'လူရွေးမမှားဘူး'
"တခြားသူတွေတော့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်၊ ကျုပ်တို့ကျတော့ ကုန်သည်အသိမိတ်ဆွေပေါတော့ ဦးစားပေးတာမျိုးလည်း ရှိတယ်၊ ကျုပ်တို့ကလည်း အပြန်အလှန်တွေတော့ ရှိတာပေါ့ဗျာ"
စီးပွားရေးပိုင်းမှာတော့ မုရုန်ဟိုင်က သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိလေသည်။ မုရုန်မိသားစုကငွေရှိရုံတင်မဟုတ်ပဲ မျိုးရိုးစဉ်ဆက် စီးပွားရေးအတွေ့အကြုံရှိလေသည်။
"မုရုန်မ်ိသားစုက စံပဲဗျာ"
ရှန်လျန် စိတ်ရင်းနဲ့ လက်မ ထောင်ကာ ချီးကျူး၏။ မုရုန်ဟိုင်က ပီတိဖြင့် လက်တခါခါ၊ ပြောရင်းဆိုရင်း နှစ်ယောက်သား မုရုန်ယွင် နေထိုင်တဲ့ ပင်မအိပ်ဆောင်ကိုရောက်လာသည်။
နောက်ဆုံးတစ်ကြိမ်တွေ့စဉ်က အိပ်ရာပေါ်မှာ အသက်ငွေ့ငွေ့နှင့် လဲလျောင်းနေတဲ့ မုရုန်ယွင် က ယခုတော့ အပေါက်ဝမှာ သူတို့ကိုထွက်စောင့်နေလေသည်။ သူတို့ကိုမြင်တာနဲ့ ပြုံးရွှင်သွားသည့် မျက်နှာက ပိန်သွယ်နေသေးသော်လည်း ကျန်းမာရေးအတော်ကောင်းလာပုံရပါသည်။ ဘဝက နေပျော်စရာကောင်းနေသည့်ပုံပင်။
"မုရုန်မဒမ်"
(Tn. ဒီnovel ကယောင်္ကျားချင်း လက်ထပ်တာများတယ်၊ မုရုန်ဟိုင်ရဲ့ဇနီးရှေ့တည့်တည့် သခင်မလို့သွားခေါ်ရင်ကျ အဆင်မပြေ ၊သခင်လေးဆိုလည်း မဟုတ်သေးဘူး၊ မဒမ်ပဲထားတာပေါ့)
"ရှန်သခင်လေး မြန်မြန် အထဲ ဝင်လာထိုင်ပါ"
အနားရောက်တော့ ရှန်လျန်က ဂါရဝပြုလိုက်သည်။ မုရုန်ယွင် က အိမ်ထဲကို လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်၏။
"ရှန်သခင်လေး ဘာသဘောကျမှန်း မသိလို့၊ ကျုပ် နည်းနည်းစုံအောင် လုပ်ခိုင်းထားတယ်၊ သခင်လေးကြိုက်မယ်လို့ မျှော်လင့်ပါတယ်"
သူပြင်ဆင်ခိုင်းထားတဲ့ စားစရာက တစ်ခုနဲ့ တစ်ခု အမျိုးအစားမတူပဲ စားပွဲတစ်ခုလုံးပြည့်နေသည်။
ရှန်လျန့်နှုတ်ခမ်းတွေ ကွေးတက်သွားပြီး..
"မုရုန်မဒမ်က အရမ်း ယဉ်ကျေးနေပါပြီ"
"လာလာ မရပ်နေနဲ့ ထိုင်ရအောင်"
မုရုန်ယွင်က အစ်ကိုကြီးတစ်ယောက်လို သူ့ကိုဆွဲခေါ်သွားပြီး ထိုင်စေသည်။ မုရုန်ဟိုင်ကတော့ သူတို့နောက်ကနေ တပြုံးပြုံးနဲ့ လိုက်လာသည်။ တစ်ခွန်းမှ မပြောပဲနဲ့ သူ့ဇနီးကို ဘယ်လောက်ထိမြတ်နိုးလဲ မြင်နိုင်သည်။
"မဒမ် အရမ်း ယဉ်ကျေးလွန်းနေပါပြီဗျာ... ကျွန်တော် သွေးကြောလေးအရင်စမ်းသပ်ကြည့်မယ်နော်"
ကျွေးချင်နေတာတွေ့တော့ ရှန်လျန်အမြန်တားလိုက်သည်။ သူမကြာသေးခင်ကမှ မနက်စာစားလာတာဆိုတော့ ဒင်းဆမ်းထပ်စားဖို့ ဗိုက်မဆံ့တော့ပါ။ ထိုသို့ကောင်းမွန်သော စားစရာများ စားလေ့မရှိတာကြောင့်လည်း ပါ၏။
"ဟုတ်ပါပြီ ရှန်သခင်လေး ကို အလုပ်ရှုပ်စေ မိပြီ"
မုရုန်ယွင်က အင်္ကျီလက်ရှည်ဆွဲတင်ပြီး လက်ကောက်ဝတ်ကို ဆန့်ထုတ်ပေးလာသည်။ ရှန်လျန်က သွေးကြော စမ်းသပ်ကြည့်ပြီးနောက် တစ်ခဏအတွင်း ကျေကေျ နပ်နပ်ပြုံးသည် ။
"မဆိုးဘူး၊ ကျွန်တော်ထင်ထားတာထက် မြန်မြန်ကောင်းလာတယ်၊ ဒီနှုန်းအတိုင်းဆိုရင် မုရုန်မဒမ် နှစ်အကြာကြီး ဆက်နေဖို့ ဘာပြဿနာမှ မရှိဘူး"
"ငွေရှိခြင်းရဲ့ကောင်းကျိုးလေးတွေပေါ့ဗျာ.. ဒါ ကြောင့်လည်း ငွေရှိတာ မကောင်းဘူးလို့ ဘယ်သူမှ မပြောကြတာပေါ့"
မုရုန်ယွင်ကိုပဲကြည့်၊ ငွေမရှိကြည့်ပါလား၊ အရင်ထဲက မြေကြီးထဲ မြှုပ်ခံလိုက်ရပြီးပြီ၊ ခုလို ထိုင်ပြီး ရယ်မောနေနိုင်မှာ မဟုတ်ဘူး။
"ကောင်းလိုက်တာ၊ ရှန်သခင်လေး ကျေးဇူးတင်ပါတယ်"
လင်လင်နှစ်ယောက်က အကြည့်ချင်းစုံလျက် ဝမ်းသာနေကြသည်။ ပြီးမှ မုရုန်ယွင်က မျက်ဝန်းနီနီဖြင့် သူ့ကို ကျေးဇူးတင်သည်။
"မုရုန်မဒမ် အားမနာပါနဲ့၊ ကျွန်တော့်သူငယ်ချင်း အပြင်မှာ စောင့်နေလို့ အရင်ပြန်နှင့်ပါမယ်၊ နောက်များမှာ အချိန်ရရင် ကျွန်တော် အလည် လာခဲ့ပါဦးမယ်"
လုပ်စရာရှိတာ လုပ်ပြီးပြီမို့ ရှန်လျန် ပြန်ရန်ပြင်သည်။ သူ့မိသားစုက ဝမ်ရယ်က နေ့လည်စာတူတူစားဖို့ ချိန်းထားသေးရာ အချိန်မှီပြန်မရောက်ပါက သူ့ကိုစိတ်ဆိုးပေလိမ့်မည်။ ထို ရှေးခေတ်မင်းသားကြီးက အိမ်သူဇနီးတွေထက် ပိုကောက်တတ်သည်။
"ဒါက...."
မုရုန်ယွင်ခမျာ ဘာပြောရမယ်မသိ၊ ရှန်လျန့်ကို အရမ်းသဘောကျသော်လည်း ရှန်လျန် လာသည့်အချိန်တိုင်း သုတ်သုတ်လာ သုတ်သုတ်ပြန်သည်ချည်းသာ၊ ကျေးဇူးတင်ကြောင်းပြသရန် တစ်ခါမှ အခွင့်အရေးမရခဲ့။
"ဒင်းဆမ်းတွေက အရမ်းအရသာရှိပုံပေါ်လို့ မုရုန်မဒမ် စိတ်မရှိရင် ကျွန်တော် နည်းနည်းေလာက် အိမ်ထုတ်ပြန်လို့ရမလားခင်ဗျာ"
သူ့အတွေးကိုမြင်နိုင်တဲ့ ရှန်လျန်က စားပွဲပေါ်မှ စားစရာတွေကို ညွှန်ပြကာမေး၏။
"စိတ်မရှိဘူး၊ လုံးဝ စိတ်မရှိပါဘူး၊ ကျုပ် သေချာ ထုတ်ခိုင်းလိုက်မယ်၊ ရှန်သခင်လေး တစ်ခုခုစားချင်တာရှိရင် လူလွှတ်ပြီး အချိန်မရွေးလာပြောခိုင်းနော်"
သူ့စကားကြားမှ မုရုန်ယွင်က ပြန်လည်တက်ကြွလာသည်။ ရှန်လျန်ဆီလည်း သူ့အပျော်တွေ ကူးစက်၏။
"ကျွန်တော့်ကို အကုန်လုံးက လျန်လျန်လို့ခေါ်ကြတယ်၊ မဒမ် စိတ်မရှိရင် လျန်လျန်လို့ ပဲ ခေါ်ပါဗျာ၊ ရှန်သခင်လေးလို့ ခေါ်တာက သူစိမ်းဆန်သလို ခံစားရလို့ပါ"
"တစ်ကယ် အဲ့လို ခေါ်လို့ အဆင်ပြေလား"
မုရုန်ယွင် စိတ်လှုပ်ရှားကာ ပါးပြင်က နီဆွေးဆွေးပင် ဖြစ်လာသေး၏။
"ရတာပေါ့ဗျာ"
"လျန်လျန်"
ရှန်လျန် ခေါင်းငြိမ့်ကာ အတည်ပြုစကားပြော ၍ မဆုံးသေး မုရုန်ယွင်၏ သွက်လက်မှုကြောင့် သုံးဦးသား အချင်းချင်းကြည့်ကာ ရယ်မောမိကြသည်။
ဒီလိုနှင့် ရှန်လျန်တို့ မုရုန်အိမ်တော်မှ ထွက်လာဖို့ တစ်နာရီခွဲခန့်ကြာသွားသည်။ သူတို့နဲ့တူတူ အထပ်ထပ်ဆင့်ထားသော ချိုင့်ကြီးကြီးနှစ်ဆွဲလည်း ပါလာသေး၏။ အနည်းဆုံး လူဆယ်ယောက်လောက်စားလို့ ရသောပမာဏပင်။
"ဝမ်ဖေး.... ဝမ်ရယ်က လာက်ြုခိုင်းလိုက်တာပါ"
မုရုန်အိမ်တော်ကအထွက် ထျန်းရှုတို့ နှုတ်ဆက်လိုက်ကြပြီး ယောင်းကွမ်နဲ့ လေ့ကျန်းက ချိုင့်ဆွဲနှစ်ခုကို ယူလိုက်သည်။ ရှဲ့ယန်က ထိုအခြင်းအရာကိုမြင်တော့ ...
"ဒီလိုဆို ဝမ်ရယ်ပဲ ပြန်ပို့ပါစေ၊ မင်းနေ့လည်ဆိုင်လာမှာ မလား၊ ငါကျန်တာ စီစဉ်ထားနှင့်လိုက်မယ်၊ နေ့လည်တွေ့ကြတာပေါ့"
"ကောင်းပြီ"
နှစ်ဦးသားနှုတ်ဆက်လိုက်ကြပြီး ရှဲ့ယန်က သူ့ကိုယ်ပိုင်ရထားလုံးထဲ ဝင်သွားသည်။မျက်နှာချင်းဆိုင်မှာ ရပ်ထားတဲ့ လှည်းနား ထျန်းရှုတို့နဲ့ အတူ ရှန်လျန် သွားသည်။
"ပြီးသွားပြီလား"
နောက်မှီထိုင်နေတဲ့ ဖေးယွင်ရွှင်းက မေးသည်။ မတိုင်ခင်က ရှန်လျန်ရဲ့ပုံစံက ရုတ်တရက်ပျောက်ကွယ်သွားပြီး တစ်စုံတယောက်ရဲ့ ရင်ခွင်ထဲ ဝင်တိုးလိုက်တော့သည်။ မျက်ဝန်းတွေမှေးကျဉ်းထားရင်း..
"အင်း.. မနက်ဖြန်က အဓိကပဲ"
အောင်အောင်မြင်မြင်ပြီးသွားရင်တော့ ကောင်းတာပေါ့၊ တစ်ယောက်ယောက်လာဖျက်မှာကိုပဲ စိုးရိမ်ရတာ။
"ကိုယ့်ကို ပြောမပြတော့ဘူးလား"
ဖေးယွမ်ရွှင်းရဲ့ လက်ချောင်းတွေက ရှန်လျန့်နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်တွေကို ဘေးဘက်သို့ ဖယ်ရှားပေးလိုက်ပြီး ချော့ပြော၏။ ရှန်လျန်ကလည်း မငြင်းပါဘူး ၊ သူတို့စီစဉ်ထားတာကို ဖြည်းဖြည်းချင်း ပြောပြသည်။
"အရင်ဆုံး ချမ်းသာတဲ့ မိသားစုတွေကနေ အဝတ်အစားတွေ အသုံးမလိုတဲ့ ပစ္စည်းတွေ အလှူခံမယ်၊ ပြီးရင် တစ်ပတ်ရစ်အနေနဲ့ ပြန်ရောင်းမယ်၊ ရလာတဲ့ငွေကို ဈေးသက်သာတဲ့အထည်ချုပ်ပြီး ဒုက္ခသည်တွေကိုဝေမယ်၊ တဖြည်းဖြည်းနဲ့ ပါဝင်လှူတန်းသူများလာပြီး ပိုဝေပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်"
အဝတ်အစားနဲ့ ပတ်သက်ပြီး ရှန်လျန် ပိုမျှော်လင့်ထားသည်။ ချမ်းသာတဲ့သူအတော်များများက ရာသီတစ်ခုပြောင်းတိုင်း အဝတ်အစားသစ်ပြောင်းကြသည်။ ငွေအလှူခံတာထက် မဝတ်တော့တဲ့ အဝတ်တွေလှူခိုင်းတာက ပိုအဆင်ပြေသည်။ ပြီးမှ ပြန်ရောင်းပြီး ရလာတဲ့ ငွေကို လိုအပ်တဲ့ နေရာတွင်ထည့်သုံးမည်။
ဘာကြောင့် အဝတ်အလှူခံတာလဲဆိုရင် ကြွယ်ဝတဲ့ အသိုက်အဝန်းက အမျိုးသမီးတွေဟာ တစ်နေ့တနေ့ ဝတ်ကောင်းစားလှ ဝတ်ဖို့နဲ့ သူတစ်ပါးကိုဒုက္ခပေးဖို့လောက်ပဲသိကာ အချင်းချင်း ပြိုင်ဆိုင်နေကြပြီး ဘယ်သူ့ခင်ပွန်းက ဘယ်ဇနီးကို ဘယ်လောက်မျက်နှာသာပေးတာ စသဖြင့် နေ့စဉ်နေ့တိုင်း အချိန်ကုန်နေသောကြောင့် ဖြစ်၏။
"မင်းက လူထုရဲ့ထောက်ခံမှုရတဲ့ ကောင်းသတင်းပျံ့သွားတာနဲ့ နန်းတော်ကအဘိုးကြီး တစ်ခုခုလုပ်လာမှာ သေချာတယ်"
ဖေးယွမ်ရွှင်းက သဘောတူသည်။ သူ့တွင် ကန့်ကွက်စရာမရှိ၊သူ့အတွက် 'ကော'ဆိုပြီး သပ်သပ်မခွဲခြားပဲ ကျား၊ မ လူတန်းစားအဖြစ်တန်းတူသာ သဘောထားသည်။ အရည်အချင်းရှိသရွေ့ လိင်အမျိုးအစားက အရေးမကြီးပါ၊ လျန်လျန်နဲ့ လက်ထပ်ပြီးရင်လည်း လုပ်ချင်တာမှမှန်သမျှ နောက်ကွယ်က ထောက်ပံ့ အားပေးနေဦးမှာပဲဖြစ်သည်။
"ကျွန်တော် တစ်ကိုယ်ကောင်းဆန်တယ်လို့ ခင်ဗျား ထင်လား"
ရှန်လျန် လက်မြောက်ကာ ဖေးယွမ်ရွှင်းရဲ့မျက်နှာကို ထိသည်။
"အခု ကျွန်တော်ဘာပဲ လုပ်လုပ် ခင်ဗျား သံသယဝင်နေမှာပဲ၊ ဒါပေမယ့် ကျွန်တော် ရည်မှန်းထားတဲ့ အတိုင်းသာဆို ဒါတွေအားလုံးက အနာဂါတ်မှာ ခင်ဗျားအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်လာလိမ့်မယ်၊ ယွမ်.. ကျွန်တော်က ဘာမှ မသိနားမလည်တဲ့ ခပ်တုံးတုံး 'ကော'တော့ မဟုတ်ဘူး.. ခင်ဗျားဘာပဲလုပ်ချင်ချင် ကူညီပေးမယ်၊ ကျွန်တော့်အင်အားက အားနည်းနေရင်တောင် ဘာမှ မလုပ်ပဲ ထိုင်နေတာထက်စာရင် တော်သေးတယ်မဟုတ်လား၊ အနာဂါတ်မှာ ခင်ဗျားကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ကျွန်တော် ခင်ဗျားရဲ့ ဘေးမှာပဲ ရှိနေမယ်"
ဒီဘဝမှာ အနောက်ဆောင်အတွက် ခေါင်းထဲ ခည့်စရာမလိုသဖြင့် ခင်ပွန်းဖြစ်သူနဲ့ နောက်ပြန်မလှည့်တမ်း လက်တွဲ တိုက်ခိုက်မည်ဖြစ်သည်။
"ကောင်းပြီ"
အချိန်အကြာကြီး နက်ရှိုင်းစွာ ငေးစိုက်ကြည့်ပြီးနောက် ဖေးယွမ်ရွှင်း တစ်ဖက်လူကို တင်းတင်းကြပ်ကြပ်ဖက်ပွေ့လိုက်သည်။
ရင်ခွင်ထဲ ရောက်နေတဲ့ရှန်လျန်၏အတွေးတွင် ဒီတစ်ကြိမ် သူလူရွေးမမှားဘူး၊ လုံးဝသေချာတယ် မမှားဘူး !
ကိုယ်ပိုင် ခြံဝန်းထဲပြန်ရောက်တော့ ဖုရင်တို့ဟာ ထမင်းပွဲအဆင်သင့်ခင်း၍ စောင့်နေနှင့်ပြီ၊ရှန်လျန်က မုရုန်ယွင် ပေးလိုက်တဲ့ ဒင်းဆမ်းတွေကို ဖုရင်ဆီ လက်လွှဲပေးလိုက်သည်။ နေ့လည်စာစားပြီးနောက် ဖေးယွမ်ရွှင်းနဲ့ နှစ်ဦးသား တရေးအိပ်ရန်ပြင်သည်။ နှစ်ဦးတူတူ လက်တွဲကာ ဝင်သွားသည်မှာ လက်ထပ်ပြီးသား လင်လင်စုံတွဲတွေလိုပင်။ အပြင်လူတွေသာ သိရင် အတင်းပြောကြမှာ ဖြစ်ပေမယ့် ဤခြံဝန်းထဲက လူတွေတော့ ဒါကို ထူးဆန်းသည်ဟု မမြင်ကြတော့ပဲ ဘာလုပ်လုပ် လစ်လျူရှုထားလိုက်ကြသည်။
အခန်းအပြင်ထွက်လာတာနဲ့ ဖုရင်က ယိုအာရယ် တာ့ပေါင်းရယ်နဲ့အတူ အပြင်ထွက်ဆော့နေ တာတွေ့လိုက်သည်။
ကလေးနှစ်ယောက်ရဲ့လက်ထဲမှာ အရုပ်လေးတွေကိုင်ထားပြီး ရှန်ယို့ပုံစံက တာ့ပေါင်းကို များစွာသဘောကျဟန်တူ၏။ အရုပ်ကို တာ့ပေါင်းဆီထိုးပေးနေပြီး တာ့ပေါင်းကလည်း နာမည်လေးတခေါ်ခေါ်နှင့်၊ မုန့်စားသည့်အချိန်မှာလည်း ကလေးနှစ်ယောက်က အလွန်တည့်၏။ သူတို့ကိုကြည့်ရသည်မှာ ကြည်နူးစရာကောင်းပြီး ချစ်စရာလည်း ကောင်းလှသည်။
"ယိုအာ"
"အာ..အာ"
ရှန်ယိုက ရှုရှုအသံကြားတာနဲ့ တာ့ပေါင်းကိုရော၊ အရုပ်ကိုပါ စွန့်ပစ်လိုက်ကာ ချက်ချင်း အသံပေး၏။ ရှန်လျန်က အနားသွားပြီး ပွေ့ချီလိုက်သည် ။
"မတွေ့ရတာ နှစ်ရက်သုံးရက် တောင်ရှိသွားပြီ၊ ရှုရှုကိုလွမ်းနေလား"
"အာ့..."
ရှန်ယိုက သိနေသလိုလို၊ ဘယ်သူသင်ပေးလိုက်မှန်းမသိ... လက်တိုတိုလေးနဲ့ သူ့လည်ပင်းဆီ ဝိုက်ဖက်ကာ ပါးပြင်ပေါ် မွမွလာပေး၏။ တံတွေးတွေ ရှန်လျန့်မျက်နှာပေါ် တင်ကျန်နေခဲ့ရာ ကူကယ်ရာမဲ့စွာနဲ့သာ ပြုံးဖြစ်၏။
"အာ အားးး....."
မွမွပေး၍မပြီးသေးခင် ရှန်ယိုမှာ ရုတ်တရက် လေထဲမြောက်တက်သွားပြီး ပြန်ပေးဆွဲခံလိုက်ရသည်။ စိတ်ရှုပ်ထွေးစွာနဲ့ အော်ဟစ်ရုန်းကန်နေစဉ်..ရှန်လျန်က လက်ကိုင်ပဝါဖြင့် ပါးပြင်ကိုသုတ်လိုက်ပြီး ပြုံး၏။
"ယိုအာက ကလေးပဲရှိသေးတယ် ဖြေးဖြေးလုပ်"
"ကလေးဆိုတိုင်း ငါ့ဝမ်ဖေးကို အနမ်းပေးခွင့်ပြုရမှာလား"
မှန်၏ ၊ပြန်ပေးဆွဲသမားက ဖေးယွမ်ရွှင်းပင်၊ လက်တစ်ဖက်တည်းနဲ့ ကလေးကိုလေပေါ်မြောက်ကိုင်ထားပြီး မပျော်မရွှင်ရုပ်နှင့်စိုက်ကြည့်နေသေး၏ ။ကလေးကို မကောင်းတာကြံစည်ဖို့တွေးနေသလိုလို။
"အူးးးး "
အကြာကြီး အော်နေသော်လည်း ထူးခြားချက် မရှိသဖြင့် ရှန်ယို မပျော်မရွှင် ဖြစ်လာသည်။ မကြာခင်မှာပဲ ငိုတော့မည့်ပုံစံပြလာတာကြောင့် ရှန်လျန် အမြန်နှုန်းနဲ့ စားပွဲပေါ်က မုန့်ကိုယူပြီး ကလေးလက်ထဲ ထည့်ပေးလိုက်သည်။
"မငိုရဘူး၊ မငိုလိုက်ပါနဲ့နော် ယိုအာရေ မုန့်စားပြီး မြန်မြန်ကြီးလာတော့နော်၊ မဟုတ်ရင် ဝံပုလွေကြီး မုန့်လာလုလိမ့်မယ်"
"အင့်..."
