'မိုးချိန်းပြီး သည်းသည်းမဲမဲ ရွာချပြီ'
"လေ့ကျန်း.. ကျွန်တော် အိပ်လို့မရဘူး"
ကျုံးလင်ခြံဝန်းဆီ ပြန်ရောက်ပြီးနောက် မနက် နှစ်နာရီ ဝန်းကျင်ရှိနေပြီဖြစ်သော်လည်း ရှန်လျန်က ပြတင်းပေါက်နားတွင် ထောင်ထားသည့်ဒူးနှစ်ဖက်ကို လက်ပိုက်ကာ ထိုင်နေသည်။ ကောင်းကင်က လကွေးလေးကို မော့ငေးရင်း ငြီးတွားလိုက်၏။
"ဖြစ်မယ့်အရာကတော့ ဖြစ်လာမှာပဲ... ချင်ဖင်းမြို့စားမှာ သံမဏိတပ်သားရှိနေတာ ဆိုတော့ သူ အန္တရာယ် ကြီးကြီး မားမား မဖြစ်လောက်ပါဘူး"
လေ့ကျန်းအား ကိုယ်ထည် မမြင်ရသော်လည်း သူ့အသံက လေပြေနဲ့အတူ ရှန်လျန့်နားအတွင်းသို့ လွင့်မျောလာသည်။
ရှန်လျန် အသာပြုံးလိုက်ပြီး..
"ကျွန်တော်က သူ့ကို မစိုးရိမ်ပါဘူး... သူ့ ကိုယ်ခံပညာကျွမ်းကျင်ပုံနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှန်း သိပါတယ်... ကျွန်တော် စိုးရိမ်တာက..."
ဘာများလဲ?
ရှန်လျန် ထုတ်မပြောနိုင်ပါ.. ပုံမှန်ဆို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသင့်သည့် အချိန်တွင် အကြောင်းရင်း တစ်ချို့ကြောင့် အိပ်မရ ဖြစ်ရ၏။
"ခင်ဗျား ပြောကြည့် ! ကျွန်တော် လုပ်သင့်...."
"သခင်!"
ဒီလောက်ဆို ရပြီ! လေ့ကျန်း သည်းမခံနိုင်တော့ပေ။ ရှန်လျန်က တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ကြီးမှာ ထူးထူးဆန်းဆန်း လျှောက်လည်ချင်နေမှာ စိုးရ၏။ ဘယ်သူသိမှာလဲ? ဒီတစ်ခါ ဝမ်ယွဲ့မြို့ကို လိုက်ပို့ခိုင်းနေဦးမည်!
"ဘာ ထ ဖြစ်တာလဲ? ကျွန်တော်က အနောက်ခြံဝန်းကို နေ့ဘက်မှာ အလုပ်ရှုပ်အောင် လုပ်ခဲ့ပြီးပြီ ဆိုတော့ ညဘက်ပါ အိပ်မရအောင် သွားလုပ်သင့်လားလို့ တွေးနေတာ"
ရှန်လျန်က စစ နောက်နောက် ပြောပြီး ပြုံးလိုက်၏။
"....သခင့်သဘောပါ"
အပြင်ဘက်ရှိ လေ့ကျန်း၏ စူးရဲသော မျက်ဝန်းက ရှန်လျန့်အပေါ် နက်နက်နဲနဲကြည့်လိုက်၏။
" အခုတော့ ဘာပဲဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်ရပါမယ်"
မနက် 4နာရီ ပင် ရှိနေလေပြီ.. သခင်၏ ကျန်းမာရေးကိုတောင် မကြည့်ရှုပေးနိုင်လျှင် ယွမ်ရှောင်းနဲ့ တစ်ခြားလူတွေက သူ့ကို လေ့ ကျင့်ရေးပြန်သင်ခိုင်းနေဦးမည်။
"လေ့ကျန်း တစ်ယောက်ယောက်ကို ချစ်ဖူးလား"
နှစ်ယောက်ကြားက စကားတွေက အတွင်းသိ အစင်းသိ အဆင့် သို့ ရောက်ရှိလာ၏။
ထိုစကားကိုလေ့ကျန်း ကြားသောအခါ မျက်မှောင်ကြုံ့၏။
"မချစ်ဖူးဘူးဗျ"
အရိပ်တပ်သားရဲ့ခေါင်းဆောင် တစ်ဦးအနေနဲ့ သူ့မှာ သင်ယူစရာတွေများကြီးရှိသေး၏။ ဘယ်လိုလုပ် ချစ်ကြည်နူးနေဖို့ အချိန် ရှိမလဲလေ?
