'သဘာဝကပ်ဘေး၊ ဧည့်သည် ရောက်လာပြီ'
"အဲ့ဒီလူက တစ်ကယ် ဟာသပဲ၊ ရုပ်ပြောင်းရုပ်လွဲ အရမ်းတော်တာ လူရော ဟုတ်သေးလား၊ သရဲလား.. သူ့အစား ပင်ပန်းတယ်"
ဧကရာဇ် ထွက်ခွာသွားသည်နှင့် ချူးလီက စတင်ပုတ်ခတ်တော့သည်။ ရှောင်မုချန်က ယပ်တောင်ဖွင့်၍ တဖျတ်ဖျတ်ခတ်ကာ သူနှင့်မဆိုင်သလိုပြုမူနေသည်။
"စန်းကော သူ့ပုံစံက စန်းကောနဲ့ လျန်လျန်တို့ကို ခွဲပစ်ဖို့ တစ်ခုခုကြံစည်နေသလိုပဲနော်"
"အား...ဘာလုပ်တာလဲ"
ရှောင်မုချန်က ယပ်တောင်ဖြင့်တစ်ဖက်လူ၏ ခေါင်းထိပ်ကို လှမ်းခေါက်လိုက်ရာ ချူးလီက မကျေမနပ် အော်သည်။
ရှောင်မုချန်က ကြင်နာခြင်းကင်းမဲ့စွာဖြင့်..
"စိတ်ထင်တာ မဟုတ်ဘူး ၊သေချာပေါက် ကြံစည်နေတာ၊ စန်းကောနဲ့ မျက်နှာပျက်စရာမဖြစ်အောင်လို့ အပေါ်ယံ ဝမ်းသာပေးချင်ယောင်ဆောင်နေပြီး စိတ်ထဲက အတော်လေး ဒေါသထွက်နေတာလေ... သူဒီတိုင်း လွှတ်ထားပေးမှာ မဟုတ်ဘူး၊ လှည့်ကွက်တွေ အများကြီးဖွက်ထားမှာပဲ စိုးရိမ်ရတယ်"
ဧကရာဇ်က ဘာလှည့်ကွက်မှ မထုတ်နိုင်သေးခင်မှာ သူ့အကြည့်ကိုအကဲခတ်ရုံနဲ့ ရက်စက်တဲ့ လုပ်ရပ်တွေလုပ်တော့မည်မှန်း သူတို့ကြိုသိလိုက်ကြသည်။ အကျိုးအမြတ်အကြီးကြီး ရမည့် ဧကရာဇ် မဆိုနှင့်၊ သာမာန်လူပင် သူ၏ဇနီးနှင့် စစ်သည်များကိုဆုံးရှုံးလိုက်ရမည်ဆိုလျှင် စိတ်အေးအေးထားနိုင်လိမ့်မည် မဟုတ်ပါ၊သို့ကြောင့် အမိန့်အာဏာလွှမ်းမိုးနိုင်သော အမြင့်နေရာကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်က ထိုဆုံးရှုံးမှုမျိုးကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါ့မည်တဲ့လဲ... စော်ကားခံလိုက်ရသလိုပင်။
"နိမ့်ကျတဲ့ အစေခံမက မွေးလာတဲ့ ကောင်ပဲလေ... စင်ပေါ်တက်ဖို့ ဘာအစွမ်းစရှိမှာတဲ့လဲ"
ဖိုးဖိုးလင်း၏ ပြင်းထန်သည့်စွဲချက်ကြောင့် လူတိုင်းက သူရဲ့ဒေါသထွက်နေတဲ့ မျက်နှာကို ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်ကြသည်။
လက်ရှိ ဧကရာဇ်နဲ့ မိဖုရားခေါင်၊ မိဖုရားငယ်များ အားလုံးကို စပ်ဆုပ်ရွံရှာသည်။ အိမ်ရှေ့စံဟောင်းတို့ဇနီးမောင်နှံနဲ့ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ယုံကြည်ရတဲ့သူတွေ အားလုံးမီးလောင်ကျွမ်းသေဆုံးသွားခဲ့ရတာကို ပြန်တွေးမိတိုင်း ဖိုးဖိုးလင်းသည် သူ၏ရင်ထဲ အသည်းထဲက သည်းခံရခက်အောင် နာကျင်ခံစားရသည်။
"သူတစ်ခုခု လုပ်ချင်ရင်လည်း ပေးလုပ်လိုက်၊ငါတို့မှာ ဆည်ကာတာကြီး ပြိုကျရင်တောင် ကာကွယ်ပေးမယ့် တပ်တစ်တပ်လုံးရှိနေမှတော့ ဘာကြောက်စရာရှိလဲ"
မှီထိုင်နေတဲ့ ဖေးယွမ်ရွှင်းက မျက်ဝန်းတွေ မှေးကျဉ်းလိုက်သည်။
"ထျန်းရှု ၊ ကိုယ်ခံပညာ ပိုကောင်းတဲ့ လူတွေက်ု ယောင်းကွမ်ဆီ လွှတ်ပေးလိုက်၊ လျန်လျန် လုံခြုံတာ သေချာပါစေ"
"သခင် စိတ်ချပါ၊ ကျွန်တော် လိုအပ်တာတွေ စီစဉ်ပြီးပါပြီ"
သူတို့သခင်က ဝမ်ဖေးကို သူ့တစ်ဘဝလုံးစာအတွက် ရည်ရွယ်ကာ ချစ်မြတ်နိုးတာ ဖြစ်ပြီး သခင်နဲ့အတူ နှစ်တွေအကြာကြီး ပေါင်းသင်းနေထိုင်သွားကြမှာ ဖြစ်သည်လေ။ ဖေးယွမ်ရွှင်းမှ အမိန့်ပေးလာရသည်ထိမဖြစ်အောင် သူတို့က လုပ်ဆောင်ထားရန်လိုအပ်သည်။
"ဒါပေမယ့် သခင်...ကျုံးလင်ခြံဝန်းက အရိပ်တပ်သားတွေနဲ့တင်ပြည့်နေတာ၊ သူတို့က ကျွန်တော်တို့ကို သိပ်ကြိုဆိုချင်ပုံမရဘူး၊ ဒီကိစ္စကို ဝမ်ဖေးနဲ့ ဆွေးနွေးပေးလို့ရမလား"
ပြောရရင် အနည်းငယ်တော့ ရှက်ဖို့ကောင်းသည်။ သံမဏိတပ်သားတွေက အပုန်းတော်ပြီး ကိုယ်ခံပညာမှာ သာလွန်ထူးချွန်တယ်လို့ ကိုယ့်ကိုကိုယ်တွေးထားကြပေမယ့် အရိပ်တပ်သားတွေကတော့ သူတို့ကို ရှာတွေ့ဆဲ၊ အဝေးသို့ ဖမ်းခေါ်သွားနိုင်ဆဲပင်။ အနက်ရှိုင်းဆုံးမြေအောက်ကမ္ဘာက တစ္ဆေတွေလို မြေရှိသည့်နေရာတိုင်း သူတို့ရှိ၏။
"ခြံဝန်းမှာ စောင့်ဖို့မေ့လိုက်တော့၊ အရိပ်တပ်သားတွေ ရှိမှတော့ ဘာမှ မဖြစ်နိုင်ဘူး၊ဒီတိုင်း တုံးလင် အိမ်တော် ပတ်ပတ်လည်မှာပဲ စောင့်ကြပ်နေလိုက်၊ လျန်လျန် အပြင်ထွက်တာနဲ့ အနီးကပ်လိုက်စောင့်ရှောက်၊ အဲ့ဒီအချိန် အရိပ်တပ်သားတွေက မကြည်ဖြူရင် ငါ လျန်လျန်နဲ့ တိုက်ရိုက်စကားပြောလိုက်မယ်"
ဖေးယွမ်ရွှင်းက အရိပ်တပ်သားတွေရဲ့ လုပ်နိုင်စွမ်းကို သံသယမရှိပေမယ့် သူ့လူတွေ ကိုယ်တိုင်လိုက်စောင့်ရှောက်မှ ပိုစိတ်ချနိုင်မှာမလို့ပင်။
"ဟုတ်ကဲ့"
ဒီလိုပြောလာမှတော့ ထျန်းရှုလည်း နာခံရုံသာရှိ၏။
"ဝမ်ယွဲ့မြို့ အခြေအနေ ဘယ်လိုရှိလဲ"
ဖေးယွမ်ရွှင်းရဲ့ အာရုံက ဝမ်ယွဲ့မြို့ဆီ ပြောင်းသွားသည်။ သူဒဏ်ရာရစဉ်က သံမဏိတပ်သားအနည်းငယ်ကို မြို့တော်အားစောင့်ရှောက်ဖို့ လူသိရှင်ကြား ချန်ထားခဲ့ပေမယ့် တစ်ကယ်တမ်း မြို့ထဲမှာ ပျောက်ကြားစစ်သည် အများကြီးရှိနေသေး၏။ထျန်းကျီအား ထိုစစ်သည်တွေကို အမိန့်ပေး ဦးဆောင် စေပြီး ဝမ်ယွဲ့မြို့မှာပဲ အချိန်ကြာကြာဆက်ရှိနေစေသည်။
ဖေးယွမ်ရွှင်းက ဒီတိုင်း ပြန်သွားမယ်ဆိုတာ ဘာဖြစ်နိုင်ပါ့မလဲလေ...
"ဝမ်ယွဲ့ ဆည်ကာတာက လက်ရှိအချိန်မှာ တည်ငြိမ်နေပါပြီ၊ ဗိုလ်ကြီး လင်းနဲ့ ဟွိုင်ရန်လူကြီးမင်းမှာ လူအင်အားလုံလောက်ခဲ့ရင်၊ ဝမ်ဖေး ခန့်မှန်းသလို မိုးရွာမယ်ဆိုတာသိပြီး ကြိုစီစဉ်ထားခဲ့ရင် ခုလောက် ခက်ခက်ခဲခဲ ကိုင်တွယ်ရမှာ မဟုတ်ဘူး၊ ဒေသအတော်များများ ဒုက္ခရောက်ပြီး၊ ရေလွှမ်းမိုးမှုကြောင့် ဆန်ရေစပါးပြတ်လပ်ကုန်တယ်၊
ကျင်းအမတ်ကြီးတို့ သားအဖကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖျားနာသွားတော့ စားနပ်ရိက္ခာ ပို့ဆောင်ဖို့ငြင်းဆန်လိုက်ရော၊ ဒီတော့ စစ်တပ်က ရွေးချယ်စရာမရှိပဲ ဒေသအနှံ့ကောက်ခံထားတဲ့ ဆန်ရေစပါးတွေကို လိုက်ဝေငှရတော့တယ်၊ အနောက်မြောက်ဘက်က စစ်ပြေးရှောင်ပြည်သူတွေ အတွက်လည်း ချန်ထားခဲ့လို့မဖြစ်ဘူးပေါ့၊ ပြောရရင် ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ... ကောက်ပဲ သီးနှံ ၊စပါးတွေက မိုးရေကြောင့် မှိုတက်ပျက်စီးကုန်တော့ ကုန်ဈေးနှုန်းက မိုးထိထိုးတက်သွားပြန်တယ်၊အလယ်အလတ်တန်းစားမိသားစုတွေတောင် ခက်ခဲကုန်တာ ၊အောက်ခြေလူတန်းစားတွေဆို ဒီရေကြီးမှုကြောင့် ဆိုးရွားတဲ့ ဒုက္ခကို ခံစားကြရတယ်"
ရှောင်မုချန်က ကိုယ်ချင်းစာနာမှုအပြည့်ဖြင့်ပြော၏။ ဒီလိုအချိန်မှာ ပလ္လင်ပေါ်က ဘုရင်ကြီးက ပြည်သူတွေကို ဘယ်လို ကူညီသင့်လဲ မတွေးပဲ ၊စန်းကောနဲ့ သူ့ဇနီးရဲ့ချစ်ခြင်းကို ဘယ်လိုခွဲရမလဲပဲ စဉ်းစားနေတာက စိတ်မချမ်းမသာဖြစ်စေသည်။ ပြည်သူတွေသာ သိသွားခဲ့ရင် ဒေါသအကြီးအကျယ်ထွက်ပြီး ဘုရင်အိုကြီးကိုပလ္လင်ပေါ်က ဆွဲချရန် စီစဉ်ကြပေလိမ့်မည်။
"သဘာဝကပ်ဘေးက ရှောင်လွှဲလို့ မရဘူး၊ ဝမ်ယွဲ့ဆည်တာတမံကို မကာကွယ်နိုင်ပဲ ပြိုကျသွားခဲ့ရင် ပြည်သူတွေ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ဖေးယွမ်ရွှင်းက ဒီတိုင်းပြည်ရဲ့ဧကရာဇ် မဟုတ်သော်လည်း ပြည်သူတွေရဲ့ အလောင်းက ကွင်းပြင်ကျယ်မှာ တောင်ပုံရာပုံဖြစ်နေမှာမျိုးတော့ မမြင်တွေ့ချင်ပါ။
"တစ်ခြားနည်း မရှိတော့ဘူးတဲ့လား"
ရှောင်မုချန်နဲ့ ချူးလီက အကြည့်ချင်းဖလှယ်လိုက်ပြီး သက်ပြင်းချ၏။
"အစ်ကိုကြီးတို့ဘက်က အခြေအနေဘယ်လိုရှိလဲ? အဆက်သွယ်ရသေးလား"
"ဟုတ်၊ သူတို့ဘက်မှာ တော့ မိုးမရွာဘူးတဲ့၊ ရာသီဥတု ညီမျှလို့ ဒီနှစ် ကောက်ပဲသီးနှံ အထွက်တိုးမယ်ပြောပါတယ်၊ စန်းကော မိုးက ချင်အင်ပါယာကိုပဲ ကွက်ရွာတာထင်တယ်နော်? သူများတွေ ပြောသလို မိုးနတ်မင်းက ချင်တိုင်းပြည်ရဲ့ အကျင့်ပျက်မှုတွေကို မနှစ်သက်လို့ သတိပေးတာများလား"
ချူးလီပြောတာ အဓိပ္ပာယ်မရှိသည်တော့ မဟုတ်။ မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ရက်၂၀ ပင် ကျော်နေလေပြီဖြစ်ရာ ပြည်သူများအကြား ကောလဟလများလည်း သဘာဝကျစွာပေါ်ပေါက်လာသည်။ တချို့ကပြောကြသည်၊ မိုးနတ်မင်းက ချင်ဧကရာဇ်ကို သဘောမကျသဖြင့် မိုးနတ်နဂါးက်ိုဆင့်ခေါ်ကာ မိုးသည်းထန်စွာ ရွာသွန်းစေသည်ဟူ၍။ ကောလဟာလများတွင် ရှန်လျန်မှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ထားသည်လည်း ရှိ၏။ မကြာမှီရက်များအတွင်း မိုးမတိတ်ပဲ ဆက်လက်ရွာနေဦးမည်ဆိုလျှင် မိဖုရားက ငြိမ်းချမ်းစွာ အနားမယူရသဖြင့် မကျေမနပ်ဖြစ်လိမ့်မည်ဆိုသော ကောလဟာလကြောင့် ပြည်သူများ ပိုပြီး ချောက်ချားကုန်သည်။
"တစ်နေကုန် မင်းရဲ့ခေါင်းထဲ ဘာတွေ တွေးနေလဲ ငါတစ်ကယ်သိချင်တယ်၊သဘာဝလွန်ကိစ္စတွေမှာ သူတို့ရဲ့စိတ်အခြေအနေတွေ၊ ကျေနပ်တာတွေဆိုတာ လူတွေ ပါးစပ်က လွယ်လွယ်ပြောလို့မရဘူး၊တစ်သက်လုံးသင်ထား၊ ဖတ်ထားသမျှ ပညာတွေက ဦးနှောက်ထဲ မရောက်ပဲ မင်းရဲ့ခွေးဗိုက်ထဲရောက်ကုန်တာလား"
ရှောင်မုချန်လည်း ပစ်ပစ်နှစ်နှစ်ပြောချင်ပေမယ့် စန်းကောက လက်ဦးမှုရယူသွားသည်။
"ကြားလာတဲ့ သတင်းကို ပြောပြရုံပဲလေ.. ကျွန်တော် ကိုယ်တိုင်ပြောတာလည်း မဟုတ်ပဲနဲ့!"
သတင်းလည်း ယူလာပေးရသေးတယ်! ဘယ်လိုလုပ် ပြောရက်ကြတာလဲ?
"မိုးနတ်မင်းက သတိပေးတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် တာ့ကောတို့ဆီမှာ ရာသီဥတု သာယာတာက သတင်းကောင်းပဲ၊ အနောက်မြောက်စစ်ပွဲက ပိုပြီး ပြင်းထန်လာပြီ၊ စစ်တပ်က ရိက္ခာသွားပို့တဲ့အခါ အခက်အခဲရှိမှာပဲ စိုးရိမ်ရတယ်၊ တာ့ကောဆီက ရိက္ခာအကူအညီတောင်းပြီး စစ်ပွဲပြဿနာကိုအမြန်ဆုံး ဖြေရှင်းဖို့ အာ့ကောကို တိုက်တွန်းလိုက်"
"ဟုတ်၊ အာ့ကောဆီ စာပို့လိုက်ပါ့မယ်.. ဟိုလေ လျန်လျန်နဲ့ လက်ထပ်မယ့်အကြောင်းကိုရော ထည့်ရေးလိုက်ရမလား"
ချူးလီက အဓိကအချက်ကို မေးလိုက်သည်။ နောက်ကားကျော်တက်သွားတာကို အာ့ကောသိရင် ဘယ်လောက်တောင် ဆွေ့ဆွေ့ခုန်နေလိုက်မလဲ? သူက ရှန်တာ့နဲ့ လက်ထပ်ဖို့မှ မလွယ်တာ၊ အဲ...ယောက်ဖလောင်း ရှန်တာ့သိသွားရင်လည်း.... ထိုအကြောင်း တွေးရင်း ချူးလီ ခေါင်းကိုက်လာသည်။
"ရေးရမှာပေါ့ မရေးလို့ဘယ်ရမလဲ? သူတို့ မသိရင် စစ်ပွဲထဲမှာပဲ ဘယ်နှလကြာအောင် ထပ်နေနေဦးမလဲ မသိဘူး၊ အဲ့လိုဆို ငါကဘယ်အချိန်မှ လျန်လျန်နဲ့ လက်ထပ်ရမှာလဲ"
ချူးလီ၏စကားကို ကြားသော် ဖေးယွမ်ရွှင်းက နှစ်ခါပြန်မစဉ်းစားပဲ တုံ့ပြန်၏။ ရှန်လျန့်ကို လက်ထပ်ပြီး သူ့အိမ်ထဲ ဆွဲခေါ်လာဖို့ နည်းနည်းမှ မစောင့်နိုင်တော့တာ သူ့ကိုသူသာ သိ၏။
ရှောင်မုချန်နဲ့ ချူးလီက နှုတ်ဆိတ်နေကာ တစ်ယောက်ခြေထောက် တစ်ယောက်.. တို့ လိုက်ကြသည်။ ထျန်းရှုနဲ့ တခြားသူတွေက ခေါင်းငုံ့ထားပြီး ပခုံးတွေက မသိမသာတုန်ရီနေသည်။ အားလုံး ကကျယ်ကျယ်လောင်လောင် မအော်ရယ်မိဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြသည်။
"ဒီလိုဆိုမှတော့...ကျုပ်လူအိုကြီးက သခင့်ကို နည်းနည်းအကြံပေးချင်လို့ပါ၊ ယောင်္ကျားကောင်းဆိုတာ မိသားစုအရေးကို ကောင်းကောင်း ကိုင်တွယ်နိုင်မှ တိုင်းပြည်အရေးကို အောင်နိုင်တယ်တဲ့၊ မိသားစုအရေးကိုမဖြေရှင်းနိုင်သေးပဲ ဘယ်လိုလုပ် တိုင်းပြည်အရေးကို အာရုံစိုက်နိုင်မှာလဲ၊ ဝမ်ဖေးနဲ့ ထိမ်းမြားပြီးရင် ကလေးသေးသေးလေးတွေ အိမ်တော်ထဲ ပတ်ပြေးနေ အောင် မြန်မြန်မွေးလိုက်ပါ၊ဒါက အရေးကြီးဆုံးကိစ္စပဲ"
လင်းဖိုးဖိုးက လိုရင်းကို တန်းပြော၏။
ဖေးယွမ်ရွှင်းနဲ့ အခြားသူတွေမှာ ဖိုးဖိုးလင်းကြောင့် နားထင်ကိုလက်နဲ့ထောက်လိုက်ကြရသည်။ သူတို့လည်း လျန်လျန့်ကို အိမ်တော်ဆီသို့ အမြန်ဆုံး ခေါ်ချင်ကြပေမယ့်၊ ဖိုးဖိုးလင်းက ရည်ရွယ်ချက်နှင့် ဆန္ဒကို ထုတ်ပြောလိုက်ရာ လူတိုင်းကို နေရခက်သွားစေသည်။
ဖေးယွမ်းရွှင်း၏ လက်ရှိ ကျန်းမာရေးက အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင် တော့ပဲ၊ မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာမည့်သတင်းက အင်ပါယာတစ်ခုလုံးပျံ့နှံ့သွားပြီးနောက် ဧကရာဇ်ကဲ့သို့ပင် လူတချို့က အမုန်းတရားများဖြင့် အံကြိတ်ကြပြီး ၊တချို့က စိုးရိမ်စိတ်နှင့် ချွေးစေးတွေပျံနေကြ၏။ ရှန်လျန့်အား မနာလိုသူများရှိသော်လည်း ၊ မြို့စားမင်းက ဝမ်ယွဲ့မြို့ကို ကယ်တယ်ပေးထားသည်ကြောင့် ပြည်သူအများစုက ဝမ်းသာပေးကြ၏။
ခုချိန်မှာ အများစုရဲ့ အာရုံက ဖေးယွမ်ရွှင်း အကြောင်းနဲ့ အမှုထမ်းစာမေးပွဲတွင်း လာဘ်စားမှုအကြောင်းမှာပဲ ရှိ၏။ ဝမ်ယွမ်အား ရုံးထုတ်သည့်နေ့မှာပဲ မင်းသားသွမ့်က ဝမ်ယွမ်အိမ်တော်ကို စစ်သည်တွေ ဦးဆောင်ခေါ်သွားပြီး ရှာဖွေစစ်ဆေးသည်။
နောက်ဆုံး ကွမ်ရင်မယ်တော်ရုပ်ထုနောက်က လျှို့ဝှက်ခန်းထဲမှာ မှတ်တမ်းစာအုပ်ရှာတွေ့ခဲ့သည်။ ထိုစာအုပ်ထဲတွင် အဓိကအရေးကြီးသည့် သူတွေကို လျှို့ဝှက်သင်္ကေတများဖြင့် အစားထိုးထားရာ မင်းသားသွမ့်တို့သားအဖလည်း ဝမ်ယွမ်ဆီသို့တစ်ဖန်သွားကာ သင်္ကေတ၏ အဓိပ္ပာယ်ကို သိရန်ကြိုးပမ်းရလေသည်။
နောက်တစ်ရက်မနက်ရောက်သော် မိုးက အတော်စဲသွားလေပြီ။ မနက်စာစားသောက်ပြီးနောက် ရှန်လျန်က ခြောက်လသားအရွယ် တူလေးနှင့် ဆော့ကစားနေချိန်တွင် ပင်မအိမ်တော်က အစေခံ ရောက်လာကာ ဧည့်သည်ရောက်နေကြောင်း အကြောင်းကြားသည်။ ရှန်လျန်က စာကိုယူကြည့်လိုက်ရာ ရှန်ကျိုးနှင့်သူငယ်ချင်းတွေဖြစ်နေ၏။ မူလက ကျုံးလင်ခြံဝန်းဆီ တိုက်ရိုက်အလည်ခေါ်လိုက်ချင်ပေမယ့် တစ်ခဏတွေးကြည့်ပြီးနောက် ပင်မအိမ်တော်ဆီပဲ သွားလိုက်သည်။
"ပဉ္စမ သခင်လေး ရောက်လာပြီ"
ရှန်ရုထင်က မရှိသဖြင့် အိမ်ကိစ္စတာဝန်ယူထားတဲ့ စွင်းကျင့်က ဧည့်ခံပေးနေသည်။ ရှန်လျန်ရောက်လာတာကို မြင်တော့ ချက်ချင်းပဲ ထနှုတ်ဆက်လာသည်။ ရှန်ကျိုးတို့ လူစုက စိတ်လှုပ်ရှားဝမ်းသာ မှုများကို ခက်ခက်ခဲခဲ ဖိနှိပ်ထားလျက် သူ့ဘက် လှည့်ကြည့်လာကြသည်။သူတို့က အလည်လာတဲ့ ဧည့်သည်ဖြစ်နေမှတော့ အပြုအမူကောင်းကို ထိန်းသိမ်းထားရမယ်လေ။
"ဒေါ်လေးစွင်း သွားနားလို့ရပါပြီ"
ရှန်လျန် ခေါင်းငြိမ့်ကာ ပြုံးပြသည်။
စွင်းကျင့်ကလည်း အရိပ်အကဲ နားလည်သူဖြစ်တာကြောင့် ဦးညွှတ်လိုက်ပြီး ရှန်ကျိုးတို့ကို နှုတ်ဆက်ကာ ခပ်သွက်သွက် ထွက်သွားပေး၏။
သူထွက်သွားသော်လည်း ကံဆိုးစွာနှင့် အိမ်ဝန်းထဲတွင် အစေခံများ ၊ အခြွေရံများ ရှိနေသေးရာ ရှန်ကျိုးတို့မှာ စိတ်အေးအေး မထားနိုင်ရှာ။ သူတို့လို ဆွေကြီးမျိုးကြီး သားသမီးများက အိမ်ပြင်ထွက်လျှင် အိမ်တော်၏ဂုဏ်ပုဒ်ကိုထမ်းသွားရသည်နှင့်တူ၏။ အပြုအမူတိုင်းက မိသားစုကို မျက်နှာ မပျက်စေရန် တာဝန်သိစွာ ထိန်းသိမ်းရန်လိုအပ်သည်။
"လျန်လျန်..."
"အားလုံးထွက်သွားကြတော့"
အမတ်ကြီးရဲ့အရှိန်အဝါကို ရှိန်နေပုံရတဲ့ ရှန်ကျိုးကြောင့် ရှန်လျန် ထိန်းချုပ်မနေတော့ပဲ ရှန်ကျိုးရဲ့စကားကိုဖြတ်ပြောပြီး အစေခံတွေကို ခြံဝန်းထဲက ထွက်သွားစေလိုက်သည်။
သူငယ်ချင်းတွေပဲ ကျန်တော့သည့် အခါမှ ရှန်လျန်က ပြုံးလိုက်သည်။
"ရပြီ သူတို့ကိုအာရုံစိုက်စရာမလိုတော့ဘူး၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါဦး၊ မင်း ဘာလို့အဲ့လောက် တုန်လှုပ်နေတာလဲဟ!"
ရှန်လျန်မှာ ရယ်ရခက် ငိုရခက်၊ ထျန်းမန်ကျောင်းမှာ အတူတကွ ကျောင်းတက်ခဲ့တဲ့အချိန်တွေက လွတ်လပ်ပြီး ချုပ်တည်းထားစရာ မလိုပဲ နေလို့ရသည်။ ယခုလို အလည်အပတ်သွားချိန်မှာတော့ ကိန်းကြီး ခမ်းကြီးဟန်ပန်အမူအရာ လုပ်ယူရသည်မှာ သူတို့အတွက် ခက်ခဲပေလိမ့်မည်။
"မင်းပဲ ပြောအားရှိတယ်၊ ခုလို တောင့်တောင့်ကြီးထိုင်နေရတာ ဘယ်လောက် ပင်ပန်းလဲ မင်းသိလား"
ရှန်ကျိုး သက်ပြင်းချလိုက်သည်။ ရှန်လျန်နှင့်ယှဉ်လျှင် သူက မိဘနဲ့အစ်ကိုတွေရဲ့ အလိုလိုက်ခြင်းဖြင့် ကြီးပြင်းလာခဲ့ရတာကြောင့် ယခုလို လူကြီးတွေနှင့် စကားလက်ဆုံ ပြောဆိုရမှာမျိုးကို အကြောက်ဆုံးပင်။
"မဖြစ်ဘူး ၊ အမတ်ကြီးနဲ့ သခင်လေးကို ပြောပြပြီး မင်းကို သေချာ ကြပ်မတ်ခိုင်းမှဖြစ်တော့မယ်"
ရှဲ့အကြီးအကဲ၏ မြေးဖြစ်သူ ရှဲ့ယန်က ဝင် နောက်သည်။
တရားစီရင်ရေးဝန်မင်း၏ ဒုတိယသားဖြစ်သူရန်ထျန်းယွီကလည်း လေးလေးနက်နက် ဝင်ပြော၏။
"အမတ်ကြီးတို့ သူ့ရဲ့ဒီပုံစံကိုတွေ့ရင် ဘိုးဘွားခန်းထဲမှာ အကြာကြီး ဒူးထောက်ခိုင်းပြီး အပြစ်ပေးလောက်တယ်မလား"
"ဟဟားဟား"
ရှန်ကျိုးကို ဝိုင်းစပြီး ရယ်မောလိုက်ကြ၏။ ရှန်လျန်လည်း ရယ်မောလိုက်သည်။ ရှန်ကျိုးက မျက်နှာနီရဲနေပြီး တစ်ယောက်ချင်းစီကို စူးစိုက်ကြည့်ပစ်လိုက်ပေမယ့် နောက်ဆုံးတော့ သူလည်း ကိုယ့်အဖြစ်ကိုယ် မရယ်ပဲ မနေနိုင်တော့ပါ။
2809 words
Grape 🍇