' ဖေးယွီမှာ ရှန်ချောင်ကို ချောင်ပိတ်ဖို့အခွင့်အရေးရပြီ'
"ကျွတ် ကျွတ်..."
ရှန်တာ့ရဲ့ညီက တစ်ကယ်မလွယ်ကြောပဲ၊ မျက်စိတစ်ဖြတ်အတွင်း ငွေ သန်းဂဏန်းရအောင်လုပ်နိုင်ပြီး မြို့တော်မှာ အချမ်းသာဆုံးဖြစ်တဲ့ မုရုန်မိသားစုကိုပါ ဖမ်းဆွဲထားနိုင်သေးတယ်။
ရှန်လျန် ထွက်ခွာသွားပြီးနောက် လူရွယ်သုံးဦးသည် လျိုဖန်ရဲ့တတိယထပ်သို့ပြန်တက်လာခဲ့သည်။ အားလုံးတွေ့မြင်လိုက်ရတဲ့ ရှောင်မုချန်က အတော်လေး အံ့အားသင့်နေခဲ့သည် ။
ချူးလီ ဖိအားများနှင့်အတူ ထိုင်ချလိုက်ပြီး ဆိုသည်။
"သူ့အတွင်းရေးကို သွားဝေဖန်မနေနဲ့၊ သူဒီကို လာသွားတဲ့အကြောင်း ဘယ်သူ့ကိုမှ သွားမပြောနဲ့၊ စကားတစ်ခွန်းဆီတိုင်းက လူတွေကိုအာရုံစိုက်မိစေလိမ့်မယ်"
"သူမင်းကိုစ သွားလို့ မကျေမနပ်ဖြစ်နေတာလား?
"ဖာ့ခ်ပဲ!"
ရှောင်မုချန်ရဲ့စကားကြောင့် ချူးလီ ၏ဖြစ်ပျက်သွားပုံကို ဖေးယွမ်ရွှင်းတောင် ကူကယ်ရာမဲ့စွာ ရယ်မိသည်။
"စန်းကော!"
ချူးလီမှာ ငါးပူတင်းကဲ့သို့ ဖြစ်နေပြီး သူ့ဘက်လှည့်ကာ လေသံဖျော့ဖျော့ ဖြင့် အော်သည်။
'ဖေးယွမ်ရွှင်းသာ ထိန်းချုပ်မထားဘူးဆိုရင် အကျယ်ကြီး အော်ရယ်မှာသေချာတယ်'
"ဘာပဲဖြစ်ဖြစ် ရှန်လျန်က တစ်ကယ်စိတ်ဝင်စားဖို့ကောင်းတယ်"
ရယ်မောပြီးနောက် ဖေးယွမ်ရွှင်းမျက်ဝန်းတွင် သဲလွန်စအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ရှန်လျန် ဘာဆက်လုပ်မလဲဆိုတာ သူသိပ်သိချင်မိတယ်။
"အယ်...ကော ၊ကောရဲ့အပြုံးက ဘာဖြစ်....."
နောက်ဆုံးတစ်ခေါက် သူပြုံးလိုက်တုန်းက
ဘာဖြစ်သွားလဲ?
ချူးလီ သူ့လည်ပင်းသူ ကိုင်မိသွားသည်။ကောကို ရန်လာစတဲ့ မှူးမတ်တစ်မိသားစုလုံး ဖျက်ဆီးခံလိုက်ရသည်လေ။
"စန်းကော...ရှန်လျန်က ရှန်တာ့ရဲ့ညီလေးနော်"
ရှောင်မုချန်လဲ ထိုသို့တွေးနေသည်၊ မတော်လို့ ဖေးယွမ်ရွှင်းက သူ့ ညီကို သတ်လိုက်ရင်........!
မဖြစ်ဘူး ...သတိတော့ ပေးမှရမယ်!
