ရှန်ကျိုးကို အကြံဉာဏ်ပေးမယ်
"မင်းသိပြီးပြီလား? ဗိုလ်ကြီးလင်းနဲ့ တစ်ခြားသူတွေ ရေဘေးသင့်ဒေသကနေ ပြန်ရောက်လာတာနဲ့ ဧကရာဇ်က နန်းတော်မှာ ဂုဏ်ပြုချီးမြှောက်ပွဲ အစီအစဉ်ကျင်းပဖို့ အမိန့်ထုတ်ထားတယ်၊ အဲ့ဒီပွဲကို ကြယ်လေးပွင့်နဲ့အထက် ရှိတဲ့ ရာထူးကြီးသူတိုင်းက သူတို့သားသမီးတွေနဲ့ အတူ တက်ရောက်ကြရမှာ၊ မင်းက မြို့တော် ပြန်ရောက်တာ မကြာသေးတော့ ဒီအကြောင်း မသိလောက်သေးဘူးထင်တယ်၊ တစ်ကယ်က အဲ့ပွဲက နှစ်ဖက်မိဘတွေ့ဆုံပွဲအခမ်းအနားကြီးပဲ ၊မနေ့က အဖေနဲ့ အစ်ကိုကြီးတို့ပြောနေကြတာ၊ ဧကရာဇ် ဒီတစ်ခါ ဂုဏ်ပြုပွဲကျင်းပချင်တဲ့အကြောင်းရင်းက မင်းညီမင်းသားတွေအတွက် ကြင်ယာတော်နဲ့ ကိုယ်လုပ်တော်တွေ ရှာပေးဖို့ ရည်ရွယ်တာတဲ့လေ"
ရှန်ကျိုးက ရှန်လျန့်နံဘေးသို့ ခုံတိုးထိုင်လိုက်ကာ စိတ်ဓာတ်ကျစွာ ပြောလာသည်။
"ဒီကိစ္စက တစ်ကယ်သာဆိုရင် ငါ ထိပ်ဆုံးက ဆွဲထည့်ခံရလောက်တယ်"
လင်အန်းအမတ်ကြီးရဲ့ ဒုတိယသားငယ်ဖြစ်သူ ရှန်ကျိုးက ကြင်ယာတော် ဖြစ်ရန် ဂုဏ်အရည်အချင်း ပြည့်မီသူဖြစ်သည်။ယမန်နေ့ညက သူ့အဖေနဲ့ အစ်ကိုကြီးရဲ့ စကားဝိုင်းကိုအမှတ်မထင် ကြားမိပြီးနောက် သူ့မှာ တစ်ညလုံး မအိပ်ပျော်နိုင်ခဲ့ချေ။ စိတ်ထဲ မျိုသိပ်မထားနိုင်တဲ့ အဆုံး၌ ရှန်လျန့်အား ရှာရန် တိတ်တိတ်လေး ထွက်လာခဲ့ခြင်းဖြစ်၏။
ဘာလို့မှန်းမသိ ရှန်လျန့်ကို သူ့ရဲ့ လျှို့ဝှက်ချက်တွေ အကုန်ထုတ်ပြောနိုင်တယ်လို့ ခံစားရပြီး ၊ ရှန်လျန်က သူ့ကို သစ္စာဖောက်ပြီး စကားတွေ ပေါက်ကြစေမှာမဟုတ်ဘူးလို့လည်း ယုံကြည်မိနေသည်။
"အတော်လေး ဖြစ်နိုင်ချေရှိတယ်၊ လင်အန်းအမတ်ကြီးက မင်းမှုထမ်းဆိုတော့ သူ့မိသားစုက သားဖြစ်ဖြစ် ၊သမီးဖြစ်ဖြစ် တော်ကောက်ခံရမှာပဲ၊ မင်းသားကြီးနဲ့ ဒုတိယ၊ တတိယ မင်းသားတို့က ထိမ်းမြားပြီးပြီဆိုတော့ ကျန်တဲ့ မင်းညီမင်းသားတွေ လွတ်နေသေးသရွေ့ မင်းရဲ့လက်ထပ်ပွဲက မလွတ်မြောက်နိုင်ဘူး"
ရှန်လျန်က ရှန်ကျိုးရဲ့ စကားတွေကို နားလည်စွာနဲ့ ထောက်ခံသည်။ ရှန်ကျိုးရဲ့မျက်ဝန်းတွေက တဖျတ်ဖျတ်လက်လာပြီး...
