' သခင်နဲ့ အစေခံ ပေါင်းပြီး တွန်းအားပေးကြပြီ'
"အိုး.. ဘုရားရေ၊ ဘာတွေ ဖြစ်ထားတာလဲ"
"ဘာလို့ ဒီလို ဖြစ်သွားတာလဲ ? သူငိုတာ မဆန်းတော့ဘူး၊ ဒီလို ဖြစ်မှတော့ မငိုပဲနေနိုင်ပါ့မလား"
"တအားလွန်တာပဲ ၊ဘယ်သူ လုပ်တာလဲ"
"ဒါက....."
ခြံထဲက အခြေအနေတွေကို ရှင်းရှင်း လင်းလင်း မြင်ပြီးနောက် ဒုတိယနဲ့ တတိယ ဇနီးများမှာ မိမိပါးစပ်မိမိအုပ်လျက် စုတ်သပ်ကြတော့သည်။ လျိုရှုဟန်ပင် အံ့အားသင့်နေပြီး မည်သို့မျှ မဖြစ်သော သူမှာ ရှန်ချန် သာလျှင်။
"ဒါဘာတွေ ဖြစ်ထားတာလဲ"
သခင်မကြီးမှာ ဒေါသအလွန်ထွက်နေပြီး စိတ်လဲရှုပ်ထွေးရ၏။ မည်သူက ခြံဝန်းထဲ အရှုပ်တွေ လုပ်ရဲသနည်း။
လူတိုင်း၏ တုံ့ပြန်မှုကို ရှန်လျန် တိတ်တဆိတ် စောင့်ကြည့်နေပြီး မိမိလက်မိမိ ဆွဲဆိတ်ကာ မျက်ရည် ပိုထွက်အောင်ညှစ်ထုတ်လိုက်သည်။ ထို့နောက် မျက်ဝန်းနီနီဖြင့်ခေါင်းမော့လာကာ
"ဖွားဖွား...ကျွန်တော် အိမ်ကိုပြန်ရောက်လာတာ တစ်ချို့လူတွေ မကြိုက်မှန်း ကျွန်တော်သိတယ် ၊ ဘာလို့ အိမ်ကို ပြန်ခေါ်ခဲ့တာလဲ? နယ်စပ်မှာ နှစ်တွေအကြာကြီးနေခဲ့ရပေမယ့်လွတ်လပ်ပြီး စိတ်ချမ်းသာရတယ်၊ ခုလို စိတ်မဆင်းရဲခဲ့ဖူးဘူး"
သူ့စကားကြောင့် သခင်မကြီးဒေါသ ဟုန်းခနဲ ဖြစ်လာသည်။
"မဖြစ်သင့်တာတွေ ၊ ဒါလုံးဝ မဖြစ်သင့်ဘူး၊ လျိုရှုဟန် မင်းက ဒီအိမ်သခင်မပဲ၊ အခုချက်ချင်းစုံစမ်း လိုက် ၊ ဘယ်သူက မြေးငယ်ကို သဘော မကျဖြစ်နေတာလဲဆိုတာ"
"ဟုတ်ကဲ့ အမေ၊ အိမ်တော်ထိန်းကို ချက်ချင်း ရှာခိုင်းလိုက်ပါမယ်"
သူမဘက်မြားဦး လှည့်လာတာကို သတိထားမိတော့ လျိုရှုဟန် ..မျက်ဝန်းတွေမှေးကျဉ်းလိုက်သည်။ သူမ အမှားလုပ်မိပြီး မကောင်းဆိုးဝါးလေးရဲ့ ဆွဲချခြင်းခံရမှာမျိုး မဖြစ်စေရ။
"သခင်မကြီး ဗျ.. ဒီအစေခံက ပြောစရာရှိလို့ပါ"
ရှန်လျန်ရဲ့ အချက်ပြမှုကြောင့် ချီယွဲ့ ရှေ့ထွက်ကာ အားလုံး၏ အာရုံစူးစိုက်မှုကို ယူလိုက်သည်။
"ပြော"
အဖွားအိုက အစေခံမှ ရှေ့ထွက်လာမည်ဟု မထင်ထားတာကြောင့် အနည်းငယ်တွေဝေနေ၏။ ရုတ်တရက် ...ရှန်လျန်မှ လက်ဆောင်အကြီးကြီး ပေးမည်ဟု ပြောထားမှန်းသတိရသွားသည်။
ခုပေးမှာ များလား?
"ချီယွဲ့..."
အားလုံး၏ အကြည့်အောက်တွင် ချီယွဲ့ လက်မောင်းကိုဆွဲကာ မပြောရန် ရှန်လျန် တားသည်။သို့သော် ချီယွဲ့က လက် ဆွဲ မခံပဲ ရှောင်ကာ သခင်မကြီးရှေ့ ဒူးထောက်သည်။
"သခင်မကြီး နားနဲ့ မနာ ၊ ဖဝါးနဲ့သာ နာပါ၊ ဒီအစေခံက ပြောမှ ဖြစ်မှာမို့ပါ၊ ကျွန်တော်တို့သခင်လေးက ဒုက္ခတွေ အများကြီး ခံရပြီးပါပြီ၊ ပထမ ဓားပြတွေ အဖမ်းခံရတယ် ၊ ပြီးတော့ပြန်ရောက်ရောက်ချင်းပဲ ရှန်သခင်မနဲ့ ၇ယောက်မြောက် သခင်မလေးရဲ့ အိမ်ဝင်ပေါက်မှာ ခက်ခဲအောင်လုပ်တာလည်း ခံရပါသေးတယ် ၊ ခုလည်း မြို့ထဲ သွားလည်ပြီးပြန်လာတာနဲ့ အိမ်က ဖျက်စီးခံရတယ်
ဘယ်သူက လုပ်သွားလဲ မသိပေမယ့် အပေါ်က နှစ်ချက်လုံးဟာ သခင်မရှန်နဲ့ ဆက်စပ်နေပါတယ်၊ ခုကိစ္စကို သခင်မ စုံစမ်းရင် အမှန်တရားက ထွက်ပေါ်လာပါ့မလား၊ သခင်မကြီးက ရှန် သခင်မကို မျက်နှာ လိုက်နေတာပါလား"
"ရဲတင်းလိုက်တာ!"
ချီယွဲ့က သခင်မကြီး ဟာ မျက်နှာလိုက်တယ်လို့ စွပ်စွဲရဲမယ်မှန်း မည်သူမှ ထင်မထားခဲ့ကြ။ သခင်မကြီး ဘေးမှ အစေခံက အော်ငေါက်လိုက်သာ်လည်း ချီယွဲ့က ခေါင်းမာမာဖြင့် ဦးမော့ထားဆဲ ။
လျိုရှုဟန်၏ မျက်နှာက ပိုပြီး အကျည်းတန်လာသည်။ ချီယွဲ့ကို ကြည့်နေပုံက အခုချက်ချင်းပဲ ထသတ်တော့ မယောင်။
"သခင်မကြီး ကျွန်တော့ အစ်ကို ကိုခွင့်လွှတ်ပေးပါ၊ သူက သခင်မကြီးကို စွပ်စွဲ တာ မဟုတ်ရပါဘူး၊ သူအမှန်အတိုင်း ပြောတာပါ၊ ရှန်သခင်မနဲ့ ၇ယောက်မြောက် သခင်မလေးက သခင်ငယ်လေးကို ပစ်မှတ်ထားနေမှန်း တုံးလင် အိမ်တော်တစ်ခုလုံးလည်း သိပါတယ်။ ရှန်သခင်လေးကို ဒီကိစ္စ မေးမြန်းကြည့်ပါ၊
သူခိုးကတော့ ကျွန်တော် သူခိုးပါလို့ ဝန်ခံမှာ မဟုတ်ဘူးမလား?"
ချီရွှမ်းလည်း တူတူ ဒူးလိုက်ထောက်၏။ သူတို့ ပန်းတိုင်က ရိုးရှင်းသည်။ ရှန်သခင်မအား ဒီကိစ္စ စုံစမ်းခိုင်းလျှင် ဘာထူးတော့မည်နည်း။
"အရှက်မရှိတဲ့ အစေခံတွေ"
ပြောသမျှ ကြားနေတဲ့ ရှန်ချန်က ဝင်ပြောလာပြန်သည်။ ဒီတစ်ခါ ရှန်သခင်မကြီးမှ တားလိုက်ပြီး သတိပေးသည့်အကြည့် ကြည့်လိုက်သည်။
လျိုရှုဟန် သက်ပြင်းချကာ သူမ သမီးကို ဆွဲ ခေါ်ရန် လုကျစ်ကို ပြောသည်။ ရှန်ချန် မှာ ဒေါသထွက်ပြီး တစ်မျက်နှာလုံး ရဲတွတ်နေသည်။
ရှန်လျန် ဘာစီစဉ်နေမှန်း လျိုရှုဟန် နားမလည်ချေ။ သူမ စကားပိုပြောလေ စကားထဲက အမှားတွေကို ရှန်လျန် ဆွဲထုတ်ပြီး အောက်ဆုံး
ထိ ဆွဲချသွားနိုင်သည်။
"မြေးငယ် ဘယ်လိုထင်လဲ ပြောပါဦး?"
သူမရှေ့ ဒူးထောက်နေတဲ့ အစေခံ နှစ်ဦးကိုကြည့်လိုက်ပြီး ရှန်လျန့်ကို ရည်ရွယ်ကာ မေးသည်။ သို့သော် ခေါင်းငုံ့ကာ အဖြေမပေးလာတာကြောင့် ရှန်လျန့် အတွေးက လူတိုင်းကို စိုးရိမ်လာစေတယ်။
"အမေ၊ အဲ့အစေခံ နှစ်ယောက်စကားက နည်းနည်းလွန်ပေမယ့် သူတို့ပြောတာတော့အမှန်ပဲ၊ ရှေ့ရက်က ကလေးနဲ့ ကတောက်တဆ ဖြစ်ကြတာ အားလုံးလည်းအသိပဲ၊ ပြီးတော့ မမကြီးက အိမ်တော် အကြီးအကဲ ဖြစ်ပြီး ရှောင်ဝူရဲ့ခြံဝန်းက အဓိက အိမ်တော်ရဲ့ခပ်လှမ်းလှမ်းမှာ ဒီတိုင်း ဖျက်စီးခံနေရတာကို ဘာမှ မသိဘူးဆိုတော့ အကျိုးကြောင်း မသင့်ဘူး"
ကျောက်လန် က သူမရဲ့ အတွေးကို ချပြပြီး လျိုရှုဟန်က်ု အမိအရ ရိုက်ချသည်။
" ညီမလေး ဘာကို ဆိုလိုတာလဲ? အစ်မက သားလေးနဲ့ ကတောက်ကဆ ဖြစ်တယ်တဲ့လား? အဲ့အချိန်က သခင်ကြီးလည်းရှိနေတာမို့ အမှန်တရားကို သိတယ်၊
ဒီနေ့ကျတော့လည်း အစ်မက မိဘအိမ်ပြန်သွားတာ လေ ၊ သူ့ခြံဝန်းဖျက်စီးခံရတာကို ဘယ်သတိထားမိပါ့မလဲ? ဒါက ထူးဆန်းနေလို့လား"
သူမကို ဝိုင်းတိုက်ခိုက်နေခြင်းအား လျိုရှုဟန် ...သည်းမခံ နိုင်တော့ချေ။ ဘာမှတောင် စုံစမ်းနေစရာ မလိုတော့ဘူး၊ သူမ ကိုပဲ အပြစ်ပုံချနေကြတယ်။
Words 1091
Grape 🍇