'များပြားလှတဲ့ တုံ့ပြန်မှု'
ရှန်လျန်သည် ချင်ဖင်းအိမ်တော်က ပြန်သွားတာနဲ့ ဖေးယွမ်ရွှင်းက သွေးထွက်တာ ရပ်သွားပြီး သတိလည်း ပြန်ရလာကာ အသက်အန္တရာယ် မရှိတော့.. ဟူသည့် သတင်းကို လွှင့်ခိုင်းလိုက်သည်။ ထိုအံ့အားသင့်ဖွယ်ရာ ကိစ္စရပ်ကြီးက မြို့တော် တစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ လူတိုင်းကို မှင်သက်သွားစေခဲ့သည်။
အဆိုးဆုံး အကျိုးသက်ရောက် ခံရတဲ့သူကတော့ ဧကရာဇ် ဖြစ်သည်။ မူလက အရာအားလုံး အဆင်ပြေပြေ စီစဉ်ထားနိုင်ပြီဟုထင်ခဲ့ကာ ဖေးယွမ်ရွှင်း သေတာနဲ့ ရှန်လျန့်ကို ဖိအားပေးပြီး သံမဏိတပ်သားတွေရဲ့ ထိန်းချုပ်ခွင့်ကို ပြန်ယူနိုင်ပြီ ပေါ့! ဘယ်သူက ထင်ထားမတဲ့လဲ? တော်ဝင်သမားတော် ဝူချီတောင် မကုပေးနိုင်ခဲ့တာကို ရှန်လျန်က လွယ်လွယ်နဲ့ ကုပေးနိုင်ခဲ့တယ်လား? အစီအစဉ်တွေက ရုတ်တရက်ကြီး ဖျက်စီး ခံလိုက်ရတဲ့အပြင် ၊ ဖေးယွမ်ရွှင်းကလည်း လူတိုင်းလိုချင်နေတဲ့ သူနဲ့ လက်ထပ်ခွင့်ရဖို့ လှည့်စားသွားသေးတယ်!
နောက်ဆုံးတော့ စစ်သည်လည်း ဆုံး ၊ လူလည်းရှုံး ဖြစ်သွားရ၏။ ထို့ကြောင့် ဧကရာဇ်ရဲ့လက်ရှိ စိတ်အခြေအနေက ကောင်းမည် မဟုတ်မှန်း သံသယရှိစရာမလို။
"ချင်ဖင်းမြို့စားရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ"
မိုးဆက်လက်ရွာသွန်းနေသည်မှာ ရက်20 ရှိပြီ ဖြစ်၏။ ဝန်ကြီး ဌာနခြောက်ခုလုံး ခေါင်းမီးတောက်လျက် ဝန်ထုပ်ကို သယ်ပိုးထားရ၏။ အထူးသဖြင့် အခွန်အတုတ်၊ ခေတ်ရေစီးကြောင်းပြောင်းလဲမှု၊ အရာရှိလစာများ၊ ဝင်ငွေ ၊သုံးငွေ စသော ငွေေကြးဆိုင်ရာ လုပ်ငန်းများလည်ပတ်လျက်ရှိသည့် လူမှုရေးရာ စာရင်းဌာနက အလုပ်အများဆုံးပင်။
ရှန်လျန် အိမ်ပြန်ရောက်သွားတော့ ရှန်ရွေ့ထင်က နန်းတွင်းထဲ ဝင်ကာ အလုပ်ထဲ ခေါင်းစိုက်ထားရလေပြီ။ လုပ်ဖော်ကိုင်ဖက်တွေက တစ်ဦးပြီး တစ်ဦး ဂုဏ်ပြုစကားပြောလာမှ အဖေဖြစ်သူလည်း သတင်းကို သိပြီး အံ့ဩသွားရ၏။
ဖေးယွမ်ရွှင်းက သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေပြီဆို? ဘယ်လိုလုပ် ပြန်ကောင်းသွားတာလဲ?
