပြင်ရာ ခင်ပွန်းဖြစ်သူ သွမ့်ချန်လည်းတိတ်တဆိတ်ဖြင့် ထရပ်ပြီး လင်မယားနှစ်ယောက်ယှဉ်တွဲကာ ထွက်လာကြသည်။

ပင်မ ခြံဝန်းထဲရှိ ခန်းမကျယ်ကြီးထဲတွင်ဖြစ်၏။

အပျော်စီးလှေပေါ်မှ လူအုပ်လည်း ခန်းမထဲ ရောက်ရှိနေကြလေပြီ။ အစပိုင်းမှာ လျိုရှုဟန် အနားဖားယားနေကြသော အမျိုးကောင်းသမီးများက လက်ရှိအချိန်တွင် တုံးလင်အိမ်တော်နှင့်ခပ်ခွာခွာနေသင့်သည်ကို နားလည်ကြသည်။ အထူးသဖြင့် ကျောက်လန်၏သမီးရှန်ချောင်က သူမ၏အစ်ကိုအားရေထဲ တွန်းချကာ ပြဿနာ မီးထွန်းရှာ လိုက်သည်လေ.... ကျောက်လန်က ကိုယ့်သမီးကိုမည်သို့ဆိုဆုံးမထား သနည်း?

ရှန်မောင်နှမတွေက ဒီနေရာမှာ ဆက်နေနေကြသေးရာ လူအုပ်က သူတို့အား လှောင်ရယ်‌နေကြ၏။ မောင်နှမသုံးယောက်မှာ မျက်နှာ ထားစရာနေရာပင်မရှိ‌တော့ချေ။

"ချင်ဖင်း မြို့စား ရောက်ရှိလာပါပြီ"

အမှုထမ်း၏ ပြန်ကြားသံကြောင့် လူတိုင်း တံခါးဝဘက်လှည့်ကြည့်လိုက်ကြရာ ကျင်းရှီယန်၊ ရှန်ကျိုး ညီအစ်ကိုနှင့်ရှန်လျန်တို့ကို ခြံရံလျက် ကျားဖြူ‌တစ်ကောင်နှင့်အတူ လူရွယ်တစ်ဦးခန်းမထဲသို့လျှောက်ဝင်လာသည်။

ကျားဖြူ?

လူများစွာက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူငယ်များက ပို‌ထိတ်လန့်နေကြသည်။ လူသားစားတဲ့ သတ္တဝါကြီးကိုမှ တစ်ကယ်ခေါ်ချလာသည်.. အမှန်ပင် ဆိုးဝါးသည်မလို့ မင်းမှုထမ်းအရာရှိ အရာခံများက နောက်တစ်ရက်အတွက် ပြစ်တင်ဝေဖန်ရန်အဆင်သင့်ဖြစ်နေကြလေပြီ။

"အငယ်လေး ..ကျုပ်နဲ့ အတူထိုင်မလား"

ယခုပွဲက ရာထူးဂုဏ်ရှိန် ကြီးသူများစီတန်းတက်ရောက်ကြပြီး ဖေးယွမ်ရွှင်းကိုယ်တိုင်မှာလည်း မျိုးရိုးကြီးသူဖြစ်ရာ လျှောက်လမ်းတစ်ဝက်မှာတင် လူရာချီ၏အကြည့်အား မသိကျိုးကျွံပြုလျက် လှည့်မေးလိုက်ခြင်းကြောင့် ရှင်းလင်းစွာပင် ရှန်လျန်က သူ့လူဖြစ်ကြောင်း... ထိရဲရင် သူ့ကိုအရင်ဖြတ်ကျော်ရမည် ဟု ရာဇသံပေးနေသကဲ့သို့ပင်...။

အဲ့လောက်လှနိုင်လား လူတစ်ယောက်က!

ပြောင်းလဲ ပြင်ဆင်ထားတဲ့ရှန်လျန်က အလိုလိုနေရင်း လူတိုင်းရဲ့အာရုံစိုက်မှုကိုခံလိုက်ရသည်။ နီတောက်တောက် ဝတ်စုံနေရာတွင် ဖြူသန့်သန့်ဝတ်စုံအစားထိုးသွားခြင်းက သူ့အလှအားတစ်ဝက်ပင်လျော့မကျသွားစေသလို.. ပို၍ပင် ပံ့ပိုးပေးနိုင်သေးသည်။ တစ်ကယ်ကို ကောင်းကင်ယံမှ ကြွေဆင်းလာသည့် နတ်သူငယ်အလား...

