'တွေ့ရတာ ဝမ်းသာပါတယ် ဝမ်ဖေး'
"ရယ်နေပြန်ပြီ၊ စန်းကောက ဘာလို့ အဲ့လောက် အူမြူးနေတာလဲ?"
ဘေးကပ်ရပ်အခန်းထဲတွင် နံရံနား ကပ်ကာ နားထောင်နေသော ချူးလီက အာကျယ်အာကျယ်နှင့်ပြောသည်။ သူနှင့် အတူတူ ရှိနေသော ထျန်းရှုနှင့် ထျန်းဟိုင်က သူ့လိုခိုးကြောင်ခိုးဝှက် အပြုအမူတွေ မလုပ်သော်လည်း သခင့်ရဲ့ရယ်မောနေခြင်း အကြောင်းရင်းကိုတော့ သိချင်စိတ်ဖြစ်မိသည်။
ဖေးယွမ်ရွှင်းက စည်းကမ်းတင်းကြပ်တဲ့ သခင် မဟုတ်ပဲ ငယ်သားတွေအပေါ် ဆက်ဆံရေးကောင်းမွန်ကာ အလွန်ကာကွယ်ပေးတတ်လေသည်။ တစ်ခါတရံ စနောက်လျှင်တောင် ဗွေမယူတတ်ပေ။ သို့သော် သူသည် ဟားတိုက် ရယ်ပြုံးခဲသော အမျိုးသားတစ်ဦးဖြစ်၏။
"ဟေး ထျန်းရှု! မင်းက စန်းကောနဲ့ တူတူကြီးပြင်းလာတာမလား ? သူ..တစ်ခြားလူနဲ့ ခုလို ရင်းရင်းနှီးနှီးနေတာ မြင်ဖူးလား?"
နံရံအားကျောခိုင်းကာ ချူးလီက လေးလေးနက်နက်မေးသည်။
"ရှန်လျန်က အရမ်းကောင်းတဲ့သူ ဖြစ်လို့များလား?"
ထိုအခိုက်အတန့် တွေးမိလိုက်သည်က ဖိုးဖိုးလင်းတစ်ခါကပြောဖူးသည့် အရှင့်အတွက် သွားတောင်းရမ်းပေးချင်သည် ဟူသောစကားပင်ဖြစ်သည်။ အမှန်တိုင်းပြောရရင် အစက ထျန်းရှု မသေချာခဲ့ပေမယ့် ထျန်းချွမ်မှ ရှန်လျန်၏ အကြောင်းကို သခင့်ဆီ နေ့တိုင်းအစီရင်ခံနေမှုနှင့် သူတို့က အရမ်းပျော်နေကြပြီး တစ်ချို့ဆိုလျှင် ရှန်လျန်အား သခင်၏ အနာဂါတ်ဇနီး
လောင်းအနေဖြင့် ကြည့်တတ်ကြသည် ကိုတွေ့ခဲ့ရသည်။
"သူက တစ်ကယ်ကောင်းတဲ့သူဆိုရင်တော့ ပြဿနာတက်ပြီ"
ပြောပြီးသည်နှင့် ချူးလီ သက်ပြင်းမောချကာ နံရံနား ပြန်ကပ်လိုက်သဖြင့် ထျန်းရှု၊ထျန်းဟိုင် တို့နှစ်ယောက်လုံး က ချူးလီကို ထိုနံရံထဲဝင်သွားအောင် ဆိုးဆိုးရွားရွားရိုက်ပစ်ချင်နေကြသည်။
"သခင်က အလှူပွဲအကြောင်း ပြောလာတယ်ဆိုတော့ သိထားတာ တစ်ခုခုရှိလို့လား?"