"တစ်ကယ်ကြီးလား?"
ရှန်လျန် က ပြတင်းပေါင်ပေါ် တင်ထားသောလက်ပေါ်သို့ မေးတင်လိုက်၏။
"အဲ့တာလဲ ကောင်းပါတယ်... သူများကိုရော ကိုယ့်ကိုကိုယ်ရော ဒုက္ခပေးရာမရောက်တော့ဘူးပေါ့၊ အရင်တုန်းက အချစ်ရူးတစ်ယောက် ရှိဖူးတယ်...သူ့ကိုယ်သူတော့ အချစ်ဆိုတာကို သိလှပြီ အောက်မေ့တာ... နွေးထွေးမှု နည်းနည်းလေးအတွက် ရင်ဘတ်ကြီး တစ်ခုလုံး ပုံအပ်ပစ်ခဲ့တယ် ၊နောက်ဆုံးတော့လည်း သူတွေးထားသလို မဟုတ်ပဲ အရာအားလုံးပျက်စီးခဲ့တယ်၊ သူ့ကိုချစ်တဲ့ အစ်ကို၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ဒုက္ခဖြစ်စေခဲ့တယ်၊ သူကိုယ်တိုင်လည်း နာမည်ပျက်သွားတာ သေတဲ့အထိပဲ! အဲ့လိုဖြစ်စေခဲ့တဲ့သူကို ဒီတိုင်းလွှတ်ထားပေးမယ်ထင်လား လေ့ကျန်း ခင်ဗျားပြောကြည့်... သူအဲ့လောက်မိုက်မဲပါ့မလား... ခြေနှစ်ချောင်းနဲ့ လူကောင်းကိုရှာတာထက် ခြေသုံးချောင်းရှိတဲ့လူ ကိုရှာတာကပိုလွယ်ဦးမယ်... ကိုယ့်ကိုကိုယ် အချစ်အတွက် ရူးရူးမိုက်မိုက် ပေးဆပ်စရာ လိုလို့လား...ဟားဟား နာမည်က ရိုးရိုးရှင်းရှင်းလေး .. အချစ်တဲ့ နောက်ကွယ်က သွေးတွေနဲ့ စက်ဆုပ်ဖို့ကောင်းတယ် .. သန့်ရှင်းတဲ့အချစ် မဟုတ်နေဘူး"
ရှန်လျန်ဟာ အိပ်မပျော်တဲ့ညမှာ သူ့စိတ်သူ ရှင်းထုတ်ဖို့ ရင်ဖွင့်နေတာပဲလား... သို့တည်းမဟုတ် နားထောင်သူ လေ့ကျန်း ရှိနေလို့ပဲလား မပြောတတ်... ကိုယ့်ဇာတ်လမ်းကိုယ် ပုံပြင်လို ပြောပြနေလေရဲ့....မျက်နှာက ပြုံးနေပေမယ့် နာကျည်းပြုံးနဲ့ ပိုတူ၏။ အရင်ဘဝက သင်ခန်းစာတွေကြောင့် ရှန်လျန် မျက်ရည် မကျခဲ့ပါ။ မိုက်မဲခဲ့ပြီးပြီမလို့ သင်ခန်းစာ ယူရုံသာရှိ၏။
"သခင်..."