"ရှန်တာ့ရဲ့ တစ်ဦးတည်းသော ညီလေး"
သူတို့နှစ်ယောက်လုံး စူးရှတဲ့ အကြည့် ဖြင့်ကြည့်ခံလိုက်ရသည် ။
ဖေးယွမ်ရွှင်းက ..သူတို့ကို အရူးတွေလိုကြည့်လိုက်သည်။ ရှန်တာ့ညီဆိုတော့ ဘာဖြစ်လဲ ?သူကိုယ်တိုင်လဲ အိမ်ရှေ့စံရဲ့သားပဲလေ....လက်ရှိမှာ ရှန်လျန်ကိုစိတ်ဝင်စားနေတဲ့အကြောင်း မပြောပြရသေးတာမို့ သူတို့ ခုလို တစ်လွှဲတွေးနေကြတာ။
"တော်ဝင် စာမေးပွဲ...."
"သခင်!"
ဖေးယွမ်ရွှင်း ..တစ်ခြားအကြောင်းအရာကိုပြောမည့်အချိန်တွင် ဝတ်စုံနက်နှင့် ထျန်းချွမ် ရုတ်တရက်ပေါ်လာကာ သူ့အားဦးညွှတ်ပြီးသည်နှင့်...
"နန်းတော်က သတင်းရလာပါတယ်၊ မြေးတော်ကို ပြန်ပေးဆွဲထားတဲ့ ဓားပြတွေအားလုံး သတ်သေသွားပါတယ်"
"အာ?"
သတ်သေကုန်တယ်လား? ဟဟဟ အစွမ်းက မသေးပါလား?
မျက်ခုံးပင့်လိုက်ပြီး ဖေးယွမ်ရွှင်း ခနဲ့လိုက်သည် ။ မင်းသမီးကြီးဆီ သတင်းရောက်ပြီးသည်နှင့် ဒီကိစ္စ ထဲ သူဝင်မပါခဲ့ပဲ စောင့်ကြည့်ဖို့သာ လူလွှတ်ထားခဲ့သည် ။ အဲ့လူက အားလုံးကို သတ်နိုင်တဲ့ထိ လုပ်နိုင်စွမ်းရှိမှန်း မထင်ထားမိပေ။
"ငါတို့နဲ့ မဆိုင်တာမို့ အာရုံ စိုက်စရာမလိုဘူး"
"ဟုတ်ကဲ့"
ထျန်းချွမ်ပြန်ဖြေသည်။ ဖေးယွမ်ရွင်း တစ်ခဏတွေးတောလိုက်ပြီးနောက်
"ဒီသတင်း ကို ရှန်လျန်ဆီ ပို့ဖို့နည်းလမ်းရှာလိုက် !သူတော့စိတ်ဝင်စားလိမ့်မယ်"
"ဟုတ်ကဲ့"
သံသယတွေ ရှိလျှင်တောင် ထျန်းချွမ် မေးခွန်းမထုတ်ပေ။ အမိန့်ရပြီးသည်နှင့် မျက်တောင်တစ်ခတ်အတွင်း ခြေရာခံမရအောင် သူပျောက်ကွယ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် လျိုမိသားစုက အမှုမှ လွတ်ကင်းသွားကြောင်း မသိသေးသည့် ရှန်လျန်က လှည်းပေါ်ထိုင်ကာ ချီယွဲ့အား ကြည့်နေသည်။
"လျန်လျန် ငွေတွေက အကုန် မင်းဟာပေါ့နော်?"
လျိုဖန်ကထွက်လာသည်နှင့် ငွေလက်မှတ်အထပ်လိုက်ကို ချီယွဲ့အားကိုင်ထားစေသဖြင့် သူ့ခမျာ တွေတွေလေးမေးသည်။ သူတို့တစ်ဘဝလုံး ခက်ခဲခဲ့ပြီး ငွေတစ်ရာတောင် တစ်ခါမှ မမြင်ဖူးခဲ့သဖြင့်မေးမြန်းသည့် အသံပင် တုန်ရီနေသည် ။ ဒီလောက် ပမာဏကို လွယ်လွယ်လေးရှာလာနိုင်တဲ့ရှန်လျန်ကိုလည်း အံ့ဩနေမိသည်။
"ငွေလက်မှတ်တွေက လက်ထဲမှာကိုင်ထားနေပြီကို အတုဖြစ်ရဦးမလား?"
ရှန်လျန်ပြုံးကာ ခေါင်းခါယမ်းမိ၏။ နဂါးကိုးကောင်လက်ကောက် အား အရောင်နှင့်ပါဝင်ပစ္စည်းမတူသော်လည်း ဒီဇိုင်းတူ ရွေးချယ်ယူလာပြီး ချီယွဲ့လက်ကိုဆွဲကိုင်ကာ လက်ကောက်ဝတ်တစ်ဖက်တွင် ဝတ်ဆင်ပေးလိုက်သည်။
"ဒီနားလေးမှာ အဖု သေးသေးလေးရှိတယ်၊ သွားမဖိမိစေဖို့သတိထား၊ အဆိပ်အပ် ထွက်လာလိမ့်မယ်၊ အန္တရာယ် ကြုံလာတဲ့အခါ သုံးလို့ရတာပေါ့"
ထိုစကားကြောင့် သူ့လက်က နဂါးဒီဇိုင်းလက်ကောက်ကိုငုံ့ကြည့်မိ၏။ လက်ရာအလွန်မြောက်ပြီးလှပနေတာကြောင့် အဖုလေးကို သေချာမကြည့်ရင် ဘယ်သူမှ မမြင်နိုင်။
"ဒီတစ်ခုက ချီရွှမ်းအတွက်၊ ကျွန်တော်တို့က ကိုယ်ခံပညာမတတ်တော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လက်နက်ဆောင်ထားရမယ်၊ နောက်ကျရင် ဆေးဆိုင်သွားပြီးလိုအပ်တဲ့ဆေးဝါးတွေ လဲ ဆောင်ထားရမယ်"
ရှန်လျန် သူ့လက်ကောက်ဝတ်တွင် တစ်ခု ဝတ်ဆင်လိုက်သည်။
"လျန်လျန်၊ မစိုးရိမ်ပါနဲ့၊ သခင်လေး ကိုကာကွယ်ဖို့ အစ်ကိုတို့တာဝန်ထား"
ချီယွဲ့မှာ အန္တရာယ်အကြောင်းကြားပြီးနောက် ပိုက်ဆံကိုထည့်မတွက်နိုင်တော့ပေ။သူ့လက်သူ စိတ်လှုပ်ရှားစွာ ကိုင်ထားမိသည်။
"မလိုပါဘူး၊ ခုလည်းကောင်းကောင်းနေနေရတာပဲလေ၊ ဒီနေ့ နောက်ခံကောင်းကောင်းလဲရခဲ့တယ်၊ ငွေက တစ်ချို့ကိုသုံးမယ်၊ တစ်ချို့ကိုအိမ်မှာ သိမ်းထားမယ်၊ ဒါပေမယ့် ဒီပုံစံနဲ့ တစ်သက်လုံး ငွေရှာဖို့က မဖြစ်နိုင်ဘူး"
သူ့မှာ နှစ်သိမ့်ပေးရန်သာ တတ်နိုင်သေးသည်။
"ဒါပေမယ့် မစိုးရိမ်နဲ့၊ လိုတာ ရှိရင်သုံး
လိုက်ပါ"
"အင်း အစ်ကို သိပါပြီ"
ချီယွဲ့က ငွေလက်မှတ်များကိုဂရုတစိုက် သိမ်းဆည်းလိုက်သည် ။
'ငွေလက်မှတ်တွေ အများကြီးကို သူ့ကိုယုံကြည်ပြီး အပ်ထားတာ၊ ရှန်လျန်အတွက် သူလုပ်ပေးနိုင်တာ ဒါပဲရှိတာမို့ သေချာ ထိန်းသိမ်းရမယ်'
"ပဉ္စမ သခင်လေး၊ ဖေးယွီ ဆိုင် ရောက်ပါပြီ"
ဖေးယွီက လျိုဖန်နှင့် သိပ်မဝေးပေ။ လှည်းမှာ ရပ်တန့်သွားပြီး ချီရွှမ်းက တံခါးဖွင့်ပေးသည် ။ ရှန်လျန်နှင့်ချီယွဲ့တို့ တစ်ဦးချင်းရှေ့ဆင့်နောက်ဆင့် ခုန်ဆင်းလိုက်၏။ထို့နောက် ဖေးယွီ၏ အပြင်အဆင်ကိုကြည့်လိုက်ရာ
အဆောက်အဦး တည်ရှိရာနေရာသည်အတော်အတန် ကျယ်ပြန့်ပြီး ခမ်းနားထည်ဝါစွာ အလှဆင်ထားသည်။
အထပ်သုံးထပ်ရှိကာ မြေညီထပ်တွင် အရည်အသွေးကောင်းသောအထည်ပေါင်းစုံ ခင်းကျင်းထားပြီး၊ အလယ်ထပ်သည် အမျိုးသားသုံးပစ္စည်းစုံ ထားသည်။အပေါ်ဆုံးတွင်တော့ အမျိုးသမီးများ၏ အိပ်မက်ထဲမှ ရတနာမျိုးစုံ ရှိသည် ။
အဝတ်အစား လိုချင်လား၊ ဖန်စီ အလှဝတ်ပစ္စည်းလိုချင်လား၊ ရတနာ တွေ လိုချင်လား အရောင်စုံ ရှိသည့် ဖေးယွီသည် သက်တန့်နှင့်ပင်တူသည်။ ရောင်းချသည့်ပစ္စည်းများက အရည်အသွေးပြည့်မှီပြီး ပစ္စည်းကောင်းသည်။
နှိုင်းယှဉ်ရလျှင်တော့ လျိုဖန်က အထီးကျန်ကာ သီးသန့်ဆန်နေပြီး ဖေးယွီက စည်ကားသိုက်မြိုက်သည်။ဝင်ထွက်ဈေးဝယ်နေသော သူများသည် ရာထူးမြင့်လူကြီးအသိုင်းအဝိုင်းများ၊ ချမ်းသာကြွယ်ဝသည့်မိသားစုဝင်များ စသဖြင့် အလာများသည်။
သခင်လေးနဲ့ အစေခံ အပါအဝင် လူဦးသုံးမှာ အရောင်မှိန်သည့်အဝတ်များဝတ်ဆင်ထားပြီး ဆင်းရဲဟန်ပေါက်နေသော်လည်း ငွေ အလုံးအရင်းကို ကိုင်ဆောင်ထား ပြီး အထဲ လျှောက်ဝင်လာသည် ။ လူတချို့မှာ မျက်မှောင်ကြုံ့ပြီး၊ တချို့က လက်ညှိုးထိုးကာပင် လှောင်ရယ်ကြသည်။ ရှန်လျန်တို့သုံးဦးက ခမ်းနားသည့်အဆောက်အဦး အပြင်အဆင်နှင့်မလိုက်ဖက်နေသည်က အမှန်ပင်။
"သူက ရှန်လျန် မဟုတ်လား? ဒီကို ဘာလာလုပ်တာပါလိမ့်"
လူအုပ်ထဲမှ အလွန်လှပတဲ့ အမျိုးသမီးတစ်ဦးက ခန်းမထဲဖြတ်လျှောက်သွားတဲ့ရှန်လျန်ကို ထူးဆန်းစွာလိုက်ကြည့်နေသဖြင့် အမျိုးသမီး၊ အမျိုးသားများစွာက သူမအားမေးကြသည်။
"သူက ဘယ်သူလဲ ရှန်ချောင်...သူ့ကိုသိလား"
"ဟွန့်..."
