ရှန်လျန်ရဲ့ အမှုစစ်ဆေးပုံ
ရှန်ချောင်နဲ့အခြွေရံနှစ်ယောက် ကတဲ့ ပြဇာတ်ထဲ စဉ်းစားဉာဏ်မရှိတဲ့ သူတွေတော့ ယုံချင် ယုံကြလိမ့်မည်။ သို့ရာတွင် ရှန်ရွေ့ထင် အပါအဝင် တစ်ချို့လူနဲ့ ကျောက်လန် က သူ့စကားကို နည်းနည်းမှ မယုံပါ၊ သူပြောတဲ့ အတိုင်းသာ တစ်ကယ်ဆိုရင် ဖေးယွမ်ရွှင်းကို ကြိုက်ပါတယ်ဆိုတဲ့ သူက ပြုကျင့်ခံရပြီးတော့ ဘာလို့ အရူးလို ဖြစ်နေမှာလဲ? အစကတည်းက ထုတ်ပြောလိုက်လို့ရတာပဲလေ..
"ချောင်အာ...."
နှစ်ပင် သုံးပင် လိမ်၍ ရှုပ်ထွေးလာတာကြောင့် ကျောက်လန် ရင်ထဲ မကောင်းသည့် ခံစားချက် ဖြစ်လာသည်။ ရှန်ချောင့် ကြည့်ရသည်မှာ နဂို နာကျင်နေသမျှ ပျောက်သွားပြီး ပျော်ရွှင်နေသယောင် သူ့လက်မောင်းပင် လာဖက်လိုက်သေးသည်။
"အမေ.. အနာဂါတ်မှာ သမီး မြို့စားမင်းနဲ့ လက်ထပ်လိုက်ရင် အမေ ပျော်မှာလား"
"...."
အမူအရာက အတုအယောင်နဲ့ မတူပေမယ့် ကျောက်လန် မယုံရဲသေးရာ တခဏခန့် ဘာပြန်ပြောရမှန်း မသိပေ။
"ချင်ဖင်းမြို့စားမင်းနဲ့ လက်ထပ်မယ်၊ သူ့ကလေး မွေးပေးမယ် တဲ့လား"
တိတ်ဆိတ်နေတဲ့ ရှန်လျန်က အေးစက်စက် မထီမဲ့မြင် ဆိုသည်။ လူတိုင်းက ရုတ်ချည်းပြောင်းလဲ သွားတဲ့ လေထုကြောင့် ရှန်လျန့်ဆီ တစ်ပြိုင်တည်း လှည့်ကြည့်သည်။
ရှန်လျန်က သားအမိ နှစ်ယောက်ဆီ ခြေတလှမ်းချင်း လျှောက်သွားပြီး လှပတဲ့ မျက်နှာလေးက လှောင်ပြောင်ချင်ဟန် အပြည့်။
"မင်းပြောတာ မှန်တာ မမှန်တာ အသာထား၊ ရှန်ချောင် .. သူ့ရဲ့ တရားဝင်ဇနီးဖြစ်တဲ့ ငါက ခွင့်မပြုရင် မင်းက သူ့မယားငယ်ပဲ ဖြစ်လာမယ်ဆိုတာ မသိဘူးလား၊ မိခင်က တရားမဝင်ရင် မင်းမွေးတဲ့သားလည်း အမွေဆက်ခံခွင့်မရှိဘူးနော်"
"နင်..."
"ချောင်အာ မပြောတော့နဲ့"
ရှန်ချောင်ရဲ့မျက်နှာထား ပြောင်းလဲ သွားတာနဲ့ ကျောက်လန်ချက်ချင်း သတိပြုမိပြီး ဆက်မပြောရန် ဟန့်တားသည်။ သို့ရာတွင် ရှန်ချောင်က နိုင်လိုစော ကြီးနေပြီဖြစ်ရာ တားမရတော့ပါ။
"ငါ့ကလေးက အမွေဆက်မခံနိုင်ရင်တောင် နင့်လိုကလေးမမွေးနိုင်တဲ့သူထက် သာပါသေးတယ်၊ရှန်လျန် နင်ဒါကိုမသိသေးဘူး မလား၊ ဒီဘဝတော့ နင် ဘယ်တော့မှ ကိုယ်ဝန်မဆောင်နိုင်တော့ဘူးဟဲ့ ဟားဟားဟား"
"ရှန်ချောင်!"
ရှန်ချောင်က တဆုံးထိ ပြောချလိုက်ပြီး အားရဝမ်းသာစွာ ရယ်မော လိုက်သည်။ သူ မသိလိုက်တဲ့အချက်က ဒုတိယမိသားစုရော တတိယမိသားစုပါ မျက်နှာဖြူရော်ကုန်တာပဲဖြစ်သည်။
ရှန်လျန်ရဲ့ ကလေးမရနိုင်တဲ့အချက်က လျို့ဝှက်ထားရမှာကို ဘာလို့ ထုတ်ပြောပစ်တာလဲ!
ရှန်လျန်က သူ့ထောင်ချောက်ထဲ ဝင်လာတဲ့သူကြောင့် ကျေနပ်သွားသည့်အရိပ်အယောင်ကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြ။
"ဘာပြောတာလဲ?"
ဒီအချိန်မှ တစ်ခုခု မခန့်မှန်းမိဘူးဆိုရင် တစ်ဘဝလုံးအသက်ရှင်ရတာ အလကားပဲ ဖြစ်နေမှာပေါ့၊ ရှန်ရွေ့ထင် မျက်နှာက အတော်လေး မည်းမှောင်နေတော့၏။ ညီနှစ်ယောက်ရဲ့ မိသားစုမျက်နှာတွေကို အကဲခတ်ကြည့်လိုက်ပြီး အတွင်းဇာတ်လမ်းပုပ်တွေရှိနေမှန်း ရှင်းရှင်းလင်းလင်း သိသွားသည်။
မိုက်မဲလိုက်တာ!!
လျိုရှုဟန်တို့သားအမိက ဆန့်ကျင်ဘက်မှာ ထိုင်နေတာဖြစ်ပြီး စိတ်ထဲကနေ ပြိုင်တူ ဆဲဆိုလိုက်ကြသည်။ အခန်းထဲက လေထုအခြေအနေကတင်းမာလာတာကြောင့် ရှန်ချောင်က ရှန်လျန်ရဲ့သတို့သားလောင်း ဖေးယွမ်ရွှင်းရဲ့ ပြုကျင့်ခံရတာဆိုပြီး ရူးသလိုကြောင်သလို ဆက်ပြီးဟန်ဆောင်နေလို့ မရတော့ပါ၊ နှုတ်မစောင့်စည်းပဲပြောထွက်လိုက်တဲ့စကားတွေကြောင့် က်ုယ့်သေတွင်းကိုယ်တူးမိသွားတာ ဖြစ်၏။
လျိုရှုဟန် ကူကယ်ရာမဲ့ပြီး ရှန်လျန့်ကို ကြည့်လိုက်မိသည်။ အန္တရာယ် များလိုက်တဲ့ ကောင်လေး!တိတ်တဆိတ် အကွက်ကျကျစီစဉ်သွားတာ ၊ ဘယ်သူမှ သတိမထားမိကြဘူး။
"အ ကုန်ပြီလား? ဘာတွေဖြစ်သွားတာလဲလို့မေးနေတာ! ရှန်ချောင်က ဘာလို့ ရှန်လျန် ကလေးမမွေးနိုင်ဘူးဆိုတာ သေချာသိနေရတာလဲ"
ဘယ်သူမှ ပြန်မဖြေတာကြောင့် ရှန်ရွေ့ထင် ထရိုက်ချင်လာသည်။ အမှန်တရားက သူထင်ထားတာထက် ပိုစက်ဆုပ်စရာကောင်းနေနိုင်သည်။ ထပ်ပြီး သည်းခံနိုင်ပါ့မလား မပြောတတ်ချေ။
"မှတ်မိလား.. ပြီးခဲ့တဲ့လက ရှန်ချောင် ကျွန်တော့်ကိုတောင်းပန်ဖို့ဆိုပြီး ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးတယ်လေ"
ရှန်လျန်က ဒီကိစ္စကို ရှန်ရွေ့ထင် ခုမှသိရော့သလား ဟူ၍ခပ်လှောင်လှောင် ကြည့်လိုက်သည်။
"ဘာပြောချင်တာလဲ"
ရှန်ရွေ့ထင် အသံက မတည်ငြိမ်နိုင်တော့ပေ။ အမှန်တရားကိုရေးတေးတေး ခန့်မှန်း မိနေပေမယ့် လက်မခံနိုင်ဖြစ်နေသည် ။
"ဘာပြောချင်တာလဲ ဆိုတော့ သခင်ကြီးနဲ့ အဖွားတို့ အဒေါ်တို့အကုန် ကျွန်တော့်ကိုသောက်ဖ်ို့တိုက်တွန်းခဲ့တဲ့ ရေနွေးကြမ်းထဲမှာ ဆေးခတ်ထားခဲ့တာပဲ"
ဖုန်း!!
"သခင်ကြီး"
ရှန်လျန့်စကားအဆုံး အရပ်မြင့်တဲ့ ရှန်ရွေ့ထင်ရဲ့ခန္ဓာကိုယ်က အားအင်ကုန်ခမ်းစွာ ပျော့ကျသွားလေတယ်၊ နောက်ဆုံးကျမှ ထိုင်ခုံမှာ သေချာ ထိုင်နိုင်သွားသည်။ သက်လတ်ပိုင်းအရွယ်သာရှိသေးတာကြောင့် ကြည့်ကောင်းတဲ့ မျက်နှာပေါ်မှာ အထိတ်တလန့်နဲ့ အံ့အားသင့်မှုက ပေါ်လွင်ထင်ရှားနေတယ် ၊ရှန်လျန်ပြောလိုက်တဲ့စကားတွေက သူ့ခေါင်းထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်လျက်ရှိ၏။
ဆေးခတ်ထားတယ်!
ရေနွေးကြမ်းခွက်ထဲ ဆေးခတ်ထားတယ်!
အဲ့ဒီအချိန်က သူ့လေသံက အရမ်းတင်းမာနေတာကြောင့် သူ့သားက အမြန်သောက်လိုက်ရတာ...
သူတို့ဘာကြောင့် လုပ်ရက်ရတာလဲ?
လုပ်ရဲလိုက်တာ!
ရှန်ရွေ့ထင် နှုတ်ခမ်းက တုန်ယင်နေပြီး တည်ငြိမ်အောင် ထိန်းဖို့ ခက်ခဲနေသည်။
"သခင်ကြီး....."
ရှန်ကျီက သခင်ဖြစ်သူကို စိတ်ပူပန်စွာ စောင့်ကြည့်နေသည်။ သခင်ကြီးရဲ့ ရင်တွင်းဒဏ်ရာက ခုချိန်ထိ မကျက်သေးရာ အပိုစကားမပြောပဲ မျက်ခြေမပျက်ကြည့်နေပေးရုံသာရှိ၏။ သခင်မ ပြီးတော့ ပဉ္စမ သခင်လေး ကံဆိုးတယ်ဆိုတာ ကံကြမ္မာအရလား.. သူဘာလိုလုပ်ပေးရပါ့?
"မင်းသိပြီးသားလား"
ရှန်ရွေ့ထင်သာ မက လူတိုင်း အံ့အားသင့်ကုန်သည်။ ရှန်လျန် မသိလောက်ဘူးလို့ ထင်ထားကြတာလေ။
"သိပြီးသားပါ"
ရှန်လျန် တည့်တိုးပဲ ဝန်ခံသည်။ လှောင်ပြုံးက နှုတ်ခမ်းပေါ် တင်နေလျက် ရှိရာ ရှန်ချောင် စူးစူးရဲရဲစိုက်ကြည့်ပြီး အော်သည်။
"အဲ့ဒါဆို နင် အခု...."
"ဆေးသောက်မိတာ သေချာအောင် တစ်အိမ်လုံးနဲ့ ကိုင်ချုပ်ထားခဲ့သေးတာကို အဲ့တုန်းက ငါမသောက်ရင် ခုချိန်ထိ ကောင်းကောင်းနေခွင့်ရပါ့မလား ပြောကြည့်"
မရပ်မနားတမ်း တစ်ဆက်တည်း ပြောချလိုက်ပြီးတော့ ရှန်လျန်ထရပ်သည်။ ရှေ့ကို ခြေနှစ်လမ်းလျှောက်ပြီး ပြုံးလိုက်သည်။
"ဒါပေမယ့် နင့်ကိုစိတ်ပျက်စေမိတယ်၊ ငါ ဟယ်ရှန်းခြံဝန်းကပြန်လာတဲ့လမ်းမှာပဲ ဆေးအပ်ထိုးပြီး အဆိပ်မပြန့်အောင် တားထားလိုက်နိုင်တယ်လေ၊ ပြန်ရောက်တာနဲ့ အဆိပ်တွေ အကုန် အန်ထုတ်ပစ်လိုက်တယ်၊ နင်ခတ်တဲ့ အဆိပ် တစ်စက်မှကို မသောက်မိလိုက်ဘူး "
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊မဖြစ်ရဘူး..."
ရှန်ချောင် မယုံကြည်နိုင်၊ ဒီတစ်လျှောက်လုံး ဆေးစွမ်းပြနေပြီလို့ ထင်ထားတာလေ... ဘယ်လိုလုပ် ဆေးမသောက်လိုက်မိတာလဲ..
မယုံဘူး.....
သူတင်မဟုတ် မိသားစုနှစ်စုလုံး မယုံကြည်နိုင်ကြ။ ရှန်လျန်ဘက်က လှည့်ကွက် မလုပ်ခဲ့ရင်လည်း ဒီနေ့ဒီအချိန်ထိ စိတ်အေးလက်အေး ဘယ်နေခဲ့လိမ့်မလဲ?
"မင်း တစ်ကယ်ပဲ ...အန်ထုတ်ခဲ့လား"
အကြီးမားဆုံး ရိုက်ချက်မိသွားတဲ့ ရှန်ရွေ့ထင်က နောက်ဆုံးတော့ စကားပြောဖို့ ခွန်အား ရလာပြီး မေးလိုက်သည်။ မတိုင်ခင်က တစ်ကယ်ကို မိုးပြိုသလို ခံစားခဲ့ရတာပင်။
"ဟုတ်ပါတယ်၊သခင်ကြီး စိတ်အေးအေးထားပါ"
"မင်းတော့..."
ရှန်လျန်ရဲ့ အဆိပ်ရှိတဲ့လျှာက လူကို ဒေါသထွက်သေအောင် လုပ်နိုင်သလို ပြန်အသက်ရှင်အောင်လည်း လုပ်နိုင်သည်။ ရှန်ရွေ့ထင်က ခေါင်စထဲ ဗလာသက်သက် ဖြစ်နေပြီး...
"တော်သေးတာပေါ့ မသောက်လိုက်မိတာ တော်သေးတယ်၊ ကောင်းတယ် ကောင်းတယ် မသောက်မိလို့ပေါ့"
ကံဆိုးစေတတ်တဲ့နက္ခတ်နဲ့ မွေးဖွားလာတယ်ဆိုပေမယ့် ကံကောင်းနေတာပဲ၊ တစ်ကယ်ကို ဘယ်အရာမှ တစ်ထစ်ချ တွက်ထားလို့မရဘူး၊အဖေအနေနဲ့ ရှန်လျန့် တစ်ယောက်ထဲကိုပဲ ကြည့်ပေးတဲ့ထိ မလုပ်နိုင်သေးပေမယ့် စိတ်ထဲ ပြောနေမိသည်က ကံကောင်းလို့ ရှန်လျန် သန္ဓေမတည်ဆေး မသောက်လိုက်မိတာ၊ မဟုတ်ရင် သေတဲ့ထိ ရင်ထဲက ဒဏ်ရာက ကျက်မှာ မဟုတ်တော့ဘူး ဟူ၍။
အိမ်တော်ပြန်ရောက်ကတည်းက ဖခင်က တဖြည်းဖြည်းချင်း စိတ်ပျော့လာပေမယ့် ကံဆိုးစွာနဲ့ ရှန်လျန်က အသည်းမာသည့် သူမျိုးဖြစ်၏။ အရင်ဘဝကအတွေ့အကြုံကြောင့် နှလုံးသား နူးညံ့အောင် ဘယ်လိုပြန်လုပ်ရမလဲ မသိတော့ပေ၊ အဖေရင်း လား? ကျောက်တုံး အဖေတော်တာမှ ဟုတ်ဦးမည်။
လူများစွာက စိတ်ပျက်လက်ပျက် မှိုင်တွေနေကြသည်ကို ရှန်လျန် အခွင့်ကောင်းယူလျက် လိမ်ညာပြောသည့် အခြွေရံနှစ်ဦးရှေ့ သွားလိုက်သည်။
"ခေါင်းမော့"
အခြွေရံနှစ်ဦးက တညီတညွတ်တည်း ခေါင်းတင်းတင်းငုံ့ကာ တုန်ယင်နေသည် ။
"သုံးခါ မပြောရစေနဲ့၊ ခေါင်းမော့စမ်း!"
ရှန်လျန်ရဲ့အသံက ပို၍ မာကြောလာသည်။ အခြွေရံနှစ်ယောက်က တုန်လှုပ်နေကြသည်။ သခင်မတွေ ရှေ့မှာတောင် တွေဝေမနေပဲ ပြုမူရဲတာကြာင့် သူတို့လည်း ဆက်ပြီး ခေါင်းမမာရဲကြပဲ ခေါင်းမော့လိုက်ကြသည်။ ထို့နောက် အလွန်လျင်မြန်စွာ ခေါင်းပြန်ငုံ့လိုက်ကြသည်။
ရှန်လျန်က အလွန်ကြည့်ကောင်းသည်။ သို့သော် ကြောက်ဖို့လည်း ကောင်း၏။ အေးစက်စက် မျက်နှာထားကြောင့် ကြာကြာ စိုက်မကြည့်ရဲကြပါ။
"မနေ့ညက မြို့စားမင်း သူ့ကို ချိန်းတယ်လို့ ပြောခဲ့တယ်နော်.. ဘယ်လိုချိန်းတာလဲ ပြောပါဉီး၊ စာနဲ့လား စကားလား"
ရှန်လျန်ခပ်မာမာမေးသည်။
"ရှန်လျန် နင်ဘာလုပ်ချင်လို့လဲ၊ ငါ့အခြွေရံတွေ စိတ်ပြောင်းအောင် ခြိမ်းခြောက်နေပြန်ပြီလား"
ရှန်ချောင် အသိဝင်လာပြီး အမြန် ရှေ့က ပိတ်ကာပေးလိုက်၏။ ရှန်လျန် မျက်လုံးချင်း ဆုံအောင် တိုက်ရိုက်ကြည့်လိုက်သည်။
"ရိုးရှင်းတဲ့ မေးခွန်းလေး မေးတာပါ၊ ခြိမ်းခြောက်တဲ့ စကားလုံးမျိုး ဘယ်နားရွက်က ကြားတာလဲ၊ ချင်ဖင်းမြို့စားက မင်းသားကြီးရဲ့ သားတော်ဖြစ်ပြီး၊ လက်ရှိ ဧကရာဇ်ရဲ့တူ တော်တယ်၊ အဲ့လိုလူက မင်းကို စော်ကားခဲ့တယ်ဟုတ်လား? ချင်ဖင်းမြို့စားကတော်လောင်း ဖြစ်တဲ့ငါက အမိန့်အာဏာနဲ့ လုပ်ပိုင်ခွင့်အပြည့်အဝရှိတယ် ...အရှင်းဆုံးမေးလိုက်မယ်.. ရှန်ချောင် ကိုယ့်ခြေထောက်နဲ့ ကိုယ် ထွက်သွားမလား၊ လူခေါ်ပြီး ကန်ထုတ်ခိုင်းရမလား"
သူပိုင်တဲ့လူကို ထပ်ခါထပ်ခါ စော်ကားခွင့် မပြုနိုင်၊ တုံးခုပြီး အမြင့်လှမ်းတာမျိုး သူ့လူမှာ လာမလုပ်နဲ့ ၊ရွံတယ်။
"နင်လုပ်ရဲလား"
"ဖုန်း !!! အား...."
သူငြင်းလိုက်တာနဲ့ ယောင်းကွမ်ရဲ့ ကန်ချက်မိပြီး နာနာကျင်ကျင်အသံ ထွက်ပေါ်လာရသည်။ ကျောက်လန်က အမြန်ပြေးထူလိုက်ရသည်။ အဖေဖြစ်သူ ရှန်ရွေ့ချင်ကတော့ ခုံပေါ် မှာ မလှုပ်မယှက် ထိုင်နေဆဲပင်။ ရှန်ရွေ့ကျန်းတို့မိသားစုက ရှန်ချောင်ကို မုန်းတာမို့ မကူညီသလို လှည့်ပင် မကြည့်ကြ။
"ဖြေ.. စာနဲ့လား စကားနဲ့ ချိန်းတာလား"
ရှန်လျန့် မျက်ဝန်းက အခြွေရံ တွေကို စူးရဲစွာ ကြည့်နေသည်။
"စကားနဲ့ပါ"
"စာနဲ့ပါ"
ဖိအားတွေ အောက်မှာ ဝန်ခံတဲ့ စကားက နှစ်ခုကွဲနေသည်။ ရှန်လျန် ဆက်မေးသည်။
"စာနဲ့ ချိန်းတာဆိုရင် စာပို့တဲ့သူရှိမှာပဲ ...ဘယ်သူလာပို့တာလဲ"
အစေခံနှစ်ဦးက အချင်းချင်းကြည့်လိုက်ကြပြီး မဝံ့မရဲ ဖြေသည်။
"မြို့စားမင်းနောက် အမြဲ လိုက်တဲ့ ရဲမက်ပါ"
"သူ့နာမည်က ဘာခေါ်လဲ"
"ကျွန်...ကျွန်မ မသိပါဘူး"
"နာမည်တောင် မသိပဲနဲ့ ရှန်ချောင့်ကို ညလယ်ခေါင်ကြီး တစ်ယောက်ထဲ လွှတ်လိုက်ကြတာလား"
"ကျွန်...ကျွန်မ..."
ဘာပြောရမှန်း မသိတော့တာကြောင့် တုန်ရီနေတာ သွားပင် တဂတ်ဂတ်ရိုက်ကုန်သည်။ ရှန်လျန် သိချင်စိတ်ပြင်းပြစွာ ခြေဖနောင့်တစ်ဖက်ပေါ် ထိုင်ချသည်။ အခြွေရံနှစ်ဦးလုံးခေါင်းမော့လာမှ နောက်ဆုံးအကြိမ် ထပ်မေးသည်။
"သေချာတယ်နော်"
"ဟုတ်..ဟုတ်ကဲ့ သေချာပါတယ်"
နှစ်ယောက်လုံး အံကြိတ်ပြီး ဖြေသည်။ ခေါင်းငြိမ့်၏။
"ကောင်းပြီ"
ရှန်လျန် မရှင်းမလင်း ပြောသွားပြီး ထကာ လှည့်ပြန်သည်။ လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီး နောက်တော့ ရှန်ဟွေးဆီမှာအကြည့် ရပ်သည်။
"ငါမှတ်မိတာ မှန်ရင် ဒီမနက် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန် တတိယ အစ်ကို တစ်ခါမှ ပေါ်မလာဘူး၊ အရမ်းအိပ်မောကျနေတာလို့ မပြောဘူးမလား"
"ဒါက...."
သူ့ကိုနာမည်တပ်ခေါ်မယ်မှန်း ကြိုသိတဲ့ ရှန်ဟွေးက အနည်းငယ် တုံ့ဆိုင်းနေပြီး.. စိတ်ကသိကအောက်ဖြစ်စွာ ပြောလာသည်။
"မအိပ်နေပါဘူး၊ မနေ့ညက တံခါးခေါက်သံကြားလို့ ထဖွင့်တာ ၊ညီမရှစ်ရောက်နေတာတွေ့တယ်.."
"ရှန်ဟွေး.. နင်ဘာပေါက်ကရပြောနေတာလဲ"
ကျောက်လန်က အံကြိတ်သံနဲ့ သတိပေးတားမြစ်သည်။ ရှန်ဟွေးဘာကြောင့် ဒီလိုပြောနေလဲ မသိပေမယ့် ရှန်လျန့်ကို ဒုက္ခပေးဖို့လုပ်ခဲ့မှန်း ပေါ်ကုန်မှာ စိုးပြီး တားရခြင်းပင်။ ဒီကိစ္စပါ ပေါ်သွားရင် သခင်ကြီးက ထပ်သည်းခံတော့မှာ မဟုတ်ဘူး။
"ငါ့ကိုအမေလို့ မသတ်မှတ်နဲ့တော့ ၊အပျက်ကောင် ကိုယ့်ဖာတန်းမှာ ကိုယ်နေ"
စကပြောခွင့်မပေးပဲ ကျောက်လန် ကယောက်ဂယာက် အော်ဟစ် မာန်မဲလိုက်သည်။ အရာရှိကတော် ဂုဏ်သိက္ခာပင် မထောက်သဖြင့် ကျန်သည့် အမျိုးသမီးများ ခေါင်းမဖော်နိုင်အောင် အရှက်ရကုန်၏။ ပြောတော့ဖြင့် သခင်မနဲ့သခင်မလေးတဲ့ ၊ကြည့်ရတာ အစေခံတွေနဲ့ ထူးမခြားနားပါပဲ။
2453words
Grape 🍇