လေ့ကျန်းမျက်မှောင်ကြုံ့ပြီး ကြည့်၏။ သခင်က ကိုယ့်အကြောင်းကိုယ် ပြောနေသလိုလို... အရင်က ဒီလိုလူမျိုးကို ကြုံခဲ့ဖူးသလိုလို...
ရင်ထဲက ဒဏ်ရာတွေကို ဖွင့်ထုတ်ပြနေတယ်လို့ လေ့ကျန်း ခံစားမိသည်။ သေချာတာတစ်ခုက ဒီလိုအဖြစ်မျိုးကို သူတို့သခင်လေး လုံးဝ မကြုံစေရဘူး!
သခင်လေးက ကောဖြစ်ပြီး သိုင်းပညာလည်းမတတ်တော့ သူများ လာသတ်ချင်ရင် လွယ်လွယ်လေးဆိုပေမယ့် ရှန်လျန့်မှာ အရှိန်အဝါတစ်ခုရှိတယ်... သူက စိတ်တည်ငြိမ်ပြီး အသေးစိတ်ကျကျ အကွက်မြင်တယ် ၊ဉာဏ်ကောင်းတယ်.. အရာအားလုံးကို ကိုင်တွယ်နိုင်တယ် ။ အားနည်းတဲ့ ကြက်ပေါက်လေးပုံစံ မဟုတ်တာကြောင့် အချစ်အတွက်နဲ့ သေတဲ့အထိ မိုက်မိုက်မဲမဲ ပေးဆပ်တဲ့သူ မဖြစ်သင့်ဘူး ။
"ဟဟ..."
သံသယမျက်ဝန်းကြောင့် ရှန်လျန် ရုတ်တရက် ထရယ်လိုက်၏။ စောနက စိတ်ခံစားချက်တွေအကုန်လုံး ပျောက်ကွယ် သွားပြီး စနာက်ချင်သည့်အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"လေ့ကျန်း ခင်ဗျားကလှည့်စားရ လွယ်လိုက်တာ.. ဘယ်လိုလုပ် အရိပ်ကိုယ်ရံတော် ခေါင်းဆောင်နေရာကို လုံခြုံအောင် ထိန်းထားနိုင်လဲ"
"သခင် ကျွန်တော့်ကို လျှောက်ပြောပြနေတာလား"
ချောမောတဲ့ မျက်နှာလေးက ချက်ချင်း မည်းသွားပြီး လက်သီးတင်းတင်း ဆုပ်လိုက်သည်။
"ဟာ... မလုပ်နဲ့ မလုပ်နဲ့နော်... ကျွန်တော်က စရုံတင်စတာ.. မှားမှန်းသိပါပြီ မှားသွားပါတယ် နော်"
လေ့ကျန်းရဲ့ လက်သီးဆီ အကြည့်ရောက်သွားပြီး မှားသွားကြောင်း ရယ်ချင်ပက်ကျိမျက်နှာဖြင့် အမြန် ဝန်ခံလိုက်သည်။ ကိုယ်ပြောတဲ့အမှု ကိုယ် ပြန်ခံရတဲ့အလှည့်ရောက်တော့ အတော်လေး ကြောက်ရ၏။ နောက်တစ်ကြိမ်တော့ ပိုသတိထားရပေမည်။
"သွားအိပ်ပါတော့!"
လေ့ကျန်းက အမိန့်ဆန်ဆန် လက်ညိုးထိုးကာ ပြော၏။
"သိပါပြီ... အိပ်ရုံလေးပဲကို..."
ဒုတ်!ဒုတ်ဒုတ်!