နှစ်ယောက်သားရယ်မောပြီးနောက် ရှန်လျန် မေးလိုက်သည်။ သူ့အရင်ဘဝကမင်းသမီး၏နန်းတော်သည် အပူမီးတောက်လျက် အလှူပွဲမလုပ်ခဲ့ ။ သို့သော် မင်းသား ၄ က ပွဲကျင်းပသဖြင့် လျိုရှုဟန် က သူ့အား ထိုနေရာသို့ခေါ်သွားသည်။
ထိုအလှူပွဲသို့သွားခြင်းသည် သူမြို့တော်သို့ပြန်ရောက်ပြီးနောက် ပထမဦးဆုံးအကြိမ် လူထုရှေ့မျက်နှာထွက်ပြခြင်းပင်ဖြစ်သည်။ လူတိုင်းက သူ့အကြောင်းစပ်စုချင်နေကြသည်။ ချီယွဲ့၏သေဆုံးမှုက ဤပွဲနှင့်သက်ဆိုင်နေသည်ကိုသတိရမိသွားပြီး ရှန်လျန်မှာ အမုန်းတရားများပြည့်လျက် အံကြိတ်လိုက်သည်။
အတိတ်ဘဝက အလှူပွဲတက်ရောက်ခဲ့တဲ့မင်းသား၄၊ လျိုရှုဟန်နဲ့ ရှန်မိသားစု .....
တစ်နေ့မှာ တစ်ဦးချင်းစီတိုင်းကို သူ ပြန်ပေးဆပ်ခိုင်းမည် !
"အဲ့လိုကြောက်ဖို့ကောင်းအောင် မကြည့်ပါနဲ့၊ ကျုပ် ရှိနေတာကို ဘယ်သူက မင်းကိုလာထိရဲမလဲ"
သူ့ဆီမှ အကြည့်လွှဲသွားသော်လည်း မျက်ဝန်းထဲက လူသတ်ချင်စိတ်တွေကို ဖေးယွမ်ရွှင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရရာ ခေါင်းရှုပ်သွားမိသည်။ တစ်ချိန်တည်းမှာပဲ ရှန်လျန်က အနည်းငယ် သန်မာပြီး၊ ခေါင်းမာတဲ့ 'ကော' တစ်ယောက်ဖြစ်နေသဖြင့် ဖေးယွမ်ရွှင်း စိတ်ဖိစီးရပြန်သည်။
မည်သို့ပင်ဆိုစေ ရှန်တာ့၏ တစ်ဦးတည်းသောညီငယ် လည်းဖြစ်နေရာ ဆန္ဒမရှိလျှင်တောင် သူသည်းခံရပေမည်။
"မသိရင် ကျွန်တော်တို့ကြား တစ်ခုခုရှိသလိုလို ၊ ဘာပဲဖြစ်ဖြစ် မြို့စားအရှင်ကို ကျေးဇူးတင်ပါတယ်"
ဖေးယွမ်ရွှင်း၏စကားကိုကြားလိုက်ရချိန်တွင် ရှန်လျန်မှာ ဘာကြောင့်မှန်းမသိ ရင်ထဲ နွေးထွေးသွားရသည်။
"ညီငယ်လေး... တစ်ခါတစ်လေကျရင် သူများအပေါ် မှီခိုတတ်အောင် သင်ယူရတယ်"
ဖေးယွမ်ရွှင်း ပြုံးကာ ရှန်လျန်၏ ခေါင်းကို တစ်ကြိမ် ထိပုတ်လိုက်ပြန်သည်။
"ဒီနေ့ လမ်းပေါ်မှာ လျိုဝမ်ကျင်းကို ဒေါသထွက်အောင်လုပ်ခဲ့တော့ သူတို့က မင်းကိုရန်ညှိုးထားနေလိမ့်မယ် ၊ပြီးတော့ ကိုယ့် အဒေါ်ကလည်း ဓားပြတွေအကြောင်းသိချင်နေမှာ သေချာတယ်၊ မင်း အလှူပွဲဆီလာတာနဲ့ သူကသီးသန့်ခေါ်တွေ့လောက်တယ်၊ လျိုမောင်နှမက မင်းတို့ချင်း တွေ့ဆုံခွင့်မရအောင် ရတဲ့နည်းနဲ့ တားမှာပဲ၊ ပေါ်တင်တားရအောင်တော့ သူတို့မတုံးပါဘူး၊ အဒေါ်က သေချာပေါက် သံသယဝင်မှာလေ ၊ မင်းရင်ထဲ နာကျည်းနေသမျှ မကျေနပ်ချက်တွေအကုန် သူတို့ဘက် မြှားဦးလှည့်ပေးလိုက်ပါလား၊ အဒေါ်သာ ယုံကြည်သွားရင် ကိစ္စတွေပိုလွယ်သွားမယ်၊
