no

Font
Theme

'အကြီးဆုံးအဒေါ်'

ရာသီဥတုက ကောင်းမွန်သည့်ဘက် ရောက်မနေပဲ မိုးကဆက်လက်ရွာသွန်းမြဲပင်။ တိမ်တိုက်ကအုံ့မိုင်းနေပြီး အတော်လေး ဆိုးရွားနေသည်။ဝမ်ယွဲ့ ရေကာတာပြိုကျသွားမည်ကို စိုးရိမ်နေတာကြောင့် ပြည်သူများအားလုံးရင်တထိတ်ထိတ်နှင့်ပင်။ ထိုသို့ဖြစ်နေသော်လည်း ရှန်လျန်က မည်သို့မှ မလုပ်‌ပေးနိုင်ပါ၊ လင်းကြက်တွန်ချိန်ထိ စိတ်ပူကာ အိပ်မပျော်နိုင်ဖြစ်နေပြီး မိုးမလင်းခင် လေ့ကျန်းက အတင်းအိပ်ခိုင်းမှသာ ရှန်လျန် နောက်ဆုံးတော့ မျက်ဝန်းပိတ်လိုက်၏။ ပြန်နိုးလာတော့ အချိန်က နေ့လည် 2နာရီ ရှိနေလေပြီ။

"လျန်လျန်... ‌အကြီးဆုံးအဒေါ် က တွေ့ခွင့်တောင်းနေပါတယ်"

*E/N မယားငယ်ထဲက တစ်ယောက်ပါပဲ... သူက ဦးဆုံး မယားပေါ့! အားလုံးထက် စီနီယာကျတယ်.. ဒါပေမယ့်တရားဝင် မယားမဟုတ်တာပါ၊လျိုရှုဟန်က လက်ရှိ တရားဝင်ပထမဇနီး...ဒါကြောင့် ဒီဝတ္ထုမှာ လျိုရှုဟန်ကို အမေ လေး လို့သုံးပါတယ်။

နောက်ကျမှနိုးလာရသော်လည်း ရှန်လျန် လေ့ကျန်းအား အပြစ်မတင်လိုက်ချေ။ စားသောက်ပြီးစီးသည်နှင့် လေ့ကျန်းပြန်ပြောပြသည်အား နာရီအနည်းငယ် နားထောင်လိုက်ရပြီးနောက် ပြန်အိပ်ပျော်တော့မတတ်ပင်။ ညီလာခံမကျင်းပမီကဖြစ်စေ၊ ကျင်းပပြီးဖြစ်စေ အားလုံးကစီစဉ်ထားသည့်အတိုင်းပင် ဖြစ်လာ၏။

ချီယွဲ့ ဝင်လာသည့်အချိန်သည် ဝမ်ယွမ်က ရာထူးဖြုတ်ခံရသည့်‌ ကိစ္စနှင့် ဧကရာဇ်က မင်းမှုထမ်းစာမေးပွဲအားပြန်လည် စိစစ်ရန် အမိန့်ချမှတ်ခဲ့သည့်ကိစ္စအားတင်ပြနေချိန်ဖြစ်၏။

"အကြီးဆုံးအဒေါ်လား... သူဘာကိစ္စနဲ့ လာတာလဲ"

လေ့ကျန်းအား ခဏရပ်စေပြီး ရှန်လျန် သုန်မုန်ကာပြော၏။

အဲ့မိန်းမက သူ့ကိုအမုန်းဆုံးမဟုတ်ဘူးလား....

