no

Font
Theme

'တုံးလင်အိမ်တော်က ဗြောင်းဆန်ပြီ'

"ဘာဖြစ်တယ်? နောက်တစ်ခေါက် ပြန်ပြောစမ်း!"

ရှန်ရှောင်ကို ဖမ်းသွားတယ်ဆိုတဲ့ သတင်းကြောင့် လျိုရှုဟန်က ရေနွေးခွက်ကို အလန့်တကြား ဆောင့်ချမိသွား၏။ သူနဲ့အတူ ရှိနေတဲ့ ရှန်ချန်လည်း ကြောင်အမ်းပြီး ပါးစပ်ဟောင်းလောင်းပွင့်နေသည်။ သားအမိနှစ်ယောက်လုံး ထိတ်လန့်မှုကြောင့် စတင်တုန်ရီလာသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ၊ ရှောင်အာကို ဘာအတွက် ဖမ်းခေါ်သွားတာတဲ့လဲ"

လျိုရှုဟန်က နောက်ဆုံးတော့ သတင်းလာပို့တဲ့အ‌ေစခံကို မေးလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သတိမမူမိပဲ လက်နှစ်ဖက်က တစ်ဖက်လူရဲ့ လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။

အ‌ေစခံက နာကျင်မှုကြောင့် တွန့်သွားပေမယ့် သခင်မအား တွန်းမထုတ်ရဲပါ။ ထို့အစား ချွေးစေးတွေ ထွက်လျက် ပြန်ဖြေလိုက်သည်။

"သခင်မကို ပြန်ဖြေပါတယ်၊ မင်းသားသွမ့်က စစ်သည်တွေကို ဦးဆောင်ပြီး ဒုတိယနဲ့ စတုတ္ထသခင်လေးတို့ကို အင်ပါယာတက္ကသိုလ်ထိ လာဖမ်းခေါ်သွားပါတယ်... အကြောင်းရင်းကိုတော့ အမတ်ကြီးလည်း မသိရသေးပါဘူး၊ကျွန်မလည်း သတင်းလာပို့သူကို သေချာမမေးမိလိုက်...အား!"

"အသုံးမကျတဲ့ အစေခံ! ငါတို့တုံးလင်အိမ်က ခွေးတောင် နင့်ထက် တော်တယ်!"

ပြော၍မပြီးသေးခင် အစေခံသည် ချာချာလည်သွားသလို ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သူမက ကြမ်းပြင်ပေါ် လဲကျနေလေ၏။ လျိုရှုဟန်က စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ အော်ဟစ်သည်။

"ထွက်သွားစမ်း!"

"ဟုတ် ...ဟုတ်ကဲ့ရှင့် ခုပဲ ထွက်သွားလိုက်ပါ့မယ်ရှင့်"

အစေခံက မျက်ရည်ကျလာသော်လည်း အသံတစ်သံမထွက်ရဲပဲ လက်မောင်းမှ နာကျင်မှုကို သည်းခံလျက် အမြန်ပြေးထွက်သွားလိုက်သည်။

"မင်းသားသွမ့်! သူပဲလား.. သူတစ်ယောက်ထဲ ဖော်ထုတ်နိုင်တာတော့ မဖြစ်နိုင်ဘူး"

အစေခံကို မောင်းထုတ်လိုက်ပြီးနောက် လျိုရှုဟန်က လက်သီးတင်းတင်းဆုပ်ကာ အမုန်းတရားများနှင့်အံကြိတ်သည်။ ဒေါသကြောင့် မျက်ဆံကပြူးထွက်နေသည်။ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမကိုယ်တိုင်ထက် သူမရဲ့သားက ပိုအဖိုးတန်သည်။

မင်းသမီးကြီးရဲ့ လူတွေက လျိုဝမ်ကျင်းကို ရာထူးမှဖယ်ရှားလိုက်တုန်းက သူမ သည်းခံနိုင်သေးသော်လည်း ရှန်ရှောင့်ကိုတော့ ထိခွင့်မပြုနိုင်ပေ။ လျိုရှုဟန်သည် မုန်းတီးလွန်း၍ ယခုချက်ချင်းပင် မင်းသမီးကြီး၏ နန်းအိမ်ရာသို့သွားကာ ဝုန်းဒိုင်းကြဲပစ်လိုက်ချင်သည်။

