' ငါ ပြန်လာပြီ '
လျိုဖန်အဆောက်အဦးက ရိုးရှင်းသည့်နေရာ မဟုတ်သလို ဒီကိုရောက်လာသည့်လူတိုင်းကလည်း ရိုးရှင်းမနေပါ။ ရှန်လျန်စီးနှင်းလာတဲ့ ယာဉ်ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် သန့်သန့်ပြန့်ဝတ်စားထားသည့်လူတစ်ဦး ခပ်သွက်သွက် ထွက်လာကာ တလေးတစားဖိတ်ခေါ်လာသည်။ ယခင်ဘဝမှာ အရာအားလုံးကြုံဖူးသူမို့ရှန်လျန် မည်သို့မှ မနေသော်လည်း၊ ချီယွဲ့နှင့်ချီရွှမ်းမှာ သူစိမ်းထံမှ ပထမဆုံးအကြိမ် လေးစားစွာ ဆက်ဆံခံရသဖြင့် ရှိုးတိုးရှန့်တန့်ဖြစ်ကာနေသည်။
"ဟင်? လျန်အာ... ပဉ္စမ သခင်လေးမဟုတ်လား"
ရှန်လျန်ကိုတွေ့သည်နှင့် ထိုလူမှာ အပေါ်
ဘက်သို့မော့ကြည့်သည်။ ချီယွဲ့လည်း စိတ်ရှုပ်ထွေးစွာနှင့် လိုက်မော့ ကြည့်သည်။ သို့သော် မည်သူ့ကိုမျှ မတွေ့ပေ။
"အထဲဝင်ကြစို့"
ရှန်လျန့်ရင်ထဲ ထူးဆန်းသလိုခံစားရသည်။သို့သော် ဟန်ကိုယ့်ဖို့ပြင်ကာ လျိုဖန်အဆောက်အဦးတွင်းသို့ ဦးဆောင် ဝင်လိုက်သည်။
"ကျွန်တော်က လျန်ရင်းပါ၊ ဧည့်သည်တော်တို့ဘာများလိုအပ်ပါသလဲ?"
အသက်နှစ်ဆယ်ထက်မပိုသော အခြားလူရွယ် တစ်ဦးက အပြုံးလေးဖြင့် နှုတ်ဆက်လာသည် ။ ချီယွဲ့ရော ချီရွှမ်း ပါ ဤနေရာသို့ ဘာအကြောင်းကြောင့်ရောက်လာရသည်ကိုမသိသဖြင့် ရှန်လျန်ဆီသို့ တစ်ပြိုင်တည်း လှည့်ကြည့်ကြသည်။
"တစ်စုံတစ်ခုကို ရောင်းချင်လို့ပါ"
ဆိုင်ထဲမှ ခမ်းနားတဲ့အပြင်အဆင်ကိုတစ်ချက်ဝေ့ကြည့်ပြီးနောင် ရှန်လျန်ဖြေသည်။
"ဒါဆို ဧည့်သည်တော် ... ဒီဘက် ကြွပေးပါခဗျ..."
ဒီဧည့်သည်နှင့် စဆုံကတည်းက ဤဆိုင်အကြောင်း သိပြီးသူမှန်း ခန့်မှန်းမိသည်။
လျန်ရင်းမှာ ယဉ်ကျေးသမှုဖြင့် အထူးဖန်ပြင်တံခါးများရှေ့သို့ဦးဆောင်ခေါ်လာကာ ရောင်းမည့်ပစ္စည်း ကိုထုတ်ပြရန် တောင်းဆိုသည်။
"ဧည့်သည်တော် ဘယ်ပစ္စည်းကိုများရောင်းချချင်ပါသလဲ၊ ကျွန်တော့်ကို ကြည့်ရှု ခွဲခြားခွင့်ပြုပါဗျ"
လျိုဖန်က အာပလာ ဆိုင်မဟုတ်ပါ ။ ဤဆိုင်မှ ဝယ်သည့် ပစ္စည်းတိုင်းက တန်ဖိုးကြီးသည့်ပစ္စည်းများဖြစ်သည်။
"ဆိုင်ရှင်ကို ခေါ်ပေးလို့ရမလား၊ ကျွန်တော် ရောင်းချင်တဲ့ ပစ္စည်းက ဒီကအစ်ကို တန်ကြေးဖြတ်ဖို့ရာ အရမ်းမြင့်နေလို့ပါ"
ရှန်လျန် သူ့အားကြည့်ကာ လိုရင်းကိုတည့်တည့်သာ ထုတ်ပြောသည် ။
"ဒါက...." လူရွယ်မှာ တွေဝေစွာဖြင့်
"လျိုဖန်ရဲ့စည်းကမ်းအရ ဘယ်လောက် ကြီးမြတ်တဲ့ရတနာဖြစ်နေပါစေဦးတော့ အရင် အကဲဖြတ်ဖို့လိုအပ်လို့ပါဗျ ၊ ဆုံးဖြတ်ပြီးမှ အထက်ကို တင်ပြပေးလို့ရမှာမို့ပါ ၊ဧည့်သည်တော် နားလည်ပေးမယ် ထင်ပါတယ်"
သူ၏ အတွေ့အကြုံအရ လူကိုအကဲဖြတ်ရာတွင် မည်မျှပင် ရိုးရှင်းပြီး အရောင်ကျနေသည့် ဝတ်ရုံကိုဝတ်ဆင်ထားစေကာမူ တစ်ဖက်လူ၏ တည်ငြိမ်ကာ ကိုယ်အရှိန်အဝါရှိမှုတို့ကို မြင်နိုင်နေသည်။
"သွေးနီရောင် ရတနာရဲ့ တည်နေရာကို ကျွန်တော် သိတယ်"
"ဧည့်သည်တော် ခဏလေးစောင့်ပေးပါဦးဗျ !"
ရှန်လျန့်လေသံတိုးလိုက်သည်နှင့် လျန်ရင်း၏ မျက်နှာအမူအရာမှာ အလွန်အရေးကြီးသည့်ဟန် သို့ ပြောင်းလဲသွားသည်။ချက်ချင်းပင် လှည့်ထွက်သွားပြီး သူတို့ကို ဖန်ပြင်နား ထားရစ်ခဲ့သည်။ ရှန်လျန်တို့သုံးယောက်ပဲ ကျန်နေသောအခါမှ ချီရွှမ်းကစိတ်ရှုပ်ထွေးစွာဖြင့်
"လျန်လျန်၊ လျိုဖန် အဆောက်အဦးကဘယ်လိုမျိုးလဲ, သွေးနီရောင် ရတနာကရော ဘာကိုပြောတာလဲ၊ အဲ့ဒါဘယ်မှာရှိမှန်း ဘယ်လိုသိတာလဲ?"
ချီယွဲ့လည်းသူ့နည်းတူ နားမလည်ဖြစ်နေသည် ။သူတို့သုံးဦးသား အတူတကွနေထိုင်လာခဲ့သည်မှာ ပူးကပ်တော့မတတ်ပင်။ ရုတ်တရက် ရှန်လျန်က ကိစ္စအများကြီးကိုဘယ်လိုလုပ် သိနေရတာလဲ?
"နံရံမှာ နားတွေရှိတယ်၊ နောက်မှပြောပြမယ်"
အဓိပ္ပာယ်ရှိရှိဖြင့် ပြင်ပမှနေ၍ ဖန်ပြင်ကို တစ်ချက်ကြည့်ပြိီး လ္ဘက်ရည်ခွက်ကို တင့်တယ်စွာ ကိုင်လိုက်သည်။ သူ့မှာ အကြားအမြင် ရနေသည်မဟုတ်ပါ။ သူတို့အား ထောက်လှမ်းနေသည့် သူ ရှိနိုင်၊မရှိနိုင်ကို ပြောမရဘူးလေ။ ဒီဆိုင်က အထူးဆန်းကြယ်တဲ့ ပစ္စည်းတွေ ရှိနိုင်တာမို့ ဂရုစိုက်တာ အကောင်းဆုံးပဲ ဖြစ်သည်။
"ကောင်းပါပြီ"
ချီယွဲ့နှင့်ချီရွှမ်းမှာ နယ်ဘက်မှ ပြန်ရောက်တာ မကြာသေးသော်လည်း ဘာမှ မသိ နားမလည်သော ဆယ်ကျော် သက်လေးများမဟုတ်တော့ပါ။ ရှန်လျန်ပြောလိုက်သည်နှင့် နှစ်ယောက်လုံး ခြေတစ်လှမ်းဆုတ်ကာ သူ့နောက်သို့ ဝင်ရပ်လိုက်သည်။
"ကျွီ....!"
ဖန်ပြင်သည် ပွင့်ဟလာကာ အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ပိန်ပါးပါး လူငယ်တစ်ဦး ထွက်လာသည်။သူ့နောက်တွင် လျန်ရင်းလိုက် လာသည်။
ထိုလူရွယ်ကို လှမ်းကြည့်ရုံ ရှိသေးသည်။ ရုတ်ချည်း... လေတိုးသလိုခံစားရကာရှန်လျန့်ဘေးသို့ ထိုလူငယ် က ခပ်သွက်သွက်ဝင်ထိုင်သည်။
"ငါက ချူးလီ၊ လျိုဖန်ရဲ့ ဆိုင်ရှင်ပါ၊ ဒီက ဘယ်အိမ်တော်ရဲ့သား လဲ နော်? အိမ်ထောင်ဖက်ရော ရှိပြီးပြီလား?"
ချူးလီ မှာ မျက်ဝန်းတစ်လက်လက်ဖြင့် စိတ်ဝင်တစား ငေးကြည့်မိ၏။
လှတယ်....လှလိုက်တာ
ရှန်တာ့မှာ ဒီလိုလှတဲ့ ညီ ရှိတာ မသိခဲ့ဘူးကွာ။
"............"
ဒီလို နှုတ်ဆက်ပုံက တစ်မျိုးပါလား?
ရှန်လျန်တို့သုံးယောက်လုံး အာစေးမိနေ၏။လူဆိုးဂိုဏ်းက ဓားပြတိုက်နေသလို ပြင်းထန်တဲ့ မေးခွန်းမျိုးတိုက်ရိုက်မေးနေသည်။
"စန်းကော ရေ၊ ကျွန်တော်ထင်တာတော့ သူ့ကို အဲ့ကော ဒါမှမဟုတ် တာ့ကောဆီ ပို့လိုက်တာပဲ ကောင်းမယ်"
တစ်ခြားဖန်ပြင်၏နောက်ကွယ်တွင်ရှိနေသော ရှောင်မုချန်က ဖောက်မြင်ရသော မြင်ကွင်းကြောင့် အောင့်အီးထိန်းချုပ်မထားနိုင်တော့ပဲ ထပြောသည်။
တော်တော့ကို ရှက်စရာကောင်းတာပဲ...
"ကောင်းသားပဲ"
ဖေးယွမ်ရွင်းပြန်ဖြေသော်လည်း သူ့အကြည့်များက ရှန်လျန်ပေါ်တွင် ကျောက်ချနေသည် ။ပထမ...ဘုရင့်မြေးတော်၊ အခု သွေးနီရောင်ရတနာ ။ သူ့ကိုယ်ရံတော်တွေတောင် မရှာနိုင်တာကို...သူကဘယ်လိုလုပ်သိလဲ?
"နာမည်က ရှန်လျန်၊ အသက်15 ၊လက်မထပ်ရသေးပါဘူး"
တစ်ခဏ ကြောင်အ,ပြီးနောက် ပြုံးလျက်ပြန်ဖြေလိုက်သည်။
"ဟင်?"
ချူးလီမှာ သူ့ကိုဒီလိုပြန်တုံ့ပြန်လာမယ်လို့
လုံးဝမျှော်လင့်မထားမိ။ပြုံးလိုက်တဲ့အချိန် သူ့မျက်ဝန်းလေးတွေက လဲ့နေတာပဲကွာ...
"အရွယ်ကောင်းလေးပဲ၊ အသက်ဆယ့်ငါးဆိုတာ လက်ထပ်ဖို့ အသင့်တော်ဆုံးပဲ၊ မိန်းမလှလေးကိုလက်ထပ်မှာလား၊ ကောကို လက်ထပ်မှာလား?"
"ကျွန်တော်က ကောပါ"
လ္ဘက်ရည်ခွက်ကိုလှမ်းယူလိုက်သဖြင့် ခွက်ထဲမှ လ္ဘက်ခြောက်လေးများ လှုပ်ယမ်းသွားသည်။ သူအေးအေးဆေးဆေးပင် ပြန်ဖြေကာ တစ်ဖက်လူ၏ စိတ်အခြေအနေအား တွေးကြည့်မိ၏။
"ဟင်?"
"အဟွတ်...ဟွတ်..ဟွတ်"
ချူးလီ တံတွေးသီးသွားရသည်။သူ့ကိုစနေတာမလား? စနေတာပဲနေမှာ။
"ကျွန် တော် တစ်ကယ် လက်ထပ်သင့်တဲ့အရွယ်ရောက်နေပြီလား"
ရှန်လျန် လ္ဘက်ရည်ခွက်ကိုချကာ သူ့အားပြန်မေးသည်။ အခြား ဖန်ပြင်နောက်ကွယ်မှလူများသည် ကိုယ့်ပါးစပ်ကိုယ် အုပ်ကာကြိတ်ရယ်ကြသည်။
ယခုတော့ သူ စခံနေရမှန်းချူးလီ သေချာသိသွားလေ ပြီ။
"ဟားဟားဟား ကျွန်တော်သူ့ကိုသဘောကျတယ်၊ အရမ်းရီရတယ်၊
ဝူတိ (ညီ လေး ငါး) ရဲ့ရုပ်ကိုကြည့်ဦီး ဆူပုတ်နေတာပဲ"
ရှောင်မုချန်က အားရပါးရ ရယ်မောနေသည်။
ဖေးယွမ်ရွင်း သူ့လိုလိုက်မရယ်သော်လည်း နှုတ်ခမ်းထောင့်က ယောင်ယောင်လေး တွန့်ကွေးသွားသည်။
ဒီကောင်ငယ်လေး ရှန်လျန်ကို ကြည့်လေ ပိုစိတ်ဝင်စားဖို့ကောင်းလာလေပဲ။
Words1290
Grape 🍇