ရှန်လျန် ရင်တွေ တုန်ပြီး ကြာကြာ မဆန့်ကျင်ရဲတော့ချေ။ လေ့ကျန်းက ပြတင်းပေါက်မှ ခုန်ထွက်ရန် ပြင်လိုက်စဉ် အတော်အတန်ရှည်လျားသည့်လျှပ်စီးကြောင်းကြီး ဖြတ်စီးသွားသည်ကို တွေ့လိုက်ရရာ ရှန်လျန် အမြန် ပြတင်းပေါက်လိုက်ကာကို ဆွဲဖယ်ပြီး မည်းမှောင်နေတဲ့ ကောင်းကင်ကိုကြည့်လိုက်သည်။
လေ့ကျန်းသည်လည်း အမူအရာလေးနက်သွားကာ ဆရာတပည့်နှစ်ဦးသား ဝမ်ယွဲ့မြို့ဘက်သို့ စိုက်ကြည့်မိကြတော့၏။
ဂျိန်း!ဒလိန်း!
လျှပ်စီးကြောင်းကြီး လျှပ်သွားပြီးနောက် ကျယ်လောင်သော မိုးခြိမ်းသံများ တောက်လျှောက်ကပ်ပါလာကာ တိမ်တိုက်မည်းများက လမင်းကို ပိတ်ကာသွားတော့သည်။
"လာပြီ!"
မိုးပေါက်တွေ စကျလာတာနဲ့ ရှန်လျန် အေးစက်စက်ပြောလိုက်သည်။ ချက်ချင်းကိုပဲ ကောင်းကင်ကြီးက ဆည်ကာတာ ကျိုးပေါက်သလို တဝေါဝေါ ရွာချလေတော့သည်။
ဝမ်ယွဲ့မြို့၏ လက်ရှိ အခြေအနေ...
"ထျန်းရှု... အချက်ပြမီးရှူး ဖောက်လိုက်တော့! အသံနှစ်ခါ ကြားရင် သူတို့တွေ ပြည်သူတွေကို မြို့ထဲကနေ ချက်ချင်းခေါ်ထုတ်သွားလိမ့်မယ်... ဆည်တာတမံရဲ့လုံခြုံရေးကိုလည်း သေချာ အာရုံစိုက်ထား... ဖြစ်နိုင်ချေ သေးသေးလေးကအစ ချက်ချင်း သတင်းပို့ .... မသမာမှုရှိရင် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမယ်!"
ဖေးယွမ်ရွှင်း မျက်ဝန်းတွေ မှေးကျဉ်း၍ ချက်ချင်း ထရပ်ကာ အစောင့်တပ်သားတွေကို ချက်ချင်း အမိန့်ထုတ်သည်။ မိုးခြိမ်းသံက ဝမ်ယွဲ့မြို့ရှိ ပြည်သူတွေကို အသိပေးလိုက်ပုံပင်။
"ဟုတ်ကဲ့"
အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် ထျန်းရှု နှောင့်နှေး မနေရဲပဲ ဖေးယွမ်ရွှင်းရဲ့ အမိန့်ကို လုပ်ဆောင်ဖို့ ထွက်သွား၏။
ဖေးယွမ်ရွှင်းလည်း အနီးဆုံးက ဝတ်ရုံတစ်ထည်ကောက်ဝတ်ပြီး ပြတင်းပေါက် သွားဖွင့်လိုက်သည်။ သည်းကြီး မည်းကြီး ရွာချနေတဲ့ မိုးရေကြောင့် ခန့်ငြားလှတဲ့ မျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေ နဲ့ ပြည့်နှက်နေလေသည်။
ဝမ်ယွဲ့ဆည်တာတမံ.....
"အဖေ.. မိုးအတော်ကြီးတယ်... ပြန်နှင့်လိုက်လေ... ကျွန်တော် ဒီမှာ နေခဲ့မယ်"
မိုးခြိမ်းသံ ကြားကတည်းက တပ်သားတွေက တာတမံကိုကာဖို့ လှုပ်ရှားနေကြလေ၏။ လင်းဝေလည်း ကိုယ့်လုံခြုံရေးကိုယ် ဂရုမစိုက်အားပဲ ဆည်တာတမံ ကိုကာကွယ်ဖို့ အပြေးသွားလိုက်၏။
"ညီအစ်ကိုတို့! အားတင်းထား! တက်တက်ကြွကြွ စိတ်ပါလက်ပါ ရှိပါစေ! မြို့ထဲမှာ မိသားစုတွေ အများကြီးရှိနေတယ်... ဒီတာတမံကို ငါတို့ကာကွယ်နိုင်ရမယ်! ငါတို့ရဲ့ အသက်တွေ ပေးရမယ်ဆိုရင်တောင် ဆည်ကာတာက လုံလုံခြုံခြုံနဲ့ ဒီပုံစံအတိုင်းဆက်ရှိနေရမယ်! ရှိသမျှ အားတွေ အကုန်ထုတ်ပြီးကာကွယ်ကြ! တိုင်းပြည် အတွက် တိုက်ခိုက်ကြ! ငါတို့ရဲ့မိသားစု၊ပြည်သူတွေနဲ့ သူငယ်ချင်းတွေ၊ ချစ်ရသူတွေကို ရေနှစ်မြှုပ်ခွင့်မပေးကြနဲ့ ဟေ့!"
သူ့သားရဲ့အကြံပေးမှုကို လစ်လျူရှုပြီး စစ်သည်တွေကို အော်ဟစ် အားပေးလေတော့သည်။ သူကိုယ်တိုင်လည်း ပခုံးပေါ်၌ သဲတစ်ပေါင်အိတ်ကိုထမ်းကာ ဆည်ကာတာဆီ ဦးတည် လျှောက်လှမ်းလေ၏ ။
"အဖေ..."
"ဗိုလ်ချုပ်!"
လင်းယွီချိန်ရော စစ်သည်တွေပါ အားအင်တွေ တစ်ဟုန်ထိုးတက်ကာ ဆည်ကာတာကို မြင့်သထက်မြင့်အောင် ပိတ်ကာရာ၌ အားကြိုးမာန်တက် ပူးပေါင်းလိုက်ကြ၏။ ကီလိုမီတာ များစွာ မြင့်တဲ့ တာတမံအား လင်းစစ်သည်တော်များက သဲအိတ်တွေ ထပ်ကာထပ်ကာဆင့်ကာ မိုးရေတွေအောက်မှာ လှုပ်ရှားနေကြသည်။
စစ်သည်တွေဟာ လေ့ကျင့်ထားသည်နှင့်အညီ အမိန့်သံကို ကောင်းမွန်စွာ နာခံကြပြီး ဆည်တတမံကိုအပြည့်ဝကာကွယ်နိုင်ရန် သာ အာရုံစိုက်နေကြသည်။
*******
"မကောင်းတော့ဘူး... မိုးက အတော် ကြီးတယ်နော်"
"မြန်မြန် ! မြန်မြန်! ထကြတော့! မိုးရွာနေပြီဟ"
"ဟွေအန်းဘုန်းတော်ကြီးက သက်ရှိဘုရားပဲ.. သူဟောတာ တစ်ကယ်မှန်နေပြီကွ"
"ဆည်တာတမံကြီး မပြိုကျနိုင်လောက်ပါဘူးနော်? ငါတို့ဘယ်လိုလုပ်ကြမလဲ"
ဝမ်ယွဲ့တစ်မြို့လုံး ပွက်လောရိုက်ကုန်ကြပြီ။ ပြည်သူတွေက စိုးရိမ်ကုန်ကြပြီး အိပ်ရာက အမြန် ထကာ ကြောက်လန့်တကြား အိမ်ပြင်ထွက်လာကြသည်။ ဆည်ကာတာကြီး ကျိုးသွားရင် ရေအရင်မြှုပ်သေမှာက ဝမ်ယွဲ့မြို့လေ!
ဒီနှစ်က မိုးများပြီးရေက ကြောက်စရာ ကောင်းလောက်အောင် မြင့်နေပြီးပြီ...ဆည်ပြိုကျလာရင် သူတို့မှာ တောင်ပံပါရင်တောင် ပြေးမလွှတ်နိုင်ဘူး ... လူတိုင်းလွှတ်မြောက်ဖို့ခက်လိမ့်မယ်။
"အမြန်ပြေးကြ! ပြေးကြစို့"
"ဟုတ်တယ် ဟုတ်တယ်"
မည်သူက ဆော်ဩလိုက်သည်မသိ မိုးသံကိုဖောက်ပြီး ကြားလိုက်ရတာကြောင့် လူတိုင်း ဆူညံကြပြန်သည်။
"တိတ်ကြစမ်း! အားလုံးတိတ်! လူတိုင်း ပြဿနာ မရှာကြနဲ့.. လင်းစစ်တပ်က ဆည်ကာတာကို ကာကွယ်ပေးနေတယ်... အခြေနေတည်ငြိမ်တာမလို့ အားလုံး စိတ်အေးအေးထားကြပါ!
အရာရှိတွေက အပြေးရောက်လာပြီး သတင်းပြန်ကြားပေးလေသည်။ ရုတ်တရက်ကြီးမိုးကြီးမယ်လို့ ဘယ်သူမှလည်းထင်မထားတာကြောင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေကြသည်။
"ကျန်းသခင်လေး... တစ်ကယ်ပဲ ဘာမှ မဖြစ်နိုင်ဘူးလား"
"ကျန်းသခင်လေး ကျုပ်တို့ကို မလိမ်ပါနဲ့... ကျုပ်မှာ ကလေးတွေရော လူကြီးတွေရော ရှိသေးတယ် အန္တရာယ်များလို့ပါ"
"ကျန်းသခင်လေး..."
အသက်ကယ်တင်ပေးမယ့် နတ်သားလေးလို့ထင်မှတ်သွားကြတာကြောင့် လူအုပ်က အမြန်ပဲ ရှေ့တက်လာပြီး မိုးရေစိုရွှဲတာကိုလည်း ဂရုမစိုက်ကြပဲ မေးမြန်းကြ၏။ သူတို့စိတ်ထဲ ဆည်ကာတာ ပြိုကျမှာ ကို စိုးရိမ်နေကြသည်။ မတော်လို့ တစ်ကယ် ပြိုကျရင် အကူအညီခေါ်ဖို့ ငိုနေဖို့ အချိန်ပင်ရှိလိုက်မှာ မဟုတ်ပါ။
"ကျန်းအရာရှိခင်ဗျာ.. မြို့စားမင်းက ပြည်သူတွေကို အမြင့်တစ်နေရာဆီခေါ် သွားဖို့ အမိန့်ပါးလိုက်ပါတယ်... ကျေးဇူးပြုပြီး ပူးပေါင်းပေးကြပါ"
မိုးရွာထဲ မြင်းနက် တစ်ချို့ ပေါ်ထွက်လာပြီး ထျန်းရှုနဲ့ ထျန်းချွမ်က ထိုလူစုကိုဦးဆောင်လာသည်။ လက်ရှိ ဝမ်ယွဲ့ မြို့အခြေအနေက အိမ်နီးချင်းမြို့တွေထက် အတော်လေး ဂယက်ရိုက်သည့် အနေအထားဖြစ်နေသည် ။ဆည်ကာတာ ကျိုးမှ လူကယ်ရင် အတော်လေးနောက်ကျသွားပေလိမ့်မည်။ ပြီးခဲ့သည့် ရက်တွေမှာ သံမဏိတပ်သားတွေက ပြည်သူတွေ ရေလွတ်နိုင်မယ့် အမြင့်နေရာ၊ တောင်ကုန်းတွေကို ရှာဖွေခဲ့ကြပြီး ဆည်တာတမံ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်း ဦးဆောင်ပြီး ခေါ်သွားရုံပင်။
"အမိန့်အတိုင်းပါ"
မြို့စားအမိန့်ဆိုမှတော့ ကျန်းအရာရှိလည်း လစ်လျူမရှူရဲတော့ပဲ သူ့ငယ်သားတွေ ကို သံမဏိတပ်သားများနှင့် ချက်ချင်းပူးပေါင်းစေ၏။ အရှေ့မှ ဦးဆောင်ရင်း အနောက်က ပိတ်ကာရင်း ပြည်သူတွေကို အလယ်က ထားကာ ကုန်းမြင့်ဆီ ခေါ်ဆောင်သွားတော့၏။
ဝမ်ယွဲ့မြို့၏ အချုပ်ခန်းတွင်ဖြစ်၏။
"တစ်ကယ်ကြီး... အမှန်တစ်ကယ်ရွာချပြီ... ငါကယ်တင်ခံရပြီပေါ့"
ရက်အတော်ကြာ ချုပ်ခံထားရတဲ့ ဟွေအန်းက မိုးချိန်းသံကြတာနဲ့ ချက်ချင်းနိုးလာပြီး သံတိုင်ကိုကိုင်ကာ အပြင်က မိုးသံကို နားစိုက်ထောင်လိုက်ပြီး ပါးနှစ်ဖက်ပေါ် မျက်ရည်တွေ စီးကျလာသည်။ဒီရက်တွေမှာ သူဘယ်လောက်တောင် သောကရောက်နေခဲ့ရသလဲ...
ရှန်လျန်ပြောတာတွေက မှားခဲ့ရင် ဇနီးနဲ့ ကလေးတွေကို ထားခဲ့ရပြီး ခေါင်းဖြတ်ခံရတော့မှာလေ..
"အထက်က အမိန့်ချလာတယ်... အချုပ်သားတွေကို အကုန်လွှတ်ပေးတော့မယ်တဲ့"
ကျယ်လောင်သည့် အသံက အချုပ်နံရံတွေကို ဖြတ်လာတာကြောင့် အချုပ်သားတွေ အကုန်ဆူညံကုန်ကြ၏။ ဟွေအန်း အပါအဝင် လူတစ်ချို့ကလည်း ဆည်ကာတာ ပြိုကျမှာကို ယုံကြည်ကြသသည်။ ရဲသားကို မြင်သည်နှင့် ဟွေအန်းက မျက်လုံးနီနီများဖြင့် ပြေးလာကာ မေး၏။
"ရေကာတာက ရော? ဗိုလ်ကြီးတွေ ကာကွယ်ပေးထားကြတယ်မလား? ထိန်းထားနိုင်လား?"
"ဆရာတော် ဟွေအန်း... စိတ်အေးအေးထားပါ...လင်းမိသားစုဦးဆောင်တဲ့ စစ်တပ်က ဆည်တာတမံကို စောင့်ရှောက်နေကြပါတယ်.. ပြဿနာ မလုပ်ပဲ ကျုပ်တို့နဲ့ အေးဆေး လိုက်လာပေးစေလိုပါတယ်"
ဆူညံနေတာတောင် ဟွေအန်းရဲ့အသံကြားတာနဲ့ အစောင့်ဟာ ယဉ်ယဉ်ကျေးကျေးနှင့် အချုပ်ခန်းတံခါးကိုဖွင့်ပေးလာသည်။ လွန်ခဲ့တဲ့ ငါးရက်က ဒီလူပြောတဲ့ စကားကို သူတို့ လုံးဝ မယုံကြည်ခဲ့မိပါ... ရေကာတာက ချက်ချင်းမပြိုကျခဲ့ရင်တောင် အင်ပါယာ မြို့တော်က စစ်သည်တွေ ရောက်လာဖို့ သူတို့ စောင့်နေရရင် ဝမ်ယွဲ့ တစ်မြို့လုံးရေနှစ်ပြီး ကယ်တင်ဖို့ ခက်သွားလိမ့်မည်။
ဆရာတော် ဟွေအန်းက ဝမ်ယွဲ့ တစ်မြို့လုံးရဲ့ ကယ်တင်ရှင်ပဲ....။
2475 words Grape 🍇