"အဲ့တာ အမှန်ပဲလား ရှန်အမတ်ကြီး... ကျုပ်တို့ ကြားတာ မနက်ခင်းတုန်းက နှစ်ဖက် အသိုင်းဝိုင်းတွေ့ဆုံပြီး လက်ထပ်ပွဲ အတည်ပြုပြီးပြီဆို! ခုဆို ချင်ဖင်းမြို့စားက သူ့ဝမ်ဖေးကို ကိုယ်တိုင် ချီးမြောက်ကြိုဆိုဖို့ အားအင်တွေ ပြည့်သွားတယ်ထင်တယ်... သတင်းကောင်းပဲဗျိုး"
"ဟုတ်ပါ့ဗျာ.. ရှန်အမတ်ကြီးရဲ့ သားက ကံကောင်းတာပဲ၊ သမားတော်တွေ လက်လျှော့ထားတာတောင် သူသွားလည်လိုက်တာနဲ့ မြို့စားမင်းက နေပြန်ကောင်းသွားတာတဲ့"
"ဘယ်ကသာ ကံကောင်းရမှာလဲ? မဖြစ်နိုင်တာ၊ မြို့စားမင်းရဲ့ဒဏ်ရာကို သွေးတိတ်အောင်လုပ်နိုင်သွားလို့ပဲ ဖြစ်လိမ့်မယ်၊ သမားတော် ဝူချီတောင် လက်လျော့ထားတယ်ကိစ္စကို ရှန်သခင်လေးက သူ့ရဲ့ အစွမ်းထက်တဲ့ ဆေးပညာနဲ့ အချိန်တိုအတွင်း သွေးတိတ်အောင်လုပ်ပေးလိုက်လို့.. မြို့စားမင်းက အသက်ဘေးကလွတ်သွားရတာပေါ့ဟ! "
"ဘာ ရှန်သခင်လေးလဲ? အနာဂါတ်မှာ သူ့ကို မြို့စားကတော်လို့ ကင်ပွန်းတပ်ရတော့မှာလေ"
"ဝမ်းသာပါတယ် ရှန်အမတ်ကြီး၊ အနာဂါတ်မှာ မြို့စားမင်းက ခင်ဗျားရဲ့ သားမက် ဖြစ်တော့မှာ"
လူမှုရေးရာ စာရင်းဌာနရှိ လူအများအပြားက တစ်ဦးပြီး တစ်ဦး တက်တက်ကြွကြွ ချီးမွှမ်း ပြောဆို နေကြရာ သူတို့ပြောနေသည့် စကားထဲမှ ဖြစ်ပျက်သွားတဲ့ ကိစ္စကို ရှန်ရွေ့ထင် သိလိုက်သည်နှင့် စိတ်အခြေအနေကောင်းသွားသော်လည်း ၊ပြောရလျှင် ရှန်လျန်က သူ့သားအရင်း ဆိုပေမယ့် အဖေဖြစ်သူက ကိုယ့်သားမှာ ဆေးပညာအခြေခံကောင်းကောင်း ရှိနေမယ်လို့ လုံးဝ မသိခဲ့ရာ စိတ်အခြေအနေက ဆိုးသွားပြန်သည်။
****
"ဘယ်လိုဖြစ်တာလဲ? သူကသေတော့မှာ မဟုတ်ဘူးလား? ချက်ချင်းကြီး ပြန်ကောင်းလာတယ်ပေါ့"
တုံးလင်အိမ်တော်က ရှန်ချန်မှာ တစ်ပါးသူ၏ ကံဆိုးခြင်းကို ဝမ်းသာနေချိန် ချင်ဖင်းမြို့စားက ဗြုန်းစားကြီး ပြန်လည် ထူထောင်လာမယ်လို့ မမျှော်လင့်ထားမိ။ သတင်းကြားကြားချင်း ကိုယ့်နားကိုယ်ပင် မယုံနိုင်ဖြစ်သွားပြီး မျိုးရိုးမြင့်မိန်းကလေးတစ်ယောက်၏ အိန္ဒြေသိက္ခာပင် မဆည်နိုင်တော့ပဲ ဂါဝန်ကိုမကာ ပင်မခြံဝန်းဆီ အပြေးအလွှား သွားလိုက်၏။ သူမ ...အမေနဲ့ စကားပြောမှ ရတော့မယ်။
"ခွေးကောင်လေးရဲ့ ဆေးပညာက အဲ့လောက် ကျွမ်းကျင်လား"
လျိုရှုဟန်က အခန်းထဲမှာ အံတကြိတ်ကြိတ်နှင့်၊ ရှေ့ရက်တွေတုန်းက ဟယ်ရှန်းခြံဝန်းမှာ သခင်မကြီးကို အသုံးချကာ ၊ ရှန်လျန့်ကို ဆေးခတ်နိုင်ခဲ့ပြီး သူသောက်လိုက်တာလည်း မြင်ခဲ့တာမလို့ အကုန်အဆင်ပြေပြီလို့ အကြွင်းမဲ့ ယုံကြည်ထားခဲ့တယ်၊ မနေ့ညက ရှန်လျန်က ရန်ကုန်းကုန်းနဲ့ စကားစမြည်ပြောတုန်းကလည်း ဆေးမိထားတာတောင် ကိုယ့်ကိုကိုယ် မသိပဲနဲ့လို့ တွေးပြီး ဘာကို ဆေးကုတတ်တာလဲလို့ လှောင်ရယ်နေခဲ့မိသေး၏။ ဒါပေမယ့်.....