"အဲ့ဒီလို ငြင်းမရလို့လည်း ငါမင်းဆီ ရောက်လာရတာပေါ့၊ လျန်လျန် .. ငါ့နှလုံးသားထဲမှာ ကျင်းသခင်လေးပဲရှိတာ မင်းသိပါတယ်ကွာ၊ ဒါပေမယ့် နောက်ဆုံးတခေါက်က ငါသူ့ကိုယူချင်တယ်ပြောတော့ အဖေနဲ့ အစ်ကိုက လုံးဝ သဘောမတူတဲ့အပြင် နောက်တစ်ခေါက် ထပ်ပြောခွင့်ပါ ပိတ်ပင်လိုက်တယ်၊ ငါတို့ဆက်ဆံရေးအတွက် ရှေ့ဆက်ဖို့ အခွင့်အရေးကို စဉ်းတောင် မစဉ်းစားပေးကြဘူး"
သူတစ်ကယ် သဘောမပေါက်ဘူး၊ ကျင်းသခင်လေးက ဘာဖြစ်နေလို့လဲ? ရုပ်ရည် ၊အရည်အချင်း၊ ဂုဏ်ဒြပ် .. ဘာတွေများချို့တဲ့နေလို့လဲ? တစ်နေ့တစ်နေ့ ထီးနန်းလုဖို့ လောက် တွေးနေတဲ့ ဘုရင့်သားတွေနဲ့ ယှဉ်စရာကို မလိုတာ!
"တစ်ကယ်ပဲ မင်းအဖေကို သွားပြောလိုက်တာလား"
ရှန်လျန်က အရမ်းမအံ့ဩမိပေမယ့် သက်ပြင်းသာချမိသည်။
"တစ်ကယ်ပဲ မင်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာတော့ ကျင်းသခင်လေးနဲ့ မင်းက ရှေ့ဆက်လို့ မရတာကို သဘောမပေါက်နိုင်ဖြစ်တာ၊ တော်သေးလို့ မင်းအဖေတို့က အခြေအနေကို သဘောပေါက်လို့၊ ရှန်ကျိုး .. မင်းဘယ်သူ့ကိုပဲ လက်ထပ်ထပ်၊ မထပ်ထပ် ...ကျင်းသခင်လေးက မင်းမှ မဟုတ်ဘူး၊ ဘယ်သူနဲ့မှ လက်မထပ်ဘူး၊ မင်းလက်ေလျှာ့လိုက်ဖို့ပဲ အကြံပေးချင်တယ်"
ဟွိုင်ရန် အမတ်ကြီးက စစ်တပ်အာဏာကို မချုပ်ကိုင်ထားပေမယ့် သူ့ဩဇာက စစ်သည်တွေအပေါ် လွှမ်းမိုးထားနိုင်တယ်။ နောက်ပြီး လင်အန်းအမတ်ကြီးမှာလည်း သားကြီး ရှန်ချင်က ငယ်ရွယ်ပြီး တလောကလုံးရဲ့ ချီးမွှမ်းနှစ်သက်ခံရကာ.. ဘုရင့်အမှုထမ်းရာထူးကြီး တစ်နေရာမှာ ထမ်းဆောင်ရန် အလားအလာအရှိဆုံး ငယ်ရွယ်တဲ့ မျိုးဆက်ဖြစ်နေသည်။ ဒီလိုဆိုမှတော့ ဧကရာဇ်က အင်အားကြီးမိသားစုနှစ်စုကို ဘာကြောင့် ပေါင်းဖက်ခွင့်ပြုမှာလဲ? အရင်ဘဝမှာတုန်းက ရှန်ကျိုးကို ဒုတိယ မင်းသားနဲ့ ထိမ်းမြားပေးပြီး မင်းညီမင်းသားတွေရဲ့ တိုးတက်နိုင်မယ့်အင်အားကို ဧကရာဇ်က ဖိနှိပ်ထားခဲ့သည်။
ဘုရင်က သူ့သားတွေအပေါ်မှာတောင် အလွန်တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတယ်ဆိုတော့ ချင်ကျိုးနဲ့ ကျင်းသခင်လေးတို့လို အင်အားကြီး မိသားစုနှစ်စုပေါင်းစည်းသွားမှာကို ဒီတိုင်းကြည့်နေမှာ မဟုတ်ပါ ။
"ဘယ်လိုလုပ် အဲ့လိုပြောနိုင်ရတာလဲ"
ရှန်ကျိုးရဲ့မျက်နှာက ညှိုးငယ်သွားကာ မျက်ရည် ကျလာတော့မယောင်။ အဖေတို့ တားတုန်းကလည်း ခုလိုတစ်ပုံစံတည်း ပြောခဲ့၏။ သူသဘောပေါက်ပေမယ့်လည်း တစ်စုံတစ်ယောက်ကို ကြိုက်တယ်၊မကြိုက်ဘူးဆိုတာ အတင်းလုပ်ယူလို့မရပဲ ရင်ထဲက ဖြစ်တည်လာတဲ့ ခံစားချက်ပဲ၊ ပြောင်းလဲလို့မရပေ။
"ပြောသင့်သလောက်တော့ ပြောပြီးပြီ ရှန်ကျိုး၊ ငါလည်း မင်းကို လက်လျှော့ဖို့ပဲ တိုက်တွန်းနိုင်တယ်၊တစ်ကယ်လို့ သူမင်းကိုသဘောကျအောင်လုပ်နိုင်မယ်ဆိုရင် ၊မင်းတို့ရဲ့ခံစားချက်ခြင်း ထပ်တူကျမယ်ဆိုရင် ကျင်းရှီယန်က သူများနဲ့ လက်ထပ်ဖို့ ငြင်းဆန်မှာပဲ၊ ဒါဆို မင်းတို့ရဲ့ အနာဂါတ်အတွက် နှစ်ယောက်တူတူ ရှေ့ဆက်တိုက်ပွဲဝင်လို့ရပြီ ဟုတ်တယ်မှတ်လား! ခက်တာက မင်းအဖေနဲ့ အစ်ကိုက ထောက်ပံ့ပေးရင်တောင် ကျင်းသခင်လေးဘက်က မင်းရဲ့သဘောထားကို ဘာမှ မသိသေးဘူးဆိုတော့ သူက မင်းကို လက်ခံဦးမှလေ !"
ရှန်လျန် ဒီလိုစကားတွေ မပြောချင်ပေမယ့် ရှန်ကျိုးကို ပိုပြီး ကျိုးကြောင်းဆင်ခြင်စေချင်တယ်၊ အဲ့လိုမှ သူ့လိုမျိုး အချစ်စုံလုံးကန်းပြီး အဖြစ်ဆိုးနဲ့ အဆုံးသတ်ရတာမျိုး မကြုံရတော့မှာဖြစ်သည်။
"မင်းပြောတာကို ငါသဘောပေါက်ပါတယ်၊ ငါကဒီတိုင်း သူ့က်ိုပဲ သဘောကျတာ၊ သူနဲ့လက်မထပ်ရဘူးဆိုရင်လည်း တစ်ခြားသူနဲ့တော့ မယူချင်ဘူး၊ ဘာလို့ဆို.. အဲ့ဒီ တော်ဝင်မိသားစု၊ အင်အားကြီး မိသားစုနဲ့ နာမည်ကျော်စောတဲ့လူတွေ အားလုံးက ငါ့အဖေနဲ့ ငါ့အစ်ကိုကို အသုံးချချင်ရုံသက်သက်ပဲ၊ ငါ့အပေါ် ကြင်ကြင်နာနာဆက်ဆံမှာ မဟုတ်ဘူး"
ရှန်ကျိုးကလည်း မသိနားမလည်တဲ့မိုက်မဲသူ မဟုတ်ပါ၊ မချစ်မနှစ်သက်သူနဲ့ လက်ထပ်ဖို့ ဆန္ဒမရှိတာပဲဖြစ်သည်။ ကျင်းရှီယန်ကို ကြိုက်တာကတော့ ထိန်းချုပ်လို့ကို မရပေ။
"မင်းတော်ဝင်မိသားစုထဲ မဝင်ချင်ရင်တော့ ငါ့မှာ နည်းလမ်း ရှိတယ်"
"တစ်ကယ်လား!"
ရှန်လျန့်စကားကြားပြီး ရှန်ကျိုးရဲ့မျက်လုံးတွေ တလက်လက် ပြန်တောက်ပလာသည်။
ဒါပေမယ့် ရှန်လျန်က စနောက်ချင်သေးပုံနှင့် ချက်ချင်း မဖြေပေ။
ထို့အစား ရေနွေးကြမ်း တစ်ငုံကို အေးအေးဆေးဆေး သောက်လိုက်သည်။ ရှန်ကျိုးမှ နေမထိ ထိုင်မသာဖြင့် နားရွက် ကုတ်နေတာ မြင်မှ ...
"မင်းရဲ့အဖေနဲ့အစ်ကိုက ဘာလို့ကျင်းရှီယန်နဲ့ သဘောမတူတာလဲ သိလား"
ရှန်ကျိုး က ကူကယ်ရာမဲ့စွာနဲ့ မျက်လုံးလိမ့်လိုက်သည်။ အဲ့ဒီခွေးဧကရာဇ်က အလွန်တစ်ကိုယ်ကောင်းဆန်ပြီး လူငယ်တွေရဲ့ လက်ထပ်ပွဲထိပါ လိုက် ထိန်းချုပ်နေတယ်၊ တစ်ခုမဟုတ်တစ်ခု လိုက်ရှုပ်ရမှ တစ်ရက်တစ်ရက် နေသာထိုင်သာရှိပုံပဲ။
"ထားလိုက်တော့၊ စိတ်ထဲကနေ သူ့ကို ကျိန်ဆဲမနေနဲ့တော့"
ရှန်ကျိုးရဲ့တိတ်ဆိတ်နေမှုကို တစ်ချက်လောက် အကဲခတ်ကြည့်ရုံနဲ့ ရှန်လျန် ရိပ်မိသည်။
"မင်းပြောချင်တာ မမှားပါဘူး၊ လင်အန်းအမတ်ကြီးနဲ့ မင်းအစ်ကိုက ဧကရာဇ်သဘောမတူမှာကို ကြိုသိခဲ့လို့ ခွင့်မပြုတာ၊ ကျင်းရှီယန်က ယောက္ခမတိုင်း လိုချင်တဲ့ သမက်လောင်းပဲ၊ အတင်းတောင်းဆိုရင်တောင် သူ့ကို ရဖို့ မလွယ်ဘူး၊မင်းအဖေက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာ မသေချာဘူးလေ၊ အဲ့ဒါဆို ငါမင်းကို မေးမယ်၊ ဧကရာဇ်က ဒီလက်ထပ်ပွဲကို ဘာလို့ သဘော မတူတာလဲ သိလား?"
"ဘာလို့လဲဆိုတော့ ငါတို့လင်အန်းမိသားစုရော ဟွိုင်ရန် မိသားစုရော က အင်အားကြီးတဲ့ မင်းမှုထမ်းတွေ ဖြစ်နေလို့များလား? လျန်လျန် မင်းတစ်ကယ်ပဲ ဘာကို ပြောချင်နေတာလဲ? ဝေ့လည်ကြောင်ပတ်နဲ့ ခေါင်းစားတယ်"
ရှန်လျန်နဲ့ စကားဆက်ပြောဖို့ရာ ရှန်ကျိုးရဲ့ဦးနှောက်က ဆက်မလိုက်နိုင်တော့ပါ။
"တော်တယ်၊ ဒီလောက်ဆိုရင် ကယ်တင်လို့ရနိုင်သေးတယ်၊ ရှန်ကျိုး ငါတို့ တစ်ခြားနည်းလမ်းနဲ့စဉ်းစားကြည့်ရအောင်! ဧကရာဇ်က မှူးကြီးမတ်ရာ မိသားစုနဲ့ တော်ဝင်မင်းသားတို့ ညားသွားမှာကို စိုးရိမ်တယ်၊ မင်းသားကြီးရဲ့ကြင်ယာတော်နဲ့ ဒုတိယမင်းသားရဲ့ ကြင်ယာတော်ကိုပဲ ကြည့်လိုက်! သူတို့ မထိမ်းမြားခင်တုန်းက အင်အားကြီးပါတယ်ဆိုတဲ့ မိသားစုက သမီးချောလေးတွေနဲ့ရည်ငံနေကြပေမယ့် အဆုံးမှာ သူတို့အချင်းချင်း မရခဲ့ဘူးလေ၊ တတိယမင်းသားကျတော့ သိပ်ပြီးထိန်းချုပ်မခံရဘူး၊ သူက စားဖို့သောက်ဖို့ပဲ သိတာဆိုတော့ ထီးနန်းလုဖို့ စဉ်းစားမှာ မဟုတ်လို့ပဲ...
