no

Font
Theme

'အပြစ်ဒဏ်စီရင်ရေးဌာနဆိုင်ရာက လာဖမ်းပြီ'

"ကောင်းပြီ ကောင်းပြီ၊ ကိုယ် ခုချက်ချင်းစီစဉ်လိုက်မယ်၊ လျန်လျန် စိတ်အေးအေးထားပါဦး"

ဖေးယွမ်ရွှင်း စိတ်သောကနဲ့အတူ သူ့ကို ထွေးဖက်ပြီး ချော့မော့သည်။

"ဘာရပ်ကြည့်နေသေးတာလဲ၊ ခုချက်ချင်း သွားစီစဉ်လိုက်၊ မနက်မိုးမလင်းခင် လျန်လျန်နဲ့ငါ အနောက်မြောက်အရပ်ဆီ အမြန်ဆုံးခရီးထွက်မယ်"

"ဟုတ်ကဲ့"

လေ့ကျန်းနဲ့ ထျန်းရှုတို့ ချက်ချင်း သွားစီမံလိုက်ကြသည်။ သူတို့သခင်တွေက သာမာန်ညောင်ညမဟုတ်တာကြောင့် အဖက်ဖက်က ထည့်သွင်းစဉ်းစားပြီး စီစဉ်ရမည်ဖြစ်၏။

"စိတ်အေးအေးထား၊ ရှန်တာ့က အဆိပ်မိပြီး မေ့မျောနေတာပဲရှိတာ၊ ‌မသေသေးဘူး၊ အစ်ကိုနှစ်ကလည်း သူ့ကိုလွယ်လွယ်နဲ့ သေခိုင်းမှာ မဟုတ်ဘူးလေ"

ငယ်သားနှစ်ဦး ထွက်သွားတော့ ဖေးယွမ်ရွှင်းက ရှန်လျန့်ကို အတင်းထိုင်ခိုင်းသည်။ မျက်နှာကိုလက်နှစ်ဖက်နဲ့ ကိုင်ပြီး မျက်လုံးချင်းဆိုင်ကြည့်စေသည်။ သူတို့ချင်းစတွေ့ကတည်းက ရှန်လျန်ဟာ ရှန်တာ့အရေးနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်မှန်း သိထားခဲ့သော်လည်း ယခု အဆိပ်မိသည့်သတင်းတစ်ခုနဲ့တင် ရှန်လျန်က အသိစိတ်လွတ်သည်အထိ တုန်လှုပ်နေခဲ့သည်။ ရှန်တာ့သာ မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်သွားခဲ့ပါလျှင်....

ဖေးယွမ်ရွှင်း ဆက်မတွေးရဲတော့ချေ။ ထိုအထိ အခြေအနေမဆိုးဘူးဟု ယုံကြည်သည်။

"ကျွန်တော်..."

စိုးရိမ်နေသည့်မျက်ဝန်းတွေကိုမြင်တော့ ရှန်လျန် မျက်လုံးစုံပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထိန်းသည်။

ယွမ်ရွှင်းပြောတာ မှန်တယ်၊ အစ်ကိုကြီးက အဆိပ်မိပြီး မေ့နေရုံလေးပဲ၊ သေဆုံးတဲ့အထိ မဟုတ်သေးဘူး၊ သူ အရမ်းစိတ်ခြောက်ခြားလို့မဖြစ်ဘူး၊ အကြောက်လွန်ရင် အရာအားလုံးဆုံးရှုံးရလိမ့်မယ်၊ အစ်ကို နောက်တစ်ကြိမ် သေဆုံးသွားရမယ့်အဖြစ်မျိုး တွေးတောင် မတွေးချင်ဘူး။

"ကျွန်တော် တောင်းပန်ပါတယ်"

အချိန်အတော်ကြာမှ ရှန်လျန် မျက်လုံးဖွင့်လိုက်သည်။ ထိုမျက်ဝန်းတွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ဘာလုပ်လို့ဘာကိုင်ရမလဲ မသိခြင်းများအစား ပုံမှန်အတိုင်း ရေပြင်လို မတုန်မလှုပ် တည်ငြိမ်နေသည်။

ဖေးယွမ်ရွှင်းက လက်ညိုးနဲ့ သူ့နှုတ်ခမ်းကို အသာဖိကာ ဆက်မပြောရန် တားဆီးလိုက်သည်။

"ကိုယ်တို့နှစ်ယောက်ကြား မှာ တောင်းပန်တဲ့စကားမျိုး မပြောရဘူး"

"အွန်း"

ရှန်လျန် ခေါင်းငြိမ့်သည်။ သူ့စိတ်ကိုပြန်ပြင်ဆင်ပြီးတော့ လေးနက်တဲ့ အသံနဲ့ ယောင်းကွမ်ကို မှာလိုက်သည်။

"လျိုဝမ်ကျင်း သူ့အိမ်မှာ ရှိလား၊မရှိလားသွားကြည့်ခဲ့၊ ကြိုက်တဲ့ နည်းလမ်းသုံး၊ ဂရုမစိုက်ဘူး ရအောင် စစ်ခဲ့"

"ဟုတ်ကဲ့"

အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် ယောင်းကွမ် ပုံမှန်ထက် အလေးအနက်ထားသည်။ ချက်ချင်းပဲ အမိန့်ဆောင်ရွက်ရန် ထွက်ခွာသွားသည်။

"လျိုဝမ်ကျင်းလူလွှတ်ပြီး ခိုင်းတာလို့ သံသယရှိတာလား"

ဖေးယွမ်ရွှင်း မျက်မှောင်ကြုံ့ရင်း ‌မေးသည်။ ရှန်လျန် ထရပ်လိုက်ပြီး ...

"ထင်တာပဲ၊အဲ့တာကြောင့် အမြဲတမ်း တစ်ခုခုမေ့လျော့သလို ခံစားနေရတာ၊ လျိုဝမ်ကျင်းက ဧကရာဇ် ရာထူးချတာခံရပြီးထဲက ငြိမ်နေတာ၊ ချင်ယွင်ရှန်း၊ ပညာရှိကြီးတို့နဲ့ ဆက်ဆံရေးနက်ရှိုင်းမှတော့ သူ့ကို မကူညီပဲ ဘယ်နေကြလိမ့်မလဲ?"

လျိုရှုဟန်ရောပဲ ချက်ချင်း လက်တုံ့ပြန်တာ၊ သူ့နေရာသူတောင် ဂရုမစိုက်ဘူး၊ နောက်ဆုံးတစ်ခေါက် ကိုယ်ဝန်ရှိဟန်ဆောင်တာက တမင်ရည်ရွယ်ပြီး သူတို့ အာရုံကိုလမ်းလွှဲအောင်လုပ်တာ၊ ရှန်ရှောင်နဲ့ ရှန်ချန်တို့ ဒုက္ခရောက်ခဲ့တာကို ဒီတိုင်း ငြိမ်ခံနေမှာတော့ မဟုတ်ဘူး၊ ကုန်ကုန်ပြောရရင် လျိုဝမ်ကျင်း သူ့ဘာသူ ဘုန်းကြီးပဲ ဝတ်ထားပါစေ၊ တစ်ခြားဘာကိစ္စပဲ သွားလုပ်လုပ်၊မြို့တော်ထဲ ရှိရင်တောင် လျိုအိမ်တော်မှာ မရှိနေရင် သူက တရားခံပဲ။

" လျန်လျန် ပြောတာ အကျိုးကြောင်းသင့်တယ်"

လျိုဝမ်ကျင်းရဲ့ မျက်လုံးထဲ ရှန်လျန် က အတားအဆီး ဖြစ်နေလိမ့်မယ်။ ရှန်လျန့်အားနည်းချက်က ရှန်တာ့ဆိုတော့ ဒီလှည့်ကွက်က တော်တော် အသုံးတည့်သွားတာပဲ! အရေးကြီးဆုံးအရာကိုမှ ‌မေ့မေ့လျော့လျော့ထားထားမိတယ်လို့။

"လူမှန်ကို ချက်ချင်းရှာတွေ့တာပဲ"

ဖေးယွမ်ရွှင်းက ခန့်မှန်းချက်ကို အတည်ပြု လိုက်သည်။ လျိုရှုဟန်လို မိန်းမကို နားမလည်နိုင်ပေမယ့် လျိုဝမ်ကျင်းလို ယောင်္ကျားသားအချင်းချင်း၏ စိတ်ကိုတော့ နားလည်နိုင်၏။ လျိုဝမ်ကျင်းက ရဲတင်းပြီး ရည်ရွယ်ချက်အပြည့်ရှိတဲ့သူ၊ အသက်မသေသေးသရွေ့ အချိန်အကြာကြီး ငြိမ်ခံနေစရာအကြောင်းမရှိဘူး၊ တစ်ကယ် ပေါ့ဆမိသွားတာပဲ။

"ကျွန်တော် အိမ်အတွက် ပြင်ဆင်ထားခဲ့ရမယ်၊ ယွမ်.. ခင်ဗျား လင်အန်းအိမ်တော်ဆီ သွားပေးပါဦး"

အနောက်မြောက်အရပ်ကို ဆိုင်းပြင်းပြင်းနဲ့ ခရီးနှင်ရမှာမို့ တူလေးကိုခေါ်သွားဖို့ မဖြစ်နိုင်၊ ထို့အတွက် စီစဉ်စရာရှိတာ စီစဉ်ပေးသွားရပါမည်။

"လင်အန်းအိမ်တော်လား? ရှန်ကျိုးလား"

"မဟုတ်ဘူး၊ ရှန်ချင်ကို ခေါ်ပေးရမှာ"

ရှန်လျန် ခေါင်းခါပြီး မျက်ဝန်းပင့်ကြည့်၏။

"ရှန်ချင်က ကျွန်တော့်အစ်ကိုရဲ့သူငယ်ချင်းပဲ၊ သူ့ကိုအကူအညီ တောင်းမလို့၊ သွားခေါ်လာခဲ့ပေးပါနော်"

ရှန်လျန် ခါးကိုင်းလိုက်ပြီး တစ်ဖက်သူ၏မျက်နှာပေါ်ဝယ် အနမ်းတစ်ပွင့်ခြွေချ၏။ စိုးရိမ်စရာမရှိတဲ့သူတွေနဲ့ ဖက်ပြီး အူတိုမနေစေရန် ကြိုတင်ကာကွယ်ခြင်းဖြစ်၏။

"အွန်း ဟုတ်ပြီ"

ဖေးယွမ်ရွှင်းက မထွက်‌သွားသေးခင် သေချာမှာခဲ့သေး၏။

"ကိုယ့်ကိုကတိပေး၊ အရမ်းကြီး မစိုးရိမ်ရဘူး၊ လျန်လျန် တွေးသလောက် အခြေအနေကမဆိုးဘူးလေ၊ ကိုယ့်စိတ်ကိုယ် မခြောက်လှန့်ရဘူး"

"ကျွန်တော် သိပါပြီ"

သေချာတဲ့ အဖြေရမှ ဖေးယွမ်ရွှင်းက ပြတင်းပေါက်မှတစ်ဆင့် ခုန်ကျော်ကာ ပျောက်ကွယ်သွားသည်။ ရှန်လျန်လည်း အချိန်ကိုမနှောင့်နှေးစေပဲ ချီယွဲ့တို့အားလုံးကို ခေါ်လိုက်သည်။

"ကျွန်တော်ပြောတာ သေချာနားထောင်ပေးနော်၊ အခု အစ်ကိုကြီးက အနောက်မြောက်စစ်ပွဲမှာ မတော်တဆမှုကြုံရလို့ ကျွန်တော် သွားကြည့်ပေးရမှာ၊

အိမ်ကိစ္စက အစ်ကိုတို့ ဦးလေးတို့ လက်ထဲမှာပဲ၊ ကိုယ်တိုင်မကိုင်တွယ်နိုင်တဲ့ ပြင်ပကိစ္စဆိုရင် ဖုယွင်ရှီးနဲ့ မုရုန်မိသားစုဆီ သွားတိုင်ပင်လိုက်ပါ၊ အဲ့တာမှ မရရင် လင်အန်းအိမ်တော်က ရှန်ချင်ဆီသွားပြောပြီး အကြံတောင်းပါ၊ အိမ်တွင်း ကိစ္စဆိုရင်တော့ စွင်းကျင့် မဖြေရှင်းနိုင်ရင် ရှန်ရွေ့ထင်ဆီ တိုက်ရိုက် သွားရှာလိုက်၊ တစ်ပတ်လောက် ဂရုစိုက်ပြီး သတိလေးနဲ့နေကြနော်၊ လျိုရှုဟန်တို့သားအမိ ကို ပိုပြီး ဂရုစိုက်ရမယ်"

ဧည့်ခန်းမှာ လူစုပြီးတာနဲ့ မေးခွန်းမေးလာမှာကို မစောင့်တော့ပဲ ရှန်လျန် တည့်တိုး ပြောလိုက်သည်။ အချိန်က တန်ဖိုးရှိသဖြင့် မေးခွန်းတစ်ခုပြီး တစ်ခုဖြေနေရန် အဆင်မပြေပေ။

"အခု အကြီးဆုံးသခင်လေး အခြေအနေဘယ်လိုရှိလဲ? ဒဏ်ရာ အရမ်း ပြင်းထန်လား"

ချီယွဲ့ အထိတ်တလန့်နဲ့ ပါးစပ်အုပ်လိုက်မိသည်။မျက်ရည်ဝဲဝဲနဲ့ ချီယွဲ့ကိုကြည့်ပြီး ရှန်လျန် လေးလံစွာ ခေါင်းငြိမ့်၏။

"အဆိပ်မိပြီး မေ့လဲနေတာတဲ့၊ ကျွန်တော်ကိုယ်တိုင်သွားစစ်မှ စိတ်ချရမှာ"

"ဘယ်လိုလုပ်...."

ချီယွဲ့ မျက်ရည်တွေ စီးကျလာသည်။ ကံကြမ္မာက ရက်စက်ရန်ကော။ထိုစဥ်ချီရွှမ်းက ရှေ့တိုးကာ ပြောလာ၏။

"လျန်လျန် အစ်ကိုလည်း လိုက်မယ်"

"အစ်ကိုလိုက်ရင် ဦးလေးဖုနဲ့ တခြားသူတွေကိုဘယ်သူက စောင့်ရှောက်ပေးမှာလဲ"

လျန်လျန် ငြင်းဆန်သည်။ မခေါ်သွားချင်တာ မဟုတ်ပဲ ဒီတစ်ကြိမ်မှာ အရိပ်တပ်သားတွေနဲ့အတူ သွားမှာမလို့ ဖြစ်၏ ။

"အဲ့တာဆိုရင် လျန်လျန် ဂရုစိုက်သွားနော်၊ အိမ်ကိစ္စက အစ်ကိုတို့နဲ့ စိတ်ချချ ထားခဲ့"

ချီရွှမ်း ခြေတစ်လှမ်း ပြန်ဆုတ်သွား၏။ ချီယွဲ့က မျက်ရည်သုတ်ပြီး ထရပ်ကာ ရှန်လျန့်လက်ကို အသာ အုပ်ကိုင်သည်။

"အကြီးဆုံးသခင်လေးနဲ့ အတူ ဘေးကင်းကင်း ပြန်လာနော်၊ အိမ်မှာ အစ်ကိုတို့စောင့်နေမယ်"

"ကောင်းပြီ"

ရှန်လျန့်မျက်ခမ်းဆက်က စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။ ဖုရင်နဲ့ ဖန်ကျုံးယွင်လည်း ရှေ့တိုးကာ ပခုံးလာဖက်သည်။

"လျန်လျန် သခင်ကြီးနဲ့ သွားတွေ့ဦးမှာလား"

"တွေ့ရမှာ၊ သူ့ကိုအသိပေးစရာလေး ရှိသေးလို့"

ရှန်လျန် စိတ်ဆုံးဖြတ်လိုက်တာနဲ့ မျက်ဝန်းက မျက်ရည်တွေ ခမ်းခြောက်ကာ လေးနက် နက်မှောင်သွားသည်။

"သွားတွေ့လိုက်၊ ဦးလေးတို့ ထုပ်ပိုးပေးထားမယ်"

အကြီးဆုံးဖြစ်သည့်အလျောက် ဖုရင်လည်း စိတ်အရမ်းပူပေမယ့် ရင်ထဲ သိမ်းထားပြီး တစ်ချိန်လုံး တည်ငြိမ်သယောင် ပြုနေသည်။

"ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ဦးမယ်"

ရှန်လျန် ညအမှောင်ထဲ လျှောက်ထွက်သွားသည်။

"သခင်ကြီး မကောင်းတော့ဘူး၊ အပြစ်ဒဏ်စီရင်ရေးဌာနကလူတွေ ရောက်လာတယ်၊ ရှန်ချောင်က မင်းသားကျန်းကို မင်္ဂလာအိပ်ခန်းထဲမှာ သတ်ပစ်လိုက်တယ်တဲ့"

တစ်ဖက်မှာလည်း မင်းသားကျန်းရဲ့စံအိမ်တော်က သတင်းပျံ့လာတာနဲ့ ဌာနကတာဝန်ရှိသူတွေက ရန်ဝမ်လိ ဆီသတင်းပို့လိုက်ကြသည်။ ရန်ဝမ်လိလည်း ကိစ္စက အတော်ကြီးတာကြောင့်နှောင့်နှေး မနေဝံ့ပဲ မင်းသားကျန်းရဲ့ စံအိမ်တော်ကို သွားစစ်ဆေးကြည့်ပြီးတာနဲ့ ချက်ချင်း တုံးလင်အိမ်တော်ဆီ ဦးတည်လာခဲ့လိုက်သည်။ ထို့နောက် အမတ်ကြီးရဲ့ မျက်နှာကိုထောက်ထားမနေတော့ပဲ ခွင့်တောင်းခြင်းမရှိ တိုက်ရိုက် တံခါးဖွင့်ခိုင်းကာ အနောက်ဆောင်က လူကိုဖမ်းရန်အမိန့်ပေးလိုက်သည်။

"ဘာပြောတယ်! သူရူးသွားပြီလား? အဟွတ်!!"

အိပ်ရာပေါ်လဲနေရတဲ့ ရှန်ရွေ့ထင်ဟာ ဒေါသထွက်လာတဲ့အခါ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

"သခင်ကြီး စိတ်ကိုအေးအေးထားပါ၊ ဒေါသလျှော့ပါ"

နှုတ်ခမ်းထောင့်က သွေးစီးကျလာတာကိုမြင်တော့ ရှန်ကျီက လက်ကိုင်ပဝါ အမြန်ကမ်းပေးလိုက်သည်။ သခင်ကြီး မေ့လဲသွားတဲ့နေ့တည်းက မကြာခဏဆိုသလို ချောင်းဆိုးရင် သွေးပါလာသည်။

တစ်လနီးပါးမျှ ထိုသို့ဖြစ်နေရာ လူလည်း မျော့မျော့သာကျန်၏။ ရောဂါ၏နှိပ်စက်မှုကြောင့် လူတစ်ဦးနှင့်ပင် မတူတော့ချေ။

"ငါ..အဟွတ် ဟွတ်! သူ ဘာလို့ အဲ့လောက်လောရတာလဲ"

မင်းသားကျန်းကိုတောင် သတ်ရဲတာ ရှန်ချောင်က ရူးသွားပြီပဲ။ ဒုတိယမိသားစုက သားသမီးနှစ်ယောက်လုံး ဘဝဆုံးပြီ၊ ဘာလို့ငြိမ်ငြိမ်မနေချင်ကြတာလဲ၊ အမှားလုပ်မိတာနဲ့ တုံးလင်တစ်မိသားစုလုံး ဒုက္ခရောက်ရမှာလေ...သူဘယ်လိုလုပ် စိတ်အေးအေး ထားနိုင်မှာလဲ..ပြီးတော့ ဒီကိစ္စကြောင့်နဲ့ ရှန်လျန်က ချင်ဖင်းမြို့စားနဲ့ လက်မထပ်နိုင်တော့ရင် သူတို့တွေ အကြိမ်တစ်‌ေသာင်းသေပေးလည်း ပြန်ပြင်နိုင်တော့မှာမဟုတ်ဘူး။

"သခင်ကြီး ဆေးအရင်သောက်လိုက်ပါလား"

ချောင်းဆိုး တာ မပျောက်သွား၍ ရှန်ကျီက ဆေးလုံးယူလာပေးသည်။ ရှန်ရွေ့ထင်က တုန်ယင်နေတဲ့လက်နဲ့ ဆေးကို ပါးစပ်ထဲ ထည့်ကာ ပါးစပ်အပြည့် ရေလောင်းထည့်လိုက်သည်။ ဆေးက လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲဝင်သွားခါမှ အနည်းငယ် နေသာထိုင်သာရှိလာတော့၏။

"အဝတ်အစားလဲမယ်၊ ငါကိုယ်တိုင် သွားမှ ရမှာ"

"ဟုတ်ကဲ့"

ဖြစ်နိုင်ရင်တော့ အပြင်မထွက်လေကောင်းလေပင်။ သူ့ရောဂါက လေစိမ်းတိုက်တာနဲ့ အခြေအနေပိုဆိုးလာသည်။ ဒါကို ရှန်ကျီ သိနေသော်လည်း မတားဖြစ်။ ပြဿနာက အတော်လေးကြီးမားတာကို တခြားသူတွေထက် သူကပိုသိသည်မဟုတ်လား။

"စွပ်စွဲခံရတာပါ၊ ရန်သခင်လေး... ကျွန်မ မသတ်ခိုင်းပါဘူး၊ သမီးလေး ရူးနေတာကို ကျွန်မ တစ်ကယ် မသိတာပါ"

"အဖေ! အမေ... "

"ကူညီကြပါ"

ညနက်ပိုင်းကြီးမှာ ဒုတိယ မိသားစုတစ်စုလုံး ဆွဲထုတ်ခံလာရသည်။ တုံးလင်အိမ်တော် ရှိလူတွေလည်း ဗြောင်းဆန်ခတ်နေလျက်။ အိမ်တွင်းကိစ္စတာဝန်ယူထားတဲ့ စွင်းကျင့်မှာ အပြစ်စီရင်ရေး ဌာနဆိုင်ရာတွေမှ ငိုယိုနေတဲ့ ဒုတိယမိသားစုကို ဖမ်းခေါ်လာသည်အား ကြောင်ငေးပြီး ရပ်ကြည့်နေမိသည်။ ရှန်ချောင်ရဲ့ မင်းသားကျန်းကိုသတ်တဲ့ အပြစ်က ကြီးလေးသည်ကို သိသည့်အတွက် ရှန်ရွေ့ကျန်းတို့မိသားစုက ခပ်ခွာခွာ နေနေကြသည်။

"အစ်ကိုကြီး ကျုပ်ကို ကူညီပါဦး"

"ဦးလေး...ဦးလေး ကူညီပါ"

ရှန်ကျီက နာမကျန်းတဲ့ ရှန်ရွေ့ထင်ကိုတွဲပြီး ရောက်လာတာမြင်တော့ ဒုတိယမိသားစုက ဦးတည်ချက် ပြောင်းကာငိုသည်။

လူလာဖမ်းတဲ့ အရာရှိ ရန်ဝမ်လိက ရှန်ရွေ့ထင်ရဲ့ပုံစံကိုမြင်တော့ သူ့ဘက်ကပဲ အနီးနား တိုးလာသည်။

"ရှန်သခင်ကြီး.. ရှန်ချောင်က မင်းသားကျန်း မူးနေတဲ့ အခြေအနေကိုအခွင့်ကောင်းယူပြီး မသေမချင်း ရိုက်သတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်၊ သူတို့သမီး ရှန်ချောင်က ရူးနှမ်းနေတာ သိသိရက်နဲ့ မင်းသားကျန်းဆီ ဆက်သတာဟာ ခွင့်လွှတ်ပေးလို့မရတဲ့ အပြစ်ပါ၊ ဧကရာဇ်က အတော်လေးအမျက်ထွက်နေပြီး၊ ဒုတိယမိသားစုရဲ့ အသက်နဲ့ ပြန်လည်ပေးဆပ်စေပါတယ်၊ တုံးလင်တစ်အိမ်တော်လုံး မျိုးမပြုတ်သွားစေချင်ရင် သခင်ကြီး ဝင်မပါတာ အကောင်းဆုံးပါပဲ"

ရှန်ရွေ့ထင်က ရှန်ရွေ့ချင်တို့ညီနှစ်ယောက်ကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့ပေးနေတာသိပေမယ့် ခုချိန်မှာ ဘယ်သူမှ ဝင်မကယ်နိုင်တော့ပေ။

ဧကရာဇ်က သက်ရှိထင်ရှားရှိနေတဲ့ သူ့ညီတော် သေဆုံးပြီးနောက်မှာ လုပ်ကြံသူ ရှန်ချောင်ကို သူ့အမိန့်နဲ့ မကွပ်မျက်လိုက်ရတာမို့ ‌‌အမျက်ဒေါသမာန်မပြေသေးပေ။ ထို့ကြောင့် လုပ်ကြံသူမိသားစုကို ဘယ်နည်းနဲ့မှ အသက်ချမ်းသာခွင့်ပေးမှာ မဟုတ်ချေ။

"ဒုတိယမိသားစုက ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိတော့ပါဘူး၊ ရန်အရာရှိက တာဝန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်ပါတယ်"

အသံကြားရာ လှမ်းကြည့်လိုက်သော် ရှန်လျန် တစ်ယောက်ထဲ လျှောက်လမ်းလာတာ တွေ့လိုက်ရသည်။ မျက်နှာက လှပေမယ့် နှုတ်ကရက်စက်ပြတ်သားသည့် စကားပြောသည်။ သူ့ကြည့်ရတာ ဒေါသထွက်နေဟန်ရှိ၏။

ရှန်ရွေ့ထင်က ရှန်လျန့်ကိုမြင်တော့ ဒုတိယမိသားစု၏အရေးကို မေ့သွားလေသည်။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ တစ်ကြိမ်သော်မျှ ရှန်လျန်က စည်းစိမ်ဩဇာနဲ့ပတ်သက်ပြီး လောဘကြီးတာ မတွေ့ခဲ့ဖူးချေ။

"ရှန်လျန် မင်းဘယ်လို စကားမျိုး ပြောလိုက်တာလဲ? သူကမင်း ဦးလေး!"

တစ်ခွန်းမှ စောဒကမတက်ရဲတဲ့ ရှန်‌ရွေ့ကျန်းက ရှေ့ထွက်ပြောလာသည်။ ရှန်လျန်က အေးစက်စွာ ပြန်ကြည့်ပြီး..

"ဦးလေးလို့ပြောရဲသေးတယ်ပေါ့? သူတို့မိသားစု ကျွန်တော့်ကို ဒုက္ခပေးတုန်းက ဦးလေးဆိုသူကကျွန်တော့်ဘက် ပါခဲ့ဖူးလား၊ ပြီးတော့ အဖေက အိမ်ထောင်စုစာရင်းခွဲမယ်လို့ပြောထားပြီးတာတောင် ခင်ဗျားတို့က မျက်နှာပြောင်တိုက်ပြီး မထွက်သွားပဲ တွယ်ကပ်နေတာလေ၊ ရှန်ရွေ့ကျန်း ခင်ဗျား အရမ်းသံယောဇဉ်ရှိရင်လည်း ကိုယ့်ညီ ကိုယ် ကယ်တင်ပေးလိုက်ပါလား"

အရာရှိရန်ဝမ်လိ၏ ရှေ့၊ ရဲသားတွေရှေ့၊ အားလုံးရဲ့ရှေ့မှောက်မှာပဲ ရှန်လျန်က အညှာအတာကင်းမဲ့စွာ ဆက်ဆံလိုက်သည်။ ဒီလူတွေနဲ့ အချိန်ကြာကြာမဖြုန်း‌ချင်တော့ပါ၊ အမြန်ဆုံး အရာရှိတွေ လက်ထဲ ထည့်ပေးလိုက်တာပဲကောင်းသည်။

"မင်း!"

"ကိုယ်တိုင်မလုပ်နိုင်ရင် သူများကိုလည်း ဖိအားမပေးရဘူး"

ရှန်ရွေ့ကျန်းရဲ့မျက်နှာက ရှက်စိတ်ဖြင့် ရဲတက်လာသည်။ ရှန်လျန်က သူ့ကြိစကားဆက်ပြောခွင့်မပေးပဲ ရှန်ရွေ့ထင်ဆီ လျှောက်သွားလိုက်သည်။ အရ်ိုအသေပေးလိုက်ပြီး ခေါင်းပြန်မော့ကာ ညင်ညင်သာသာဆိုသည်။

"အဖေ သားပြောတာ မှန်တယ်မလား"

ရှန်ရွေ့ထင်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ရှန်လျန်က တစ်ကယ်တော့ တုံးလင်အိမ်တော်ရဲ့ သခင်လေး အစစ်အမှန်ပဲ။

သူ့သား၏စကားက ရှန်ရွေ့ထင်ကို ဝမ်းသာစိတ်ဖြင့်မျက်ရည်ဝေ့တက်လာစေသည်။

"မှန်တယ်"

ဒါပေမယ့် သူဖြေလိုက်တဲ့ စကားတစ်ခွန်းဟာ တခြားသူတွေကို လက်မခံနိုင်ဖြစ်စေခဲ့မှန်းတော့ မသိခဲ့ချေ။ ထိုသူတွေထဲ လူအုပ်ထဲရှိ လျိုရှုဟန်တို့သားအမိက ထိပ်ဆုံးကပါသည်။

2793 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment