'ရှန့်ကော ဘုရားကျောင်းသို့ ထွက်ခွာပြီ'
နောက်တစ်ရက် နေထွက်စအချိန်မှာပဲ ဟယ်ရှန်းခြံဝန်းက အစေခံနှစ်ဦးကိုလွှတ်ပြီး ဘုရားကျောင်းသွားဖို့ အိမ်ပေါက်ဝမှာ လူဆုံမယ့်အကြောင်း စကားပါးလာသည်။ ချီယွဲ့နဲ့ ချီရွှမ်းက မကျေမနပ် ရေရွတ်နေကြပေမယ့် ရှန်လျန်က လစ်လျူရှုထားလိုက်သည်။ တူလေးနဲ့ ဆော့ကစားရင်း စိတ်ကောင်းဝင်နေသဖြင့် အခန်းထဲဝင်ပြီး အဝတ်စားလဲရန်ပြင်သည်။
ဘုရားကျောင်းသို့ ဆုတောင်းရန်သွားရာ၌ အခြွေအရံများစွာခေါ်သွားခြင်းက မသင့်လျော်ပေ။ နာမည်ဂုဏ်သတင်းကို ဂရုစိုက်သောအားဖြင့် ထိုနှစ်ယောက်ကို မခေါ်ပဲ ချန်ရစ်ခဲ့ရသည်။
ရှန်လျန်က အနားသားကို အနက်ရောင်ကွပ်ထားတဲ့ အင်္ကျီဖြူ ကိုဝတ်ဆင်သည်။ ဆံပင်ကို ခပ်မြင့်မြင့် မြောက်စီးလိုက်ပြီး တင့်တယ်သွားအောင်လို့ ဖေးယွမ်ရွှင်း လက်ဆောင်ပေးထားတဲ့ သွေးနီရောင် ကျောက်ဆံထိုးလေး ထိုးထားသည်။ ရိုးရိုးရှင်းရှင်း ခါးထိန်းအနက်ရောင်ပါ ဆင်လိုက်တော့ လက်တစ်ပွေ့စာသာရှိတဲ့ သေးသွယ်တဲ့ခါးကို ပိုပေါ်လွင်သွားစေ၏။
"ဘယ်လိုပဲ ဝတ်ဝတ် လှနေတာပဲ လျန်လျန်ရယ်၊ လှရက်လိုက်တာ၊ လူတိုင်း မနာလို ဖြစ်ကုန်တော့မယ်ထင်တယ်"
ယောင်းကွမ်က တစ်ကိုယ်လုံးကို စုံချည်ဆန်ချည်ကြည့်ကာ သူတို့သခင်မ၏ ခမ်းနားတဲ့ အလှတရားကို ချီးမွှမ်းနေလေသည်။ အနီရဲရဲတောက်ဝတ်တော့လည်း ထင်းနေပြီး လူတိုင်းက အာရုံစိုက်ရသည်အထိ လိုက်ဖက်သည်။ အဖြူသီးသန့်ဝတ်ဆင်ပြီး အနက်ရောင်ခါးပတ်နဲ့ တွဲလိုက်တော့လည်း အေးချမ်းပြီး မြင့်မြတ်တဲ့ အရှိန်အဝါကိုပေးသည်။ ရှန်လျန်က နှင်းတောင်ထိပ်မှာပဲပွင့်တဲ့ နှင်းကြာပန်းလို အညစ်အကြေး၊အနှောင့်အယှက်နဲ့ အရောင်တွေ မညစ်စွန်းနိုင်တဲ့ နယ်ပယ်က ဖြူစင်တဲ့ အလှတစ်ပါးလိုပင်။
"မြှောက်နေပြန်ပြီ၊ ငါပြောထားတာတွေ လုပ်ပြီးပြီလား"
ရှန်လျန်က သွေးနီရောင် လက်ကောက်ကို ခေါင်းငုံ့ဝတ်ဆင်ရင်း မေးသည်။ ယောင်္ကျားတစ်ယောက်အနေနဲ့ လက်ကောက်ဝတ်ဆင်တာက ရှားပါးပေမယ့် ရှန်လျန့်လက်ကောက်ဝတ်ပိန်ပိန်လေး မှာတော့ အထူးပနံသင့်နေသည်မှာ အမျိုးသမီးများစွာထက် ပိုလှပ၏။
"အားလုံး ပြီးပါပြီ၊ ပေါက်စီ ပူပူတွေ အများကြီးဘာလုပ်မလို့လဲ"