လျိုရှုဟန်... ပါးစောင်တွေပင် နာကျင်လာ၏။ သူတို့အားလုံး ရှန်လျန် လှည့်စားတာ ခံလိုက်ရတာလား?
"အမေ.. သမီးတို့ ဘာဆက်လုပ်ကြမလဲ၊ မြို့စားမင်းက မသေရင် ရှန်လျန်က တစ်ဘဝလုံး ကောင်းကောင်း နေသွားရတော့မှာ"
ရှန်ချန် လက်သီး တင်းတင်းဆုပ်ပြီး အမုန်းတရားအပြည့်ဖြင့်ပြော၏။ ရှန်ချောင့်လိုမျိုး ဖေးယွမ်ရွှင်းကို ချစ်ကြိုက်မနေပေမယ့် ဖေးယွမ်ရွှင်းရဲ့ ဂုဏ်၊ အဆင့်အတန်း၊ရုပ်ရည်ရူပကာ၊ ဓနဥစ္စာ အရာအားလုံးက မိန်းကလေးတိုင်း လိုချင်တောင့်တကြသည်ပင်။
ရှန်လျန်ရဲ့ ကံကောင်းသော လက်ထပ်ခြင်းကို သူမ မရှုစိမ့်ပေ။ လက်ရှိ သူမရဲ့ အနေအထားနဲ့ တော်ဝင်မိသားစုကို လက်မဆက်နိုင်ပဲ သာမာန်မိသားစုနဲ့သာ လက်ထပ်နိုင်ခဲ့ရင်၊ နောင်တစ်ချိန်မှာ ရှန်လျန်နဲ့ မျက်နှာချင်းဆိုင်တဲ့အခါ ခေါင်းငုံ့နေရလိမ့်မယ်၊ ဒီအချက်ကို ရှန်ချန် သည်းခံနိုင်ဖို့ ခက်ခဲ၏။
"ဘာတွေ စိတ်လောနေတာလဲ၊ သူခုထိ လက်မထပ်ရသေးပါဘူး"
လျိုရှုဟန် က စိတ်မရှည်စွာ သမီးဖြစ်သူကို စိုက်ကြည့်ပစ်လိုက်ပြီး
"မနေ့က ရှန်ချောင်ကို တွေ့တယ်မလား?.. အမေမှန်းတာ မမှားရင် မြို့စားမင်းကို သူ တစ်ဖက်သတ်ကြိုက်နေတာ နေမှာ၊ရှန်လျန်နဲ့လက်ထပ်တော့မယ်ဆိုတာကို လက်မခံချင်ဆုံးလူက ရှိနေမှတော့ ချင်ဖင်းမြို့စားလည်း ကောင်းကောင်း နေရပါ့မလား၊ ရှန်ချန်က ဒီတိုင်းလွှတ်ထားပေးတယ်ဆိုရင် အတော် ထူးဆန်းသွားပြီ၊ ဒုတိယညီမကလည်း သူ့သမီးကို အရမ်းအလိုလိုက်တော့ ...ရှန်ချောင်သာ အရှုပ်တွေ လုပ်ဖို့ဆန္ဒရှိရင် ကျောက်လန်ကလည်း သေချာပေါက် ထောက်ပံ့ပေးမှာပဲ၊ ရှန်လျန်က ချင်ဖင်းမြို့စားနဲ့ လက်ထက်ချင်တယ်ပေါ့လေ! ဒုတိယမိသားစုကို အရင်ဖြုတ်ချနိုင်ဖို့ ကြိုးစားလိုက်ဦး"
သခင်မကြီးလည်း ရှိသေးတယ်.. ဒုတိယ မိသားစုရဲ့ ဆံပင်တောင် ထိနိုင်ပါ့မလားလေ? ပွဲကတော့ လှပြီ!
