'မြို့စားမင်းကို ချွဲမယ်'
"အဲ့ဒီလိုကိုး... ဝေမိသားစုဘိုးဘေးတွေက အကုန်တော်ကြတယ်နော်"
ဇာတ်လမ်းအစအဆုံး နားထောင်ပြီးတော့
ရှန်လျန် ဂုဏ်မယူပဲမနေနိုင်။
"သေချာတာပေါ့.. ဒါပေမယ့်လည်း သူတို့ဘယ်လောက် တော်ခဲ့ပါစေ ဒါက အတိတ်ကဖြစ်ခဲ့တာတွေ... လက်ရှိ ကိုယ်နဲ့မင်းက သူတို့ထက် နောက်ကောက်ကျလို့မဖြစ်ဘူးနော်"
ဖေးယွမ်ရွှင်း သူ့ဘက်လှည့်ပြီး စကားခေါင်းစဉ်ပြောင်းလိုက်၏။
"လျန်လျန် .. အခုကလေ.. ဧကရာဇ်က အရိပ်ကိုယ်ရံတော် တပ်ဖွဲ့တည်ရှိတာကို ကြောက်လန့်နေတာဆိုတော့ ဆက်ပြီးလျှို့ဝှက်ထားတာ အကောင်းဆုံးပဲ... အနာဂါတ်မှာမှ ကောင်းကောင်းအသုံးချပေါ့"
ရှန်လျန်၏ လုံခြုံရေးက ပထမ ဦးစားပေးပင်။ တော်ဝင်မိသားစုသာ အရိပ်တပ်ဖွဲ့ကို ရှန်လျန်ပိုင်တာ သိသွားရင် တော်ဝင်မိသားစုတစ်ဦးဦးနဲ့ အတင်းအကြပ်လက်ထပ် စေတာဖြစ်ဖြစ်၊
ရှန်လျန့်အပေါ် ဖိအားသုံးပြီးအသုံးချတာဖြစ်ဖြစ် လုပ်နိုင်သည်။ ထိုသို့ဖြစ်လာမှာကို ဖေးယွမ်ရွှင်း မမြင်ချင်ဆုံးပင်။
"ဟုတ် ကျွန်တော် နားလည်ပြီ.. ခင်ဗျားကိုပြောပြတာက ခင်ဗျားက တစ်ခြားလူတွေနဲ့မတူလို့လေ"
ရှန်လျန်သည် အရင်ဘဝကလို မရူးမိုက်တော့ပဲ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ဖဲကို အလကားမဖြုန်းတီးတော့ချေ။
"ခုလို စကားကြားရတာ ကိုယ် ဝမ်းသာတယ်၊ အနာဂါတ်မှာ ဒီလိုစကားမျိုး များများပြောပေး... လျန်လျန်က ချော့ခိုင်းရင် ကိုယ်က အမိန့်နာခံမယ့်သူပါ!"
ဒီ ယောင်္ကျားသားက စကားချိုချိုချွဲချွဲ လေးတွေကိုတစ်ကယ် ကြိုက်နှစ်သက်လေသည်။
ရှန်လျန်က သဘောတကျ ရယ်လိုက်ပြီး
"မြို့စားမင်းကြီးကို ကျွန်တော်မျိုးက အမိန့်မပေးရဲပါဘူးဗျာ.. ဒါပေမယ့် အကူအညီ တောင်းစရာ တစ်ခုတော့ရှိတယ်"
"ပြောလေ..."
ဖေးယွမ်ရွှင်း၏ အပြုံးက ထင်ရှားနေ၏။ သူ့မိသားစု လျန်လျန်က ကြည့်လေ ကြည့်လေ .. ပိုလှလာလေပဲ...ဒီကမ္ဘာမှာ ယှဉ်နိုင်တဲ့သူတောင် ရှိမှာမဟုတ်ဘူး!
"ဝမ်ယွဲ့မြို့က ဆည်ကာတာနဲ့ သက်ဆိုင်တယ်"
လေးနက်တဲ့အမူအရာနဲ့ ရှန်လျန်ရုတ်တရက် ဖေးယွမ်ရွှင်းပေါ် မှီ၍ တီးတိုးပြောလာရာ ဖေးယွမ်ရွှင်းမျက်နှာ ပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး နက်မှောင်တဲ့အမူအရာက အစားထိုးလာသည်။
"သေချာတယ်နော်"
နက်ရှိုင်းတဲ့အကြည့်တွေအောင်မှာ ရှန်လျန် ခပ်လေးလေး ခေါင်းငြိမ့်၏။
"သေချာတယ်.. ဒီကိစ္စနဲ့ အရိပ်တပ်ဖွဲ့ကို ကူခိုင်းလို့က အဆင်မပြေဘူး.. ဗိုလ်ကြီးလင်းက အဆင်ပြေပေမယ့် သူက ကျွန်တော့်စကားကို သိပ်မယုံဘူး.. သံမဏိတပ်သားတွေကိုစေလွှတ်ဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်"
"အဲ့ကိစ္စ ကိုယ့်ဆီသာလက်လွှဲလိုက်! တစ်ခြားကိစ္စလည်း ကျန်သေးတယ်မလား"
ဖေးယွမ်ရွှင်း၏သံသယက မမှားပေ။ ရှန်လျန့်စကားက ပြောလို့မပြီးသေးဘူးလို့ သိစိတ်ကအလိုလိုခံစားမိနေသည်။
ဖေးယွမ်ရွှင်းကို ထိန်ချန်ထား၍လည်းမဖြစ်နိုင်တာမလို့ ရှန်လျန် ပြုံး၏။
"တစ်ခြားကိစ္စ ရှိတယ်.. ကျွန်တော့်ပစ်မှတ်က ကြီးကြပ်ရေးမှူး ဝမ်ယွမ်ပဲ"
"အရာရှိစာမေးပွဲကို လှည့်စားမှုတစ်ခုလုပ်ပြီး အထက်ကို ဖြေရှင်းခိုင်းမလို့လား"
ဝမ်ယွမ် နာမည် ကြားလိုက်တာနဲ့ ရှန်လျန် ဘာလုပ်ချင်နေမှန်း ဖေးယွမ်ရွှင်းသိလိုက်သည်။ ဝမ်ယွမ် ဆိုတာ အရာရှိဝင်ခွင့်ဖြေပွဲကို ကြီးကြပ်တဲ့အရာရှိတွေထဲက တစ်ယောက်ဖြစ်ပြီး ဖြေဆိုသူအသစ်တွေကိုကိုင်တွယ်မှုမှာ တာဝန်ရှိပြီး ၊
မသမာဖြေဆိုသူတွေမဖြစ်အောင်လည်း တာဝန်ယူရသည်။ ဝမ်ယွမ် ကိုအသုံးချပြီး ဖုယွင်ရှီးရဲ့ကိစ္စကို ပြန်ဖော်ချင်တာဖြစ်၏။
"မဟုတ်ပါဘူး..ဒီတိုင်း ရာထူးဂုဏ်နာမည်တပ်ပြီး မတရားမှုလုပ်ပြီး တာဝန်မယူတတ်တာကို
မကြိုက်ရုံတင်ပဲ...ဖုယွင်ရှီးက ကျွန်တော့်လူ ဖြစ်လာမှတော့ သေချာပေါက် ပြန်ကြည့်ပေးရမှာပေါ့"
တစ်ခြားအကြောင်းပြချက်တွေရှိနေရင်တောင်မှ ဒါဟာ အကျိုးလိုလို့ ညောင်ရေလောင်းထားတာပဲဖြစ်၏။
"မင်းရဲ့လူ ဆိုတာ ဘာကိုဆိုလိုတာလဲ... မသိရင် မင်းနဲ့သူ့ကြား တစ်ခုခုရှိနေသလိုပဲ.. ကိုယ့်ကို ရန်မစနဲ့နော်"
ဖေးယွမ်ရွှင်းက မကြည် ကြည့် ကြည့်သည်။ ထို့နောက် ရှန်လျန့်လက်ကို လွှတ်ကာ ထရပ်သည်။
"နားတော့.. ကိုယ်မင်းနဲ့အပြည့်ဝ ပူးပေါင်းပေးမယ်..ရိုအာကိုစောင့်ရှောက်မယ်ဆိုရင်လည်း ကိုယ်မတားတော့ဘူး.. ထျန်းချွမ်၊ ထျန်းရွှမ်နဲ့ ယွီဟိုင်ကို ဒီည ဒီမှာထားခဲ့မယ်.. လျန်လျန့်လူတွေ လာမှ ပြန်လာခိုင်းမယ်... ဒီကိစ္စကိုတော့ ကိုယ့်ကိုတွန်းအားလာမပေးနဲ့ နော်...ကိုယ်စိုးရိမ်ရအောင်မလုပ်နဲ့"
သူ့အရိပ်နဲ့ ကွယ်နေတဲ့ ရှန်လျန့်ပါးမို့ကို ဖေးယွမ်ရွှင်း က စူးရှတဲ့မျက်ဝန်းတစ်စုံဖြင့်ကြည့်ကာ
တို့ထိ လိုက်သည်။
"ဟုတ်ပါပြီ.. ခင်ဗျားရောပဲ။
ပြီးတော့ တစ်မြို့လုံး ရဲရဲနီနေပြီး ခင်ဗျားအိမ်မှာ ခမ်းနားကြီးကျယ်အောင် ကျင်းပမယ့် မင်္ဂလာပွဲနေ့ကို ကျွန်တော် မျှော်နေမယ်နော်"
ရှန်လျန် ရှက်ဝဲဝဲ နှင့် ခပ်ပါးပါးပြုံးပြသည်။ ဤညသည် သူတို့နှစ်ဦးစလုံးဘက်မှ ခံစားချက်တွေ တစ်ဆင့်တိုးလာသည့်ည ဖြစ်ပေတော့၏။
"ကြာကြာ မစောင့်စေရဘူးနော်"
ရှန်လျန့်နဖူးကို အသာငုံ့နမ်းလိုက်ပြီး ပြတင်းပေါက်ဖွင့်၍ထွက်မသွားခင်
"စောစောနားတော့" ဟုပြောလိုက်၏။
ပြတင်းပေါက်နား ရှန်လျန် အမြန်သွားလိုက်ပေမယ့် အမှောင်ထုကိုသာ တွေ့ရတော့၏။ တံခါးပိတ်လိုက်ပြီး ဖုရင်တို့အခန်းဆီ ထွက်လာလိုက်၏။ သုံးယောက်လုံးက စိုးရိမ်နေကြရာ ကလေးအနား ဝိုင်းထိုင်နေကြပြီး ဘယ်သူမှ မအိပ်ကြသေး။
"လျန်လျန်"
တံခါးဖွင့်သံ ကြားတာနဲ့ သုံးယောက်လုံး ချက်ချင်း ထရပ်လိုက်ကြရာ ရှန်လျန်က တားလိုက်ပြီး အိပ်ရာဆီသို့ကြည့်လိုက်သည်။ ကလေးငယ်က လက်မစုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ မျက်နှာဝိုင်းဝိုင်းနဲ့ နူးညံ့ကြင်နာတတ်သည့်ရုပ်က ရှန်လျန်နှင့်ဆင်သည်။ ရှန်လျန် မနေနိုင်တော့ပဲ ဖြူဖွေးအုအက်နေသည့် ပါးဖောင်းဖောင်းလေးကို ညင်ညင်သာသာ ပွတ်လိုက်မိပြီး သူ့မျက်ဝန်းတွေနီရဲလာရ၏။
ဒီကလေးက သူ့အစ်ကိုရဲ့သားလေး..အရင်ဘဝက တစ်ကြိမ်မှ တွေ့ခွင့်မရလိုက်တဲ့ သွေးအနီးဆုံးမိသားစုလေး!
"လျန်လျန်..."
ပုံစံမမှန်တဲ့အမူအရာကြောင့် သုံးယောက်သား အတွေးပွားနေကြ၏။ လျန်လျန်က ဘာလို့သူ့သားလို ကြည့်နေတာလဲ? သူတို့သာ အရင်းနှီးဆုံးလူတွေ ဖြစ်မနေရင် အိပ်ရာပေါ်က အနှီးထုပ်လေးကို ရှန်လျန်ရဲ့ အချိန်အတော်ကြာပျောက်ဆုံးနေတဲ့ သားလေးလို့ ထင်မိကြလိမ့်မည်။
"ဦးလေးဖု၊ ယွဲ့ကော၊ ရွှမ်းကော ... အနာဂါတ်မှာ ဒီကလေးက ကျွန်တော်တို့ ကျုံးလင် ခြံဝန်းမှာ နေလိမ့်မယ်"
တည်ကြည်တဲ့အမူအရာနဲ့ လူသုံးယောက်ကို ကြည့်ကာ ပြောပြသည်။ ကလေးကိုပြုစုပျိုးထောင်ရာမှာ ဒီလူတွေကိုပဲ ကိစ္စအတော်များများ လက်လွှဲရမှာပင်။
သူကတော့ ရိုအာ ရဲ့ လုံခြုံရေးကို ပို ကျယ်ကျယ်ပြန့်ပြန့်ကာကွယ်နိုင်အောင် ကျုံးလင် ခြံဝန်းကို ခိုင်ခိုင်မာမာ အကာကွယ်ချရမည်။
"ဒါ...ဒါက ဖြစ်ပါ့မလား.. လျန်လျန် က ကောတစ်ယောက်နော်.. ဒီခြံဝန်းမှာ ကလေးတစ်ယောက်ရှိမှန်းသူများသိသွားရင် ဘယ်လိုတွေးကြမလဲ... အဆိုးဆုံးက ရှန်မိသားစုဝင်တွေ...."
ရှန်လျန့်ဆုံးဖြတ်ချက်ကိုကြားပြီး သုံးယောက်လုံးစိတ်ရှုပ်ထွေးစွာနဲ့ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိကြသည်။ တွန့်ကွေးနေတဲ့မျက်ခုံးတွေက မလိုလားကြောင်း ဖော်ပြနေကြသော်လည်း
ရှန်လျန်မှ ဖုရင်ကို တားလိုက်သည်။
ချီရွှမ်းနဲ့ ချီယွဲ့ကိုကြည့်ကာ
"နာမည်က ရှန်ရို ၊ အသက်က ငါးလ ရှိပြီ ၊ သူက
ကျွန်တော့ အစ်ကိုရဲ့သားပဲ"
"ဘယ်လို!"
နှစ်ဦးလုံး အထိတ်တလန့်ဖြစ်ပြီး ဖုရင်လည်း ကြောင်ငေးနေသည်။ ဒီကလေးကို သူတို့စောင့်ရှောက်ပေးရမှာက မထူးဆန်းတော့ပါချေ။ ကိစ္စတွေက ဒီလိုဖြစ်နေတာကိုး...
"သခင်က လက်ထပ်ပြီးသွားပြီလား!"
ချီယွဲ့က ကလေးကိုကြည့်ပြီး မျက်လုံးပြူးနေသည်။ သူတို့သခင်ရဲ့ ကလေးတဲ့လား..
"လက်မထပ်ရသေးဘူး.. ဒီကိစ္စက ရှုပ်ထွေးတယ်.. ရှင်းပြလို့အဆင်မပြေဘူး ရိုအာ့အကြောင်းကိုသိထားရင်ပဲရပြီ၊ သံသယ မဝင်ပါနဲ့.. သူက အစ်ကို့ သားပါ"
ဟော်ရဲ့လင်က ကော ဆိုတဲ့အချက်ကို လျှို့ဝှက်ထားဖို့ပဲ ရွေးချယ်လိုက်၏။ ဒါက သူတို့ကို
မယုံကြည်လို့မဟုတ်ပဲ ...သူများကိစ္စ၊ သူများလျှို့ဝှက်ချက်ကို ဖွင့်ချပြရန် မသင့်သောကြောင့်ဖြစ်၏။
"ကောင်းပါပြီ ၊ သူက သခင့်သားဖြစ်နေမှတော့ အစ်ကိုတို့ ဘယ်လစ်လျူရှုနိုင်မလဲ.. ဒါပေမယ့် ကလေးကို ဒီခြံဝန်းမှာ ထားရင် အန္တရာယ်အရမ်း မများဘူးလား"
ချီယွဲ့ အသက်ပြင်းပြင်းရှုရင်း ရှန်လျန် ပြန်ပြောလာမှာကို စောင့်သည်။ ရှန်အိမ်တော်က တိရစ္ဆာန်အသိုက်နှင့် ပြည့်နေရာ သူတို့ ရှန်လျန့်အပေါ် တစ်မျိုးတမည် မြင်သွားပြီးအနာဂါတ်မှာ ပိုခက်ခဲလာမည်ကို စိုးရိမ်နေခြင်းဖြစ်၏။
"အင်း.. အဲ့တာကြောင့်.. မနက်ဖြန်က စပြီး ကျုံးလင် ခြံဝန်းကို သုံးထပ်တိတိ အတွင်း၊အပြင် အကာကွယ် ချမယ်... စိတ်မပူတော့နဲ့.. အဲ့လူတွေကို ငါတို့ရှေ့ပေါ်မလာစေရဘူး"
အရွယ်ရောက်သူတွေက သည်းခံနိုင်ပေမယ့် ကလေးငယ်က အန္တရာယ်ကို မခံစားသင့်ဘူး။
"ဘာလုပ်ရမလဲ သဘောပေါက်ပါပြီ၊ မနက်ဖြန်ကစပြီး.. လိုအပ်တဲ့ပစ္စည်းနဲ့ အစာသွားဝယ်မယ်၊ ဘာသတင်းမှမထွက်အောင် ဂရုစိုက်ရမယ်"
ကိစ္စအတိမ်အနက်ကိုသဘောပေါက်သွကြပြီး ချီယွဲ့က ဦးစွာတာဝန်ခွဲယူသည်။
ဖုရင်လည်း ခေါင်းငြိမ့်၍
"လျန်လျန် စိတ်သာချ.. ဦးလေးက ကလေးပြုစုတတ်တယ်.. သခင်ငယ်လေး ကောင်းကောင်းကြီးပြင်းလာအောင် သေချာ ပျိုးထောင်ပေးမယ်"
"အားလုံးကို ဒုက္ခပေးရတော့မှာပဲ.. တစ်ခုခုလိုရင် ဝယ်သာဝယ်လိုက်.. ငွေအတွက် မစိုးရိမ်နဲ့.. ကုန်သွားရင် ပြန်ရှာ လို့ရတယ်"
နောက်ဆုံးတော့ ရှန်လျန်ပြုံးနိုင်သွား၏။ အားလုံးတူတူပူးပေါင်းမှတော့ ကလေးကို ကောင်းကောင်း မကာကွယ်နိုင်စရာ မရှိတော့ချေ။
"လျန်လျန်...လျန်လျန် ကျွန်တော်ကရော သခင်လေးအတွက် ဘာလုပ်ပေးရမလဲ"
စိတ်လှုပ်ရှားနေတာနဲ့ အားလုံးထက် နောက်ကောက်ကျမှ တုံ့ပြန်လာတဲ့ ချီရွှမ်းက ရှန်လျန်ကိုဆွဲပြီး အိပ်ရာပေါ်က ဆန်ဖြူလုံးလေးကို ကြည့်ကာ မေးသည်။
ကောင်းလိုက်တာ... သခင့်မှာ သားလေး ရှိပြီပေါ့....
"အာ.. ကောက ကလေးကို ပွေ့၊ ဖက်၊ နမ်းရှုံ့ပြီး သူနဲ့အတူ ကစားပေးလေ"
စချင်နောက်ချင်သည့် မျက်နှာကို ဖုံးကွယ်လျက် ချီယွဲ့နဲ့ ဖုရင်ကို အချက်ပြသည်။ သူမှတ်မိသေး၏။ ငယ်ငယ်က ချီယွဲ့က သူ့ထက်အရပ်ပိုရှည်တာမလို့ မကြာခဏ ပွေ့ပြီး လေပေါ်မြောက်ကာ ဆော့ပေးသည်။ တစ်ခါတရံလည်း နှစ်ဦးလုံး မြေပေါ်လဲကျဖူး၏။
"လျန်လျန်!"
"ဟားဟားဟား"
ငယ်တုန်းက ကလေးလုပ်ရပ်ကို ပြန်သတိရပြီး ချီရွှမ်း မကျေနပ်မှုကိုထုတ်ပြသည်။ ရှန်လျန်နှင့် ကျန်နှစ်ယောက်မှာ အားပါးတရရယ်ပြီး သူ့အားမျက်နှာသာ မပေးပါချေ။
"ကလေးက ငါးလပဲရှိသေးတာဆိုတော့ နို့ဖြတ်လို့မရသေးဘူး..လျန်လျန် ကလေးထိန်းခေါ်မှာလား သိုးနို့ကို အရင်သွားဝယ်ထားသင့်လား..ခြောက်လလောက်ရောက်မှ နို့ထမင်းပူပူလေး ကျွေးလို့ရလောက်မယ်"
စနောက်ကြပြီးနောက် အတွေ့ကြုံအရှိဆုံး
ဖုရင်က အပြုံးလက်ကျန်လေးနှင့် ပြောလာသည်။ ဒီကိစ္စက ပိုအရေးကြီးသည်။
"ကောင်းပါပြီ"
ရှန်လျန် မေးကို ပွတ်သပ်ကာ တွေးဆဆနှင့်
"ဆိတ်နို့ ဝယ်လိုက်မယ်.. ဒီအိမ်မှာက ယောင်္ကျားသားတွေနေတဲ့အပြင် လူသစ်အတွက် အခန်းလွတ်လည်းမရှိဘူး"
အရေးအကြီးဆုံးက လူတစ်ယောက်ကို မျက်နှာ အမူအရာပဲ တွေ့ရပြီး အတွင်းစိတ်ကို ဖောက်မမြင်နိုင်ချေ။ ကလေးထိန်းက သူတို့ကို ပြန်မချိန်းခြောက်ဘူးဟု မပြောနိုင်။
"ဟုတ်တယ်.. အတွေးတူတယ်.. ချီယွဲ့နဲ့ချီရွှမ်းက ဆိတ်နို့သွားဝယ်လိုက်.. ကလေးက ကျယ်ကျယ်လောင်လောင် ငိုနိုင်မှတော့ အာဟာရ ပြည့်ဝအောင် စားထားရတာပဲ"
"ကောင်းပါပြီ"
နှစ်ယောက်လုံးငြင်းစရာမရှိ... အားလုံးမှာ ကိုယ်ပိုင် အစီအစဉ်တွေရှိနေမှတော့ ရှန်လျန် ဝင်စွက်ဖက်နေစရာမလိုတော့သဖြင့် ထရပ်ပြီး ကလေးကို သွားကြည့်လိုက်၏။ ပါးဖောင်းဖောင်းလေးပေါ် အနမ်းတစ်ချက်ချန်ကာ အခန်းထဲက ထွက်လာလိုက်၏။
မြို့တော်၏ လူခြေတိတ်ချိန် ..လမ်းမပေါ်တွင် လူရိပ်တစ်ခုက အိမ်ပေါင်းများစွာ ဖြတ်သန်းသွားပြီး မြို့အရှေ့ပိုင်းက အကြီးဆုံးအိမ်တော်ဖြစ်တဲ့ ချင်ဖင်းမြို့စား၏ ကိုယ်ပိုင်အိမ်တော်ထဲသို့ဝင်ရောက်သွား၏။
" ပြောစရာရှိလို့လား"
အခန်းတစ်ခန်းထဲတွင် ဖေးယွမ်ရွှင်းက အပေါ်ပိုင်းဗလာဖြင့် ပျင်းတိပျင်းရွဲ မှီထိုင်နေပြီး အပေါ်ကွေးတက်နေတဲ့နှုတ်ခမ်းကြောင့် စိတ်အခြေအနေကောင်းကြောင်း သိနိုင်သည်။ ထျန်းရှုက သူ့ကို တွေဝေစွာ ကြည့်လျက်..
အချိန်တစ်ခုကြာမှ အံကြိတ်ကာ မေးလိုက်၏။
"သခင် .. ဘာလို့ ဝမ်ဖေးကို ဆေးမစစ်ခိုင်းတာလဲ.. ဆေးကျမ်းကသူ့လက်ထဲမှာ ရှိနေမှတော့ သေချာပေါက် သခင့်ကိုကူညီဖို့နည်းလမ်းရှာမှာပဲလေ"
ကျုံးလင်ခြံဝန်းကနေ ပြန်မလာခင် သူရော ထျန်းချွမ်၏ တိုင်ပင်ကြည့်ရာ ..နှစ်ယောက်လုံး၏သဘော ထားက ထပ်တူညီ၏။ ပြီးခဲ့တဲ့ နှစ်တွေ မှာ ဒီဆေးကျမ်းရဖို့ သူတို့ဘယ်လောက်ရှာ နေခဲ့ရသလဲ.. နေရာ သိဖို့တောင် ခက်ခဲခဲ့တာ ခုဆို ဝမ်ဖေးလက်ထဲ မှာ ရှိမှန်းသိမှတော့ သူတို့သခင်က ဘာလို့နှုတ်ဆိတ်နေသေးတာလဲ"
"အမ်း.."
ဖေးယွမ်ရွှင်း ခပ်ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ရင်း ညာလက်ပေါ် ခေါင်းတင်လိုက်ကာ အကြည့်က ခေါင်မိုးပေါ်တွင်....
"လျန်လျန့်ကို အထင်မလွဲစေချင်လို့.... သူ့ကိုဆေးကျမ်းကြောင့် ချဉ်းကပ်တယ် ထင်မှာ စိုးလို့"
ဟိုဟိုဒီဒီတွေးပူနေရတာ ဖြစ်၏။
ခံစားချက်အစစ်အမှန်ကို သတိမထားမိစဉ်က ဂရုမစိုက်မိလောက်သော်လည်း ယခု မူ လျန်လျန့်အပေါ် သူ့ရဲ့ ခံစားချက်ကို သိသွားလေပြီ။ သူတို့နှစ်ယောက်ကြား မည်သည့်အရှုပ်အထွေးမှ မရောပဲ သန့်သန့်ရှင်းရှင်း သာ ရှိချင်သည်။
"ဒါပေမယ့်သခင့်ရဲ့ ကျန်းမာရေးက"
"တော်ပြီ... ဒီလောက်နှစ်တွေတောင် ကျော်ဖြတ်လာပြီးပြီ .. ဘာစိုးရိမ်နေတာလဲ..လိုအက်လာရင်တော့ သေချာပေါက် လျန်လျန့်ကိုပြောမှာပါ"
ငယ်သားကို လက်ကာ၍ ရပ်တန့်စေကာ ဖေးယွမ်ရွှင်း ရုတ်တရက် ခုန်ထလိုက်သည်။
"ထျန်းရှု မင်းပါးစပ်ကို သတိထား! ဆေးကျမ်းနဲ့ အရိပ်တပ်ဖွဲ့အကြောင်း လူတွေ သိသွားမှာ
ငါလုံးဝ မလိုချင်ဘူး"
"... ဟုတ်ကဲ့"
သခင့်အကြည့်အောက်မှာ ထျန်းရှုအရှုံးပေးလိုက်ရသော်လည်း စိတ်ဆုံးဖြတ်ပြီးပြီဖြစ်၏။ နောက်တစ်ကြိမ်သာ သခင် တစ်ခုခုဖြစ်ရင် သူ့ကိုဟွမ်းရှီ မျှော်စင်ဆီ ပို့မယ်ဆိုရင်တောင် ဝမ်ဖေးကို အကူအညီသွားတောင်းလိုက်မှာပင်....
"ထျန်းရှု.. မင်းက ငါကောင်းဖို့ ပြောတာ သဘောပေါက်တယ်.. ကဲ ကဲ နားတော့...ငါ့အတိုင်းအတာ ငါသိပါတယိ"
ဖေးယွမ်ရွှင်းက ထျန်းရှုပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး လေးလေးနက်နက်ပြော၏။
"ထျန်းကျိ ကို ဆင့်ခေါ်လိုက်၊ တပ်သားသုံးရာကိုဦးဆောင်ပြီးဝမ်ယွဲ့မြို့ကို ချက်ချင်းသွားဖို့အမိန့်ပေး၊ ထျန်းရွှမ်နဲ့ တစ်ခြားသူတွေတွေ မနက်ဖြန်ပြန်ရောက်လာရင် တစ်ဦးကို လူတစ်ထောင်ဆီ ထပ်ခေါ်သွားခိုင်းပြီး ဝမ်ယွဲ့မြို့ကို ကယ်တင်။ မှတ်ထား! ဒီကိစ္စက တိတ်တဆိတ်လှုပ်ရှားရမှာနော်.. ဘယ်သူမှမသိစေနဲ့"
"အမိန့်အတိုင်းပါ"
ဘာကြောင့်လဲ ဆိုတာ ထျန်းရှုအတွက်မလိုအပ်
ပါ ၊တာဝန်ကို လက်ခံပြီး စိတ်ထဲမှာသာ ကိုယ့်ဘာသာ ပူ
ပင်ရ၏။
"သွားလို့ရပြီ"
လက်ဝေ့ယမ်းလိုက်ပြီး ဖေးယွမ်ရွှင်း လှည့်ကာ အခန်းထဲ ဝင်သွား၏။ ထျန်းရှု သူ့သခင်၏ နောက်ကျောကို ကြည့်ကာ လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်သည်။ တစ်ခဏ ကြာသောအခါ သူ့ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
Words 2833
Grape 🍇