လျန်လျန့်ဘက်က သေချာပြင်ဆင်ထားဖို့တော့လိုမယ်"
မင်းသမီးရဲ့နန်းတော်မှာ ကျင်းပတဲ့ ဤအလှူပွဲဟာ လုံးဝငြိမ်းချမ်းနေခြင်းမရှိချေ။
"သူတို့ရဲ့လှည့်ကွက်တွေကို ကျွန်တော် ခန့်မှန်းမိပါတယ်၊ အရှင် စိတ်မပူပါနဲ့တော့"
ဖေးယွမ်ရွှင်း ပြောမပြရင်တောင် ရှန်လျန် မတုံးအ ချေ။နောက်ကွယ်တွင် မင်းသား၄၏အိမ်တော်ရှိနေသရွေ့ ဒီ ပွဲမှာ တစ်စုံတခုတော့ ဖြစ်မည်မှန်း သိထားသည်။ ထိုသူများ၏လုပ်ရပ်ကို သူ မဖော်ထုတ်ရင်တောင် သူ့အနေအထားသည် အိမ်တော်မှ သခင်ငယ်လေး သို့တည်းမဟုတ် ဝေမိသားစုရဲ့သခင်ငယ်လေး ဖြစ်နေရာ ထိုလူတွေက သူ့အားအလွှတ်ပေးကြလိမ့်မည်မဟုတ်။
"နောက်ကိစ္စတစ်ခုရှိသေးတယ်၊ မင်း မုရုန်မိသားစုကိစ္စ သိပြီးပြီလား"
သူ့တုံ့ပြန်စကားကိုကြားပြီး အကူအညီမဲ့သွားသော ဖေးယွမ်ရွှင်းမှာ စကား ခေါင်းစဉ်သာ ပြောင်းလိုက်ရသည်။
"မုရုန်အိမ်တော်လား?"
ရှန်လျန်မျက်ခုံးပင့်မိ၏။ ဒီနေ့ အပြင်ထွက်ခဲ့ပေမယ့် ဘာသတင်းမှတော့ မကြားမိ၊ ကိစ္စ တစ်ခုခုများဖြစ်သွားလို့လား?
"မုရုန်ဟိုင်က ငွေသန်းချီသုံးပြီး သွေးနီရောင်ကျောက်ကိုဘာလို့ ရှာခိုင်းလဲသိလား?"
သူ့အဖြေကို ကြားရန်လိုအပ်ဟန်မတူ... ဖေးယွမ်ရွှင်းက ရေနွေးကြမ်းတစ်ငုံသောက်ပြီး ဆက်ပြောသည်။
"သူ့မိန်းမကြောင့်ပဲ..မုရုန်ဟိုင်ရဲ့ဇနီး၊ သူတို့က ငယ်ချစ်တွေ ၊ တစ်နေ့... ဧကရာဇ်က လက်ဆက်ခွင့်တောင်းတော့ သူ့ဇနီးက ငြင်းလိုက်တယ်လေ၊ နှစ်ထောင်ချီတည်ရှိခဲ့တဲ့ မုရုန်တစ်မိသားစုလုံး မျိုးတုန်းခါနီးဖြစ်ခဲ့ရတယ်။ အဲ့ဒီအချိန် မိသားစုခေါင်းဆောင်က မုရုန်ဟိုင်ရဲ့ အဖေ၊သူက ကျန်တဲ့ မိသားစုအသက်ကို ကယ်တင်ဖို့ မိသားစုဝင်တစ်ဝက်လောက် ရင်းခဲ့ရတယ်၊ သူ့အိမ်တော်မှာတော့ ကိုယ်လုပ်တော်တစ်ယောက်မှ မရှိဘူး၊ အဲ့လိုနဲ့ ပြီးခဲ့တဲ့ သုံးနှစ်က နိုင်ငံ့အခွန် ပြန်တင်းကျပ်လာတဲ့အချိန် ဧကရာဇ်က သူတို့ကို ဒုက္ခထပ်ပေးလာတယ်၊ ရုပ်ဖျက်တော်တဲ့သူကို စေလွှတ်ပြီး မုရုန်သခင်မကိုပြန်ပေးဆွဲတယ်။ ဒီနှစ်တွေမှာ မုရုန်မိသားစုက တစ်ချိန်လုံး ပုန်ကန်ဖို့ အခွင့်အရေးစောင့်နေတာ ၊ အပြင်ပန်းမှာ သူတို့က ဧကရာဇ်ရဲ့ လူတွေနဲ့ ဆွေးနွေးနေပေမယ့် မုရုန်သခင်မ ကို ဘယ်မှာ ဝှက်ထားလဲဆိုတာ လူလွှတ်ပြီးတိတ်တဆိတ်စုံစမ်းနေတာ ၊ နောက်ဆုံး အောင်အောင်မြင်မြင် ကယ်လိုက်နိုင်ပေမယ့် သူ့ဇနီးရဲ့ခန္ဓာကိုယ်က အဆိပ်မိပြီး ကုသထားခြင်းလဲ မရှိဘူး၊ ဒါကြောင့် အဆိပ်ပေါင်းရာချီကုသပျောက်ကင်းနိုင်တဲ့ ဒဏ္ဍာရီလာ သွေးနီရောင်ကျောက်ကို အသည်းအသန် ဆုငွေထုတ်ပြီးရှာခိုင်းတာပဲ"
မုရုန်ဟိုင်က အရမ်းချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်၊ တရားမျှတမှုကိုလိုလားတဲ့သူ ဖြစ်ပေမယ့် သူမွေးဖွားလာတဲ့အချိန်က နိုင်ငံ့တရားဥပဒေဟာ အပေါက်အပြဲတွေနဲ့ယိုယွင်းနေချိန်ဖြစ်တယ်။
ဧကရာဇ်ကျတော့ သူ့တိုင်းပြည်ကို တိုးတက်၊ချမ်းသာအောင်လုပ်ဖို့မတွေးပဲ အာဏာနဲ့ ပြည်သူတွေကို ဖိနှိပ်တယ်။
"မုရုန်သခင်မ လူရွေးတာမှန်သွားတယ်၊ အရမ်းကံကောင်းတာပဲ၊ သူသေဆုံးသွားရရင်တောင် နောင်တရစရာမရှိဘူး"
ရှန်လျန် ဒီအကြောင်းတွေ လုံးဝမသိခဲ့ပါ။ သူတို့ဝေမိသားစုကလွဲလို့ ဘယ်အင်အားကြီးမိသားစုမှာ ဇနီးသုံးဦးနဲ့ ကိုယ်လုပ်တော် လေးဦး မရှိကြလို့လဲ?
"အဲ့တာ မနာလိုဖြစ်သွားတာလား?"
ဖေးယွမ်ရွှင်း အံ့ဩရင်း မျက်ခုံးပင့်မိ၏။ လူနှစ်ဦးကြားအချစ်ကို မယုံကြည်လောက်ဘူးလို့ သူထင်နေခဲ့သည်လေ။
"ကျွန်တော်ကလဲ 'ကော'ပဲလေ၊ ကိုယ့်တစ်ယောက်ထဲကိုပဲ နှလုံးသားထဲသိမ်းထားနိုင်မယ့် ခင်ပွန်းမျိုးနဲ့ဆုံချင်တာပေါ့၊ဒါ မထူးဆန်းပါဘူး"
မျက်လွှာချရင်း ခပ်အေးအေးပြောသည်။ သူမျှော်လင့်မိခဲ့ပေမယ့် အဆုံးမှာ မရခဲ့ပါဘူး။ အခုတော့ ဒီကိစ္စကို သိပ်ပြီးစိတ်ထဲ မထားတော့ပေမယ့် ကိုယ့်ဇနီးကိုသိပ်ချစ်တဲ့သူမျိုးဆို သူမနာလိုဖြစ်မိပါတယ်။
သူ့မှာ လှုပ်ခုန်နေတဲ့ နှလုံးသားရှိနေသရွှေ့ ခံစားချက်တွေ မဖြစ်တည် ဘူးဆိုတာ ဘယ်ဟုတ်ပါ့မလဲ။
"မင်းက အကောင်းဆုံးလူနဲ့ ထိုက်တန်ပါတယ်"
ရှေ့မှလူအား စူးစူးစိုက်စိုက်ကြည့်ကာ ဖေးယွမ်ရွှင်း ပြောလိုက်သည်။
"အဲ့ဒီအကောင်းဆုံးလူက အရှင်ကိုယ်တိုင်ပဲလို့ ဆက်ပြောဦးမှာမလား?"
ရှန်လျန် စနောက်လိုက်သည်။
"ဟဟဟဟဟ.."
