' ဝေကျစ်ချန်၊ အတိတ်က အမှန်တရား'
မီးရောင်မှိန်ပျပျထွန်းထားတဲ့ လျှို့ဝှက်အခန်းထဲတွင် ပုံရိပ်တစ်ခုက ကြောက်စရာကောင်းစွာတည်ရှိနေသည်။ ခေါင်းငိုက်စိုက်ချထားသဖြင့် ဆံပင်ရှည်က မျက်နှာကိုဖုံးကွယ်နေခဲ့ပြီး မည်သူမည်ဝါမှန်း သဲကွဲစွာမမြင်ရ။ မည်သည့်အချိန်ကတည်းက ဝတ်ထားမှန်းမသိသော အဝတ်အစားမှာ အရောင်ပင်မရှိတော့အောင် စုတ်ပြတ်မွဲပြာညစ်ထေးနေခဲ့သည်။ ခန္ဓာကိုယ်က ပိန်ပါးလွန်းလို့ အရိုးပေါ် အရေတင်ဖြစ်နေသဖြင့် ကလေးက မတော်မရာ လူကြီးအင်္ကျီစွပ်ထားသလိုပင်။
လျိုရှုဟန်က လှေကားထစ်လမ်းအတိုင်း ဆင်းသွားပြီး ကုန်ခမ်းေတာ့မည့် ရေနံဆီမီးကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှေ့မှလူဆီ မသွားခင် ရေနံဆီထပ်ထည့်ကာ မီးအလင်းတင်လိုက်သည်။
"မလာတာ အတော်ကြာသွားတာတောင် ရှင်က ဘာမှ မပြောင်းလဲသွားဘူး"
မျက်နှာချင်းဆိုင်မှာ ရပ်လိုက်ရင်း လျိုရှုဟန်ရဲ့နှုတ်ခမ်းထောင့်စွန်းက ကော့တက်နေခဲ့သည်။ မသိလျှင် မတွေ့ရတာကြာပြီဖြစ်သည့် သူငယ်ချင်းရင်းချာလိုလို ဘာလိုလို။ ဒါပေမယ့် တစ်ဖက်လူက သူဝင်လာကတည်းက တုပ်တုပ်မှမလှုပ်သလို နေရာလည်း မရွေ့ပေ။ ဒီအပြုအမူကို လျိုရှုဟန်က စိတ်ကွက်ဟန်မပြသည့်အပြင် ပိုတောင်ပြုံးလိုက်သေး၏။ ပြီးနောက် ဘေးရှိထိုင်ခုံကိုဆွဲယူကာ ထိုင်ချလိုက်သည်။
"နင်မသိချင်ဘူးလား၊ ငါဒီရက်ပိုင်း အလုပ်ရှုပ်နေတာကို နင့်ဆီ ဘာလို့လာနေသေးတာလဲဆိုတာလေ"
တစ်ဖက်လူ၏ခန္ဓာကိုယ်က မသိမသာ တောင့်တင်းသွား၏။ သို့သော်လည်း မကြာခင်မှာ ပုံမှန်ပြန်ဖြစ်သွားသည်။ သေချာကြည့်မနေလျှင် ပြောင်းလဲသွားသည့်အချက်ကို တွေ့လိုက်မှာ မဟုတ်ချေ။
သူ၏မူမမှန်မှုကို သတိထားမိလား၊မထားမိလား မပြောတတ်ချေ။ လျိုရှုဟန်က ပြုံးလျက် ဆက်ပြောနေသည်။
"နောက်ဆုံးတစ်ခေါက် ငါလာတုန်းက ပြောခဲ့တယ်မလား၊နင့်သားအငယ်ဆုံး ရှန်လျန် ပြန်လာပြီလို့လေ၊ အိုင်းယား သူ့ရုပ်က နင်နဲ့ တစ်ကယ်တူတာပဲ၊ ဒါပေမယ့် သူက ဉာဏ်ပိုထက်တယ်၊ ငါတောင် သတိလက်လွတ်နဲ့ သူ့ထောင်ချောက်ထဲ ရောက်သွားသေးတယ်၊ဒါတင်ဘယ်ကမလဲ .. ရှန်ချောင်တို့ ၊ဒုတိယမိသားစုတို့ရော အကုန်ခံရတာနော်၊ ရှေ့ရက်က ရှန်ချောင့်ကို သွက်သွက်ခါ ရူးသွားအောင်လုပ်ပြီး မင်းသားကျန်းကို မင်္ဂလာဦးညမှာ လူမိုက်လက်ငှားပြီး သတ်ခဲ့သေးတယ်၊ လုပ်တာကတစ်ယောက် ခံရတာက မိသားစုနှစ်စု၊ သခင်ကြီးလည်း ဒီကိစ္စနဲ့ဖိအားပေးခံနေရပြီ၊ တော်သေးလို့ ရာထူးမပြုတ်တာပေါ့၊ ပြီးတော့ သခင်မကြီးက ရှန်လျန့်ကို ဖျက်ဆီးဖို့ သေသေချာချာ အကွက်ချခဲ့သေးပေမယ့် ရှန်လျန်ကပဲ ပြန်ဒုက္ခပေးသွားတယ်၊ အဲ့တာနဲ့ အမေကဒေါသထွက်လွန်းလို့ သွေးအန်ပြီး မူးလဲသွားရော၊ ခုထိ သတိပြန်မလည်လာသေးဘူး၊အစကနေအဆုံး ရှန်လျန်က သူ့ကိုယ်သူ လုံခြုံအောင် ဖုံးကွယ်ထားနိုင်တယ်၊ ဘယ်သူမှ တရားခံက သူဆိုတာ မသိကြဘူး၊ ဘယ်လိုထင်လဲ ဝေကျစ်ချန်? သူက နင့်ထက် ပိုထက်မြက်တယ်မလား"
မှန်၏။ အကျဉ်းသားလိုချုပ်နှောင်ခံထားရတဲ့သူက လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကတည်းက ရှန်လျန့်က်ုမွေးပြီး သေသွားပြီလို့ လူတိုင်းထင်နေတဲ့ ဝေကျစ်ချန်ပဲဖြစ်သည်။ အိမ်တော်ထဲ လျိုရှုဟန်ကို သခင်မကြီး စခေါ်လာစဉ်က ထိုမိန်းမသည် ရှန်ရွေ့ထင်ကိုမြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ ရှန်ရွေ့ထင်က အသက်လည်းငယ်၊အရည်အချင်းလည်းရှိ၊ ဂုဏ်ဓနနှင့်ပြည့်စုံသူမို့ ပိုင်ဆိုင်ချင်ခဲ့သည်။ သို့သော် ရှန်ရွေ့ထင်က ဝေကျစ်ချန်နှင့် အိမ်ထောင်ကျပြီးဖြစ်ကာ လင်လင်နှစ်ယောက်ရဲ့ ချစ်ခြင်းက နက်ရှိုင်းသဖြင့် လူတိုင်းက အားကျရသည်အထိ။သို့ဖြစ်ရာ လျိုရှုဟန်ရဲ့ တည်ရှိမှုကို မည်သူက သတိထားမိလိမ့်မည်နည်း။
ကံကောင်းစွာနဲ့ သခင်မကြီးက သူ့အပေါ်ကြည့်ပေးလေတယ်။ ဝေမိသားစုရဲ့စည်းကမ်းက ကိုယ်လုပ်တော် မထားရဘူးဆိုတာ သိသိရက်နဲ့ကို လျိုရှုဟန်အတွက် ဂွင်ဆင်ပေးသည်။
လျိုရှုဟန်ကလည်း ရှန်ရွေ့ထင်အနား နေပြီး သခင်မကြီးအတွက် ညာမျက်လုံး ဖြစ်ပေးပါ့မယ်လို့ ကတိခံပြီး ယောက္ခမလောင်းကို စိတ်ကျေနပ်စေခဲ့သည်။ သို့နှင့် ဝေကျစ်ချန်ကို အပြင်ခေါ်ထုတ်သွားနိုင်ချိန်၊ စာကြည့်ဆောင်၌ ရှန်ရွေ့ထင်တစ်ဦးတည်း ကျန်သည့်အခါ စိတ်ကြွဆေးခတ်ပြီး အကာအကွယ်မဲ့နေသည့် ခန္ဓာကိုယ်ကို ပြုကျင့်စေခဲ့သည်။