ရင်ထဲက အတိုင်းဆို အမျိုးတောင်မတော်
ချင်ပေ။သို့သော် အနည်းငယ် တွေးကြည့်လိုက်ပြီးနောက် ချိုချိုသာသာပြုံးကာ
"အွန်းသိတယ်၊ သူက ဦးလေးရဲ့ သား ရှန်လျန်လေ၊ တလောကမှ နယ်ကပြန်ရောက်လာတာ၊ရှေ့ရက်က ဦးလေးသူ့အတွက်ဆိုပြီးဖေးယွီက အဝတ်တွေ ..မှာပေးထားတော့ သူလာယူတာဖြစ်မယ်"
"ရှန်လျန်ဆိုတာ သူလား?"
အသက် 14နှစ်သာရှိသေးတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကိုယ် ထိန်းမထားနိုင်ပဲ ထအော်သည်။ ထိုအသံကြောင့် ပတ်ပတ်လည်မှ လူများသာမက ဆိုင်ရှင်နဲ့အတူရှိနေသောရှန်လျန်ပါ လှည့်ကြည့်လာသည် ။
ရှန်ချောင်ကိုတွေ့တော့ ခပ်ရေးရေးပြုံးပြလိုက်သော်လည်း သူ့မျက်ဝန်းကတော့အေးစက်စက်ပင်။
ရှန်ရွေ့ချင်၏ သမီးကြီးသည် အလွန်လှပပြီးပန်းချီပညာမှာ အလွန်ပါရမီရှိသဖြင့် မြို့တော်တွင် ပါရမီရှင်မိန်းကလေးဟူ၍ ကျော်စောသည် ။ သူမ ကနူးညံ့ပြီး ကြင်နာတတ်သော်လည်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတတ်သောစိတ်လည်းရှိနေပြန်သည်။အရင်ဘဝက လူအားလုံးရဲ့ကဲ့ရဲ့ စော်ကားခြင်းခံရပြီး၊ ချီယွဲ့ သေဆုံးရခြင်းအကြောင်းအရင်းဟာလည်း သူမကြောင့်ပဲဖြစ်သည်။
"လှည့်ကြည့်လာပုံထောက်ရင် သူကရှန်လျန်ပဲ၊ ရှန်သခင်မက ကပ်စေးကုပ်လိုက်တာ၊ မျိုးရိုးမြင့်မိသားစုဖြစ်ပြီး ဘယ်လိုဖြစ်လို့ သူက သူတောင်းစားလို ဝတ်ထားရတာလဲ"
င
"သူ့ကိုယ်လုံးပဲကြည့်လေ ပိန်လိုက်တာမှ လေတိုက်တာနဲ့ လွင့်သွားလောက်တယ်၊ ရှန်သခင်မက အတော်ရက်စက်တာပဲ"
"ဒါလေးက ရက်စက်တာလား? နင်တို့မကြားမိဘူးလား၊ ရှန်လျန်က အိမ်ကို ပြန်မရောက်လုနီးပါးပဲ၊ လမ်းမှာ ဓားပြတွေနဲ့တွေ့တာလေ...ကံသာ မကောင်းရင် သူ့နာမည်ဂုဏ်သတင်းက ပျက်စီးပြီပဲ"
"မိထွေး ရှိရင် အဖေက ပထွေးလိုဖြစ်သွားတယ်၊ တုံးလင်အမတ်ကြီးက အဖေမပီသတော့ဘူးမလား? တုံးလင်အိမ်တွင်း ရေး က ရှုပ်ထွေးတယ်"
"တုံးလင်အိမ်က သမီးနဲ့ရှန်လျန်ကိုယှဉ်ကြည့်လိုက်....အာ... တစ်ကယ် သနားစရာပဲ"
မြို့တော်က မိသားစုကြီးတွေဟာ အတွင်းရေးသတင်းများ ဖုံးဖိချင်ပါက ဘယ်သူ့ဆီမှ သတင်းမရောက်ပေ ။ ယခုမူ တုံးလင်အိမ်တော်၏ ကောလဟာလမှာ အလင်းနှင့်အမြန် ပျံ့လွင့်သွားပြီး ပတ်ဝန်းကျင်ကို ဆူညံစေသည်။တစ်ချို့က မီးလောင်ရာ လေပင့်ပြီး ပြဿနာ သေးသေးအားကြီးအောင် ဇာချဲ့ကြသည်။
ရှန်ချောင်၏ မျက်နှာပေါ်တွင် အပြုံးများဆက်ထိန်းမထားနိုင်တော့ပေ။ပထမ မိသားစုကိုမျက်နှာလုပ်ကာ အမှတ်ယူချင်ခဲ့သော်လည်း ရုတ်တရက် သူမ ဘေးမှ လူများ ကသူမနှင့်ရင်းနှီးသူများမဟုတ်မှန်း သတိထားမိသွားသည်။
"ဝူေကာ ဘာလို့ ဆိုင်ကို လူကိုယ်တိုင် ရောက်လာတာလဲ? ဒဏ်ရာ တွေ သက်သာသွားပြီလား?"