"အမေ..အမေ.. သမီးတို့ ဘယ်လိုလုပ်ကြမလဲ? ကောကော တစ်ခုခုဖြစ်လို့မရဘူးလေ"

ရှန်ရှောင်က လျိုရှုဟန်အတွက်ရော၊ ရှန်ချန်အတွက်ပါ မှီခိုအားထားရာ ‌‌ေရွှတောင်ကြီးဖြစ်လေသည်။ လတ်တလောတွင် ရှန်လျန်ကြောင့် သူ့ရဲ့ ဂုဏ်သတင်းက အဖတ်ဆယ်မရအောင် ပျက်စီးခဲ့ရပြီး ရှန်ရွေ့ ထင်ရဲ့ မနှစ်သက်မှုကို ခံရသည့်အပြင် ၊အပျော် မယားတွေကပါ သူ့ခေါင်းပေါ်တက်လာခဲ့သေးသည်။ မူလက ဂျူလိုင်လမှာ ကျင်းပမယ့် စာမေးပွဲရလဒ်ကို မြင့်မြင့်မျှော်မှန်းထားပြီး ရှန်ရှောင်ကို အားထား၍ နေရာကောင်းပြန်လုရန် တွေးထားသော်လည်း ယခုကြည့်ရပုံထောက်ရင် မဖြစ်နိုင်တော့ပါ။ရှန်ရှောင်က ဖမ်းခံထားရ၏။ ထို့အပြင် အပြစ်ကိုဖော်ထုတ်လိုက်ပါက ဘာမှ ဆက်မျှော်လင့်ရန် မရှိတော့ပြီ။

"အမေသိတယ်... စဉ်းစားပါရစေဦး.. အမေ တွေးကြည့်ပါရစေဦး"

လျိုရှုဟန် ကယောင်ခြောက်ချားနှင့် မျက်ကလူးဆန်ပြာဖြစ်ကာ လက်တွေ တုန်နေသည်။ အတော်ကြာမှ အသံထွက်လာသည်။

"အမတ်ကြီး၊ ဟုတ်တယ် အမတ်ကြီးကိုသွားရှာရမယ်၊ ရှောင်အာက သူ့သားလေ... ဒီတိုင်းထိုင်ကြည့်နေလို့မှ မရတာ"

လျိုရှုဟန် ဆုံးဖြတ်ချက်ချလိုက်ပြီး ကပျာကသီ ပြေးထွက်သွားရန်ပြင်သည်။

ရှန်ချန်နှင့် အစေခံခေါင်းဆောင် ဟွိုင်ကျီက အမြန် ဆွဲတားလိုက်ကြပြီး..

"အမေ.. စိတ်အေးအေး ထားပါဦး၊ အဖေက ဒီအချိန်ဆို ရုံးမှာပဲ ရှိဦးမှာလေ... ရုံးထိ သွားရှာမလို့လား"

"ဟုတ်ပါတယ် သခင်မ...ဒီလိုလုပ်ပါလား.. အစေခံတစ်ယောက်လွှတ်ပြီး အမတ်ကြီး သိအောင် စာသွားပို့ခိုင်းလိုက်ရင်ရော?"

"သူက ဒီလိုအချိန်မှာ ရုံးထဲ အေးဆေး ထိုင်နေလို့ရမလား!!"