ဖေးယွမ်ရွှင်း ကြောင်အ သွားပြီး သဘောတကျ ရယ်မိပြန်သည်။
"မုရုန်ဟိုင်က သူ့ဇနီးအတွက် သုံးနှစ်လုံးလုံး ငွေအင်အား အကုန်သုံးပြီး ဆေးရှာပေးနေတာ ၊ အခု သွေးနီရောင်ကျောက်ရသွားပေမယ့်လဲ လက်လွတ်စပယ်မသုံးရဲသေးဘူး၊ အဲ့ဒါနဲ့ ကိုယ်က အဲ့ကျောက်ကို ကျွမ်းကျင်တဲ့သမားတော်နဲ့ အရင်စစ်ဆေးကြည့်ဖို့ ပြောကြည့်လိုက်တယ်။ ဒါပေမယ့် ဒီမနက်မှာပဲ သူ့ဇနီးရဲ့ အခြေအနေကပိုပိုဆိုးလာပြီး ဆေးမမှီတော့မှာကို စိုးရိမ်မိတယ်"
"မုရုန်သခင်မ မိနေတဲ့ အဆိပ်က ဘာတဲ့လဲ?"
သွေးနီရောင်ကျောက်ကို ဆေးပညာမှာ တစ်ဖက်ကမ်းခတ် တော်တဲ့ ကျန်းဟိုင်က ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မုရုန်သခင်ရဲ့အဆိပ်ကို မဖြေနိုင်ဘူးဆိုတာ မဖြစ်နိုင်ပေ။
"နှလုံးဆိပ်"
ဖေးယွမ်ရွှင်းအသံမှ အေးစက်စက်အရှိန်အဝါကို ရှန်လျန် ခံစားလိုက်မိ၏။
"ယုတ်မာလိုက်တဲ့ ဘုရင်!"
တော်တော်ရက်စက်တာပဲ! နှလုံးကိုတိုက်ခိုက်တာက သာမာန်လူဆိုရင် ပြဿနာ မရှိပေမယ့် ချစ်သူတွေအတွက်တော့ အလွန်ပြင်းထန်တဲ့အဆိပ်ဖြစ်တယ် ။ အဆိပ်မိထားသူက ချစ်စိတ်တက်လာရင် အဆိပ်ကနှလုံးကိုတိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန်နာကျင်စေလိမ့်မယ်၊
မုရုန်သခင်ကြီး တော်တော် သောကရောက်နေလောက်မည်။ လူအားလုံးကို ထသတ်လျှင်လည်း ရောဂါက ပျောက်မည် မဟုတ် ၊ သူတို့နှစ်ဦးသာ တစ်ဘဝလုံး ရှင်ကွဲ ကွဲ နေရသလို ဖြစ်နေရပေမည်။
ပြီးလျှင် ဤနှလုံးအဆိပ်က နှစ်ရာချီတောင် ထွက်ပေါ်လာဖို့ ခဲခဲယဉ်းယဉ်းဖြစ်ရာ အဆိပ်ဖြေဆေး မရှိချေ။ ဒါပေမယ့် သွေးနီရောင်ကျောက်က ကုသနိုင်ပါ့မလား? ကုတော့ကုနိုင်မှာပါ မဟုတ်ရင် အရင်ဘဝက မုရုန်မိသားစုဟာ ချင်ယွင်ရှန်းရဲ့လူ ဖြစ်လာစရာအကြောင်း မရှိဘူး၊ အစွမ်းထက် ကျောက်ကို သူ့မိသားစုကြောင့်လဲလှယ်ခဲ့တယ်?
အတွေးယာဉ်ထဲမျှောရင်း ရှန်လျန် မျက်မှောင်ကြုံ့မိသည်။ သူတစ်ကယ် အရင်ဘဝက လုံးဝအသုံးမကျခဲ့ပါလား? ကြည့်ရတာ ကိစ္စတော်တော်များများက သူနားလည်ထားသလို မဟုတ်ဘူးပဲ၊ အရေးကြီးတဲ့ သော့ချက်တွေ ပျောက်ဆုံးနေခဲ့တယ်...
ဖေးယွမ်ရွှင်း သဘောတကျ ပြုံးသည်။
"ဟုတ်တယ် တစ်ကယ် ယုတ်မာတဲ့ဘုရင်ပဲ"
သူသည်လည်း ဧကရာဇ်ကို လေးစားနေခြင်းမရှိ၊ အကြောင်းက ထိုသူသည် အမှန်တစ်ကယ် ယုတ်မာလို့ပင်။
"သူက အရှင့်သားရဲ့ ဦးရီးတော်နော်..."