ရှန်ချောင် က တောက်တောက်ပပပြုံးကာ ရှေ့ဆက်လျှောက်လာပြီး စိုးရိမ်ပူပန်သည့်စကားများပြောလာသည်။
"မင်းကဘယ်သူ?"
လူတိုင်းက ရှန်လျန်၏တုံ့ပြန်မှုကိုစောင့်နေကြသည်။ သို့သော် သူ ပြန်မေးလိုက်သည့်အချိန်တွင် မျက်နှာမှာ အမှန်တစ်ကယ် မသိတဲ့ပုံစံ ။
ရှန်ချောင်...ဆက်မပြုံးနိုင်တော့ပဲ ကို့ယို့ကားယားဖြစ်သွားသည်။ အနီးနားမှ လူတွေကလည်း ကြောင်အ သွား၏။
'ကိုယ့်မိသားစုကိုယ်တောင် မသိတော့ဘူးလား?
"အစ်ကို... ဘာဖြစ်တာလဲ"
"ဟင်! ဘာကိုလဲ"
တစ်ခုခုဖြစ်နေမှန်းမြင်သောအခါ အရပ်ရှည်ရှည် လူရွယ်တစ်ဦး သူမအနားသို့ လျှောက်လာသည်။ ထိုအခါရှန်ချောင်က ထိုလူ့လက်ကိုဖမ်းဆွဲကာ အနောက်တွင် ဝင်ပုန်းလိုက်သည်။ မသိလျှင် သူမက ရှန်လျန်၏ အနိုင်ကျင့်ခြင်းခံနေရသလိုလို။
တစ်ချိန်ထဲမှာပင် ချီယွဲ့ရှေ့တစ်လှမ်းတိုးကာ တီးတိုးကပ်ပြောသည် ။
"ဝူကော သူမက မိန်းကလေး ရှန်ချောင် ၊ ဒုတိယ သခင်ကြီးရဲ့သမီးကြီး"
ရှန်လျန် ခုမှ သိသွားသလို ပြုံးပြလိုက်သည်။
"ညီမရှစ် ကိုး!. တောင်းပန်ပါတယ်နော် ၊အစ်ကိုနယ်မှာ အသက်ဆယ်နှစ်ထဲက သွားနေခဲ့ရတာလေ၊ ပြန်လာတာလည်းမကြာသေးတော့ ဖွားဖွားကစိုးရိမ်ပြီး အိမ်မှာ အနားယူခိုင်းထားတော့ မိသားစုဝင်တွေဆီ အလည်အပတ် သွားဖို့ အချိန်မရှိဘူးဖြစ်နေတာ"
ရှန်လျန် ထိုသို့ပြောတော့ အကုန်ခေါင်းတငြိမ့်ငြိမ့်နှင့်။ ဟုတ်သားပဲ ..သူငယ်ငယ်ထဲက နယ်ဘက်ကို မောင်းထုတ်ခံထားရတာ၊ပြန်ရောက်တာနဲ့ အားလုံးကိုဘယ်လိုမှတ်မိနိုင်မှာလဲ၊ ဒုတိယမိသားစုကို မမှတ်မိတာ အပြစ် မဆိုနိုင်ပါဘူး။
"ရပါတယ်ရှင်၊ ကျွန်မကသာ ပဉ္စမ အစ်ကိုဆီလာလည်သင့်တာပါ၊ ဒါပေမယ့်ဦးလေးရဲ့ စိတ်က သိတဲ့အတိုင်းပဲ။အစ်ကိုအနားယူနေတာကို လာမနှောင့်ယှက်ခိုင်းဘူးလေ၊ အစ်ကို့ဒဏ်ရာက နာနေတုန်းလားဟင်?"