သို့သော်လည်း ကံတရားက သူတို့ဘက်မှာ ရှိမနေ၊ ရှန်ရွေ့ထင်၏ ချစ်ခြင်းတရားနဲ့ ဝေကျစ်ချန်ရဲ့ နားလည်ပေးနိုင်မှုအား လျော့တွက်မိခဲ့သည်။ သခင်မကြီးက မည်မျှပင် ဖိအားပေးနေပါစေ လင်လင်နှစ်ယောက်က လျိုရှုဟန်ကို ဇနီးအရာ ပေးရန်ဆန္ဒမရှိကြချေ။
ဒီလိုနဲ့တစ်နေ့ကျတော့ အစ်ကိုဖြစ်တဲ့ လျိုဝမ်ကျင်းက သူ့ညီမမှာ ကိုယ်ဝန်ရှိနေတာ သိသွားခဲ့၏။ တစ်ချိန်တည်းမှာပဲ ဝေကျစ်ချန်လည်း ကိုယ်ဝန်ဆောင်နေခဲ့တယ်၊ သခင်မကြီးက ရှန်ရွေ့ထင်ဆီ မသွားတော့ပဲ ဝေကျစ်ချန်ကို တိုက်ရိုက်သွားတွေ့သည်။ အမတ်ကြီး၏ သွေးသားတွေဖြစ်၍ လျိုရှုဟန်အား ကိုယ်လုပ်တော်အရာ ေပးအပ်ဖို့ တိုက်တွန်းသည်။
ဝေကျစ်ချန်က စိတ်မကောင်းသော်လည်း လက်ခံရန် ဆန္ဒ မရှိသေး၊ ဝေမိသားစုရဲ့ သမိုင်းမှာလည်း ခင်ပွန်းဖြစ်သူက ကိုယ်လုပ်တော် ထားရန် ခွင့်မပြုချေ။ သို့နှင့် သူ့စိတ်ထဲမှာကိုက ဘာအကြောင်းနဲ့ဖြစ်စေ မယားငယ်မရှိစေရဟူသည့် စည်းမျဉ်းကို အရိုးစွဲနေခဲ့သည်။
ဒါပေမယ့်လည်း တစ်ဖက်က ရှန်ရွေ့ထင်ရဲ့ ကလေးကို လွယ်ထားရတဲ့အပြင် ၊သခင်မကြီးက နေ့တိုင်း နားပူနားဆာလာလုပ်သည်။ လူသိရှင်ကြားဖြစ်လာသဖြင့် ရှန်ရွေ့ထင်နဲ့ ဝေကျစ်ချန်လည်း နောက်ဆုံးတော့ ခွင့်ပြုပေးလိုက်ကြသည်။ လျိုရှုဟန်ကလည်း ကိုယ်လုပ်တော်ကောင်းတစ်ယောက်ဖြစ်ရန် ကတိပေးလိုက်သည်၊ သူမ ထင်တာ သူ့ရဲ့အလှတရားနဲ့ဆို ရှန်ရွေ့ထင်ကို ဝေကျစ်ချန်နည်းတူ မျှဝေခွင့်ရမယ်ပေါ့၊ သို့ရာတွင် ရှန်ရွေ့ထင်ရဲ့ စိတ်က သံမဏိလိုမာကျောပြီး သူမကို နှစ်များစွာကြာသွားသည်အထိ တစ်စက်မှ မတို့ထိခဲ့ချေ။ ခြံဝန်းထဲ ဝင်လာဖို့မပြောနဲ့ ယုတ်စွအဆုံး ကလေးမွေးပေးတဲ့အချိန်တောင် ဂရုစိုက်ဖော်မရခဲ့ပါ၊ အဖေတူတဲ့ သားနှစ်ယောက်ဆိုပေမယ့် ရှန်တာ့ ကောင်းကင်ပေါ်ထိုင်ခွင့်ရတဲ့အချိန် သူ့သားကို မည်သူမှ ဂရုမစိုက်ကြချေ။
ဒီလိုနဲ့ ဝေကျစ်ချန် ဒုတိယကိုယ်ဝန်ဆောင်သည့်အခါ ရှန်ရွေ့ထင်က ဘယ်သူ့ကိုပဲ ကြည့်လဲ ဆိုတာကို လျိုရှုဟန် သဘောပေါက်သွားသည်။ ဒါကြောင့် ရှန်ရွေ့ထင် ခရီးထွက်တဲ့ အချိန် ဝေကျစ်ချန်ကို ကလေးပျက်ကျဆေး ခပ်လိုက်သည်။
ထိုနေ့ည ဝေကျစ်ချန်အတွက် စိုးရိမ်တကြီးအော်ဟစ်နေကြသည့် အသံတွေ ဆူညံနေခဲ့သည်။ ညလယ်လောက်ကျတော့ သွေးတွေတရဟောဆင်းပြီး ရှန်လျန့်ကို စောစီးစွာမွေးထုတ်ခဲ့ရပြီး ဝေကျစ်ချန်ကိုယ်တိုင်က သွေးထွက်လွန်ပြီး သေလုမျောပါးဖြစ်သွားတော့၏။ တစ်ကယ်သေသွားတာ မဟုတ်ပဲ မေ့မျောသွားရုံသာဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ထားသော ရိရုန်ဆိုသည့် 'ကော'၏ အလောင်းနှင့်တိတ်တဆိတ် နေရာချင်းအစားထိုး လဲလှယ်ခဲ့သည်။ ရှန်တာ့နဲ့၊ ဝေကျစ်ချန်ရဲ့ လူယုံတွေအပါအဝင် လူတိုင်းက ဝေကျစ်ချန် သေဆုံးသွားပြီဟု ထင်သွားကြသည်။
လျိုရှုဟန်က ဝေကျစ်ချန်ကို မုန်းနေရာ နည်းနည်းမှ တွေဝေခြင်းမရှိခဲ့ချေ။ ဝေကျစ်ချန်ကို လွယ်လင့်တကူ မသေစေပဲ သူ မတော်တဆ ရှာတွေ့ထားတဲ့ ထင်းသိုလှောင်ရုံ၏လျိုဝှက်ခန်းထဲ၌ ဝှက်ထားခဲ့သည်။
အခြားသူ၏အကူအညီမပါပဲ သူတစ်ယောက်ထဲ ဆွဲခေါ်သွားခြင်းဖြစ်သည်။ ပြီးတော့ ရှန်ရွေ့ထင်ပြန်လာရင် အလောင်းက ဝေကျစ်ချန်မဟုတ်တာ သိသွားမှာစ်ုးလို့ အစားထိုးအလောင်းကို အမြန်မြေမြှုပ်ခိုင်းသည်။ သို့နှင့်အောင်အောင်မြင်မြင် မြေချပြီးသွားချိန်တွင် ရှန်ရွေ့ထင် အမောတကော ရောက်ချလာပြီး အလောင်းကို တူးမယ်တကဲကဲ လုပ်တော့သည်။ လျိုရှုဟန်က အမှုမှန်ပေါ်သွားမှာစိုးပြီး ဝေကျစ်ချန်ကို အေးအေးချမ်းချမ်းအနားယူပါစေလို့ ပြောရင်းငိုယိုကာ တားသည်။
ဝေမိသားစုလည်း စစ်မြေပြင်မှ အမြန်ပြန်ရောက်လာပြီး ဝေကျစ်ချန်ရဲ့ အုတ်ဂူ ဖြိုချခံထားရခြင်းရှိမရှိစစ်ဆေးသည်။ ထို့နောက် ရှန်ရွေ့ထင်ကို ရိုက်နှက်ဆုံးမခဲ့သည်။ တစ်ကယ်တမ်း ဝေအိမ်က ရှန်အိမ်ကိုထောက်လှမ်းဖို့ လူလွှတ်ထားသော်လည်း မိသားစုဝင်မဟုတ်တာကြောင့် ထဲထဲဝင်ဝင်စုံစမ်း၍မရနိုင်ခဲ့၊
နယ်စပ်တိုက်ပွဲဆီမှ ဘာအမှားအယွင်းမှမဖြစ်အောင် ဂရုစိုက်ရန် မှာကြားပြီးသည်နှင့် အလောတကြီးထွက်လာရရာ မြို့တော်မှာ ကြာေန၍လည်းမဖြစ်ချေ။ သံသယဝင်စရာအချက်ရှာမတွေ့တာနဲ့ မိသားစုလိုက် အနောက်မြောက်ဒေသဆီ အပြီးထွက်သွားလိုက်ကြတာ ယနေ့ထိ ပြန်မလာတော့ပါ။ သို့နှင့် ဝေကျစ်ချန် သေဆုံးသွားခြင်းက အတည်ဖြစ်သွားတော့သည်။
အစက ပင်မခြံဝန်းထဲက ထင်းသိုလှောင်ရုံရဲ့ လျို့ဝှက်ခန်းထဲ ဝေကျစ်ချန် ရှိမှန်း တခြားသူတွေ ရှာဖွေတွေ့ရှိသွားမှာ စိုးရိမ်ခဲ့သည်။ ပင်မခြံဝန်းက သူ့ကိုယ်ပိုင်နယ်မြေမဟုတ်တာကြောင့် လူလွှတ်ပြီး ဝေကျစ်ချန်ကို အဆိပ်ခတ်ကာ ခြေလက်တွေ မသန်မစွမ်းဖြစ်စေခဲ့သည်။ ထို့နောက် နေ့မှန်းညမှန်းမသိအောင် ပိတ်လှောင်ထားပြီး ရှန်လျန့်ကိုလည်း ဂြိုဟ်ဆိုးဖြင့်မွေးလာသူဟု သမုတ်ကာ အဝေးသို့ပို့လွှတ်လိုက်သည်။
ပြီးနောက် အမူးလွန်နေတဲ့ ရှန်ရွေ့ထင်နဲ့ တစ်ညအိပ်စက်ခွင့်ရအောင် ဆေးခပ်ကြံစည်ပြန်သည်။ ရှန်ရွေ့ထင်လည်း ကျစ်ချန်သေဆုံးသွားပြီးနောက်ပိုင်း အိမ်ကိစ္စဆိုလျှင် ဘာကိုမှ အလေးအနက်မထားတော့ချေ။ လျိုရှုဟန်က ဒုတိယကိုယ်ဝန်လွယ်တဲ့အချိန် သခင်မ နေရာဝင်ယူနိုင်ခဲ့ပြီး သခင်မကြီးရဲ့အကူအညီနဲ့ ရှန်တာ့ကို ပထုတ်ခဲ့သည်။ သိပ်မကြာခင် ရှန်ချန်ကိုမွေးခဲ့ပြီး သခင်ကြီးနဲ့တူတူ ပျိုးထောင်ကာ ပင်မခြံဝန်းမှာပဲ အခြေချဆက်နေထိုင်ခဲ့သည်။
ထိုနှစ်ကတည်းက ရှန်ရွေ့ထင်နဲ့ ဝေမိသားစုကြားအဆက်အသွယ်က ပြတ်တောက်သွားခဲ့သည်။ လျိုရှုဟန်က သူမရဲ့ နားလည်ပေးတတ်မှုကိုပြသတဲ့ အနေနဲ့ ရှန်ရွေ့ထင်အတွက် ညပျိုမေ အများကြီးရှာပေးခဲ့သည်။ ရှန်ရွေ့ထင်က ဘယ်သူဘယ်ဝါဂရုစ်ိုက်မနေပဲ အားလုံးနဲ့ တစ်ညတာ ဖြတ်သန်းခဲ့သည်။ အရာအားလုံးက လျိုရှုဟန်ရဲ့ဆန္ဒအတိုင်း ဝေကျစ်ချန်မရှိလည်း ရှန်ရွေ့ထင်က စိတ်ဆန္ဒကိုမလွန်ဆန်နိုင်ခဲ့ချေ။
တစ်ခုတော့ရှိ၏။ ရှန်ရွေ့ထင်က ဗလာသက်သက် အခွံသာကျန်သော်လည်း ဝေကျစ်ချန်ရဲ့သားကြီး ရှန်တာ့ဆိုလျှင်တော့ သူ့အဖေကို စိတ်နဲ့ကိုယ်နဲ့ကပ်အောင်ပြန်လုပ်နိုင်သည်။
အချိန်ဆယ့်ငါးနှစ်မှာ လျိုရှုဟန်ဟာ ဘယ်လိုပဲ ရှန်ရွေ့ထင်ရဲ့ ဇနီးလို့ဆိုပါစေ.... ရှန်တာ့၊ ရှန်လျန် သို့မဟုတ် ဝေကျစ်ချန်နဲ့ပတ်သက်လာရင် ရှန်ရွေ့ထင်က သူနဲ့ တစ်နေ့လုံး စကားလာပြောသည်။ ဝေကျစ်ချန်တစ်ဦးတည်းကသာ ရှန်ရွေ့ထင်ရဲ့စိတ်ကိုလှုပ်ခတ်စေနိုင်သည်။
ရှန်တာ့နဲ့ ရှန်လျန်ကို ထိတာတောင် ဒီလောက်ဆတ်ဆတ်ခါဖြစ်နေရင် ဝေကျစ်ချန်ကို ဆယ့်ငါးနှစ်လုံးလုံး အကျဉ်းချထားတာ သိသွားလို့ကတော့ ဒဏ်ရာကို ဆားနဲ့ပက်သလိုဖြစ်သွားမလား မပြောတတ်။ ဝေမိသားစုလည်း ဒီေလာက်နှစ်အကြာကြီး လှည့်စားခံထားရတာသိရင် ရှန်ရွေ့ထင်အပေါ် အကြီးအကျယ်စိတ်ပျက်ပြီး အေးစက်သွားမယ်ထင်သည်။
ရှန်လျန် ပြန်လုပ်ခဲ့တာတွေကို နားထောင်ရင်း ဝေကျစ်ချန် တစ်ကြိမ်မှ မကျခဲ့တဲ့ မျက်ရည်ဟာ ပေါက်ခနဲ ခုန်ဆင်းလာသည်။ လျန်လျန်က ကြီးလာပြီ၊ အသက်ဆယ့်ငါးနှစ်တောင်ရှိပြီတဲ့၊ ဒါဆို လက်ထပ်ရမယ့်အရွယ်တောင် ရောက်နေပြီပေါ့? ရှုပ်ထွေးတဲ့နောက်ခံရှိသူကို သူ့လို မျက်ကန်းပြီး မရွေးချယ်မိဖို့ ဆုတောင်းပါတယ်၊ ရှန်ရွေ့ထင်ကို လက်ထပ်ခဲ့ရတဲ့အတွက်တော့ နောင်တမရဖူးပါဘူး၊ ဘာပဲဖြစ်ဖြစ် အရင်က သူ့တစ်ယောက်ထဲကို ချစ်ပေးခဲ့တာပဲလေ။ တစ်ကယ်ကို သူ့တစ်ယောက်ထဲကို ချစ်ပေးခဲ့တာ။
ရှန်ရွေ့ထင်ကသူ့မယားငယ် လုပ်နေတဲ့ မိုက်မဲတဲ့အရာတွေကို ဘာလို့ မသိရတာလဲ? ရှန်ရွေ့ထင်နဲ့လက်ထပ်ပြီးပြီးချင်း အိမ်ထောင်စုခွဲမနေခဲ့တာကို နောင်တရတယ်၊ လျိုရှုဟန်ကို လက်ခံဖို့ ပြောလိုက်မိတာကို နောင်တရတယ်၊ အများကြီး အများကြီးကို နောင်တရပါတယ်၊ ဒါကြောင့်လဲ ဒီနေ့ထိ အသက်ရှင်အောင် ကြိုးစားနေထိုင်ခဲ့တာပဲဖြစ်တယ်၊ သူ့လက်နဲ့ လျိုရှုဟန်ကို မစီရင်ရသေးသရွေ့၊ သားနှစ်ယောက်ကို မတွေ့ရသေးသရွေ့၊ မိဘတွေကို မတောင်းပန်ရသေးသရွေ့ သူ မသေနိုင်သေးဘူး။
"နင် မပျော်ဘူးလား"
မျက်ရည်တွေကိုမြင်တော့ လျိုရှုဟန် ထူးဆန်းစွာပြုံးသည်။
"ငါ နောက်ပိုင်းပြောမယ့်စကားတွေက နင့်ကို ပိုလို့တောင် မပျော်မရွှင်ဖြစ်စေဦးမယ်၊ ငါ ရှန်လျန်ကို ဘာလို့ မောက်မာခိုင်းထားလဲ သိလား၊ လူဆိုတာ အမြင့်ကနေ ကျမှ နာမှန်းသိတာ၊ ထိပ်ဆုံးထိ တက်ခိုင်းထားပြီးမှ ရိုက်ချမယ်၊ သူခုလို ကြွနေနိုင်တယ်ဆိုတာလည်း ရှန်တာ့ရှိလို့၊ ရှန်တာ့သာမရှိတော့ရင် မလောက်လေးမလောက်စားအဆင့်ပါပဲ၊ ငါ့အစ်ကိုကြီးက ရှန်တာ့ကို သွားသတ်တယ်၊ ပြီးရင် ရှန်လျန်ဆိုတဲ့ သန္ဓေယုတ်လေးကိုကြောက်နေစရာမလိုတော့ဘူး၊ အစကတော့ ရှန်တာ့ကို သခင်ကြီးရဲ့လက်ထဲ သေခိုင်းရင်ကောင်းမလားတွေးမိသေးတယ်၊ ဒါပေမယ့် ကိစ္စက တွေးသလောက်မလွယ်ဘူး၊