"ရှန်ချောင်ကလည်းနော် သူ့အဆင့်လောက်နဲ့ ချင်ဖင်းမြို့စားကိုမှ မှန်းရတယ်လို့"
ရှန်ချန်က ထေ့ငေါ့လိုက်ပေမယ့် ဝန်ခံလိုက်ပါတယ်။
"ဒုတိယ အဒေါ်ဝင်ပါရင်တော့ ရှန်လျန်က လွယ်လွယ်လေးနဲ့ လက်ထပ်ခွင့်ရသွားမှာ မဟုတ်တာ သေချာတယ်"
ပြီးတော့ရှန်လျန်ရဲ့ ကလေး မရနိုင်တဲ့ အနေအထားနဲ့ ချင်ဖင်းမြို့စားက သေချာပေါက် ငြင်းမှာပဲ။
သားအမိနှစ်ယောက်က တိတိကျကျ ခန့်မှန်းနေကြသည်။ ထိုအချိန်တွင် ဒုတိယမိသားစုက ဂယက်ထနေ၏။ တစ်ညလုံး ရှန်ချောင်က ငိုယိုရင်း နဲ့ ချင်ဖင်းမြို့စားဘက်က ပေးလာတဲ့ ခန်းဝင်ပစ္စည်းစာရင်းစာအုပ်သုံးအုပ်ကို ဖတ်ကြည့်နေ၏။ မြို့စားမင်းက တစ်ကယ်ကို ရွှေချိန် 10000kg၊ များစွာသော ဆိုင်ခန်း၊ခြံဝန်းနဲ့ မင်္ဂလာလက်ဆောင်တွေပေးတာကို ဖတ်ရင်း မျက်ရည် တသွင်သွင် ကျနေမိ၏။ အချိန်အတော် ကြာသွားမှ ကျောက်လန်က သမီးဖြစ်သူကို ဆန်ပြုတ် ပန်းကန်တစ်ဝက်ခန့် သောက်ရန် ချော့မော့ လိုက်နိုင်၏။
သို့သော် ကံမကောင်းစွာနှင့် ဆန်ပြုတ်ပင် မသောက်ရသေး၊ ဖေးယွမ်ရွှင်း နေပြန်ကောင်းသွားသည့် သတင်းကို ကြားလိုက်ရရာ စားပွဲမှာ ထိုင်ခါ စ ရှန်ချောင်က စားပွဲကို မှောက်လှန်ပစ်လိုက်ပြီး အခန်းထဲ ပြန်ဝင်ကာ နဂိုအတိုင်း ငိုယိုပြန်သည်။
"ချောင်အာ၊သမီး ဘာဖြစ်ချင်လို့လဲ၊ လက်ထပ်ပွဲက ဧကရာဇ်ကိုယ်တိုင်ခွင့်ပြုထားတာ၊ သမီး ဆန္ဒ မရှိလဲ မျက်စိမှိတ် နားပိတ်ပြီး လက်ခံလိုက်ရမှာပဲ ၊ ကိုယ့်ကိုကိုယ်နဲ့ အမေ့ကို ဘာလို့ နှိပ်စက်နေရတာလဲ"
ညနေခင်းရောက်တော့ ကျောက်လန် စိတ်ရော လူပါအလွန်မောပန်းလာကာ ထပ်သည်းမခံနိုင်တော့ပဲ အချစ်မှာ နှစ်မြှုပ်နေတဲ့ရှန်ချောင်ကို ဆူသည်။
"သမီး... အီး...ဟင့်... အမေ"
ရှန်ချောင်က အမေ့ရင်ခွင်ထဲ ဝင်ပြီး ကလေးလို ငိုသည်။
"အမေ.. သမီး ရင်နာတယ်... ဟင့်.. ဟင့်..ဘာလို့ ရှန်လျန်နဲ့လဲ? ဘာလို့လဲ? သူ့မှာ ဘာ မက်စရာရှိလို့လဲ"
သူမရဲ့ အမြင်မှာ ရှန်လျန်က အဖေကိုယ်တိုင်က စွန့်ပစ်ထားတဲ့ အရမ်းသနားစရာကောင်းတဲ့ မိခင် မရှိတဲ့သူပဲ၊ မျက်နှာပဲ လှပြီး ဘာအရည်အချင်းမှ ရှိတာမဟုတ်ဘူး၊ အဖွားကို စကားနည်းနည်းထည့်လိုက်တာနဲ့ ရှန်လျန့်ကို နေစရာမရှိအောင် လုပ်လို့ရခဲ့တယ်... အခုကျတော့.. သူက မြို့စားမင်းကို ဘုရင့်အမိန့်နဲ့ ခင်ပွန်းအဖြစ်ပိုင်ဆိုင်ခွင့်ရသွားပြီ၊ ရှန်လျန်က ကံကောင်းခြင်းတွေ ဘာလို့ ရနေရတာလဲ?