မင်းရဲ့ လက်ထပ်ပွဲကလည်း မင်းသားကြီးနဲ့ ဒုတိယမင်းသားတို့လိုပဲဖြစ်မှာ၊တစ်ကယ်က မင်းရဲ့ မိသားစုနောက်ခံက အနည်းနဲ့ အများဖိအားပေးနိုင်တယ်၊ ဒါပေမယ့် မင်းက သန်မာပြီး အန္တရာယ်ရှိတဲ့သူမျိုး မဟုတ်ဘူး၊အနည်းဆုံးတော့ကွာ မင်းရဲ့ ပါရမီက မြို့တော်မှာ ကျော်စောတဲ့အထိ မဟုတ်တော့ ဧကရာဇ်က ဘယ်လိုတွေးတွေး သူ့သားကို မင်းနဲ့ ထိမ်းမြားပေးတာက အကောင်းဆုံးပဲ၊ အဲ့တော့ မင်းသာ ဂုဏ်သတင်းကျော်စောတဲ့သူဖြစ်ခဲ့ရင် မင်းကြီးက နှစ်ခါပြန် စဉ်းစားတော့မှာ မဟုတ်ဘူး၊ အဲ့ဒီအခါမှ မင်း ကျင်းရှီယန်နဲ့ မယူရရင်တောင် သာမာန်မိသားစုနဲ့ လက်ထပ်ပြီး အေးအေးဆေးဆေး နေသွားနိုင်အောင် လုပ်လို့ရပါေသးတယ်"
ဒီလိုဆိုရင် အရင်ဘဝကလို သေဆုံးသွားရမှာ မဟုတ်တော့ဘူး ... ဆိုတဲ့ စကားကိုတော့ ရှန်လျန် ထုတ်မပြောဖြစ်ပါ။
ရှန်ကျိုးက သူ့သူငယ်ချင်း ဖြစ်လာမှတော့ အတူလက်တွဲခေါ်သွားရန် ဝန်မလေးပါချေ။ တော်ဝင်မင်းညီမင်းသားတွေက ဘယ်သူမှ ကြင်နာတတ်တဲ့ နှလုံးသားမပါရှိရာ ရှန်ကျိုးနဲ့ မထိုက်တန်ချေ။ သို့သော် တခါတရံ ရှန်ကျိုး ရဲ့ တုံးအအအမူအရာတွေကြောင့် ရှန်လျန် ခေါင်းခေါက်ပစ်ချင်သည်။
"မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် ဒီအချိန်တိုလေးအတွင်း ငါဘယ်လို နာမည်ကြီးအောင် လုပ်ရမလဲ? လျန်လျန် ဗိုလ်ကြီးလင်းက မြို့တော်ကို တစ်လအတွင်းပြန်ရောက်လာတော့မှာ၊ မင်းက ငါ့ထက် ဉာဏ်ကောင်းတယ်ဆိုတော့ တစ်ခုခုကြံပေးပါဦး၊ ငါတစ်ကယ် တော်ဝင်မင်းသားတွေနဲ့ မယူချင်ဘူး"
ရှန်ကျိုးက ငတုံးမဟုတ်တာကြောင့် ရှန်လျန်ဆိုလိုချင်တာကို ခပ်မြန်မြန်ပဲ သဘောပေါက်သွားသည်။ ရှန်လျန်ပြောတာ ဟုတ်သည်။ ဧကရာဇ်က အင်အားကို ကြောက်ရွံ့တတ်တဲ့သူမို့ သူသာလွတ်မြောက်ချင်လျှင် ထိုအားနည်းချက်ကို အပိုင်ကိုင်ရမည်။
ခုလို အားကိုးရလို့လည်း ရှန်ကျိုးက ရှန်လျန့်ဆီ အမြန်လာပြီး အကူအညီတောင်းခြင်းပင်။ သူ့ရဲ့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြီး ရှန်လျန်က သူ့အပေါ် သစ္စာဖောက်သွားမှာမျိုးကို မစိုးရိမ်ခဲ့ပါချေ။ အခု သူတွေးထားသလိုပဲ ရှန်လျန့်မှာ တစ်ကယ်ပဲ အကြံကောင်းရှိနေသည်။
"အခွင့်အရေးကောင်းက ငါတို့မျက်စိရှေ့တင် ရှိနေတယ်လေ"
ရှန်ကျိုးက စိတ်ချလက်ချ မဖြစ်သေးသည်ကိုမြင်သော် ရှန်လျန် ဆွံ့အသွားသည်။ ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်ရင်း...
"သဘာဝကပ်ဘေးက ဧကရာဇ်ရဲ့ စိတ်ကို လှုပ်ခတ်စေနိုင်တုန်းပဲ၊ အခုဆို ဒေသတိုင်းက ဒုက္ခသည်တွေနဲ့ ပြည့်နေတာ၊ မင်း နာမည်ကောင်း တစ်ခုရဖို့ က မခက်ပါဘူး၊ ပြည်သူတွေရဲ့ စိတ်နှလုံးသားကို အနိုင်ယူပြီး ဧကရာဇ်ကိုအလဲ ထိုးလိုက်ပေါ့!လူတိုင်းက မင်းနာမည်ကိုပဲ ထုတ်ဖော် ချီးမွှမ်းနေမယ် ဆိုရင် ဧကရာဇ်က သူ့သားတွေနဲ့ ထိမ်းမြားပေးချင်ဦးမယ်လို့ထင်လား"
ဧကရာဇ်ကို မပျော်ရွှင်အောင်လုပ်ဖို့က အရေးကြီးလေသည်။ ငွေရေးကြေးရေးက ပြဿနာ မရှိရာ ငွေအားလုံးအသံုးချပြီး ရှန်ကျိုးရဲ့ဘဝကို ကယ်တင်ဖို့က ပိုအရေးကြီးသည်။
"လျန်လျန် မင်းဘယ်လောက်တောင် ဉာဏ်ကောင်းရတာလဲ? အရမ်းလွယ်လွယ်လေး စဉ်းစားနိုင်ခဲ့တာပဲ"
ရှန်ကျိုးရဲ့ အပြုံးက ပိုတောက်ပလာသည်။ လင်အန်းအမတ်ကြီးရဲ့ သားက အလကားကောင်မဟုတ်ဘူးဆိုတာ သက်သေပြနိုင်တော့မည်။ အချိန်တစ်လအတွင်း သူ့နာမည်ဂုဏ်သတင်းကျော်စောအောင် လုပ်ဖို့ ဒီနည်းလမ်းက အကောင်းဆုံးပင်။
"ဒီဖြေရှင်းနည်းက အကောင်းဆုံးပဲ၊ တလွဲမဖြစ်စေနဲ့ဦး"
ရှန်လျန်က ချီးမွှမ်းမှုကို ခံယူလိုက်ပေမယ့် ရှန်ကျိုးကို ထပ်မံ သတိပေးလိုက်သည်။ ဒီကောင်လေး အားစိုက်ထုတ်ပြီးကြိုးစားခဲ့ပေမယ့် အဆုံးမှာ တူညီတဲ့ ရလဒ်ဆိုးကြုံရမှာမျိုး မဖြစ်စေချင်။ဒီတစ်ကြိမ် အခွင့်အရေးလွှဲချော် သွား လျှင် အနာဂါတ်မှာ ခုလို အခွင့်အရေးမျိုး ထပ်မရနိုင်တော့ပါ။
"အာ.. မင်းပြောမှပဲ ရုတ်တရက်ကြီး ခံစားချက်မကောင်းသလို ဖြစ်လာပြီ"
ရှန်ကျိုးရဲ့မျက်နှာက တောင့်တင်းသွားပြန်၏။ ရှန်လျန်ရဲ့ စကားတစ်ခွန်းနဲ့ သူ့ရဲ့ယုံကြည်ချက်တွေ ဖယ်ရှားခံလိုက်ရသည်။
ရှန်လျန်က နဖူးပေါ်လက်တင်လိုက်ပြီး..
"ဘာတွေ ကြောက်ချေးပန်းနေတာလဲ"
"မင်းကြောင့်လေ!"
"သွား !ပြန်လိုက်တော့!"
ဤမျှ မျက်နှာပြောင်တဲ့သူမျိုးကို ရှန်လျန် မတွေ့ဖူးသဖြင့် မျက်လုံးလိမ့်လိုက်ပြီး ဝင်ပေါက်သို့ လက်ညှိုးညွှန်ပေးလိုက်သည်။
သူ့အမူအရာကိုမြင်ပြီးနောက် ရှန်ကျိုးက သူ့လက်မောင်းကို အမြန် လှမ်းဖက်သည်။
"ဟင့်အင်း လျန်လျန်၊ ငါမှားသွားပါတယ်၊ မမောင်းထုတ်ပါနဲ့ နော်၊ ဘာလို့ငါ့အပေါ် ဒီလိုဆက်ဆံရတာလဲ! ငါတစ်ယောက်ထဲ လုပ်ရင် တလွဲတွေဖြစ်ကုန်မှာ စိုးတယ်၊ ငွေအတွက်က အကုန်လုံးငါ အကုန်အကျခံမှာမို့ မင်းလုံးဝ စိတ်ပူစရာမလိုဘူး"
ရှန်ကျိုးက ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေပေမယ့် ရှန်လျန်ပေးတဲ့အကြံက အရမ်းတန်ဖိုးရှိမှန်း သူသိပါ၏။ အဲ့ဒီအပြင် ရှန်လျန်ကိုယ်တိုင် စီမံပေးရင် ဘာအမှားအယွင်းမှမဖြစ်လာနိုင်။
"ဒုတိယရှန်သခင်လေးရေ... ကျွန်တော်မျိုးက ချင်ဖင်းမြို့စားနဲ့ စေ့စပ်ထားတယ်ဆိုတာ မမေ့နဲ့ဦး၊ ဧကရာဇ်က မြို့စားမင်းကိုလည်း မျက်စိဒေါက်ထောက်ကြည့်နေတာ၊
ငါသာ မင်းကိစ္စမှာ ဝင်ပါရင် သူဘယ်လိုတွေးမယ်ထင်လဲ"
ရှန်လျန်က နှလုံးသားမဲ့စွာပဲ ကူညီဖို့ငြင်းဆန်ဖို့ ဆုံးဖြတ်ခဲ့၏ ။ ဧည့်သည်ကို အိမ်ထဲဖိတ်ဖို့ လွယ်ပေမယ့် မောင်းထုတ်ရခက်ချေသည်။ ခုတော့ အရှုပ်ထဲ ဝင်ပါရတော့မည့်ကိန်း။
"ဒါဆို ငါ ရှဲ့ယန်တို့ကို ခေါ်လိုက်မယ်လေ၊ တစ်ခြားသူတွေက ငါတို့ချင်းဆက်ဆံရေးကောင်းတာ သိပြီးသားပဲ၊ ဧကရာဇ်သိသွားရင်တောင် 'ကော'အုပ်လိုက်ကြီးက တစ်ခုခုလုပ်ဖို့ ကြံစည်နေတယ်လို့ သံသယ မဝင်လောက်ပါဘူး"
ဒီတစ်ကြိမ်တော့ ရှန်ကျိုးရဲ့တုံ့ပြန်မှုကမြန်သည်။ သူတို့ကိစ္စထဲ လူအများကြီး ဆွဲထည့်လိုက်ရင် ဧကရာဇ်လည်းဘာမှ တတ်နိုင်တော့မည် မဟုတ်။
ရှန်လျန်က သက်ပြင်းလေးလေး ချပြီး လက်မောင်းကိုတင်းတင်းဖက်ထားတဲ့သူကိုကြည့်ကာ
" ကောင်းပြီလေ ဒါဆိုလည်း မင်းသူတို့ကို ပြောကြည့်လိုက်ပေါ့၊ ငါတို့လူစုဆိုရင် ပြည်သူတွေကို ပိုပြီး ကူညီနိုင်တာပေါ့၊ သူတို့သဘောတူရင် မနက်ဖြန်ပဲ လူစုပြီး ဒီအကြောင်း ဆွေးနွေးကြတာပေါ့၊ နှောင့်နှေးနေလို့ ကောင်းတာ မရှိဘူး၊ မြန်မြန် လုပ်ဆောင်လေ အောင်မြင်နိုင်ချေမြင့်လေပဲ"
"ကိစ္စမရှိဘူး၊ ငါအခုပဲရှဲ့ယန်ဆီ သွားလိုက်မယ်၊ သူသေချာပေါက် ငြင်းမှာ မဟုတ်ဘူး၊ ပြီးရင် ထျန်းယွီနဲ့ တစ်ခြားသူတွေဆီ သွားလိုက်မယ်၊ မနက်ဖြန် လူစုကြတာပေါ့"
ပြောပြီးပြီးချင်းရှန်ကျိုးက စိတ်လှုပ်ရှားစွာနဲ့ ထရပ်လိုက်တယ်၊ ချက်ချင်းပြန်ပြေးသွားတော့မယ့် သူ့ကို ရှန်လျန်က အမြန်လှမ်းခေါ်လိုက်သည်။
"သူတို့ကို အလှူလုပ်မယ့်အကြောင်းပဲပြောနော်၊ တော်ဝင်မင်းသားနဲ့ လက်မထပ်ချင်လို့ ကာကွယ်ရေးလုပ်နေတာလို့ သွားမပြောနဲ့ဦး၊ ဒီကိစ္စက ငါတို့နှစ်ယောက်ကြားက ကိစ္စပဲ၊ တတိယလူမသိစေနဲ့"
"သိပြီ သိပြီ၊ အဲ့လောက်တော့ ငါမအ ပါသေးပါဘူး၊ စိတ်ချ ငါလုံးဝ မပြောဘူး"
ရှန်ကျိုးက ေရနွေးကြမ်းကို အားရပါးရမော့သောက်လိုက်ပြီး အချိန်မဖြုန်းတော့ပဲ ရှန်လျန့်ကို နှုတ်ဆက်ကာ အစေခံတွေရဲ့ လမ်းပြမှုနဲ့အတူ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။
ရှနိလျန်က ပျောက်ကွယ်သွားတဲ့ လူပုံရိပ်ကို ငေးကြည့်ရင်း ခေါင်းယမ်းသည်။ ရှန်ကျိုးက တစ်ကယ် မရင့်ကျက်သေးဘူး၊ အပြစ်ကင်းတဲ့ အရွယ်လေးပဲ ရှိသေးတာ၊ အရင်ဘဝက ကူညီဖြေရှင်းပေးမယ့်သူသာရှိခဲ့ရင် သူ့ကံကြမ္မာက အဲ့လောက်ဆိုးရွားမှာ မဟုတ်ဘူး။
"အား.."
ကိုယ့်အတွေးနဲ့ကိုယ် စိတ်မကောင်း ဖြစ်နေချိန်တွင် နောက်ကျောဖက်ဆီမှ တစ်စုံတယောက်၏ ဖက်ခြင်း ခံလိုက်ရသည်။
ထိတ်လန့်မှုကြောင့် ထခုန်လုနီးပါး ဖြစ်သွားသော် နောက်က လူမှ အသံ ထွက်လာသည်။
"မကြောက်ပါနဲ့ ကိုယ်ပါ"
"လန့်လိုက်တာ သေတော့မယ်!"
ရင်းနှီးနေတဲ့အသံကြားမှ ရှန်လျန် ချွေးစေးသုတ်လိုက်သည်။ ထိုအခါမှ တင်းကြပ်သွားတဲ့ စိတ်အစဉ်က ပြန်လည် အနယ်ထိုင်သွားသည်။
3088 words
Grape 🍇