စိတ်အေးအေးမထားနိုင်ရုံမက လျိုရှုဟန်က ကျိုးကြောင်း မတွေးတောနိုင်တော့ပါ၊ ပြဿနာအချိန်အခါက အရေးပေါ် အခြေအနေဖြစ်နေပြီး သူမရဲ့သားနဲ့သမီးက ချောက်ကမ်းပါး အစွန်းနား ရောက်နေသည်ကြောင့် အမှန်တစ်ကယ် ရင်ဘတ်တစ်ခုလုံးပူလောင်နေရသည်။

"အမေ..ထပ်မပြောနဲ့တော့! အဖေကြားသွားရင် ရွဲ့ပြီး ဘာမှမလုပ်ပေးပဲ ထိုင်ကြည့်နေဦးမယ်၊ ဦးလေးလည်း ပြစ်ဒဏ်ထိပြီး အခြေအနေ မဟန်သေးဘူး၊ အဖေကပါ မကူညီနိုင်ရင် ကောကော ပြန်လာနိုင်တော့မှာ မဟုတ်ဘူး"

တစ်လောကလုံး သူတို့သားအမိသုံးယောက်ကိုဝိုင်း အနိုင်ကျင့်ကြသည်ဟုခံစားရကာ ရှန်ချန်က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည်။

" ချန်အာ...သမီးလေး"

သမီးဖြစ်သူ၏စကားကို နားထောင်လိုက်ပြီး နောက်မှာ လျိုရှုဟန်က သမီးဖြစ်သူကို ခပ် တင်းတင်းဆွဲဖက်ကာ ကျယ်ကျယ်လောင်လောင် ငိုသည်။ ဒီတစ်လော အရာရာသည်းခံကာ ပြန်ထနိုင်ရန် အခွင့်အရေးစောင့်နေခဲ့သည်ကို ရှန်ရှောင်က ဖမ်းခံလိုက်ရတော့ သူမရဲ့ စိတ်အခြေအနေက ကောင်းကောင်း မပူးပေါင်းပေးနိုင်တော့ချေ။

"အမေ..."

သားအမိနှစ်ဦး အချင်းချင်းဖက်ကာငိုယိုနေကြပြီး ရှန်လျန့်ကို သခင်မကြီးမှ ကောင်းကောင်း ကိုင်တွယ်ပါရန် အငြိုးတေးထားလိုက်ကြသည်။

"ဟွိုင်ကျီ.. အိမ်တော်ထိန်းဆီသွား...

တစ်ယောက်ယောက်ကိုလွှတ်ပြီး ရုံးတော်မှာအမတ်ကြီးကိုရှာ၊ သခင်လေး ဖမ်းခံလိုက်ရလို့ သေချာပေါက် ကယ်ဖို့ နည်းလမ်းရှာရမယ်လို့ ပြောလိုက်"

အချိန်မည်မျှကြာသွားသည် မသိ၊ လျိုရှုဟန်က နဂိုပုံမှန်ပြန်ဖြစ်သွားပြီး အနည်းငယ် ရှိုက်သံထွက်နေသည်မှအပ ဒေါသထွက်ခဲ့သော အရိပ်အယောင်ကို အစအနပင်ရှာမတွေ့တော့ပေ။

"ကျွန်မ ခုမှ သွားလိုက်ပါမယ်"

ဟွိုင်ကျီက လျိုရှုဟန်ရဲ့ ကိုယ်ပိုင်အစေခံခေါင်းဆောင်ဖြစ်ရာ သခင်မ ပြန်အဆင်ပြေလာတာ မြင်မှ အမိန့်ကိုလုပ်ဆောင်ရန် ခပ်သွက်သွက်ထွက်ခွာသွားသည်။

တစ်ဆက်တည်းမှာပင် ဟယ်ရှန်းခြံဝန်း၏ အခြေအနေသည် ပင်မခြံဝန်းနှင့် ထူးမခြားနားပင်။ ရှန်ယန်အဖမ်းခံရတဲ့သတင်းက သခင်မကြီး၏ နားထဲရောက်သွားပြီးနောက် အကြီးအကျယ်စိတ်ထိခိုက်ကာ အသက်ရှူမဝဖြစ်ပြီး မေ့လဲသွားတော့သည်။ အိမ်တွင်းကိစ္စများကို ဦးဆောင်စီမံမယ့်သူ မရှိတော့သဖြင့် အနောက်ဆောင်က ဗြောင်းဆန်နေတော့သည်။သခင်မကြီး သတိပြန်လည်လာမယ့်အချိန်ထိ မစောင့်တော့ပဲ ညီအစ်ကိုသုံးယောက် ပူးပေါင်းပြီး သားဖြစ်သူတို့ကို ကယ်တင်ရန်နည်းလမ်းအား အမြန်ဆုံးဆွေးနွေးရန် ရှန်ရွေ့ ထင်ဆီ လူလွှတ်လိုက်ကြသည်။