"ချောင်အာ"
ပြင်းပြင်းထန်ထန်ငိုနေတာကြောင့် စိတ်တိုနေတဲ့ ကျောက်လန်လည်း ထပ်မဆူပူနိုင်တော့ပေ။ အတော်ကြာသည်အထိ သမီးဖြစ်သူကို ကျောပုတ်နှစ်သိမ့်ပေးလိုက်ပြီး...
"ချောင်အာ.. စိတ်အေးအေးထား၊ အမေက ဧကရာဇ်ရဲ့ အမိန့်ကို ပယ်ရှားခွင့်မရှိပေမယ့် ချင်ဖင်းမြို့စားက မတူဘူး၊ ရှန်လျန်က ကလေးမရနိုင်ဘူးဆိုတဲ့ သတင်းသာ ပျံ့သွားကြည့်၊ ချင်ဖင်းအိမ်တော်က တော်ဝင်အမိန့်ကို ဆန့်ကျင်ပြီး စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းသွားလိမ့်မယ်"
"တစ်ကယ်လားအမေ?"
ထိုစကားကြားတော့ ရှန်ချောင် ခေါင်းမော့လာသည်။
ကျောက်လန်က ရှန်ချောင့်နဖူးပေါ်ကဆံပင် ကို ကြင်နာစွာ သပ်ပေးလိုက်ပြီး..
"တစ်ကယ်ပေါ့၊ အမေ့ကိုအချိန်နည်းနည်းပဲပေး၊ သမီးရဲ့အဖွားနဲ့ ဒီကိစ္စတိုင်ပင်လိုက်ဦးမယ်၊ ပြီးတာနဲ့ ရှန်လျန် ထွက်ပြေးလို့တောင်မရစေရဘူး"
ကိုယ်ဝန်မဆောင်နိုင်တဲ့ သတင်းက ဖြန့်လို့လွယ်ပေမယ့် ဖော်ထုတ်ခံရမယ့်အရေးက ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရပေဦးမည်။ ကျွမ်းကျင် သမားတော်တွေက ရှန်လျန့် သွေးကြောကို တစ်ချက်လောက် စမ်းသပ်ကြည့်ရုံနဲ့ ဆေးမိထားတာကို သိသွားမှာ စိုးရိမ်သည်လေ။ဒါေကြာင့်တစ်ယောက်ယောက်ရဲ့ လက်ငှားပြီး သရုပ်ဆောင်ဖို့လိုလိမ့်မည်။
"ဟုတ်.. မေမေ ကျေးဇူးတင်ပါတယ်"
ရှန်ချောင်က ခေါင်းငြိမ့်ပြီး နောက်ဆုံးတော့ ပြုံးပြနိုင်သွားသည်။
"အဲ့ဒါဆို ဒီရက်ပိုင်း ကောင်းကောင်းနေတော့၊ လျှောက်လုပ်ဖို့တွေးမနေနဲ့ ဟုတ်ပြီလား"
သားအမိ နှစ်ယောက်သား ဖက်လိုက်ကြပြီး ယခင်က အတိုင်း ပြန်လည် နွေးထွေးကြင်နာသွားကြသည်။
တုံးလင်အိမ်တော်၏ ကျုံးလင်ခြံဝန်းတွင်ဖြစ်၏။
"သခင်.. ဧကရာဇ်က မြို့စားမင်းဆီ အလည်အပတ်သွားပြီး ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်၊