"လာရင်းကိစ္စတော့ သေချာ မသိပါဘူး... လျန်လျန်နဲ့ လူကိုယ်တိုင်တွေ့ပြီး ပြောစရာရှိပါတယ်တဲ့"

မနေ့ကမှ တံခါးပိတ် ဆုတောင်းနေသေးသည်ကိုရေကာတာ သတင်းကြားသည်နှင့် ရှန်လျန်နှင့် တွေ့ရန် အလောတကြီး ရောက်လာသည်။ ချီယွဲ့က သူမရဲ့ရည်ရွယ်ချက်ကို မသိလို့သာ ရှန်လျန့်ဆီ လာမေးလိုက်ခြင်းဖြစ်၏။

"ဘာကိစ္စပြောမလဲ မသိဘူး....ရှေးဟောင်းနှောင်းဖြစ် ပြောစရာလည်း ရှိတာမဟုတ်ဘူး"

တုံးလင်အိမ်တော်ရဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ရင် ရှန်လျန် ဘယ်သူ့အပေါ်မှ အမြင်ကောင်းမရှိပေ။

အရင်ဘဝက သူမနဲ့သက်ဆိုင်တဲ့မှတ်ဉာဏ်တွေ သိပ်မရှိပေမယ့် အကြီးဆုံးအဒေါ်က အမြဲတမ်း ဝတ်ပြုဆုတောင်းနေပြီး ဘယ်သူနဲ့မှ ထွက်မတွေ့သည့်အချက်ကိုတော့ ရှန်လျန်ရှင်းရှင်းလင်းလင်းမှတ်မိ၏။

"အွန်းနော်"

"ခဏ!"

ချီယွဲ့က ပြန်လှည့်ပြီး သွားမောင်းထုတ်တော့မည်အပြု ရှန်လျန် ရုတ်တရက်တားလိုက်သည်။ ချီယွဲ့က နားမလည်ဟန်အမူအရာနှင့် ပြန်လှည့်ကြည့်ရာ ရှန်လျန့်နှုတ်ခမ်းပေါ်မှ ထူးဆန်းသည့်အပြုံးနှင့်ရင်ဆိုင်လိုက်ရ၏။

"မိုးရေထဲ ခက်ခက်ခဲခဲ လာခဲ့ရသူကို ဧည့်မခံရင် ကျွန်တော်တို့ မယဉ်ကျေးရာကျသွားမှာပေါ့... အထဲ ဖိတ်ခေါ်လိုက်ပါ.. ဘာပြောမလဲ နားထောင်ကြည့်တာပေါ့"

"ကောင်းပါပြီ"

ရှန်လျန်ရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီး ကျင့်သားရနေပြီမလို့ ချီယွဲ့ စောတက မတက်ပဲ အမိန့်နာခံရန် သွားလိုက်သည်။

"ရွှမ်းကော.. ဦးလေးဖုအခန်းကို‌သွားပြီး ကလေးကိုအခန်းထဲကနေ အပြင်ခေါ်မထုတ်ခဲ့ဖို့ သွားပြောလိုက်ပါ"

ပိစိနှင့်ပတ်သက်လျှင်တော့ အမြဲ သတိထားရမည်။

"ဟုတ်"

"သခင်.. ကျွန်တော် အပြင်ထွက်ပေးရမလား"

ချီရွှမ်းလည်းသွားခဲ့ပြီဆိုမှတော့ လေ့ကျန်းလည်း ဒီနေရာမှာ သူရှိရန်မလိုအပ်ဟု တွေးလိုက်သည်။ ယောင်္ကျားတစ်ယောက်အနေနဲ့ အနောက်ဆောင်ကိစ္စတွေကို သူတစ်ကယ်ပဲ စိတ်မဝင်စားသဖြင့် ဆက်နေရန် မသင့်လျော်ပါချေ။

"ကျွန်တော် စိတ်ထဲ မထားဘူး... ခင်ဗျား အဆင်မပြေရင် သွားလိုက်လို့ရတယ်"

ရှန်လျန်ပြောပြီးတာနဲ့ လေ့ကျန်းက ချက်ချင်းပဲ လစ်ခနဲ ထွက်သွား၏။

တစ်ခဏမျှ ကြာသော် ချီယွဲ့က အသက်၃၀ဝန်းကျင် ရိုးရှင်းပုံရသည့် အမျိုးသမီးကို ခေါ်ကာ ရောက်လာသည်။ အပြင်ပန်းအကဲခတ်ရသလောက် ရင့်ကျက် တည်ငြိမ်သည့်ဟန် ရှိ၏။ ဤအမျိုးသမီးက ရှန်ရုထင်၏အမြှောင်မယား စွင်းကျင့် ဖြစ်၏။

"ပဉ္စမ သခင်လေး"

ကြီးမြတ်သော ချင်အင်ပါယာတွင် တရားဝင်ဇနီးနှင့် အမြှောင်မယားကြား အဆင့်တန်းက ကွာခြားလွန်း၏။ သူမက သဘောကျခံရုံအဆင့်သာရှိပြီး ရှန်ရုထင် စိတ်ပါလာပါက အိပ်ယာထဲ နွေးထွေးအောင် လုပ်ပေးရရုံထက် ဘာမှ မပို။ ထို့ကြောင့် ရှန်လျန့်အား လေးစားစွာ ဆက်ဆံရသည်က ပုံမှန်ပင်ဖြစ်၏။ ထို့အပြင် တရားဝင်သားဖြစ်သူနှင့် တစ်စားပွဲထဲ ဝင်ထိုင်ရမည့် အရည်အချင်းမျိုး သူမမှာ မရှိပေ။

"အဒေါ် ယဉ်ကျေးစရာမလိုပါဘူး... ချီယွဲ့ ရေ အဒေါ့်အတွက် ထိုင်ခုံယူပေးပါဦး"

ရှန်လျန်က ရေနွေးခွက်ကိုချပြီး အပြုံးရေးရေးဖြင့်ပြော၏။

"မထိုင်ဝံ့ပါဘူးရှင်.. ကျွန်မ ဒီတိုင်းလေး ရပ်နေလိုက်ပါ့မယ်"

ရှန်လျန်၏ ကြင်နာမှုအားမခံယူရဲသဖြင့် ခေါင်းငုံ့ထားမိ၏။

ရှန်လျန်လည်း အတင်းတိုက်တွန်းမနေပဲ

"အကြီးဆုံးအဒေါ်က ကျွန်တော့်ကို ပြောစရာရှိလို့ဆို... ဘာများလဲ"

ဒုတ်!

မေးခွန်းပင် မဆုံးသေး... ဒူးထောက်ချလိုက်မယ်လို့ မထင်ထားသဖြင့် ရှန်လျန်ရော ချီယွဲ့ပါ ကြောင်သွားသည်။။ဒူးထောက်ကာ နဖူးနှင့်ကြမ်းပြင်အား အကြိမ်များစွာ တိုက်လိုက်ပြီးမှ မျက်ရည်အပြည့်ဖြင့် ခေါင်းမော့လာ၏။

"ကျွန်မ ကြားတာ.. ဒုတိယသခင်မက အိမ်တာဝန်ကိုကောင်းကောင်းမစီမံနိုင်လို့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို သခင်ကြီးက ပြန်သိမ်းသွားတယ်တဲ့..အဲ့တာနဲ့

ပထမသခင်မက သူ့သားသမီး (ဒုတိယသခင်လေးနဲ့ ပဉ္စမ သခင်မလေး) ကိုလွှတ်ပြီး စီမံပိုင်ခွင့်ပြန်ပေးဖို့ တစ်ဆင့် တောင်းဆိုခိုင်းနေပါတယ်... ဒီအခွင့်အရေးကိုရဖို့ ကျွန်မမှာ ဘာအင်အားမှမရှိပေမယ့် ဆုံးပါးသွားတဲ့ ကျွန်မသားလေးအတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ၊ သခင်လေးကျေးဇူးပြုပြီး ဒီကိစ္စကိုကူညီပေးပါရှင်!"

စွင်းကျင့်က ပြောပြီးနောက် ကြမ်းပြင်ထိ ခေါင်းငုံ့ထားပြန်၏။

ဆိုတော့ အနောက်ခြံ စီမံပိုင်ခွင့်ကြောင့်ပေါ့လေ!

ရှန်လျန်နဲ့ ချီယွဲ့တို့ တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြ၏။

"အကြီးဆုံးအဒေါ် မနောက်ပါနဲ့ဗျာ.. ရှေးနှစ်ပေါင်းများစွာထဲက တရားဝင်ဇနီးနဲ့ အမြှောင်မယားတွေကို ခွဲခြားသတ်မှတ်ထားပြီးသား... အိမ်တွင်းစီမံပိုင်ခွင့်က တရားဝင်ဇနီးတွေသာ ကိုင်တွယ်ထိန်းချုပ်ခွင့်ရှိတာ၊ ပြီးတော့ ကျွန်တော်က အမွေခံသားတစ်ယောက်ပါ... အိမ်ဦးစီး မဟုတ်ဘူးလေ... ဒီကိစ္စကို ကျွန်တော် ကူညီဖို့ မဖြစ်နိုင်ပါဘူး...နောက်ကျရင် ကျွန်တော့ရဲ့ မကောင်းတဲ့ကံကြောင့် အဒေါ့်သားသေသွားရတာဆိုပြီး သခင်ကြီးနဲ့ တစ်ခြားသူတွေက အလကားနေရင်း စွပ်စွဲကြဦးမယ်၊ အဒေါ်က သားအတွက် လက်စားချေပေးချင်တယ်ဆိုရင်တော့ ကျွန်တော် ဝင်ပါပေးလို့ရ‌ပေမယ့်...တုံးလင်အိမ်တော်ကို အပြည့်အဝထိန်းချုပ်ဖို့အာဏာကို ကျွန်တော်မဟုတ်ပဲ တစ်ခြားလူတွေလက်ထဲ ဘာလို့ထည့်ပေးရမလဲ"

ရှန်လျန်က ‌ခပ်ဖြေးဖြေးတုံ့ပြန်ပြော၏။ လေသံက ညင်သာပေ‌မယ့် ခံစားချက်ကင်းမဲ့နေကာ စွင်းကျင့်နှင့်သူ့ကြားတွင် ဘာမှ မသက်ဆိုင်သကဲ့သို့။

"မဟုတ်ဘူး ပဉ္စမသခင်လေး.. ကျွန်မပြောတာ အဲ့လိုသဘောမျိုးမဟုတ်"

စွင်းကျင့်က အလောတကြီး ရှင်းပြကာ ရှန်လျန့်ဘောင်းဘီစကိုဆွဲကိုင်တော့မတတ် ဖြစ်လာရာ ချီယွဲ့ ချက်ချင်း ‌အရှေ့မှ ပိတ်ကာလိုက်သည်။

"အကြီးဆုံးအဒေါ် .. ကိုယ့်ကိုကိုယ် လေးစားမှုရှိပါ"

စွင်းကျင့်က ရှန်လျန့်ကို မော့ကြည့်ကာ

"ပဉ္စမ သခင်လေး... ကျွန်မရဲ့ ကလေးက ကိုယ်ဝန်သက် ငါးလဝန်းကျင်မှာပဲ သခင်မကြောင့် သေဆုံးသွားရတာပါ... သခင်လေးကြောင့်လုံးဝ မဟုတ်ရပါဘူး၊ သခင်ကြီးက ကလေးတစ်ယောက် ထပ်ရှိတယ်လဲ သိရော သခင်မက ကျွန်မခြံဝန်းကို လက်ဆောင်တွေ ရုတ်တရက်ကြီး ပို့လာတယ်... အစက ကလေးအတွက်ကြည့်ပေးတယ်လို့ထင်ခဲ့ပေမယ့် တစ်ကယ်တမ်း ကလေးကိုသေအောင်ကြံစည်နေခဲ့တာပါ၊ သခင်လေး နယ်ကို ရောက်ပြီးနှစ်နှစ်မြောက်မှာ အစေခံတစ်ဦးက ကျွန်မရဲ့ ဆံထိုးကို မတော်တဆ ပြုတ်ကျစေခဲ့မိလို့ ဆံထိုးက ကျိုးသွားတယ်၊ အထဲမှာ အမှုန့်တွေထွက်လာတော့ ကျွန်မလည်း သမားတော်ဆီ သွားပြကြည့်လိုက်တာ...

အဲ့ဒီအမှုန့်တွေက ပန်းဝတ်ဆံနဲ့ ကတိုးမှုန့်ပါတဲ့... အဲ့ဒီနှစ်ခုရော‌စပ်ထားရင် ဒီတိုင်းကြည့်ရင်မထူးခြားပေမယ့် အချိန်အကြာကြီး အနားမှာ ဝတ်ဆင်ထားရင် ကိုယ်ဝန်မဆောင်နိုင်တာ၊ ကလေးပျက်ကျတာတွေဖြစ်နိုင်တယ်...ဆံထိုးက သခင်မကြီးလက်ဆောင်ပေးခဲ့တာမလို့ ကျွန်မ ကလေးကို ဒုက္ခပေးချင်မှန်း ချက်ချင်း နားလည်သွားခဲ့ရတယ်"

အဆုံးမှာတော့ စွင်းကျင့် ထိန်းမထားနိုင်တော့ပဲ မျက်ရည်စီးကျလာတော့သည်။ ၆လလောက်ပဲ ရှိသေးသည့် ဗိုက်ထဲက ကလေးမှာ ခြေလက်အင်္ဂါစုံလင်နေလေပြီ၊ လက်သည်မှ သွေးရဲနေသည့် ခန္ဓာကိုယ်သေးသေးလေးကို ရေဇလုံထဲ ထည့်လိုက်သည်အား မြင်လိုက်ရချိန်တွင် သူမ၏နှလုံးသားတစ်ခုလုံး ခြေမွခံလိုက်ရသလိုပင်။

အမှန်တရားကိုသိလိုက်ရချိန်၌ လျိုရှုဟန်အား ‌သတ်ပစ်ချင်သော်လည်း သူမ၏လက်ရှိနေရာက အင်အားမရှိသဖြင့် ဘာမှ မလုပ်နိုင်သည့်အပြင် မိဘတွေဘက်လည်း ငဲ့ရဦးမည်။ သတ်နိုင်ခဲ့သည်ထားဦး ..လျိုရှုဟန်ရဲ့မိသားစုတွေက သူ့ကိုအလွတ်ပေးမှာမဟုတ်ပေ။ ထို့ကြောင့် သားဖြစ်သူ၏အသက်တစ်ချောင်းအတွက် လျိုရှုဟန် ပြန်ပေးဆပ်ရပါစေဟု နေ့စဉ်နေ့တိုင်း ဝတ်ပြုဆုတောင်းခြင်းဖြင့် တစ်နေ့တာ အချိန်ကုန်ဆုံးနေရန်သာ ရှိ၏။

မျက်စိတစ်မှိတ်အတွင်း ငါးနှစ်အချိန်ကုန်သွားသော်လည်း ဘုရားက သူမ၏ဆုတောင်းသံကိုမကြားခဲ့ပါ။ လျိုရှုဟန်က ကောင်းကောင်းနေနေရရုံသာမက သားအမိသုံးဦးလုံး၏ဘဝက ပိုပိုပြီး ကောင်းမွန်နေရာ ရှန်လျန် ပေါ်မလာခင်ထိ စွင်းကျင့်၏နှလုံးသားက အသက်မရှိသလိုပင်။

သူမ ရှန်လျန်ကို အချိန်အတော်ကြာစောင့်ကြည့်နေခဲ့ပြီး အချိန်ခဏလေးနှင့် လျိုရှုဟန်ကို အာဏာမရှိအောင် လုပ်နိုင်ရုံမက သားအမိသုံးဦးလုံး၏ ဂုဏ်သတင်းပါ ကျဆင်းအောင် ရှန်လျန် လုပ်နိုင်ခဲ့သည်ကိုတွေ့လိုက် ရ၏။

သူမ မည်မျှထိ ကြိတ်ပျော်နေလည်းဆိုတာ မိုးကောင်းကင်သာ သိသည်။ ကိုယ်တိုင်လက်စားမချေရပေမယ့် လျိုရှုဟန်ရဲ့ ကံမကောင်းမှုကိုကြည့်ရင်း တစ်ဖက်တစ်လမ်းက စိတ်ကျေနပ်မိသည်။ သို့သော် လက်ရှိ မှာ လျိုရှုဟန်က အရင်လို အိမ်တော်တွင်းအာဏာပြန်ရရန် ကြိုးပမ်းနေသည်ဟု သတင်းကြားရသဖြင့် နောက်ဆုံးတော့ သူမ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပဲ ကျုံးလင်ခြံဝန်းဆီ လာခဲ့ခြင်းဖြစ်သည်။ ရှန်လျန် တစ်ဦးတည်းကသာ သူမကိုကူညီပေးနိုင်သည်။ သူမက အမြှောင်မယားဖြစ်နေလျှင်တောင် ဆုံးသွားတဲ့ သားလေးအတွက် ကိုယ်တိုင်လက်စားပြန်ချေ၍ရကောင်းရနိုင်၏။

"လျိုရှုဟန် လုပ်တာလည်းသိတယ်၊ ဆံထိုးသက်သေလည်းရှိနေတာကို သခင်ကြီးဆီ ဘာလို့သွားမပြောတာလဲ"

ချီရွှမ်းက ပြန်ရောက်လာကာ ရှန်လျန်၏ ရေနွေးခွက်ကို အပူတစ်ခွက် ပြန်လဲပေး၏။ ရှန်လျန်က လဖက်ခြောက်ပေါလော‌ပေါ်နေသော ရေနွေးခွက်ကို လှမ်းယူပြီး သောက်လိုက်သည်။

"ဘာလို့ဆို သခင်က ဆံထိုးလက်ဆောင်ပို့တုန်းက သခင်ကြီး ပေးတာဆိုပြီး နာမည်တပ်ထားလို့ပါ.. ကျွန်မ ကိုယ်ဝန်စလွယ်တော့ သခင်မက အရမ်းဝမ်းသာနေပြီး လက်ဝတ်ရတနာတွေနဲ့ ဆံထိုးကိုတစ်ခါတည်းရွေးယူလာပေးခဲ့တယ်... သခင်ကြီး ရောက်လာတော့ တိုက်တိုက်တွန်းတွန်းနဲ့ ဆံထိုးကို ရွေးခိုင်းခဲ့တယ်။ သခင်ကြီးက စိတ်ကျေနပ်သွားပြီး အဲ့ဒီဆံထိုးကို ကျွန်မခေါင်းပေါ်တစ်ခါတည်း လာဆင်ပေးသွားတာ... ကျွန်မသာ သက်သေအနေနဲ့ သုံးမယ်ဆိုရင် သခင်ကြီး လုံးဝယုံမှာ မဟုတ်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် သူရွေးတဲ့ ဆံထိုးက အန္တရာယ်ရှိနေပါ့မလားရှင်"

ရှန်လျန်ရဲ့ မတုန်မလှုပ် အမူအရာကို ကြည့်ရင် စွင်းကျင့် အနည်းငယ် တွေဝေမိပေမယ့် စိတ်ထဲ ဆုံးဖြတ်ချက်ချထားပြီးသားပင်။ ရှန်လျန်သာ မကူညီနိုင်ရင် သူ့အကြောင်းကိုဒီထိ လာ ဖောက်သည်ချနေမှာ မဟုတ်ပါ။

"မှန်တယ်...ဆံထိုးနဲ့ လျိုရှုဟန်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး.. အဖေ လုံးဝ မယုံမှာ သေချာတယ်... အဒေါ်က သူချစ်တဲ့သူဖြစ်နေရင်တောင်မှပေါ့"

ဒီတစ်ကြိမ်မှာတော့ ရှန်လျန်အမူအရာက အနည်းငယ် အသက်ဝင်လာပြီး သရော်လှောင်ပြောင်ဟန် ရှိ၏။

"ပဉ္စမသခင်လေး... ကျွန်မတောင်းပန်ပါတယ် ...ကျွန်မရဲ့ ဆုံးသွားတဲ့ ကလေးလေးအတွက် လက်စားချေခွင့်သာ ပေးမယ်ဆိုရင် သခင်လေးရဲ့ မြင်းပဲလုပ်ရလုပ်ရ၊နွားပဲ ဖြစ်ရဖြစ်ရပါ... ပဉ္စမသခင်လေး ကျေးဇူးပြုပြီး"

ဒုန်း!ဒုန်း!

စွင်းကျင့် က နဖူးနဲ့ကြမိးပြင်ကို တိုက်လိုက်ပြန်သည်။ ရှန်လျန် ချီယွဲ့ဘက် အကြည့်တစ်ချက်ပေးလိုက်ရာ တစ်ဖက်လူက နားလည်စွာနဲ့ စွင်းကျင့်ကို တားပြီး ထရပ်နိုင်ရန်ကူညီပေးလိုက်သည်။

"အကြီးဆုံးအ‌ဒေါ် ဒီလိုမလုပ်ပါနဲ့.. သခင်လေးက အိမ်ဦးစီးလည်း မဟုတ်တော့ သူ့အခက်အခဲကိုနားလည်ပေးပါ၊ အိမ်တွင်းအာဏာကို လွှဲပြောင်းယူတယ်ဆိုဆာ သာမာန်ကိစ္စလည်းမဟုတ်ဘူး"

"ကျွန်မ... ဟင့်! ကျွန်မ တောင်းပန်ပါတယ် သခင်လေး.. ကျွန်မအရမ်း စိတ်သောက ရောက်နေရလို့ပါ"

ချီယွဲ့စကားက သူမကို သတိပြန်ဝင်လာစေသည်ထင်ရသော်လည်း မျက်ရည်သုတ်ကာ တစ်ဖန် ဒူးထောက်ပြန်၏။ချီယွဲ့လည်း မတတ်နိုင်တော့သည့်နှယ် ရှန်လျန့်အား ကူကယ်ရာမဲ့စွာ ကြည့်သည်။

"အကြီးဆုံးအဒေါ်.. မငိုပါနဲ့တော့.. သခင်လေးကို တစ်မျိုးထင်ကုန်ကြလိမ့်မယ်"

ချီယွဲ့ မနေနိုင်တော့ပဲ စွင်းကျင့်အား နှစ်သိမ့်ပေးလိုက်ရာ နောက်ဆုံးတော့ မျက်ရည်ကျနေတာ ရပ်တန့်သွားတော့၏။

"အကြီးဆုံး အဒေါ် .. ကျွန်တော် ကူညီပေးနိုင်တယ်"

"တစ်ကယ်လားရှင်!"

အချိန်အတော်ကြာမှ ရှန်လျန် တုန့်ပြန်လာသည်။ စွင်းကျင့်က ဝမ်းသာအားရနှင့် ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် ရှန်လျန်၏ အေးစက်စက်အကြည့်နှင့်သာ ရင်ဆိုင်လိုက်ရ၏။ တုန်လှုပ်ထိတ်လန့်ဖွယ်အရှိန်အဝါတွေ ထုတ်လွှတ်နေသဖြင့် စွင်းကျင့် ထိုမျက်ဝန်း‌ေတွကို ရင်မဆိုင်နိုင်တော့ပဲ မျက်လွှာချထားမိ၏။ ပိန်ပါးသည့် ခန္ဓာကိုယ်က ထိန်းချုပ်မရစွာ တုန်ရီနေလျက်ရှိသည်။

" အဒေါ်လိုချင်တာ ကျားအရေခွံဆိုမှတော့ ထပ်တူပြန်ပေးရမယ့်အရာကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်.. လက်ရှိမှာ ကူညီပေးလိုက်ပေမယ့် အနာဂါတ်မှာ ကျွန်တော့်ကို လာခြိမ်းခြောက်ရင် အဆိုးမ‌ဆိုနဲ့နော်... လျိုရှုဟန် လုပ်တာထက် ပိုဆိုးသွားမယ်..ကလေးသေသွားတာထက် အဆပေါင်းများစွာ ဆိုးဆိုးဝါးဝါးနာကျင်ခံစားရတဲ့ အရသာကိုသိအောင် မြည်းစမ်းခိုင်းလိုက်မယ်"

ထူးမခြားနားစွာ ပြောဆိုနေသံက ခြိမ်းခြောက်သတိပေးမှုအပြည့်! စွင်းကျင့်မပြောနှင့် ချီယွဲ့ပင်ကြောက်ရွံ့မိသည်။ ရှန်လျန် ထိုအရှိန်အဝါမျိုးကို ဧကရီဖြစ်ခဲ့စဉ် တစ်ကြိမ်သာ ထုတ်လွှတ်ဖူးပြီး လူတိုင်းကို‌တော်ရုံ မပြခဲ့ ဖူးပါ။

"ဟုတ်...ဟုတ်ကဲ့"

စွင်းကျင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ တုန်တုန်ရီရီနှင့်ဖြေလိုက်ကာ နေရာမှားလာမိပြီလားဟု တွေးတောမိသွား၏။ သူမရှေ့ရှိ ရှန်လျန်က အလွန်ကြောက်မက်ဖွယ်ကောင်း၏။

"ကောင်းပြီ.. အနားတိုးလာခဲ့"

အရှိန်အဝါတွေ ရုတ်သိမ်းလိုက်ပြီး နဂိုဟန်ပြန်ထိန်းလိုက်သော်လည်း စွင်းကျင့်က အနည်းငယ် တွေဝေနေပြီးမှ အနီးတိုးကပ်လာသည်။ ရှန်လျန်က သူမ၏ နားနား စကားတစ်ချို့ တီးတိုးပြောလိုက်ပြီးနောက် ပြန်ခိုင်းလိုက်သည် ။

ထို့နောက် လေ့ကျန်းကိုခေါ်ကာ

"သူ့ကို စောင့်ကြည့်ထားပေး"

"ဟုတ်ကဲ့"

လေ့ကျန်းက ရှန်လျန်ဘာတွေစီစဉ်နေမှန်း မသိသော်လည်း စကားများများမပြောချေ။ စွင်းကျင့်ပြန်ထွက်သွားသည့်ပုံစံက အသိစိတ်ပျောက်ပြီး တစ်ခုခုကို ထိတ်လန့်နေသလိုပင်။

"သခင်မ အနိုင်ကျင့်တာခံထားရတဲ့ နောက်ထပ်သနားစရာလူတစ်‌ယောက်ပါလား..."

တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ စွင်းကျင့်ကိုကြည့်ရင်း ချီယွဲ့ သက်ပြင်းမောချလိုက်၏။

ရှန်လျန် နှုတ်ခမ်းတွန့်ကွေးရင်း

"သနားစရာလူတဲ့လား... အပြင်ပန်း မြင်ရသလို မရိုးရှင်းဘူး သူက"

ရိုးရှင်းတဲ့လူက သူ့ဆီ လာဆက်သွယ်ရဲပါ့မလား... ဒါပေမယ့် ကိစ္စမရှိပါဘူး...လျိုရှုဟန်ကိုလည်း ဒီတိုင်းလွှတ်ပေးထားဖို့ အစီအစဉ်မရှိဘူးဆိုတော့ စွင်းကျင့်ကို အသုံးချလိုက်မယ်... သူသာ ကိုယ့်နေရာကိုယ် သိတယ်ဆိုရင် ဘာပြဿနာမှ မဖြစ်နိုင်သလို သူ့ကိုလာထိခိုက်စရာအကြောင်းလည်းမရှိပဲ ကြိုတင်ကာကွယ်ရာလည်းရောက်သည်။ လက်ရှိမိသားစုဝင်တွေကို အမှန်တစ်ကယ် စိတ်ချမ်းချမ်းနေသွားစေချင်မိသည်။

2942words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment