'ဖေးယွမ်ရွှင်းရဲ့ ပုံစံ အမှန်'
နောက်တစ်ရက်နေမထွက်ခင် မနက် စောစောတွင် ချီယွဲ့နဲ့ချီရွှမ်းကို ခေါ်ကာ ရှန်လျန်အိမ်မှထွက်လာသည်။ ဒီတစ်ကြိမ်တော့ ယောင်းကွမ်က သံသယမရှိသဖြင့် လိုက်မလာပဲ ထိုအစားကျုံးလင်ခြံဝန်းကိုသာ စောင့်ကြပ်ရန် ကျန်နေခဲ့သည်။ မြင်းလှည်းက မြို့ပြင်ဘက်သို့တိုက်ရိုက် ဦးတည် မမောင်းနှင်ပဲ ဈေးသို့မောင်းသွားသည်။
ချီယွဲ့၊ ချီရွှမ်းနှင့် ရိုးရိုးရှင်းရှင်းအဖြူထည် ဝတ်စုံသာ ဝတ်ထားသည့် ရှန်လျန်တို့သည် လူစည်ကားပြီး ရှုပ်ထွေးတဲ့ ဈေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
"သခင်.. ဒီတစ်ခေါက် မိုးမလင်းခင် ရောက်ချလာတာရော်"
တံခါးခေါက်သံကြောင့် ဖွင့်ကြည့်ရင်း သူတို့သုံးဦးကို မှောင်နေဆဲ အချိန်မှာ မြင်လိုက်ရရာ ဝမ်ချင်ဖုန်း အံ့ဩသွားပြီး ရှန်လျန် အိမ်ထဲ ဝင်နိုင်ရန် အမြန် နေရာရွှေ့ပေးသည်။ ထို့နောက်တံခါးမပိတ်ပဲ သူတို့နောက် လိုက်မဝင်သွားရန် ကိုယ့်ခေါင်းကိုယ် ပုတ်ကာ သတိပေးလိုက်၏။
"လေ့ကျန်းကို အရေးပေါ် တွေ့စရာလေးရှိလို့.ဦးလေးဝမ်ကို လူခေါ်ပေးဖို့ ဒုက္ခပေးရတော့မယ်"
ဒီနေ့ ထျန်းမာန် ကျောင်းကိုသတင်းသွားပို့ရဦးမှာမို့ အချိန်ဖြုန်းနေရန်မဖြစ်ချေ။ အိမ်ထဲ ရောက်ရောက်ချင်းပဲ လိုရင်းကိုတန်းပြောလိုက်သည်။
"ဘာကိုဒုက္ခပေးတယ် ဖြစ်ရမှာလဲဗျာ...သခင့်ရဲ့ ကိစ္စကို ဦးလေးတို့ကိုင်တွယ်ပေးရမှာ သဘာဝကျပါတယ်ဗျာ ခဏလောက်စောင့်ပေးနော်.. ချက်ချင်းပြန်လာခဲ့ပါမယ်"
"ကောင်းပါပြီ"
တစ်ဖက်လူထွက်သွားမှ ထိုင်ပြီး တွေးလိုက်မိ၏။ အရိပ်တပ်ဖွဲ့စီစဉ်ထားရုံနဲ့ မလုံလောက်ပဲ သူ့အဖေနဲ့လည်း စကားပြောဖို့လိုသေးသည်။ ကိုယ့်အဖေကိုယ် မမြင်ချင်ပေမယ့် ရိုအာအတွက် ဆိုရင် ကျည်ဆံပဲပြေးကိုက်ရပါစေ ကိစ္စမရှိပါချေ။
"သခင်!"
ရှန်လျန် သိပ်ကြာကြာမစောင့်လိုက်ရပါ.. လေ့ကျန်းနဲ့အတူ ကျန်းဟိုင်၊ ရန်ဖုန်းနဲ့ ယွမ်ရှောင်းပါလိုက်လာသည်။
အနောက်မြောက်နယ်စပ်သို့ တာဝန်ပေးခံထားရတဲ့ ရှောင်ယွီပဲ မရှိတာဖြစ်၏။
"ထိုင်ပါ ယဉ်ကျေးမနေပါနဲ့ဗျ"
ထိုင်ခုံအလွတ်တွေကိုညွှန်ပြရင်း ရှန်လျန် ပြုံးပြ၏။ အားလုံးလည်း တစ်ဦးပြီး တစ်ဦးထိုင်ကာနေရာယူလိုက်ကြသည်။
"သခင်.. ချင်ဖင်းမြို့စားက လက်ထပ်ခွင့် တောင်းခံခဲ့တယ်ဆို ...အဲ့ဒီသတင်းကအမှန်ပဲလား"
လေ့ကျန်းက ထိုင်ပြီးပြီးချင်း အမူအရာပျက်လျက် ချီရွှမ်းလာပြောတဲ့သတင်းကို တန်းမေးလိုက်သည်။
"ဒီကိစ္စက အမှန်ပဲ ..ကျွန်တော်လည်း ခေါင်းငြိမ့်လိုက်ပြီ"
ဘာကိုစိုးရိမ်နေကြလဲ မသိပေမယ့် ဖုံးကွယ်ထားရန် ရှန်လျန် စိတ်မကူးချေ။ ဒီလူတွေကို ပွင့်ပွင့်လင်းလင်း မပြောနိုင်စရာမရှိပါ။
"သခင် သူ့ပုံစံ အစစ်အမှန်ကို သိထားပြီးပြီလား"
ကျန်သုံးဦးနဲ့ ရှုပ်ထွေးတဲ့အကြည့်ချင်းဖလှယ်ကာ မေးလာသည်။
ထိုစကားကိုကြားသောအခါ ရှန်လျန် မကောင်းတဲ့တစ်ခုခုကို ခံစားလိုက်ရပြီး
"သူ့ပုံစံ အစစ်အမှန်လား"
ချင်ဖင်းမြို့စား ပဲ မဟုတ်ဘူးလား?သံမဏိ တပ်သားတွေက သခင် မှားစရာတော့အကြောင်းမရှိပါဘူး.. ချင်ဖင်းမြို့စားအပြင် တစ်ခြားလွှမ်းမိုးနိုင်တဲ့ အရာတစ်ခုခုရှိလို့ လေ့ကျန်းတို့စိုးရိမ်နေကြတာလား...
"ကြည့်ရတာ သခင် မသိဘူးထင်တယ်"
တစ်ချိန်တည်းမှာပဲ အားလုံးအသက်ပြင်းပြင်း
ရှုသွင်း လိုက်ကြ၏။
တစ်ခဏအကြာတွင် ယွမ်ရှောင်းက
"သခင် သူ့အကြောင်း သိချင်လား"
"ဟင်?"
ရှန်လျန် မျက်မှောင်ကြုံ့သွား၏။ သူသိချင်လား ဆိုတော့ .. သူဘာလို့ သိချင်ရမှာလဲ... မြို့စားအပြင် တစ်ခြားအရာကြောင့် ဖေးယွမ်ရွှင်းကို လက်ခံခဲ့တာ မဟုတ်ဘူးလေ.. ဘာပဲ ဖြစ်ဖြစ်
ဖေးယွမ်ရွှင်း ဖေးယွမ်ရွှင်းပဲလေ ပြောင်းလဲ မသွားပါဘူး...
ဒါကို သဘောပေါက်ပြီး ရှန်လျန်ပြုံး၏။
"မလိုတော့ပါဘူး.. ကျွန်တော်က လူပဲကြည့်တာ သူ့ဂုဏ်ပုဒ်ကိုမဟုတ်ဘူး"
ဖေးယွမ်ရွှင်းကိုယ်တိုင် တစ်နေ့ကျရင် သူ့ကိုပြောပြလာမယ်လို့ ယုံကြည်သည်။
"သူက သခင့်ရဲ့ အေးချမ်းနေတဲ့ဘဝကို ပျက်စီးစေမယ် ဆိုရင်ရော တစ်ကယ်ပဲ ဆန္ဒ ရှိသလား "
လှပတဲ့မျက်ဝန်းလေးကို ရင်ဆိုင်ကြည့်ရင်း ယွမ်ရှောင်း အတင်းဆက်မေးသည်။
ရှန်လျန် မတတ်နိုင်စွာ ရယ်မောလိုက်ပြီး..
"ခုရော ကျွန်တော့ ဘဝက မအေးချမ်းနေပါဘူးလေ..နည်းနည်းလောက် မုန်တိုင်း ထန်လည်း ဘာမှ မထူးတော့ပါဘူး.. လေ့ကျန်း ၊ကျန်းဟိုင်၊ ရန်ဖုန်းနဲ့ ယွမ်ရှောင်း... ခင်ဗျားတို့အားလုံးက ကျွန်တော့ကို အန္တရာယ်နဲ့ ဝေးဝေး နေစေချင်တာ သဘောပေါက်ပါတယ်၊ ဒါပေမယ့် သူ့ဘာသူ အေးချမ်းနေတဲ့ သစ်ပင်ကိုလည်း လေက မတိုက်ပဲ မနေဘူး၊ပုန်းနေမယ့်အစား ထွက်ပြီး ရင်ဆိုင်ဖို့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းရှာထားမှ သာ ဘဝမှာ အမှန်တစ်ကယ် အေးအေးချမ်းချမ်းနေနိုင်မှာ"
ဒီဘဝ မှာတော့ ရှန်လျန် ထွက်မပြေးတော့ပဲ လာသမျှ ဘေး..ပြေးတွေ့မည် ဖြစ်၏။
သူ့စကားက လေ့ကျန်းတို့ကို အံ့အားသင့်စေပြီး အတန်ကြာ တိတ်ဆိတ်သွားစေသည်။ တစ်ကယ်တမ်း သူတို့အဖွဲ့ ပြန်လာပြီ ဆိုပေမယ့် အားမာန်အပြည့်ဖြင့် မနိုးထကြသေးရာ သခင်ငယ်၏ စကားက သူတို့၏ ပေါ့လျော့နေသော သတိကို လှုပ်နိုးစေခဲ့သည်။
"ကောင်းပါပြီ.. သခင်ကဆုံးဖြတ်ပြီးမှတော့ ကျွန်တော် တို့လည်း မပြောတော့ပါဘူး"
လေ့ကျန်းက သူတို့အစား မဆုံးဖြတ်ပေးခင်ထိ ကျန်လူတွေဟာ အကြည့်ချင်းဖလှယ်လျက် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်ပင်။ ဘယ်လိုအခြေအနေပဲရောက်ရောက် သခင့်ဆုံးဖြတ်ချက်ကိုပဲ လေးစားလက်ခံပေးမည်သာ။
"ဒါနဲ့ .. ရှေ့တုန်းက ကျွန်တော် ရှာခိုင်းထားတဲ့ သူကိုတွေ့ပြီဆို"
ရှန်လျန် ခေါင်းငြိမ့်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
လေ့ကျန်းက ကြိုတင်ပြင်ဆင်ထားသည့်နှယ် လေးလေးနက်နက် အကြောင်းစုံပြောပြလာသည်။
"ဟုတ်ကဲ့ ..သူ့နာမည်က ဟွေအန်း ၊ ကျန်းကျန်းဘုရားကျောင်းမှာ သီတင်းသုံးတဲ့ဘုန်းတော်ကြီးတစ်ပါးပါ ၊ တစ်ရက်ကျတော့ ရုတ်တရက်ကြီး လူ ထွက်သွားလို့ လူတွေက သူ့ကိုနေရာအနှံ့ ခရီးထွက်တယ်လို့ထင်နေကြတာ၊ တစ်ကယ်က သူကအင်ပါယာမြို့တော်မှာ ရှိတဲ့ သူ့ချစ်သူနဲ့လာတွေ့တာ၊ သူ့ချစ်သူက ကျန်းမာရေးချူချာပြီး ကိုယ်ဝန်လည်းရှိနေတာဆိုတော့ သူတို့နှစ်ယောက်ဘဝက တစ်ဖြည်းဖြည်း ပိုခက်ခဲ လာတယ်... အဲ့ဒါနဲ့ ဟွေအန်းက သူ့ချစ်သူကို နေရာ အတည်တကျထားနိုင်ဖို့ အန်းရန်ဘုရားကျောင်းမှာ နောက်တစ်ခါဘုန်းတော်ကြီးလုပ်ပြီး လိမ်လည်ဟောပြောပြန်တယ်.. လျှာစောင်းထက်ပြီး ပြောတတ်ဆိုတတ်တာကြောင့် လူအတော်များများက ယုံကြည်ကိုးကွယ် ကြတယ်.. ကျွန်တော်တို့ သူ့ကို ရှာတွေ့တွေ့ချင်းတုန်းက သူက သဘောမတူဘူး၊ ဒါပေမယ့် ကျွန်တော်တို့ဘက်က သူ့ဇနီးနဲ့သားကို ထောက်ပံ့ပေးပြီးသေချာဂရုစိုက်ပေးပါမယ်လို့ ကတိပေးမှ လက်ခံပြီးလိုက်လာတာ"
အရိပ်ကိုယ်ရံတော်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းရည်နဲ့ဆိုရင် ဒီလူကို ရှာတွေ့ဖို့က အလွန်လွယ်ကူ၏။
"ကြားရသလောက်ဆိုရင် ဟွေအန်းက သူ့ချစ်သူအပေါ် ခံစားချက်က တစ်ကယ် စစ်မှန်တာပဲ"
အတော်လေးသင့်တော်၏။ လူလိမ်ဖြစ်နေပေမယ့် လူသားဆန်သည့် လူလိမ်ပင်။
"အမှန်ပါပဲ"
ကောင်းတယ်.. လေ့ကျန်းတို့က တာဝန်ကို မနှောင့်နှေးစေခဲ့..။
"ကောင်းပြီ ဒါဆို ဟွေအန်းကိုခေါ်လာဖို့ ဦးလေးဝမ်ကိုပဲ နောက်တကြိမ် အနှောင့်ယှက်ပေးရတော့မယ်.. သူနဲ့တွေ့ဖို့ လိုလို့ပါ"
"ကောင်းပြီဗျာ"
ရှန်လျန့်ဆီကအမိန့်ရသည်နှင့်နောက်ဘက်မှာ တိတ်တဆိတ်ရပ်နေတဲ့ ဝမ်ချင်ဖုန်းက ချက်ချင်း ထွက်ခွာသွားသည်။
ထိုအခါ ရှန်လျန် က လျပ်တပြက် အရေးကြီးသည့်လေသံဖြင့် ပြောလာသည်။
"လေ့ကျန်း.. ကျွန်တော် အကူအညီ လိုတယ်..
မကြာသေးခင်က ကျွန်တော့ တာ့ကောက အသက်ငါးလပဲရှိသေးတဲ့ သူ့သားကိုကျွန်တော့ဆီ ပို့လိုက်တယ်.. ခုတော့ကျုံးလင် ခြံဝန်းမှာပဲတူတူနေနေတယ်.. ကလေးလုံခြုံရေးအတွက် လူနည်းနည်းလွှတ်ပြီး အိမ်ပတ်ပတ်လည်မှာ တစ်ချိန်လုံးစောင့်ကြပ်ပေးဖို့လိုတယ်"
ဖြစ်နိုင်ရင် အရိပ်တပ်ဖွဲ့ကိုမခေါ်ထုတ်ချင်ပေမယ့် ကိစ္စတွေကဒီလိုဖြစ်လာမှတော့ သူ့မှာ ရွေးချယ်စရာ မရှိချေ။
"ပြဿနာမရှိပါဘူး၊ 24 နာရီလုံး စောင့်ကြပ်ပေးပါမယ်"
အချိန် အကန့်အသတ်မရှိ လေ့ကျန်းသဘောတူခဲ့သည်။ အရိပ်တပ်ဖွဲ့က အမိန့်နာခံရန် ဤနေ့ကို
အကြာကြီး ပြင်ဆင်နေခဲ့ကြ၏။
"အားလုံးကို ဒုက္ခပေးမိပါပြီ"
ကိုယ်ရံတော်တပ်သားတွေက ဒီလိုနေ့ကို အကြာကြီးပြင်ဆင်ကာ စောင့်ပေးနေ ခဲ့တာကိုပင် သူ့မှာ အပြစ်မကင်းသလိုခံစားရသည်။ ငြိမ်းချမ်းနေတဲ့သူများဘဝကို ဖျက်ဆီးနေရသလိုပင်။
"သခင်က ယဉ်ကျေးလွန်းနေပါပြီ.. ကျွန်တော်တို့ကို အသုံးမပြုရင် အရိပ်တပ်ဖွဲ့တည်ရှိနေတာက ဘယ်လိုလုပ် အဓိပ္ပာယ် ရှိပါတော့မလဲဗျာ"
ရှန်လျန်၏ တောင်းပန်ဟန်အကြည့်တွေကြောင့်
လေ့ကျန်းက နှစ်သိမ့်ပေး၏။ နှစ်ပေါင်းများစွာ အရိပ်တပ်ဖွဲ့ဟာ သူတို့ရဲ့မျိုးဆက်တိုင်းက သခင်သစ်ရောက်လာမှာကို စောင့်နေခဲ့ကြသည်။ ယခု သူတို့မျိုးဆက်မှာ ဆက်စောင့်နေစရာ မလိုတော့ချေ။
"ဪ ..တစ်ကယ်လို့ မျက်နှာ ဖော်ပြရမယ့်အခြေအနေဖြစ်သွားရင် ကျွန်တော့်ကိုကာကွယ်ဖို့ အစ်ကို လွှတ်လိုက်တဲ့လူလို့ ပြောနိုင်တယ်..ကျန်တာ ကျွန်တော့် တာဝန်ထား"
ပြဿနာကို ကိုင်တွယ် ပြီးတာနဲ့ ရှန်လျန့်ရင်ထဲက လှိုင်းထန်နေတဲ့ စိတ်အခြေအနေလည်း ငြိမ်သက်သွားတော့သည်။ ဒီတစ်ခါတော့ သူတို့လုံခြုံပါပြီလေ.. အရင်ဘဝလို ဆိုးရွားတာတွေ ထပ်မကြုံပါစေနဲ့တော့!
"သခင်စိုးရိမ်တာ သင့်လျော်ပါတယ်"
အရိပ်ကိုယ်ရံတော် အဖွဲ့က ယခုအချိန်မှာ လူထုရှေ့ ဖွင့်ချပြဖို့ မသင့်တော် သေးပေမယ့် တစ်နေ့နေ့တော့ သူတို့နာမည်ဂုဏ်သတင်းက အင်ပါယာ တစ်ခုလုံး ကို နောက်တစ်ဖန် ဂယက်ရိုက်သွားစေရမည်ဟု ယုံကြည်သည်။
"အခုလက်ရှိက ကျုံးလင်ခြံဝန်းကို သံမဏိ တပ်သားတွေ စောင့်ကြပ်ပေးနေတယ်... ဒါပြီးရင် ကျွန်တော်လည်း ထျန်းမာန် ကျောင်းသွားရဦးမှာမလို့ အိမ်လာဖို့ လောစရာမလိုဘူး...ညနေ မဟုတ်လည်း ဒီညကို တုံးလင်အိမ်ထဲ တိတ်တဆိတ် ဝင်ခဲ့ပါ"
"ကောင်းပါပြီ.. ကျန်းဟိုင်တို့နဲ့ တိုင်ပင်ပြီး လူ
သေချာ ရွေးခဲ့လိုက်ပါမယ်"
"ဟုတ်ပြီ"
"သခင်.. ဟွေအန်းရောက်လာပါပြီ"
စကားဝိုင်း ရပ်သွားသည်နှင့် ဝမ်ချင်ဖုန်းက ရုပ်ရည် သင့်တင့်ပြီး အရပ်၇ပေခန့် ရှိသော ဘုန်းကြီးတစ်ပါးကို ဦးဆောင် ခေါ်ဝင်လာသည်။သူတို့နောက်တွင် ခပ်ရို့ရို့ ပုန်းကာ လိုက်လာသူတစ်ဦးက သူ့ချစ်သူဖြစ်မည်ထင်၏။ အသက်က သုံးဆယ်ကျော် ဝန်းကျင်လောက် ပင်။
"ထိုင်ပါ"
လေ့ကျန်းတို့အပေါ် ပြုံးပြသော အပြုံးနှင့်ကွဲပြားသည့် ခံစားချက်မပါသော အပြုံးတုကို ရှန်လျန်ပြုံးလိုက်၏။
ဟွေအန်းက သူ့ကိုကြည့်လာပြီး လေ့ကျန်းကိုကြည့်၏။ ပြီးတော့ နောက်မှာ ပုန်းနေတဲ့ သူ့ချစ်သူကို အရင် ဆွဲထိုင်ပြီးမှ သူ ထိုင်၏။
"ကျုပ်ကို တကူးတကရှာခိုင်းတာ မင်းလား? ဘာလိုချင်လို့လဲ"
မနေ့က အိမ်ထဲ ပတ်ကြည့်ပြီး ထွက်ပြေးချင်ခဲ့ပေမယ့် တစ်အိမ်လုံးလူတွေ အပြည့် စောင့်ကြပ်နေသည်။ ထိုလူတွေက သူ မမြင်နိုင်အောင် ကောင်းကောင်း ပုန်းကွယ်နေကြ၏။ သို့ဖြစ်ရာ သူ့ဇနီးနဲ့ ဗိုက်ထဲ က ကလေးကြောင့် ဒီမှာ ဆက်နေဖို့ကိုပဲ ကတိပေးလိုက်ရသည်။
"ကိစ္စကောင်းလေးပါပဲ"
ရှန်လျန်က ကိုယ်လုံးကိုယ်ပေါက် သွယ်လျတဲ့ ကောကို ကြည့်လိုက်၏။ အဝတ်ပွပွတွေ ဝတ်ထားပေမယ့် သူ့မျက်လုံးကိုတော့ မလှည့်စားနိုင်ပေ။ ကိုယ်ဝန်က ခုနှစ်လကနေ ရှစ်လတော့ ရှိလောက်ပြီ။
သူ့အကြည့်ကြောင့် ဟွေအန်းက ဇနီးလေးကို ဖက်ထားလိုက်ပြီး ထိတ်လန့်တကြားအော်သည်။
"ငါမင်းကို အကုန်ကတိပေးနိုင်တယ်.. ငါ့ဇနီးနဲ့ သားကိုတော့ လုံးဝ လာမထိနဲ့!"
"ဟဟ.. ခင်ဗျား အထင်လွှဲနေပါပြီ..
ကိုယ်ဝန်သည် ကော ကို ကျုပ်က မထိပါဘူး.. သမားတော် မလို့ သူ့ကိုကြည့်တာပါ"
ဟွေအန်းအထင်လွှဲသွားတာမြင်တော့ အပြုံးလေးနှင့်ရှင်းပြလိုက်သည်။ သို့သော် သူ့အမူအရာကတစ်ကယ် ဂရုစိုက်တတ်ပုံ မရ။
မည်သို့ပင်ဆိုစေ.. ဟွေအန်းရော ဇနီးပါ သူ့စကားကြောင့် စိတ်အေးသွားသည်။ သေချာပေါက် သတိချပ်ထားမှုတော့ မလွှတ်ချရဲသေးပေ။
"အမှန်ပဲလား"
"ဟုတ်တယ် လိမ်စရာ အကြောင်းလဲ မရှိဘူးလေ.. ခင်ဗျားရဲ့ဇနီးက နေကောင်းပုံမရဘူး၊ သမားတော်ကောင်းကောင်း ခေါ်ပြဖို့လိုတယ်"
ပြောပြီး.. ထို ကောကို ရှန်လျန်ကြ ည့်လိုက်ပြန်၏။ ခန္ဓာကိုယ်က မီးဖွားဖို့ တောင် အားမရှိပဲ ဖြူဖတ်ဖြူလျော်နှင့် နေမကောင်းပုံပေါက်နေ၏။ အတွင်းကိုယ်အင်္ဂါနှင့်ပတ်သက်နေခြင်းပင် ဖြစ်မည်။
"မင်း... မင်းပြောနိုင်"
လင်လင်နှစ်ယောက် လုံး သူ့ကိုကြည့်၏။ သူ့ကောက ကျန်းမာရေးမကောင်းတာကြောင့် ဟွေအန်းက ခေါင်းပြန်ရိတ်ပြီး အရင်အလုပ် ဆက်လုပ်ရလေတယ်. .. ဘုန်းကြီးအစစ်အမှန် အဖြစ် ဘုန်းကြီးကျောင်းကိုလှည့်ဖျားပြီး ကိုးကွယ်ယုံကြည်သူတွေရဲ့ လက်ထဲက ငွေကို လိမ်ယူသည်။
"ကြည့်ရှုရတယ်၊စစ်ဆေးရတယ် ၊ မေးမြန်းရတယ် ၊ သွေးကြောစမ်းသပ်ရတယ်.. ဒါတွေက သမားတော်ရဲ့အခြေခံ လုပ်ထုံးတွေ မဟုတ်လို့လား"
စကားအနည်းငယ်နဲ့ သူတို့ရဲ့ စိတ်မလုံခြုံမှုကို
ရှန်လျန်က အရည် ဖျော်ချပေးလိုက်သည်။
ဟွေအန်းက နေရာမှာ ပြန်မထိုင်သေးခင် သူ့ဇနီးကို စိတ်ဖိစီးစွာ ဖက်လိုက်ပြီး..
"ကျုပ်မင်းရဲ့အမိန့်ကို နာခံရင် ကျုပ်ရဲ့ဇနီးကို ကုပေးမှာလား"
သူ့ ဇနီးနဲ့ ကလေး ကျန်းမာဖို့ကိုပဲ အလိုရှိပြီး ကျန်တာ ကိစ္စမရှိပါ။
"ဒါကတော့ သူ့ရဲ့ ရောဂါအခြေအနေနဲ့ ခင်ဗျားရဲ့ သစ္စာစောင့်သိမှုကို သိဖို့လိုတယ်"
ရှန်လျန် ချက်ချင်း သဘောမတူလိုက်ပါ။ ဒီ ကောက ကိုယ်တွင်းအင်္ဂါ တစ်ခုခုမှာ ပြဿနာ ရှိနေတယ်လို့ သူတစ်ကယ်ပဲ သံသယရှိသည်။ ဒီလိုဆိုရင် ကုသဖို့မလွယ်တဲ့ အပြင် ကိုယ်ဝန်လည်း လွယ်ထားရတော့ ပိုအန္တရာယ် များသည်။
"ကျုပ်ဇနီးကို ကုသပေးနိုင်သရွေ့ ကျုပ်အသက်ကို မင်း ပိုင်တယ်"
ဟွေအန်း အံကြိတ်ကာ သူ့ချစ်ရသူကိုကြည့်ရင်း ဆုံးဖြတ်ချက်ချ၏။
သူ့မျက်လုံးထဲက ခိုင်မာမှုကို ရှန်လျန်တွေ့လိုက်ရာ တစ်ခဏ စဉ်းစားလိုက်ပြီးနောက် လက်ဝေ့ယမ်းကာ ခေါ်လိုက်သည်။
"ဒီနား လာခဲ့"
"ဟင်?"
သူ့ကိုခေါ်မယ်လို့ မထင်ထားတာကြောင့် ကြောက်လန့်ပြီး ဟွေအန်းကို အားကိုးတကြီး ကြည့်ကာအကူအညီ တောင်းသည်။ ပိန်ပါးတဲ့ ခန္ဓာကိုယ်က တစ်ကိုယ်လုံးတုန်ရီ နေရာ ရှန်လျန်တို့လူစုမှာ မျက်မှောင်ကြုံ့ကုန်၏။ ကြောက်တတ်ရန်ကော....
"မကြောက်နဲ့! ငါလည်း ကောပါပဲ.. မင်းရဲ့ အခြေအနေကိုသိဖို့ သွေးကြောလေး စမ်းကြည့်ချင်ရုံပါပဲ"
အခြေအနေကိုနားလည်သွားပြီးနောက် ရှန်လျန့်အသံက ပိုညင်သာ သွားသည်။ ဟွေအန်းလည်း ထရပ်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ထိုကော က တွေဝေနေသေးသော်လည်း ထရပ်လိုက်ပြီး ရှန်လျန့်ဆီ တစ်လှမ်းချင်း တိုးလာသည်။
Words 2601
🍇 Grape