ရှန်လျန် မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး သူ့တာ့ကောအကြောင်းလဲ မေးလိုက်သည်။
"ကျွန်တော့် အစ်ကိုဆီ သတင်းမေး
လိုက်သေးလား?"
"မေးလိုက်တယ်မလား?"
မုရုန်သခင်မကိစ္စက မြန်လေ ပိုကောင်းလေမဟုတ်ပေလား?
"အဆိပ် ဖြေနည်းသိဖို့ တစ်ခြားနည်းလမ်းလဲ မတွေးတတ်တော့လို့လေ"
"ကိုယ်ခန့်မှန်းတာ လွဲကောင်းလွဲနိုင်ပါတယ်"
ရှန်လျန့်လက်ထဲဝယ် အဆိပ်ကျမ်းစာအုပ်ရှိလား ဆိုတာ သူ သေချာမသိပေ။ ထျန်းချွမ်မှ သူ့ဆီ သတင်းပေးချက်အရ ရှန်လျန်က အပြင်ထွက်ရင်း ဆေးနှင့်အခြားဆေးဖက်ဝင် အပင်များစွာကို ဝယ်ယူသွားသည် ဟူ၏။ သူသာ ဆေးပညာအကြောင်း နားမလည်ရင် ဆေးပင်တွေ ဝယ်ယူပါ့မလား? ဒါကြောင့် ခုလိုခေါ်တွေ့ရတဲ့အရေးကြီးဆုံးရည်ရွယ်ချက်မှာ အဆိပ်ကျမ်းစာအုပ်အကြောင်း သိချင်သောကြောင့်ပင်။
"အရှင် ကျွန်တော့်ဆီကအများကြီးမျှော်လင့်ထားမိပြီ"
ရှန်လျန် ရင်လေးသွားသည်။ မဖြစ်နိုင်ပါဘူး... ဝေမိသားစုရဲ့ အဆိပ်ကျမ်းက သူ့ဆီမှာရှိမှန်း ဖေးယွမ်ရွှင်း မသိနိုင်လောက်ဘူး!!
"ဟုတ်မှာပါလေ.."
ရှန်လျန့်မျက်ဝန်းထဲ ကြည့်ကာ ရေနွေးခွက်အဖုံးအား လက်ဆော့နေသော ဖေးယွမ်ရွှင်းကပြောသည်။
"သတင်းစကားက ပါးလိုက်ပြီးပြီနော် ၊ ရှေ့တန်းဆီကို ကိုယ့်လူတစ်ချို့ကိုလည်းပို့လိုက်ပြီးပြီမို့ မင်း စိတ်အေးအေးထားနိုင်ပြီ"
အငယ်လေးက အရမ်းကာကွယ်လွန်းနေတယ်၊ သူ့တုံ့ပြန်ပုံအရ စာအုပ်က သူ့ဆီမှာရှိတာ 80%သေချာတယ်။
"ကျေးဇူးပါ မြို့စားမင်း၊ အချိန်လည်းလင့်နေပြီမို့ ကျွန်တော် အရင်ပြန်နှင့်ပါ့မယ်"
လေထုကတစ်မျိုးတမည် ဖြစ်နေတာကြောင့် ရှန်လျန်ဆက်မနေချင်တော့ပဲ ပြန်ရင်ပြင်လိုက်သည်။
"တစ်ခုထပ်ရှိသေးတယ်"
လက်မြှောက်ကာ ဟန့်တားလိုက်သည်မို့ ဖေးယွမ်ရွှင်း၏ ရှည်သွယ်သွယ် လက်ချောင်းလေးများ ပေါ်ထွက်လာသည်။ ရှန်လျန်က သံသယဖြင့်ကြည့်လိုက်သည်။ ထိုသူက ပြုံးနေတာမှ ပါးနှစ်ဖက်မှာ ပါးချိုင့်နက်နက်လေးနှင့် အရမ်းချစ်ဖို့ကောင်းသည်။ ဒါပေမယ့် ဘာကြောင့် သူ့ကို တောက်တောက်ပပ လာပြုံးပြနေတာလဲ?
"မင်းရဲ့ ခြံဝန်းအခြေအနေကို ကိုယ်သိထားတယ်၊ ယောင်းကွမ်ကလဲ 'ကော'ပဲ ၊သံမဏိကိုယ်ရံတော်ခေါင်းဆောင် ၇ဦးထဲက တစ်ယောက်၊ သူ့ကိုယ်ခံပညာက မဆိုးဘူး..အဲ့တာကြောင့်ခုကစပြီး သူမင်းနောက်လိုက်လိမ့်မယ်"
ထရပ်ကာ အနားလျှောက်လာရင်း ပိုင်စိုးပိုင်နင်းပြောသည်။ သူ့လေသံမှာ 'ပြောသည့်အတိုင်းလုပ်၊ မငြင်းနဲ့' ဟုဆိုနေသယောင်။
"ဘာကို မဆိုးတာလဲဗျာ? အရမ်းတော် တာပါ! သခင်ရယ် ကိုယ့်ငယ်သားတွေအပေါ် အဲ့လို အထင်မသေးပါနဲ့ဗျာ ..,"
ရှန်လျန် မပြောရသေးခင် ယောင်းကွမ်က သူ့မကျေနပ်ချက်အား ထုတ်ပြောလာသည်။ ထို့နောက် ရှန်လျန့်ရှေ့ သွားကာ ရွှန်းရွှန်းစားစားပြုံးပြသည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဝမ်ဖေးခင်ဗျ! ကျွန်တော်က ယောင်းကွမ်လို့ခေါ်ပါတယ်၊ ခုကစပြီး သီးသန့် ကိုယ်ပိုင် ကိုယ်ရံတော် အမှုထမ်းမယ့်သူပါ၊ ကျွန်တော်နဲ့ ရှိနေသရွေ့ ဆံချည်မျှင်တစ်မွေးမှ မရွေ့စေရပါဘူး၊ အာမခံပါတယ်ဗျ"
".........."
ဝမ်ဖေး? သူ့ဂုဏ်ပုဒ်က ရုတ်တရက်ဘာကြောင့်အကြီးကြီးဖြစ်သွားရတာလဲ?သူလဲ မသိရပါလား!
ဖြစ်သင့်စွာပင် သူ့မျက်ဝန်းက ဖေးယွမ်ရွှင်းဆီရွေ့သွားသည်။ တစ်ခွန်းမှမပြောသော်လည်း အမူအယာက အလွန်ရှင်းလင်းသည်။ ဖေးယွမ်ရွှင်းသည်လည်း ထက်မြက်သူမို့ နားလည်ပါသည်။
"ကိုယ် အမြဲတွေးနေတာ.. ဝမ်ဖေး မြို့စားကတော် ဂုဏ်ပုဒ်က မင်းနဲ့ အထူးသင့်လျော်တာပဲ"
ကြောင်ငေးနေမည့် ရှန်လျန့်အား မြင်ချင်သဖြင့် ဆက်စနေလိုက်သည်။
အရှင်က စနောက်နေတယ်? ကလေးကလား အကွက်တွေနဲ့!!
"ကျွန်တော့အိမ်မှာ အခန်းကသုံးခန်းပဲရှိတာပါ၊ တစ်ခန်းက ဧည့်ခန်း၊ ကျန်နှစ်ခန်းက ကျွန်တော်နဲ့ ချီညီအစ်ကိုအတွက်လေ၊ နောက်လူထပ်ဖြည့်ဖို့ အဆင်ပြေမယ်ထင်လို့လား?"
"ဖုရင်ကိုတောင်လက်ခံသေးတာပဲ၊ ယောင်းကွမ် တစ်ယောက်ထပ်တိုးလာလည်း ကိစ္စမရှိလောက်ပါဘူး ၊မဟုတ်ရင် ဒီမြို့တော်မှာ ဖြစ်ပျက်နေသမျှကို ရှန်တာ့ဆီ ကိုယ် အကုန်ပြောပြလိုက်ရမလား ..လျန်လျန်?"
"........"
ခြိမ်းခြောက်တာ၊ ဒါ..ပေါ်တင် ခြိမ်းခြောက်လိုက်တာပဲ!
သူ့ကို မယုံနိုင်စွာ ကြည့်မိ၏။ မြို့စားတစ်ဦးရဲ့ ကျင့်ဝတ်တွေ ဘယ်သွားကုန်ပြီလဲ? အရှက်ကို မရှိဘူး!!
2777 words
Grape 🍇