လူပျိုသာမက အပျိုများပင် ရှန်လျန်၏ ရုပ်ရည် ရူပကာနှင့် တည်ငြိမ်ရင့်ကျက်မှုတို့ကို မနာလိုစိတ်ဝင်နေမိကြသည်။

ရှန်လျန်က ချက်ချင်းမဖြေပဲ ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်၏။ လျိုရှုဟန်တို့နား အရောက် မုန်းတီးနေသည့် အကြည့်ကိုသာရလိုက်ပြီး သူ့ဖခင်ကမူ စိတ်ရှုပ်ထွေးနေပြီး သူ့မျက်လုံးအကြည့်က ရှန်လျန့်အားကျော်ဖြတ်ကာ တစ်ယောက်ယောက်ကိုရှာနေပုံရသည်။ သူ့သားသူ မမြင် နိုင်လောက်အောင် မည်မျှ မုန်းတီးနေသည်မသိ .. ရှန်လျန် ကိုယ့်ကိုကိုယ် လှောင်ပြောင်သရော်လိုက်သည်။

"သူတို့ဟိုမှာ ရှိနေတယ် အဲ့ဒီနား သွားကြမလား"

တွေဝေနေတဲ့ပုံကြောင့် ရှန်လျန် ရှက်နေတာ ဖြစ်မယ်ဟု ရှန်ကျိုးတွေးမိကာ ကြားဝင် ၍ ရွေးချယ်ခွင့်ပေးလိုက်သည်။ ထိုင်ခုံနေရာ အဆင့်အတန်းကွာခြားချက်က ရှုပ်ထွေးလွန်းတာကြောင့် လူငယ် အများစုက အတူတကွ စုထိုင်ကြသည်က မထူးဆန်းပါချေ။

"အင်ဟင်...."

လက်ညှိုးညွှန်ရာ ကြည့်လိုက်ရာ ရှဲ့ယန်တို့လူစုကလည်းသူတို့ဘက်ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။ ရှန်ယန့်အပြုံးတွေ ဝင်းပသွားကာ ချက်ချင်းဖေးယွမ်ရွှင်းဖက်လှည့်ပြီး ဦးညွှတ်လိုက်၏။

"ကျေးဇူးပါ မြို့စားမင်း..ကျွန်တော်တို့အတူ ထိုင်ဖို့က တစ်ကယ် မသင့်တော်လို့ပါ.. ရှဲ့သခင်လေးတို့နဲ့ပဲ အတူ သွားထိုင်လိုက်ပါ့မယ်"

‌သူထိုင်ခုံနေရာ မရပဲ အရှက်တကွဲဖြစ်မှာကို မြို့စားမင်း စိုးရိမ်နေမှန်း ရှန်လျန်သိပါသည်။ ဒါပေမယ့် သူက ကော တစ်ယောက်မို့ နှစ်ကြိမ်ထက်ပိုပြီး ပူးပူးကပ်ကပ်တွေ့နေရင် အများက သူတို့ကြား ပတ်သက်မှုကို တွေးနေကြလိမ့်မည်။ အတူပါ ထိုင်လိုက်လျှင် သူနှင့်ဖေးယွမ်ရွှင်းက မနက်ဖြန်၏ သတင်းအသစ် ဖြစ်လာလောက်သည်။

"ကဖျက် ယဖျက် လူတွေ များလိုက်တာ"

စိတ်ပျက်သည့် စကားလုံးအချို့ကို ပြောထုတ်ခဲ့ကာ ဖေးယွမ်ရွှင်း တုံ့ဆိုင်းမနေပဲ တစ်လှမ်းချင်း

ရှေ့ဆက်သွားလိုက်သည်။

"ကော... ကျွန်တော် လျန်လျန်ကို ကယ်နိုင်ခဲ့ပြီ"

ရှန်ချင် ကို နှုတ်ဆက်ခဲ့ပြီး ရှန်ကျိုးက ရှဲ့ယန်နဲ့ တစ်ခြားသူတွေ ဆီ ရှန်လျန့်ကိုဆွဲခေါ်သွားတော့သည်။ အစအဆုံး သူတို့က လူတိုင်းရဲ့အာရုံစိုက်ခြင်းကိုခံနေရသော်လည်း မည်သူက လူကြည့်ခံရတာကိုသဘောမကျ ကြလို့လဲနော်? သူတို့ကတော့ သက်တောင့်သက်သာမရှိတာမျိုးလုံးဝမခံစားရပေ။

"ရှန်အမတ်ကြီး.. လင်းသခင်လေး ကမဆိုးဘူး သူတို့နှစ်ဦးကိုလက်ထပ်ပေးဖို့ ဆန္ဒများရှိလား?"

ရှန်သခင်ကြီး အပါအဝင် တစ်ဝိုင်းထဲ စုထိုင်နေကြသူများမှာ မျိုးရိုးကြီး မိသားစုများနှင့်မင်းမှုထမ်းမိသားစုဝင်များပင်... ရှန်လျန်က ကောဖြစ်ပြီး ...ရုပ်ရည်ရူပကာ တို့ကိုထည့်မတွက်လျှင်တောင် မျိုးရိုးကောင်းလေရာ မိသားစုများက သူတို့သားကို ရှန်လျန်နှင့်လက်ထပ်ပေးရန် မတွေးပဲ မနေနိုင်ကြချေ။

"သူလက်မထပ်လောက်သေးဘူး... ကျုပ်က သူအရွယ်ရောက်လာတာကို လစ်လျူရှုထားတာ မဟုတ်ပါဘူး.. သူတို့ညီအစ်ကိုက အရမ်းချစ်ကြတော့ တာ့အာ ပြန်လာမှ ဒီအကြောင်းဆွေးနွေးလည်း နောက်မကျသေးပါဘူး"

ဖခင်ကောင်းပုံစံ ထိန်းထားသော်လည်း ရင်ထဲတွင် နေသာထိုင်သာမရှိနေပါ... ဒီနေ့သူ့သားပုံစံကိုတွေ့လိုက်ရတော့ သူတစ်ကယ် အံ့ဩသွားမိသည်။ အရင်နှစ်ခေါက် သားအဖချင်းဆုံစဉ်က သာမန် အဝတ်အစားကိုသာ ဝတ်ထားခဲ့သည်။

ဒီနေ့တော့ တောက်တောက်ပြောင်ပြောင် ပွဲတက်လာသဖြင့် အဖေဖြစ်သူ ဝေကျစ်ချန်နဲ့ ဆယ်မှတ်မှာ ရှစ်မှတ်လောက် တူကြသဖြင့် သူ့ဇနီးလေးပေါ်ထားတဲ့ သူ့အချစ်တွေကို ပြန်မြင်ယောင်လာစေမိသည်။

"ဟုတ်သားပဲ ညီအစ်ကိုနှစ်ယောက် မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီနော်.. ရှန်ဗိုလ်ကြီးလဲ ဒီနှစ်အတွင်းမဟုတ်လဲ မကြာခင် ပြန်ရောက်လာတော့မှာမလား.. လက်ထပ်ပွဲက တစ်ရက်နှစ်ရက်အတွင်း အမြန်ပြင်ဆင်လို့မလွယ်ဘူးလေ.. ရှန်အမတ်ကြီးက သင့်တော်မယ့် သားမက်လောင်းအရင်ရွေးထားလိုက်ရင် မကောင်းဘူးလား"

ရှန်လျန့်လို မျိုးသန့်သန့်လေးရဖို့ ခပ်စောစော ဦးထားမှ ရလိမ့်မည် ။ သို့သော် အဖိုးကြီးက အရှုံးပေးရန် ဆန္ဒ မရှိနေသေး။

"မင်းသားသွမ့်ချန်၊ မင်းသမီးကြီး နဲ့ သွမ့်ကျွင်း မင်းသားတို့ ကြွရောက်လာပါပြီ..."

ရှန်သခင်ကြီးက မည်သို့ ငြင်းဆန်ရမှန်း မသိဖြစ်နေချိန်တွင် ထို သတင်းပို့သံကိုကြားလိုက်ရသည်။ တော်ဝင် မင်းသား များမှ လွဲ၍ လူတိုင်း ထ၍ ဂါရဝပြုလိုက်ကြသည်။

"မင်းသားနှင့် မင်းသမီးကြီး သက်တော် ရာကျော်ရှည်ပါစေ ဝမ့်စွေ့ ဝမ့်စွေ့ ဝမ့်ဝမ့်စွေ့!"

"ကိုယ့်အိမ်လိုပဲ သဘောထားပါ အားလုံးထိုင်ကြပါ"

သူမ ခင်ပွန်းနှင့်အတူ လျှောက်ဝင်လာတဲ့ မင်းသမီးယွဲ့ဟွားက ကျက်သရေရှိသော အပြုံးတစ်ပွင့်ဆင်မြန်းထားလေသည်။ လူတိုင်း တစ်ဖန်ပြောလိုက်ကြသည်။

"ကျေးဇူးကြီးလှပါတယ် မင်းသမီးကြီး"

ဇနီးမောင်နှံ နှစ်ဦးလုံး အမြင့်ဆုံးနေရာတွင် ထိုင်လိုက်ပြီးမှ အားလုံး ပြန်ထိုင်လိုက်ကြသည်။ ထို့နောက် ခန်းမ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လျက်ရှိ၏။

"လာကြ...ပွဲတော် တည် ခင်းလိုက်တော့"

မင်းသား၏အမိန့်သံအောက်မှာ အချိန်အတန်ကြာ စောင့်ဆိုင်းနေသော အစေခံများမှဟင်းပွဲများတစ်ပွဲပြီးတစ်ပွဲ စားပွဲပေါ်သို့ လာချပေးသည်။ မကြာမီပင် စားပွဲအားလုံးမှာ အနံ့အရသာပြည့်စုံသော ဟင်းပွဲများဖြင့်ပြည့်သွားတော့သည်။ တစ်ချိန်တည်းမှာပင် မင်းသမီးကြီးမှ

"နန်းဆောင်ဆီ ကြွရောက်လာကြတဲ့ ပုဂ္ဂိုလ်များ အားလုံး ဒီမင်းသမီးရဲ့ ဧည့်ခံမှုကို ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်.. အခုလတ်တလော ရေဘေးကျရောက်နေတာကို လူတိုင်းသိပြီး ဖြစ်မှာပါ ။ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်နေရပြီး ဧကရာဇ်ရဲ့နန်းဆောင်လည်း စိုးရိမ်ပူပန်မှုတွေပြည့်နေရတယ်... ဒီမင်းသမီးတို့ ဇနီးမောင်နှံက မကြည့်ရက်တော့လို့ ခုလို အလှူပွဲကျင်းပဖို့ဆုံးဖြတ်လိုက်ရတာပါပဲ.. အားလုံးပဲ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိမယ့်အလှူအတန်းတွေ ဖြစ်ထွန်းလာစေဖို့ မျှော်လင့်ပါတယ်"

"မှန်လှပါ မင်းသမီးကြီး!"

ဟစ်ကြွေးသံအားတားဆီးရန် မင်းသမီးမှ လက်ဟန်ပြလိုက်သည်။ ခန်းမတွင်းအသံတွေ ငြိမ်သွားမှ ဆက်ပြောသည်။

"အားလုံးကို လှူဒါန်းရမယ်လို့ အတင်းမတိုက်တွန်းချင်တဲ့အတွက် တွေးထားတာလေးတစ်ခုတော့ရှိတယ်.. ဒီမင်းသမီးကြားတာ ခုဆယ်ကျော်သက် အရွယ်လေးတွေက အရမ်းထက်မြက်ကြတယ်ဆို.. ဒီနေ့တော့ သူတို့ကို ခေါ်ထုတ်ရတော့မှာပဲ...ကိုယ် တတ်ကျွမ်းတဲ့ ကိုယ်ခံပညာ၊ အရည်အချင်းတွေယှဉ်ပြိုင်ဖို့ လူတစ်‌ယောက်က အခြားတစ်ယောက်ကို နာမည်တပ် စိန်ခေါ်ခွင့်ရှိတယ်..စိန်ခေါ်ခံရသူက ငြင်းခွင့်မရှိဘူး အရှုံးပေးခွင့်ပဲရှိမယ်... ရှုံးတဲ့သူက လိုအပ်တဲ့ ငွေပမာဏ၊ ပစ္စည်းတွေ လှူဒါန်းရမယ်... ခုလို ယှဉ်ပြိုင်ပွဲကျင်းပလိုက်တာဟာ ဒီနေ့တက်ရောက်လာသူအားလုံးကို စိတ်လှုပ်ရှားပျော်ရွှင်စေပြီး လူငယ်တွေရဲ့ အရည်အချင်းကို စမ်းသပ်ရာလည်း ရောက်တယ်.. ကဲ ဘယ်လိုထင်ကြလဲ?"

"ကောင်းတယ်.. အရီးတော် ရဲ့အကြံက အရမ်းကောင်းတယ်"

ပထမမင်းသား ချင်ယွင်မန်က ဦးစွာ ‌ထောက်ခံလိုက်ပြီး ဒုတိယမင်းသားချင်ယွင်လန် လည်း သံယောင်လိုက်ပြောသည်။

"တော်တော် စိတ်ဝင်စားစရာကောင်းမှာပဲ ..ပြောတာ မှန်တယ်"

မင်းသားများက တစ်ဦးပြီး တစ်ဦး သူတို့ရှိကြောင်း အသံပြုလာကြပြီး အားလုံးက မင်းသမီးကြီး၏ အကြံဟာ ကောင်းတယ်ဟု ထပ်ခါထပ်ခါ ဆိုလာကြသည်။ ပြိုင်ပွဲမှာ ရှုံးသူက အရှက်တရားကို ရှောင်လွှဲနိုင်ပြီး အလှူလုပ်နိုင်မည်။ နိုင်သည့်သူကလည်း ကိုယ်ရည်ကိုယ်သွေးပြသနိုင်မည့်အခွင့်အရေးကြောင့် ဤအကြံကကောင်းလှသည်။

မျိုးဆက်သစ်လူငယ်များ စိုးရိမ်ပူပန်နေကြပြီး

ကြိုးစားယှဉ်ပြိုင်ရန်အသင့်ပြင်နေကြ၏။ ဖြစ်ရပ် အစမှ အဆုံး တုပ်တုပ်မလှုပ်သည့်တစ်ဦးတည်းသောသူက ရှန်လျန်ဖြစ်၏။ သူ ဒီပွဲမှာ ထင်ရှားပေါ်လွင်ပြီး ထူးခြားကွဲပြားနေတာမျိုးမဖြစ်ချင်ပါ ။ အဓိက ကျသည့် ကိုယ်ခံပညာသာမက.. စောင်းတီး ၊စစ်တုရင်ထိုး၊ မြင်းစီး ၊ မြားပစ် တစ်ခုမှ သူကောင်းကောင်းမတတ်ချေ။ အရင်ဘဝက ဒီပညာတွေကိုလေ့လာဖို့ အခွင့်အရေးရှိသော်လည်း အတတ်ပညာတွေ မတတ်လည်း သူဟာ တုံးလင်အိမ်တော်က သားဖြစ်နေဆဲ ဖြစ်ပြီး မသင်လည်းရသည်ဟု လျိုရှုဟန်ကပြောခဲ့သည်။

အပေါ်ယံမှာ သူ့အပေါ် ကြင်နာ နေပေမယ့် တစ်ကယ်တမ်း သူ့ဘဝကို ချိုးနှိမ်ထားခဲ့သည်။ နောက်တော့ သူ လက်ထပ်လိုက်ပြီး ဒီအတတ်ပညာတွေဟာလည်း အရမ်းကို ဝေးကွာသွားခဲ့ရတော့သည်။

ဒီဘဝကျတော့လည်း သင်ဖို့အချိန်ရှိပေမယ့်မသင်ယူဖြစ်ခဲ့.. ဤအတတ်ပညာက သူ့ဘဝကို ကယ်တင်နိုင်မှာ မဟုတ်တာကြောင့် ဆေးစာအုပ်ကိုပဲတစိုက်မတ်မတ်လေ့လာပြီး ဆေးနဲ့ အဆိပ်ပညာကိုသာ ဆည်းပူးနေခဲ့သည်။

"မင်း အဆင်ပြေရဲ့လား"

အနားတစ်ဝိုက်က လူငယ်လေးတွေက နားနေဆောင်မှ စတင်ခဲ့သည့် အဖြစ်အပျက်ကြောင့် ရှန်လျန့်အပေါ်အမြင်ကောင်းရှိလေသည်။ ပြီးတော့ သူတို့ရဲ့ ကြီးပြင်းလာတဲ့ အတွေ့အကြုံအရ ရှန်လျန်ဟာ စောင်းတီး၊ စစ်တုရင်ထိုး၊ လက်ရေးလှပြိုင်ခြင်း၊ ပန်းချီဆွဲခြင်း ၊ မြင်းစီး၊ မြားပစ်အတတ်တွေ သေချာပေါက် မကျွမ်းလောက်ပေ။ လူတိုင်း သူ့ရဲ့ပိန်ပါးတဲ့ ခန္ဓာကိုယ်လေးနဲ့ ယိုင်နဲ့နဲ့ ဖြစ်နေပုံကိုစုံဆန် ကြည့်ကာ ယုံကြည်ချက် မရှိဖြစ်နေကြသည် ။ တစ်ယောက်ယောက်ကသာ

ရှန်လျန်ကို စိန်ခေါ်လာခဲ့ရင်....နည်းနည်းလေးကောင်းနေတဲ့ ဂုဏ်သတင်းတော့ ရေစုန်မျှောရတော့မည်။

လူတစ်ဦးက မည်မျှ ရုပ်ရည် ချောမောနေပါစေ အဆင်းသာ ရှိပြီး အချင်းမရှိပါက လူတွေ လက်ခံနိုင်ကြမည် မဟုတ်။

"ငါ့ ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပေါက်လို့လားကွာ"

လူတိုင်းရဲ့ စိတ်ပူနေတဲ့အကြည့်တွေလက်ခံလိုက်ရတဲ့ ရှန်လျန်ဟာ သူ့ရဲ့ ကလေးအဆီ မကုန်သေးတဲ့ပါးပြင်ပေါ် ကူကယ်ရာမဲ့စွာအပြုံးတစ်ပွင့်တင်လိုက်သည်။ ဘယ်သူမှ သူ့ကို စိန်မခေါ်ကြရင်ကောင်းမှာပဲ...ဒါပေမယ့် သိပ်မဖြစ်နိုင်ဘူး! သူမျက်နှာပျက်မှာကိုစောင့်ကြည့်ချင်တဲ့ လူတွေ ဘယ်လောက်တောင် များလိုက်သလဲ? ထိုလူတွေဟာ သူတို့ ကြီးပြင်းလာတဲ့ ဒီမြို့တော်မှာ နာမည် ကြီးစေဖို့ ၊ အသိုင်းအဝိုင်း မိသားစုကြား ထင်ရှားပေါ်လွင်စေဖို့ သူ့ကို အသုံးချဖို့ လုပ်ကြမှာပါပဲ...

"တုံးလင်အိမ်တော်က ရှန်လျန့်ကို စိန်ခေါ်ချင်ပါတယ်"

လူငယ်တွေက စိုးရိမ်နေရုံရှိသေး ရှန်လျန်က နာမည်ခေါ်ခံလိုက်ရချေပြီ။ ထိုင်နေသူ လူတိုင်းက ပွဲကောင်းကောင်း ကြည့်ရန် စိန်ခေါ်သူကို တစ်ပြိုင်ထဲ လှည့်ကြည့်လိုက်ကြသည်။

ငန်းဝါရောင် ပိုးထည်ဝတ်ထားတဲ့သူက နေပါဦး... ဦးလေးကျန်းမန်ရဲ့ သမီး မဟုတ်လား?

"ဘာလို့ သူမ ထပ်ဖြစ်ရတာလဲ မပြီးနိုင်တော့ဘူး"

ရှန်ကျိုး နှာခေါင်းရှုံ့လိုက်ပြီး အရင်ဆုံးသဘောမတွေ့မှုကိုပြသသည်။ ရှဲ့ယန်တို့တသိုက်လည်း မျက်မှောင်ကြုံ့ထားကြ၏။ ရှန်လျန်က ဘာအမှားမှ မလုပ်မိထားပေမယ့် 'ကျောင်းကျောင်း' ကခွင့်မလွှတ်နိုင်အောင် ရန်ညိုး‌ထားနေတာတော့ လွန်သည်။ လူတိုင်း သူမကို ကြည့်မရ ဖြစ်သွားကြတော့သည်။

Words 2982

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment