'ကိုယ်ဝန်ရတာ သေချာလား'
လျိုရှုဟန် ကိုယ်ဝန်ဆောင်ရတဲ့ သတင်းက တုံးလင်တစ်အိမ်လုံးကို အံ့အားသင့်သွားစေတယ်၊ ရှန်ရွေ့ထင်ဆိုလျှင် သတင်းကြားကြားချင်း ရုံးတော်မှ အမြန်ပြေးပြန်လာသည်။ ကလေးရလို့ ပျော်ရွှင်တာထက် ထိတ်လန့်သည့် ဟန်က ပိုပေါ်လွင်နေသည်။
ပင်မခြံဝန်းရှိ အိပ်ခန်းကျယ်ထဲတွင် လျိုရှုဟန်က ကုတင်ခေါင်းရင်းကိုမှီ၍ ထိုင်နေသည်။ ကုတင်ဘေးဘက်တွင် ရှန်ရှောင်၊ ရှန်ချန်နဲ့ စွင်းကျင့်တို့က သမားတော်၏ စမ်းသပ်ရလဒ်ကိုစောင့်ဆိုင်းနေကြ၏။
"ဘာတဲ့လဲ"
သမားတော်က လက်ရုတ်လိုက်တာနဲ့ စွင်းကျင့်က စိတ်စောစွာ မေးသည်။ ရှန်ရွေ့ထင်မှ တမျိုးတမည် လှည့်ကြည့်လာသောအခါ အပြုံးတစ်ခုကိုအမြန်ဆင်မြန်းလျက်..
"ကျွန်မက ကလေးရနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်လေ၊ သခင်မ ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတော့ အိမ်တော်အတွက် ဝမ်းသာလို့ပါရှင်၊ သခင်မ စိတ်အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်"
လျိုရှုဟန်က ခွန်းတုံ့မပြန်ချေ။ ထို့အစား ခပ်ထေ့ထေ့ သာ ပြုံး၏။
"ကိစ္စမရှိဘူး"
ရှန်ရွေ့ထင်က သူ့ရဲ့ဖြေရှင်းချက်ကို နားလည်စွာနဲ့ စိတ်မရှိကြောင်း ပြော၏။ ထို့နောက် သမားတော်ဘက် လှည့်ကာ..
"ကျုပ်ရဲ့ဇနီးက အသက်မငယ်တော့ဘူး၊ သူ့ရဲ့ကိုယ်ဝန်အခြေအနေဘယ်လိုရှိလဲ.. အန္တရာယ်ရှိနိုင်လား"
ရှန်ရွေ့ထင်က သူ့ရဲ့သံသယတွေကို အပြင်လူကိုမသိစေပဲ မျှော်လင့်ချက်ပြည့်နေသည့် ဖခင်ပုံစံကိုပြသသည်။
"ဂုဏ်ယူပါတယ် အမတ်ကြီးခင်ဗျ၊ သခင်မမှာ ကိုယ်ဝန်နှစ်လရှိနေပါပြီ၊ သွေးကြောစမ်းသပ်ကြည့်တာ.. မိခင်ရော ကလေးပါ ကျန်းမာပါတယ်၊ အရမ်းမလှုပ်ရှားသရွေ့ ခက်ခဲတဲ့ အခြေအနေမဖြစ်နိုင်ပါဘူး"
သမားတော်က လက်နှစ်ဖက်ကို ရှေ့သို့စုကာ ဂုဏ်ပြုရင်း ဝမ်းပန်းတသာပြုံးသည်။
"သေချာတယ်နော်"
"ကလေးရော၊ မိခင်ပါ ဘာအန္တရာယ်မှ မရှိနိုင်တာ ကျိန်းသေတယ်နော်"
"ကျိန်းသေပါတယ်အမတ်ကြီး၊ သခင်မသာ ကောင်းကောင်း အနားယူသရွေ့ ပြဿနာ မရှိနိုင်ပါဘူး"
သမားတော်က ထပ်ခါတလဲလဲ အတည်ပြုဖြေကြားသည်။
"သမားတော်ကို ကျေးဇူးအများကြီးတင်ပါတယ်၊ စွင်းကျင့်.. သမားတော်ကို ဆေးဖိုးဝါးခရှင်းပေးပြီး ၊ပြန်ပို့ပေးလိုက်ပါဦး"
"ဟုတ်ကဲ့ရှင့်"
စွင်းကျင့်က ဒေါသတွေလွတ်ထွက် မသွားအောင် လက်ကိုင်ပဝါကိုတင်းတင်း ဆုပ်ကိုင်ထားပြီး ချုပ်တည်းထားသည်။ လျိုရှုဟန်က သူများကလေးကို အသေသတ်ပြီး သူ့ကျတော့ သုံးယောက်မြောက် တောင် ထပ်ယူနေသေးတယ်!
"ကိုယ်ဝန်နဲ့ ဆိုတော့ အိမ်ထဲမှာပဲ ကောင်းကောင်းအနားယူနေလိုက်၊ အပြင်လျှောက်သွားပြီး တစ်ခုခုဖြစ်မှ ဂြိုလ်ဆိုးနဲ့ မွေးလာတဲ့သူရှိတယ်ဆိုပြီး သူများကို လျှောက်စွပ်စွဲမနေနဲ့"
သမားတော်ကို ထွက်ခွာသွားတာနဲ့ ရှန်ရွေ့ထင်ရဲ့ ပုံစံက ပြောင်းလဲသွားသည်။ လျိုရှုဟန်ရဲ့ သားသမီးတွေ အပေါ် ဘာမျှော်လင့်ချက်မှ မထားခဲ့ဖူးသလို အခု ရလာမယ့် ကလေးအပေါ်လည်း ထိုနည်း၎င်းပင်။
"အမတ်ကြီး..."
ရှန်ရွေ့ထင်ရဲ့ မတူညီတဲ့ဆက်ဆံပုံကြောင့် လျိုရှုဟန် မျက်ရည်ဝဲမိသည်။ ရှန်လျန့်ကို နာမည်ပျက်အောင် သူလုပ်တယ်လို့ အမတ်ကြီးက တစ်ကယ်ထင်သွားတာလား? မကောင်းဆိုးဝါး ရှန်လျန်က စကားအခွန်းရေ နည်းနည်းေလာက်ပြောလိုက်ရုံနဲ့ သူနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာတွေက သဲထဲရေသွန်ဖြစ်သွားတာလား?
ဝေကျစ်ချန်ရဲ့သားဆိုတာနဲ့ ဘက်လိုက် လိုက်တာပဲလား? ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အဲ့လောက် သည်းခံနိုင်တာပဲလား?
ခင်ပွန်းသည်က အဲ့လိုဖြစ်လေ သူကလည်း နတ်ဆိုးကောင်ကို ကောင်းကောင်း ပေးမနေချင်လေပဲ!
"ကလေးကိုအသုံးချပြီး မာယာများမယ် မကြံနဲ့ လျိုရှုဟန်၊ ကျုပ်က မင်းကို အစကတည်းက စိတ်ကုန်နေပြီးသား"
ပြောဆိုပြီးတာနဲ့ ရှန်ရွေ့ထင် ထရပ်လိုက်သည်။
လျိုရှုဟန်က မျက်ရည်တသွင်သွင် စီးကျလျက်..
"ကျွန်မ မလုပ်ပါဘူး၊ ကျွန်မက အမေနဲ့ တူတူ မနက်ဖြန် ဘုရားကျောင်းမှာ ကံကောင်းအောင် ဆုတောင်းဖို့ မလိုက်သွားနိုင်မှာပဲ စိုးတာ၊ ချန်အာလည်း ကျွန်မကို အဖော်ပြုပေးဖို့နေခဲ့ရမှာလေ၊
ရှင်လည်း သိပါတယ်၊ အမေက ကျွန်မကို သိပ်သဘောကျတာ မဟုတ်ဘူး၊ အခုက အပြင်ထွက်ဖို့ သိပ်မသင့်တော်ဘူးဆိုတော့ အမတ်ကြီးကပဲ ကူပြီး နားချပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"
လက်ရှိလျိုရှုဟန်ပုံစံက အလွန်းသနားစဖွယ်ကောင်းနေပြီး တစ်ဖက်လူကို စိတ်နှလုံးပျော့လာစေတယ်၊ ကံမကောင်းစွာနဲ့ ဒီယောင်္ကျားက သူ့ကိုမနှစ်သက်တာကြောင့် မျက်ရည်တွေ မြင်ရုံနဲ့ စိတ်တိုလာသည်။ ရှန်ရွေ့ထင်က စိတ်ထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားသည်။ ရှန်လျန်က ဝေကျစ်ချန်ကို သေဆုံးစေခဲ့ခြင်းဟုတ်၏၊ မဟုတ်၏ ကို ဝေခွဲမရသေးသော်လည်း တောက်ဆရာ ကွေချန်ရဲ့ သေဆုံးမှုကြောင့် အဖြေကပိုရှင်းသွားသည်။
အဲ့ဒီနှစ်တုန်းက လုပ်နိုင်စွမ်း ရှိတဲ့လူဆိုလို့ မွေးစားအမေနဲ့ လျိုရှုဟန်ပဲရှိမှာ၊ ဒါကြောင့် ဘာပဲ ထပ်ပြောလာပါစေ၊ ကြိုပိတ်ထားနိုင်သရွေ့ ထောင်ချောက်ထဲ ဝင်စရာအကြောင်းမရှိနိုင်ပါ။
"သိပြီ"
ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်ပြီးနောက် ရှန်ရွေ့ထင် ထထွက်ခဲ့သည်။
ရှန်ချန်က အားမရှိစွာ ထိုင်ချလိုက်ပြီး မျက်လုံးနီနီများဖြင့်...
"အမေ.. အဖေက ဘာလို့ပြောင်းလဲသွားတာလဲ"
အဖေက အရင်ကဆို ဒီလိုမဟုတ်၊ သူ လိုချင်တာ မှန်သမျှ အကုန်ပေးခဲ့ပေမယ့် ရှန်လျန် ပြန်ရောက်လာကတည်းက သူ့ကိုဂရုမစိုက်တော့သလို အကြည့်တစ်ချက်တောင် မစွန့်ကြဲတော့ပေ။သူ့သမီး မဟုတ်တဲ့ အတိုင်း။
"ခုလိုဆက်ခံခံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး၊ စောင့်ကြည့်နေလိုက်ပါ၊ သူနောင်တရစေရမယ်"
မျက်လုံးအိမ်ထဲ ရက်စက်တဲ့ အရိပ်တစ်ချို့ ဖြစ်သန်းသွားပြီး၊ မတိုင်ခင်က သနားစရာ မျက်နှာက အစရှာ မရအောင် ပျောက်ကွယ်သွားသည်။
ကျုံးလင် ခြံဝန်းတွင် ...
"သခင်.. လျိုရှုဟန်ရဲ့ ကိုယ်ဝန်က နှစ်လရှိပါပြီတဲ့၊ သမားတော်က လာဘ်ထိုးခံထားရတာ မရှိပါဘူး၊ စုံစမ်းထားပြီးပါပြီ"
လေ့ကျန်းက လိုရင်းတိုရှင်း တင်ပြသည်။
"မဟုတ်ဘူး၊ သူ့ဗိုက်က အတုဆိုတာ သေချာတယ်၊ သမားတော်ကို လာဘ်မထိုးထားရင်တောင် ဆေးတစ်ခုခုသောက်ပြီး ဆေးစစ်ရလဒ် အတုလုပ်တာပဲ၊ ပုန်းလျှိုးနေတဲ့ တပ်သားတွေကို ပင်မခြံဝန်းရဲ့ လူအဝင်အထွက်ကို သေချာ စောင့်ကြည့်ခိုင်းထားလိုက်၊ စွင်းကျင့်ကိုလည်း ပြောလိုက်ဦး၊ အလျင်စလို ဘာမှမလုပ်နဲ့၊ သူတို့ရဲ့ထောင်ချောက်ထဲ ခုန်မဝင်သွားနဲ့လို့"
အရင်ဘဝက ဤအချိန်အတွင်း ကိုယ်ဝန်လုံးဝ မရတာက သေချာသည်။မဟုတ်ပါက ခုလုပ်သလိုပဲ တစ်အိမ်လုံး ဂယက်ရိုက်ပြီးပြီပေါ့။
"နားလည်ပါပြီသခင်၊ ဒါနဲ့ မနက်ဖြန် ခရီးစဉ်ကို ဘယ်လိုစီစဉ်မှာလဲ သခင်"
လျန်လျန့် သဘောထားအား လေ့ကျန်းက ငြင်းဆန်မည် မဟုတ်ပါ၊ ထို့အစားမနက်ဖြန် အတွက်သာ စိုးရိမ်မိသည်။ ဟယ်ရှန်းခြံဝန်းက လူတွေမှာ သေချာပေါက် မကောင်းတဲ့အကြံစည်တွေနဲ့ ပြည့်နေမှာမို့ သေချာပြင်ဆင်သွားရန်လိုအပ်သည်။
"တကူးတက ပြင်စရာတော့ မရှိပါဘူး၊ ငါ့ကိုကာကွယ်ဖို့ အမှောင်ရိပ်မှာ လူနှစ်ဆယ်လောက် ပုန်းနေရုံနဲ့ လုံလောက်တယ်၊ ယောင်းကွမ်နဲ့ မင်းကတော့ ပေါ်ပေါ်ထင်ထင် လိုက်ခဲ့ပေါ့"
အရမ်းကာကွယ်ထားရင်လည်း တစ်ဖက်က မလှုပ်ရှားတော့မှာ စိုးရ၏။ သူ့အပေါ်ကြံစည်နေတာကို ချောချောမွေ့မွေ့စတင်လာစေချင်သည်။ နောက်ဆုံးမှာ ခံစားရမယ့်သူက ဘယ်သူဖြစ်မလဲ စောင့်ကြည့်ကြည့်ကြတာပေါ့!
"ကောင်းပါပြီ"
လေ့ကျန်းက ခေါင်းငြိမ့်ပြီး ထွက်ခွာသွားသည်။
ဖေးယွမ်ရွှင်းက ရှန်လျန့်အခန်းကို အပိုင်စီး ရထားသလိုမျိုး အိပ်ရာပေါ်တက် လှဲနေသည်။
"ကိုယ် တစ်ကယ်ပဲ မင်းနဲ့ အတူ မသွားရဘူးလား"
"မလိုဘူး"
"သူတို့က တစ်ခုပြီး တစ်ခု ကြံစည်နေတာ၊ တစ်ချိန်လုံး သူတို့နဲ့ တူတူဆော့ပေးနေရညအောင်က အဓိပ္ပာယ်မရှိဘူးလေ၊ တစ်ကယ်လို့ မြို့စားမင်း လိုက်ချင်ရင် စတုတ္ထမင်းသား ကိုပါ ဖိတ်ခေါ်ခဲ့"
"ချင်ယွင်ရှန်း လား"
ဖေးယွမ်ရွှင်းက အလိုမကျစွာ မျက်မှောင်ကြုံ့သည်။ မင်းသမီးကြီး၏အလှူပွဲနေ့က ရှန်လျန်၏ မတည်ငြိမ်သော အမူအရာကို တွေ့ခဲ့ပြီး ဖြစ်ရာ ..
"အရင်တုန်းက ချင်ယွင်ရှန်းနဲ့ သိခဲ့ဖူးတာလား"
မဟုတ်ရင် ပုံမမှန်တဲ့ သူစိမ်းဆန်မှုမျိုးရှိနိုင်ပါ့မလားလေ....
"ဟင်?"
ရှန်လျန် ကြောင်အမ်းသွားပြီး တစ်စုံတစ်ခုကို ရိပ်မိလိုက်ကာ ဖေးယွမ်ရွှင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဘယ်လိုသိသွားတာလဲ? သူ့ဆီက ကျွန်တော် သွေးကြွေးရစရာရှိတယ်၊ ကျွန်တော် အသက်ရှင်နေသရွေ့ သူ အေးအေးချမ်းချမ်းမနေစေရဘူး၊ ထီးနန်းလား? ထိဖို့တောင် မကြိုးစားနဲ့"
ရှန်လျန်က အရင်ဘဝက အကြောင်းတွေ ပြောပြချင်ပေမယ့် ချင်ယွင်ရှန်းကို မုန်းတီးရတဲ့အကြောင်းကိုတော့ ဖေးယွမ်ရွှင်းအား မသိစေချင်ပါ။
"ဒါတောင် သူ့ကို ဘုရားကျောင်းဆီ ခေါ် ချင်သေးတာလား"
ရှန်လျန်ရဲ့ အမုန်းတရားနောက်ကွယ်က အသေးစိတ်ကို ဖေးယွမ်ရွှင်းအလွန်သိချင်မိသော်လည်း ထဲထဲဝင်ဝင် မမေးဖြစ်ပဲ ရှန်လျန့်လက်ကိုသာ ပြန်လည်ဆုပ်ကိုင်လိုက်သည်။ လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်ရှိမှာပဲလေ...။ရှန်လျန်က မပြောပြချင်ဘူးဆိုရင်လည်း သူဖိအားပေးမှာ မဟုတ်ပါ၊ ရှန်လျန်ကိုယ်တိုင် ပြောပြချင်တဲ့အချိန်ထိ သူစောင့်နေနိုင်ပါသည်။ ဒီတိုင်း သူက ရှန်လျန်နဲ့ ချင်ယွင်ရှန်းတို့ကြားရန်ငြိုးရှိတာကို သိထားရုံနဲ့ လုံလောက်ပြီဖြစ်၏။
"သူမလာရင် ဟိုလူတွေအတွက် အခွင့်အရေးကောင်း ဘယ်လိုလုပ် ရှာပေးနိုင်တော့မလဲ"
ရှန်လျန်က နေ့လည်စာ စားပြီး တရေးအိပ်ရင် ပြင်သည်။ တဖြည်းဖြည်း မျက်ခွံလေးလာသောအခါ သဘာဝကျစွာနဲ့ ဖေးယွမ်ရွှင်းရဲ့ လက်မောင်းကို ခေါင်းအုံးလုပ်အိပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြို့စားမင်းရဲ့ ရင်ခွင်ထဲ နာခံစွာ လဲလျောင်းနေသည်။
" မိန်းမတွေဆိုတာ အမြဲ ရည်မှန်းချက် မြင့်မြင့်ထားကြတယ်၊ အယောက်တိုင်းက တော်ဝင်မိသားစုထဲ လက်ထပ်ဝင်ရောက်ချင်ပြီး ကြင်နာတတ်ပြီး ခန့်ညားတဲ့ စတုတ္ထမင်းသားရဲ့ စံအိမ်တော်ထဲ ဝင်ချင်သူဆို ဒုနဲ့ဒေးပဲ၊ ကျွန်တော်က သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့၊ ပြီးတော့တော်ဝင်မင်းသားရှိနေတော့ ဟိုလူတွေ ပြဿနာ ရှာရဲမှာ မဟုတ်တော့ဘူး"
ရှန်ချန်ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရန် အခွင့်အခါကောင်းကို စောင့်နေတာ ဖြစ်ပြီး ကြင်ယာတော် ဖြစ်ဖို့တော့ သူမ၏ ကိုယ်ပိုင်အစွမ်းအစကိုသာ မှီခိုရမည်။
"ကိုယ်မြင်တာတော့ ရည်ရွယ်ချက် အပြည့်နဲ့လူက မင်းလားလို့? သူတို့ဒီလောက် ခဏခဏ လာဆွနေပေမယ့် မင်းက ဒေါသမထွက်တဲ့အပြင် သူတို့ကို တော်ဝင်မိသားစုစာရင်းထဲ သွင်းပေးချင်နေသေးတယ်၊ အတော်အားနေပုံပဲ"
ဖေးယွမ်ရွှင်းက ဖီးနစ်မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ပြီး ရှန်လျန့်ပါးကိုဆွဲညှစ်သည်။ တစ်ကယ်က ဝမ်ဖေးရဲ့အကြံတွေကို သူသိတာပေါ့!
"သူတို့ကို ဒုက္ခရောက်စေချင်ရင် အမြင့်ဆုံးနေရာထိ အရင်တွန်းတင်ပေးရတယ်၊ ပြီးမှ အမြင့်ကပြုတ်ကျတဲ့ အရသာကို ခံစားခိုင်းရမှာ"
အရင်ဘဝက ခံစားခဲ့ရသလိုမျိုး တပုံစံတည်း ပြန်လုပ်မည်။
"ကြမ်းလှချည်လား၊ ဝမ်ဖေးက ဒီလိုပြောမှတော့ ကိုယ် မငြင်းရက်ပါဘူး၊ နောက်ထပ် လူနည်းနည်း ထပ်ခေါ်လာရဦးမလား"
ရှန်လျန်က သူ့ကို ပွဲလာကြည့်ခိုင်းတယ်ဆိုတော့ အကြောင်းထူးတော့ ရှိလိမ့်မည်။ ဒီလိုဆိုရင် သူက လူများများ ခေါ်လာပြီး ရှန်လျန် ဖြစ်ချင်သလို ဖြည့်စည်းပေးလိုက်မည်။
"ရတယ်လေ များများ ခေါ်လာလေ ကောင်းလေပဲ"
ရှန်လျန့်မျက်နှာပေါ်ဝယ် ရက်စက်တဲ့အပြုံးတစ်ခု တည်ရှိနေသည်။
ရှန်လျန်က ဖြတ်ထိုးဉာဏ်ထက်မြတ်လွန်းလို့ ဖေးယွမ်ရွှင်းက သူ့နှာထိပ်လေးကို ကူကယ်ရာမဲ့စွာ တို့ထိလိုက်၏။
"မင်းကတော့လေ.. ကိုယ်က မင်းကြောင့် လူဆိုးလုပ်ရတော့မှာဆိုတော့ ဘာပြန်ပေးမှာလဲပြော"
"ကျွန်တော်တို့ရဲ့ ပတ်သက်မှုက ဘာလဲ? ကြည့်ရတာ မြို့စားမင်းက သဘောမပေါက်သေးဘူးထင်တယ်"
"တစ်ချို့ကိစ္စတွေက အသေးစိတ် တွက်သင့် တွက်ရတယ်၊ အဲ့လိုပြောမှပဲ မင်း ကိုယ့်အပေါ် အကြွေးဘယ်လောက်တောင် များနေပြီလဲ"
ကြိုတင်တောင်းမထားရင် အနာဂါတ်မှာ ဖေးယွမ်ရွှင်း အတော်လေး နစ်နာနိုင်သည်။
"ကပ်တွက်လိုက်တာ!"
ရှန်လျန်က စိတ်ဆိုးသွားပြီး သူ့အား ဖြတ်လျှောက်သွားရန်ပြင်စဉ် ဖေးယွမ်ရွှင်းက ဆွဲပြီး ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"ရှန်ကျိုးနဲ့ ကျွန်တော် ပြောနေတာတွေကို ဘယ်လောက်ထိ ကြားလိုက်လဲ"
"ခုမှတွေးမိတာလား? ကြားသင့်သလောက်တော့ အကုန်ကြားလိုက်တယ်"
ရှန်ကျိုးရောက်လာစဉ်ကတည်းက သူလည်းရောက်နေပြီဖြစ်သည်။ အပြင်လူတွေက သူ ကျုံးလင်ခြံဝန်းသို့ တိတ်တဆိတ်လာလည်ခြင်းကို မသိစေချင်တာကြောင့် လျန်လျန့်အခန်းထဲဝင်နေနေခြင်းပင်။ ထို့အပြင် ရှန်လျန်နဲ့ ရှန်ကျိုးရဲ့အသံကလည်း တိုးတိုးတိတ်တိတ် ပြောနေခြင်းမဟုတ်တာကြောင့် သူ့ရဲ့အစွမ်းထက်တဲ့ ကိုယ်ခံပညာနဲ့ထပ်ပေါင်းလိုက်တော့ အကြောင်းအရာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ခင်ဗျားနဲ့ ကျင်းရှီယန်က အရမ်းရင်းနှီးတယ်မလား၊အဲ့ဒါဆို ရှန်ကျိုးမှာ အခွင့်အရေးရှိနိုင်လား ပြောကြည့်"
ရှန်လျန်က သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။အတိတ်ဘဝက ဟွိုင်ရန်အိမ်တော်က ခုလိုအချိန် တစ်မိသားစုလုံး သုတ်သင်ခံလိုက်ရပြီး သူနဲ့ ကျင်းရှီယန်ဆိုတာ တစ်ခါမှတောင် မတွေ့ခဲ့ဖူးချေ။ ဒီဘဝမှာကျတော့ မင်းသမီးကြီးရဲ့အလှူပွဲမှာ ကျင်းရှီယန်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး တစ်ဖက်လူက ညင်ညင်သာသာ ရင်းနှီးစွာ ဆက်ဆံတတ်မည့်ပုံကြောင့် တစ်စုံတယောက်နဲ့ တူနေသည်ဟုသာ ခံစားမိခဲ့သည်။
"ဘာလဲ.. ဖူးစာရေးနတ်၊ အောင်သွယ်တော် အလုပ်တွေ ပြောင်းချင်လို့လား"
ဖေးယွမ်ရွှင်းက မျက်ခုံးပင့်ရင်း စနောက်သည်။
ရှန်လျန်က ခေါင်းယမ်းလိုက်ပြီး...
"ရှန်ကျိုးက အရမ်းဖြူစင်တယ်၊ တစ်ကယ်ဆို ကျွန်တော်နဲ့ သူက အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေလည်း မဟုတ်ဘူး၊ ဒါတောင် သူက ပွင့်ပွင့်လင်းလင်း လာတိုင်ပင်တယ်ဆိုမှတော့ ကျွန်တော့ဘက်ကလည်း သူ့အတွက် လမ်းဖောက်ပေးဖို့ ဝန်မလေးဘူး"
ရှန်ကျိုး၊ ရှန်ယန်နဲ့ ရှန်လျန်က သူငယ်ချင်းတွေ ဖြစ်နေပြီဟု ပြော၍ရသည်။ ကော တွေအချင်းချင်း အနာဂါတ် ခင်ပွန်းအကြောင်း တိုင်ပင်တာက သဘာဝကျသည်။ နောက်ဆို အိမ်ထောင်တွေ ကျပြီးရင် အချင်းချင်း ရင်းရင်းနှီးနှီး ဆက်သွယ်နိုင်ပါဦးမလား မပြောတတ်ပေ။
နောင်တစ်ချိန် ကိုယ့်မိသားစု သူ့မိသားစုဘက် တွေ ဖြစ်လာမှာမို့ ရှန်လျန်က သာမာန်သူငယ်ချင်း ဆက်ဆံရေးအဖြစ်သာ ထိန်းထားချင်ခဲ့၏။ သို့မှသာ သူငယ်ချင်းနဲ့ ဘဝလမ်းကြောင်း ဆန့်ကျင်ဘက်လျှောက်လှမ်းတဲ့အခါ နာကျင်စရာတွေ မဖြစ်နိုင်တော့မှာ မဟုတ်လား....။
2616 words
Grape 🍇