အရိပ်တပ်သားများမှာ မနက် 3နာရီမှာ အခေါ်ခံရပြီး တာဝန်ကိုယ်စီခွဲ၍ ဆန်နယ်သူကနယ်၊ မီးမွေးသူကမွေးနဲ့ မီးဖိုဆောင်မှာ ရှုပ်ယှက်ခတ်ခဲ့ကြပြီးနောက် ပေါက်စီပူပူ တစ်ခြင်းအပြည့်ရခဲ့သည်။
"အသုံးလိုလို့ပေါ့"
ရှန်လျန်က လျို့လျို့ဝှက်ဝှက် ပြုံးပြလိုက်သည်။ပြင်ဆင်ပြီးနောက် အိမ်မှ စထွက်ကြ၏။ ချီယွဲ့နဲ့ချီရွှမ်းက အိမ်ပြင်ထိ လိုက်ပို့သော်လည်း ဖုရင်ကိုတော့ မတွေ့ရချေ။ ရှန်လျန်သွားလျှင် ကလေးငိုမည်စိုး၍ အခန်းထဲ ချော့ခေါ်သွားဟန်တူ၏။ ကလေးငယ်က ခုနှစ်လအရွယ်သာရှိသေးသော်လည်း ရှန်လျန့်ကို အလွန်အမင်း ကပ်တွယ်တတ်ပြီး သူပဲ တစ်နေ့လုံး ထိန်းကျောင်းပေးရ၏။ သူမရှိချိန် ကလေးငိုပါက ကျန်နေခဲ့သူအကုန်လုံး ကမ္ဘာပျက်သလိုပင်။
"လျန်လျန် ဂရုစိုက်ရမယ်နော်၊ ဘေးကင်းကင်းနဲ့အိမ်ပြန်လာခဲ့ပါ"
"အင်း ကျွန်တော် သိပါပြီ"
ချီယွဲ့နဲ့ချီရွှမ်းက ခရီးစဉ်တစ်လျှောက် ဂရုစိုက်ဖို့ တဖွဖွ မှာကြားနေသည်။ ရှန်လျန်က နှစ်သိမ့်ပြုံး ပြုံးပြလိုက်သည်။ လေ့ကျန်းရောက်လာပြီး ခေါင်းဆတ်ပြကာ သွားလို့ရပြီဖြစ်ကြောင်း အချက်ပြသည်။
"သွားစို့"
ထွက်ခွာသွားတဲ့ သုံးယောက်၏ နောက်ကျောကိုကြည့်ရင်း ချီယွဲ့နဲ့ချီရွှမ်းက စိုးရိမ်ပူပန်မှုကိုခံစားနေရသည်။ အခြွေအရံနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေက ဘာမှ မပြောလာပေ။ ကြည့်ရသည်မှာဤခရီးစဉ်ကို ရှန်လျန် မလိုက်မှာ စိုး၍ထင်၏။ ဘာမှ မပြောရဲခြင်းလည်း ဖြစ်နိုင်သည်။ အပြင်ပန်းမှာ မကောင်းဆိုးဝါးလေး၊ သန္ဓေယုတ်လေးလို့ သမုတ်နေကြပေမယ့် စိတ်ထဲမှာတော့ သူ့ကိုကြောက်နေကြလေပြီ။
"ပဉ္စမ သခင်လေး"
စွင်းကျင့်က ရှန်လျန်ရောက်လာတာ မြင်တော့ ဦးစွာ နှုတ်ဆက်လာသည်။
ဒုတိယနဲ့တတိယဇနီးသည်တို့က မဲ့ရွဲ့ကာဖြင့်ဒီမိန်းမ ဖားနေပြန်ပြီဟု တွေးလိုက်ကြသည်။
"ဒေါ်လေးစွင်း"
ရှန်လျန် ပြန်ပြုံးပြလိုက်သော်လည်း ဝတ်ကျေတမ်းသာ သဘောသာဖြစ်ပြီး အပိုမပါပေ။
"လူဆုံလား"
ရှန်လျန်က တစ်ချက်ဝေ့ကြည့်လိုက်သည်။ လှည်းခုနှစ်စီး၊ရှစ်စီးခန့်ရှိပြီး တစ်စီးစီတိုင်းမှာအခြွေအရံများက ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်စောင့်နေကြသည်။
အစောကြီးရှိသေးတာကို ..အားလုံးက သူ့ကို စိတ်ရှည်ရှည် နဲ့ စောင့်နှင့်နေကြပြီလား?