မင်းသား၄ကလည်း လူလွှတ်ပြီး ဖုယွင်ရှီးကို သူ့ဆီ အလည်ဖိတ်လိုက်ပါတယ်၊ကြည့်ရတာ ထူးချွန်အရာရှိ စာမေးပွဲ မဖြေခင် သူ့လူဖြစ်အောင် လုပ်မယ့်ပုံပါပဲ၊
တရားရုံးက ဝမ်ယွမ်ကိုဒီနေ့ ပဲ အချုပ်ထဲ ထည့်လိုက်ပါပြီ၊ မနက်ဖြန် သူ့အိမ်ကိုစစ်ဆေးရှာဖွေမယ်လို့ သိရပါတယ်"
ရုန်းရင်းဆန်ခတ် အခြေအနေရဲ့ အဓိက ဦးဆောင်သူ ရှန်လျန်က အိမ်မှာပဲ နေပြီး လေ့ကျန်းတင်ပြလာတဲ့ သတင်းတွေကို နားထောင်ရင်း ဆက်လုပ်သင့်တဲ့အစီအစဉ်တွေကို ချမှတ်နေသည်။ မြို့စားရဲ့အိမ်ကိုမသွားခင် ရှန်လျန် အန္တရာယ် မရှိတာ သေချာမှ လေ့ကျန်းဟာ အရိပ်တပ်သားအဖွဲ့ဝင်ဖြစ်တဲ့ သတင်းအချက်အလက်စုဆောင်းရေး တာဝန်ခံ ယွမ်ရှောင်းကို ရှာဖို့ မြို့ပြင်သို့ခဏထွက်သွားပြီး ပြန်ရောက်လာခြင်းဖြစ်၏။
"အင်း...."
ရှန်လျန်က ခြေချိတ်ထိုင်နေပြီး ၊လက်ချောင်းက စားပွဲပေါ် တတောက်တောက် ခေါက်နေ၏။ တစ်ခဏခန့်အချိန်ယူပြီးမှ..
"ချင်ယွင်ရှန်း တောင်းဆိုတာကို အလွယ်လေး သဘောမတူနဲ့လို့ ဖုယွင်ရှီးကို သတင်းပို့လိုက်ပါ၊ချင်ယွင်ရှန်းက သူ့အဖေလိုပဲ သံသယများတဲ့ လူမလို့!
ပြီးတော့ စာမေးပွဲ စစ်ဆေးတဲ့ကိစ္စကို ဆက်စောင့်ကြည့်ထားပေး၊ အချိန်အကြာကြီး ပြင်ဆင်ထားရတာမို့ ဘာအမှားမှ အဖြစ်မခံနိုင်ဘူး၊
မုရုန်မိသားစုဆီ သတင်းတစ်ခုသွားပို့ပေးပါဦး၊ ထူးချွန်အရာရှိစာမေးပွဲကို အပျော်ဖြေမယ့်ကျောင်းသားတစ်ယောက် ကူရှာပေးဖို့.. အဲ့ဒီလူက ချမ်းသာတဲ့နောက်ခံ ရှိရမယ်၊ အပျော်အပါးမက်ရမယ်... သူ့ကို လာဘ်ထိုးစရာမလိုဘူး၊ စောင့်ပဲ ကြည့်ထားပေး.. သိပ်မကြာခင် အသုံးချစရာရှိတယ်"
"ဘာလို့ မုရုန်မိသားစုကို သွားနှောင့်ယှက်မှာလဲ ၊ကျွန်တော်တို့ ကိုယ်တိုင် ရှာလို့ရတာကို"
လေ့ကျန်းက နားမလည် ဖြစ်နေသည်။ ရှန်လျန်လိုချင်သည့် လူမျိုး ရှာပေး ဖို့ အရိပ်တပ်သားတွေရဲ့ အရည်အချင်းက မုရုန်အိမ်ထက် မဆိုးနိုင်ပါ။ ဘာလို့ အရိပ်တပ်သားတွေက မျက်မှာသာ မပေးခံရတာလဲ?
"ကြက်ပေါက်လေးကို တူကြီးကြီး သုံးပြီး သတ်စရာမလိုဘူးလေ"
ရှန်လျန် မှာ ရယ်ရခက်ငိုရခက်နှင့်။
"စာမေးပွဲက ဖင်ကပ်နေပြီ၊ တစ်တိုင်းပြည်လုံး လူအများကြီးကို အရိပ်တပ်သားတွေကိုယ်တိုင်အပင်ပန်းခံစရာမလိုပါဘူး၊ မုရုန်အိမ်တော်က ပိတ်စရောင်းတာနဲ့ပတ်သက်ပြီး အဆက်အသွယ် ၊အကျိုးအမြတ် အများကြီးရခဲ့တာကြောင့် သူတို့ကို ဘာမှ မလုပ်ခိုင်းပဲ ထားထားရင် ဘယ်လိုတွေးကြမယ်ထင်လဲ? ငါတို့က ပူးပေါင်းလုပ်ကြပြီ ဆိုမှတော့ နည်းနည်းလောက် မျက်နှာသာပေးရမယ်လေ"
ရှန်လျန်က တပ်သားတွေရဲ့ ခွန်အားကို မဖြုန်းတီးချင်သလို မုရုန်အိမ်နဲ့လည်း ရေရှည်ဆက်ဆံရေးကောင်း တည်ဆောက်ထားချင်သည်။ အနာဂါတ်မှာ ပြောင်းလဲမှု ကြီးကြီးအတွက် အထောက်အပံ့ကောင်း ဖြစ်လာမှာ မလို့ပင်။
"ကျွန်တော် နားလည်ပါပြီ၊ အမိန့်ကို ချက်ချင်း ဆောင်ရွက်လိုက်ပါမယ်.. မြို့စားမင်းကိစ္စက..."
ရှန်လျန်ဆိုလိုချင်တာကို လေ့ကျန်းက တန်းသဘောပေါက်ပေမယ့် မထွက်သွားခင် အနည်းငယ် တုံ့ဆိုင်းနေ၏။ မကြာခင်က သရုပ်ဆောင်ထားတာမှ မပြီးသေးဘူး၊သခင်က ကိစ္စကြီး တစ်ခု ထပ်လုပ်ဖို့ ပြင်နေတာထင်ပါရဲ့။
" ယောင်းကွမ်ရှိတယ်လေ၊ သူက အလှပြထားတာမှ မဟုတ်တာ"
ရှန်လျန်က ယောင်းကွမ်ကို လှမ်းစလိုက်၏။ ဒီနှစ်ယောက်က မတည့်အတူနေ ၊မမြင်ရင် ချောင်းကြည့်အခြေအနေပင်။ တစ်ခန်းတည်း အတူရှိနေပါက တစ်နေ့လုံး ငြင်းခုံနေကြလွန်း၍ ရှန်လျန်ပင် ခေါင်းကိုက်ရသည်အထိ။
"အမှန်ပဲ၊ ငါရှိရင် လုံလောက်ပြီ၊ မင်းသာ ကိုယ့်ကိစ္စ ကိုယ်သွားလုပ်စမ်းပါ"
စင်ရှေ့ထွက်ရမည့် အချိန်ရောက်လာတာမလို့ ယောင်းကွမ်က ခါးထောက်ကာ စွာသည်။ လေ့ကျန်းက ခွန်းတုံ့မပြန်ချင်သည့်အလား ချက်ချင်းကြီး ပျောက်ကွယ်သွား၏။
"လျန်လျန် သူက တစ်ကယ်ပဲ အရိပ်တပ်ဖွဲ့ခေါင်းဆောင်လား"
နှစ်ယောက်ထဲ ပဲ ကျန်တော့မှ ယောင်းကွမ်က စားပွဲပေါ် ကိုယ်တစ်ပိုင်းမှီရပ်ကာ မေး၏။
ရှန်လျန်က မျက်ခုံးပင့်လိုက်ပြီး...