ရှုရှုပေးတဲ့ မုန့်ကို မျက်ရည်ဖြင့် ကြည့်ကာ ရှန်ယို ပါးစပ်ဟသည်။ ထို့နောက် အလုတ်ကြီးကြီးကိုက်ကာ ဝါးရင်း ရှန်လျန့်ကို မျက်ရည်ဝေ့သည့်မျက်ဝန်းဖြင့်ကြည့်ပြန်၏။
"ဒီကောင်လေးက မင်းကိုဆို အရမ်းတွယ်ကပ်တယ်၊ နောက်ဆို သူ့အဖေ ဘယ်သူမှန်း သိတော့မှာတောင် မဟုတ်ဘူး"
ဖေးယွမ်ရွှင်းက ရှန်လျန့်ဘေးမှာထိုင်ပြီး မကျေမနပ်ပြောသည်။ ထိုအခိုက် ဝမ်ရယ် မတွေးထားသည့် အနာဂါတ်ကို ရှန်လျန် မထုတ်ပြောခဲ့ပါ။
အနာဂါတ်မှာ ရှန်ယိုက သူတို့သားကိုလည်း သဘောကျလိမ့်မယ်၊ ရှန်ယိုက အချိန်တန်ရင် သူ့မိဘနဲ့ သွားနေမှာ ဖြစ်ပြီး သူ့ကိုတစ်နေကုန်တွယ်ကပ်နေမှာက မွေးထုတ်ထားတဲ့ သားဖြစ်လာလိမ့်မယ်၊ ရှန်ယိုနဲ့ သူတို့ကလေးက ဝမ်းကွဲ ညီအစ်ကိုတွေဖြစ်လာပြီး အချစ်ဆုံးညီအစ်ကိုတွေလည်း ဖြစ်လာလိမ့်မယ် ။
"တွယ်ကပ်တာကောင်းတယ်လေ၊ ကျွန်တော် သဘောကျတယ်"
တူလေးရဲ့ပါးဖောင်းဖောင်းကို တို့ထိ၍ စနောက်ရင်း ရှန်လျန် နူးနူးညံ့ညံ့ပြုံး၏။ အရင်ဘဝက တွယ်ကပ်နေမယ့် ကလေးလေးလိုချင်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဒီဘဝမှာ ရခဲ့သည်။ တူလေးဆိုပေမယ့်လည်းပေါ့ ။
"လျန်လျန် ကလေးချစ်တယ်မလား...ကိုယ်တို့ နောက်ကျရင် ကလေးဘယ်နှယောက် ယူမလဲ"
လျန်လျန်နဲ့ တူမယ့် ကလေးလေးတွေ ပတ်ပြေးနေတာကိုတွေးကြည့်လိုက်တော့ ဖေးယွမ်ရွှင်းရဲ့ မျက်နှာပေးက နူးညံ့သွားရသည်။
ရှန်လျန်က သူ့ကိုကြည့်လာကာ...
"ဘယ်နှယောက် ယူရင်ကောင်းမလဲ"
သေချာပေါက် သူ့တွင် ကလေးအဖေဖြစ်ချင်တဲ့ ဆန္ဒ ရှိသည်၊ ပေါက်စီလေးနှစ်လုံးမွေးထုတ်ပြီး ကြီးလာတဲ့ထိ စောင့်ကြည့်ချင်သည်။ ချွေးမနှစ်ယောက်နဲ့ လက်ထပ်သွားပြီး မြေးတွေရလာတဲ့အခါ ထိန်းကူပေးချင်သေး၏။
ရှန်လျန်၏ ဆန္ဒက သာမာန်ဆန်သည်၊ ကံဆိုးချင်တော့ အရင်ဘဝက အမြင့်ဆုံးနေရာရခဲ့ပေမယ့် စစ်မှန်တဲ့ဘဝကို မပိုင်ဆိုင်ခဲ့ရ၊ ယခုဘဝတော့ ဆန္ဒတွေ ပြည့်မြောက်ရန် လအနည်းငယ်သာအချိန်ယူရတော့မည်။
"ဆယ်ယောက်လောက် ၊ဒါမှ မဟုတ် ရှစ်ယောက်ဆိုရင်လည်း ကောင်းပါတယ်"
"....."
ပျော်ရွှင်တဲ့ အတွေးထဲ လက်ပစ်ကူးနေတဲ့ ရှန်လျန်တစ်ယောက် ပြောစရာစကားမဲ့သွား၏။ ပြောရဲလိုက်တဲ့ ပါးစပ်၊ ဆယ်ယောက်၊ ရှစ်ယောက်တဲ့...ဝက်ထင်နေလား အဲ့လောက်များများမွေးရအောင်....
2736 words
Grape 🍇
Minora
1 year ago
ဝမ်ရယ်ကတော့10ယောက်လောက်တဲ့ငါ့လျန်လျန်လေးဘဝကမတွေးရဲစရာဘဲ