"သခင်မရယ် ဒုတိယနဲ့စတုတ္ထသခင်လေးပဲ ကျန်းမာရေးကြောင့် မလိုက်နိုင်တာပါ၊ သခင်မကြီး၊ဒုတိယနဲ့တတိယသခင်မရယ် ကျန်တဲ့သခင်လေး၊သခင်မလေးတို့အကုန်ရောက်နေပါပြီ"
စွင်းကျင့်က လူမစုံကြောင်း ခေါင်းယမ်းသည်။ ရှန်လျန်က သူပြောချင်တဲ့ စကားလမ်းကြောင်းကို သဘောပေါက်သည်။ လူအုပ်စုဒီလောက်များနေတာ အံ့ဩစရာမရှိတော့ဘူး၊ ကလေးအစ ခွေးအဆုံးလိုက်လာတာပဲ။
"ဟုတ်ကဲ့၊ အိမ်တော်ကို ဂရုစိုက်ဖို့ဒေါ်လေးစွင်းကိုပဲ အားကိုးပါရစေ"
ယဉ်ကျေးစွာ နှုတ်ဆက်ပြီးသည်နှင့် ရှန်လျန် ဖြတ်ကျော်သွားသည်။ စွင်းကျင့်လည်း အလိုက်သိစွာ တိတ်တဆိတ် လှည့်ပြန်သွားသည်။
မရှေးမနှောင်းမှာပဲ ယောင်းကွမ်က နောက်ဆုံးလိုင်းမှာရပ်ထားတဲ့ရထားလုံးကို ရှေ့ထိမောင်းလာတာကိုမြင်တော့ လူတိုင်းရဲ့ မျက်နှာက အပြုံးကို မထိန်းထားနိုင်တော့ချေ။ထိုအချိန်မှာပဲ ရှန်လျန်က သူတို့တွေးထားသလို ယောင်းကွမ်ယူလာတဲ့ လှည်းပေါ်မတက်ပဲ စွင်းကျင့် ကြိုပြင်ဆင်ထားတဲ့ လှည်းပေါ် တက်လိုက်သည်။
လေ့ကျန်းက လှည်းမောင်းသူနေရာ ဝင်ယူပြီး ယောင်းကွမ်က လှည်းကို သူတို့၏အနောက်ဘက် ကပ်ရပ်ထိ မောင်းလာသည်။
"စထွက်မယ်!"