ရေလွှမ်းမိုးမှုက ပြည်နယ် အတော်များများမှာ ဖြစ်ပျက်ခဲ့တာကြောင့် လူမှုရေးရာဦးစီးဌာနက အတော်လေးကိုအလုပ်ရှုပ်နေခဲ့သည်။

ပိုဆိုးသည်က မနက်ခင်းညီလာခံကျင်းပတိုင်း ဧကရာဇ်က သူတို့ဌာန၏အမည်ကို ခဏတိုင်းခေါ်ကာ ဆွေး‌နွေး မေးမြန်းသည်။ သို့ဖြစ်ရာ အကြီးဆုံးဝန်မင်းဖြစ်သူ ရှန်ရွေ့ ထင်က အိမ်ပြန်ရန် အချိန်မရှိပဲ အလုပ်မှာပဲ ခေါင်းနှစ်ထားရသည်။

အိမ်က အစေခံက သုတ်သီးသုတ်ပျာနှင့် သတင်းလာပို့သည်ကို မြင်သော် ရှန်ရွေ့ ထင်က အစောင့်တွေကို ခပ်ဝေးဝေးသွားခိုင်းကာ မည်သူမှ လာမနှောင့်ယှက်နိုင်ရန် စောင့်ကြပ်ခိုင်းလိုက်သည်။ သူ့ညီနှစ်ယောက်လုံး ကိုယ်တိုင်ရောက်ချလာတော့မှ ရှန်ရုထင်က သူ့သားရော၊ တူလေးပါ အဖမ်းခံလိုက်ရကြောင်း ရှင်းလင်းစွာသိသွားတော့သည်။

"တရားရုံးက လက်လွှတ်စပယ်ဖမ်းလို့မရဘူး၊ သူတို့ ပြစ်မှုတစ်ခုခု ကျူးလွန်ထားသေးလား"

တရားရုံးသို့သွားရာလမ်းတွင် လှည်းထဲမှ ရှန်‌ေရွ့ထင်၏ အမူအရာက မည်းမှောင်နေပြီး အကြည့်တွေက စူးရှနေသည်။

သူ့ညီနှစ်ယောက်ကို စေ့စေ့စပ်စပ် ကြည့်နေလိုက်သည်။ ဝမ်အရာရှိက သူနဲ့ သိပ်အဆက်အဆံမရှိပေမယ့် မစဉ်းစားမဆင်ခြင်ပဲ ဖမ်းမှာမဟုတ်သလို၊ ရန်အရာရှိကလည်း အကြောင်းရင်း မခိုင်လုံပဲ ဖမ်းမည့်သူမျိုး မဟုတ်၊ ဒါဆို သူ့သားနဲ့ တူလေးက ဘယ်လိုလုပ် ဖမ်းခံလိုက်ရတာလဲ?

"ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ? မင်းသားသွမ့်ကိုယ်တိုင် လာဖမ်းခေါ်သွားတယ်လို့ပြောတယ်၊ မရီးနဲ့ သူ့ဆွေမျိုးတွေကသာ မင်းသမီးကြီးနဲ့ အစေးမကပ်ဘူးမလား၊ တစ်ဖက်ကိုဒေါသထွက်

‌အောင် လုပ်မိတာ မဖြစ်နိုင်ဘူးလား?ကြားထဲက ရန်အာလေးက အပြစ်မရှိပဲ ခံလိုက်ရရှာတယ်"

စိတ်အခြေအနေမကောင်းတဲ့ ရှန်ရွေ့ချင်က ပြဿနာကြီးအောင် လောင်စာဆီ ထပ်ထည့်လိုက်သည်။

ရှန်ယန်က သူ့သားကြီးဖြစ်ရာ တစ်ခုခုဖြစ်သွားပါက လျိုရှုဟန်ကို သေခြင်းနဲ့ ပြန်ပေးဆပ်ခိုင်းမည်။

"ဒုတိယအစ်ကို!"

ရှန်ရွေ့ထင်၏ ဒေါသထွက်နေသော မျက်နှာကြောင့် ရှန်ရွေ့ကျန်းက အင်္ကျီလက်ကို လှမ်းဆွဲသည်။ ခုလိုအချိန်မှာ အစ်ကိုကြီးကို ဖိအားသွားမပေးသင့်၊ မဟုတ်ရင် ရှန်ယန့်ကို ကယ်ဖို့ နောက်ကျသွားနိုင်သည်။ ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းလည်း မင်းမှုထမ်းတွေ ဆိုပေမယ့် သူတို့ရာထူးက အနိမ့်ပိုင်းတွင်ဖြစ်၏။ တစ်ကယ်လို့ တော်ဝင်မိသားစုဝင်တစ်ဦးဦးကို စော်ကားမိပါကအသာလေးပြန်ရိုက်ချခံရလိမ့်မည်။ သို့ဖြစ်ရာ ရှန်ယန့်အား ကိုယ်ပိုင်အင်အားနှင့် ကယ်တင်ချင်ခြင်းက မဖြစ်နိုင်သည့် အိပ်မက်ကို မက်နေခြင်းပင်။

"အစ်ကိုကြီး ကျွန်တော် တောင်းပန်ပါတယ်...."

"တော်ပြီ ထပ်မပြောတော့နဲ့၊ တရားရုံးမှာ ပြဿနာကို သေချာသွားမေးလိုက်တာ ပိုကောင်းလိမ့်မယ်"

ရှန်ရွေ့ထင်က တောင်းပန်ခြင်းကို လက်မခံပဲ စိတ်မောမောနှင့် မျက်စိမှိတ်ထားလိုက်သည်။ရှန်ရွေ့ချင်ပြောသလို မင်းသမီးကြီးရဲ့လူကို သွားထိမိလို့ လက်စားပြန်ချေတာ ဖြစ်နိုင်လား ဟုတွေးမိသော်လည်း ဒီဖြစ်နိုင်ချေက်ု ဖယ်ချလိုက်သည်။ တော်ဝင်မိသားစုက ယခုလို ဦးနှောက်မဲ့တဲ့ က်စ္စမျိုး လုပ်မှာ မဟုတ်‌ချေ။

မင်းသားသွမ့် လတ်‌တလော ကိုင်တွယ်နေသည့် အမှုကို ပြန်တွေးမိတော့ ရှန်ရွေ့ထင် စိတ်သောကရောက်သွားသည်။ ကလေးနှစ်ယောက်က လာဘ်ထိုးတဲ့ အမှုမှာ ပါဝင်ပတ်သက်နေကြတာလား?

တုံးလင်အိမ်တော် ကျုံးလင်ခြံဝန်းတွင် ဖြစ်၏။

ရှန်ရှောင်တို့ ဖမ်းခံရတဲ့သတင်းက တုံးလင် တအိမ်လုံးကို ဂယက်ထသွားစေရုံမက အကျိုးဆက်က ကျုံးလင်ခြံဝန်းကိုလည်း သက်ရောက်သည်။ ရှန်လျန် အိမ်‌ပြန်ရောက်တာမှ နှစ်လ မရှိသေး၊ အိမ်ရှိ လူများက ဒုက္ခအမျိုးမျိုး ပေးရန်ကြံစည်ကြသည်။

အကြိမ်တိုင်း ကိုယ့်ကိုကိုယ် တန်ပြန်ထိသွားခြင်းဖြင့်သာ အဆုံးသတ်သော်လည်း သင်ခန်းစာနည်းနည်းမှ မရကြပေ။ နောက်ဆုံးတော့ သူတို့ဘက်က ရှန်ရှောင်နဲ့ ရှန်ယန် အဖမ်းခံလိုက်ရတော့ ကျုံးလင်ခြံဝန်းက ပျော်တာပေါ့!

"လျန်လျန် ဒီတစ်ခါ လုပ်တာ အရမ်းကောင်းတယ်"

သူတို့နဲ့ အတူနေတာကြာပြီဖြစ်တဲ့ ယောင်းကွမ်က နှစ်ထောင်းအားရဖြစ်ကာ လက်မ အကြီးကြီး ထောင်ပြသည်။

"လျန်လျန် လုပ်လိုက်တာလား?"

ဖုရင် ချီယွဲ့နှင့် ချီရွှမ်းက အလွန်အံ့အားသင့်နေကြသည်။ လာဘ်စားတဲ့ အမှု ပေါ်ပေါက်အောင် လှည့်ကွက်သုံးနိုင်ပေမယ့် ရှန်ရှောင်တို့ပါဝင်အောင် မည်သို့ လုပ်လိုက်သနည်း?

"ကျွန်တော် ဘာမှ မလုပ်ပါဘူး၊ ဒီတိုင်း သူတို့ကို ဖျက်ဆီးနိုင်မယ့် ပစ္စည်းလေးတစ်ခုကို ပို့ပေး ခဲ့ရုံတင်"

ကလေးပွေ့ချီထားတဲ့ ရှန်လျန်က ပြုံးနေသည်။ လူတိုင်းက ကူကယ်ရာမဲ့လျက်..

"‌ပြောလိုက်ရင် အဲ့လိုပဲ!"

ရှန်လျန်မှာ ရယ်ရခက် ငိုရခက်ဖြင့်

"တစ်ကယ်ပါဆို..ကျွန်တော် ဘာမှ မလုပ်ဘူး၊ မယုံရင် လေ့ကျန်းကို မေးကြည့်ပါလား၊ လာဘ်စားတဲ့ အမှုက သူတို့ စာမေးပွဲ ကြီးကြပ်သူတွေစီက စစ်ဆေးမေးမြန်းပြီး ဖော်ထုတ်နိုင်သွားတာ"

ရှန်လျန်လုပ်ခဲ့သည်က တစုံတယောက်ဝှက်ထားတဲ့ စာရင်းစာအုပ်ကို လေ့ကျန်းအား သွားခိုးခိုင်းပြီး နေရာတကျပြန်ထားစေခဲ့ခြင်းသာ၊ သေချာ‌တာပေါ့! ရှန်ရှောင်တို့က ဝမ်ယွမ်လူကြီးမင်းနဲ့ ပတ်သက်ခဲ့မှန်း သိထားပြီးသားပင်။

အစကတည်းက ရှန်ရှောင်နဲ့ ရှန်ယန်ကို ပစ်မှတ်ထားခဲ့သည်။ သို့မှသာ လျိုရှုဟန်နဲ့ သခင်မကြီး၏ ထောက်တိုင်က ပြိုကျသွားလိမ့်မည်။ ဂရုစိုက်ခံရလေလေ... အန္တရာယ်ရှိလေလေပင်။

"လျန်လျန် လုပ်လုပ် မလုပ်လုပ် ၊သူတို့ကတော့ ထိုက်တန်တာ ဖြစ်သွားတာပဲ၊ ဟုတ်သား! အမတ်ကြီးဆီ သတင်းရောက်ပြီးလောက်ပြီ၊ အမတ်ကြီး ကယ်ပေးနိုင်မလား မသိဘူး"

ချီယွဲ့က တခြားကိစ္စတွေ စိတ်မဝင်စားပဲ သခင်လေးနှစ်ယောက် ပြန်လွှတ်လာမည်ကိုပဲ စိုးရိမ်နေသည်။ တစ်ကယ်လာဘ်ထိုးခဲ့ပြီး ပြစ်ဒဏ်မခံရပဲ ပြန်လွှတ်လာရင် မတရားပေ။

