'လျန်လျန် တိုက်ခိုက်ခံရ'
ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်တို့ကြား ဆက်ဆံရေးကိုမြင်ပြီး ပူလောင်နေတဲ့ ချင်ယွင်ရှန်းက ထိုနေရာက ထွက်လာလိုက်သည်။ ဆက်နေလျှင် နောင်တရစရာတစ်ခုခု လုပ်လိုက်မိမှာ စိုးရသည်။ ကိုယ်ရံတော်နှစ်ယောက်နဲ့ အတူ ရင်ထဲက အပူမီးကိုတရားဓမ္မနဲ့ ငြိမ်းသတ်နိုင်ရန်အလို့ငှာ ဆရာတော်နဲ့တွေ့ဆုံဖို့ သွားလိုက်သည်။
မည်သူသိမည်လဲ၊ လမ်းတစ်ဝက်မှာတင် ရှန်ချန်၊ရှန်ကျင်းတို့နဲ့ တည့်တည့်တိုးသည်။ မိန်းမငယ် နှစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့သော အကျင့်စရိုက်ကြောင့် ချင်ယွင်ရှန်းရဲ့စိတ်က ပြန်လည်တက်ကြွလာသည်။
ဒါတွေကို ရှန်လျန်တို့က မသိခဲ့၊ သူထွက်သွားတာနဲ့ ဖေးယွမ်ရွှင်းရဲ့ ရှာလကာရည်နံ့က လျော့ပါးသွားသည့်အပြင် ရှန်လျန်၏ ချော့မော့မှုနှင့်ထပ်ပေါင်းလိုက်တော့ မတိုင်ခင်က ဒေါသတွေကို ဘေးဖယ်လိုက်တော့သည်။ လင်လင်နှစ်ယောက်မှာ တာဝန်ကိုယ်စီခွဲလျက် တစ်ဦးက ငါးကင် ၊ကျန်တစ်ဦးက စားပေးခြင်းဖြင့် ငါးခြင်းတောင်း တစ်ခုလုံး အပြောင်ရိတ်လိုက်သည်။ ရှန်လျန့်ရဲ့ဝမ်းဗိုက်က ကိုယ်ဝန်သုံးလလွယ်ထားသလို ပြည့်ဖောင်းနေပြီး နေရာကပင် မရွှေ့ချင်တော့ပေ။
ထပ်တူညီစွာ ချင်ယွင်ရိသည်လည်း အပြည့်အဝ စိတ်ကျေနပ်သည်အထိ စားခဲ့ပြီး ဇနီးကို မှီစရာသဘောထားကာ ပေါင်ပေါ်၌ လဲလျောင်းအနားယူနေသည် ။ လင်းယွီလင်က ကူကယ်ရာမဲ့စွာနဲ့ ခင်ပွန်း၏ ရှုပ်ထွေးနေသော ဆံသားကို သပ်တင်ပေးကာ လက်ကိုင်ပဝါအသုံးပြုလျက် ဆီဝေ့နေသည့် နှုတ်ခမ်းကို သုတ်ပေးသည်။
"ကျွန်တော်တို့တွေ အများကြီး ဖော်ပြမိသွားလား"
သူတို့ဘာမှ မလုပ်ပေမယ့် လင်လင်နှစ်ယောက်က ဘေးဘက်မှာ ရှိနေ တာကြောင့် ရှင်းပြ၍မရနိုင်သည့် ခံစားချက်မျိုး ရ၏။ သစ်ပင် ပင်စည်ကိုကျောမှီရင်း မျက်ဝန်းပိတ်ကာ အနားယူနေတဲ့ ရှန်လျန်က ဖေးယွမ်ရွှင်းဘက် လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ပုံစံက ဇနီးမောင်နှံတွေလို နေသားကျနေသည်။
"ကိုယ့်ကိုယုံ၊ သူတို့နှစ်ယောက်ကိုကြည့်လိုက် ၊ပုံမှန်စုံတွဲတွေလို လွတ်လွတ်လပ်လပ်ပဲ၊ စည်းဘောင်နဲ့ မနေဘူး"
ဖေးယွမ်ရွှင်းက စပြီး လက်ဖြန့်ထုတ်လာသည်။
"သွားမယ်၊ အစာကြေအောင် လမ်းသွားလျေှာက်မယ်၊ကိုယ့်နောက် လိုက်ခဲ့"
"ကောင်းသားပဲ"
ရှန်လျန် အများကြီး မတွေးတော့ပဲ သူ့လက်ကို ဖေးယွမ်ရွှင်းရဲ့ လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။ ဖေးယွမ်ရွှင်းက စလုပ်ရဲသည်ဆိုမှတော့ တတိယမင်းသားတို့မောင်နှံက နှုတ်ဖွတတ်သူတွေ မဟုတ်မှန်း စိတ်ချနိုင်သည်။
"သွားတော့မလို့လား?"
လင်းယွီလင်က လက်ချင်းကိုင်ထားတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်ဝန်းထဲလက်ခနဲ ဖြစ်သွားသည်။ သူမှန်းတာ ထင်သားပဲ၊ ခံစားချက် မရှိကြတာမဖြစ်နိုင်ဘူး၊ ဧကရာဇ်က ခွင့်ပြုအောင် စီစဉ်ထားတာပဲ နေမှာ၊ သိသွားတဲ့ တစ်နေ့ သွေးတက်ပြီး ဧကရာဇ်နဲ့ နန်းတွင်း မှူးမတ်ကြီးတွေအကုန် သမားတော်ဆီ ပြေးရမယ်ထင်၏။
"မသွားတော့ရော? မင်းတို့ချစ်နေကြတာကို ထိုင်ကြည့်ပေးရမှာလား"
ဖေးယွမ်ရွှင်းက ပက်ခနဲ ဖြေပြီး ရှန်လျန့်အား လက်ဆွဲကာ ထွက်လာလိုက်သည်။သူတို့နောက် မလှမ်းမကမ်းမှာတော့ ထျန်းရှုနဲ့ လေ့ကျန်းတို့ လိုက်လာသည်။
"ဟင်း...ယွီလင်..."
ဗိုက်ကားနေတဲ့ ချင်ယွင်ရိက စိတ်ကျေနပ်စွာ ငြီးငြူရင်း အိပ်ပျော်ခါနီးဖြစ်နေသည်။ လင်းယွီလင် အကြည့်ပြန်ရုတ်လိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်သည်။
"ထားလိုက်၊ သူတို့ကို ဂရုစိုက်မနေနဲ့၊ ငါတို့ဘာသာအေးဆေးနေရအောင်၊ ပြဿနာထဲ ဝင်မပါတာကောင်းတယ်"
လင်းယွီလင်က ပြည့်ဖောင်းနေတဲ့ ပါးကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် ပုတ်ပုတ်ပေးသည်။
သာမာန်သခင်လေးတွေက မဖြစ်မနေစားနေရသော်လည်း ချင်ယွင်ရိရဲ့ ဦးနှောက်က အစားအစာတွေနဲ့သာ ပြည့်နေသည်။ ခင်ပွန်းအနေနှင့်ကတော့ အူတိုလွန်းပြီး တစ်ခါတရံ ခက်ထန်တတ်သေး၏။ ထို့အပြင် မည်သူမှ မသိသည့်အချက်မှာ တတိယမင်းသားက ကြင်ယာတော် အပေါ် ရိုးသားပြီး ၊မျက်နှာတစ်ချက် အညှိုးမခံပေ။
အခြားအတွဲကို အာရုံမစိုက်တာမြင်တော့ လင်းယွီလင် စိတ်အေးရသည်။ ဘေးဒုက္ခမှာ ဝင်မပါသရွေ့ နာမည်ပျက်လည်းမရှိနိုင်တော့ပါ ။
"ဒီနေရာကို ဘယ်လိုသိတာလဲ"
သူတို့နှစ်ယောက် သိတာ အချိန်တစ်ခု ရှိပြီဆိုပေမယ့် အိမ်ထဲ နဲ့ လှည်းထဲကလွဲလို့ အပြင်မှာ လက်တွဲပြီး မနေ ဖူးပါ၊ တရားဝင် ခွင့်ပြုထားတဲ့စုံတွဲဆိုပေမယ့် အများသူငှာရှေ့ တွဲသွားတွဲလာလုပ်ဖို့ အချိန်ကောင်း မဟုတ်သေး။
"ကျွန်တော် လာဖူးတယ်လို့ ပြောရင် ခင်ဗျား ယုံမလား"
သွားနေရာမှ ရပ်လိုက်ပြီး ဖေးယွမ်ရွှင်းကို တမျိုးတမည်ကြည့်၏။ လူနှစ်ဖက်က ပူးကပ်ဆုပ်ကိုင်ထားကြလျက်။
"ဇနီးလေးပြောတာကို မယုံပဲ မနေရဲပါဘူးဗျာ"
ဖေးယွမ်ရွှင်း ပြုံးလျက် ..ရှန်လျန့်နဖူးကို ခပ်ဖွဖွ တောက်လိုက်သည်။
"ဟဟဟ"
ရှန်လျန် သွားပေါ်အောင် ရယ်သည်။ အနားတိုးကပ်လိုက်ပြီး..
"ကျွန်တော် အိပ်မက်ရှည်ကြီး တစ်ခုမက်တယ်၊ ခင်ဗျားလည်း ပါတယ်၊ အိပ်မက်ထဲ အများကြီး ဖြစ်ပျက်ခဲ့ပြီး တစ်ခါတော့ ကျွန်တော့်အတွက် အရေးကြီးတဲ့သူ ကိုဆုံးရှုံးလိုက်ရလို့ ဒီဘုရားကျောင်းကိုလာပြီး သုံးလတိတိ ဥပုသ်စောင့်တယ်တဲ့၊ နေ့တိုင်းနေ့တိုင်း တရားနာယူ၊ တရားအားထုတ်နဲ့ ပျင်းလာလို့ရှိရင် ဒီနေရာလာပြီး လမ်းလျှောက်၊ ငါးဖမ်းပြီး ကင်စားတာ"
ကောင်းကင်ထက်က တိမ်စိုင်လေးတွေကိုငေးကြည့်ရင်း ရှန်လျန် အမှန်တစ်ဝက် အမှားတစ်ဝက်ရော၍ ပြောပြလိုက်၏။ သီလစောင့်တဲ့ သုံးလဟာ အရင်ဘဝရဲ့အနှစ်နှစ်ဆယ်လုံးမှာ အအေးချမ်းဆုံးနေ့ရက်တွေ ဖြစ်ခဲ့သည်။ နေ့စဉ်နေ့တိုင်း တရားနာယူရင်း တခြားကိစ္စတွေကိုလည်း မတွေးပဲ နေခဲ့သည် ။ သူလုပ်သမျှလုပ်ရပ်တိုင်းကို အခြားသူတွေဝေဖန်မလား ၊ အနှောင့်အယှက်ဖြစ်နိုင်လား စိုးရိမ်စရာမလိုခဲ့။
ရှန်လျန့်ဆီမှာ စွန့်ပစ်ခံရတဲ့ ရောင်ဝါမျိုးကို တစ်ဖန်တွေ့လိုက်ရရာ မျက်နှာလျလှလေးအားဘေးတိုက်ကြည့်ရင်း ဖေးယွမ်ရွှင်း စိတ်မချမ်းသာတော့ပါ၊ အိပ်မက်လို့ပြောပေမယ့် တစ်စုံတစ်ခုက ထူးဆန်းနေမှန်း အလိုလို သိနေသည်။
"ခင်ဗျားရော ဘယ်လိုသိတာလဲ ၊တတိယ မင်းသား ခေါ်လာတာလား"
မျက်တောင်တစ်ချက်ခတ်ချိန် အတွင်းမှာပဲ ရှန်လျန်က နဂိုအတိုင်း ပျော်ရွှင်သည့်ဟန်ဖြစ်သွားသည်။ ဝမ်းနည်းကာ မှိုင်တွေနေတာမျိုး မမြင်ရတော့ချေ။
"ကိုယ်က သူ့ကိုပြောပြလိုက်တာ၊ ဒီကငါးတွေက အကောင်ကြီးပြီး အရသာရှိတယ်လို့လေ"
ဘေးချင်းကပ် ယှဉ်တွဲလျှောက်ရင်း ယွမ်ရွှင်း ပြုံးသည်။
"ကိုယ်အရင်က ဒီကို ခဏခဏလာတယ်၊ သာမာန်အတိုင်း နေတာထက် သူများနဲ့ မတူတာ လုပ်မှ နေသာထိုင်သာရှိတာလေ၊ ဒါကြောင့် ဘုရားကျောင်းမှာ ငါးသတ်ပြီး ကင်စားတာက ဖြစ်သင့်တာပဲ မဟုတ်လား"
ဘုန်းတော်ကြီးကျောင်းရဲ့ ဝိနည်းပညတ်အတိုင်း တသဝေမတိမ်း လိုက်နာရန်က ခက်ခဲ၏။မထင်မှတ်ထားပဲ သူနဲ့တူတဲ့ လူတစ်ယောက်ရှိသေးတာပဲ!
"ဟဟ! လုပ်ချင်တာ လုပ်ရတော့ ခင်ဗျား ပျော်ခဲ့မှာပဲ"
"အရင်ကတည်းက ကိုယ့် နောက်ခံ ကြောင့် ဘယ်သူကမှ ထင်သလို မဆက်ဆံရဲဘူးလေ"
ဧကရာဇ်နဲ့ ဆွေမျိုးတော်စပ်သလို၊ အဆက်အသွယ် ကောင်းသူဖြစ်ရာ လုပ်ချင်ရာလုပ်ခွင့်ပြုထားသည်က သင့်တော်ပါ၏။
"ကိုယ်က...သတိထား!!"
စကားမဆုံးခင် ဖေးယွမ်ရွှင်း ရဲ့မျက်ဝန်းက ထိတ်လန့်ပြူးကျယ်သွားပြီး ရှန်လျန့်အား တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူတို့ရပ်နေခဲ့တဲ့နေရာကို ဓားတစ်ချောင်း စိုက်လာသည်။
"သတ်!!"
ပထမအကြိမ်လုပ်ကြံခြင်း မအောင်မြင်သဖြင့် လူအယောက် နှစ်ဆယ်ထက်မနည်းသော အမဲရောင်ဝတ်လူများ တောအုပ်ထဲက ထွက်လာသည်။ ထိပ်ဆုံးမှ ဓားရှည်ကိုင်ထားသူသည် ဖေးယွမ်ရွှင်းတွန်းလိုက်လို့ မြေပြင်ပေါ် လဲကျနေတဲ့ ရှန်လျန့်ဆီ လျှပ်တပြက် ဓားဦးတည်ချက်ပြောင်း လိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ဖေးယွမ်ရွှင်းက ခါးပတ်နေရာ၌ ဝှက်ထားသော ဓားပျော့ကိုဆွဲထုတ်ကာ ချီစွမ်းအင်ထည့်လိုက်ပြီးနောက် ဓားပျော့က ချက်ချင်း ခိုင်မာတောင့်တင်းသွားကာ ရှန်လျန့်ကိုတိုက်ခိုက်ရန်ပြင်နေသော အမဲရောင်ဝတ်လူဆီသို့ တူရှု ထိုးခုတ်လိုက်သည်။
"ဇွက်!"
ဓားပျော့က လုပ်ကြံသူ၏နောက်ကျောကို ဖောက်ဝင်သွားသည်။ တစ်ပြိုက်နက်ထဲမှာပဲ ဘယ်ဘက်၊ညာဘက် ပတ်ပတ်လည်မှ ဓားသုံး၊လေးစင်းက သူ့ကိုဝိုင်းလာသည်။
"ကူးကူ...."
ဖေးယွမ်ရွှင်းက စိုးရိမ်တကြီး အချက်ပေးလိုက်သည်။
"ရွှီး ...ထောက်!"
ရှန်လျန့်ဗိုက် အထိုးခံရတော့မည့်ဆဲဆဲ၌ ထူးဆန်းသည့် အသံတစ်သံထွက်လာပြီး လုပ်ကြံသူက မြေပြင်ပေါ် ပုံကျသွားသည်။
လုပ်ကြံသူများက ကြောင်အမ်းသွားသည်။ မဝေးလှသည့်နေရာမှ ထျန်းရှုနဲ့လေ့ကျန်းတို့ အချိန်မှီ ရောက်လာပြီး အရိပ်တပ်သားများလည်း အလျိုလျို ထွက်လာကာ ရန်သူတွေကို အကျပ်အတည်းကြားထဲ ပို့လိုက်နိုင်သည်။
"တစ်ယောက်မှ မလွတ်သွားစေနဲ့"
"ဟုတ်!"
သံမဏိတပ်သားများက ပြန်လည်ဖြေကြားပြီး အလျင်အမြန်ထွက်ခွာသွားသည်။ သူ ရှန်လျန့်နားရောက်သွားသော အချိန်တွင် လေ့ကျန်း၏အကူအညီဖြင့် ရှန်ချန်က ထရပ်ပြီးနေ ပြီ။
"အဆင်ပြေလား ဒဏ်ရာရသွားသေးလား"
"ဘာမှ မဖြစ်ဘူး၊ ခင်ဗျားရော?"
"မထိခိုက်ဘူး၊ ကိုယ်တောင်းပန်ပါတယ်"
သူ့ကြောင့်! သူစိတ်အေးလက်အေးနေပြီး ပေါ့ဆလို့ ရှန်လျန်က ထိခိုက်မိလုနီးပါးဖြစ်ရတာ၊ စကားကုန်အောင် မပြောပေမယ့် ဇာမဏီမျက်ဝန်းက သူ့ကိုယ်သူ အပြစ်တင်နေလေ၏။
"ခင်ဗျားအပြစ် မဟုတ်ပါဘူး၊ သူတို့ကအစတည်းက ပုန်းနေတာ၊ ခင်ဗျားဘယ်လောက် သိုင်းပညာမြင့်မြင့် ၊လုပ်ကြံဖို့ သီးသန့် လေ့ကျင့်ခံထားရတဲ့သူတွေ အများကြီးကိုတစ်ပြိုင်နက်တည်း မကိုင်တွယ်နိုင်ဘူး"
အတွဲနှစ်ယောက်ရဲ့ အပြန်အလှန် စိုးရိမ်နေမှုကြားထဲ ဝင်မပါရန်အလို့ငှာ သံမဏိတပ်သားများနဲ့ အရိပ်ကိုယ်ရံတော်တပ်သားများက အကွာအဝေးတစ်ခု ခြားကာ စောင့်ရှောက်ပေးနေကြသည်။ ဒါမှ မကြားရမှာ ဖြစ်၏။
"သခင် ဒါအဆိပ်ငါးမျိုးပဲ"
လေ့ကျန်းရဲ့အသံကြောင့် ရှန်လျန် လဲကျသေဆုံးနေသူ၏ သွားကြားထဲက အဆိပ်ကို စူးစမ်းလိုက်သည်။
"အဆိပ်က တစ်ကိုယ်လုံး ပျံ့သွားတာ၊ အဆိပ်ငါးမျိုး ဖော်စပ်ဖို့က တော်ရုံမလွယ်လို့ ဒီလူတွေက သာမာန်ပြည်သူလုံးဝ မဖြစ်နိုင်ဘူး၊ကြည့်ရတာ နောက်ခံ မသေးဘူး"
တပ်ဖွဲ့နှစ်ဖွဲ့၏ဝိုင်းခံရခြင်းကြောင့် လွတ်နိုင်မည့်လမ်း မမြင်ရာ လုပ်ကြံသူများက အဆိပ်ကိုက်ပြီး ကိုယ့်ကိုကိုယ် သတ်သေသွားကြသည်။
"တစ်ယောက်မှ မရှင်ဘူးပေါ့?"
ဖေးယွမ်ရွှင်းရဲ့မျက်နှာက နက်မှောင်နေရာ ထျန်းရှု ဒူးထောက်လိုက်သည်။
"ခွင့်လွှတ်ပါသခင် ၊တစ်ယောက်မှ အသက်မရှင်ပါဘူး"
လုပ်ကြံသူတွေရဲ့ သိုင်းပညာတွေက ထူးချွန်သလို၊ လျှပ်တပြက်အခြေအနေဖြစ်သည်ကြောင့်
အဆိပ်ကိုက်သေခြင်းအား မတားနိုင်ခဲ့။
"ဒါ ထျန်းရှု အပြစ်မှ မဟုတ်တာ"
ရှန်လျန်ကအလောင်းတိုင်းရဲ့ ပါးစပ်ထဲက အဆိပ်အိတ်ကို လိုက်ကြည့်ပြီးနောက် သေချာအောင် သူ့လက်သူပြောင်စင်အောင် သုတ်လိုက်သည်။
"လေ့ကျန်း ၊ထျန်းရှု အလောင်းဖျောက်လိုက် ၊ ဘယ်သူမှ မသိစေနဲ့"
"ဗျာ?မစုံစမ်းတော့ဘူးလား"
လေ့ကျန်းတို့တင် အံ့ဩသည် မဟုတ် ၊ဖေးယွမ်ရွှင်းပင် သဘောမတူဟန်ပြ၏။
"ဘာလုပ်ဖို့လဲ ? သက်သေမရှိပဲ နောက်ကွယ်က ဘယ်သူဆိုတာ ဖော်ထုတ်ဖို့လည်းခက်တယ်၊ အချိန်လည်း ကုန်တယ်၊ ဒီတိုင်းမြှုပ်ပစ်လိုက်စမ်းပါ"
တွေးကြည့်တော့လည်း ဟုတ်သလိုလို ၊လေ့ကျန်းနဲ့ထျန်းရှုက တပ်သားတွေကို ဦးဆောင်ခေါ်သွားပြီး လုပ်ငန်းစသည်။
"တစ်ကယ် နာသွားတယ်မလား"
ဖေးယွမ်ရွှင်း ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ ပျာယာခတ်နေသည်။ ရှန်လျန်ခေါင်းခါလိုက်ပြီး လက်ထဲက သွေးနီရောင်အဆိပ်လက်ကောက်ကို ပြလိုက်သည်။
"ခင်ဗျားရဲ့လက်ကောက်က အချိန်မှီကယ်လို့ပေါ့၊ မဟုတ်ရင် ကျွန်တော် သေသွားလောက်ပြီ"
"လျှောက်မပြောနဲ့"
အတွေးနဲ့တောင် တွေးခွင့်မပေးနိုင်၊ သူအသက်ရှင်နေသရွေ့ ရှန်လျန့်အား မတော်တဆဖြစ်ခွင့်မပြုနိုင်ပါ။
"ဟုတ်ပါပြီ၊ နောက်မပြောတော့ဘူး၊ ဒီလူတွေကကျွန်တော့်ကိုပစ်မှတ်ထားနေတာဆိုတော့ ဖြစ်နိုင်ချေဆိုလို့ လျိုရှုဟန်နဲ့ဧကရာဇ်ပဲ ရှိတယ်၊ လျိုရှုဟန်လို့ထင်တာပဲ ကျွန်တော်တော့၊ ဘာလို့ဆို ဧကရာဇ်က ခင်ဗျားကို အသတ်ချင်ဆုံးဖြစ်လိမ့်မယ်"
ဖေးယွမ်ရွှင်းရဲ့ ခေါင်းကိုဆွဲချကာ နဖူးပေါ် အနမ်းတစ်ပွင့်ပေးပြီး ရုတ်ချည်းပင် ရှန်လျန်အလေးအနက်ပြော၏။ ထိုဘာသာတရားကိုင်းရှိုင်းသော မိန်းမအိုကြီးက ငတုံးမဟုတ်၊ သူ့ဘဝကိုဖျက်စီးချင်ရုံမက သတ်ပါသတ်ချင်နေသည်။
"အင်း ဧကရာဇ်ကိုလည်း သံသယစာရင်းထဲက ထုတ်ထားလို့မရဘူး"
လျိုရှုဟန်ဖြစ်ဖြစ် ဧကရာဇ် ဖြစ်ဖြစ် သူ့ရဲ့ အသည်းညှာကိုလာထိပါးလိုက်ပြီ။
"ဧကရာဇ်..."
"သခင်! ဝမ်ဖေး!"
စကားသံနှစ်ခုက တစ်ပြိုင်တည်း ထွက်လာသည်။ လူတွေကိုမြှုပ်နှံခဲ့ပြီး သူတို့ဆီ ခြေလှမ်းအနည်းငယ်အတွင်း ရောက်လာသည်။ ဂါရဝပြုလိုက်ပြီး ခေါင်းမော့ကာ ပြောသည်။
"လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်က ရင်ဖုန်းတံခါးကျိုးကျပြီး ၊ဒုက္ခသည်ရာချီ သေဆုံးသူနဲ့ ဒဏ်ရာရသူရှိခဲ့ပါတယ်၊ နန်းတော်ကို ခုချိန်လောက်ဆို သတင်းရောက်သွားလောက်ပြီ"
"ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို အိမ်ပြန်ခွင့်မပြုဘူးထင်ပါတယ်"
ထိုစကားကြောင့် ဖေးယွမ်ရွှင်းနဲ့ ရှန်လျန် အချင်းချင်းကြည့်လိုက်ကြသည်။ ရန်ဖုန်းတံတားကိုဖြတ်ကျော်ပြီးမှ မြို့တော်ကိုပြန်နိုင်မည်ဖြစ်သည် ။ တံတားက လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ရာကျော်ကတည်းက တည်ဆောက်ထားခဲ့ပြီး မတော်တဆ မဖြစ်ဖူးခဲ့ချေ။ ရေကြီးရေလျှံဖြစ်ခဲ့တုန်းကတောင် တောင့်ခံနိုင်ခဲ့တာ ယခုမှ ကျိုးကျစရာအကြောင်းမရှိရာ သေချာပေါက် တစ်စုံတစ်ယောက်က သူတို့ကို ရှန့်ကော ဘုရားကျောင်းမှ မထွက်ခွာလာစေ၍ပဲဖြစ်လိမ့်မည်။
2459
Grape 🍇