ရှန်ချောင်က သူမရဲ့ မကျေနပ်စိတ်တွေက်ိုဖုံးကွယ်ပြီး သူ့ရှေ့တွင် သိမ်မွေ့စွာပြုံးရင်းရပ်နေသည် ။
" အွန်း တော်တော်သက်သာနေပါပြီ၊ညီမရှစ် အစ်ကို့ကိုလာမကြည့်လဲ ရပါပြီ ၊တုံးလင်အိမ်တော်က လူတိုင်း လည်းသိထားပြီးသားကို၊ တာအိုပညာရှင်က အစ်ကိုမွေးမွေးချင်းမှာပဲ ကံဆိုးစေလိမ့်မယ်လို့ ဟောခဲ့တယ်မှတ်လား၊ အဖေနဲ့ ဖေဖေ က ကြင်နာတတ်တော့ မစွန့်ပစ်ရက်ခဲ့ဘူး ၊ ဒါပေမယ့် အသက် ဆယ်နှစ်မှာ အဒေါ်ကိုယ်ဝန်ပျက်ကျတော့ ဒါ အစ်ကို့ကြောင့်ပျက်ကျတာတဲ့၊ ဘာပဲဖြစ်ဖြစ် ညီမရှစ်...အနား အရမ်းမကပ်ပါနဲ့၊အစ်ကိုက ပြဿနာကောင်မို့ ညီမကို တစ်ခုခုဖြစ်စေမှာစိုးတယ်"
ရှန်လျန်က သူ့ထင်မြင်ချက်ကိုပြောပြတော့ ရှန်ချောင့်မျက်နှာဖြူဖျော့လာပြီး တစ်ကိုယ်လုံးတုန်ရီလာသည် ။ အနီးနားက မိန်းမပျိုလေးတွေရဲ့ အမူအရာလည်းပြောင်းလဲကုန်သည်။
မိသားစုတိုင်းအတွက် အကြီးမားဆုံးသတိပေးချက်ကြီးပင်။ ဘယ်သူက သူမကို ချွေးမတော်ချင်ပါတော့မလဲ?ရှန်ချောင်က ဘယ်လောက်ပဲကြည့်ကောင်းနေပါစေ၊အရည်အချင်းဘယ်လောက်ရှိနေပါစေ စွန့်စားပြီးသူမကို မလိုချင်ကြတော့ပေ။
"ဝူကော....."
ရှန်ချောင် ဒေါသတွေအလိပ်လိုက်ထွက်နေပေမယ့် အတင်းချုပ်တည်းထားရာ.. မျက်ဝန်းတွင် မျက်ရည်အိုင်နေသည်။
ရှန်လျန့်စကားကြောင့် အနီးနားမှ လူများကလည်းခပ်ခွာခွာဖြစ်သွားကြသဖြင့် သူမ စိတ်ဖိစီးမိ၏။ လူငယ် များပင် သူမအနား မကပ်ရဲကြတော့။
' အင်အားကြီး မိသားစုကလူငယ်တွေက အဓိပ္ပာယ်မရှိတဲ့စကားလည်း ယုံကြည်တာပဲလား'
ဘယ်သူသိမလဲ? အိမ်တော်ခြံဝန်းထဲက မိသားစုဝင်ကြားမှာ လှည့်ကွက်အမျိုးမျိုးနဲ့ ချောက်တွန်းမှုတွေ ဟာ နုံအတဲ့သူ ခံရစမြဲပဲလေ...။
Words 2554