လှည်းယာဉ်တန်း၏ အလယ်တန်းလောက်မှ သခင်မကြီးရဲ့နှိုးဆော်သံ ထွက်ပေါ်လာသည်။ မြင်းရထား ဆယ်စီးနီးပါးယာဉ်တန်းကြီးက အစဉ်လိုက် တရွေ့ရွေ့စတင်ထွက်ခွာသည်။ စွင်းကျင့်နဲ့ သူမ၏အစေခံက အိမ်ဝင်ပေါက်တွင် ရပ်ကာ ယာဉ်တန်းကြီး ပျောက်ကွယ်သွားသည်အထိ ကြည့်နေကြသည်။ နောက်ဆုံးမမြင်ရတော့မှ အိမ်ထဲ ဝင်သွားကြ၏။
အင်ပါယာတစ်ခုလုံးမှာ ရှန့်ကောဘုရားကျောင်းက တန်ခိုးအကြီးဆုံး၊ ဧရိယာအကျယ်ဆုံးဖြစ်၏။ ဖုန်းမင်တောင်ပေါ်တွင် တည်ဆောက်ထား ပြီး မြို့တော်၏အနောက်ဘက် မိုင်၂၀တွင် တည်ရှိရာ အလွန်ပင် တိတ်ဆိတ်အေးချမ်းပြီး လေထုကအလွန်ပင် သန့်ရှင်း၏။ ဂုဏ်သရေရှိမိသားစုများနှင့် တော်ဝင်မိသားစုဝင်များက မကြာခဏ ဘုရားကျောင်းသို့ လာရောက်ဆုတောင်းလေ့ရှိသည်။ ထို့အပြင် နန်းတွင်းရှိ မိဖုရား၊ကိုယ်လုပ်တော်များလည်း မကြာခဏ လာရောက်ဆုေတာင်းကြသည်။ ထိုသို့ ကောင်းသတင်းများမွေးပျံ့သော ဘုရားကျောင်းဖြစ်သည်ကြောင့် ဧကရာဇ်က ဆောက်လုပ်ရေးဝန်မင်းအား ဘုရားကျောင်းသို့ သွားသည့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် နှစ်တိုင်း ပြန်လည်ပြုပြင်မွမ်းမံရန် အမိန့်ချမှတ်ထားသည်။
မြို့တော်က စထွက်သည်နှင့် လမ်းတစ်လျှောက်တွင် ဒုက္ခသည်များ၏ တိုးလျှိုးအသနားခံ၊ ငိုယိုသံများကို နေရာတိုင်းမှ ကြားနေရသည်။
"တော်ဝင်မင်းသားကိုးပါးလုံးစီ ကျုပ်က ရှန့်ကောဘုရားကျောင်းကိုသွားဖို့ ဖိတ်ခေါ်တယ်လို့ သတင်းပို့လိုက်"
တုံးလင်အိမ်တော်၏ လှည်းယာဉ်တန်းက လော့်ဖုန်းအဆောက်အဦးရှေ့ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် တတိယထပ်၏ပြတင်းပေါက်၌ မှီရပ်ကာ အချိန်အခါစောင့်နေသော ဖေးယွမ်ရွှင်းက အောက်သို့လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် အခန်းထဲ လှည့်ကာ အမိန့်ပေး၏။
" ဟုတ်ကဲ့"
ထျန်းရှုက အမိန့်လုပ်ဆောင်ရန် ထွက်ခွာသွားသည်။
ချူးလီက စောစောစီးစီး နိုးထလာရသည်ကြောင့် စိတ်မကြည်ပဲ အသံထွက်လာသည်။
"စန်းကော အဲ့ဒီဘုရားကျောင်းကို လိုက်သွားချင်ရင်လည်း ဒီတိုင်း သွားလိုက်လေ ၊ဒီမှာ ဘာလာလုပ်နေတာလဲ၊ မနေ့ညက ကျွန်တော်ရွှမ်ဟွားရဲ့ အလှမှာ တစ်ညလုံးနှစ်မျှောပြီး မိုးလင်းခါနီးမှ ခဏအိပ်ရသေးတာ၊ နည်းနည်းကြာကြာ ပေးအိပ်ပါဦးလား၊
ကျွန်တော် အိပ်ရေးမဝပဲ တစ်ရက်လောက် အလုပ်ပျက်လိုက်ရင် ဘယ်သူက လော်ဖုန်းကို ကြည့်ပေးတော့မှာလဲ"
"စန်းကော သူ့ကိုဘာလို့ အစ်ကိုကြီးဆီ မပို့လိုက်တာလဲ၊ ဒီကောင်က သောက်စားပျော်ပါးဖို့ပဲသိတာ"
ရှောင်မုချန်က ဘေးကနေ မီးစာထည့်သည်။
ချူးလီက ချက်ချင်း ပြန်ပက်သည်။
"ငါ့ဘာသာ သောက်ချင်သောက်၊ ပျော်ချင်ပျော်မယ်၊ ဒါငါ့စောက်ကြောင်း ရှင်းလား? ဘဝဆိုတာ ပျော်ပျော်နေရတယ်၊ ငယ်တုန်းရွယ်တုန်း ကောင်းကောင်း အသုံးမချထားရင် အသက်ကြီးမှ နောင်တရလိမ့်မယ်"
"ဟုတ်လား အမြဲတမ်း ကုတင်ပေါ်မှာကြီးပဲ ဘဝကို ကောင်းကောင်း ဆက်ပြီး အသုံးချနေပါ၊ အားအထည့်လွန်ပြီး ရှောသွားဦးမယ် သတိတော့ထားပေါ့"
"မင်းမနာလိုဖြစ်နေမှန်းငါသိပါတယ်ကွာ၊ ငါကိုက ဆွဲဆောင်မှု ရှိလွန်းနေတော့လည်း...ထားပါတော့စန်းကော မသွားသေးဘူးလား? ကျွန်တော် ပြန်အိပ်ချင်နေပြီ"
ချူးလီရဲ့ အိပ်ချင်စိတ်က အနိုင်ယူသွားပြီး ရှောင်မုချန်နဲ့ ဆက်မငြင်းခုန်ချင်တော့ပါ၊ ထို့အစား ဖေးယွမ်ရွှင်းကိုသာ တိုက်တွန်းလိုက်သည်။
"အလုပ်ကို လစ်လျူရှူမထားဖို့ သတိရဦး"
သူတို့ညီအစ်ကိုအပေါ်မှာတော့ ဖေးယွမ်ရွှင်းရဲ့ စိတ်ရှည်မှုက မြင့်၏။
သွားတော့မယ့် အရိပ်အယောင်ပြနေသော် ရှောင်မုချန်က မကျေမနပ်ဖြင့်..
"စန်းကော သူ့ကို အဝေး မပို့ပစ်မှာ သေချာလား"
"ရှောင်မုချန် မင်း!"
"လွှတ်ထားလိုက်စမ်းပါ၊ အချိန်တန်ရင်ရောဂါနဲ့ စောစောသေ သွားမှ ငါတို့ကို ထပ်မရှုပ်နိုင်တော့မှာပေါ့"
"ဟားဟားဟား...."
ချူးလီက ကြောင်အမ်းနေသည် ။ ရှောင်မုချန်က ခွက်ထိုးခွက်လန်အော်ရယ်သည်။ ချူးလီ သတိပြန်ဝင်လာသော် ဖေးယွမ်ရွှင်း၏ အစအနပင် မမြင်ရတော့ချေ။
စတုတ္ထမင်းသား၏စံအိမ်တော်တွင် ဖြစ်၏။
"ဖေးယွမ်ရွှင်းက ဖိတ်တာလား"
ချင်ယွင်ရှန်းက အံ့ဩနေသည်။ သူတို့က ဝမ်းကွဲတော်စပ်ကြပေမယ့် ဖေးယွမ်ရွှင်းရဲ့မာနကြီးတဲ့ အနေအထိုင် ၊တသီးတသန့် အရှိန်အဝါကြောင့် သူတို့ချင်း မရင်းနှီးကြပါ။
ဒါကို ဘာကြောင့် ရုတ်တရက်ကြီး ရှန့်ကောဘုရားကျောင်းကို ဖိတ်ခေါ်ရတာပါလိမ့်? ဖေးယွမ်ရွှင်းက ဘုရားတရား ရိုသေကိုင်းရှိုင်း တတ်သူလား? ဘုရားကျောင်းကို မဖြိုပစ်လိုက်ရင်ပဲ ကံကောင်းလှပြီ။
"တုံးလင်အိမ်တော်က လူတွေနဲ့ ရှန်လျန်တို့ လည်းဘုရားကျောင်းကို သွားတယ်လို့ သတင်းကြားပါတယ်၊ ကြည့်ရတာ မြို့စားမင်းက သူတစ်ယောက်တည်းလိုက်သွားတွေ့ရင် မလိုအပ်တဲ့ အာရုံစိုက်မှုတွေရှိလာမှာစိုးလို့ အရှင့်သားတို့ကိုပါတပ်ကူဖိတ်လိုက်တဲ့ ပုံပဲ"
ဒီကနေ့ တုံးလင်အိမ်တော်က ရှန့်ကောဘုရားကျောင်းဆီ ဆုတောင်းဖို့သွားတဲ့ ကိစ္စက လျှို့ဝှက်ချက် မဟုတ်တာကြောင့် ရဲ့ထျန်းမှာ မနေ့ကတည်းက ရှန်ရွေ့ချင်တို့ညီအစ်ကိုဆီက ဒီသတင်းကို သိခဲ့သည်။
ညီအစ်ကိုနှစ်ယောက်အား ပါတနာကောင်းများအဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီးနောက် ဘုရားကျောင်းသို့သွားမယ့် လူအရေအတွက်ထိပါ စုံစမ်းစကားနှိုက်နိုင်ခဲ့သည်။ သို့သော် ထိုညီအစ်ကိုက လောဘကြီးသည်။ စတုတ္ထမင်းသား၏စံအိမ်တော်သို့ ဝင်နိုင်မည့် ကြင်ယာတော်နေရာအား သူတို့အိမ်တော်ကို ထောက်ခံပေးရန် အလိုရှိနေကြသည်။ သူတို့သမီးရဲ့ လက်ရှိ ဂုဏ်သတင်းက ဘယ်လောက်ဆိုးရွားနေလဲ ပြန်မစုံစမ်းကြည့်ပဲ ကြင်ယာတော်နေရာပင် မတန်မရာ မှန်းချင်နေကြသေး၏။
"အရှင့်သား? "
ချင်ယွင်ရှန်း မျက်မှောင်ကြည့်ကာ တွေးနေသည်။ သူတစ်ယောက်ထဲကို ခေါ်တာ မဟုတ်ဘူးပေါ့...
"အရှင့်သား ကိုးပါးလုံး ဖိတ်စာရပြီး တတိယကြင်ယာတော်ဆိုရင် တတိယမင်းသားကို ချက်ချင်းသွားဖို့ ပြင်ခိုင်းတယ်လို့ကြားပါတယ်"
ရဲ့ထျန်း ကူကယ်ရာမဲ့နေသည်။ ချင်ဖင်းမြို့စားရဲ့ ဖိတ်ခေါ်စာက ငြင်းလို့မကောင်းပေ။ စစ်တပ်အာဏာကို ချုပ်ကိုင်ထားနိုင်တဲ့ သူမို့ ထိုနောက်ခံမျိုးရှိလျှင် မင်းညီမင်းသားများ ထီးနန်းကို အောင်မြင်စွာ သိမ်းနိုင်မည့် အခွင့်အရေးမျိုး ဖန်တီးပေးနိုင်သည်။ ဘုရင့်သားတော်များက မသွားချင်ရင်တောင် အခြား ညီအစ်ကိုများက မြို့စားမင်းရဲ့ အထောက်အပံ့မရသွားဖို့ ကာကွယ်ရန် ရွေးချယ်စရာမရှိ သွားရောက်ရမည်ဖြစ်၏။
"ရှန်တာ့ဘက်က အခြေအနေဘာထူးလဲ"
ချင်ယွမ်ရှန်းက စာအုပ်ကို ချလိုက်ပြီး ခရီးထွက်ရန် အလျဉ်မလိုချေ။
ရဲ့ထျန်းက ခပ်သွက်သွက်တုန့်ပြန်သည်။
"ကျွန်တာ်တို့လူတွေ သူနဲ့အဆက်အသွယ်လုပ်ပြီးပါပြီ၊ စေ့စပ်ကြောင်းလမ်းတာကို လက်မခံပဲ ငြင်းနေတုန်း၊ ကျွန်တော်ဖြင့် အလုပ်မဖြစ်တာ မယုံနိုင်ဘူး"
"ဟုတ်တယ်၊ အဲ့လူက အရမ်းခေါင်းမာတာ၊ အနာဂါတ်မှာ ငါတို့အတွက် အလုပ်ကောင်းကောင်း လုပ်ခိုင်းရမယ်"
ရဲ့ထျန်းရဲ့ စကားကိုကြားပြီး ချင်ယွင်ရှန်းရဲ့ အကြည့်တွေ အေးစက်သွားသည်။ ရှန်လျန်ပြန်ရောက်ကတည်းက သူ့လူတွေကို ရှန်တာ့အကြောင်း အနီးကပ်ထောက်လှမ်းထားစေခဲ့သည်။ ဒါပေမယ့် အနောက်မြောက်အရပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှန်တာ့က ငယ်ရွယ် ထက်မြက်တဲ့အခါ မကြာခင်မှာပဲ သူလျှိုကို ရှာတွေ့ပြီး မောင်းထုတ်ပစ်လိုက်၏။ ချင်ယွင်ရှန်းလည်း ရှန်လျန့်ဆီချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာတင် ကျရှုံးခဲ့သည်။နောက်ပိုင်း ဧကရာဇ်က ရှန်လျန့် လက်ထပ်ပွဲကို အတည်ပြုပေးလိုက်တော့ သူ့အစီအစဉ်တွေအားလုံးပျက်စီးကုန်သည်။
မတတ်သာတဲ့အဆုံး ရှန်တာ့ကိုပဲ ထပ်ချဉ်းကပ်ဖို့ ရွေးချယ်ခဲ့သည်။ ရှန်တာ့ဆိုတဲ့လူက ရှန်လျန့်ကို တုန်နေအောင်ချစ်တာကြောင့် သူ့ဘက်ကသာ ဧကရာဇ်ရဲ့သဘောတူမှုကို ပြန်လည်စဉ်းစားပေးဖို့ လျှောက်တင်နိုင်ခဲ့ရင်၊ ဧကရာဇ်ကလည်း လက်ထပ်ပွဲကို ပြန်ရုတ်သိမ်းပေးခဲ့ရင် ရှန်လျန်က အရင်လို ပြန်လွတ်လပ်သွားမှာပဲ၊ ခက်တာက ရှန်တာ့က စေ့စပ်လမ်းကြောင်းခြင်းကို နောက်တစ်ကြိမ်ထပ်ငြင်းလိုက်သည်ဆိုတော့ အကျိုးဆက်ကို စောင့်နေသင့်သည်။
"အရှင့်သား ဆိုလိုတာက...."
ရဲ့ထျန်းက ဉာဏ်ကောင်းတာကြောင့် ဆိုလိုရင်းကို တန်းသဘောပေါက်သည်။ ရှန်တာ့က သူတို့ရဲ့ဖျောင်းဖျမှုကို လက်မခံရင်လည်း နည်းနည်းပါးပါး ပေးလိုက်ပြီး ရအောင် ချုပ်ရမှာပေါ့၊ အဲ့ဒါပြီး မင်းသားအချို့ကို သူ့ဘက်ပါအောင် စီစဉ်လိုက်မယ်ဆိုရင် ရှန်လျန် ခေါင်းငြိမ့်ဖို့ပဲ ကျန်တော့တယ်။ နောင်တစ်ချိန်မှာ အကျိုးမြတ်ကြီးကြီးရမှာ သေချာသည် ။
"လုပ်သင့်တာတွေ ပြင်ဆင်ထားလိုက်တော့၊ ခုပဲ ရှန်ကော့ဘုရားကျောင်းကို သွားမယ်"
ချင်ယွင်ရှန်းက ရဲ့ထျန်းကို မတုံ့ပြန်ပဲ တိုက်ရိုက် ထရပ်လိုက်သည်။
ရဲ့ထျန်းမေးသည်။
"မိဖုရားခေါင်ရဲ့ဈာပနကို စောင့်ပေးရမယ့်ကိစ္စက ဘယ်လိုလုပ်လိုက်ရမလဲ"
မယ်မယ်ရဲ့ဝိဉာဏ်က ငြိမ်းချမ်းသည့်နေရာသို့ မထွက်ခွာရသေးတာကြောင့် သားသမီးက စောင့်ကြပ်ပေးဖို့လိုသေး၏။
"သန်းခေါင်မကျော်ခင် အမြန်ပြန်လာရမှာပေါ့"
ညဘက် ရှိနေရင် ရပြီဖြစ်၏။ ဖေးယွမ်ရွှင်းက ဖိတ်မှတော့ မသွား၍ မဖြစ်ပေ ။ သူ့ရဲ့ထောက်ပံ့မှုကို မရရင်တောင် တခြားညီအစ်ကိုတွေကိုပါ စိတ်ခုစေလို့မဖြစ်။ အမှားလုပ်မိပါက ဆရာတူညီအစ်ကိုတိုင်းက သူ့အား တူညီတဲ့ ပစ်ပယ်မှုမျိုးလုပ်နိုင်သည်။
2625 words
🍇 Grape