လူတိုင်းက တုံးလင်အိမ်တော် ဘာလုပ်လုပ် စောင့်ကြည့်နေကြတာဆိုတော့ အစ်ကိုကြီးကိုလွှတ်ပြီး ရှန်တာ့ကို စစ်နယ်မြေမှာ သတ်ခိုင်းလိုက်တာက ပိုကောင်းတဲ့နည်းလမ်းပဲ၊ ဒီမနက်ပဲ အနောက်မြောက်နယ်စပ်က သတင်းရောက်လာပြီ၊ ရှန်တာ့ အဆိပ်မိလို့ သတိလစ်မေ့မျောနေတယ်တဲ့၊ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပဲ၊ ရန်သူတွေရဲ့ နောက်ဆုံး အသုတ်စစ်ချီချိန်နဲ့တိုက်ဆိုင်နေတော့ စစ်ပွဲဦးဆောင်သူမရှိတဲ့ တိုက်ပွဲ ဘယ်လိုဖြစ်လိမ့်မလဲနော်"
"ဝူး.....ဝူး"
ဝေကျစ်ချန် ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။ ရုတ်တရက်ခေါင်းမော့လာတော့ ညစ်ပတ်နေတဲ့ မျက်နှာက မျက်ရည်စီးကြောင်းတွေနဲ့ဖုံးလွှမ်းနေသည်။ မျက်လုံးအစုံက စိုးရိမ်စိတ်တွေပြည့်လျက်ရှိ၏။ တာ့အာ သတ်ခံရတော့မယ် ၊မဖြစ်ဘူး၊ မဖြစ်ဘူးးးးးး။
"ဟားဟားဟား"
သူ့ရဲ့ တသွင်သွင် ရမ်းခါနေပုံကို တစ်ခါမှမမြင်ဖူးသဖြင့် လျိုရှုဟန် စိတ်ညစ်ညူးနေတာပင် ပျောက်သွားရသည်။ အားရပါးရ ရယ်မောလိုက်ပြီးမှ ထထွက်ခဲ့သည်။
"ဖူး...."
(မင်းမသွားရဘူး၊ တာ့အာ အခုဘယ်လိုနေသေးလဲ ငါ့ကိုပြောသွား၊ ငါ့ကိုပြောပြ....)
အဆိပ်မိပြီး စကားမပြောနိုင်တဲ့အပြင် ခြေလက်မသန်တော့တဲ့ ဝေကျစ်ချန်ဟာ သူ့နောက်ကျောတစ်ပြင်လုံးနာသည်အထိ လူးလွန့်ရုန်းကန်နေခဲ့သည်။ သို့သော်လည်း လျိုရှုဟန်က နောက်ပြန်လှည့်မကြည့်တော့ပဲ လျှို့ဝှက်ခန်းထဲမှာ သူ့ကိုတစ်ယောက်ထဲ ထားခဲ့ပြန်ရာ လျိုရှုဟန်ရဲ့နောက်ကျောကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
"ဝူး....ဟူး!"
နှစ်ပေါင်းများစွာကြာမှ ပြင်းထန် ကျယ်လောင်တဲ့ မြည်သံက လျှို့ဝှက်ခန်းထဲက ထွက်ပေါ်လာခဲ့တယ်၊ နှမျှောစရာကောင်းစွာ သူ့အသံကို မည်သူမှ မကြားသလို ဝေကျစ်ချန်ရဲ့ စိတ်ဒဏ်ရာကို မျှဝေပေးမယ့်သူလည်း မရှိခဲ့ချေ။
2770 words
Grape 🍇