"ဘာလို့လဲ ၊ သူ့ပုံစံက ခေါင်းဆောင်နဲ့ မတူလို့လား"
"ဘယ်နေရာမှ မတူဘူး၊ အရိပ်တပ်သား က မျိုးဆက် ၃ဆက် ရှိသွားပြီ မဟုတ်လား၊ ခေါင်းဆောင်တွေ ပြောင်းသွားရင်တောင် သူက အရမ်းငယ်မနေဘူးလား"
ဒီတစ်ချက်တော့ ယောင်းကွမ်၏စကားက မမှားပါ၊ သူလည်း သိချင်ရှာမပေါ့!
"မင်းရော မငယ်လို့လား"
သံမဏိတပ်သားခေါင်းဆောင် ၇ယောက်လုံးလည်း ငယ်ရွယ်ကြပြီး ယောင်းကွမ်ဆို လေ့ကျန်းထက်ပင် ငယ်သေးသည်လေ။
"မတူဘူးလေ၊ ကျွန်တော်တို့က ကိုယ်ရံတော်တွေ၊ ငယ်ငယ်တည်းက သခင်နဲ့ တူတူကြီးပြင်းလာတာ...သူမြို့စားနေရာ မဆက်ခံခင်တည်းက ကျွန်တော်တို့က သခင့် ကိုယ်ရံတော်တွေဖြစ်ခဲ့တာ၊ လေ့ကျန်းကျတော့ လျန်လျန့်ကို ငယ်ငယ်တည်းက စောင့်ရှောက်လာတာမှမဟုတ်တာ"
လျန်လျန်က သူတို့လူဖြစ်လာမှတော့ ယောင်းကွမ်က ရှက်မနေပဲ သူထင်သမျှကို ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြလေ၏။
"ဟားဟား"
ရှန်လျန်က ရယ်ပြီး ထရပ်ကာ ပြတင်းပေါက်နားသွားလိုက်သည်။
"လေ့ကျန်းက ငါနဲ့ တူတူကြီးပြင်းမလာပေမယ့် ငါသူ့ကိုယုံတဲ့ အတိုင်းအတာက မြို့စား ...မင်းတို့ တစ်ယောက်ချင်းစီတိုင်းကို ယုံတာနဲ့ တန်းတူပဲ၊အရိပ်တပ်သားရဲ့ အုပ်ချုပ်ပုံစနစ်က သံမဏိတပ်သားတွေနဲ့ မတူဘူး၊ ခေါင်းဆောင်လောင်း တွေကို ငယ်ငယ်ကတည်းက ရွေးချယ်ပြီး သေချာလေ့ကျင့်ပေးကြတာ၊ အသက် ၁၈နှစ်ရောက်တာနဲ့ ပြင်းထန်တဲ့ စစ်ဆေးမှုကိုအောင်မြင်မှ ခေါင်းဆောင်နေရာ ရတယ်၊ ဒါပေမယ့် သူတို့ အသက် ၃၀ရောက်သွားရင်တော့ မိသားစုဆီပြန်ပြီး သာမာန်လူတွေလို နေလို့ရတယ်၊ အရေးကြီးကိစ္စ ပေါ်မှ ခေါ်တဲ့အခါ လာပေးရတယ်၊ ဒီစည်းမျဉ်းကို အစဉ်အဆက်လိုက်နာခဲ့ကြပြီး ခုထိလည်း ဒီတိုင်းပဲ"
".....…"
ပြင်းပြင်းထန်ထန်ကြိုးစားထားသမျှ ရလဒ်က ၁၈နှစ်ကနေ အသက် ၃၀ထိပဲဆိုတော့ ခေါင်းဆောင်နေရာကို ၁၂နှစ်ပဲ နေရဖို့အတွက်လား?
ခုမှပဲ ယောင်းကွမ်က သေချာသဘောပေါက်သွားပြီး ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်မိ၏။ သူ့ဘဝက အမြဲ အသက်နဲ့ခန္ဓာ အိုးစားမကွဲအောင် ထိန်းသိမ်းနေရပြီး ၊သခင်ကောင်းကို မရခဲ့ရင် သူတို့ တစ်ဘဝလုံး ဘယ်သောအခါမှ ငြိမ်းငြိမ်းချမ်းချမ်း နေရလိမ့်မှာ မဟုတ်ပါ။ သူနဲ့ ယှဉ်ရင် လေ့ကျန်းက ချွင်းချက်မရှိ ပိုမို ပျော်ရွှင်ရမှာ သေချာ၏။
3068 words
Grape 🍇