"‌အမတ်ကြီးက လူမှုရေးရာ အကြီးဆုံးဝန်မင်းဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပြစ်မှုက မထင်ရှားရင် အမတ်ကြီးရဲ့ မျက်နှာ ထောက်ပြီး ပြန်လွှတ်ပေးနိုင်လောက်တယ်နော်"

ချီယွဲ့၏ အပြုံးက ရပ်တန့်သွား၏။ ကြည့်ရတာသူတို့ ပျော်တာ စောသွားတယ် ထင်တယ်။

"ဒီအမှုက ကိစ္စ သေ‌းသေးလေး မဟုတ်ဘူး၊ စာမေးပွဲမှာ လာဘ်စားတဲ့အမှုက မိဖုရားရဲ့ သေဆုံးခြင်းနဲ့ ဆိုင်တယ်လို့လည်း သတင်းလွှင့်ထားပြီးပြီ၊ ရှန်ရွေ့ထင်ရဲ့ မျက်နှာ ဘယ်လောက်ရှိရှိ မိဖုရားရဲ့ ငြိမ်းချမ်းစွာ အနားမယူရခြင်းကို ယှဉ်နိုင်မတဲ့လား၊ မိုးကလည်း ခုထိ မတိတ်သေးဘူးလေ"

အားလုံးနှင့်ယှဉ်ရင် ယောင်းကွမ်က ပိုတွေးတတ်ပြီး နားလည်သည်။ သူကမှ ဒီကိစ္စကို အစိုးရိမ်ဆုံးလူပင်။

ဖုရင်က ခေါင်းငြိမ့်ထောက်ခံလိုက်ပြီး..

"ဟုတ်တယ်၊ဒီအမှုကို ပြည်သူတွေက စောင့်ကြည့်နေပြီး၊ အမှုထမ်း ၊အရာထမ်းတို့ အကုန်လုံး မျက်စိဒေါက်ထောက် ကြည့်နေကြတာ၊ အမတ်ကြီးအတွက်နဲ့ တရားစီရင်ရေးဌာနက မျက်နှာ အပျက်ခံမှာ မဟုတ်ဘူး၊ သူတို့ သေဒဏ်တော့ လွှတ်မယ် ၊ပြစ်ဒဏ်တော့ ဘယ်နည်းနဲ့မှ မလွှတ်နိုင်ဘူး"

ဖုရင် သားဖြစ်သူ ဖုယွင်ရှီး အကြောင်းကို ကောင်းကောင်းသိသည်။ ယွင်ရှီးကလည်း အလွယ်လေး လွှတ်သွားမှာကို အဖြစ်ခံမှာ မဟုတ်ချေ။ မှားယွင်းစွပ်စွဲခံရသည့်ထိုနှစ်က လူများစွာသည် သူတို့အိမ်ရှေ့ထိ နေ့တိုင်းလာကာ ဆဲဆိုကြသည်။ ကြက်ဥနှင့်ပစ်ပေါက်ကြသည်။ အရာအားလုံးကို သည်းခံခဲ့ပြီး နောက်ဆုံးတော့ နာမည်ဆိုးကို ချေဖျက်နိုင်တော့မည်။ သူ့သား တစ်ခါမှ မကျူးလွန်ခဲ့သည့် ပြစ်မှုဖြစ်ကြောင်း သက်သေပြနိုင်တော့မည်။

အမှုထမ်းစစ်ဆေးပွဲ၌ ပထမရခြင်းသည် အလွန်ဂုဏ်ရှိသည်။ ဖုယွင်ရှီး ဘာအမှားမှ မလုပ်ထားသည်ကို သက်သေပြပြီးသည်နှင့် သူ့ဂုဏ်သတင်းက ယခင်ကထက် ပိုပြီး ကျော်စောလာနိုင်သေးသည် ။

စီရင်စုက လည်း ဖုယွင်ရှီး အပေါ် အကြွေးတင်နေရာ အမှု၌ပါဝင်ပတ်သက်သူ အားလုံး လွတ်မြောက်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

2573 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment